← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

🫧 Chapter 143

ထိုညတွင် လမ်းဘေးရှိ သစ်ပင်များသည် ညလေညင်းနှင့်အတူ ယိမ်းထိုးနေကြပြီး သစ်ရွက်ချင်း ထိခတ်မိသံမှာ 'ရှဲရှဲ' ဟု မြည်ဟည်းနေ၏။

လမင်းမှာလည်း တိမ်တိုက်များနောက်တွင် လုံးဝကွယ် ပျောက်လုနီးပါး ဖြစ်နေကာ မြေပြင်ပေါ်သို့ အလင်းရောင်ဖျော့ဖျော့လေးသာ ကျရောက်နေတော့သည်။

ကျယ်ပြောလှသော လမ်းမကြီးပေါ်တွင်

လူနှစ်ဆယ်၊ သုံးဆယ်ခန့် ဆန့်သော ဘတ်စ်ကားတစ်စီးမှာ တရွေ့ရွေ့ မောင်းနှင်နေသည်။

ထိုကားပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လျှင် ပင်ဝေဝေဝါးဝါး လူရိပ်များကို မြင်တွေ့နိုင်၏။

ကားရှေ့ မလှမ်းမကမ်းရှိ လမ်းဘေးတွင်မူ လူရိပ်တစ်ခုမှာ လမ်းလျှောက်နေသည်။

၎င်းသည် ခရီးအလျင်စလို သွားနေပုံရပေသည်။

'ကျွီ'

မောင်းနှင်လာသော ဘတ်စ်ကားမှာ ထိုလူရိပ်၏ ဘေးနားတွင် ရပ်တန့်သွားသည်။

ထိုလူရိပ်မှာလည်း ရပ်တန့်သွားပြီး ရှေ့တံခါးမှတစ်ဆင့် ကားပေါ်သို့ တက်လာခဲ့၏။

ထို့နောက် ဒုတိယတန်းရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်တော့သည်။

"ဟူး"

၎င်း၏ ဘေးခုံတွင်မူ ကျောပိုးအိတ်တစ်လုံးကို ပိုက်ထားသော အမျိုးသားတစ်ဦးသည် မျက်လုံးကို ပွတ်သပ်ရင်း ပါးစပ်ကို ဟကာ သမ်းလိုက်မိသည်။

သူသည် အိပ်မက်ကမ္ဘာမှ ယခုလေးတင် နိုးထလာပုံရ၏။

"ဒီတစ်ခါ အိပ်ရတာ တကယ်ကို ဇိမ်ရှိတာပဲ..."

ချန်စန်း တစ်ယောက် စိတ်ထဲမှရေရွတ်လိုက်မိသည်။

ယခင်က ကျောင်းပြန်လျှင် ကားပေါ်၌ လူအလွန်ကျပ်ခြင်း သို့မဟုတ် ဆူညံလွန်းခြင်းတို့ကြောင့် ယခုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖူးခြင်းမရှိပါချေ။

ထိုသို့ တွေးနေစဉ်မှာပင် သူသည် ကားအတွင်းရှိအလင်း ရောင်မှာ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိသွားသည်။

ကားထဲတွင် မီးများလင်းနေသော်လည်း ပြတင်းပေါက် အပြင်ဘက်တွင်မူမှောင်အတိ ကျနေချေပြီ မိမိ မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် လုံးဝ မသိနိုင်ပါချေ။

"ဟာ... သွားပြီ၊ အခု ဘယ်နှစ်နာရီရှိပြီလဲ၊ ငါ ဒီလောက်တောင် အကြာကြီးအိပ်ပျော်သွားတာလား"

ချန်စန်းမှာ ထိုင်ခုံမှ ချက်ချင်းထရပ်လိုက်ပြီး အိတ်ကိုဆွဲကာ ကားနောက်တံခါးဆီသို့ အလျင်အမြန် လျှောက်သွားတော့ သည်။

လမ်းလျှောက်ရင်း ရှေ့မှ ကားဆရာကိုလည်း လှမ်းမေးလိုက်၏။

"ဆရာ အခု ဘယ်နား ရောက်နေပြီလဲ ကျွန်တော်က တျန်းနန်တက္ကသိုလ်ဂိတ်မှာ ဆင်းရမှာ၊ ဂိတ်ကျော်သွားပြီလား မသိဘူး"

နောက်တံခါးရှိ လက်တန်းကို ဆုပ်ကိုင်လိုက်ပြီးနောက် သူသည် ဖုန်းကို အလျင်အမြန်ထုတ်လိုက်ပြန်သည်။

"သွားပြီ... သွားပြီ... အဆောင်ပိတ်ချိန်တောင် ကျော်သွားပြီလား မသိဘူး"

ဖုန်းကို ထုတ်နေရင်းမှ ချန်စန်း၏လှုပ်ရှားမှုမှာ တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကားပေါ်ရှိ တခြားသော ခရီးသည်များမှာ သူ့ကို စိုက်ကြည့်နေကြသည်ကို ဘေးတိုက်အမြင်ဖြင့် မြင်လိုက်ရသောကြောင့် ဖြစ်သည်။

သို့မဟုတ်လျှင်လည်း... ဤကားပေါ်တွင် တိတ်ဆိတ်လွန်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။

