← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅) - အရှေ့တောင်ဘက်မှ ထူးဆန်းသော ရှေးဟောင်းခေါ်သံ (၂)

လင်းထျန်းလုံက ငြင်းဆန်ခြင်း မပြုပေ။ ဝံပုလွေအုပ်စုကြီးကို သူတို့၏ဘုရင်ကြီးသည် အစွမ်းထက်နေဆဲဖြစ်ကြောင်း မြင်တွေ့စေရန် လိုအပ်သည်။ ဤသည်က မည်သည့် စည်းရုံးလှုံ့ဆော်မှုထက်မဆို စိတ်ဓာတ်ခွန်အားကို ပိုမိုမြှင့်တင်ပေးနိုင်သည်။

ငွေဖြူရောင်ပုံရိပ်သည် လေ့ကျင့်ရေးကွင်း ဗဟိုသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ထိုနေရာရှိ နှင်းဝံပုလွေအားလုံး အလိုအလျောက် အသက်အောင့်ထားလိုက်မိကြ၏။

အဝေးရှိ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်များနေသော ဝံပုလွေများပင် သူတို့၏အလုပ်များကို ရပ်တန့်ကာ ဤအရပ်မျက်နှာသို့ လှမ်းကြည့်လာကြသည်။

ဟိန်းဟောက်သံမရှိသလို အရှိန်ယူခြင်းလည်း မရှိပေ။ လင်းထျန်းလုံသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်နှိမ့်ချလိုက်ပြီး နောက်တစ်ခဏတွင်...

ဝုန်း...။

ငွေဖြူရောင်ပုံရိပ်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ အသံထက်မြန်သော အရှိန်ဖြင့် ချက်ချင်း ဖောက်ထွက်လာပြီး ဖြစ်ပေါ်လာသော လေလှိုင်းများက လေ့ကျင့်ရေးကွင်းရှိ ဖုန်မှုန့်များကို အကုန်လွင့်စင်သွားစေသည်။

ကွင်း၏ အခြားတစ်ဖက်စွန်းတွင် သူ ရပ်လိုက်သောအခါမှသာ သူ၏နောက်ရှိ လေထုထဲမှ စူးရှသော အသံကြီး ပေါက်ကွဲထွက်လာတော့သည်။

ဝံပုလွေအသိုက်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေမည့် ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာသည်။

နှင်းဝံပုလွေအားလုံး၏ မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်လင်းလက်သွားသည်။ ဤသည်မှာ သူတို့၏ ဘုရင်ကြီးပင်ဖြစ်သည်။

“တွေ့ကြလား” ထျန်းပင်းက ပါးစပ်အဟောင်းသားဖြစ်နေသော သူ၏ လက်အောက်ငယ်သားများကို အော်ဟစ်လိုက်သည်။

“အဲဒါမှ အဟုန်ပြင်းပြင်းနဲ့ ဝင်တိုက်တာကွ။ မင်းတို့အားလုံး ဒီစံနှုန်းကို ရောက်အောင် လေ့ကျင့်ကြ”

လင်းထျန်းလုံက အုပ်စုကြီး၏ ကိုးကွယ်ယုံကြည်မှုကို တည်ငြိမ်စွာပင် ခံယူလိုက်သည်။

လေ့ကျင့်ရေးကွင်း၏ အစွန်အဖျားတွင် သွေးမိစ္ဆာသည် သူ၏အဖွဲ့ကို ဦးဆောင်ကာ အချိန်ပို လေ့ကျင့်ခန်းများကို တိတ်ဆိတ်စွာ ပြုလုပ်နေသည်ကို သူသတိထားမိလိုက်သည်။

ထိုအနီနှင့်အဖြူ ရောယှက်နေသော ပုံရိပ်သည် ဝံပုလွေများကြားတွင် အထူးတလည်ထင်ရှားနေပြီး သူ၏မျက်လုံးများထဲတွင် တောက်လောင်နေသော ကြမ်းတမ်းသည့် တိုက်ပွဲဝင်လိုစိတ်က ပတ်ဝန်းကျင်ရှိ ရေခဲပြာရောင် ဝံပုလွေမျက်လုံးများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူ ခုန်အုပ်လိုက်တိုင်း ရူးသွပ်လုနီးပါး ရက်စက်မှုများ ပါဝင်နေသည်။

