← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

🫧 Chapter 145

Bus ကားသည် ယခင်ကကဲ့သို့ပင် တရွေ့ရွေ့နှင့် ဆက်လက် မောင်းနှင်နေခဲ့၏။

ထို့နောက်အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရမီမှာပင် ကားမှာ ရပ်တန့်သွားတော့သည်။

ကားမောင်းသူ၏ အခန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဂိတ်ကို ရောက်ပါပြီ"

ကားပေါ်ရှိ ‘လူသားဂေါ်ဖီထုပ်’ ကြီးမှာလည်း ထိုအခါမှသာ အလွှာလိုက် ကွာကျသွားတော့သည်။

‘ခရီးသည်’ များမှာလည်း သူတို့၏ မူလနေရာများသို့ အသီးသီး ပြန်သွားကြတော့၏။

တစ်ယောက်မှာမူ မပြန်မီ ချန်စန်း၏ကိုယ်ပေါ်တွင် အန်ဖတ်များကို နောက်ဆုံးအကြိမ်အဖြစ် ပွတ်သပ်သုတ်သင်သွားခဲ့သေးသည်။

"……"

ချန်စန်းမှာမူ မူးနောက်နောက်ဖြင့် သူ့ ခေါင်းပေါ်မှကျောပိုး အိတ်ကို ဖယ်ရှားလိုက်သည်။

ခေါင်းမှာ မူးဝေနေသလို ခန္ဓာကိုယ်မှာလည်း အလွန်အမင်း နေရခက်လှပေသည်။

နောက်ဆုံးတွင် သူသည် ကားစီး၍ မူးအန်ခဲ့ခြင်းလား သို့မဟုတ် ဝိညာဉ်များ၏အနံ့ကြောင့် အန်ခဲ့ခြင်းလား ဆိုသည်ကိုပင် မိမိကိုယ်တိုင် မခွဲခြားနိုင်တော့ပါချေ။

မကြာခင်ပင် ကား၏နောက်တံခါးမှာ ပွင့်သွားပြီး လတ်ဆတ်သော လေညင်းများတိုးဝင်လာခဲ့သည်။

ထိုအခါ အပြင်ဘက်ရှိ မီးရောင်များမှတစ်ဆင့် ချန်စန်းသည် ပုံမှန်အတိုင်းဖြစ်ပြီး ရင်းနှီးလှသော အဆောက်အအုံများကို မြင်တွေ့လိုက်ရ၏။

အိမ်များ၊ ခြံစည်းရိုးများ၊ လုံခြုံရေးဂိတ်များ...

ဝိညာဉ်မျက်နှာများမရှိတော့သလို ထိတ်လန့်စရာ အသံများလည်း မရှိတော့ပါချေ။

မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးမှာပင် သူ့ မျက်စိထဲ၌ များစွာ ခင်မင်ဖွယ် ကောင်းနေတော့သည်။

ဤနေရာက ဘယ်နေရာလဲဆိုသည်ကို သူ ဂရုမစိုက်နိုင်တော့ပါ၊ ပုံမှန်ကမ္ဘာတစ်ခု ဖြစ်နေရုံဖြင့် လုံလောက်လှပြီ။

ထို့ကြောင့်သူသည် ကားပေါ်မှ ဒယီးဒယိုင်ဖြင့် အလျင်အမြန် ဆင်းလာခဲ့သည်။

သို့သော်သူ နှစ်လှမ်းမျှ လျှောက်လိုက်သည်နှင့် ဗိုက်ထဲမှ ထပ်မံ လိပ်တက်လာပြန်၏။

"အော့"

အန်ပြီးနောက်တွင် သူသည် ဘေးနားရှိ ကျောက်တုံးကြီးကို မှီကာ လုံးဝမလှုပ်ချင်တော့ပါချေ။

"ချန်စန်း... ချန်စန်း..."

ဝေဝေဝါးဝါးကြားထဲမှ တစ်စုံတစ်ဦးက သူ့ကို ခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

'အိပ်မက်က နိုးတော့မှာလား'

ထို့နောက် တစ်စုံတစ်ဦးက သူ့အနားသို့ ပြေးလာပြီး ပါးကို ပုတ်လိုက်သည်ကို ခံစားလိုက်ရ၏။

ယင်းမှသာ ချန်စန်းမှာ မျက်လုံးကို အားယူ၍ ဖွင့်ကြည့်လိုက်ကာ "အဆောင်မှူးလား"ဟုမေးလိုက်သည်။

"မင်းကတော့လေ... အန်ထားတာလည်း တကယ့်ကို..."