ထိုတိတ်ဆိတ်မှုမှာ ထူးဆန်းစွာပင် ကျောချမ်းဖွယ်ကောင်းလှသဖြင့် သူ့လှုပ်ရှားမှုများကို မသိမသာ လျှော့ချလိုက်မိသည်။

သူသည် ဖုန်းကို ဖြည်းဖြည်းချင်း ထုတ်လိုက်သော်လည်း တခြားခရီးသည်များ၏အကြည့်မှာ ရုပ်သိမ်းသွားခြင်း မရှိပါချေ။

ထိုအကြည့်များသည် သူ၏ကျောပိုးအိတ်ကို ဖွင့်လိုက်သော လှုပ်ရှားမှုအတိုင်း အထက်အောက်လိုက်ပါ ရွေ့လျားနေကြသည်။

မှိန်ပျပျ ကားမီးရောင်အောက်တွင် လူတိုင်း၏မျက်နှာမှာ ဖြူဖျော့နေကြ၏။

ထို့ပြင်သူတို့၏ အမူအရာများမှာလည်း ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသည့်အလား တူညီနေကြသည်။

ထို့ကြောင့် ချန်စန်းတစ်ကိုယ်လုံးမှာ တုန်တက်သွားတော့ သည်။

စိတ်ထဲတွင်... တစ်ခုခုတော့ မှားနေပြီဟု ခံစားနေရ၏။

'နေပါဦး ဘာလို့ ကားပေါ်မှာ ခရီးသည်တွေ အများကြီး ရှိနေရတာလဲ ညဘက်မှာ ဒီကားလိုင်းပြေးဆွဲတယ်လို့ မကြားဖူးပါဘူး'

"နောက်တစ်ဂိတ်က လမင်းဆင်းသက် ဂိတ်၊ မင်း ဆင်းရမယ့်ဂိတ် မရောက်သေးဘူး"

ထိုခဏတွင် ရှေ့ဆုံးမှ ကားမောင်းသူ၏အခန်းဆီမှ လေးလံသော အသံတစ်သံ ထွက်ပေါ်လာသည်။

" ဪ ဟုတ်... ဟုတ်ကဲ့..."

ချန်စန်းမှာ ခေတ္တမျှကြောင်သွားပြီးနောက်မှ ကားဆရာက သူ၏ မေးခွန်းကိုဖြေနေခြင်းဖြစ်ကြောင်း သတိဝင်လာသည်။

'လမင်းဆင်းသက်ဂိတ်'

'အဲဒါ ဘယ်နားမှာလဲ'

'သူ တကယ်ပဲ ဘယ်ကို ရောက်နေတာလဲ'

……

ခဏအကြာတွင် ချန်စန်းသည် ဖုန်းဘေးနားရှိ ခလုတ်ကို နှိပ်လိုက်ရာ ဖုန်းမျက်နှာပြင်မှာ လင်းလာခဲ့သည်။

'၆:၀၀ နာရီ'

"ခြောက်နာရီ ဖုန်းအချိန် မှားနေတာလား"

ထူးဆန်းသဖြင့် ချန်စန်း မျက်မှောင်ကြုတ်လိုက်မိ၏။

ယခုအချိန်မှာ နွေရာသီဖြစ်သဖြင့် ညနေ ခုနစ်နာရီ၊ ရှစ်နာရီဆိုလျှင်ပင် ကောင်းကင်မှာ ဤမျှအထိ မှောင်မည်းနေလိမ့် မည် မဟုတ်ပါချေ။

သို့သော် ယခုအချိန်တွင် သူ၌ ပိုမိုအရေးကြီးသော ကိစ္စရှိနေသည်။

ထို့ကြောင့် သူသည် ထိုအချက်ကို ခေတ္တဘေးဖယ်ထားကာ အဆောင်မှူး၏ဖုန်းနံပါတ်ကို ရှာဖွေ၍ ခေါ်ဆိုလိုက်သည်။

【ခေါ်ဆိုမှု မအောင်မြင်ပါ】

【ခေါ်ဆိုမှု မအောင်မြင်ပါ】

"လိုင်းမရှိဘူးလား"

သူသည် ဖုန်းမျက်နှာပြင်၏ ညာဘက်အပေါ်ထောင့်ရှိ Signal တိုင်ကို ကြည့်လိုက်ရာ တစ်တိုင်မျှ ရှိမနေပါချေ။

' ဤကားက တောနက်ထဲကို မောင်းဝင်သွားတာလား၊ ဘာလို့ လိုင်းတောင် မရှိရတာလဲ'

ထို့နောက်သူသည် ပြတင်းပေါက် အပြင်ဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။

အပြင်ဘက်မှာ မှောင်အတိ ကျနေဆဲဖြစ်ကာ အိမ်များဖြစ်စေ၊ သစ်ပင်များဖြစ်စေ မှောင်မိုက်ခြင်းထဲတွင် နစ်မြုပ်နေကြ၏။

ညလေညင်းကြောင့် ယိမ်းထိုးနေသော သစ်ကိုင်းများမှာလည်း ဝိညာဉ်ဆိုးများက လက်သည်းဖြင့် ကုတ်ခြစ်ရန် တိုးဝင်လာသကဲ့သို့ ထင်မှတ်ရသည်။