“သွေးမိစ္ဆာ”

ခေါ်သံကိုကြားသည်နှင့် ထို မျိုးဗီဇပြောင်းနှင်းဝံပုလွေလေးသည် လေ့ကျင့်မှုကို ချက်ချင်းရပ်လိုက်ပြီး လင်းထျန်းလုံရှေ့သို့ လျင်မြန်စွာ လျှောက်လာကာ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်အသစ် အချို့ ထပ်တိုးလာသော်လည်း ၎င်း၏အငွေ့အသက်မှာ ပို၍ပင် ခိုင်မာလာသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အစစ်အမှန် တိုက်ပွဲများမှ သူ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း ထင်ရှားသည်။

“ဘုရင်ကြီး”

“မင်းရဲ့ အဖွဲ့က ဒီညကစပြီး အရှေ့တောင်ဘက်ချိုင့်ဝှမ်းကို ကင်းလှည့်ဖို့တာဝန်ယူရမယ်” လင်းထျန်းလုံက ထူးခြားလွန်းသော ထိုကောင်လေးကို ကြည့်လိုက်သည်။

“အဲဒီက မြေပြင်အနေအထားက ရှုပ်ထွေးပြီး မင်းလို ရဲရဲဝံ့ဝံ့ ဝင်တိုက်ရဲတဲ့ သူမျိုးကို လိုအပ်တယ်”

သွေးမိစ္ဆာ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အလင်းရောင်တစ်ခု လင်းလက်သွားသည်။

“ကျွန်တော်မျိုးရဲ့ ကာကွယ်ရေးဇုန်ကနေ ဘယ်ရန်သူကိုမှ ဖောက်ထွက်ခွင့် လုံးဝမပေးပါဘူး”

သွေးမိစ္ဆာ အရိုအသေပေးကာ ဆုတ်ခွာသွားချိန်မှာပင် သစ်ပင်အိမ်လေးရှိရာမှ ရှောင်လန်၏ အံ့သြတကြီးအော်သံလေး ရုတ်တရက် ထွက်ပေါ်လာသည်။

“ဖေဖေ... လာကြည့်ပါဦး”

လင်းထျန်းလုံသည် မျက်စိတစ်မှိတ်အတွင်း သစ်ပင်အိမ်လေးဆီသို့ ပြန်ရောက်သွားရာ ကလေးမလေးနှစ်ယောက်က အနောက်မြောက်ဘက် ကောင်းကင်ယံအား လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရလေ၏။

မူလက ကြည်လင်နေသော မိုးကုတ်စက်ဝိုင်းသည် ယခုအခါတွင် ကောင်းကင်တစ်ခုလုံး မီးလောင်နေသကဲ့သို့ မကောင်းဆိုးဝါးဆန်သော အနီရင့်ရောင် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။

“ဟိုဘက်ကတိမ်တွေက အရမ်းထူးဆန်းသွားတယ်...” ရှောင်လန်က တိုးတိုးလေး ပြောလိုက်သည်။

ရှောင်ယင်းက သူမ၏အရိုးလက်ဖွဲ့လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာလေးမှာ အနည်းငယ် ဖြူရော်နေသည်။

“အရမ်း... ကြောက်ဖို့ကောင်းတယ်လို့ ခံစားနေရတယ်”

လင်းထျန်းလုံက ကလေးနှစ်ယောက်ကို သူ၏ကျောဘက်တွင် ကွယ်ထားလိုက်ပြီး ရေခဲပြာရောင် မျက်လုံးများက အဆုံးမဲ့ချောက်ကမ်းပါးတစ်ခုကဲ့သို့ နက်ရှိုင်းလာခဲ့သည်။