Live လွှင့်ခန်းကို ကြည့်နေသူများထံမှ ဖုန်းဆက် အကူအညီတောင်းသဖြင့် ထွက်လာခဲ့ကြသော သူငယ်ချင်းတစ်စုမှာ ချန်စန်း၏အခြေအနေကို ကြည့်ကာ သက်ပြင်းသာ ချလိုက်မိကြတော့သည်။

"ကဲ သွားမယ်၊ သွားမယ်... အဆောင်ပြန်ပြီး အိပ်ကြရ အောင်"

သူငယ်ချင်းများက ကျောက်တုံးပေါ်တွင် ပျော့ခွေနေသော သူ့ကိုတွဲမကာ အဆောင်ဆီသို့ ခေါ်ဆောင်သွားကြသည်။

အဆောင်မှူးကမူ မြေပြင်ပေါ်ရှိ ကျောပိုးအိတ်ကို ကြည့်ကာ... ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက်မှ ကောက်ယူလိုက်သည်။

လွှင့်ပစ်မလား၊ မပစ်ဘူးလား ဆိုသည်မှာ မနက်ဖြန် ချန်စန်း နိုးလာမှသာ ဆုံးဖြတ်ရပေမည်။

"မင်း ဘာတွေ ဖြစ်လာတာလဲ"

"မူးနေတာနဲ့လည်း မတူဘူး၊ မြေပဲစေ့တွေပဲ စားလာတာလား"

သူငယ်ချင်းများမှာ လမ်းလျှောက်ရင်း စကားတပြောပြောနှင့် ထွက်ခွာသွားကြတော့သည်။

သူတို့ သူငယ်ချင်းကိုလာကြိုရန် ဖုန်းဆက်လာသည့်အခါ သူတို့မှာ ကြောင်အမ်းအမ်း ဖြစ်နေခဲ့ကြသော်လည်း ညအချိန်မတော် အဆောင်ရှေ့ ဆင်းကြည့်သည့်အခါ တကယ်ပင် လူရှိနေခဲ့ခြင်း ဖြစ်သည်။

သူတို့နောက်ကွယ်ရှိ လမ်းမပေါ်တွင်မူ...

ချန်စန်း ဆင်းသွားပြီးနောက် ထိုဘတ်စ်ကားကြီးမှာလည်း မည်သည့်အချိန်က ပျောက်ကွယ်သွားသည် မသိရဘဲ ညမှောင်မိုက်ခြင်းထဲတွင် အစအနပင် မကျန်တော့ပါချေ။

ကမ္ဘာနှစ်ခုမှာ အလင်းနှင့်အမှောင်၊ အဖိုနှင့်အမ (ယန်နှင့်ယင်) ဟု ကွဲပြားနေသော်လည်း လုံးဝကြီးပြတ်တောက်သွားခြင်းမျိုး မဟုတ်ပါချေ။

……

ဝိညာဉ်ကားတာဝန်မှာ လှုပ်ရှားနယ်မြေ အလွန်ကျယ်ပြောလှသည်။

ဝိညာဉ်နယ်ပယ်များ သို့မဟုတ် ဝိညာဉ်ဆိုးများကဲ့သို့ တစ်နေရာတည်းတွင် အတည်တကျ ရှိနေခြင်းမျိုး မဟုတ်ပါချေ။

မူလက ကျန်းလင်သည် ဤတာဝန်ကို အဖွဲ့ဝင် 'နျဲ့ကျို' ကိုပေးရန် စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။

လမ်းလျှောက်ရင်း လမ်းမှားတတ်သော နျဲ့ကျို၏ ဗီဇအရ လမ်းမှားရင်းမှ ထိုကားနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နိုင်မည်ဟု တွေးခဲ့ခြင်းဖြစ်သည်။

ကျန်းလင် မထင်မှတ်ထားသည်မှာ တာဝန်မပေးရသေးခင်မှာပင် မိမိကိုယ်တိုင်က အရင်ဆုံတွေ့လိုက်ရခြင်းပင်။

……

[အဲဒီ ညီအစ်ကို အန်နေတာကတော့ တကယ်ကို သနားစရာပဲ]

[ကြည့်လို့တောင် မရဘူး ]

[သူ့ကို ကံဆိုးတယ်လို့ ပြောရမလား၊ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး]

Live လွှင့်ခန်းအတွင်း၌ ကြည့်ရှုသူများမှာ ချန်စန်း ကားပေါ်မှ ဆင်းသွားသည့် မြင်ကွင်းကို ပြောမဆုံး ဖြစ်နေကြဆဲဖြစ် သည်။

ထိုအချိန်တွင် ကျန်းလင်ကမူ ဘတ်စ်ကား၏အခြေအနေကို စတင် စုံစမ်းနေပြီဖြစ်သည်။

Live မြင်ကွင်းအတွင်း

လမ်းမကြီးပေါ်တွင် ဘတ်စ်ကားတစ်စီးမှာ ငြိမ်သက်စွာ ရပ်တန့်နေကာ ကျန်းလင်သည် ကားအတွင်း၌ရပ်နေ၏။

သူ့ရှေ့တွင်မူ အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေကာ သူသည် ဤကား၏ကားဆရာ ဖြစ်သည်။

ခုနက ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခံရစဉ်က စွမ်းအားများ စုစည်းနိုင်ရန် သူသည် ကားနှင့် တစ်သားတည်း ပေါင်းစပ်နေခဲ့ခြင်းဖြစ်သည်။

ကျန်းလင်နှင့် ကားဆရာအပြင် ကားပေါ်တွင် ခရီးသည် ဝိညာဉ်အတော်များများလည်း ရှိနေကြသေးသည်။