'ဝူးဝူး' ဟု မြည်နေသော လေတိုးသံမှာလည်း ပိုကျောချမ်းဖွယ် ကောင်းလာတော့သည်။

ချန်စန်းသည် အကြည့်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ်မှာပင် ကားအမိုးအပေါ်မှ 'ဒုန်း' ဟု မြည်သံတစ်ချက် ထွက်ပေါ်လာသည်။

ထိုအခါ သူသည် အပေါ်သို့ အမှတ်မထင် မော့ကြည့်လိုက်မိပြီးနောက်မှ သစ်ကိုင်းတစ်ကိုင်း ပြုတ်ကျလာခြင်းဖြစ်နိုင် သည်ဟု တွေးတောလိုက်မိ၏။

သူက အထိတ်တလန့် ဖြစ်လွယ်လွန်းသည်တော့ မဟုတ်ပါ၊ ကားအတွင်းအပြင် တစ်ခုလုံးမှာ တိတ်ဆိတ်လွန်းနေသော ကြောင့် လန့်ခြင်းသာဖြစ်ပေသည်။

'ဖျောက်'

ဤတစ်ကြိမ်တွင် အသံမှာ ပြတင်းပေါက်မှန်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

'ဖျောက်'

ချန်စန်းသည် သူ့ အာရုံကို လွှဲပြောင်းနိုင်ရန် ဖုန်းကို ထပ်မံ ကိုင်လိုက်မိသည်။

ယခုအချိန်တွင် ဖုန်းတစ်လုံးသာလျှင် သူ့ကို အနည်းငယ် စိတ်အေးစေနိုင်သောအရာ ဖြစ်သည်။

သို့သော် ဖုန်းမျက်နှာပြင်မှာ လင်းလာပြီးနောက် ချက်ချင်းပင် ပြန်မှိတ်သွားခဲ့သည်။

ထို့နောက်ဖုန်းမှာ လင်းလိုက်၊ မှိတ်လိုက်နှင့် ဆက်တိုက်ဖြစ်နေတော့၏။

ချန်စန်း၏ လက်များမှာ မသိမသာ တုန်ယင်လာခဲ့ကာ မှိတ်သွားသော ဖုန်းမျက်နှာပြင်‌တွင်ထင်‌နေသောပြတင်းပေါက်မှန်ရှိ မြင်ကွင်းအရိပ်ကိုလှမ်းကြည့်လိုက်မိသည်။

ထိုအခါ သူမြင်လိုက်ရသည်မှာ သူ့ညာဘက်နောက်ဘက်ရှိ ပြတင်းပေါက်မှန်တွင် ဖြူဖျော့ကာ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့နေရာတွင် အမည်းရောင် အပေါက်ကြီးများသာ ရှိသော မျက်နှာတစ်ခုမှာ ကပ်နေတော့သည်။

၎င်းသည် သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေ၏။

"....."

ထိုအရာကို အတည်ပြုလိုက်နိုင်သည့် အခိုက်အတန့်တွင် ချန်စန်း၏ အသက်ရှူသံမှာ ရပ်တန့်သွားတော့သည်။

'ဒုန်း'

ထို့‌ကြောင့်သူသည် လက်ထဲရှိ ကျောပိုးအိတ်ဖြင့် သူသည် ထိုနေရာသို့ ပစ်ပေါက်မိလိုက်၏။

နောက်တစ်ခဏတွင် ကားပေါ်ရှိ ခရီးသည်အားလုံးမှာ မတ်တတ်ရပ်လိုက်ကြသည်။

ထို့နောက် သူတို့သည် သူ့ကို စိုက်ကြည့်ရင်း တစ်လှမ်းချင်း တိုးကပ်လာကြတော့၏။

ချန်စန်းက အမှတ်မထင် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိကာ နှလုံးခုန်သံမှာလည်း မြန်ဆန်လာတော့သည်။

ဤခရီးသည်များသည်သာ တကယ့်ကို ထိတ်လန့်စရာ အကောင်းဆုံးအရာများ ဖြစ်ပေလိမ့်မည်။

"မင်းတို့ ဘာလုပ်မလို့လဲ အနားမလာနဲ့"

သို့သော် သူ့ကို အခွင့်အရေး မပေးဘဲ ထိုခရီးသည်များမှာ အနားသို့ ရောက်ရှိလာကာ လက်များကို ဆန့်တန်းလိုက်ပြီးသူ့ကို ဖက်တွယ်လိုက်ကြသည်။

'တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်'

ထိုခရီးသည်များရ ဂေါ်ဖီထုပ်တစ်ခုကဲ့သို့ သူ့ကို အထပ်ထပ်အခဲအခဲ ဝိုင်းပတ်လိုက်ကြသည်။

ထို့ကြောင့် အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားတော့၏။

ယင်းအချိန်မှသာကားမောင်းသူ၏ အခန်းဆီမှ အသံကထွက်ပေါ်လာသည်။

"စောစောက တံခါးဖွင့်လိုက်တုန်းက လေဝင်သွားပုံရတယ်၊ သတိထားကြဦး"

'ဘာကို သတိထားရမှာလဲ'

