← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

🫧 Chapter 147

"တွေ့လိုက်လား၊ စောစောလေးတင် ခရီးသည်တင် ဘတ်စ် ကားအကြီးကြီးတစ်စီး ပြန်ဝင်လာတာလေ"

"တွေ့တာပေါ့၊ ငါ့ရဲ့ ပြိုင်ကားလေးကိုတောင် လွမ်းမိသွားတယ်။ နှမြောဖို့ကောင်းတာက အောက်ကို ယူလာလို့ မရခဲ့တာပဲ၊ မဟုတ်ရင် အဲဒါနဲ့ ဒရစ်ဖ် ဆွဲပြဦးမှာ"

ကျန်းလင် ကားကိုခေါ်ဆောင်လာပြီး ခဏအကြာမှာပင် သတင်းက ပျံ့နှံ့သွားတော့သည်။

သို့သော်လည်း ဤကိစ္စမှာ ဖုံးကွယ်ထားစရာ မလိုသည့်အရာပင်။

ဝိညာဉ်ဈေးအတွင်း၌ ဝိညာဉ်များသည် ဆိုင်ဖွင့်သူကဖွင့်၊ ဈေးရောင်းသူကရောင်းနှင့် ရှိနေကြသော်လည်း အချိန်အတော်များများမှာ အားယားနေကြတတ်သည်။

ထို့ကြောင့် နောက်ဆုံးပေါ် အတင်းအဖျင်း သတင်းတစ်ခုခု ထွက်လာပြီဆိုလျှင် ဤနေရာက အမြဲတမ်းအမြန်ဆုံး သိရှိသည့်နေရာ ဖြစ်နေတတ်သည်။

ကျန်းလင် ကိုယ်တိုင်လည်း သတင်းစုံစမ်းရန်အတွက် ဤနေရာသို့ မကြာခဏ လာရောက်လေ့ရှိသည်။

ယခုအချိန်တွင်လည်း ဝိညာဉ်အချို့သည် ဆိုင်ရှေ့တွင် ဝိုင်းထိုင်ရင်း နောက်ဆုံးရသတင်းများကို မျှဝေနေကြ၏။

သတင်းသယ်လာသည့် ဝိညာဉ်က မျက်လုံးလှန်ကြည့်ကာ

"တော်စမ်းပါကွာ၊ မင်းရဲ့ပြိုင်ကားသာ တကယ် ယူလာလို့ရခဲ့ရင်တောင် ဘာနဲ့မောင်းမှာလဲ ဝိညာဉ်စွမ်းအားနဲ့ မောင်းမှာလား"

"မရစရာ အကြောင်းရှိလို့လား ဒါပေမဲ့ ငရဲပြည်က ဝိညာဉ်အရှင်လတ်လတ်တွေကို ပစ္စည်းလုပ်ဖို့ အသုံးမပြုခိုင်းလို့လေ"

"မင်းပါးစပ်ကို နည်းနည်း စောင့်စည်းစမ်းပါ၊ မကြာသေးခင်က ဝိညာဉ်တမန်တော်တွေ အဲဒီကိစ္စနဲ့ အလုပ်ရှုပ်နေကြတယ်လို့ ငါ ကြားထားတယ်"

ဝိညာဉ်နှစ်ကောင်မှာ စကားပြောရင်း လမ်းမကြီးဘက်သို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

ထိုအခါ လမ်းမပေါ်တွင် ဝတ်စုံဆင်တူ ဝတ်ဆင်ထားသော ကင်းလှည့် ဝိညာဉ်တမန်တော် တစ်သိုက်ဖြတ်သန်းသွားနေသည်ကို တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့လိုက်ရတော့သည်။

"……"

ထို‌နောက်စကားဝိုင်းမှာ ထိုနေရာတွင်တင် ရပ်တန့်သွားတော့သည်။

ဘေးနားမှ ဝိညာဉ်တစ်ကောင်က မေးစေ့ကို လက်ဖြင့်ထောက်ကာ ရေရွတ်လိုက်၏။

"ငါကတော့ ကားတွေ ဘာတွေလည်း မလိုချင်ပါဘူး၊ အရသာရှိတဲ့ အစားအစာတွေလည်း မတမ်းတပါဘူး ဖုန်းလေးတစ်လုံးလောက်သာ ယူလာလို့ရရင် ဂိမ်းလေးပဲ ထိုင်ဆော့နေချင်တာ"

"ဖုန်းသာ လက်ထဲရှိရင် တစ်လောကလုံး ငါ့လက်ထဲမှာပဲ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် နေနိုင်တယ်"

"မင်းကိုယ်တိုင် ထုတ်လုပ်ပြီးရောင်းပါလား၊ ဟိုဘက်က စာပေရိပ်မြုံကို ကြည့်ဦး၊ နေရာတင် စာတွေရေးပြီး ဝိညာဉ်အများကြီးရဲ့ စိတ်ခွန်အားဖြစ်စေတဲ့ စာပေတွေ ထုတ်လုပ်နေတာပဲ မဟုတ်လား"

"အဲဒီ ဝတ္ထုရေးတဲ့ နေရာလား အခုတစ်လော စာရေးဆရာတစ်ယောက်ပျောက်သွားတယ်လို့ ငါ ကြားမိသလိုပဲ"

ဤစကားထွက်လာသည်နှင့် ဝိညာဉ်အားလုံး တိတ်ဆိတ်သွားကြပြန်သည်။

သူတို့စကားပြောရင်းပြောရင်းနှင့် ဤပြဿနာဆီသို့ ပြန်ရောက်ရောက်သွားတတ်သည်လေ။

"အလုပ်လုပ်ကြစို့၊ အလုပ်လုပ်ကြစို့"