ယခုအချိန်တွင် ထိုဝိညာဉ်များမှာ ကျန်းလင်ကို ကြည့်ကာ ကားနောက်ဆုံးတန်းသို့ စုပြုံ၍ တိုးဝင်နေကြ၏။

ကားဆရာဖြစ်သူမှာလည်း ကျန်းလင်ကို ကြည့်ကာ အနည်းငယ် ကြောက်ရွံ့နေပုံရသည်။

"တမန်တော်ကြီး... ကျွန်တော် ဒီကားကို မောင်းလာတာ ဆယ်နှစ်ရှိပါပြီ၊ ဒါပေမဲ့ လူတစ်ယောက်ကိုမှ မထိခိုက်စေခဲ့ဖူးပါဘူး"

"တစ်ခါတလေ လမ်းမှားလာတဲ့ ဝိညာဉ်တွေ ဒါမှမဟုတ် လူတွေကို ကားကြုံတင်ပေးတတ်ပါတယ်၊ ဘာအခကြေးငွေမှလည်း မယူခဲ့ပါဘူး"

ကားဆရာမှာပြောဆိုရင်း လက်ကို ယမ်းပြလိုက်ကာ သိသိသာသာပင် စိတ်လှုပ်ရှားနေပုံရသည်။

ဝိညာဉ်များ ကားကြုံလိုက်သည့်အခါတွင်မူ ငွေရှိသူက ငွေပေးကာ ငွေမရှိသူများကမူ ခုနကကဲ့သို့ လူသား၏အသက်ရှူသံကို ဖုံးကွယ်ပေးရန် ကူညီပေးကြခြင်းဖြစ်သည်။

သူသည် မည်သည့်အခါမှ အဓမ္မ အခကြေးငွေ တောင်းခံခဲ့ခြင်း မရှိပါချေ။

ကျန်းလင်က ကားပေါ်ရှိ ခရီးသည်များကို ကြည့်လိုက်ကာ

"မင်းတို့က ဘယ်လိုဖြစ်တာလဲ"

ဤခရီးသည်များမှာ ကားကြုံလိုက်သည့် ဝိညာဉ်တစ်ကောင်မှလွဲ၍ ကျန်သူအားလုံးမှာ ဤကားနှင့်တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေကြသူများဖြစ်သည်။

သူတို့သည် ဤကားပေါ်မှ ထွက်ခွာ၍မရကြပါချေ။

"တမန်တော်ကြီး... ဒါက... ကျွန်တော်တို့လည်း မသိပါဘူး"

ကားဆရာက ထပ်ပေါင်းပြောလိုက်‌သေးသည်။

"လူဘဝတုန်းက အကြောင်းတွေကို ကျွန်တော်တို့ မမှတ်မိတော့ဘူး"

နာမည်များကိုပင် သူတို့ မေ့လျော့ကုန်ကြပြီ ဖြစ်သည်။

ကားဆရာတစ်ယောက်သာလျှင် မြင်ကွင်းတစ်ခုကို ဝေဝေဝါးဝါး မှတ်မိနေသေး၏။

တစ်စုံတစ်ခုသော မတော်တဆမှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးလုံး မြစ်ထဲသို့ ထိုးကျသွားခဲ့ပုံရသည်။

"ကျွန်တော်တို့ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ ဒီကားပေါ်မှာ ရောက်နေကြပြီ"

"သူတို့က ဒီကားပေါ်ကနေ ထွက်သွားလို့မရကြဘူး၊ ကျွန်တော်လည်း ဘာကြောင့်လဲ မသိပေမဲ့ ဒီကားနဲ့ တစ်သား တည်း ဖြစ်နေသလိုပါပဲ အပြင်ထွက်ရင်တောင် အဝေးကြီး သွားလို့ မရဘူး"

ကားပေါ်မှထွက်ခွာ၍ မရကြောင်း သိရှိသွားသည့်အခါ သူတို့သည် ဤကားကို အသုံးချ၍ စားစရာ သို့မဟုတ် ငွေကြေး အနည်းငယ် ရှာဖွေခဲ့ကြသည်။

၎င်းငွေများမှာအငတ်မဘေးမှ လွတ်မြောက်ရုံသာပင်ရှိ၏။

တစ်ခါတလေ လမ်းမှားလာသူများကိုလည်း ကူညီပေးတတ်ကြသည်။

သူက ကားမောင်းလျှင် ခရီးသည်များက အနံ့အသက်ကို ဖုံးကွယ်ပေးကြ၏။

ဤသို့ဖြင့် ဆယ်နှစ်တိုင်တိုင် ကျော်ဖြတ်လာခဲ့ကြခြင်းဖြစ်ကြသည်လေ။

……

[ဒါက ကားတစ်စီးလုံး မတော်တဆဖြစ်ခဲ့တာပဲ]

[ဒီကားပေါ်က လူတွေ အများကြီးပဲ... ဟင်း]

[ကျွန်တော် အရင်က အဲဒီလို သတင်းမျိုးမြင်ဖူးသလိုပဲ၊ ဆယ်နှစ်က ဘတ်စ်ကားလားကျွန်တော် ရှာကြည့်လိုက်ဦးမယ်]

