← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

Chapter 149+150

~

အခန်း ၁၄၉+၁၅၀ : သတ်ဖြတ်ရန် အချိန်အခါကောင်း

~

​ဝမ်..ဝမ်...

​ကောင်းကင်ယံတွင် အလင်းလုံးလေးများမှာ မိမိကို ရွေးချယ်ခံရရန်အတွက် ခွေးပေါက်လေးများကဲ့သို့ အလုအယက် တိုးဝှေ့နေကြလေသည် ။

​သို့သော်လည်း ဂူချန်တွင် ရည်မှန်းချက် ရှိပြီးသားပင် ။ သူ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် ရှေ့တွင် စုပြုံနေသော အလင်းလုံးများကြားမှ ခရမ်းရောင် အလင်းလုံးတစ်ခုကို ဆွဲထုတ်လိုက်ရာ ၎င်းမှာ သူ၏ ရင်ခွင်ထဲသို့ ပျံဝင်လာသည် ။

​ဂူချန်သည် လက်ကို ဆန့်ထုတ်ကာ ထိုအလင်းလုံးအတွင်းသို့ အားကုန် နှိုက်သွင်းလိုက်သည် ။ နူးညံ့နွေးထွေးသော ခံစားချက်နှင့်အတူ စွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည် ။

​ထိုအလင်းလုံးက ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ်၏ သီးသန့် အမှတ်အသားပင် ။ ယခုမှစ၍ သူ၏ ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ်တွင် ကောင်းကင်ဘုံ၏ တားဆီးမှုများ ရှိတော့မည် မဟုတ်ချေ ။ တစ်ဖက်တွင်လည်း ဤအလင်းလုံး၏ အသိအမှတ်ပြုမှုကို မရရှိပါက ဤလမ်းစဉ်တွင် ရှေ့ဆက်ရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည် ။

​တစ်ချိန်တည်းမှာပင် လှည့်စားခြင်း တာအို နှင့် ပတ်သက်သော မှတ်ဉာဏ်များမှာလည်း သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည် ။ ၎င်းတွင် မိမိကိုယ်ကိုယ် လှည့်စားခြင်းမှသည် ကောင်းကင်နှင့် မြေကြီး လှည့်စားခြင်း နယ်ပယ် အထိ ၊ တခြားသူများကို ထောင်ချောက်ဆင်သည့် နည်းလမ်းမျိုးစုံ ပါဝင်သည် ။ အခြေခံအဆင့်မှသည် မဟာဆရာကြီး အဆင့်အထိ အမွေအနှစ် ဗဟုသုတများ အားလုံး ပါဝင်နေခြင်းပင် ။

​" ဟမ်.. စစ်ဆေးမှုကရော.. "

​အမွေအနှစ်ကို လွယ်လွယ်နှင့် ရလိုက်သဖြင့် ဂူချန်မှာ ဇဝေဇဝါ ဖြစ်သွားသည် ။ စမ်းသပ်မှုတစ်ခုခု ရှိရမည် မဟုတ်လော ။

​'ငါ့ကို ရွေးချယ်ခွင့် ရတာကိုက ဒီအလင်းလုံးအတွက် ကံကောင်းခြင်းတစ်ခုလို့ မှတ်ယူပြီး စစ်ဆေးမှု အဆင့်ကို ကျော်လိုက်တာများလား ..'

​ဂူချန် သိပ်အများကြီး မစဉ်းစားတော့ဘဲ လက်ကို ထပ်မံ ဖြန့်လိုက်သည် ။ ကြည့်လိုက်ရုံဖြင့် စိတ်ဝိညာဥ်ကို ယိုင်လဲသွားစေနိုင်သော သူ၏ မျက်လုံးနှစ်ထပ်ကို ဖွင့်လိုက်ရာ ဝိညာဉ်များ၏ ငိုကြွေးသံများ ပဲ့တင်ထပ်လာသည် ။

​ချက်ချင်းပင် အနီရောင် အလင်းလုံးတစ်ခုမှာလည်း ဂူချန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြန်သည် ။ ထိုအထဲတွင် ရုပ်သေးရုပ်များနှင့် ဆေးလုံးများ သန့်စင်ခြင်သာမက ထူးဆန်းသော သားရဲများ ၊ လူအရှင်များကို မိမိစိတ်ကြိုက် ပြုပြင်အသုံးချခြင်းနှင့် ကောင်းကင်နှင့် မြေကြီး ဖြစ်စဉ်များကိုပင် ပြုပြင်ပြောင်းလဲနိုင်သော နည်းစနစ်များ ပါဝင်သည် ။