"ငါလည်း ဈေးသွားရောင်းတော့မယ်၊ ပြီးခဲ့တဲ့ ဝိညာဉ်ပွဲ‌တော်တုန်းက ဝယ်ထားတဲ့ ပစ္စည်းတွေတောင် မရောင်းရသေးဘူး"

ထို့နောက်ဝိညာဉ်များသည် အသီးသီးထရပ်ကာ လူစုခွဲသွားကြတော့သည်။

ရှေ့ဘက်လမ်းမပေါ်တွင်မူ အသင်းခေါင်းဆောင် 'တစ်ဆယ့်သုံး' သည် ဝိညာဉ်တမန်တော် ၅ ဦးကို ဦးဆောင်ကာ ကင်းလှည့်နေ၏။

ပြီးခဲ့သည့်အကြိမ်က အခြေခံကျင့်ကြံရေးအခန်းတွင် 'ဝိညာဉ်ဗိုလ်ချုပ် အဖြစ် အဆင့်တက်လှမ်းနိုင်ခဲ့ပြီးနောက် သူသည် ကင်းလှည့်အဖွဲ့ငယ်၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ကင်းလှည့်အဖွဲ့သည် 'အမည်းရောင်နှင့်အဖြူရောင် ဝိညာဉ်တမန်တော်' အဖွဲ့များနှင့် မတူပါချေ။

ကင်းလှည့်အဖွဲ့၏အလုပ်မှာ ပုံမှန်အားဖြင့် အဖွဲ့ငယ်လေးများဖြင့် လုပ်ဆောင်ရခြင်း ဖြစ်သည်။

အသင်းကြီးခေါင်းဆောင်များ အောက်တွင် အဖွဲ့ငယ်ခေါင်းဆောင် အသီးသီးရှိကြသည်။

အမည်းရောင်နှင့် အဖြူရောင် ဝိညာဉ်တမန်တော်များမှာမူ တာဝန်များကို တစ်ဦးတည်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်သဖြင့် ပုံမှန်အားဖြင့် သူတို့အပေါ်တွင် အသင်းကြီးခေါင်းဆောင် တစ်ဦးသာ ရှိတတ်သည်။

"ဝိညာဉ်တမန်တော်မင်း……"

လမ်းဘေးမှ အမျိုးသမီးတစ်ဦးသည် ရှေ့သို့ တိုးလာ၏။

ထိုအချိန်တွင်တစ်ဆယ့်သုံးက လက်ကို မြှောက်လိုက်သဖြင့် တစ်ဖွဲ့လုံး ရပ်တန့်သွား၏။

"ဝိညာဉ်တမန်တော်တွေက ပျောက်ဆုံးနေတဲ့ ဝိညာဉ်စာရင်းကို ကောက်ယူနေတယ်လို့ ကြားလို့ပါ"

အမျိုးသမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးဖွဲ့ထား၏။

သူမသည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ နှစ်လှမ်းခန့် တိုးလာသော်လည်း အနီးကပ်သွားရန်တော့ မရဲပါချေ။

"ကျွန်မနဲ့ ခင်မင်တဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာ အတော်ကြာပါပြီ၊ ရှာပေးလို့ ရနိုင်မလားဟင်"

တစ်ဆယ့်သုံး၏ ဘေးမှ ဝိညာဉ်တမန်တော်သည် စာအုပ် ကလေးကိုထုတ်ယူကာ စတင် မှတ်တမ်းတင်တော့သည်။

ယမမင်းက အသင်းခေါင်းဆောင်များ အစည်းအဝေးခေါ်ယူပြီးကတည်းက သူတို့ ကင်းလှည့်အဖွဲ့၏အလုပ်မှာ ပြောင်းလဲမှုအချို့ ရှိလာခဲ့သည်။

ကင်းလှည့်သည့် အကြိမ်ရေကို တိုးမြှင့်လိုက်သည့်အပြင် ပျောက်ဆုံးနေသော ဝိညာဉ်များကိုလည်း စာရင်းပြုစုရသည်။

ဝိညာဉ်ဈေး၏ စီမံခန့်ခွဲမှုမှာ အခြားနေရာများနှင့်စာလျှင် သိပ်ပြီး မတင်းကျပ်ပါချေ။

ပြဿနာကြီးကြီးမားမား မရှိသရွေ့ ဝိညာဉ်တမန်တော်များမှာ ဝင်ရောက် စွက်ဖက်လေ့ မရှိကြပေ။

အကြောင်းမှာ ဤနေရာတွင် နေထိုင်ကြသူများသည် ဆိုးသွမ်းလွန်းသော ဝိညာဉ်ဆိုးများ မဟုတ်ကြသောကြောင့် ဖြစ်သည်။

တစ်ဆယ့်သုံးက မေးမြန်းလိုက်၏။

"သူ တကယ်ပျောက်သွားတာ သေချာလား တခြားနေရာကို သွားတာရော မဖြစ်နိုင်ဘူးလား"

အမျိုးသမီးက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သဖြင့် ဦးခေါင်းမှ ငွေရောင်ဆံထိုးလေးမှာ တုန်ခါသွား၏။

"မဖြစ်နိုင်ပါဘူး၊ သူသာ တခြားနေရာသွားမယ်ဆိုရင် ကျွန်မကို သေချာပေါက် ပြောမှာပါ"

"ကောင်းပြီ၊ မင်းသူငယ်ချင်းရဲ့ နာမည်၊ ရုပ်ရည်သွင်ပြင်၊ နေရပ်လိပ်စာနဲ့ အဲဒီရက်ပိုင်းက သူ ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြောပြပါ……"

