အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း (၂၂၁) - အိမ်အသစ်၊ ဖွဲ့စည်းပုံနှင့် တပ်တွင်းစည်းမျဉ်းအသစ် (၃)
“စနစ်... ဒီသလင်းကျောက်အမြုတေ ကိုးခုအပေါ်မှာ သွက်လက်မှု (အဖြူရောင်) ဝိသေသလက္ခဏာရပ်ကို ပေးအပ်ပါ”
“စနစ်... ဒီသလင်းကျောက်အမြုတေ ကိုးခုအပေါ်မှာ ကိုယ်ပျောက်ခြင်း (အစိမ်းရောင်) ဝိသေသလက္ခဏာရပ်ကို ပေးအပ်ပါ”
သူ ရွေးချယ်လိုက်သော ဝိသေသလက္ခဏာရပ် သုံးခုစလုံးမှာ အခြေခံကျသော်လည်း အလွန်လက်တွေ့အသုံးကျသည်။
အမြန်နှုန်းမြှင့်တင်ခြင်းနှင့် သွက်လက်မှုကို ယင်းဖုန်း၏ အဓိကပင်ကိုစွမ်းရည်များဖြစ်သော လေစီးကြောင်းအမြန်နှုန်းမြှင့်တင်ခြင်းနှင့် တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းတို့၏ ရိုးရှင်းသော အဆင့်နိမ့်အမျိုးအစားများအဖြစ် မြင်နိုင်သည်။
ကိုယ်ပျောက်ခြင်းကတော့ ဖုံးကွယ်ခြင်းနှင့် ကင်းထောက်ခြင်း စွမ်းရည်အားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ဝိသေသလက္ခဏာရပ်တစ်ခုတည်း၏ အကျိုးသက်ရောက်မှုမှာ ယင်းဖုန်း၏ အစွမ်းထက်သော ပင်ကိုစွမ်းရည်များနှင့် နှိုင်းယှဉ်၍မရသော်လည်း သုံးခုပေါင်းစပ်လိုက်သောအခါ မည်သည့် နှင်းဝံပုလွေကိုမဆို ရွေ့လျားမှုအမြန်နှုန်းနှင့် ကိုယ်ပျောက်နိုင်စွမ်းများတွင် အရည်အသွေးပိုင်းအရ ခုန်ပျံကျော်လွှားသွားစေရန် လုံလောက်နေပြီဖြစ်သည်။
ဤသည်မှာ အခြေခံ ကင်းထောက်နှင့် ထိုးဖောက်ဝင်ရောက်ရေး တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန်အတွက် အလိုအပ်ဆုံးသော စွမ်းရည်ပင်ဖြစ်သည်။
သလင်းကျောက်အမြုတေ ကိုးခုသည် အဖြူရောင်နှင့် အစိမ်းရောင် အလင်းများဖြင့် အစဉ်လိုက် လင်းလက်သွားပြီး ဝိသေသလက္ခဏာရပ် ပေးအပ်ခြင်း ပြီးစီးသွားသည်။
လင်းထျန်းလုံက တစ်ကြိမ် စစ်ဆေးကြည့်ပြီး အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ၎င်းတို့ကို ယာယီ သိမ်းဆည်းလိုက်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူ၏အကြည့်သည် အောက်ဘက်ရှိ စည်းစနစ်ကျသော ဝံပုလွေအသိုက်ဆီသို့ နောက်တစ်ဖန် ရောက်သွားပြီး အချိန်အတော်ကြာ စဉ်းစားထားခဲ့သော စိတ်ကူးတစ်ခုက သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ဝံပုလွေအုပ်စု၏ အလားအလာများကို ပိုမိုကောင်းမွန်စွာ လှုံ့ဆော်ပေးနိုင်မည့် ပြည့်စုံသော စနစ်တစ်ခုကို တည်ထောင်ရန် အချိန်ရောက်ပြီဖြစ်သည်။
သူ မတ်တတ်ရပ်လိုက်ပြီး မိခင်သစ်ပင်၏ အလွန်တရာ ကြီးမားလွန်းသော ပင်စည်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
သူ၏ ညာဘက်ရှေ့လက်ဖဝါးကို မြှောက်လိုက်ရာ အေးစက်သော အလင်းရောင်များ လင်းလက်နေသည့် ထက်ရှသော လက်သည်းများဖြင့် ကြမ်းတမ်းသော သစ်ခေါက်ပေါ်တွင် ရှင်းလင်းနက်ရှိုင်းသော ဒေါင်လိုက်အမှတ်အသားတစ်ခုကို ထွင်းထုလိုက်သည်။
“အားလုံး စုကြ”