Live လွှင့်ခန်းအတွင်း၌ ကြည့်ရှုသူများမှာ ကားပေါ်ရှိ ခရီးသည်များကို တိတ်တဆိတ် ရေတွက်နေကြသည်။

ဤမျှများပြားသော လူအုပ်ကြီး မတော်တဆဖြစ်ခဲ့စဉ်က မိသားစုဝင် မည်မျှများများ ဝမ်းနည်းခဲ့ရမည်နည်း၊ မိသားစု မည်မျှ ပျက်စီးခဲ့ရမည်နည်း။

[ကျွန်တော်ကတော့ ကားမောင်းတဲ့သူပါ၊ နေ့တိုင်း အိမ်ကမထွက်ခင် ကိုယ်ပေါ်မှာ ဘုရားစင်က အဆောင်လက်ဖွဲ့လေး ပါ၊ မပါ စစ်ဆေးရတယ်၊ အကျိုးရှိ၊ မရှိ မသိပေမဲ့ စိတ်အေးရအောင်လို့ပါ]

[ကားတွေအားလုံး ဘေးကင်းစွာ ထွက်ခွာနိုင်ပြီး ဘေးကင်းစွာ ပြန်လာနိုင်ကြပါစေ]

……

ကားပေါ်တွင်...

ကျန်းလင် ခေါင်းငြိမ့်ပြလိုက်သည်။

ဤအချက်အလက်များသည် တာဝန်အပ်နှံသည့်အခါ အသုံးဝင်ပေလိမ့်မည်။

သူတို့မှာ လူကို အန္တရာယ်ပြုခြင်း ရှိ၊ မရှိကိုလည်း သူ မြင်နိုင်ပါသည်၊ သူတို့ကိုယ်ပေါ်တွင် သွေးစွန်းသော အငွေ့အသက်များ မရှိပါချေ။

ဆယ်နှစ်...

လူ့လောကတွင် ဆယ်နှစ်တိုင်တိုင် ကျင်လည်ခဲ့ကြသည်။

ကျန်းလင်သည် ဤကားကို ကြည့်ရင်း ရုတ်တရက် အတွေးတစ်ခု ရလာခဲ့သည်။

သို့သော် အလုပ်ဖြစ်၊ မဖြစ်တော့ မသိရသေးပါချေ။

"ငါနဲ့ လိုက်ခဲ့ကြ"

သူသည် ကားပေါ်မှ ဆင်းကာ ဝိညာဉ်လောကသို့ သွားရာ လမ်းကြောင်းကို ဖွင့်ရန်ပြင်လိုက်သည်။

သို့သော် သူ့ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

ကားဆရာဖြစ်သူမှာ ကားပေါ်တွင် ဒူးထောက်နေကာ ဦးခေါင်းကို မြေပြင်နှင့် ထိလျက် တောင်းပန်တိုးလျှိုးနေသည်ကို တွေ့လိုက်ရသည်။

"တမန်တော်ကြီး... ကျွန်တော်တို့ကို လူ့လောကမှာပဲ နေခွင့်ပြုပါဦး၊ ဒီကားကို ဆက်ပြီး မောင်းခွင့်ပြုပါ..."

"ကျွန်တော်တို့ လူကို အန္တရာယ် မပြုပါဘူး"

သူသည် လူဘဝတုန်းက အကြောင်းအရာများကို မမှတ်မိတော့သော်လည်း ကားရပ်လိုက်တိုင်း... သူ့ရင်ထဲမှ အသံတစ်သံက သူ့ကို အမြဲတမ်း တိုက်တွန်းနေ၏။

'မောင်းပါ၊ အမြန်မောင်းစမ်းပါ'

မရပ်လိုက်နဲ့ဦး'

'ပန်းတိုင်ကို မရောက်သေးဘူး၊ ဆင်းရမယ့် ခရီးသည်တွေ ကျန်သေးတယ်"

'ကားကို ဆက်မောင်းစမ်းပါ'

'ဒုန်း ဒုန်း ဒုန်း'

ကားကြုံလိုက်သည့် ဝိညာဉ်မှလွဲ၍ ကားပေါ်မှ ဆင်း၍မရသော ခရီးသည် ဝိညာဉ်အားလုံးမှာလည်း ဒူးထောက်လိုက်ကြသည်။

သူတို့မှာ အလွန်အမင်း ကြောက်ရွံ့နေကာ တုန်ယင်နေကြသော်လည်း...

"တမန်တော်ကြီး... ကျွန်တော်တို့ကို လူ့လောကမှာပဲ နေခွင့်ပြုပါ၊ ကျွန်တော်တို့ ဘာမဆို လုပ်ပါ့မယ်"

သူတို့တွင် အတိတ်မရှိသလို၊ ဤကားပေါ်မှ ထွက်ခွာ၍လည်း မရကြပါချေ။

လာရာလမ်းကို မသိသလို၊ ပြန်ရမည့်လမ်းလည်း မရှိကြပါချေ။

သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ တစ်နေ့နေ့...

