← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

🫧 Chapter 149

"ထမင်းစားရအောင်၊ ထမင်းစားရအောင်..."

ညနေ ၆ နာရီ ရှိနေပြီဖြစ်ကာ ၂၂ ထပ်၊ ညာဘက်အကွေ့က ပထမဆုံး အခန်းတံခါး ပွင့်လာပြီး အသက် ၂၀ ကျော် အရွယ် မိန်းကလေးတစ်ဦး ထွက်လာသည်။

သူမ၏ ဆံပင်များကို ကမန်းကတန်းပင် စည်းနှောင်ထားပြီး အိပ်ရာဝင်ဝတ်စုံပေါ်၌ အပေါ်ထပ် အင်္ကျီရှည်တစ်ထည် ထပ်ဝတ်ကာ ဖိနပ်ပါးဖြင့် အပြင်သို့ထွက်လာခြင်း ဖြစ်သည်။

မျက်နှာပေါ်ရှိ အသားအရေမှာလည်း မကျန်းမာလှဘဲ ညိုမည်းနေသော မျက်ကွင်းညိုကြီးနှစ်ခုကို အထင်းသား မြင်နေရသည်။

ထိုအရာက သူမ ကောင်းကောင်းမအိပ်ရသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ကြောင်း သိသာလှ၏။

"လူသတ်မှု... လူသတ်မှု ကျူးလွန်ပုံကို ဘယ်လိုဒီဇိုင်းဆွဲရမလဲ..."

မိန်းကလေးသည် ဓာတ်လှေကားရှေ့တွင် ရပ်စောင့်ရင်း အလုပ်ကိစ္စကိုသာ အာရုံစိုက်ကာ တွေးတောနေမိသည်။

ယခု အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော 《ထိတ်လန့်ချောက်ချားဖွယ်ရာ》မန်ဂ၏စာရေးဆရာမှာ ဤမိန်းကလေးဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။

၎င်းမန်ဂ ဖတ်ရှုသူများကမူ စာရေးဆရာမှာ သန်မာထွားကြိုင်းသည့် အမျိုးသားကြီးတစ်ဦးဖြစ်လိမ့်မည်ဟုပင် တစ်ထစ်ချ မှတ်ယူထားကြသည်။

အကြောင်းမှာ ထိုမန်ဂမှာ အလွန်ထိတ်လန့်စရာကောင်းလှပြီး ဖတ်ပြီးလျှင် အိမ်မက်ဆိုး မမက်သူမရှိသလောက်ပင်။

မိမိကိုယ်ကိုယ် သတ္တိကောင်းလှသည်ဟု ဆိုသူများပင် ဖတ်ပြီးလျှင် ကြောက်ရွံ့သွားတတ်ကြသည်။

ထို့ကြောင့် သန်မာသော အမျိုးသားကြီးတစ်ဦးမှသာ စိတ်ကို တည်ငြိမ်စွာထားပြီး ဤကဲ့သို့ လက်ရာမျိုးကို ဖန်တီးနိုင်မည်ဟု ထင်နေကြခြင်းဖြစ်သည်။

သို့သော်လည်း ကြောက်စရာကောင်းသလောက် ဇာတ်လမ်းမှာလည်း အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

အိမ်မက်ဆိုး မက်နေသည့် အချိန်၌ပင်နောက်ထပ် ဇာတ် လမ်းပိုင်းများကို ဆက်လက်မှန်းဆနေမိသည်အထိ ဆွဲဆောင်မှု ရှိလှသည်။

ထို့ကြောင့် အဆိုပါ မန်ဂပရိတိသတ်များမှာ စာရေးဆရာအား 'ဓားဖြင့် အထိုးခံရဖို့ ထိုက်တန်သူ' ဟုပင် စနောက်ကာ ပြောဆိုနေကြတော့သည်။

အကြောင်းမှာ ဇာတ်လမ်းက ဖတ်ရှုသူများကို အလွန်ပင် နှိပ်စက်လွန်းသောကြောင့် ဖြစ်၏။

'တိန်'

ဓာတ်လှေကား ရောက်လာသောကြောင့် မိန်းကလေးအထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်၌ ကြောင်အသွားတော့သည်။

ပုံမှန်အားဖြင့် ဓာတ်လှေကားအတွင်းပိုင်းသည် မှန်ချပ်များဖြင့် ပြောင်ချောနေရမည် ဖြစ်သော်လည်း ယခုမြင်တွေ့နေရသည်မှာမူ အခြားကမ္ဘာတစ်ခုသို့ သွားရာတံခါးပေါက်ကြီးကဲ့သို့ ဖြစ်နေသည်။

ရှေးဟောင်းပုံစံ ဆိုင်ခန်းလေးတစ်ခုကို သူမ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သူမသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ပတ်ဝန်း ကျင်ကို တစ်ချက်ကြည့်ပြီး ရှေ့မှ ဓာတ်လှေကားကို ပြန်ကြည့်လိုက်သည်။

"ငါ... တခြားကမ္ဘာကို ကူးသွားတော့မှာလား"

ထိုအခါမှသာ သူမသည် ပတ်ဝန်းကျင်တစ်ခုလုံး ပုံမှန်ထက် ပိုတိတ်ဆိတ်နေသည်ကို သတိထားမိတော့သည်။