နက်ရှိုင်းပြီး ခံ့ညားသော ဝံပုလွေဟိန်းဟောက်သံတစ်ခုက မကျယ်လောင်သော်ငြား ဝံပုလွေအသိုက်၏ ထောင့်တိုင်းသို့ မမြင်ရသော လှိုင်းဂယက်တစ်ခုအလား ပြန့်နှံ့သွားသည်။
ကျောက်တုံးများကို ချွေးထွက်အောင် သယ်နေကြသော တည်ဆောက်ရေးသမားများဖြစ်စေ၊
လေ့ကျင့်ရေးနယ်မြေတွင် ဝိညာဉ်စွမ်းအင်များကို အာရုံစူးစိုက်စွာ စုပ်ယူနေကြသော စွမ်းအင်ကျင့်ကြံသူများဖြစ်စေ၊
သို့မဟုတ် အစမ်းတိုက်ပွဲများတွင် အပြင်းအထန် တိုက်ခိုက်နေကြသော စစ်သည်များဖြစ်စေ။
ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့၏ အလုပ်များကို ချက်ချင်းရပ်တန့်လိုက်ကြသည်။
တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ မိခင်သစ်ပင်အောက်သို့ လျင်မြန်စနစ်ကျစွာ စုဝေးလာကြသည်။
အသက်ရှူကြိမ် ဒါဇင်အနည်းငယ်အတွင်းမှာပင် သိပ်သည်းလှသော ဝံပုလွေအုပ်စုကြီးသည် လင်းထျန်းလုံ အရှေ့တွင် တိတ်တဆိတ် ခစားနေကြပြီဖြစ်ပြီး သူတို့မျက်လုံးများက သူတို့ဘုရင်ကြီးကို ရိုသေလေးစားစွာ မော့ကြည့်နေကြသည်။
“ဒီနေ့ကစပြီး ဝံပုလွေအသိုက်မှာ စစ်ရေးစွမ်းဆောင်ရည် မှတ်တမ်းကို တည်ထောင်လိုက်တယ်”
လင်းထျန်းလုံ၏ အတွေးလှိုင်းက တည်ငြိမ်ရှင်းလင်းပြီး ဝံပုလွေတိုင်း၏ စိတ်ထဲတွင် တိုက်ရိုက် မြည်ဟည်းသွားသည်။
“ငါ့ရဲ့ ဝံပုလွေအသိုက်အတွက် တိုက်ပွဲဝင်သူ၊ အမဲလိုက်သူ၊ တည်ဆောက်သူ၊ ဒါမှမဟုတ် အကျိုးရှိမယ့် အကြံဉာဏ်တွေ ပေးတဲ့သူတိုင်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို စစ်သူကြီးတွေက အတည်ပြုပြီးရင် ဒီဘုတ်ပြားပေါ်မှာ မှတ်တမ်းတင်ပေးမယ်”
သူ၏လက်သည်းက ထပ်မံရွေ့လျားသွားသည်။ စစ်ရေးစွမ်းဆောင်ရည် မှတ်တမ်းစတင်ကြောင်း ကိုယ်စားပြုသော ဒေါင်လိုက်အမှတ်အသားဘေးတွင် ထူးခြားပြီး ရိုင်းစိုင်းစွမ်းအားကြီးမားသော တိုက်ပွဲပုံစံတစ်ခုကို ထွင်းထုလိုက်သည်။
၎င်းမှာ ထျန်းပင်း၏ သင်္ကေတပင်။ ချက်ချင်းပင် တိုက်ပွဲပုံစံနောက်တွင် “၇၀၀” ဟူသော ရှင်းလင်းသည့် ဂဏန်းတစ်ခုကို ထွင်းထုလိုက်သည်။
“ထျန်းပင်း... အရင်က ပြင်ပရန်သူတွေကို ခုခံရာမှာ၊ တိုက်ပွဲမြေပြင်အတွင်း အဆင့်တက်ရာမှာ၊ ပြီးတော့ ရန်သူ့စစ်သူကြီးကို သတ်ဖြတ်ရာမှာ မင်းရဲ့ စွမ်းဆောင်ရည်က အမြင့်ဆုံးပဲ၊ မင်းကို စစ်ရေးစွမ်းဆောင်ရည်အမှတ် ခုနစ်ရာ သတ်မှတ်ပေးတယ်”
ဝံပုလွေအုပ်စုထဲမှ လှုပ်ရှားမှုနှင့် ညည်းတွားသံတိုးတိုးများ ချက်ချင်း ထွက်ပေါ်လာသည်။ ဝံပုလွေအားလုံး၏ အကြည့်သည် ရှေ့ဆုံးတွင် ခေါင်းမော့ကာ ရပ်နေပြီး ရွှေရောင်ရင့်ရင့် အမွေးများ လင်းလက်နေသော ထျန်းပင်းထံသို့ ရောက်သွားကြသည်။
သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်၍မရသော အားကျမှု၊ ရိုသေလေးစားမှုနှင့် တောက်လောင်နေသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
“ဒီနေ့ကစပြီး ငါ့ရဲ့ ဝံပုလွေအုပ်စုထဲက ဘယ်အဖွဲ့ဝင်မဆို စစ်ရေးစွမ်းဆောင်ရည်အမှတ် တစ်ထောင် ပြည့်သွားရင်...”