​ယခုတစ်ကြိမ်တွင်လည်း စစ်ဆေးမှု မရှိဘဲ တိုက်ရိုက် ရရှိသွားခဲ့ပြန်သည် ။

​" ဒီလောက်နဲ့ပဲ.. ပြီးပြီလား.. "

​ဂူချန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည် ။ အရာအားလုံးက လွယ်ကူလွန်းနေသဖြင့် သူ မလုံမလဲပင် ဖြစ်လာ၏ ။

​ဂူချန်က ခေါင်းကို အသားအယာ ခါယမ်းကာ ပြုံးလိုက်သည် ။ အလင်းလုံးများ၏ တောက်ပမှုကို ဂရုမစိုက်တော့ဘဲ တည်ငြိမ်စွာပင် လှည့်ထွက်လာခဲ့တော့သည် ။

​သို့သော် သူ မမျှော်လင့်ထားသည်မှာ...

​သူ ထွက်သွားပြီးနောက် ထိုအလင်းလုံးများမှာ ရည်းစားပစ်သွားခြင်း ခံရသော မိန်းမပျိုများအလား ဖြစ်ကျန်ခဲ့လေသည် ။ သူတို့၏ အပေါ်ယံ အလင်းရောင်များမှာ ပြင်းထန်စွာ တောက်ပလာပြီး မူလနေရာသို့ မပြန်တော့ဘဲ ပတ်ဝန်းကျင်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြတော့သည် ။

​တခြားသော ဖြေဆိုသူများ လာထိလျှင်ပင် တစ်ချက်သာ လက်ခနဲ ဖြစ်သွားပြီး ဖြေဆိုသူကို ကန်ထုတ်ပစ်လိုက်ကြသည် ။ ဖြေဆိုသူများမှာလည်း ရခဲလှသော အခွင့်အရေး ဖြစ်သဖြင့် လက်မလျှော့ဘဲ ထိုအလင်းလုံးများနှင့် နန်းဆောင်အတွင်း၌ နပန်းလုံးနေကြရတော့သည် ။

​တစ်နာရီခန့် ကြာပြီးနောက် ...

​အတွင်းသို့ ဝင်လာကြသော လူများမှာ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဖိုလှိုက်ဖိုလှိုက် ဖြစ်နေကြသည် ။ သူတို့မှာ စိတ်ဓာတ်ကျနေသော ပုံစံများ ဖြစ်နေကြ၏ ။

" ချီးတဲ့မှပဲ ..နောက်တစ်ခါ အခွင့်အရေးရရင် အဲ့ခွေးမသား ဂူချန်နဲ့ ဘယ်တော့မှ အတူတူ မဝင်တော့ဘူး.. "

​" သောက်ချီးပဲ.. "

​" သူက ကောင်းတာ နှစ်ခု ရွေးပြီး အေးအေးဆေးဆေး ထွက်သွားတယ် .. ငါတို့ကျတော့ ဘာလုပ်ရတော့မှာလဲ .."

​ထိုမြင်ကွင်းကို ကြည့်နေတဲ့ အဘိုးကြီးများပင်လျှင် ဆွံ့အကာ ဘာလုပ်ရမှန်း မသိဘဲ သက်ပြင်းသာ ချနေမိတော့သည် ။

​ထိုညတွင် ။

​[ အိမ်ရှင်မှ အတန်းဖော်များ၏ ကျောကို နှိပ်နယ်ပေးသည်ကို စနစ်မှ စစ်ဆေးတွေ့ရှိသည် ။ စေတနာ ရမှတ် +၃၀ ]

​[ အိမ်ရှင်မှ ယန်ကျန့် ၊ လူရှန်း အပါအဝင် အတန်းဖော် ၁၃ ဦးကို ကိုယ်ကာယ လေ့ကျင့်ပေးသည်ကို စစ်ဆေးတွေ့ရှိသည် ။ သူတို့အားလုံးက အိမ်ရှင်အပေါ် အလွန်ပင် ကျေးဇူးတင်နေကြသည် ။ စေတနာ ရမှတ် +၂၆၀ ]

​[လက်ရှိ စေတနာ ရမှတ် - ၈၆၄၀ ]

​ဂူချန်သည် သူ၏ ရှေ့မှ အလင်းမျက်နှာပြင်ကို လက်ဖြင့် ဝှေ့ယမ်းကာ ဖျောက်လိုက်ပြီးနောက် ရှေ့တွင် ရှိနေသော အနက်ရောင်ဝတ် ပုံရိပ်ကို တည်ငြိမ်စွာ မေးလိုက်သည် ။

​" အဆင်သင့် ဖြစ်ပြီလား.. "

​" ဒါပေါ့.. သခင်လေးဂူ.. "