ထမင်းစားချိန် ဖြစ်သော်လည်း တစ်တိုက်လုံးတွင် သူမ တစ်ဦးတည်းသာ ရှိနေသည့်အယောင် ခံစားနေရသည်။

"မင်္ဂလာပါ၊ တစ်ခုခု ဝယ်ချင်လို့လား"

ရှေးဟောင်းပုံစံ ဆိုင်ခန်းလေးအတွင်းမှ မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက မေးလိုက်သည်။

"တခြားကမ္ဘာက ဆိုင်လား"

မိန်းကလေး၏ မျက်လုံးများ တောက်ပသွားသည်။

"ဘာတွေ ရှိသလဲဟင်"

" 'စိတ်ကူးစိတ်သန်း' တွေ ရှိတယ်"

အဘိုးအိုက ခေတ်မီပန်းချီဆွဲသည့် ကိရိယာဖြစ်သော Drawing Tablet နှင့် Pen ကို ထုတ်ပြလိုက်သည်။

"ဒါကိုသုံးပြီး ဖန်တီးမယ်ဆိုရင် စိတ်ကူးစိတ်သန်းတွေက မကုန်မခမ်း ထွက်ပေါ်လာလိမ့်မယ်"

"အဲဒီလောက်တောင် အစွမ်းထက်တာလား တခြား ဘာရှိသေးလဲဟင်"

"မင်းအတွက် ဒါရှိရင် လုံလောက်ပါပြီ"

အဘိုးအို၏အသံမှာ အတက်အကျမရှိဘဲ တည်ငြိမ်လှသလို မျက်လုံးများမှာလည်း သေလူတစ်ယောက်ကဲ့သို့ အသက်ကင်းမဲ့နေသည်။

သူပြောပြီးသည့် ခဏ၌ မိန်းကလေး၏မျက်လုံးများမှာ မှေးမှိန်သွားပြီး အကြည့်များမှာ ရပ်တန့်သွားတော့သည်။

"ဟုတ်တယ်၊ ကျွန်မအတွက် 'စိတ်ကူးစိတ်သန်း' ရှိရင် လုံလောက်ပါပြီ"

……

"တိန်"

ဓာတ်လှေကားတံခါး ပွင့်သွားပြီး မိသားစု သုံးဦးထွက်လာကြသည်။

သူတို့ထံမှ ဟော့ပေါ့နံ့များပင် ရနေသေး၏။

ထိုအခါမှသာ မိန်းကလေးမှာ ရုတ်တရက် သတိပြန်ဝင်လာသည်။

သူမ ဓာတ်လှေကားထဲသို့ဝင်ရန် ပြင်လိုက်စဉ် လက်ထဲတွင် ပစ္စည်းတစ်ခုကိုင်ထားသည်ကို သတိထားမိသွား၏။

"အလို... ငါ ဘယ်လိုဖြစ်ပြီး Drawing Tablet ကိုပါ ယူလာမိတာလဲ"

သူမသည် အလျင်အမြန်ပင် အိမ်သို့ပြန်လှည့်လာခဲ့သည်။

လမ်းကြားအတွင်း၌ ထမင်းနံ့၊ အမဲသားချက်နံ့များနှင့် အခြားသော အစားအစာရနံ့များမှာ ရောနှောနေပြီး ဗိုက်ဆာနေသူများကို ပိုဆာလောင်လာစေသည်။

ထိုအိမ်တိုင်းစေ့မှ ထွက်ပေါ်လာသော အိုးခွက်ပန်းကန်သံများမှာ လူ့လောက၏သာမန် နေ့စဉ်ဘဝ အငွေ့အသက်များကို ဖော်ပြနေတော့သည်။

……

သန်းခေါင်ယံအချိန်၊ ၂၂ ထပ်မှ ညာဘက်အကွေ့ ပထမဆုံးအိမ်၏ မီးမှာ လင်းနေဆဲ ဖြစ်သည်။

မိန်းကလေးသည် စာရေးစားပွဲတွင် ထိုင်ကာ Drawing Tablet နှင့် Pen ကို ကိုင်လျက် အလုပ်များနေသည်။

စိတ်ကူးစိတ်သန်းများမှာ အလိုအလျောက် ထွက်ပေါ်လာနေပြီး သူမသည် ကွန်ပျူတာစခရင်ကို မျက်တောင်မခတ်ဘဲ ကြည့်ကာ လက်များကိုအဆက်မပြတ် လှုပ်ရှားနေသည်။

ဇာတ်ကောင်များ၊ နောက်ခံရှုခင်းများမှာ သူမ၏ ကလောင်အောက်တွင် အလျင်အမြန်ပင် အသက်ဝင်လာ၏။

ယခုအချိန်တွင် သူမသည် ဖန်တီးမှု၏အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အခြား ပန်းချီဆရာကြီးများသာ မြင်တွေ့ပါက သူမ၏ လက်ကို ငှားသုံးချင်စိတ်ပင် ပေါက်သွားနိုင်လောက်သည်။

ဤမျှ မြန်ဆန်လှသော အရှိန်၊ လှပလှသော လက်ရာနှင့် ရဲတင်းလှသော ဖန်တီးမှုများမှာ သာမန်လူသားတစ်ဦး လုပ်ဆောင်နိုင်သည့် အရာမှ ဟုတ်ပါလေစ။

