← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

Chapter 145+146

~

အခန်း ၁၄၅+၁၄၆ : ဗိုလ်ချုပ်ဝူချန်း ...စံချိန်သစ်တင်ခြင်း

~

​လျှို့ဝှက်နယ်မြေ၏ ဟင်းလင်းပြင်အလွှာ ဆိုသည်မှာ အထူးလျှို့ဝှက်နယ်မြေများတွင်သာ ရှိတတ်သော သီးသန့်နေရာတစ်ခုဖြစ်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ နယ်မြေတစ်ခုလုံးကို မည်သည့်နေရာမှမဆို အပေါ်စီးမှ ကြည့်ရှုနိုင်သော နေရာမျိုး ဖြစ်သည် ။

​ယခုအချိန်တွင် သက်ကြီးရွယ်အို ပုံရိပ် ခုနစ်ခုမှာ ထိုနေရာတွင် ရပ်နေကြပြီး အောက်ဘက်ရှိ ရေဆန်မြစ်အတွင်း လှုပ်ရှားနေကြသော ဖြေဆိုသူ လေးရာ၏ စွမ်းဆောင်ရည်ကို အကဲခတ်နေကြ၏ ။

​" ဟားဟား.. ဒီနှစ်ကလေးတွေက မနှစ်ကထက် အများကြီး ပိုတော်ကြတာပဲ.. ကြည့်ရတာ တစ်ခဲ့ (၁၅ မိနစ်) အတွင်းမှာ ခြေလှမ်း ငါးဆယ်ပြည့်မယ့်သူ အယောက်သုံးဆယ်လောက် ရှိမယ်ထင်တယ်.. "

​" ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ကလေးကို ငါသိတယ်.. သူက စစ်ဘုရင် ယန်ကျန့်ရဲ့သား ယန်ကျန်းပဲ.. သူက တစ္ဆေတွေကို ထိန်းချုပ်နိုင်တဲ့ S-အဆင့် သိုင်းပါရမီရှင်လေ.. ငယ်ငယ်ကတည်းက စိတ်ဓာတ်က တော်တော်လေး ကြံ့ခိုင်တာ.. "

​" လင်ယဲ့ရဲ့ တပည့်နှစ်ယောက်လုံး လာတယ်လို့ ငါကြားတယ်.. ဘာလို့ တစ်ယောက်ပဲ တွေ့ရတာလဲ.. လင်ပေ့ ဘယ်ရောက်နေလဲ.. ပြီးတော့ မြောက်ပိုင်းမဟာမိတ်က လူသားမဟုတ်တဲ့ ပါရမီရှင် လုံအောက် ရော ဘယ်မှာလဲ.. "

​" အဲဒီနှစ်ယောက်ထက်စာရင် လင်းယဲ့အသစ်ရထားတဲ့ တပည့် ဂူချန်ကို ငါ ပိုစိတ်ဝင်စားတယ်.. လင်ယဲ့ပြောပုံအရဆိုရင် သူ့ပါရမီက ဒီခေတ်က ပါရမီရှင်တွေအားလုံးကို ကျော်လွန်တယ်ဆိုပဲ.. "

​" ဟားဟား.. အဲဒီအဘိုးကြီးအကြောင်း မင်းလည်း သိသားပဲ.. သူက အားအားရှိ ကြွားနေတာ.. "

​သက်ကြီးရွယ်အို ခုနစ်ယောက်မှာ အောက်ဘက်တွင် ခက်ခဲစွာ ရှေ့တိုးနေကြသူများကို ကြည့်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည် ။ သူတို့မှာ နတ်ဘုရားလမ်းစဉ် နန်းဆောင်၏ အစောင့်အရှောက်များဖြစ်သလို စစ်ဆေးမှုကို စောင့်ကြည့်နေကြသော စာစစ်မှူးများလည်း ဖြစ်ကြ၏ ။

​တစ်ခဲ့ (၁၅ မိနစ်) ပြည့်သွားလျှင် ရေဆန်မြစ်ထဲတွင် ခြေလှမ်း ငါးဆယ် မပြည့်သေးသူ မည်သူ့ကိုမဆို သူတို့က လျှို့ဝှက်နယ်မြေအတွင်းမှ ကန်ထုတ်ပစ်မည် ဖြစ်သည် ။

​" ဟေ့.. ဒီအနက်ရောင်ဝတ်ထားတဲ့ ကောင်လေးကတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ.. "

လူပုအဘိုးကြီးတစ်ယောက်က အောက်ဘက်ရှိ လူအုပ်ကို စိုက်ကြည့်ရင်း ရေဆန်မြစ်ထဲသို့ စတင်ဝင်ရောက်လာသော ဂူချန်ကို လက်ညှိုးထိုးပြလိုက်သည် ။