"သူ့နာမည်က ပိုင်ဟယ်ပါ၊ ဒါ့အပြင်မျက်လုံးထောင့်မှာ အညိုရောင် အမှတ်လေး တစ်ခုရှိပါတယ်……"

တစ်ဆယ့်သုံးဘေးမှ ဝိညာဉ်တမန်တော်သည် အမျိုးသမီး ပြောသမျှကို အသေးစိတ် မှတ်သားလိုက်၏။

အမျိုးသမီး ထွက်ခွာသွားပြီးနောက် စာရင်းကောက်ယူသည့် ဝိညာဉ်တမန်တော်က မှတ်တမ်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီဝိညာဉ်တွေက ဘယ်လိုနည်းနဲ့ ခေါ်ဆောင်ခံလိုက်ရတာပါလိမ့်"

စုံစမ်းခြင်းမပြုမီက မသိခဲ့သော်လည်း ယခု စာရင်းကောက်ကြည့်သည့်အခါမှ ပျောက်ဆုံးနေသော ဝိညာဉ်အရေအတွက်မှာ မနည်းလှကြောင်း သိလိုက်ရသည်။

ဤသည်မှာ သူတို့အဖွဲ့ တစ်ဖွဲ့တည်း၏စာရင်းသာ ရှိသေးပြီး အခြားအဖွဲ့များတွင် မည်မျှရှိဦးမည်ကို မသိနိုင်ပါချေ။

ထို့အပြင် ဤသည်မှာ သိရှိပြီးသား စာရင်းသာဖြစ်သည်။

တစ်ကိုယ်တော် နေထိုင်သည့် ဝိညာဉ်များစွာ ရှိနေသေးရာ သူတို့ ပျောက်သွားလျှင်ပင် မည်သူမျှသတိထားမိလိမ့်မည် မဟုတ်ပေ။

ဝိညာဉ်များ၏ခံစားချက်မှာ ပုံမှန်အားဖြင့် အေးစက်လှသဖြင့် ဝိညာဉ်တစ်ကောင် ပျောက်သွားသည်ကို တွေ့လျှင်ပင် အသိပေးရန် ပျင်းရိနေတတ်ကြသည်။

"ကင်းလှည့်တာကို ပိုတိုးမြှင့်ရအောင်၊ အဲဒီ 'ပိုးကောင်' တွေရဲ့ ခြေရာလက်ရာကို ရှာတွေ့နိုင်မလား ကြည့်ရမယ်" တစ်ဆယ့်သုံးက အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့"

ကင်းလှည့်အဖွဲ့သည် ရှေ့သို့ ဆက်လက် ထွက်ခွာသွားပြီး လမ်းကြားတိုင်းသို့ ဝင်ရောက် စစ်ဆေးကြတော့သည်။

အဘယ့်ကြောင့်ဟုဆိုလျှင်ခိုးဝင်လာသည့် ထို 'ပိုးကောင်' များမှာ ဤထောင့်ချိုးများရှိ အိမ်အိုများထဲတွင် ပုန်းအောင်းနေနိုင်သောကြောင့် ဖြစ်သည်။

……

"ဒီနေ့အတွက် Live ကို ဒီမှာတင် ရပ်နားပါတော့မယ်"

ဤဘက်တွင်မူ ကျန်းလင်သည် နာရေးကားကို ခေါ်ဆောင်ကာ နန်းဆောင် ၁၈ ၏…… တံခါးဝသို့ ရောက်ရှိနေပြီဖြစ် သည်။

သို့သော် ကားကကြီးလွန်းသဖြင့် အထဲသို့ ယူသွားပါက နေရာအတော်ယူပေလိမ့်မည်။

ကားကြုံလိုက်လာသည့် ဝိညာဉ်ကိုမူ ငရဲပြည်၏သက်ဆိုင် ရာ ဌာနထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။

Live ၏ Comment များမှာ အလျင်အမြန် ပျံသန်းသွားကြ၏

[Host ရေ... Good Night ပါ]

[အိပ်ပြီ အိပ်ပြီ]

[……]

Live ပိတ်ပြီးနောက် ကျန်းလင်မှာ နားမနေတော့ဘဲ နောက် ဆက်တွဲ အလုပ်များကို ဆက်လက်ဆောင်ရွက်လိုက်သည်။

ထို့နောက်ကားပေါ်မှ ဝိညာဉ်များကို နောက်ပိုင်း အလုပ်အစီ အစဉ်များအကြောင်း ရှင်းပြပြီးနောက် သူသည် ကားကို တစ်ပတ်ပတ်ကြည့်လိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် ကားဝိညာဥ်၏ ခံစစ်စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။

သူ့အလုပ်များကို ကူညီပေးရမည့်သူများဖြစ်သဖြင့် ၎င်းတို့၏အသက်ရှင်နှုန်းကို မြှင့်တင်ပေးထားခြင်းမှာ သူ့အတွက်လည်း အကျိုးရှိသည်။

ထူးခြားသည်မှာ...