……

ခံရခက်လိုက်တာ၊ နာကျင်လိုက်တာ။

ရှုအန်း သတိပြန်ဝင်လာသည့် အခါတွင် သူ၏ ပတ်ဝန်းကျင်မှာ မှောင်မည်းကာ စိုစွတ်ပြီး ကျပ်ညပ်နေသည်ကို ခံစားလိုက်ရသည်။

လူတစ်ကိုယ်လုံးကို ချဉ်ဖတ်အိုးထဲသို့ အတင်းအဓမ္မ ထိုးထည့်ခံထားရသကဲ့သို့ တစ်ကိုယ်လုံးမှာ မသက်မသာ ဖြစ်နေပြီး နာကျင်မှုများမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည်။

ထွက်သွားချင်တယ်၊ဒီနေရာကနေ ထွက်သွားချင်တယ်၊တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ။

သူ သတိမလစ်မီက မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားကြည့်ရာ ခြံဝင်းတစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်ကိုသာ မှတ်မိတော့သည်။

ထို့နောက်တွင်မူ ဘာမှ မမှတ်မိတော့ပါချေ။

ရုတ်တရက် စွမ်းအားအသစ်တစ်ခု စီးဝင်လာသည်။

ထိုအချိန်၌ ခန္ဓာကိုယ်မှာ ရေပူစမ်းတွင် စိမ်ထားရသကဲ့သို့ သက်သောင့်သက်သာ ဖြစ်သွားပြီး နာကျင်မှုများမှာလည်း ခေတ္တမျှ ပျောက်ကွယ်သွားသည်။

၎င်းမှာ ဘာမှန်း သူ မသိသော်လည်း

'အရမ်း သက်သောင့်သက်သာ ရှိတာပဲ'

'နောက်ထပ် နည်းနည်းလောက် ပိုပြီးတော့ လိုချင်သေးတယ်'

ရှုအန်းမှာ စိတ်ထဲမှ ဆုတောင်းနေမိသည်။

သူ မျှော်လင့်ထားသည့်အတိုင်း စွမ်းအားအသစ်များမှာ အဆက်မပြတ် စီးဝင်လာပြီး နာကျင်မှုများကို လျော့ပါးစေသည်။

သို့သော်လည်း... စွမ်းအားများ ပိုမိုများပြားလာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားမိလာသည်။

ထိုစွမ်းအားများသည် သူ့ ခန္ဓာကိုယ်အတွင်း၌ စုစည်းလာပြီး သောင်းကျန်းလာကြသည်။

၎င်းတို့သည် သူ့ ခန္ဓာကိုယ်ဟူသောအိုးကြီးကို ဆွဲဖြဲပစ်တော့မည့်အလား ရူးသွပ်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားတော့သည်။

နောက်ဆုံးတွင်...

'ငါ နောက်ထပ် စွမ်းအားတွေ လိုချင်သေးတယ်၊ ပိုပြီးတော့'

'ဒါမျိုးပေါ့၊ ဒီလိုမျိုးပဲ ဟားဟားဟား... သေကြစမ်း၊ အားလုံး သေကြစမ်း'

သူ့ ခန္ဓာကိုယ်အတွင်း၌ အခြားသော အသံတစ်ခုထွက်ပေါ် လာသည်။

၎င်းမှာရူးသွပ်ကာ သောင်းကျန်းနေပြီး လူသတ်လိုစိတ်များ ပြည့်နှက်နေသော အသံပင်။

ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှုအာစန်းသည် အပြင်ဘက်မှ အခြေအနေများကို ခေတ္တမျှမြင်တွေ့ခွင့် ရလိုက်သည်။

သူက ပိုသန်မာလာသော်လည်း ဤစွမ်းအားများမှာ အခြားသော စိတ်အာရုံတစ်ခု၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

'ရပ်လိုက်စမ်း၊ ရပ်လိုက်စမ်းပါ'

နွေးထွေးသော မီးရောင်အောက်တွင် မျက်ကွင်းညိုနေသော မိန်းကလေးတစ်ဦးသည် အဆက်မပြတ် တစ်ခုခုကိုဆွဲနေ သည်ကို သူ မြင်လိုက်ရသည်။

ပန်းချီကားအတွင်းမှ မည်းမှောင်သော မြူခိုးများမှာ သေခြင်းတရား အငွေ့အသက်များနှင့်အတူ ပျံ့လွင့်နေ၏။

"ရပ်လိုက်စမ်း၊ ထပ်မဆွဲနဲ့တော့"

"ပိုပြီးတော့ ဆွဲစမ်း၊ ဆက်ဆွဲနေစမ်း၊ ဘယ်လောက်တောင် ကောင်းတဲ့ စွမ်းအားတွေလဲ"

အခြားသော ရူးသွပ်သည့် အသံမှာ သာယာကျေနပ်စွာ ထွက်ပေါ်လာပြန်သည်။

"ပိုပြီး ထိတ်လန့်စရာကောင်းအောင် ဆွဲစမ်း၊ ပိုပြီး ရက်စက်ကြမ်းကြုတ်အောင် ဆွဲစမ်း၊ မင်း ဆွဲနေတာတွေက မလောက်သေးဘူး"