​" ငါလည်း သူ့ကို မြင်တယ်.. သူ တကယ့်ကို မဆိုးဘူး.. "

နောက်ထပ် အဘိုးကြီးတစ်ယောက်ကလည်း ချီးကျူးသည့် အကြည့်များဖြင့် ပြောလိုက်သည် ။

​ရေဆန်မြစ်၏ ရေသည် လူတစ်ယောက်၏ စိတ်ထဲတွင် အကန့်အသတ်မရှိသော ပင်ပန်းနွမ်းနယ်မှုများကို ဖြစ်ပေါ်စေနိုင်သည် ။ လူတစ်ယောက်၏ စိတ်အခြေအနေ မတည်ငြိမ်လေလေ ၊ စိုးရိမ်ပူပန်မှုများလေလေ ၊ ခက်ခဲသည်ဟု ထင်မြင်လေလေ ရွှံ့နွံထဲသို့ နစ်သလို ပို၍ နစ်မြုပ်သွားလေလေ ဖြစ်သည် ။

​ထိုလူငယ်လေးမှာ ဤမျှအေးဆေးနေသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ စိတ်ဓာတ်မှာ တောင်ကြီးတစ်လုံးလို တည်ငြိမ်နေရမည်ဖြစ်ပြီး သူ၏ စိတ်နှလုံးထဲတွင်လည်း ကြီးမားသော ရည်မှန်းချက်များ ရှိနေရမည်မှာ သေချာလှပေ၏ ။

​ထိပ်ပြောင်အဘိုးကြီးက မျက်လုံးကိုမှေး၍ ပြောလိုက်သည် ။

​" ဒါ အဘိုးကြီး လင်းယဲ့ လက်ခံထားတဲ့ တပည့်သစ် မဟုတ်လား.. ကြည့်ရတာ သူ ကြွားနေတာ မဟုတ်ဘူးပဲ.. ငါ့သက်တမ်းတစ်လျှောက်မှာ ရေဆန်မြစ်ထဲမှာ ဒီလောက် အေးအေးဆေးဆေး လျှောက်နိုင်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး.. "

​" ဝူချန်းစစ်သူကြီးရဲ့သားဆိုတဲ့အတိုင်းပဲ .. သာမန်ပါရမီရှင် မဟုတ်ဘူး.. "

​ဝူချန်းစစ်သူကြီး ဆိုသည်မှာ ဂူချန်၏ဖခင် ၊ အသစ်စက်စက် အဆင့်၈ ( အရှင်သခင်အဆင့် )နှင့် လူသားမျိုးနွယ်၏ မဟာဗိုလ်ချုပ်ကြီးသုံးဦးအနက် တစ်ဦးကို ရည်ညွှန်းခြင်း ဖြစ်သည် ။

​လွန်ခဲ့သော အချိန်အတော်ကြာက လူသားမဟာမိတ်အဖွဲ့သည် စစ်မြေပြင်တွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူး၏ ။ သိုင်းပညာရှင် စစ်သည်ပေါင်း သန်းချီ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်သူ တစ်ထောင်ပင် မပြည့်ခဲ့ချေ ။ ထို့ပြင် ကွပ်ကဲသည့် အရှင်သခင်အဆင့်မှာလည်း စစ်မြေပြင်မှာပင် ကျဆုံးသွားခဲ့သည် ။

​ဂူဝူချန်းသည်သာ ကျန်ရှိသော စစ်သည်ရာဂဏန်းနှင့်အတူ လွတ်မြောက်လာခဲ့သော်လည်း လူသားမဟုတ်သော မျိုးနွယ်စုများ၏ ဝိုင်းရံထားသော အဆင့်မြင့် အစီအရင်ကြောင့် လမ်းပျောက်ကာ နောက်ဆုံးတွင် ပိတ်မိသွားခဲ့သည် ။

​သေဘေးနှင့် ရင်ဆိုင်ရသည့် အခိုက်အတန့်တွင် ဂူဝူချန်းသည် နောက်ဆုတ်ရန် လမ်းမရှိတော့သဖြင့် ကျန်ရှိနေသော စစ်သည်ရာဂဏန်းကို ဦးဆောင်ကာ အသက်စွန့်၍ ပြန်လည် တိုက်ခိုက်ခဲ့သည် ။