သူက ကားဝိညာဉ်ကို အဆင့်မြှင့်တင် ပေးနေသည့်အချိန်၌ ထိုကားဆရာ (ဝိညာဉ်ကားဆရာ) ၏ မျက်နှာအမူအရာမှာ အလွန်ထူးဆန်းနေခြင်း ဖြစ်သည်။

ထိုကားဆရာ၏ပြောပြချက်အရ သူသည် ဤကားနှင့် တစ်သားတည်းဖြစ်နေပြီဟု ဆိုသည်။

ထို့ကြောင့် ကျန်းလင်က အဆင့်မြှင့်တင်ပေးနေချိန်တွင် ကားဆရာ၏မျက်လုံးများမှာ ဝေဝါးနေပြီး အလွန်ပင် ခံရခက်နေသလိုလို၊ သက်သောင့်သက်သာဖြစ်နေသလိုလို ပုံစံမျိုးဖြစ်နေ၏။

ထို့ပြင် ပါးစပ်မှလည်း အသံအချို့ ညည်းတွားနေသေးသည်။

ကျန်းလင် : "……"

'ငါ... ထူးဆန်းတဲ့ အရာတစ်ခုခုများ လုပ်မိနေလို့လား'

'ဒီကားဆရာမှာ ထူးဆန်းတဲ့ ဝါသနာရှိနေတာလား၊ ဒါမှမဟုတ် အဆင့်မြှင့်တင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝတုံ့ပြန်မှုပဲလား'

ကျန်းလင်ကိုယ်တိုင်လည်း ဤကဲ့သို့ ပစ္စည်းမျိုးကို အဆင့်မြှင့်တင်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အသေ အချာ မသိပါချေ။

သူ လက်ကို ရုပ်သိမ်းလိုက်သည့် အခါမှသာ ကားဆရာမှာ ထိုအခြေအနေမှ ရုန်းထွက်နိုင်တော့သည်။

"……"

ထိုစဉ် ကားပေါ်မှ ခရီးသည် ဝိညာဉ်များ၏ ထူးဆန်းသော အကြည့်များကို မြင်လိုက်ရသည့်အခါ ကားဆရာမှာ စောစောက မိမိ၏တုံ့ပြန်မှုများကို ပြန်လည် စဉ်းစားမိပြီး မျက်နှာကိုလက်ဖြင့် အသာအုပ်လိုက်မိသည်။

ကျန်းလင်၏ မျက်နှာကိုပင် ပြန်မကြည့်ရဲတော့ပါချေ။

"ကျေးဇူးတင်ပါတယ် သခင်ကြီး"

သူ ခေါင်းငုံ့ကာ မြေပြင်ကိုသာကြည့်ရင်း အရှက်တကွဲဖြင့် ပြောလိုက်၏။

ကံကောင်းသည်မှာ ဝိညာဉ်တမန်တော်မင်းက ဘာမှဝင်မပြောဘဲ ဂရုမစိုက်သလို နေပေးခြင်းပင်။

ကားဆရာမှာ ထိုအခါမှသာ သက်ပြင်းချနိုင်တော့၏။

……

"မြောင်"

နောက်တစ်နေ့တွင် အဖွဲ့ ၁၈ မှ အဖွဲ့ဝင်များ ရောက်ရှိလာသည့်အခါ တံခါးဝတွင်ရပ်ထားသော ခရီးသည်တင်ကားကြီးကို တွေ့လိုက်ရသဖြင့် အားလုံးက စပ်စုလိုသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

ကြောင်လေး 'ယိုယို'သည် ချီယောင်ယောင်၏ပုခုံးပေါ်မှ ခုန်ဆင်းကာ ကားထဲသို့ အကဲခတ်ကြည့်၏။

သူသည် ခေါင်းကို ကားတံခါးဝမှနေ၍ ဟိုကြည့်သည်ကြည့် လုပ်နေသည်။

တားဆီးမည့်သူ မရှိသည်ကို တွေ့သောအခါ ကားထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားတော့သည်။

လမ်းလျှောက်နေစဉ်တွင်လည်း ထိုဝိညာဉ်များက ရုတ်တ ရက် တိုက်ခိုက်လာမည်ကို သတိထားနေသေး၏။

ကားပေါ်မှ ဝိညာဉ်များကလည်း ကားထဲသို့ ဝင်လာသော ကြောင်လေးကို ပြန်လည် အကဲခတ်နေကြသည်။

ခရီးသည်များထဲတွင် ကြောင်ချစ်တတ်သူများပါသော် လည်း သူတို့မှာ ယခုမှရောက်ကာစ ဖြစ်သဖြင့် ဤကြောင်၏ နောက်ခံကို မသိရသေးရာ လက်လွတ်စပယ်မလုပ်ရဲကြပါချေ။

သူတို့၏ကိစ္စများကြောင့် ဝိညာဉ်တမန်တော်မင်းအား ဒုက္ခမပေးချင်ကြပေ။

ထို့ကြောင့် ခဏအကြာတွင် ကြောင်တစ်ကောင်နှင့် ဝိညာဉ်တစ်စီးမှာ တစ်ဖက်နှင့်တစ်ဖက် မျက်လုံးချင်းဆုံကာ အပြန် အလှန်အကဲခတ်နေကြတော့သည်။

🫧 Chapter 148

ကားအတွင်း၌ ကြောင်တစ်ကောင်နှင့် ကားဝိညာဉ်မှာ တစ်ဖက်နှင့်တစ်ဖက် မျက်လုံးချင်းဆုံနေကြသည်။

ကားအပြင်ဘက်၌မူ...