ထိုပုံရိပ်က တုန်ခါသွားပြီးနောက် စူးရှသော ရယ်သံတစ်ခု ထွက်ပေါ်လာသည် ။

​" အချိန်ကျတာနဲ့ ငါတို့ တာအိုလက်နက် ကို သုံးပြီး လျိုလုံ တက္ကသိုလ် တစ်ခုလုံးကို ပိတ်ပစ်မယ် ။ အပြင်က ကြည့်ရင်တော့ ပုံမှန်အတိုင်းပဲ မြင်နေရမှာ ဆိုတော့ ဘယ်သူမှ သိမှာ မဟုတ်ဘူး .. "

​" ပြီးတော့ ကျုပ် တတ်နိုင်သလောက် နိဗ္ဗာနအဆင့် နောက်လိုက် ၁၇ ယောက် နဲ့ တခြား နောက်လိုက် ရာဂဏန်းကို စုစည်းထားတယ် .."

​" အင်း.. အဲဒါဆို ရပြီ.. "

ဂူချန်က ခေါင်းညိတ်လိုက်သည် ။

​သူတို့သည် လူတိုင်းက သတ်ချင်နေကြသော မိစ္ဆာဂိုဏ်းဝင်များ ဖြစ်ကြ၏ ။ လူအများကြီး စုမိလျှင် လူမိဖို့ လွယ်ကူသဖြင့် အဆင့်မြင့် လူနည်းစုဖြင့် သွားခြင်းက ပိုကောင်းသည် ။ ၎င်းအပြင် ကျန်းနန်ပြည်နယ်တွင် ရှိသော ဂူမိသားစု၏ နိဗ္ဗာနအဆင့် အသေခံ စစ်သည် ၃၀ ကျော် ရှိနေသဖြင့် ကျောင်းအုပ်ကြီးကလွဲရင် ကျန်တဲ့သူတွေကို ကိုင်တွယ်ဖို့က အေးဆေးပင် ။

​'သိပ်မကြာခင်စေတနာတန်ဖိုးတွေ အများကြီး ရတော့မယ် .. ဉာဏ်အလင်းသစ်ပင် လည်း ငါ့လက်ထဲ ရောက်တော့မယ်...'

ဂူချန် တွေးရင်း ကျေနပ်နေလေသည် ။ သူက ပုံရိပ်ကို ကြည့်ကာ ညင်သာသော လေသံဖြင့် ..

​" စိတ်မပူပါနဲ့ နံပါတ် ၇ရာ.. ငါ သူတော်စင် ဖြစ်လာတဲ့ အခါကျရင် မင်းကို မေ့မှာ မဟုတ်ပါဘူး .. "

​မြင့်မြတ်မီးလျှံဂိုဏ်း တွင် နတ်ဘုရား တမန်တော်များစွာ ရှိပြီး ဂိုဏ်းအတွင်း၌ ကုဒ်နံပါတ်များဖြင့်သာ ခေါ်ဝေါ်ကြသည် ။ သူ၏ ရှေ့မှ တမန်တော်မှာ နံပါတ် ၇ဖြစ်သည် ။ ထိုတမန်တော်က သူ့ကို အသက်စွန့် ကူညီနေခြင်းမှာ သူ၏ နောက်ခံနှင့် အနာဂတ် ပါရမီကြောင့် ဖြစ်သည်ကို သူ သိပေသည် ။

​မဟာမိတ်တစ်ခုလုံး၏ သိုင်းစာမေးပွဲတွင် ပထမရထားသော ပါရမီရှင် ၊ နောက်ခံတောင့်တင်းသည့်အပြင် အဖေကလည်း မဟာဗိုလ်ချုပ်ကြီး သုံးယောက်ထဲက တစ်ယောက် ဖြစ်နေ၍ မည်သူမဆို သူ့ကို သိမ်းသွင်းချင်ကြမှာပင် ။ သို့ရာတွင် အပြန်အလှန် အကျိုးရှိဖို့ရန်က အရေးကြီး၏ ။အကျိုးမရှိရင် မည်သူမှ သဘောကျမည်မဟုတ်ချ ။

​" အဲဒါဆိုရင်တော့ သခင်လေးဂူကို ကြိုပြီး ကျေးဇူးတင်ပါတယ်ဗျာ .. "

နံပါတ် ၇ ၏ အသံမှာ စူးရှအက်ကွဲနေဆဲပင် ။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဂူချန်က ထွက်မည့်ပုံ မပေါ်သဖြင့် သူက ထပ်မေးလိုက်သည် ။