ချန်စန်းမှာ နားမလည်နိုင်သေးမီမှာပင် နောက်သို့ အရှိန်ဖြင့် လန်သွားတော့သည်။

သူ့ကို ဝိုင်းအုံထားသော 'လူသားဂေါ်ဖီထုပ်' ကြီးမှာလည်း နောက်သို့ လန်သွား၏။

ဘတ်စ်ကားကြီးမှာ အရှိန်မြှင့်လိုက်ပြီ ဖြစ်သည်။

'ဒုန်း ဒုန်း ဒုန်း'

ကားအမိုးပေါ်မှ ထူးဆန်းသောအသံများမှာလည်း အဆက် မပြတ် ထွက်ပေါ်နေတော့သည်။

……

လမ်းမပေါ်တွင်

အမည်းရောင် ပုံရိပ်များသည် ညမှောင်မိုက်ခြင်းထဲမှ ထွက်ပေါ်လာပြီး ရှေ့မှ ပြေးနေသော ဘတ်စ်ကားနောက်သို့ လိုက်လံတိုက်ခိုက်နေကြသည်။

အချို့မှာ ပင့်ကူကဲ့သို့ ခြေလက်လေးဖက်ဖြင့် မြေပြင်ပေါ်တွင် တွားသွားကာ ကားပေါ်သို့တက်ရန် ကြိုးစားနေကြ၏။

အချို့မှာမူ ကားနှင့် နီးကပ်လာသည့်အခါ အပေါ်သို့ ခုန်တက်ကာ ကားအမိုးပေါ်သို့ ရောက်ရှိသွားကြသည်။

ရုတ်တရက် တရွေ့ရွေ့ မောင်းနှင်နေသော ဘတ်စ်ကားမှာ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။

လမ်းမပေါ်တွင် 'S' ပုံစံ ကွေ့ဝိုက်မောင်းနှင်ရင်း ဝိညာဉ်အမြောက်အမြားကို ကားပေါ်မှ ခါချပစ်လိုက်သည်။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသော ဝိညာဉ်များသည်လည်း အလျင်အမြန် ပြန်ထကာ ကားနောက်သို့ လိုက်နေကြဆဲဖြစ်သည်။

ခဏအတွင်း ကား၏ ရှေ့ဘက်တွင်ပင် အမည်းရောင် ပုံရိပ်များစွာ ပေါ်လာခဲ့သည်။

'ဒုန်း'

ထိုအချိန်တွင် ဝိညာဉ်တစ်ကောင်သည် ကားရှေ့မှန်ပေါ်သို့ ကပ်လိုက်၏။

မျက်နှာတစ်ခုလုံးတွင် အပေါက်ကြီးများသာ ရှိသော ထိုမျက်နှာမှာ ကားအတွင်းရှိ အရာများကို မြင်နိုင်ရန် ကြိုးစားနေသည့်အလား မှန်တွင်ကပ်နေတော့သည်။

……

[ဝိုး ဝိုးကြည့်နေရင်းနဲ့တောင် ကြက်သီးထတယ်]

[အဲဒါ ဘာအကောင်ကြီးလဲ ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ]

[Host ရေ... ဒီလို ညကြီးမင်းကြီးမှာ ကျွန်တော်တို့ကို မခြောက်လှန့်ပါနဲ့ဦး]

ကယ်ကြပါဦး ငါ ဘာလို့ ဒီလို ကျောချမ်းစရာကောင်းတဲ့ အချိန်မှာ ဒီလို ကျောချမ်းစရာကောင်းတဲ့ အရာတွေကို ထိုင်ကြည့်နေမိတာလဲ]

Live လွှင့်ခန်းအတွင်း၌

ကြည့်ရှုသူများမှာ လမ်းမပေါ်တွင် လိုက်လံတိုက်ခိုက်နေသော ဝိညာဉ်များကို ကြည့်ရင်းဝိညာဉ်များ ဝိုင်းအုံခံထားရသဖြင့် မူလပုံသဏ္ဌာန်ပင် မသိနိုင်တော့သော ဘတ်စ်ကားကြီးကို မြင်တွေ့လိုက်ရသည့်အခါ သူတို့၏ ဦးရေပြားများမှာ ပေါက်ထွက်မတတ် ထုံကျင်တုန်လှုပ်နေကြရ၏ ။

ထို့ပြင်ကြက်သီးမွေးညင်းများမှာလည်း တစ်ခုပြီးတစ်ခု အပြိုင်အဆိုင် ထွက်ပေါ်နေကြတော့၏။

[ငါ့စောင် ဘယ်မှာလဲ၊ အထဲကို အမြန်ဝင်ပုန်းမှ ဖြစ်တော့မယ်]

[ငါကတော့ ချမ်းပြီးတုန်နေပြီ]

🫧 Chapter 144

[ဒါက ရိုလာကိုစတာ စီးရတာထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေပါလား]

Live လွှင့်ခန်းအတွင်းရှိ ကြည့်ရှုသူများမှာ မှင်တက်မိနေကြပြီ ဖြစ်သည်။

'စစ်မှန်သောအချစ်၊ ရင်ဖွင့်စကားနဲ့ စွန့်စားခန်း' ဝိညာဉ်နယ်ပယ်မှ ထွက်လာပြီးနောက် ကျန်းလင်သည် တခြားသော တာဝန်များကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