ချီယောင်ယောင်သည် 'ယိုယို' ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှဝင်မပြောပါချေ။

သူမသည် နန်းဆောင်အတွင်းသို့ လှည့်ဝင်သွားပြီး မနေ့က စုဆောင်းထားသော အချက်အလက်များကို အဖွဲ့ခေါင်း ဆောင်ထံ အပ်နှံလိုက်သည်။

ဤကားသည် တံခါးဝတွင် ရပ်ထားနိုင်သည်ဆိုမှတော့ ပြဿနာကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ကြောင်း သူမ ခန့်မှန်းမိသည်။

ချီယောင်ယောင် အထဲသို့ဝင်သွားသည့်အချိန်တွင် အခြားသော အစမ်းခန့် ဝိညာဉ်တမန်တော်များမှာလည်း စုဆောင်းရရှိထားသည့် အချက်အလက်များကို ကျန်းလင်ထံတင်ပြနေကြသည်။

အဖွဲ့ဝင်များ တဖြည်းဖြည်း စုံလင်လာသည်နှင့်အမျှ ကျန်းလင်၏စားပွဲပေါ်တွင် စာရွက်စာတမ်းများမှာ တောင်ပုံရာပုံ ဖြစ်လာတော့သည်။

ထိုအခါကျန်းလင်၏ ခန္ဓာကိုယ်မှ ဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်လာကာ ထိုစာရွက်စာတမ်းပုံကြီးမှာ ချက်ချင်းပင် လေထဲသို့ မြောက်တက်သွားပြီး တစ်ခုချင်းစီ စနစ်တကျ စီတန်းသွားကြသည်။

၎င်းတို့မှာ ကျန်းလင်၏စစ်ဆေးမှုနှင့် စီစဉ်ညွှန်ကြားမှုများကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

တာဝန်စင်တာက ရှာဖွေတွေ့ရှိထားပြီးသား ဝိညာဉ်အချက် အလက်များနှင့် ထပ်နေသည်များကို ကျန်းလင် သီးသန့်ဖယ်ထုတ်လိုက်သည်။

ကျန်ရှိနေသည်များကိုမူ လူ့လောကအပေါ် သက်ရောက်မှုရှိနိုင်သည့် အတိမ်အနက်အလိုက် အပိုင်း ၁၆ ပိုင်း ခွဲခြားလိုက်၏။

သက်ရောက်မှု ပြင်းထန်နိုင်သည့် အပိုင်းများကိုမူ သူကိုယ် တိုင်ကိုင်တွယ်ရန် ချန်ထားလိုက်ပြီး ကျန်ရှိသည်များကို အဖွဲ့ဝင်များ၏စွမ်းဆောင်ရည်အလိုက် ခွဲဝေပေးရန် ပြင်ဆင်လိုက်သည်။

၎င်းတို့အထဲတွင် အမြဲတမ်းဝိညာဉ်တမန်တော် ၂၀ ဦး ရှိသော် လည်း ၅ ဦးမှာ အစမ်းခန့်ကာလမှ အတည်ပြုခန့်အပ်ခံရခါစ ဝိညာဉ်တမန်တော်သစ်များဖြစ်ကြသည်။

သူ့ လိုအပ်ချက်အရ ထိုသူများသည် မကြာမီကာလအတွင်း ဝါရင့်စီနီယာများနှင့်အတူ အဖွဲ့ဖွဲ့၍လုပ်ဆောင်ကြရမည် ဖြစ်သည်။

……

အဖွဲ့ဝင်များ အားလုံးစုံလင်သွားပြီးနောက် ကျန်းလင်က အလုပ်များကို တစ်ခုချင်းစီ ခွဲဝေပေးလိုက်သည်။

ထို့နောက် bus ကား၏တည်ရှိမှုကိုလည်း မိတ်ဆက်ပေးလိုက်၏။

"ဒါက ငါအသစ်သိမ်းသွင်းထားတဲ့ ဝိညာဉ်တမန်တော်တွေပဲ၊ နောက်ပိုင်း သူတို့က လူ့လောကမှာပဲ အချိန်အများစုရှိနေကြမှာမို့လို့ မင်းတို့လည်း ရင်းနှီးအောင်လုပ်ထားကြ"

ပြောရင်းနှင့် သူ နျဲ့ကျိုကို ကြည့်ကာ‌ပြောလိုက်သည်။

"နျဲ့ကျို... ငါတော့ သူတို့ကို မင်းနဲ့အဖွဲ့ဖွဲ့ပေးဖို့ စီစဉ်ထားတယ်"

"ဟမ်"

ရုတ်တရက် အမည်အညွှန်းခံလိုက်ရသဖြင့် နျဲ့ကျိုမှာ ကြောင်သွားတော့သည်။

အခြားအဖွဲ့ဝင်များကလည်း လှည့်ကြည့်လာကြ၏။

ဤရက်ပိုင်းအတွင်း အလုပ်လုပ်ရင်း နျဲ့ကျို၏ 'လမ်းပျောက်တတ်သည့် ဗီဇ' ကို အားလုံးက အနည်းနှင့်အများ သိရှိထားကြပြီးသားဖြစ်သည်။

သို့သော်လည်း... အလုပ်ထွက်လုပ်သည့်အခါ ကိုယ်ပိုင်ကားဖြင့် သွားလာရမည်ဆိုသည့်အချက်ကို တွေးကြည့်ရုံနှင့်ပင် အတော်လေးလန်းနေမည် မဟုတ်ပါလော။

နျဲ့ကျိုကိုယ်တိုင်လည်း အတော်လေး မိုက်သည်ဟု ထင်မိသော်လည်း "အဖွဲ့ခေါင်းဆောင်... ကျွန်တော်က တစ်ယောက် တည်းလုပ်ရတာ ကျင့်သားရနေပြီ၊ ပြီးတော့..."