​" မေးပါရစေ သခင်လေးဂူ.. လျိုလုံ တက္ကသိုလ်ကို တိုက်ခိုက်ဖို့အတွက် ဘယ်လို အကြောင်းပြချက် သုံးဖို့ စဉ်းစားထားလဲ .. "

​ဂူချန်က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည် ။

​" မင်းပဲ အဆင်သင့် ဖြစ်ပြီလို့ ပြောထားတာ မဟုတ်လား .. "

​" အာ.. "

နံပါတ် ၇ မှာ ပြန်မဖြေတက် ဖြစ်သွားသည် ။

​ဂူချန်က အသာအယာ ပြုံးလိုက်ကာ ထိုင်ခုံမှ ထရပ်လိုက်သည် ။

​တစ်ချိန်တည်းမှာပင် အိမ်ကြီး၏ အရိပ်များကြားမှ အနက်ရောင် ဝတ်စုံဝတ် ၊ မျက်နှာဖုံးစွပ်ထားသော ၊ အေးစက်သော အငွေ့အသက်များ ရှိသည့် လူ ၃၀ ကျော်မှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ဘေးတစ်ဖက်စီတွင် စနစ်တကျ ရပ်လိုက်ကြသည် ။ သူတို့မှာ စစ်တပ်တစ်ခုထက်ပင် ပိုမို စည်းကမ်းရှိပုံရလေသည် ။

​ဤသည်ကို မြင်လိုက်ရသောအခါ နံပါတ် ၇ ၏ ခန္ဓာကိုယ်မှာ အလိုလို တောင့်ခဲသွားသည် ။ တစ်ဖက်လူက သိုင်းစာမေးပွဲ ပြီးသည်နှင့် အဆင်သင့် ဖြစ်နေလိမ့်မယ်ဟု သူ မထင်ထားခဲ့ချေ ။

​သူ စိတ်ကို ပြန်ထိန်းကာ တည်ငြိမ်စွာ မေးလိုက်သည် ။

" သူတို့က ယုံကြည်ရလား .. "

​" သူတို့တွေက ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားတဲ့ အသေခံ စစ်သည်တွေပဲ ။ သူတို့ ခေါင်းထဲမှာ မိုက်ခရိုဗုံးတွေ တပ်ထားပြီးသားမို့ စိတ်မပူနဲ့ .. "

​" သွားကြစို့ ။ မိုးမလင်းခင် အကုန် အပြတ်ရှင်းရမယ် .. "

​ဂူချန်က လက်တစ်ချက် ဝှေ့ယမ်းကာ အိမ်ရှေ့တံခါးဆီသို့ ဦးတည် လျှောက်သွားသည် ။

​ နံပါတ် ၇ ကလည်း အနက်ရောင် မြူခိုးအဖြစ် ပြောင်းလဲကာ နောက်မှ လိုက်သွားရင်း သတိပေးစကား ပြောလိုက်၏ ။

​" သခင်လေးဂူ.. သခင်လေးက အခု နိဗ္ဗာနအဆင့် အထွတ်အထိပ်မှာ ရှိနေပေမဲ့ လျိုလုံ ကျောင်းအုပ်ကြီးက နတ်ဘုရားတက်လှမ်းခြင်းအဆင့် မှာ ရှိနေတာနော်..ကျုပ်ရဲ့ အကူအညီလိုသေးလား.. "

​အဆင့် ၆( နတ်ဘုရားတက်လှမ်းခြင်းအဆင့်) သို့​ရောက်လျှင် နတ်ဘုရားအာရုံ ကို ရရှိထားသဖြင့် တိုက်ပွဲတွင် အလွန်ပင် အားသာချက် ရှိသည် ။ အဆင့်မြင့်သူကို အနိုင်ယူဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ။

​" မလိုဘူး .. "

​ဂူချန်က ပြင်ဆင်ထားသော ခြေရာဖျောက် အာကာသ ရတနာပေါ်သို့ တက်လိုက်ရင်း ပြောလိုက်သည် ။

​" အခုတော့ ငါ့အဆင့်က သူ့ထက် နိမ့်နေတာ မှန်တယ် ။ ဒါပေမဲ့ မကြာခင်မှာ အဲဒီလို ဖြစ်တော့မှာ မဟုတ်ဘူး ။ မြန်မြန် သွားကြစို့ ... "

​နံပါတ် ၇ မှာ နားမလည်နိုင်သော်လည်း တစ်ဖက်လူက ကြွားနေသည့်ပုံ မပေါ်သဖြင့် သူလည်း ရတနာကို ထုတ်ကာ လျိုလုံ တက္ကသိုလ်ဆီသို့ ဦးတည် လိုက်ပါသွားတော့သည် ။

All Chapters