ကားမောင်းရင်း တစ်နေရာရာကို ရောက်သွားသည့်အခါ တစ်စုံတစ်ခုကို မှတ်မိသွားနိုင်ရန် ဖြစ်သည်။

သို့မဟုတ် တစ်စုံတစ်ယောက်သော ရင်းနှီးသူနှင့် ဆုံတွေ့နိုင်ရန်ဖြစ်သည်။

အကယ်၍များ တစ်နေ့နေ့မှာ မှတ်မိသွားခဲ့လျှင်ကော။

အကယ်၍များ သူတို့ ကူညီပေးခဲ့သော လူများထဲတွင် သူတို့၏မိသားစုဝင် သို့မဟုတ် သူငယ်ချင်းများ ပါဝင်နေခဲ့လျှင်

ဤ 'အကယ်၍များ' ဆိုသည့် မျှော်လင့်ချက်လေးများမှာ သူတို့ ယနေ့တိုင် ရှင်သန်နေရသည့် တစ်ခုတည်းသော အားအင်ပင်ဖြစ်တော့သည်။

🫧 Chapter 146

"လူ့လောကမှာ ကားမောင်းရင် လိုင်စင်လိုသလိုပဲ၊ နာနာဘာဝလောကက ကားတွေ လူ့လောကမှာ သွားလာချင်ရင်လည်း ဖြတ်သန်းခွင့်လက်မှတ် လိုအပ်တယ်"

ကျန်းလင်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကားဆရာနှင့် ခရီးသည် ဝိညာဉ်များကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"အကယ်၍ ဖြတ်သန်းခွင့်လက်မှတ် မရှိဘူးဆိုရင် ဘယ်လို ဝိညာဉ်တမန်တော်မျိုးနဲ့မဆို တွေ့တာနဲ့ မင်းတို့ကို ဖမ်းဆီးသွားနိုင်တယ်"

ကားတင်မကဘဲ ဝိညာဉ်များ လူ့လောကတွင် သွားလာရန်အတွက်လည်း ဖြတ်သန်းခွင့် လိုအပ်သည်။

ဝိညာဉ်တမန်တော်များ အနေဖြင့် အလင်းအမှောင် နယ်ပယ်နှစ်ခုကြား ကူးလူးသွားလာနိုင်ခြင်းမှာ သူတို့တွင် ဝန်ထမ်းကတ်ရှိနေသောကြောင့် ဖြစ်သည်။

ထိုဝန်ထမ်းကတ်သည်ပင် သူတို့၏ဖြတ်သန်းခွင့်လက်မှတ် ဖြစ်၏။

ထိုအခါ ကားပေါ်မှ ဝိညာဉ်များသည် ခေါင်းမော့ကြည့်လာကြရင်း စိတ်ပျက်အားငယ်သွားကြသည်။

ဖြတ်သန်းခွင့်လက်မှတ်ကို မည်သို့ရယူရမည်မှန်း သူတို့မသိသော်လည်း ဝိညာဉ်တမန်တော်၏ စကားကိုမူ နားလည်လိုက်ကြသည်။

ငရဲပြည်သည် ဝိညာဉ်များ အပြည့်ပါသော ကားတစ်စီးကို လူ့လောကတွင် လှည့်လည်သွားလာနေရန် ခွင့်ပြုမည် မဟုတ်ပေ။

ယနေ့ညတွင် ဤဝိညာဉ်တမန်တော်နှင့် မတွေ့ခဲ့လျှင်ပင် အခြားသော ဝိညာဉ်တမန်တော် တစ်ဦးဦးနှင့် တွေ့ပါကလည်း သူတို့ ဖမ်းဆီးခံရမည်သာ ဖြစ်သည်။

"လူ့လောကမှာ နေထိုင်ခွင့်မရတော့ဘူးဆိုရင်... ကျွန်တော်တို့ ဆက်ပြီး တည်ရှိနေဖို့ လိုအပ်ပါဦးမလား..."

"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား..."

ကားပေါ်မှ ရှိုက်ကြီးတငင် ငိုသံများ တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

"ရှိတယ်"

"....."

ငိုကြွေးနေသော ဝိညာဉ်များသည် အဖြူရောင် ဝတ်စုံနှင့် ဝိညာဉ်တမန်တော်ကသူတို့ထံ လျှောက်လာသည်ကို လှမ်းကြည့်လိုက်ကြသည်။

ထို့နောက်ကျန်းလင်သည် သူတို့ထံ လက်ကမ်းပေးလိုက်၏။

သူ၏ လက်ဖဝါးထက်တွင် ရွှေရောင်သန်းနေသော ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးများမှာ ကတိစာချုပ် စွမ်းအားများအဖြစ် ပြောင်းလဲကာရစ်ပတ်နေသည်။

"ငါ့ရဲ့ဝိညာဉ်တမန်တော်တွေအဖြစ် ခံယူပြီး ငါ့အတွက် အလုပ်လုပ်ပေးကြမလာ မင်းတို့ကို လူ့လောကမှာ အလုပ် အကိုင်တွေ ရအောင် ငါ စီစဉ်ပေးနိုင်တယ်"