သူသည် ဝိညာဉ်ဆိုးများစွာနှင့် ဝိညာဉ်ရေးရာ ဖြစ်ရပ်များကို အောင်မြင်စွာ ဖြေရှင်းပေးခဲ့၏။

"အချိန်မစောတော့ဘူး"

ကျန်းလင်က အလုပ်သိမ်းရန် ပြင်ဆင်လိုက်ပြီး ကြည့်ရှုသူများမှာလည်း အိပ်စက်ရန် ပြင်ဆင်နေကြစဉ် Live မြင်ကွင်းအတွင်း၌ ကျန်းလင်၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားကာ အခြားတစ်နေရာသို့ အကြည့်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

နောက်တစ်ခဏတွင် ကင်မရာမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့၏။

သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ချိန်ပင် မရလိုက်မီမှာပင် ကောင်းကင်ယံမှ ငုံ့ကြည့်နေသော မြင်ကွင်းဖြင့် လမ်းမပေါ်ရှိ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရတော့ သည်။

ကြည့်ရှုသူများမှာ မျက်စိရော စိတ်ရော ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ကျန်းလင်သည် ပုံမှန်အားဖြင့် ဝိညာဉ်များနှင့် ဆက်ဆံနေရသူဖြစ်ပြီး ခုနကပင် ဝိညာဉ်ဆိုးများကို ရှင်းလင်းခဲ့သော် လည်း လုပ်ဆောင်မှုတိုင်းကို Live လွှင့်ခန်းသို့ အသိပေးလေ့ရှိသည်။

ထိုအခါ ကြည့်ရှုသူများမှာလည်း ကြိုတင်ပြင်ဆင်မှုများ လုပ်နိုင်ကြ၏။

ဥပမာ - တစ်ရှူးများ၊ ကွမ်းယာ၊ မြေပဲ သို့မဟုတ် ဒိုက်ပါများ စသည်ဖြင့်ပင်။

ယခုမူ လမ်းမတစ်ခုလုံး ဝိညာဉ်အုပ်ကြီး လိုက်လံတိုက်ခိုက်နေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည့်အခါ စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူရန်ပင် မေ့လျော့နေကြတော့သည်။

အချို့သော ကြည့်ရှုသူများမှာ စုပြုံနေသော အရာများကို ကြောက်ရွံ့သည့်ရောဂါပင် ထလာတော့မလို ခံစားနေရ၏။

Live လွှင့်ခန်း၏ ပြတ်သားလွန်းသော ပုံရိပ်နှင့် အလင်းအမှောင်ကို သူတို့မှာ ချစ်လည်းချစ်၊ မုန်းလည်းမုန်းနေကြရသည်။

[တကယ်လန့်သွားပြီ၊ ညီအစ်ကိုတို့ ဆက်ကြည့်ကြဦး... ကျွန်တော် ဘောင်းဘီသွားလဲလိုက်ဦးမယ်]

[အပေါ်ကလူ... ကျွန်တော့်ကို စောင့်ပါဦး၊ ကျွန်တော် ဇလုံတစ်ခု သွားယူလိုက်ဦးမယ်]

[ရှေ့ကလူတွေက နုသေးတာပဲ၊ ကျွန်တော်တို့လို အမာခံ Fan တွေကတော့ အကုန်လုံး အဆင်သင့် ပြင်ထားပြီးသားပါ ]

……

ကြည့်ရှုသူများမှာ မှင်တက်နေသော်လည်း ကားထဲက ချန်စန်းမှာမူ ပိုကြောင်အမ်းနေခဲ့ကာ ဦးနှောက်မှာ ဗလာဖြစ်နေတော့သည်။

ထို့အပြင် သူသည် လုံးဝလှုပ်ရှား၍ မရပါချေ။

ထို ‘ခရီးသည်’ များမှာ သူ့ကိုအတွင်း သုံးထပ်၊ အပြင် သုံးထပ် ဝိုင်းပတ်ကာ အထပ်ထပ်အခဲအခဲ ဖက်တွယ်ထားကြသည်။

' သူက ကားစီးပြီး ကျောင်းပြန်နေတာ မဟုတ်လား'

'ခေတ္တမျှ အိပ်ပျော်သွားရုံတင် မဟုတ်ပါလား'

' အခုက ဘယ်လို အခြေအနေကြီးလဲ'

'အိပ်မက်မက်နေတာလား'

'အကယ်၍သာ အိပ်မက်ဆိုလျှင်လည်း ဤအိပ်မက်မှာ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းကာ အပြင်ကအတိုင်း လက်တွေ့ဆန်လွန်းနေသည်လေ'

ထို့အပြင်... ကားက ယိမ်းထိုးလွန်းလှသဖြင့်... သူ အန်ချင်လာပြီဖြစ်သည်။

'ကျွီ'

ဘတ်စ်ကားကြီးမှာ ပြင်းထန်စွာကွေ့ချလိုက်ကာ အရှိန်မှာလည်း ပိုမိုမြန်ဆန်လာခဲ့၏။

"အော့"