ရှုအန်းစိတ်ထဲတွင် ကြောက်ရွံ့မှုများ ပိုမို ပြင်းထန်လာကာ အော်ဟစ်လိုက်သည်။

"ရပ်လိုက်စမ်း မင်း လူတွေကို ဒုက္ခပေးနေတာပဲ"

"ဒုက္ခပေးတော့ ဘာဖြစ်လဲ နာနာဘာဝတွေ လူတွေကို ဒုက္ခပေးတာ ဘာမှားလို့လဲ"

"ငရဲပြည်က သေချာပေါက် သိသွားလိမ့်မယ်၊ သူတို့ ဒါမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူး"

"ဒါဆိုရင် သူတို့ထက် ပိုပြီးသန်မာအောင် လုပ်လိုက်ရုံပေါ့"

ထိုရူးသွပ်သော အသံအဆုံးတွင် စာရေးစားပွဲမှ မိန်းကလေး ၏လက်မှာ ပိုမြန်ဆန်လာတော့သည်။

ပန်းချီကားပေါ်ရှိ မည်းမှောင်သော မြူခိုးများမှာလည်း ပိုမို သိပ်သည်းလာ၏။

"ဟင့်အင်း၊ ဒါမျိုး မလုပ်ပါနဲ့၊ သေကုန်လိမ့်မယ်၊ တကယ်ကို သေကုန်ကြလိမ့်မယ်"

ရှုအာစန်း ငိုချင်လာသော်လည်း သူသည် လူတွေကို ဒုက္ခမပေးချင်သလို ဝိညာဉ်တမန်တော်များ၏ဖမ်းဆီးခြင်းကိုလည်း မခံချင်ပါချေ။

သူသည် အားကုန်ရုန်းကန်ရင်း မိန်းကလေး၏ပန်းချီဆွဲသည့် အရှိန်ကို လျှော့ချရန် ကြိုးစားသည်။

"ရပ်ဖို့ မစဉ်းစားနဲ့"

ရူးသွပ်သော စွမ်းအားက အော်ဟစ်ကာ ခန္ဓာကိုယ်အတွင်း၌ တိုက်ခိုက်လာသည်။

ထို့ကြောင့် ရှုအန်းမှာ တစ်ကိုယ်လုံးမှာ ဆွဲဖြဲခံရတော့မည့်အလား နာကျင်မှုများ ခံစားရသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုမှာလည်း လူကို ရူးသွပ်စေကာ နံရံနှင့် ခေါင်းဖြင့် ဆောင့်မိချင်လောက်အောင်ပင် ပြင်းထန်လှသည်။

သူသည် ကျုံ့ကျုံ့လေး ခံစားနေရပြီး ထွက်ပြေးစရာ နေရာလည်း မရှိပါချေ။

'ကယ်ပါဦး'

'ဘယ်သူဖြစ်ဖြစ် ကယ်ကြပါဦး'

'သူ မသေချင်ပါဘူး၊ အရမ်း ခံရခက်လွန်းလို့ပါ'

'သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဇာတ်လမ်းတွေပဲ ရေးချင်ခဲ့တာပါ'

' ဘယ်လို စွမ်းအားမျိုးကိုမှလည်း မလိုချင်သလို လူတွေကိုလည်း ဒုက္ခမပေးချင်ပါဘူး'

'ငါ့ကို ထွက်သွားခွင့်ပေးပါ၊ ဒီနေရာကနေ လွှတ်ပေးပါ'

"ဟားဟားဟားဟား မင်း ဘယ်မှ ထွက်ပြေးလို့ မရဘူး၊ မရဘူး"

အမှောင်ထုအတွင်း၌ စူးရှလှသော ရယ်သံများမှာ ထပ်ခါတလဲလဲ ထွက်ပေါ်နေပြီး သူ၏ အာရုံကြောများကို နှိပ်စက်နေတော့သည်။

စိတ်မ‌ကောင်းစရာကထိုအရာကို မည်သူမျှ သတိမထားမိကြသလို၊ မည်သူမျှလည်း သိရှိနိုင်လိမ့်မည် မဟုတ်ပါချေ။

……

(မူရင်းစာရေးသူ၏မှတ်ချက် - ရှုအန်းသည် ဝတ္ထုရေးဆရာတစ်ဦးဖြစ်ပြီး ယခင်က စာပေရိပ်မြုံရှေ့တွင် ရန်စစ်မင်နှင့် စကားပြောခဲ့ဖူးသည်။

နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော ဇာတ်လမ်းများရေးနိုင်ရန် လူ့လောကသို့ လာရောက်လေ့လာခဲ့ရာမှ ဝိညာဉ်ဆိုင် ရှင်၏လက်ချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသူ ဖြစ်သည်။)

🫧 Chapter 150

ကျောင်းဆောင်အတွင်း၌ မီးများအားလုံး မှိတ်ထားချိန် သန်းခေါင်ယံ အချိန်၊ နံနက် ၂ နာရီ။

ချူရှန်းသည် ဖုန်းကိုချ၍ အိပ်စက်ရန်ပြင်လိုက်စဉ် ဖုန်းမျက်နှာပြင်ပေါ်၌ အကြောင်းကြားစာတစ်ခု ရုတ်တရက် ပေါ်လာ၏။