……

ဝိညာဉ်တမန်တော် တစ်ဦးသည် 'တစ္ဆေစစ်သူကြီး' အဆင့်သို့ ရောက်ရှိသွားပါက တာဝန်စင်တာမှ တာဝန်များကို စတင် လက်ခံဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

ထို့အပြင် မိမိကိုယ်ပိုင် ဝိညာဉ်နောက်လိုက်များကိုလည်း ထားရှိပိုင်ခွင့် ရှိလာသည်။

ကျန်းလင်သည် ယခင်က နောက်လိုက်ဝိညာဉ်များကို မထားရှိခဲ့ခြင်းမှာ တစ်ကိုယ်တော် အလုပ်လုပ်ရသည်ကို ကျင့်သားရနေသလို၊ မလိုအပ်ဟုလည်း ထင်မြင်မိသောကြောင့်ဖြစ် သည်။

ထို့ပြင် ဝိညာဉ်များကို လမ်းညွှန်ခေါ်ဆောင်ခြင်း ကိစ္စများမှာ သူကိုယ်တိုင် လုပ်ဆောင်နိုင်သလို၊ သူကိုယ်တိုင်ပင် မယှဉ်နိုင်သော ဝိညာဉ်နှင့် တွေ့ပါကလည်း နောက်လိုက်ဝိညာဉ်များက ကူညီနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီးနောက် လုပ် ဆောင်ရမည့် အလုပ်များနှင့် နယ်ပယ်များမှာ ကျယ်ပြန့်လာခဲ့သည်။

အထူးသဖြင့် ယခုကဲ့သို့ ယမမင်းထံမှ တိုက်ရိုက်ပေးအပ်သော တာဝန်ကြီးများကို ဆောင်ရွက်ရသည့်အခါ လူအင် အားမလုံလောက်မှုကို သူ စတင် သတိပြုမိလာသည်။

သို့သော် ကျန်းလင်သည် အရေအတွက်ထက် အရည်အချင်းကိုသာ ဦးစားပေးသူဖြစ်သည်။

သင့်တော်သူနှင့် မတွေ့ပါက မည်သူ့ကိုမျှ စည်းမဲ့ကမ်းမဲ့ သိမ်းသွင်းမည် မဟုတ်ပေ။

ဤbusကားသည် လူ့လောကတွင် ဆယ်စုနှစ်တစ်ခုကြာ လှည့်လည်နေခဲ့သဖြင့် အထူးသဖြင့် ခံစစ်နှင့် အရှိန်ပိုင်းတွင် အားသာချက်ရှိသည်။

ငရဲပြည်မှ လွှတ်ပေးလိုက်သော အစမ်းခန့် ဝိညာဉ်တမန်တော်များထက်စာလျှင် ဤဝိညာဉ်တမန်တော် များက သူ့အတွက် ပိုမိုအသုံးတည့်နိုင်ပေလိမ့်မည်။

……

[အိုးးး Host က တမန်တော်အသစ် တွေကို သိမ်းသွင်းတော့မှာလား]

[လိုင်စင်မဲ့ မောင်းတာကိုတော့ လက်မခံနိုင်ဘူးဟေ့]

[ငရဲပြည်ထုတ် ဖြတ်သန်းခွင့်လက်မှတ်... မင်းတို့နဲ့ တကယ်ထိုက်တန်တယ်]

[Host နောက်ကိုသာ လိုက်သွားလိုက်စမ်းပါ စားစရာ သောက်စရာလည်း အလျှံပယ်ပဲလေ]

Live ထုတ်လွှင့်မှုအတွင်း ကျန်းလင်၏စကားကြောင့် ကြည့်ရှုသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

Host လက်အောက်မှာ အလုပ်လုပ်ရမည့် ခံစားချက်ကို တွေးကြည့်ရုံနှင့်ပင် ရင်ခုန်စရာကောင်းလှသည်။

ကြည့်ရှုသူ အများအပြားမှာ အိပ်ရာပေါ်မှ ထခုန်မိကြပြီး Host ၏ထိုစကားမှာ မိမိတို့ကိုယ်တိုင်အတွက် ဖြစ်နေပါစေဟုပင် ဆုတောင်းနေကြသည်။

[Host ရေ... ကျွန်တော့်ကိုရော ဘယ်လိုမြင်လဲဗျ (〃'▽'〃)]

[ကျွန်တော်တော့ သူတို့ကို တကယ်အားကျမိတယ်... ဟင့်...]