သူ ခေါင်းကို ကုတ်လိုက်ရင်း "ပြီးတော့ ကျွန်တော့်နောက် လိုက်ရတာက အရမ်းအန္တရာယ်များတယ်"

သူသည် စစ်သူကြီးအထွတ်အထိပ်အဆင့်ဖြစ်သဖြင့် ကိုယ် ပိုင်ဝိညာဉ်တမန်တော်များကို သိမ်းသွင်းနိုင်စွမ်း ရှိသည်။

သူ၏လမ်းပျောက်တတ်သည့် ပြဿနာအတွက် နည်းလမ်းမျိုးစုံရှာဖွေဖူးသလို ငရဲခွေးများကိုပင် ရှာဖွေအကူအညီ တောင်းဖူးသည်။

သို့သော် သူ့စွမ်းအားနှင့် အလုပ်လုပ်ပုံအရ အစွမ်းထက်သော ဝိညာဉ်ဆိုးများနှင့် ထိပ်တိုက်တွေ့ရန် သေချာသလောက် ရှိနေသည်။

ထို့ကြောင့် သူ့ လမ်းပြဝိညာဉ်များမှာ သေဆုံးနှုန်း အလွန်မြင့်မားလှသည်။

ဤအချက်ကို သိရှိပြီးနောက်ပိုင်း သူသည် သီးသန့်လမ်းပြများကို မရှာတော့ခြင်းဖြစ်သည်။

ဤအချက်ကို ကျန်းလင်ကလည်း ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။

"အဲဒါကို စိတ်ပူစရာမလိုပါဘူး၊ ဒီကားရဲ့ ခံစစ်နဲ့ အရှိန်က အတော်လေး ကောင်းမွန်ပါတယ် မင်းတို့ အရင်စမ်းကြည့်ကြပေါ့"

ယနေ့ အစီရင်ခံချိန်တွင်လည်း နျဲ့ကျိုမှာ နောက်ဆုံးမှ ရောက်လာသူ ဖြစ်သည်။

အဖွဲ့ဝင်များထဲတွင် အဆင့်အမြင့်ဆုံး ဝိညာဉ်တမန်တော် ဖြစ်သဖြင့် ကျန်းလင် ခွဲဝေပေးသော တာဝန်များမှာလည်း အရေးကြီးသည့် တာဝန်များဖြစ်သည်။

အကယ်၍ လမ်းပျောက်သည့် ပြဿနာကိုဖြေရှင်းနိုင်ခဲ့လျှင် လုပ်ငန်းစွမ်းဆောင်ရည်မှာ ပိုမိုတိုးတက်လာပေလိမ့်မည်။

အမှန်စင်စစ် bus ကားအတွက် ကျန်းလင်က တာဝန်နှစ်ခု ပေးအပ်ထားခြင်းဖြစ်သည်။

နျဲ့ကျိုအား လမ်းပြပေးရန်အပြင် နယ်မြေ ၁၈ အတွင်း လှည့်လည်သွားလာနေစဉ် နောက်ထပ် ကိစ္စတစ်ခုကိုလည်း သတိထားစောင့်ကြည့်ရန်ဖြစ်သည်။

အဖွဲ့ဝင်များ မရောက်လာမီက ကျန်းလင်သည် ၎င်းကားအား 'အသက်ဝင် ဝိညာဉ်လက်နက်' တစ်ခုပေးအပ်ထားခဲ့သည်။

၎င်းမှာ ဝိညာဉ်တစ်ကောင်၏လက်ထဲမှ ရရှိခဲ့ခြင်းဖြစ်ပြီး 'ဝိညာဉ်ဆိုင်ရှင်' ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

၎င်း၏အစွမ်းမှာ ကျန်းလင် လက်ထဲရှိ ဝိညာဉ်နယ်ပယ်စက်လုံးနှင့် ဆင်တူသည်။

Bus ကားအနေဖြင့် ဝိညာဉ်ဆိုင်ရှင်နှင့် ထိပ်တိုက်တွေ့ရန် မလိုအပ်ဘဲ ထိုလက်နက်မှတုံ့ပြန်မှုရှိသည့် နေရာများကိုသာ မှတ်သားထားပြီး သူ့ထံ အစီရင်ခံရန်ဖြစ်သည်။

ကျန်သည့်ကိစ္စများတွင်မူ ၎င်း၏မူလစရိုက်အတိုင်း 'လမ်းသွားလမ်းလာ' ဝိညာဉ်များကို တင်ဆောင်ခြင်း စသည်တို့ကို ကျန်းလင်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် အသင်းခေါင်းဆောင်"

နျဲ့ကျိုသည် တံခါးဝရှိ ခရီးသည်တင်ကားကြီးကို ကြည့်ကာ လက်သီးဆုပ်နှုတ်ဆက်လိုက်သည်။

အသင်းခေါင်းဆောင်က သူ့အတွက် ဤမျှအထိ စဉ်းစားပေးထားသဖြင့် သူ ပိုမိုကြိုးစားရပေဦးမည်။

……

အစည်းအဝေး ပြီးဆုံးသွားပြီးနောက် အဖွဲ့ဝင်များသည် နန်းဆောင် ၁၈ အတွင်းမှ ထွက်လာကြသည်။

ယနေ့မှစ၍ ဝိညာဉ်များကို လမ်းညွှန်ခေါ်ဆောင်ရုံသာမက အဖွဲ့ခေါင်းဆောင် ပေးအပ်ထားသော ဝိညာဉ်ပြဿနာများကိုပါ ဖြေရှင်းကြရမည် ဖြစ်သည်။

သို့သော်လည်း ထိုသို့ မထွက်ခွာမီ...