အောက်ဘက်ရှိ ရုတ်တရက် လင်းလက်လာသော မရေမတွက်နိုင်သည့် မျက်လုံးများကို ဝေ့ကြည့်ရင်း လင်းထျန်းလုံ၏ အသံ ခေတ္တရပ်သွားသည်။
“ငါ့ဆီကနေ သွေးမျိုးဆက်အဆင့်မြှင့်တင်ဖို့ ဒါမှမဟုတ် စွမ်းရည်ပေးအပ်ခံရဖို့ အခွင့်အရေးတစ်ခုကို တောင်းဆိုခွင့်ရှိတယ်”
‘အာဝူးးးး၊ အာ၀ူးးးး'
ဤစကားများသည် ဆူပွက်နေသော ဆီအိုးထဲ ရေအေးတစ်ခွက် လောင်းချလိုက်သည့်နှယ် ကွင်းပြင်တစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
ညည်းတွားသံတိုးတိုးများသည် စိတ်လှုပ်ရှားသည့် ဟိန်းဟောက်သံများအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေတိုင်၏ မျက်လုံးများထဲမှ ထိတွေ့နိုင်လောက်အောင်အထိ ပူလောင်သော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဘုရင်ကြီး၏ ကျေးဇူးတော်။
ဘုရင်ကြီး ကိုယ်တိုင်ပေးအပ်မည့် ဆုလာဘ်။
မည်သည့်ဝံပုလွေကမျှ ဤစကားများ လိမ်ညာနေခြင်းဖြစ်မည်ကို သံသယမရှိကြပေ။
ထျန်းပင်း၊ ရန့်မြဲ့နှင့် ယင်းဖုန်း ဟူသော စစ်သူကြီးသုံးဦး၏ လျင်မြန်သော တိုးတက်မှုက အကောင်းဆုံး သက်သေပင်ဖြစ်သည်။
၎င်းသည် သူတို့ ကြိုးစားလုပ်ဆောင်ပြီး စွမ်းဆောင်ရည်အမှတ်များ လုံလောက်စွာ ရရှိပါက သူတို့လည်း တစ်ချိန်က လက်လှမ်းမမီနိုင်ခဲ့သော စွမ်းရည်အဆင့်ကို ထိတွေ့ခွင့်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ရန့်မြဲ့”
“ဘုရင်ကြီး” ရန့်မြဲ့က ရှေ့တစ်လှမ်းတိုးလာပြီး ရှေ့ခြေထောက်များကို အနည်းငယ် ကွေးထားလိုက်သည်။
“မင်းကို အထွေထွေ ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်တယ်၊ ဝံပုလွေအုပ်စုအဖွဲ့ဝင်အားလုံးရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို မှတ်တမ်းတင်ပြီး အတည်ပြုဖို့၊ ပြီးတော့ ဒီဘုတ်ပြားကို အချိန်နဲ့အမျှ ပြုပြင်ဖို့ တာဝန်ယူရမယ်၊ တရားမျှတပြီး ရှင်းလင်းမှုရှိအောင် မင်းသေချာလုပ်ရမယ်”
“ဟုတ်ကဲ့ပါ၊ ရန့်မြဲ့ အမိန့်ကို လက်ခံရရှိပါတယ်၊ ဘုရင်ကြီးရဲ့ ယုံကြည်မှုကို ဘယ်တော့မှ အလဟဿ မဖြစ်စေရပါဘူး” ရန့်မြဲ့က ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်ပြီး သူ၏ အေးစက်သော အကြည့်ထဲတွင် အကြွင်းမဲ့ လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
“ယင်းဖုန်း”
သူ စကားစလိုက်သည်နှင့် ဘေးဘက်ရှိ အရိပ်များ ကောက်ကွေးသွားပြီး ယင်းဖုန်း၏ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်တဆိတ် ထွက်ပေါ်လာလေသည်။
သူ၏ ငွေဖြူရောင် ဝံပုလွေမျက်လုံးများမှာ ယခင်ကအတိုင်း တည်ငြိမ်နေဆဲပင်။
“မင်းရဲ့ အရင်ကင်းထောက်အဖွဲ့ဟာ အရင်က ကင်းထောက်တာနဲ့ ကြိုတင်သတိပေးတာတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ရန်သူ့အခြေအနေတွေကို ရှင်းလင်းစေခဲ့တယ်၊ ဒီတိုက်ပွဲမှာလည်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တယ်၊ အသက်ရှင်ကျန်ရစ်တဲ့ အဖွဲ့ဝင်အားလုံးကို စစ်ရေးစွမ်းဆောင်ရည်အမှတ် တစ်ရာစီ သတ်မှတ်ပေးတယ်”
လင်းထျန်းလုံသည် သူတို့၏ စွမ်းဆောင်ရည်များကို အရင်ဆုံး အသိအမှတ်ပြုပြီးမှ ဆက်လက် အမိန့်ပေးလိုက်သည်။