အနောက်မြောက်ဘက်မှ ထိုဖိအားသည် အံ့မခန်းအရှိန်ဖြင့် မြင့်တက်လာနေပြီး ရင်တုန်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို သယ်ဆောင်လာနေသည်။

ဝိညာဉ်နက်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာတွင် ဘာတွေဖြစ်နေလဲဆိုသည်ကို အတိအကျ မသိရှိရသေးသော်လည်း ဤကဲ့သို့ ပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျများက အဓိပ္ပာယ်တစ်ခုတည်းသာ ရှိသည်။

ရန်သူ၏ အဓိကထိုးစစ်ကြီး အချိန်စော၍ ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။

“ရန့်မြဲ့၊ ထျန်းပင်း၊ ယင်းဖုန်း... ငါ့ဆီ ချက်ချင်းလာခဲ့ကြ”

စစ်သူကြီး သုံးဦးသည် မိခင်သစ်ပင်အောက်တွင် တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာကြ၏။

လင်းထျန်းလုံ ပြောရန်ပင် မလိုလိုက်ဘဲ အားလုံးက ကောင်းကင်ယံရှိ ပုံမှန်မဟုတ်သော အခြေအနေကို မြင်တွေ့လိုက်ကြပြီး အသက်ရှူကြပ်ဖွယ်သော ဖိအားကိုလည်း ခံစားနေရသည်။

“အနောက်မြောက်ဘက်ကကောင်တွေ အချိန်စောပြီး လှုပ်ရှားလာနိုင်တယ်” လင်းထျန်းလုံ၏ အသံက တည်ငြိမ်နေပြီး လွန်ဆန်၍မရသော စွမ်းအားများ ပါဝင်နေသည်။

“အခု မင်းတို့ရဲ့ ပြင်ဆင်မှုအခြေအနေကို ပြောပြကြ”

ထျန်းပင်းက အရင်ဆုံး ပြောလိုက်၏။

“လုပ်ကြံသတ်ဖြတ်သူ အားလုံး အသင့်အနေအထားမှာ ရှိနေပြီး အချိန်မရွေး တိုက်ပွဲဝင်နိုင်ပါတယ်၊ ဒါ့အပြင် တောင်ဘက်တောအုပ်ထဲမှာ ချုံခိုတိုက်ခိုက်ရေး လိုင်းသုံးခု ပြင်ဆင်ထားပါတယ်။ ဘုရင်အဆင့် ရောက်လာရင်တောင် အရေခွံ တစ်လွှာခြင်း အခွာခံရမှာ သေချာတယ်”

ထို့‌နောက် ရန့်မြဲ့က ဆက်ပြောလာသည်။

“ကာကွယ်ရေးခံတပ်အားလုံး ပြီးစီးသွားပါပြီ၊ ရေခဲတံတိုင်းတွေကိုလည်း မိခင်သစ်ပင်ရဲ့ စွမ်းအားနဲ့ အားဖြည့်ထားပါတယ်၊ အမဲလိုက်သမားတွေရဲ့ ရေခဲပေါက်ကွဲမှုထောင်ချောက် လေ့ကျင့်မှုတွေလည်း အဆင်ပြေပြေ သွားနေပါတယ်၊ ရန်သူတွေကို အံ့အားသင့်သွားစေဖို့ လုံလောက်ပါတယ်”

ယင်းဖုန်းက နောက်ဆုံးမှ သတင်းပို့လိုက်ပြီး သူ၏ ငွေဖြူရောင်မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားသည်။

“နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်တွေ အသင့်နေရာယူထားပါပြီ၊ အနောက်မြောက်ဘက်က တပ်ကြီး သူတို့အသိုက်ကနေ ထွက်လာတာနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်တော်တို့သိရပါမယ်”

လင်းထျန်းလုံက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ၏ ဝံပုလွေအုပ်စုကြီး အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း အရေးအကြီးဆုံး မေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။

နောက်ဆုံးတိုက်ပွဲ မတိုင်ခင် ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်ကို မည်သို့ရှာဖွေရမလဲ ဆိုသည်ပင်။