……

"လူ့လောကမှာ ဆက်ပြီး နေထိုင်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ ဘာမဆို လုပ်ဖို့ အသင့်ပါပဲ"

ဗီဒီယိုအတွင်း၌ bus ကားပေါ်မှ ဝိညာဉ်များသည် ကျန်းလင်၏ရှေ့တွင် ချက်ချင်းလက်ညှိုးညွှန်ရာ ရေဖြစ်စေမည့် အမူအရာဖြင့် အညံ့ခံလိုက်ကြသည်။

"ကျွန်တော်တို့ကို အလုပ်ကျွေးပြုခွင့်ပေးပါ"

"ဝိညာဉ်တမန်တော်ကြီးအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ"

ဝိညာဉ်တမန်တော်၏နောက်လိုက် ဖြစ်လာခြင်းဖြင့် ဖြတ် သန်းသွားလာခွင့် ရရှိမည် ဖြစ်သလို၊ အခြားတစ်ဖက်တွင်လည်း သူတို့၏လွတ်လပ်ခွင့်မှာ အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခံရမည် ဖြစ်သည်။

သို့သော် သူတို့အတွက်မှာမူ လာရာလမ်းမရှိ၊ သွားရာလမ်းမရှိ ဖြစ်နေသည့် အချိန်တွင် ကျန်းလင်သည်သာ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

ယခုအခါ ဝိညာဉ်တမန်တော်က သူတို့အတွက် ခိုနားရာ ပေးအပ်လိုက်ခြင်းဖြစ်သဖြင့် ငြင်းဆန်စရာ အကြောင်းရင်း လုံးဝမရှိပါချေ။

ကျန်းလင်အတွက် အလုပ်လုပ်ပေးရခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်တော့သည်။

……

သူတို့ သဘောတူလိုက်သည့်ခဏ၌ ကျန်းလင်၏ လက်ထဲမှ ရွှေရောင်ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးများသည် ဝိညာဉ်များ၏နဖူးအတွင်းသို့ စီးဝင် ပျောက်ကွယ်သွားတော့သည်။

"ကတိစာချုပ်ချုပ်ဆိုခြင်း အောင်မြင်သွားပြီ"

ခဏချင်း မျက်မြင်မရသော ချိတ်ဆက်မှုတစ်ခုသည် ကျန်းလင်နှင့် ထိုဝိညာဉ်များကြားတွင် ဖြစ်ပေါ်လာ၏။

"ကျေးဇူးတင်ပါတယ် သခင်"

ဝိညာဉ်တမန်တော်အသစ်များသည် ကတိစာချုပ်၏ စွမ်းအားကို ခံစားမိသွားကြပြီး ရိုးသားစွာကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ငရဲပြည်အငွေ့အသက်များဖြစ်ပေါ်လာသည်ကို ခံစားနေရသလို၊ ဤစာချုပ်အတွင်း သူတို့သည် လုံးဝနာခံရမည့် အဆင့်အတန်းဖြစ်သည်ကိုလည်း သိရှိသွားကြသည်။

သူတို့ရှေ့မှ ဝိညာဉ်တမန်တော်သည် သူတို့၏သခင်ဖြစ်ပြီး ဘယ်သောအခါမျှ သစ္စာဖောက်၍မရနိုင်သော တည်ရှိမှုဖြစ်သွားပြီ ဖြစ်သည်။

"အခုကစပြီး မင်းတို့မှာ ဖြတ်သန်းခွင့်လက်မှတ် ရှိသွားပြီ တခြား ဝိညာဉ်တမန်တော်တွေ တွေ့ရင်လည်း ငါ့ရဲ့လက် အောက်ငယ်သားမှန်း သိသွားကြမှာမို့လို့ တိုက်ခိုက်မှာ မဟုတ်တော့ဘူး"

ကျန်းလင် လက်ကို ပြန်ရုပ်သိမ်းလိုက်ရင်း "အကယ်၍ တခြား ဝိညာဉ်တွေရဲ့ ရန်ပြုမှုကိုခံရရင်လည်း မင်းတို့ရဲ့ အထောက်အထားကို ပြသလိုက်တာနဲ့ သူတို့ကို ခြောက်လှန့်နိုင်လိမ့်မယ်" ဟု မှာကြားလိုက်သည်။

ကျန်းလင်အဖို့ ဝိညာဉ်တမန်တော်များကို ပထမဆုံးအကြိမ် သိမ်းသွင်းခြင်းဖြစ်သဖြင့် ခံစားချက်မှာ အနည်းငယ် ထူးခြားနေသည်။

ဤခံစားချက်မှာ အဖွဲ့ ၁၈ မှ အဖွဲ့ဝင်များနှင့် မတူပါချေ။

ကတိစာချုပ်ချုပ်ဆိုပြီးနောက် သူသည် ဝိညာဉ်တမန်တော်များရှိနေသည့် နေရာကို အချိန်မရွေး သိနိုင်သလို၊ သူတို့ကိုလည်း အချိန်မရွေးခေါ်ယူ အသုံးချနိုင်ပြီ ဖြစ်သည်။

……

[လမ်းပွင့်သွားပြီဟေ့၊ ဝိညာဉ်လေးတွေတော့ အလားအလာရှိသွားပြီ]

[Host နောက်ဆုံးတော့ ကိုယ်ပိုင်စစ်သည်တွေ ရသွားပြီပေါ့ ဂုဏ်ယူပါတယ် Host ရေ...]

[အားးး Host ကတော့ လန်းထွက်နေတာပဲ]

[ရှောင်းကျဲမှ မိုးမျှော်တိုက်ကြီး လက်ဆောင်ပေးအပ်လိုက်ပါတယ်]

[မိုးမျှော်တိုက်ကြီး လက်ဆောင်ပေးအပ်လိုက်ပါတယ်]

[မိုးပျံပူဖောင်း ၆ ခု လက်ဆောင်ပေးအပ်လိုက်ပါတယ်]

"...."