ချန်စန်း စိတ်မထိန်းနိုင်တော့ပဲ အန်ချလိုက်၏။

သူ့ကို အနီးဆုံးမှ ဖက်ထားသော ‘ခရီးသည်’ မှာ မူမနေနိုင်ဘဲ လက်ကို အနည်းငယ်လျှော့ပေးလိုက်ကာ ချန်စန်း၏ အင်္ကျီစကိုယူ၍ အန်ဖတ်များကို သုတ်ပစ်လိုက်တော့သည်။

ထို့ပြင် ထိုအပြောင်းအလဲမရှိသော မျက်နှာတွင် ရွံရှာသော အရိပ်အယောင်လေးမှာ မသိမသာ ထွက်ပေါ်လာ၏။

ချန်စန်း : "……"

‘လူသားဂေါ်ဖီထုပ်’ ကြီး၏ အထဲဆုံးအလွှာမှာ အနည်းငယ် လျော့ရဲသွားသည့်အခါ ချန်စန်းမှာ ပိုမတည်မငြိမ် ဖြစ်လာတော့သည်။

ကားမှာ ရှေ့နောက်ဝဲယာ ယိမ်းထိုးနေသဖြင့် ဗိုက်ထဲရှိအစား အစာအားလုံးမှာ လိပ်တက်လာသကဲ့သို့ ခံစားနေရ၏။

သူ ထပ်မံ အန်ချင်လာပြန်သည်။

ထိုအခါ သူ့ကို ဝိုင်းအုံထားသော ဝိညာဉ်များ၏မျက်လုံးများတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာကြသည်။

ချန်စန်း ဗိုက်ထဲတွင် လိပ်တက်နေစဉ်မှာပင် သူ့ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။

' ဤ ‘ခရီးသည်’ များမှာ ဤမျှအထိ ရှုပ်ထွေးသောခံစားချက်များကို ဖော်ပြနိုင်ပါလား'

ဤမျက်နှာများမှာ အတုအယောင်များဟု သူ ထင်မှတ်ခဲ့မိခြင်းဖြစ်သည်။

"အော့"

"ကျောပိုးအိတ်... ကျောပိုးအိတ်ကို သုံး၊ မြဲမြဲဖက်ထားလိုက်"

ထိုခဏတွင် ကားမောင်းသူ၏အခန်းဆီမှ အသံထပ်မံ ထွက်ပေါ်လာပြန်သည်။

နောက်တစ်စက္ကန့်တွင် ချန်စန်းမှာ မည်သည်မှမသိလိုက်မီမှာပင် ကျောပိုးအိတ်မှာ သူ့ ခေါင်းပေါ်မှတစ်ဆင့် အုပ်မိုးခံလိုက်ရ‌တော့သည်။

ထို့နောက် သူသည် ထပ်မံ၍ မြဲမြံစွာဖက်တွယ်ခံလိုက်ရပြန်ကာ တစ်စုံတစ်ဦးက သူ့ အစာအိမ်နေရာကို ညှစ်ထားလိုက်သကဲ့သို့ ဖြစ်သွား၏။

"အော့"

ချန်စန်း : "……"

သွားပြီ... သွားပြီ... သူ အနံ့ကြောင့် အန်တော့မည် ဖြစ်သည်။

အတွင်းသုံးထပ်၊ အပြင်သုံးထပ် ဝိုင်းအုံထားသော ‘ခရီးသည်’ များ၏မျက်နှာများတွင်မူ သိသိသာသာ သက် ပြင်းချလိုက်သည့် အမူအရာများ ပေါ်လာကြသည်။

သူတို့သည် လက်များကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကြ၏။

ချန်စန်း မမြင်နိုင်သော နေရာ၊ ကားမောင်းသူ၏အခန်းအတွင်း၌....

စတီယာတိုင် မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေသော်လည်း ထိုထိုင်ခုံပေါ်တွင်မူ မည်သူမျှ ရှိမနေပါချေ။

……

ကြည့်ရှုသူများမှာ လမ်းမပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသောအရာမှာ ဘာမှန်းမသိကြပါချေ။

အပေါ်ယံကြည့်လျှင် ဝိညာဉ်အုပ်ကြီး အထပ်ထပ်စုပုံနေသကဲ့သို့ ထင်ရသည်။

သို့သော် ကျန်းလင်ကမူ ပထမဆုံးမြင်လိုက်ရသည်နှင့် တာဝန်စာရင်းထဲရှိ 'ညအချိန်မတော် ပေါ်လာတတ်သော bus ကားကြီး' ကို သတိရလိုက်မိသည်။

ယခု အခြေအနေကို ကြည့်ရသည်မှာ ထိုကားမှာ တစ်ခုခုကို ကြံစည်နေခြင်းလား သို့မဟုတ် ပြဿနာတစ်ခုခုတက်နေခြင်းလား မသိရပါချေ။

သို့သော် မည်သို့သော အခြေအနေမျိုးဖြစ်စေ လမ်းမပေါ်ရှိ ဝိညာဉ်များကို ဤအတိုင်း ဆက်လက်ထား၍မရပါချေ။