ထိုစဉ် သူ၏ကိုယ်တွင်းရှိ စနစ်ထံမှ အထူးခံစားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အရှေ့တောင်ဘက်မှ တစ်စုံတစ်ရာက သူ့ကို ခေါ်ဆောင်နေသကဲ့သို့ပင်။

ဤခံစားချက်မှာ အလွန်ဖျော့တော့သော်လည်း ရှေးဟောင်းဆန်သော ပဲ့တင်ထပ်သံလေးတစ်ခု ပါဝင်နေသည်။

“အစီအစဉ်ပြောင်းသွားပြီ” သူက တွေဝေမနေဘဲ အမိန့်သစ်များကို ချက်ချင်း ချမှတ်လိုက်သည်။

“ယင်းဖုန်း၊ မင်းလူတွေကို ခေါ်ပြီး သွေးမိစ္ဆာကိုကူညီဖို့ အရှေ့တောင်ချိုင့်ဝှမ်းကိုသွား၊ ရန့်မြဲ့၊ ကာကွယ်ရေးကို မင်း အပြည့်အ၀ တာဝန်ယူရမယ်။ ထျန်းပင်း၊ မင်းရဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထား”

ဘုရင်ကြီးက အဘယ်ကြောင့် ရုတ်တရက် အရှေ့တောင်ဘက်အား အာရုံစိုက်သွားရသလဲ ဆိုသည်ကို စစ်သူကြီးသုံးဦး နားမလည်သော်ငြား သူတို့၏ အကြွင်းမဲ့ သစ္စာစောင့်သိမှုက အမိန့်များကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ အကောင်အထည်ဖော်စေခဲ့သည်။

စစ်သူကြီးသုံးဦး ထွက်ခွာသွားပြီးနောက် လင်းထျန်းလုံသည် ထိုနီရဲနေသည့် ကောင်းကင်ကြီးဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ သူ၏ ရေခဲပြာရောင် မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အရှေ့တောင်ချိုင့်ဝှမ်းသည် ဝံပုလွေအသိုက်မှ ငါးမိုင်ခန့်ကွာဝေးပြီး ဝံပုလွေအသိုက်နှင့် အပြင်ဘက်ကို ဆက်သွယ်ထားသော အရေးကြီးသည့် လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်။

ဤနေရာရှိ မြေပြင်အနေအထားမှာ အန္တရာယ်များပြီး နှစ်ဖက်စလုံးတွင် မတ်စောက်သော ကျောက်နံရံများရှိကာ ချိုင့်ဝှမ်းကြမ်းပြင်တွင် ကျောက်တုံးကြီးများ ပြန့်ကျဲနေသဖြင့် ကာကွယ်ရလွယ်ပြီး တိုက်ခိုက်ရခက်သော ခံစစ်ဗျူဟာမြောက် နေရာတစ်ခုဖြစ်သည်။

သွေးမိစ္ဆာသည် သု၏အဖွဲ့ဝင်ဆယ်ဦးကို ဦးဆောင်ကာ ချိုင့်ဝှမ်းကြမ်းပြင်တွင် ကင်းလှည့်နေခဲ့သည်။

အနီနှင့်အဖြူ ရောယှက်နေသော ပုံရိပ်သည် ကျောက်တုံးကြီးများကြားတွင် သွက်လက်စွာ ရွေ့လျားနေပြီး ၎င်း၏မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်နေကာ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေသည်။

“ခေါင်းဆောင်... အနောက်မြောက်ဘက်က ကောင်းကင်အရောင်က...” အဖွဲ့ဝင်တစ်ဦးက ကောင်းကင်ကို စိုးရိမ်တကြီးမော့ကြည့်ရင်း ပြောလာ၏။

“ကိုယ့်အလုပ်ကိုယ်လုပ်” သွေးမိစ္ဆာက အေးစက်စွာ ဖြတ်ပြောလိုက်သည်။ “ဘုရင်ကြီးက ဒီနေရာကို ငါတို့ဆီအပ်ထားတာ၊ အမှားအယွင်း လုံးဝမဖြစ်စေရဘူး”