【 တိန်~ သင် follow ထားသော "ထိတ်လန့်ချောက်ချားဖွယ်ရာ" မန်ဂသည် အပိုင်း ၁၄၃ သို့ ရောက်ရှိသွားပါပြီ ၊ ဆက်လက်ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ】

"ဟာ... သွားပြီ။ ဒီစာရေးဆရာက သန်းခေါင်ယံ အချိန်ကြီးမှ အပိုင်းတွေအများကြီး တင်လိုက်တာလား"

"ထိတ်လန့်ချောက်ချားဖွယ်ရာ" မန်ဂမှာ ပုံမှန်အချိန်၌ပင် ကြောက်စရာကောင်းလှသည်ကို ယခုကဲ့သို့ အမင်္ဂလာ အချိန်မျိုးတွင် အပိုင်းသစ်များတင်လိုက်ခြင်းမှာ အသည်းငယ်သူများအတွက်တော့ အသက်အန္တရာယ်ပင် စိုးရိမ်ရပေတော့မည်။

ယခုပင် ဖတ်ရမလား၊ သို့မဟုတ် မနက်ဖြန်မှ ဖတ်ရမလား။

၎င်းကိစ္စမှာလည်း ဝေခွဲမရနိုင်သော ပြဿနာတစ်ခုဖြစ်နေသည်။

သို့သော်လည်း နောက်ဆက်တွဲ ဇာတ်လမ်းကို သိချင်လှသော ကြောင့် ချူရှန်း၏စိတ်ထဲ၌ တရွရွ ဖြစ်နေတော့သည်။

သူသည် ခဏမျှ စဉ်းစားပြီးနောက် အိပ်ရာမှထကာ ဖုန်းကိုယူလျက် အိမ်သာထဲသို့ ပြေးဝင်သွားလိုက်၏။

ထို့နောက်မီးကိုဖွင့်၊ အနေအထား တစ်ခုကိုရှာဖွေကာ ထိုင်လိုက်ပြီးမှ ဖုန်းကို ဖွင့်လိုက်သည်။

ဤကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်ပြီးမှသာ သူသည် မျှော်လင့်တကြီးနှင့် "ထိတ်လန့်ချောက်ချားဖွယ်ရာ" မန်ဂထဲသို့ စိတ်လှုပ်ရှားစွာ ဝင်လိုက်တော့သည်။

ယခုတစ်ကြိမ်တွင် မန်ဂမှာ တစ်ဆက်တည်း သုံးပိုင်းမျှတင်ထားခြင်းဖြစ်ရာ ၎င်းမှာ ယခင်က တစ်ခါမျှမရှိခဲ့ဖူးသော အဖြစ်အပျက်ပင်။

ချူရှန်းသည် ဖတ်ရင်းဖတ်ရင်းနှင့် မျက်လုံးများ ပြူးလာကာ ဇာတ်လမ်းထဲသို့ လုံးလုံးလျားလျား စီးမျောသွားတော့သည်။

ဤသုံးပိုင်းစလုံး၏ ဇာတ်လမ်းမှာ အဆက်အစပ် မိလှသလို လျှို့ဝှက်ချက်များနှင့် ထိတ်လန့်စရာများကိုလည်း လိုအပ်သလို ဖန်တီးထားသည်။

လက်ရာမှာ ကျဆင်းသွားခြင်း မရှိသည့်အပြင် ပိုကောင်းမွန်လာ၏။

ပန်းချီစတိုင်ရော ဇာတ်လမ်းပါ ယခင်ကထက် ပိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသလို ပိုလည်း ထိမိလှသည်။

"ဟာ... စာရေးဆရာက ဘာတွေများ ဖြစ်နေတာလဲ"

ချူရှန်းသည် တစ်သက်လုံး ဖတ်ပြီးသည့် အခါမှသာ သူ၏ အသက်ရှူသံမှာ မသိမသာပင် နှေးကွေးနေခဲ့သည်ကို သတိထားမိတော့သည်။

ထိုအခါမှသာ သူသည် အသက်ကို ဝဝရှူလိုက်ပြီးနောက် တစ်စုံတစ်ခု ကပ်ပါလာသကဲ့သို့ ခံစားနေရသောကြောင့် ပခုံးကို တွန့်လိုက်မိသည်။

ယခင်က ဇာတ်လမ်းနှင့် ပန်းချီများမှာ ဖတ်ပြီးလျှင် နောက်မှ ကြောက်စိတ်ဝင်ရုံမျှသာ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ...