လူ့လောကအတွက် အလွန်အန္တရာယ် များလှပေသည်။

ကျန်းလင်သည် ကောင်းကင်ယံတွင် ရပ်တန့်နေကာ အောက်ဘက်ရှိ အခြေအနေကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူ့ လက်ကို ဆန့်ထုတ်လိုက်၏။

ထိုအခါအားကောင်းလှသော ဝိညာဉ်အရှိန်အဝါတစ်ခုမှာ လေထုကို ခွဲကာ ထိုလမ်းမဆီသို့ တဟုန်ထိုးပြေးဝင်သွားတော့သည်။

"ဝုန်းးးးးး"

လမ်းမပေါ်တွင် လိုက်လံတိုက်ခိုက်နေသော ဝိညာဉ်များမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပါချေ။

တစ်ချက်တည်းနှင့်ပင် လွင့်စင်သွားကြကာ အမည်းရောင် မြူခိုးများအဖြစ် ပျောက်ကွယ်သွားကြတော့သည်။

ဤအရာများသည် ဝိညာဉ်လောကရှိ ဝိညာဉ်ဆိုးများနှင့် မတူပါချေ။

၎င်းတို့မှာ မကောင်းသော စိတ်ထားနှင့် နာကျည်းချက်များ ပေါင်းစပ်နေသော အရာများသာ။

မကောင်းမှုနှင့် အစာရှာလိုသော ဗီဇသာ ကျန်ရှိတော့သောအရာများ ဖြစ်သဖြင့် ငရဲပြည်သို့ ပြန်လည် ခေါ်ဆောင်သွားရန် မလိုအပ်ပါချေ။

ဤတိုက်ခိုက်မှုအပြီးတွင် လမ်းမပေါ်မှာ ချက်ချင်းပင် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

ညမှောင်မိုက်ခြင်းထဲမှ ထွက်ပေါ်လာရန် ပြင်ဆင်နေသော အရာများစွာမှာလည်း ချက်ချင်းပင် ရပ်တန့်သွားကြ၏။

သူတို့သည် လမ်းမပေါ်တွင် ကျန်ရှိနေသော ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အရှိန်အဝါကို ခံစားမိလိုက်ကြပြီးနောက် သူတို့သည် ခြေလှမ်းများကို တိတ်တဆိတ် ပြန်ဆုတ်လိုက်ကြပြီး‌နောက်အမှောင်ထုထဲသို့ ပြန်လည် တိုးဝင်သွားကြတော့သည်။

သူတို့၏ဗီဇများမှာ မိမိထက် အားကောင်းသော အရာနှင့် တွေ့သည့်အခါ ထွက်ပြေးရန်သာ သိကြတော့သည်။

မနိုင်လျှင် ပြေးရပေမည် မဟုတ်လော။

……

ရှေ့မှ ဘတ်စ်ကားမှာမူ မည်သည့် ထိခိုက်မှုမျှ မရှိပါချေ။

အသစ်ထပ်တိုးလာသော ဝိညာဉ်များ မရှိတော့သည့်အခါ ကားပေါ်ရှိ ဖိအားမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။

ကားမှာ အရှိန်ထပ်မြှင့်ကာ ကားပေါ်တွင် ကပ်နေသော ဝိညာဉ်များကို ခါချရန် ပြင်လိုက်စဉ်မှာပင် ဘတ်စ်ကားကြီးမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

၎င်းက မရွေ့ချင်၍မဟုတ်ဘဲ ရွေ့လို့မရတော့ခြင်းဖြစ် သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းရှေ့တွင် အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ခေါင်းတွင် ဦးထုပ်အမြင့်ကြီးကို ဆောင်းထားသည်။

ထို့ပြင် မည်သည့်ခံစားချက်မှမရှိသော မျက်နှာဖြင့် လျှောက်လှမ်းလာကာ တစ်ကိုယ်လုံးမှ ထိတ်လန့်ဖွယ်ရာအရှိန်အဝါများကို ထုတ်လွှတ်နေ၏။

ကားပေါ်တွင် ကပ်နေဆဲဖြစ်သော ဝိညာဉ်များမှာလည်း ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကိုတွေ့လိုက်ရသည့်အလား ဒီရေကဲ့သို့ ပြန်လည် ဆုတ်ခွာသွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဘတ်စ်ကား၏ မူလပုံသဏ္ဌာန်မှာ လေထုထဲတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

Live မြင်ကွင်းအတွင်း၌လည်း အတိုင်းသား မြင်တွေ့လိုက်ရ၏။

[Host ရဲ့ထွက်လာပုံက တကယ်ကို မိုက်တယ် နတ်ဆိုးတွေအားလုံး အမြန်ဆုတ်ကြစမ်း]

[ကျွန်တော်ကတော့ မိစ္ဆာတွေ စုပုံနေတဲ့ အကောင်ကြီးလို့ ထင်နေတာ၊ ဘတ်စ်ကားတစ်စီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး၊ မှားသွားပါတယ်၊ ကန်တော့ပါတယ်]

[ဘတ်စ်ကား မောင်းသင်နေတဲ့ ကျွန်တော်တော့ ငိုချင်သွားပြီ၊ ဘတ်စ်ကားကို ပြိုင်ကားလိုမျိုး မြန်အောင်၊ ကျွမ်းကျင်အောင် ဘယ်လို မောင်းရမလဲဗျာ]