ထိုစဉ် ချိုင့်ဝှမ်းအနက်ပိုင်းမှ ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခု ထွက်ပေါ်လာသည်။ သွေးမိစ္ဆာ ချက်ချင်း နားစွင့်လိုက်ပြီး အဖွဲ့ကို ရှေ့ဆက်မတိုးရန် အချက်ပြလိုက်၏။

ထိုစွမ်းအင်အတက်အကျမှာ အလွန်ဖျော့တော့သော်လည်း ၎င်း၏သွေးများကို ဆူပွက်လာစေသော အငွေ့အသက်တစ်ခု ပါဝင်နေသည်။

တစ်ချိန်တည်းမှာပင် ယင်းဖုန်းနှင့် နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များ ချိုင့်ဝှမ်းအထက်တွင် တိတ်တဆိတ် ပေါ်လာကြသည်။

“ဘုရင်ကြီး ပြောတာမှန်တယ်၊ ဒီမှာ တကယ်ပဲ အခြေအနေက ထူးဆန်းနေတယ်” ယင်းဖုန်း၏ ငွေဖြူရောင်မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“သွေးမိစ္ဆာအဖွဲ့ သတိထားကြ၊ ငါတို့ အောက်ဆင်းပြီးကူညီမယ်”

အောက်ဘက်တွင် သွေးမိစ္ဆာသည် တိုက်ပွဲဝင်မည့် အနေအထားကို ပြင်ဆင်ပြီးဖြစ်သည်။ ချိုင့်ဝှမ်းအနက်ပိုင်းမှ တစ်စုံတစ်ရာ နိုးထလာနေကြောင်း သူခံစားနိုင်ပြီး ထိုအရာကလည်း သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။

သစ်ပင်အိမ်လေးထဲတွင် ကလေးမလေးနှစ်ယောက်သည် ပြတင်းပေါက်ကိုမှီကာ အရှေ့တောင်ဘက်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

“ဖေဖေက ဟိုဘက်ကို သွားတယ်...” ရှောင်လန်က တိုးတိုးလေး ပြောလိုက်၏။

ရှောင်ယင်းက ခေါင်းညိတ်လိုက်ပြီး သူမ၏လက်သေးသေးလေးဖြင့် အရိုးလက်ဖွဲ့လေးကို အလိုအလျောက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ “ဟိုဘက်က အငွေ့အသက်က ငါ့ကို စိတ်အ‌နှောက်အယှက်ပေးနေတယ်”

“ဖေဖေ ဘေးကင်းကင်းနဲ့ ပြန်လာဖို့ပဲ မျှော်လင့်ပါတယ်”

“စိတ်မပူပါနဲ့၊ ဖေဖေက သတင်းကောင်းနဲ့ သေချာပေါက်ပြန်လာမှာပါ”

ထိုစဉ် အရှေ့တောင်ဘက် ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းဖျော့ဖျော့လေးတစ်ခု ရုတ်တရက် လင်းလက်သွားသည်။

ခဏသာဖြစ်သော်လည်း ၎င်းအတွင်း ပါဝင်သော ရှေးဟောင်းအငွေ့အသက်က ကလေးမလေးနှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ရပ်တန့်သွားစေသည်။

“ဟိုမှာ…. ခုနကဘာကြီးလဲ...”

“အရမ်းရှေးကျတဲ့ အရာတစ်ခုခု နိုးထလာသလိုပဲ”

မည်သည့်အရာမှန်း အတိအကျ မပြောတတ်ကြသော်လည်း အရှေ့တောင်ဘက်တွင် အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပျက်နေကြောင်းနှင့် ဤကိစ္စသည် တိုက်ပွဲတစ်ခုလုံး၏ အလှည့်အပြောင်းကို သက်ရောက်မှု ရှိလာနိုင်ကြောင်း သူတို့နှစ်ယောက်စလုံး ခံစားမိနေကြသည်။

ချိုင့်ဝှမ်းအနက်ပိုင်းတွင် လင်းထျန်းလုံ၏ ပုံရိပ်က သွေးမိစ္ဆာအဖွဲ့ရှေ့တွင် ပေါ်လာသည်။