“ဒါကို အခြေခံပြီး ‘ကင်းလှည့်အမဲလိုက်တပ်ရင်း’ အဖြစ် ပြန်လည်ဖွဲ့စည်းပြီး ချဲ့ထွင်လိုက်၊ မင်း အပြည့်အဝကွပ်ကဲခွင့်ရှိတယ်၊ ကင်းထောက်တာ၊ ထိုးဖောက်ဝင်ရောက်တာ၊ သတင်းအချက်အလက် စုဆောင်းတာတွေအပြင် လိုအပ်တဲ့ လုပ်ကြံသတ်ဖြတ်တာနဲ့ ခေါင်းဖြတ်တာဝန်တွေကို အထူးလုပ်ဆောင်ရမယ်”
“အမိန့်အတိုင်းပါ”
လင်းထျန်းလုံသည် သူ ကြိုတင်ရွေးချယ်ပြီး အကြောင်းကြားထားသော နှင်းဝံပုလွေကိုးကောင်ထံသို့ အကြည့်ရွှေ့လိုက်သည်။
သူတို့တစ်ကောင်စီတိုင်းတွင် တောင့်တင်းသော ခန္ဓာကိုယ်များနှင့် သွက်လက်သော မျက်လုံးများ ရှိကြပြီး ဝံပုလွေအုပ်စုထဲတွင် အမြန်နှုန်းနှင့် သွက်လက်မှုပိုင်း၌ အထူးချွန်ဆုံးသော သူများဖြစ်သည်။
သူတို့ထဲတွင် သွေးနှင့် မီးတောက်များ၏ စမ်းသပ်မှုကို ဖြတ်ကျော်ကာ အသက်ရှင်ကျန်ရစ်ခဲ့သော မူလကင်းထောက်အဖွဲ့မှ ဝါရင့်၀ံပုလွေနှစ်ကောင်လည်း ပါဝင်သည်။
“မင်းတို့ ကိုးကောင်က ဒီအချိန်ကစပြီး ကင်းလှည့်အမဲလိုက်တပ်ရင်းထဲကို ဝင်ရောက်ရမယ်၊ ‘နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်’ လို့ ခေါ်ဆိုမယ်၊ ယင်းဖုန်းရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာပဲ ရှိရမယ်”
ထိုနှင်းဝံပုလွေ ကိုးကောင်မှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေကြပြီး ကောင်းကင်ယံသို့မော့ကာ ဟိန်းဟောက်လိုသော ဆန္ဒကို ကြိတ်မှိတ်ထိန်းချုပ်ရင်း သစ္စာစောင့်သိမှုကို ပြသရန် မှောက်လျက်သား ခစားလိုက်ကြသည်။
လင်းထျန်းလုံသည် သူ ကြိုတင်ပြင်ဆင်ထားသော၊ အမြန်နှုန်းမြှင့်တင်ခြင်း၊ သွက်လက်မှုနှင့် ကိုယ်ပျောက်ခြင်းတို့ကို ကိုယ်စားပြုသော အလင်းများ လွှမ်းခြုံနေသည့် သလင်းကျောက်အမြုတေ ကိုးခုကို ထုတ်ယူလိုက်သည်။
“ဒါတွေက မင်းတို့ရဲ့ တာဝန်အသစ်တွေကို ပိုမြန်မြန် ကျွမ်းကျင်လာစေဖို့ ကင်းလှည့်အမဲလိုက်တပ်ရင်းကို ပေးအပ်တဲ့ ကနဦးပစ္စည်းတွေပဲ”
နှင်းဝံပုလွေကိုးကောင်သည် တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တိုးလာကြပြီး သက်ဆိုင်ရာ သလင်းကျောက်အမြုတေများကို ဂရုတစိုက် မျိုချလိုက်ကြသည်။
ခဏအကြာတွင် သူတို့၏ ခန္ဓာကိုယ်များပေါ်ရှိ စွမ်းအင်လှိုင်းများ ရုတ်တရက် သက်ဝင်လှုပ်ရှားလာခဲ့သည်။ သူတို့၏ အဆင့်အတားအဆီးများ ပြိုကွဲသွားပြီး ပါရမီရှင်အဆင့်သို့ အတူတကွ တက်လှမ်းသွားကြတော့သည်။
ထို့အပြင် သူတို့၏ ခြေလက်များမှာ ပိုမိုရှည်လျားသန်မာလာပြီး ကြွက်သားများမှာ ပိုမိုကျစ်လစ်လာကာ အကြည့်များမှာလည်း ပိုမိုထက်ရှလာခဲ့သည်။
သဘာဝလေပြည်လေညင်းလေးက သူတို့၏ လှုပ်ရှားမှုများနှင့်အတူ ပါလာပြီး ဖမ်းဆုပ်ရခက်သော ပေါ့ပါးမှုနှင့် ကိုယ်ပျောက်နိုင်စွမ်းများကို သက်သေပြလိုက်လေသည်။
သူ့ရှေ့ရှိ စိတ်ဓာတ်တက်ကြွနေပြီး တောက်လောက်နေသော မျက်လုံးများနှင့် စည်းစနစ်တကျရှိသော ဝံပုလွေအုပ်စုကြီးကို ကြည့်ရင်း၊
ပြီးနောက် ပုံစံပေါ်စပြုနေပြီဖြစ်သော စည်ပင်ဝပြောမည့် အိမ်လေးကို ကြည့်ရင်း လင်းထျန်းလုံ၏ ရင်ထဲတွင် အရာအားလုံးကို စနစ်တကျ ထိန်းချုပ်ထားနိုင်မှုမှ လာသော လုံခြုံမှုများ ပြည့်နှက်လာတော့သည်။
စစ်ရေးစွမ်းဆောင်ရည်မှတ်တမ်းကို တည်ထောင်ခြင်းသည် စွမ်းရည်များကို ဆုချီးမြှင့်ရန်နှင့် ဝံပုလွေအုပ်စု၏ အစပျိုးမှုကို လှုံ့ဆော်ရန်အတွက်သာမက…..