ခြောက်ခြားဖွယ် ကောင်းလှသော အိမ်ထဲသို့ ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့လည်းကောင်း၊ သရဲများနှင့် နီးကပ်စွာ အတူနေထိုင်နေရသကဲ့သို့လည်းကောင်း ခံစားရစေသည်။

ထိုထိတ်လန့်ဖွယ်ရာ ခံစားချက်မှာ အလွန်ပင် ပြင်းထန်လှ၏။

သူ့ တစ်ကိုယ်လုံးရှိ မွေးညင်းနုများမှာလည်း ထောင်ထနေလေပြီ။

ချူရှန်းသည် မန်ဂအောက်ဘက်သို့ ဆက်ကြည့်လိုက်ရာ သူကဲ့သို့ပင် သန်းခေါင်ယံ၌ မအိပ်ဘဲ ဖတ်နေကြသည့် ပရိသတ်များ၏ မှတ်ချက်များကို တွေ့လိုက်ရသည်။

"စာရေးဆရာကြီးရယ်... ကျွန်တော် ငိုနေပြီ ကျွန်တော့်ကို ကောင်းကောင်းလေး အိပ်ခွင့်ပေးပါဦး"

"တကယ်ကို ထိမိတာဲ ဖတ်နေတုန်းမှာ တစ်ယောက်ယောက်က ကျွန်တော့်နောက်မှာ ရပ်နေသလိုပဲ ခံစားရတယ်"

"စာရေးဆရာကြီးကို ကျွန်တော် နောက်‌နောင်စာတွေ မပို့တော့ပါဘူး ကျေးဇူးပြုပြီး လူလိုပဲ လုပ်ပါဦးဗျာ"

သိသာလှသည်မှာ စာရေးဆရာအား 'လူမလုပ်သူ' ဟု ထင်နေကြသူမှာ သူတစ်ဦးတည်း မဟုတ်ပါချေ။

ဤဇာတ်လမ်းပိုင်းများမှာ အမှန်တကယ်ပင် နတ်ဘုရားတစ်ပါး၏ လက်ရာကဲ့သို့ (သို့မဟုတ် သရဲတစ်ကောင်၏ လက်ရာကဲ့သို့) ကောင်းမွန်လွန်းလှသည်။

သူ ဖတ်ပြီးသွားသောအခါ တစ်ကိုယ်လုံးရှိ မွေးညင်းနုများမှာ မသက်မသာဖြစ်နေပြီး အထူးသဖြင့် ဂုတ်ပိုးနားတွင် တစ်စုံ တစ်ခု ကပ်ငြိနေသကဲ့သို့ ခံစားရသည်။

ချူရှန်းသည် ဂုတ်ကို အမြန်ပင် ပွတ်သပ်လိုက်ကာ ထိုခြောက်ခြားဖွယ်ရာ ခံစားချက်ကိုလျှော့ချရန် ဗီဒီယိုအတိုများကို ဖွင့်ကြည့်နေလိုက်တော့သည်။

ဤသို့ဖြင့် နောက်ထပ် ၂ နာရီမျှ ကြာသွားတော့သည်။

သူ အိမ်သာထဲမှ ထွက်လာသောအခါ ခြေထောက်များမှာ ထုံကျဉ်နေသော်လည်း ကောင်းကောင်းအိပ်နိုင်တော့မည်ဟု မျှော်လင့်မိသည်။

အခန်းဖော်၏ဟောက်သံမှာလည်း မည်သည့်အချိန်က ပျောက်ကွယ်သွားသည်မသိဘဲ တစ်ဆောင်လုံးမှာတိတ်ဆိတ် ငြိမ်သက်နေတော့သည်။

သူသည် ခြေသံကို အတတ်နိုင်ဆုံး လျှော့ကာ ကုတင်ပေါ်သို့ တက်လိုက်ပြီး စောင်ထဲသို့ ဝင်ကာ ခေါင်းလေးကိုသာ အပြင်ထုတ်ထားလိုက်သည်။

မျက်လုံးကို မှိတ်လိုက်ရုံရှိသေး... နားထဲတွင် မသိမသာ အသံတစ်ခု ကြားလိုက်ရ၏။

၎င်းမှာ လေတိုက်၍ ပလတ်စတစ်အိတ် လွင့်နေသည့် အသံနှင့် တူသလို၊ ကြွက်တစ်ကောင်ခိုးစားနေသည့် အသံနှင့်လည်း တူလှသည်။

'ရှပ် ရှပ်'

'ဂျွတ် ဂျွတ်'

ချူရှန်း၏ လျှော့ချထားသော အာရုံကြောများမှာ ချက်ချင်းပင် တင်းမာသွားပြီး ကုတင်ပေါ်၌ ကျောက်ရုပ်ကဲ့သို့ အငြိမ်သား လဲလျောင်းနေမိသည်။

သူသည် မျက်လုံးကို အတင်းမှိတ်ထားသော်လည်း ထိုအသံမှာ ပိုထင်ရှားလာ၏။

၎င်းမှာ တစ်စုံတစ်ယောက်က သူ့နားနားတွင် အစားအစာများကို ဝါးစားနေသကဲ့သို့ပင် ဖြစ်သည်။

သူသည် မျက်လုံးကို မသိမသာလေး ဖွင့်ကြည့်လိုက်သော် လည်း အခန်းထဲ၌ ထူးခြားသော အရာတစ်ခုမျှ မရှိသလို၊ ဝါးစားသံများလည်း မရှိပါချေ။

"မအိပ်ဘဲ သန်းခေါင်ယံမှာ လက်ဆော့ပြီး ဖတ်တဲ့ အကျိုးပဲ" ဟု သူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစဉ်မှာပင် ချူရှန်း၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ရုတ်တရက် တင်းမာသွားပြီး ဆီးသွားချင်စိတ်ပင် ပေါ်လာတော့သည်။