[စဉ်းစားကြည့်ရအောင် 222, 444, _ , နောက်မှာ ဘာဖြစ်မလဲ](လာမှာက 666 - အရမ်းမိုက်တယ်)

ဘတ်စ်ကားကြီးကို ရှင်းလင်းစွာမြင်လိုက်ရသည့် အခိုက် အတန့်တွင် ကြည့်ရှုသူများမှာ အံ့အားသင့်သွားကြသည်။

'ထိုမျှ မြန်ဆန်ပြီး ကျွမ်းကျင်လှသော အရှိန်ကနောက်ဆုံးတော့ ဘတ်စ်ကားတစ်စီး ဖြစ်နေသည်လော'

'ဒါက ဝိညာဉ်လောကက ကားမလား'

'ဟုတ်တယ်မလား'

'ဝိညာဉ်လောကက ကားတွေက ဒီလောက်တောင် စွမ်းတာလား'

[ကျွန်တော်လည်း ကျွန်တော့်ရဲ့ Audi ကားလေးကို ပြန်ကြည့်လိုက်တယ်၊ ဟင်း... ဒါကြီးရှိနေလို့ရော ဘာထူးမှာလဲ]

[ကျွန်တော်လည်း ကျွန်တော့်ရဲ့ Rolls-Royce Phantom ကို ကြည့်လိုက်တယ်၊ ဟင်း..ဒါကြီးရှိနေလို့ရော ဘာထူးမှာလဲ]

[ဟာ.. မင်းတို့ ကြွားချင်တာကိုလည်း ဆင်းရဲသားတွေရဲ့ ခံစားချက်ကို ငဲ့ညှာကြပါဦး ကျွန်တော် နေ့တိုင်း ယွမ်ဘီလီယံချီတန်တဲ့ ရထားကြီးစီးနေတာတောင် ဘာမှ မပြောဘူးလေ]

အစပိုင်းအံ့အားသင့်မှုများ ပြီးဆုံးသွားသည့်အခါ ကြည့်ရှုသူများမှာ ကားအတွင်းရှိ အခြေအနေကိုစတင် သတိပြုမိလာကြသည်။

ကားအတွင်းရှိ မီးများမှာ တိုက်ခိုက်ခံရစဉ်ကတည်းက ငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကြည့်ရှုသူများမှာ ဝေဝေဝါးဝါးလရောင်နှင့် Live လွှင့်ခန်း၏ အစွမ်းထက်လှသော အလင်းအမှောင်၊ ပြတ်သားမှုတို့ကြောင့် အတွင်းရှိမြင်ကွင်းကို မြင်တွေ့နိုင်ခဲ့၏။

[အတွင်းထဲက အဲဒီအစုလိုက် အခဲလိုက်ကြီးက... ဘာကြီးလဲ]

[လူတွေနဲ့ တူတယ်နော် အုပ်စုလိုက် ဖက်ထားကြတာလား]

[နေပါဦး... ကိုလူချောတို့ ကားမောင်းတဲ့နေရာကို မြင်ကြလား]

[ကိုလူချော ရောက်ပါပြီ၊ ကြည့်လိုက်ဦးမယ် ကားဆရာက ဘယ်လွင့်သွားတာလဲ]

ကြည့်ရှုသူများ ခန့်မှန်းနေကြစဉ်မှာပင် ထိုဘတ်စ်ကားကြီးဆီမှ အသံထွက်ပေါ်လာသည်။

"အရှင် ဝိညာဉ်တမန်တော်ကြီး"

ပြောဆိုရင်း ကားခေါင်းပိုင်းမှာ အောက်သို့ အနည်းငယ် နိမ့်ဆင်းသွားကာ ဦးညွှတ်လိုက်သည့်အလား ပြုလုပ်လိုက်သည်။

ကြည့်ရှုသူများ : [ ဒီဘတ်စ်ကားကြီးက လူလို ဦးညွှတ်တတ်နေပြီ]

[ဝိညာဉ်လောကဆိုတာ တကယ်ကို မခေဘူးပဲ၊ ဘတ်စ်ကားတောင် host ကို ဦးညွှတ်ရမှန်း သိတယ်]

[ဒီဘတ်စ်ကားရဲ့သရုပ်ဆောင်ချက်က ကောင်းတယ် ဆုချမယ်]

"……"

ကျန်းလင်သည်လည်း ကားအတွင်းရှိ အခြေအနေကို မြင်တွေ့လိုက်ရသည်။

ထို ‘ခရီးသည်’ များ၏လုပ်ရပ်မှာ အထဲဆုံးရှိ အသက်ရှူသံကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်သည်မှာ ထင်ရှားလှပေသည်။

သို့သော် သူတို့၏စွမ်းအားအရ သာမန် ဝိညာဉ်များကိုသာ လှည့်စားနိုင်မည် ဖြစ်သည်။

ထို့ကြောင့်ကျန်းလင်သည် ကိုယ်ကိုကြွလိုက်ကာ ဘတ်စ်ကား ၏အမိုးပေါ်သို့ ဆင်းသက်လျက် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"အရင်ဆုံး လူကို အိမ်ပြန်ပို့ပေးလိုက်ဦး”

All Chapters