​တစ်ဖက်တွင် အဆင့် ၈သားရဲ သုံးကောင် ဦးဆောင်သော သားရဲစစ်တပ် အင်အား ၁၀ သန်း ရှိနေပြီး အခြားတစ်ဖက်တွင်မူ အဆင့် ၇( နတ်ဘုရားတက်လှမ်းခြင်းအဆင့် ) အထွတ်အထိပ်တွင် ရှိနေသော ဂူဝူချန်းနှင့် ပင်ပန်းနွမ်းနယ်နေသော ကျန်စစ်သည် ရာဂဏန်းသာ ရှိသည် ။

​သို့သော် ထိုမျှ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတွင် ဂူဝူချန်းမှာ စစ်မြေပြင်မှာပင် အရှင်သခင် အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည် ။ သူ၏ ကောင်းကင်စွယ် လှံရှည်သိုင်းဖြင့် အဆင့် ၈ သားရဲတစ်ကောင်ကို သတ်ကာ နှစ်ကောင်ကို ဒဏ်ရာရစေခဲ့ပြီး ကျန်စစ်သည်များနှင့်အတူ သန်းပေါင်းများစွာသော ရန်သူ့စစ်တပ်ကြားမှ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့သည် ။

​နောက်ပိုင်းတွင် သူသည် မဟာမိတ်ဌာနချုပ်မှ အာဏာရှင် အရှင်သခင် ဟူသော ဘွဲ့ကို အပ်နှင်းခြင်း ခံရပြီး လူသားမဟာမိတ်အဖွဲ့၏ အမြင့်ဆုံး မဟာဗိုလ်ချုပ်ကြီး သုံးဦးအနက် တစ်ဦး ဖြစ်လာခဲ့သည် ။

​ထိုအချိန်မှစ၍ ဂူမိသားစုသည် လူသားမျိုးနွယ်၏ ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်လာခဲ့ခြင်းပင် ။

​မဟာမိတ်ဌာနချုပ်မှ ဤသတင်းကို လူသားမျိုးနွယ်၏ နှစ်ပတ်လည်ပွဲနေ့ရောက်မှ ကြေညာပြီး စိတ်ဓာတ်မြှင့်တင်ရန် စီစဉ်ထားသဖြင့် လူသိရှင်ကြား မထုတ်ပြန်သေးသော်လည်း တကယ့် ထိပ်တန်းအသိုင်းအဝိုင်းများကြားတွင်တော့ ဤသတင်းမှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီးသား ဖြစ်သည် ။

​" ဒီကလေးက ငါနဲ့တူသားပဲ.. "

နှုတ်ခမ်းမွှေးနှင့် အဘိုးကြီးက သူ၏ မုတ်ဆိတ်ကို ပွတ်ရင်း ကျေနပ်အားရစွာ ပြောလိုက်သည် ။

​ထိပ်ပြောင်အဘိုးကြီးက နှာခေါင်းရှုံ့ရင်း...

​" ဝူချန်းစစ်သူကြီး သိသွားတဲ့အထိ စောင့်ကြည့်လိုက်ဦး.. အဲဒီကျမှ မင်းဖျင်စုတ်အောင် အရိုက်ခံရလိမ့်မယ်.. "

​စကားပြောရင်း အဘိုးကြီး ခုနစ်ယောက်လုံး၏ အာရုံမှာ အောက်ဘက်ရှိ အနက်ရောင်ဝတ် လူငယ်လေးဆီသို့ စုပြုံရောက်ရှိသွားကြသည် ။ အချို့ဆိုလျှင် သူ့ကို တပည့်အဖြစ် လက်ခံရန်ပင် စိတ်ကူးယဥ်နေကြ၏ ။

​SSS-အဆင့် သိုင်းပါရမီထက် ပိုမိုအားကောင်းသော ပါရမီနှင့် ဤမျှ ထူးချွန်သော စိတ်ဓာတ်မျိုး ရှိနေခြင်းမှာ နောင်တစ်ချိန်တွင် သူသည် ကြီးမားသော အင်အားစုကြီးတစ်ခု ဖြစ်လာရန် သေချာနေသည် ။ ထို့ပြင် သူ၏ဖခင်မှာလည်း လူသားမျိုးနွယ်၏ အမြင့်ဆုံးဗိုလ်ချုပ်ကြီး ဖြစ်နေသဖြင့် သူနှင့် ဆက်ဆံရေး တည်ဆောက်ထားနိုင်လျှင်...