ဝိညာဉ်တမန်တော် အတော်များများမှာ ကားအနားသို့ လာရောက်ကာ ဟိုကြည့်သည်ကြည့်လုပ်နေကြသည်။

အချို့ကလည်း ကားကိုယ်ထည်ကို ပုတ်ကြည့်ရင်း "ခံစစ်ကတော့ တကယ်မဆိုးဘူးပဲ"

"နျဲ့ကျို... မင်းကတော့ တကယ်ကို ဇိမ်ကျနေပြီပဲ"

"ငါကရော ဘာလို့ လမ်းမပျောက်ရတာပါလိမ့်"

အဖွဲ့ဝင်အချို့က စနောက်နေကြသော်လည်း မည်သူမျှ တကယ်တမ်း မနာလိုဖြစ်မနေကြပါချေ။

အမည်းရောင်နှင့် အဖြူရောင် ဝိညာဉ်တမန်တော်များမှာ ပုံမှန်အားဖြင့် တာဝန်များကို တစ်ဦးတည်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိကြသဖြင့် သွားလာရေးယာဉ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထူးခြားမှု မရှိလှပေ။

"တက်ထိုင်ကြည့်ကြမလား"

နျဲ့ကျိုလည်း ဘေးမှ လိုက်ကြည့်နေသည်။

အဖွဲ့ခေါင်းဆောင်ကပင် ခံစစ်ကောင်းသည်ဟု ဆိုထားလျှင် အတော်လေး ခိုင်မာပေလိမ့်မည်။

ထို့ကြောင့် လွယ်လွယ်နှင့် ပျက်စီးသွားမည် မဟုတ်ပါချေ။

'ဖတ် ဖတ်'

ရုတ်တရက်ကားကိုယ်ထည်ကို ပုတ်လိုက်သည့်အသံ ထွက်ပေါ်လာကာ ကားပေါ်မှ ဝိညာဉ်တစ်အုပ်လုံးမှာလည်း ထိုအသံနှင့်အတူ တုန်တက်သွားကြတော့သည်။

"……"

သူတို့သည် ကားအပြင်ဘက်မှ ဝိုင်းကြည့်နေသော ဝိညာဉ်တမန်တော်အုပ်စုကြီးကို ကြည့်ကာ ဘာဖြစ်နေမှန်း မသိဘဲ ကြောင်နေကြသည်။

တစ်ဦးချင်းစီမှာ မိမိတို့နေရာတွင် ကျုံ့ကျုံ့လေးထိုင်နေကြပြီး အသက်ပင်ဝဝမရှူရဲကြပါချေ။

လိုင်စင်မဲ့ မောင်းနှင်စဉ်က စိတ်ဒဏ်ရာမှာ ယခုထက်တိုင် မပျောက်ကွယ်သေးရာ ရုတ်တရက် ဝိညာဉ်တမန်တော် အများအပြား၏ဝိုင်းဝန်းခြင်းကို ခံလိုက်ရသည့်အခါ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

'အားလုံးက ဝိညာဉ်တမန်တော်မင်းတွေချည်းပဲ'

'တကယ်ကို ကြောက်စရာကောင်းလိုက်တာ'

'အချိန်မရွေး ဖမ်းဆီးခေါ်ဆောင်သွားခံရတော့မလို ခံစားနေရတယ်'

……

"နောက်မှပဲ တက်ကြည့်တော့မယ်၊ ဒီနေ့ အလုပ်တွေက မနည်းဘူး"

"ဒီရက်ပိုင်း အလုပ်တွေ နည်းနည်းပါးသွားမှ အတူတူ လျှောက်လည်ကြတာပေါ့"

ကံကောင်းထောက်မစွာဖြင့် အဖွဲ့ဝင်များသည် ခေတ္တမျှ ကြည့်ရှုပြီးနောက် မိမိတို့အလုပ်များသို့ အသီးသီး ထွက်ခွာသွားကြသည်။

အကြောင်းမှာ ယခုတစ်ခေါက် တာဝန်ပမာဏမှာ မနည်းလှသောကြောင့် ဖြစ်သည်။

"ကောင်းပါပြီ"

နျဲ့ကျိုကလည်း စကားအများကြီး မပြောတော့ဘဲ ကားပေါ်သို့ တက်လာခဲ့သည်။

ထို့နောက် ကားပေါ်မှ ဝိညာဉ်များကို နှုတ်ဆက်လိုက်၏။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က လူကြီးမင်းတို့နဲ့ အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်ရမယ့် နျဲ့ကျိုပါ"

"အလုပ်လုပ်တဲ့အခါ ခင်ဗျားတို့က ကျွန်တော့်ကို လမ်းပြပေးရုံပါပဲ၊ အန္တရာယ်နဲ့ တွေ့ရင်တော့ အတတ်နိုင်ဆုံးအမြန်ပြေးကြပါ ကျန်ရစ်နေခဲ့ရင် မင်းတို့ပဲ အလကားနေရင်း စတေးခံ ဖြစ်သွားလိမ့်မယ်၊ အဲဒါကို လုပ်နိုင်ကြမယ်မလား"

"ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်နိုင်ပါတယ်"

Bus ကားပေါ်မှ ဝိညာဉ်အားလုံးမှာ နျဲ့ကျိုကို ကြည့်ကာ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

ဤအချက်ကို သူတို့ နားလည်ပါသည်။

မယှဉ်နိုင်ရင် အရင်ပြေးရမည်။

လူ့လောကတွင် ဆယ်စုနှစ်တစ်ခုကြာ လှည့်လည်ခဲ့စဉ်ကတည်းက ထွက်ပြေးသည့်ကိစ္စတွင် သူတို့ အတော်လေး ကျွမ်းကျင်ကြပါသည်။