ဝံပုလွေအသိုက်တစ်ခုလုံး၏ စွမ်းအားများကို ပိုမိုစနစ်ကျပြီး ထိရောက်စွာ ပေါင်းစပ်ရန်၊ ရှင်းလင်းသော ရာထူးလမ်းကြောင်းများနှင့် အလုပ်ဝေခွဲရေးစနစ်တစ်ခု ဖန်တီးရန်ဖြစ်ရာ စွမ်းရည်တိုင်းသည် ၎င်းနှင့် ထိုက်တန်သည့်သူကို ရှာတွေ့နိုင်ပြီး အမြင့်ဆုံးတန်ဖိုးကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။
ခေါင်းမော့လိုက်ရာ သူ၏ ရေခဲပြာရောင်မျက်လုံးများက ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး အနောက်မြောက်ဘက်သို့ နောက်တစ်ကြိမ် ကြည့်လိုက်ပြန်လေသည်။
ဝိညာဉ်နက်တောင်ကြော၏ ဖုံးကွယ်နေပြီး အစွမ်းထက်သော အငွေ့အသက်သည် ဖုံးကွယ်မထားသော မနာလိုမှုများနှင့်အတူ ထိုနေရာတွင် ထင်ဟပ်နေဆဲဖြစ်သည်။
“အတွင်းပိုင်း ဖွဲ့စည်းပုံကတော့ အဆင်သင့်ဖြစ်နေပြီ”
အခန်း (၂၂၂) - ဝံပုလွေအသိုက်၏ မူဝါဒအသစ် (၁)
နံနက်ခင်း နေရောင်ခြည်သည် မိခင်သစ်ပင်ကြီး၏ သစ်ကိုင်းနှင့် သစ်ရွက်များကြားမှ ဖြတ်သန်းကာ ဝံပုလွေအသိုက်၏ ကွင်းပြင်ပေါ်သို့ နွေးထွေးသော အလင်းကွက်များအဖြစ် ကျရောက်နေသည်။
အသစ်ဖွဲ့စည်းထားသော နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်အဖွဲ့သည် ပြင်းထန်သော နံနက်ခင်းလေ့ကျင့်ခန်းကို ပြုလုပ်နေကြသည်။
သူတို့၏ ပုံရိပ်များသည် မြန်ဆန်လွန်းသဖြင့် အရိပ်များပင် ဖြစ်ပေါ်နေကာ ကွင်းပြင်ပေါ်တွင် ရှေ့နောက် ပြေးလွှားနေကြပြီး တစ်ခါတစ်ရံတွင် အရိပ်များထဲသို့ ရုတ်တရက် ပျောက်ကွယ်သွားကာ တစ်ခါတစ်ရံတွင် မျှော်လင့်မထားသော ထောင့်များမှ ရုတ်တရက် ထွက်ပေါ်လာကြသည်။
ယင်းဖုန်းသည် အဖွဲ့ဝင်များကြားတွင် သွားလာနေသည်။
သာမန် နှင်းဝံပုလွေတစ်ကောင်ထက် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော သူ၏ခန္ဓာကိုယ်သည် နံနက်ခင်းအလင်းရောင်အောက်တွင် ရွေ့လျားနေပြီး သူ၏မည်းနက်နေသော အမွေးများက အလင်းရောင်ကို လုံးဝ ရောင်ပြန်ဟပ်ခြင်း မရှိသဖြင့် သူ့ကို သက်ဝင်လှုပ်ရှားနေသော အရိပ်တစ်ခုနှင့် တူနေစေသည်။
သူသည် အဖွဲ့ဝင်အသစ်တစ်ဦးရှေ့တွင် ရပ်လိုက်ပြီး ထိုဝံပုလွေလေး ပြင်းထန်စွာ အသက်ရှူနေသည်ကို ကြည့်နေသည်။
“မရဘူး... မင်းရဲ့ အသက်ရှူပုံက လုံးဝ မှားနေတယ်” ယင်းဖုန်း၏ အသံက တည်ငြိမ်သော်လည်း လုံးဝလွန်ဆန်၍မရသော အာဏာပါဝင်နေသည်။
“ကိုယ်ပျောက်တယ်ဆိုတာ အသက်အောင့်ထားရတဲ့ ပြိုင်ပွဲတစ်ခု မဟုတ်ဘူး၊ အဲဒါက ကိုယ့်ကိုယ်ကိုယ် ပတ်ဝန်းကျင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားအောင် လုပ်ရတာ”
“မင်းက အမြန်နှုန်းမြှင့်တင်ခြင်းကို သုံးပြီး အရှိန်တင်ပြေးတဲ့အခါ သွက်လက်မှုကို ကြိုသုံးပြီး မင်းရဲ့ ကြွက်သားတွေကို ချိန်ညှိရင်း နောက်ဆက်တွဲလာမယ့် ကိုယ်ပျောက်ခြင်းအတွက် ပြင်ဆင်ထားရမယ်၊ ဒီသုံးခုက ရေစီးကြောင်းလို သဘာဝကျကျ ဆက်တိုက်ဖြစ်နေရမယ်”
သူက ကိုယ်တိုင် သရုပ်ပြလိုက်သည်။ ယင်းဖုန်းသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး တတိယခြေလှမ်း မြေပြင်နှင့် ထိလိုက်သည်နှင့် ပုံရိပ်သည် ရုတ်တရက် ဝေဝါးသွားကာ သူ၏တည်ရှိနေမှုသည် သိသိသာသာ ဝေဝါးပျောက်ကွယ်သွားတော့၏။
နောက်တစ်စက္ကန့်တွင် အနီးအနားရှိ ရေခဲအိမ်တစ်ခု၏ အရိပ်ထဲသို့ ပြီးပြည့်စုံစွာ ပေါင်းစပ်ဝင်ရောက်သွားပြီး သူ၏အသက်ရှူသံပင် ပျောက်ကွယ်သွားတော့သည်။