ထိုစဉ် သူ၏ ကုတင်အောက်မှ တစ်စုံတစ်ခုက ကုတင်ကို တွန်းလိုက်သကဲ့သို့ ခံစားလိုက်ရကာ မေးခွန်းမေးသံတစ်ခုကထွက်ပေါ်လာ၏။

"ဘာလို့ မအိပ်သေးတာလဲ"

သူ့အမေ၏အသံမှာ ကုတင်အောက်မှ ထွက်ပေါ်လာသည်။

ချူရှန်း ဦးရေပြားမှာ ထုံကျင်သွားပြီး ထိပ်လန့်သွားတော့ သည်။

သူသည် ယခုကျောင်းဆောင်ထဲ၌ ရှိနေခြင်း မဟုတ်ပါလော။

ထို့ပြင် ဤအခန်းမှာ လေးယောက်ခန်းဖြစ်ပြီး အပေါ်ထပ်၌ အိပ်စက်ကာ အောက်ထပ်၌ စာရေးစားပွဲရှိသည့် ပုံစံဖြစ် သည်။

' ဤမြင်ကွင်းမှာ... ဤမြင်ကွင်းမှာ'

သူ ခုနကပင် ဖတ်ခဲ့သော မန်ဂထဲမှမြင်ကွင်းနှင့် အလွန်ပင် တူညီလှသည်။

"ဘာလို့ မအိပ်သေးတာလဲ"

ယခုတစ်ကြိမ်တွင်မူ သူ့ အစ်မဖြစ်သူ၏အသံအဖြစ်ပြောင်း လဲသွားပြန်သည်။

တစ်ချိန်တည်းမှာပင် သူ့ ခြေထောက်နားရှိ တစ်စုံတစ်ခုက လှုပ်ရှားသွားသည်။

'ဖြန်းဖြန်း'

ချူရှန်းသည် ချက်ချင်းခုန်ထလိုက်ကာ နောက်ဘက် ကုတင်ပေါ်ရှိ သူငယ်ချင်းကို ရိုက်လိုက်တော့သည်။

"ထစမ်း... ဂိမ်းဆော့ရအောင်၊ ပါတီဖွဲ့မယ်"

ထိုသို့ အော်ဟစ်ပြီးနောက် သူသည် ဖုန်းကို အလျင်အမြန် ဆွဲယူကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

ထို့နောက် တံခါးကိုဖွင့်၍ အပြင်သို့ အမြန်ပြေးထွက်သွားတော့သည်။

"ငါ့ရဲ့ တုံ့ပြန်မှုကသာမြန်မယ်ဆိုရင် ဘယ်သရဲကမှ ငါ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး"

တောတွင်း စခန်းချရာ နေရာတစ်ခု၌

လူငယ်အုပ်စု တစ်စုသည် မီးပုံဘေးတွင် စုထိုင်ကာ အနွေးဓာတ် ယူနေကြသည်။

တောင်ပေါ်တွင် ဖြစ်သောကြောင့် ရာသီဥတုမှာ အေးစက်နေ၏။

ယခုအချိန်တွင် လူတိုင်းမှာ ဆံပင်တိုနှင့် မိန်းကလေး ပြောပြနေသော သရဲပုံပြင်ကို အာရုံစိုက်ကာ နားထောင်နေကြသည်။

"ဒါက ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်နော်၊ အဲဒီညက ကျွန်မတစ်ယောက်တည်း ကုတင်ပေါ်မှာ ဖုန်းကြည့်နေတာ၊ အမေ သိသွားမှာ ကြောက်လို့ မီးပိတ်ပြီး ကြည့်နေတာလေ"

"ကြည့်ရင်း ကြည့်ရင်းနဲ့ ရုတ်တရက် ကျွန်မနောက်မှာ အဖြူရောင် အရိပ်တစ်ခုဖြတ်သွားတာကို မြင်လိုက်ရတယ်"

"ကျွန်မ မီးဖွင့်ကြည့်လိုက်တော့ ဘာမှ မရှိဘူး ဒါနဲ့ ဖုန်းဆက်ကြည့်ဖို့ လုပ်တုန်းမှာ ဖုန်းမျက်နှာပြင် အမည်းရောင်ပေါ်မှာ အဖြူရောင်ကျောပြင်ကြီး တစ်ခုကို မြင်လိုက်ရတယ်"

"ကျွန်မ ခေါင်းမော့ကြည့်လိုက်တော့... အဲဒီအရာက မျက်နှာကျက်ပေါ်မှာ ခေါင်းကြီးကို လိမ်ပြီး ကျွန်မကို ကြည့်နေတယ်လေ"

"အားးးးးး"

မည်သူ အော်လိုက်သည် မသိသော်လည်း လူတိုင်းမှာ လန့်ဖျန့်ကုန်ကြသည်။

"လန့်လိုက်တာ... မအော်ကြပါနဲ့"

"ကျွန်မက မကြောက်ပါဘူး ဒါပေမဲ့ ရှင့်တို့ အော်သံကြောင့် လန့်သွားတာ"

"ဟုတ်ပါရဲ့... သရဲတောင် လန့်သေသွားနိုင်တယ်။ ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူး"

"ဟားဟားဟား..."