……

နန်းဆောင် ၁၈ အတွင်း၌ အဖွဲ့ဝင်များ အတော်များများ ထွက်ခွာသွားကြပြီ ဖြစ်သည်။

သို့သော်လည်း မထွက်ခွာသေးသော ဝိညာဉ်တမန်တော်များ ရှိနေသေး၏။

ကျန်းလင်သည် ကျန်ရှိနေသော အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ဖူကျားနှင့်ကျိယင်တို့ကို ကြည့်လိုက်သည်။

"နောက်ထပ် ဘာကိစ္စရှိသေးလို့လဲ ဒါမှမဟုတ် ဝိညာဉ်တာဝန် ခွဲဝေမှုအပေါ်မှာ သံသယရှိလို့လား"

ကျိယင်က စကားမပြောဘဲ အဘွားအိုဖူကျားကို လှမ်းကြည့်လိုက်သည်။

ကျန်နေရစ်ခြင်းမှာ အဘွားအို၏ဆန္ဒဖြစ်ကြောင်း သိသာလှသည်။

ဖူကျားသည် လက်ထဲမှတောင်ဝှေးကို ထောက်ထားရင်း အိုမင်းရင့်ရော်လှသောအသံဖြင့် ပြောလိုက်၏။

"အသင်းခေါင်းဆောင် ကျွန်မ ပိုပြီးခက်ခဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်"

သူမက တောင်ဝှေးဖြင့် မြေပြင်ကိုတစ်ချက် ပုတ်လိုက်သည့်အခါ ပြင်းထန်လှသော ဝိညာဉ်အရှိန်အဝါများ ချက်ချင်း ထွက်ပေါ်လာပြီး တောင်ဝှေးတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။

ဤစွမ်းအားမှာ သူမ၏လက်ရှိအဆင့်ဖြစ်သော 'တစ္ဆေစစ်သူကြီး အလယ်အလတ်အဆင့်' ထက် လုံးဝ သာလွန်နေသည်။

ယခင် အမှတ် ၁၆ အဖွဲ့ အသင်းခေါင်းဆောင်ဟောင်း သူမထံ ချန်ထားခဲ့သော စွမ်းအားများကိုအသုံးချရန် အချိန်ကျရောက်လာပြီဖြစ်သည်။

……

ကျန်းလင်သည် သူမ၏အချက်အလက်များကို မှတ်မိလိုက်သည်။

ဖူကျဲသည် အစပိုင်းတွင် အဖွဲ့ ၁၆ ၌ ရှိခဲ့သူ ဖြစ်သည်။

အဖွဲ့ ၁၆ခေါင်းဆောင် ပြဿနာတက်ပြီးနောက်မှသာ အခြားအဖွဲ့များသို့ ပြောင်းရွှေ့ခံခဲ့ရပြီး ယခုအခါ သူ့အဖွဲ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခင်က ဖူကျား ဘာမှမပြောခဲ့သဖြင့် သူလည်း ဝင်မမေးခဲ့ပါချေ။

သို့သော် ယခုအခါ သူမက ကူညီလိုစိတ်ရှိနေသဖြင့် ကျန်းလင်လည်း ငြင်းပယ်မည် မဟုတ်ပေ။

"ရပါတယ်၊ နောက်တစ်ခါကျရင် တခြားတာဝန်တွေကို ခွဲဝေပေးပါ့မယ်၊ ဒါပေမဲ့ ကျိယင်ကတော့..."

အကယ်၍ ဖူကျဲက ခက်ခဲသော အလုပ်များကို လုပ်ဆောင်မည်ဆိုလျှင် ကျိယင်က သူမအနား၌ဆက်ရှိနေပါက အန္တရာယ်ရှိနိုင်ပေသည်။

"ဒီကလေးကို ကျွန်မပဲ ခေါ်သွားပါ့မယ်"

ဖူကျား ပြုံးလိုက်ရာ သူမ မျက်နှာပေါ်မှ အရေးအကြောင်းများမှာ အိုမင်းခြင်း၏အမှတ်အသားများအဖြစ် ထပ်ဆင့်သွားတော့သည်။

"ကျွန်မ သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးပါ့မယ်"

ကျိယင်သည် အဖွဲ့ခေါင်းဆောင်ကို တစ်ချက်ကြည့်၊ အဘွားအိုဖူကျားကို တစ်ချက်ကြည့်ရင်းနှင့် ငြိမ်သက်စွာ နားထောင်နေရုံသာ တတ်နိုင်တော့သည်။

ထိုအခြေအနေကို မြင်သော် ကျန်းလင်လည်း ထပ်မပြောတော့ပါချေ။

ဖူကျားသည် ဤလူငယ်လေး ကျိယင်အပေါ် အတော်လေး သဘောကျနေပုံရသည် မဟုတ်ပါလော။

……

အဖွဲ့ဝင်နှစ်ဦး ထွက်ခွာသွားပြီးနောက် ကျန်းလင်လည်း ကိုယ်လက်လှုပ်ရှားကာ နန်းဆောင်အပြင်သို့ထွက်လာခဲ့ပြီး အလုပ် သစ်များကို စတင်တော့သည်။

ခဏအကြာ နန်းဆောင် ၁၈ ၏ကျယ်ပြောလှသော ခန်းမအတွင်း ဝိညာဉ်တမန်တော်များ မရှိတော့သည့်အချိန်တွင် သန့်ရှင်းရေးဝိညာဉ်လေးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြပြီး သူတို့၏စားသောက်ပွဲကြီးကို စတင်ကြတော့သည်။

All Chapters