အဖွဲ့ဝင်သစ်အချို့မှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြပြီး သူတို့သည် သူ၏အဆင့်နှင့် အလှမ်းဝေးနေသေးကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။
အတွေ့အကြုံနုနယ်သော်လည်း အလားအလာရှိသော ဤအဖွဲ့ဝင်သစ်များကို ကြည့်ရင်း ယင်းဖုန်း၏ရင်ထဲတွင် စိတ်သက်သာရာရသွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ကင်းထောက်တာဝန်များအတွင်း စွန့်လွှတ်အနစ်နာခံသွားခဲ့ကြသော သူ၏ ညီအစ်ကိုဟောင်းများနှင့် အလောင်းပင် ပြန်မရခဲ့သော ထိုအဖော်များကို သူ မတွေးမိဘဲ မနေနိုင်ခဲ့ပေ။
ယခုအခါ ဘုရင်ကြီးသည် ဤအဖွဲ့ကို ပြန်လည်တည်ဆောက်ပေးခဲ့ရုံသာမက “နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်” ဟူသော ကြီးမားသည့် အမည်နာမကိုပါ ပေးအပ်ခဲ့သည်။
သူ ဤယုံကြည်မှုကို လုံးဝ အလဟဿ မဖြစ်စေရဟု စိတ်ပိုင်းဖြတ်ထားလေ၏။
လေ့ကျင့်ရေးအစီအစဉ် ခေတ္တရပ်နားလိုက်ချိန်တွင် ယင်းဖုန်းသည် မိခင်သစ်ပင်၏ ကြီးမားသော အမြစ်များပေါ်တွင် လှဲလျောင်းကာ ဤမြင်ကွင်းကို စောင့်ကြည့်နေသော လင်းထျန်းလုံထံသို့ တိတ်တဆိတ် လျှောက်သွားလိုက်ပြီး ရိုသေစွာ ခေါင်းငုံ့လိုက်သည်။
“ဘုရင်ကြီး”
လင်းထျန်းလုံသည် ကြီးမားသော ဝံပုလွေခေါင်းကြီးကို လှည့်လာပြီး ရေခဲပြာရောင် မျက်လုံးများဖြင့် ယင်းဖုန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်တွေက သူတို့ရဲ့ စွမ်းရည်အသစ်တွေကို နည်းနည်း ကျွမ်းကျင်လာကြပါပြီ၊ ဒါပေမယ့် စစ်မှန်တဲ့ ကျွမ်းကျင်အဆင့် ထောက်လှမ်းသူ၊ လုပ်ကြံသတ်ဖြတ်သူတွေ ဖြစ်လာဖို့ဆိုတာတော့ အများကြီး လိုပါသေးတယ်”
ယင်းဖုန်း၏ အတွေးလှိုင်းများသည် ရှင်းလင်းတည်ငြိမ်နေသည်။
“သူတို့ကို ပိုအသေးစိတ်ကျပြီး စနစ်ကျတဲ့ လေ့ကျင့်မှုတွေနဲ့ သွေးပေးဖို့ လိုအပ်သလို သူတို့နဲ့ ကိုက်ညီတဲ့ သီးသန့်အရင်းအမြစ်တွေလည်း လိုအပ်ပါတယ်”
“အသေးစိတ် ပြောပြစမ်းပါ” လင်းထျန်းလုံက တိုတိုတုတ်တုတ် ပြောလိုက်၏။
“အဓိကကတော့ အပိုင်းနှစ်ပိုင်းပါ” ယင်းဖုန်းမှာ သေချာပေါက် အားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။
“ပထမတစ်ခုက အရင်းအမြစ်တွေပါ၊ ကျွန်တော်တို့ အမြန်နှုန်းနဲ့ ဖုံးကွယ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မယ့် ဝိညာဉ်ပစ္စည်းတွေ လိုအပ်ပါတယ်"
“ဥပမာ... လေစွမ်းအင်ကို သန့်စင်ပေးပြီး လှုပ်ရှားမှုတွေကို ပိုသွက်လက်စေတဲ့ လေဝိညာဉ်မြက်နဲ့ အရိပ်စွမ်းအားကို နားလည်မှုကို ပိုနက်ရှိုင်းစေပြီး ကိုယ်ပျောက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို နောက်တစ်ဆင့်အထိ မြှင့်တင်ပေးနိုင်တဲ့ အရိပ်ပျံလွှားပန်းမျိုးတွေပါ”
“ဒုတိယတစ်ခုက လေ့ကျင့်ရေးကွင်းပါ။ တောင်ဘက် ရှေးဟောင်းတောအုပ်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာက အရိပ်ချိုင့်ဝှမ်းမှာ မြေပြင်အနေအထား ရှုပ်ထွေးပြီး အလင်းရောင်မှိန်တဲ့အပြင် ထူးခြားတဲ့ စွမ်းအင်စက်ကွင်းတစ်ခုလည်း ရှိတာကြောင့် ကိုယ်ပျောက်တာ၊ ခြေရာခံတာ၊ ခြေရာဖျောက်တာနဲ့ အဖွဲ့ငယ်လေးတွေ တိုက်ခိုက်ရေး လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပါ”
“အရင်းအမြစ်ခွဲဝေမှုနဲ့ လေ့ကျင့်ရေးကွင်းတွေမှာ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်တွေကို ဦးစားပေးဖို့ တောင်းဆိုချင်ပါတယ်”