Live ထုတ်လွှင့်မှုအတွင်း ကြည့်ရှုသူ အများအပြားမှာ မျက်လုံးများ တောက်ပလာကြသည်။

အထူးသဖြင့် ပန်းချီဆရာကြီးများမှာ မိမိတို့၏ကလောင်တံများကို အလျင်အမြန် ကိုင်စွဲလိုက်ကြ၏။

သူတို့က စောစောက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကိုမှတ် တမ်းတင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။

ကျယ်ပြောလှသော ကားလမ်းမကြီးပေါ်တွင်...

Host သည် အမှောင်ထုထဲ၌ ရပ်နေပြီး လက်တစ်ဖက်ကို ကမ်းပေးထားသည်။

သူ့လက်ပေါ်တွင် ရွှေရောင်တောက်ပနေသော လျှို့ဝှက်ဆန်းကြယ်သည့် ဝိညာဉ်ချည်မျှင်တန်းများ ရှိနေကာ သူ၏ ရှေ့တွင်မူ ကားတစ်စီးသည် တိတ်ဆိတ်စွာရပ်နေ၏။

ကားပေါ်မှ ဝါကျင်ကျင် မီးရောင်အောက်တွင် ဝိညာဉ်တစ်အုပ်သည် ဒူးထောက်ကာ အညံ့ခံနေကြသည်။

ထို့ပြင်သူတို့၏မျက်နှာတွင် ကြောက်ရွံ့ရိုသေမှုများ ရှိနေပြီး Host အတွက် အသက်ပေး၍ အလုပ်လုပ်ရန်ကတိသစ္စာဆိုနေကြသည်။

ပန်းချီဆရာကြီးများသည် ခဏအတွင်းမှာပင် ပုံကြမ်းကို ရေးဆွဲလိုက်ကြသည်။

[ဒီတစ်ခါတော့ Chibi ပုံစံမဟုတ်ဘူး၊ Host ရဲ့ အလန်းစားပုံရိပ်ကို စောင့်ကြည့်နေလိုက်]

Chibi ပုံစံဆိုလျှင် သူတို့၏စိတ်လှုပ်ရှားမှုကို ဖော်ပြရန် မလုံ လောက်သလို၊ ဤမြင်ကွင်း၏ ထူးခြားပြောင်မြောက်မှုကိုလည်း ဖော်ပြနိုင်မည် မဟုတ်ပါချေ။

[ဆရာကြီးရဲ့ ပန်းချီကားကို စောင့်နေမယ်နော်]

[Plus One]

[ငါ့ရဲ့ စိတ်ကူးယဉ် အစွမ်းတွေ နိုးထလာပြီ]

……

Live ကဏ္ဍမှ မှတ်ချက်များမှာလည်း အလျင်အမြန် တိုးပွားလာခဲ့တော့သည်။

ကားလမ်းမကြီးပေါ်တွင် ကျန်းလင်သည် ကတိစာချုပ် ချုပ်ဆိုပြီးနောက် ငရဲပြည်လမ်းကြောင်းကို ဖွင့်လှစ်ကာ ရှေ့ဆုံးမှ ဝင်သွား၏

သူ့နောက်တွင် ကားဆရာမှာ ယာဉ်မောင်းထိုင်ခုံ၌ ပြန်ထိုင်ကာ ခရီးသည် ဝိညာဉ်များလည်း မိမိတို့နေရာတွင် အသီးသီး ပြန်ထိုင်ကြရင်း ကျန်းလင်၏ နောက်မှ ငရဲပြည်သို့ လိုက်ပါသွားကြသည်။

Bus ကားပေါ်မှ ဝိညာဉ်များအဖို့မှာမူ ငရဲပြည်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် ကြောက်ရွံ့မှုနှင့်အတူ ထူးဆန်းမှုများကိုလည်း ခံစားနေရသည်။

ခရီးသည်များသည် ဝိညာဉ်တမန်တော်ကြီးအား အရှက်မရစေရန်အတွက် လက်ကိုပေါင်ပေါ်တွင် စနစ်တကျ တင်ထားကြသော်လည်း သူတို့၏ မျက်လုံးနှင့် နားများမှာမူကားအပြင်ဘက်မှ ထူးဆန်းသော မြင်ကွင်းများကို စိတ်ဝင်တစား လိုက်လံ ကြည့်ရှုနေကြတော့သည်။

'ငရဲပြည်ဆိုတာ ဒီလိုမျိုးကိုး'

'ဝိညာဉ်တွေနဲ့ ဝိညာဉ်တမန်တော်တွေ အများကြီးပဲ'

'တကယ်ပဲ နွားခေါင်း၊ မြင်းခေါင်း စစ်သည်တွေ ရှိတာပဲ'

'သွားပြီ... နည်းနည်းဗိုက်ထဲက မအီမသာ ဖြစ်လာသလိုပဲ၊ ရင်တွေ အရမ်းခုန်နေလို့လား မသိဘူး’

All Chapters