လူတိုင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။

'သရဲတောင် လန့်သေသွားနိုင်တယ်' ၎င်းမှာ မည်သည့် စကားနည်း။

ပြဿနာမှာ... ခုနက ပြောလိုက်သော ထိုအသံကို သူတို့ထဲမှ မည်သူမျှ မကြားဖူးခြင်းပင်။

လူတိုင်းမှာ မျက်လုံးကို မသိမသာလေး ပင့်ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုအခါမှသာ သရဲပုံပြင် ပြောပြနေသော မိန်းကလေး၏ ကျောပေါ်၌ မည်းမှောင်သော အရိပ်တစ်ခုကပ်နေသည်ကို မြင်လိုက်ရ‌ တော့သည်။

"အား သရဲ သရဲကြီး"

"ဘယ်မှာလဲ... သရဲက ဘယ်မှာလဲ"

ထိုမည်းမှောင်သော အရိပ်မှာလည်း ကြောက်လန့်တကြားနှင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေတော့သည်။

သရဲပုံပြင် ပြောပြသော မိန်းကလေးမှာမူ ဘေးပတ်ဝန်းကျင်မှ ကြောက်လန့်တကြားကြည့်နေသော အကြည့်များကို မြင်ပြီးနောက် မျက်လုံးပြူးကာ မေ့လဲသွားတော့သည်။

……

"ယိုယိုလေး ယိုယိုလေး မင်း ခုတလော 'ဘိုးဘွားများကို ရှာဖွေခြင်း' ဆိုတဲ့ ဖိုရမ်ကို ကြည့်မိသေးလား"

ကြီးမားလှသော စာကြည့်တိုက်အတွင်း၌ ထန်ထျန်းကျဲ ရောက်လာချိန်တွင် ရဲယိုရှီးသည် အချက်အလက်များကို သိမ်းဆည်းနေ၏။

"အဲဒီမှာ လူတွေအများကြီးက သရဲနဲ့ တွေ့တယ်လို့ ပြောနေကြတာ တချို့က မန်ဂဖတ်ရင်းတွေ့တယ်၊ တချို့က သရဲပုံပြင်ပြောရင်း တွေ့တယ်တဲ့"

ထန်ထျန်းကျဲသည် ရဲယိုရှီး ၏ ရှေ့တွင် ထိုင်လိုက်ကာ ဆက်ပြောသည်။

"ကြည့်ရတာ အရင်တုန်းက သရဲပွဲတော် ရောက်ခါနီးအခြေ အနေမျိုးနဲ့ တူနေတယ်"

"သရဲပွဲတော် မဟုတ်ဘူး ငရဲပြည် မှာ တစ်ခုခုဖြစ်နေတာဖြစ်လိမ့်မယ်"

ရဲယိုရှီး သည် သူ့အလုပ်ကို ဆက်လုပ်နေရင်းတည်ငြိမ်စွာ ဖြေလိုက်သည်။

"အဲဒါကို ငါ သိပါတယ် မင်းလည်း ပြောဖူးတယ်လေ"

ထန်ထျန်းကျဲသည် စိတ်လှုပ်ရှားစွာနှင့် "ယိုယိုလေး... မင်း အခွင့်အရေးရတုန်း သရဲနှိမ်နင်းရေး လုပ်ငန်းလေး ဘာလေး မဖွင့်ချင်ဘူးလား"

"မဖွင့်ပါဘူး" ရဲယိုရှီးသည် ချက်ချင်းပင် ငြင်းပယ်လိုက်၏။

"ငါ့မှာ အဲဒီလောက် အရည်အချင်း မရှိသေးဘူး"

"ဘာလို့ မရှိရမှာလဲ... မင်းက အရမ်းတော်တာပဲကို"

ထန်ထျန်းကျဲက မကျေမနပ်နှင့် "အရင်တုန်းက ငါ့ကိစ္စကိုလည်း မင်းပဲ ဖြေရှင်းပေးခဲ့တာလေ ပြီးတော့ မန်ဂစာရေး ဆရာ ကိစ္စမှာလည်း မင်းပဲ ကူညီခဲ့တာ မဟုတ်လား" ဟု ပြန်ပြောလိုက်လေသည်။

"ပြီးတော့ ပြီးခဲ့တဲ့ အခါကလည်း ငါတို့ ကိစ္စကြီးတစ်ခုကို အတူတူဖြေရှင်းခဲ့ကြသေးတယ် မဟုတ်လား"

'ပြီးခဲ့တဲ့ အခေါက်ကလား'

ထိုစကားကို ကြားသောအခါ ရဲယိုရှီးသည် သူ့လက်ရှိအလုပ်များကို ရပ်တန့်လိုက်ကာ ထန်ထျန်းကျဲ ကို လှည့်ကြည့်လိုက်တော့သည်။

(မူရင်းစာရေးသူ၏မှတ်ချက် - ချူရှန်း၏ အန္တရာယ်ရှိသော လုပ်ဆောင်ချက်များကို လိုက်မလုပ်ကြပါရန်။

ထန်ထျန်းကျဲ - သင်္ချိုင်းကုန်းတွင် ကခုန်ခဲ့သူ၊ ရဲယိုရှီး - ထန်ထျန်းကျဲ၏သူငယ်ချင်းနှင့် တတိယမျက်လုံးဝိညာဉ်လက် နက်ပိုင်ရှင်)

All Chapters