လင်းထျန်းလုံ တိတ်ဆိတ်စွာ နားထောင်နေသည်။
သူ၏ အကြည့်များသည် ပင်ပန်းနွမ်းနယ်နေသော်ငြား ပြတ်သားသော မျက်လုံးများရှိသည့် မျိုးဆက်သစ်ဝံပုလွေ လျှို့ဝှက်အစောင့်အရှောက်များအပေါ် ဖြတ်ပြေးသွားပြီးနောက် အဖွဲ့၏ တိုးတက်မှုအတွက် နက်ရှိုင်းစွာ တွေးတောနေသော သူ့ရှေ့ရှိ စစ်သူကြီးကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် အသိအမှတ်ပြုသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။
“ခွင့်ပြုတယ်” သူက ပြတ်သားစွာ အတည်ပြုပေးလိုက်ပြီး မိခင်သစ်ပင်၏အမြစ်များပေါ်မှ မတ်တတ်ထရပ်လိုက်သည်။
သူ ဟိန်းဟောက်ရန်ပင်မလိုပေ။
မိခင်သစ်ပင်ရှေ့ရှိ အနည်းငယ် မြင့်သော ကုန်းစောင်းပေါ်တွင် သူ ရပ်လိုက်သည်နှင့် ဝံပုလွေအသိုက်တစ်ခုလုံး အသံပိတ်ခလုတ် နှိပ်ခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွားပြီး အဖွဲ့ဝင်အားလုံး၏မျက်လုံးများသည် သူ့ထံသို့ အလိုအလျောက် စူးစိုက်ကျရောက်သွားကြသည်။
“စစ်သည်တိုင်းနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းသစ်တစ်ခုကို အခု ငါ ကြေညာမယ်” လင်းထျန်းလုံ၏အသံသည် ဝံပုလွေတိုင်း၏စိတ်ထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။
“ဒီနေ့ကစပြီး ဝံပုလွေအသိုက်မှာ အရင်းအမြစ် ခွဲဝေရေးစနစ်သစ်တစ်ခုကို ကျင့်သုံးမယ်”
“မဟာနှင်းအစောင့်အရှောက်၊ ရေပြာကြေးခွံအစောင့်အရှောက်၊ အစောင့်အရှောက်အဖွဲ့တွေ၊ လုပ်ကြံသတ်ဖြတ်သူအဖွဲ့တွေ၊ ကင်းလှည့်အမဲလိုက်တပ်ရင်းနဲ့ အသစ်ဖွဲ့စည်းထားတဲ့ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် အပါအဝင် တိုက်ခိုက်ရေးတပ်ဖွဲ့ အားလုံးဟာ အမဲလိုက်တာနဲ့ တိုက်ပွဲတွေကနေ ရလာတဲ့ စစ်သုံ့ပန်းပစ္စည်း အားလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းကိုပဲ အများပိုင်ဂိုဒေါင်ကို ပေးအပ်ဖို့ လိုတော့တယ်"
“အဲဒါတွေကို အခြေခံအဆောက်အဦတွေ၊ မျိုးနွယ်စု သက်သာချောင်ချိရေးနဲ့ အရန်ရိက္ခာအဖြစ် ဝံပုလွေအသိုက်အတွက် တူညီစွာ စီမံခန့်ခွဲသွားမယ်”
သူက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားစေနိုင်လောက်သော ဤသတင်းကို အပြည့်အဝ နားလည်သွားစေရန် ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“ကျန်တဲ့ ငါးဆယ်ရာခိုင်နှုန်းကိုတော့ တိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ခုချင်းစီက ကိုယ်ပိုင်စီမံခွင့် ရှိတယ်”
“တပ်ဖွဲ့မှူး တစ်ယောက်ချင်းစီက ဒီအရင်းအမြစ်တွေကို ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်တွေအပေါ် မူတည်ပြီး အဖွဲ့ရဲ့ အလုံးစုံစွမ်းအားမြှင့်တင်ရေးကို ဦးစားပေးကာ အချိုးကျခွဲဝေပေးရမယ်"
“ဒီနည်းလမ်းက ဌာနအားလုံးကို လှုံ့ဆော်ပေးဖို့၊ အခွင့်အရေးနဲ့ တာဝန်တွေကို ရှင်းလင်းစေဖို့နဲ့ အဖွဲ့တိုင်းက သူတို့ရဲ့ ကိုယ်ပိုင် အထူးပြုစွမ်းရည်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ပဲ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝံပုလွေအသိုက်သည် လုံးဝ ပေါက်ကွဲသွားတော့သည်။
“အရမ်းကောင်းတယ်... မိုက်တယ်ဟေ့” ထျန်းပင်းက ပထမဆုံး စိတ်လှုပ်ရှားစွာ ခုန်ထလိုက်ရာ သူ၏ ရွှေရောင်ရင့်ရင့် အမွေးများက နေရောင်အောက်တွင် လင်းလက်သွားသည်။