​အဘိုးကြီးများ ကြည့်နေစဉ်မှာပင် ဂူချန်သည် ခဏချင်းအတွင်းမှာပင် ဖြေဆိုသူ ပေါင်းများစွာကို ကျော်တက်သွားသည် ။

​ထို့နောက် သူတို့၏ မျက်စိရှေ့မှာပင် ရှေ့မှ လမ်းပိတ်နေသူကို ကန်ထုတ်၍ သူတို့၏ ကိုယ်ပေါ်သို့ တင်နင်းကာ ကျော်ခွသွားသည် ။ သူ၏ လှောင်ပြောင်ပြောဆိုသံမှာလည်း အဘိုးကြီးများ၏ နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည် ။

အဘိုးကြီး ခုနစ်ယောက်မှာ တစ်ခဏချင်း ဆွံ့အသွားကြသည် ။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိပ်ပြောင်အဘိုးကြီးက ချောင်းနှစ်ချက် ဟန့်လိုက်ကာ ချီးကျူးသည့် လေသံဖြင့်

" အဟမ်း..အဟမ်.."

​" ဒီကလေးကတော့ ဝူချန်း​ဗိုလ်ချုပ်ကြီးရဲ့ သားပီသတာပဲ.. အဖေတူ သားလေး.. "

​" ဟားဟားဟား..ဟုတ်တယ်.. ဟုတ်တယ်.. လင်းယဲ့ တကယ့် တပည့်ကောင်း ရထားတာပဲ.. "

နှုတ်ခမ်းမွှေးနှင့် အဘိုးကြီးကလည်း ရယ်မောရင်း ဝင်ပြောလိုက်သည် ။

​" သန်မာတဲ့သူက အားနည်းတဲ့သူကို နှိပ်ကွပ်တာ ပုံမှန်ပါပဲ.. "

​" ဘာ နှိပ်ကွပ်တာလဲ.. ဒါက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကူညီပေးနေတာ ထင်ရှားနေတာပဲ.. "

​" ကောင်းတယ်.. တကယ့်ကို ကောင်းတယ်.. "

​" အစောနက ဂူချန်ရှေ့ကလူက ဘယ်သူလဲ.. သူ ခြေလှမ်း ငါးဆယ် မပြည့်နိုင်တော့ဘူးဆိုတာ သိလို့ ဂူချန်က အချိန်မဖြုန်းအောင် ကန်ပေးလိုက်တာ.. စိတ်ထားလေးက ကောင်းလိုက်တာ.. "

​စကားလုံး အနည်းငယ်အတွင်းမှာပင် အဘိုးကြီး ခုနစ်ယောက်မှာ ဂူချန်၏ ဖြေဆိုသူချင်း ကန်ထုတ်ခဲ့သော လုပ်ရပ်ကို ပါရမီရှင်တစ်ယောက်၏ လွတ်လပ်သော စိတ်ဓာတ်ကို ပြသသည့် ကောင်းမှုတစ်ခုအဖြစ် ပုံဖော်ပေးလိုက်ကြသည် ။

​မည်သို့ပင် ဆိုစေကာမူ ဂူချန်မှာ တုနှိုင်းမရသော ပါရမီရှင်ဖြစ်ပြီး သူ၏ဖခင်မှာလည်း အမြင့်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်၏ ။ နည်းနည်းလေး ရိုင်းစိုင်းသည်က ကိစ္စကြီး မဟုတ်ပေ ။

​တခြားသူများဆိုလျှင်တော့ စည်းကမ်းဖောက်ဖျက်မှုဖြင့် သူတို့ ကန်ထုတ်မိပေမည် ။

​အဘိုးကြီးများ စကားပြောနေစဉ်မှာပင် ဂူချန်သည် တခြားသူများကို အဝေးကြီးတွင် ထားခဲ့ပြီး ခြေလှမ်း ငါးဆယ် သတ်မှတ်ချက်ကို လမ်းလျှောက်နေသည့်အလား အေးအေးဆေးဆေး ဖြတ်ကျော်သွားတော့သည် ။

​ဒင်.. ဒင်.. ဒင်..

​တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ နာရီပုံရိပ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ရေဆန်မြစ်အတွင်းရှိ ဖြေဆိုသူ အားလုံး၏ အပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြာကျလာသည် ။

​[ ရေဆန်မြစ် ဖြတ်ကျော်မှု စံချိန်သစ် တင်နိုင်ခဲ့သည့် ဂူချန်အား ဂုဏ်ပြုပါသည် ။ ယခင်စံချိန် ၃ မိနစ် ၂၇ စက္ကန့်ကို ၅၇ စက္ကန့်အထိ လျှော့ချကာ စံချိန်သစ် တင်နိုင်ခဲ့သည် ။ ]

​[ကောင်းကင်ဘုံမှ သတ်မှတ်ထားသော ခြေလှမ်း ငါးဆယ်.. ရေဆန်မြစ်ထက်မှာ ငါ စိတ်တိုင်းကျ သွားလာနိုင်သည် ။ ]

All Chapters