“ကြားကြလား ညီအစ်ကိုတို့... အခုကစပြီး ငါတို့ အမဲလိုက်ရာကနေ ရလာတဲ့ ခွန်အားအမျိုးအစား သလင်းကျောက်အမြုတေတွေနဲ့ ကာကွယ်ရေး ဝိညာဉ်ကျောက်တုံးတွေရဲ့ တစ်ဝက်ကို ငါတို့ သိမ်းထားလို့ရပြီ”
“အားလုံးပဲ တက်တက်ကြွကြွ နေကြစမ်း၊ အရှေ့ဘက်က ဟို သံချပ်ကာကြံ့အသိုက်ကို သွားရှင်းဖို့ မင်းတို့ကို ငါခေါ်သွားမယ်၊ သူတို့ရဲ့ သားရေတွေနဲ့ ဦးချိုတွေက ပစ္စည်းကောင်းတွေကွ”
သူက မစောင့်နိုင်တော့ဘဲ ပစ်မှတ်များကို စတင်ရွေးချယ်နေပြီဖြစ်ပြီး သူ၏လက်သည်းများကို ပွတ်သပ်ကာ ကြီးမားသော လှုပ်ရှားမှုတစ်ခုအတွက် ပြင်ဆင်နေတော့သည်။
ရန့်မြဲ့မှာ တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများမှာ သိသိသာသာ ပိုမိုစူးရှနေသည်။ သူက ခေါင်းအနည်းငယ် စောင်းကာ ဘေးရှိ မဟာနှင်းအစောင့်အရှောက် အဖွဲ့ခေါင်းဆောင်တစ်ဦးကို တိုးတိုးလေး ပြောလိုက်သည်။
“ငါတို့ လက်ရှိ ရှိနေတဲ့ ပစ္စည်းစာရင်းကို ချက်ချင်းသွားစစ်၊ ကာကွယ်ရေးနဲ့ ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်တဲ့ အရင်းအမြစ်အားလုံးကို စာရင်းပြုစုထား၊ နောက်ဆိုရင် ထွက်ခွာတဲ့အကြိမ်တိုင်းမှာ ဒီလိုပစ္စည်းမျိုးတွေကို စုဆောင်းဖို့ ဦးစားပေးရမယ်”
အစောင့်အရှောက်စနစ်၏ အထွေထွေတာဝန်ခံနှင့် နည်းဗျူဟာ အကြံပေးတစ်ဦးအနေဖြင့် ခံစစ်စနစ်တစ်ခုလုံး၏ ကြီးထွားမှုအတွက် သူစီစဉ်ရမည်ဖြစ်သည်။
သူ၏နောက်ရှိ ရေပြာကြေးခွံအစောင့်အရှောက်များကလည်း စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်တစ်ပေါက် စတင်ဆွေးနွေးလာကြပြီး ဤအခွင့်အရေးကို အသုံးပြုကာ သူတို့ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်များကို ပိုမိုမာကျောပြီး ကာကွယ်မှု ပိုကောင်းအောင် မည်သို့လုပ်ဆောင်ရမည်ကို တိုင်ပင်နေကြသည်။
သစ်ပင်အိမ်လေးထဲတွင်……
ခေါင်းသေးသေးလေးနှစ်ခုမှာ ကပ်လျက်ရှိနေပြီး ပြတင်းပေါက်တွင် မှီကာ အောက်ဘက်ရှိ စည်ကားနေသော မြင်ကွင်းကို ကြည့်နေကြ၏။
“ဖေဖေက အရမ်းတော်တာပဲ” ရှောင်လန်၏ မျက်လုံးများမှာ တောက်ပနေပြီး သူမ၏ လက်သေးသေးလေးများဖြင့် လက်ခုပ်တီးလိုက်သည်။
“ဒီလိုဆိုရင် ၀ံပုလွေဦးလေးတွေ တစ်ခုခု လိုချင်ရင် ကိုယ်တိုင်ကြိုးစားပြီး ယူလို့ရသွားပြီ”
ရှောင်ယင်းကလည်း ပြင်းထန်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။
“အင်း... ဦးလေးထျန်းပင်းဆိုရင် အရမ်းပျော်ပြီး ခုန်နေတာ အမွေးတောင် ကျွတ်ထွက်တော့မယ်”
“ရှောင်လန်၊ ဝံပုလွေဖေဖေရဲ့ ဒီအကွက်က တကယ်ကို ပါးနပ်တာပဲ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ အသီးသီးရဲ့ အစပျိုးမှုကို အပြည့်အဝ လှုံ့ဆော်ပေးနိုင်တယ်၊ အရင်းအမြစ်တွေကို ညီတူမျှတူ ခွဲဝေပေးခြင်းကနေ ဖြစ်လာနိုင်တဲ့ တပ်တွင်းမညီညွှတ်မှုတွေကိုလည်း ရှောင်ရှားနိုင်တယ်"
“တစ်ချိန်တည်းမှာပဲ အများပိုင်ဂိုဒေါင်ကို ထိန်းချုပ်ထားတာမလို့၊ အလုံးစုံအကျိုးစီးပွားနဲ့ မျိုးနွယ်စုရဲ့ တည်ငြိမ်မှုကိုလည်း သေချာစေတယ်”
“ရှောင်ယင်း၊ နင်ပြောတာမှန်တယ်၊ ပြီးတော့ ဒီအတိုင်းသာ ဆက်သွားရင် အဖွဲ့တစ်ခုချင်းစီရဲ့ အထူးပြုစွမ်းရည်တွေက ပိုပြီး မြင့်မားလာလိမ့်မယ်လုပ်ကြံသတ်ဖြတ်သူတွေက ရှေ့တန်းကနေ တိုက်ခိုက်ရာမှာ ပိုကျွမ်းကျင်လာမယ်”