သူသည် စွမ်းအင်အတက်အကျဖြစ်ပေါ်ရာ အရင်းအမြစ်ဖြစ်သော နွယ်ပင်များ ဖုံးလွှမ်းနေသည့် ဂူတစ်ခုကို စူးစိုက်ကြည့်နေသည်။

ထိုရှေးဟောင်းခေါ်သံသည် ဤနေရာမှ တိုက်ရိုက်ထွက်ပေါ်နေခြင်းပင်။

“ဘုရင်ကြီး၊ အထဲက အခြေအနေတွေက မရှင်းလင်းသေးဘူး” ယင်းဖုန်းသည် အရိပ်များထဲမှ ထွက်ပေါ်လာ၏။

“မင်းတို့အားလုံး ဝင်ပေါက်ကို သေချာစောင့်ကြပ်ထားကြ” လင်းထျန်းလုံက ရှေ့သို့ လှမ်းလိုက်ပြီး သူ၏ ရေခဲပြာရောင် မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

“ငါ ကိုယ်တိုင် အထဲဝင်မယ်”

သူ ဂူထဲသို့ ခြေချလိုက်သည့်အခိုက်အတန့်တွင် ချိုင့်ဝှမ်းတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာတုန်ခါသွားသည်။

အဝေးရှိ ဝံပုလွေအသိုက်မှ နှင်းဝံပုလွေများသည်လည်း ခေါင်းမော့လာကြပြီး အရှေ့တောင်ဘက်မှလာသော အစွမ်းထက်သည့် စွမ်းအင်အတက်အကျများကို အာရုံခံမိလိုက်ကြသည်။

သစ်ပင်အိမ်လေးထဲတွင် ကလေးမလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်ထားကြသည်။

“ဖေဖေ သေချာပေါက်အောင်မြင်မှာပါ” ရှောင်လန်က ရှောင်ယင်းကိုရော သူမကိုယ်သူမပါ နှစ်သိမ့်နေသကဲ့သို့ တိုးတိုးလေး ပြောလိုက်သည်။

ရှောင်ယင်းကလည်း ပြင်းထန်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ အကြည့်များက ခိုင်မာနေလေသည်။ “ဘာလို့လဲဆိုတော့ သူက ငါတို့ရဲ့ ဝံပုလွေဖေဖေ ဖြစ်နေလို့ပဲ”

တစ်ချိန်တည်းမှာပင် အနောက်မြောက်ဘက်ရှိ အနီရင့်ရောင် ကောင်းကင်ကြီးသည် သွေးများ အချိန်မရွေး ယိုဖိတ်ကျလာတော့မည့်အလား ပို၍ပင် ပြင်းထန်လာသည်။

ဝိညာဉ်နက်တောင်ကြော၏ အထွေထွေထိုးစစ်ကြီးက နောက်ဆုံး‌ဆုံး အစပျိုးနေပြီဖြစ်သည်။

အခန်း (၂၂၆) - တဟုန်ထိုး တိုးတက်လာ‌ခြင်း၊ စစ်မြေပြင်သို့ ၀င်ရောက်လာတော့မည့် ဝံပုလွေဘုရင်အသစ်တစ်ပါး (၁)

အရှေ့တောင်ဘက် ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံးနေရာတွင်….

လင်းထျန်းလုံသည် နွယ်ပင်များ ဖုံးလွှမ်းနေသော ဂူတစ်ခုထဲသို့ ခြေချလိုက်သည်။

ယင်းဖုန်းနှင့် နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များသည် ဂူပေါက်ဝ၏ အရေးကြီးသော နေရာများကို အရည်ပျော်ကျနေသော အရိပ်များပမာ စောင့်ကြပ်နေကြပြီး၊ သွေးမိစ္ဆာ၏ အဖွဲ့ကမူ အပြင်ဘက် နေရာမှနေ၍ သတိထား စောင့်ကြည့်နေကြသည်။

အနီနှင့်အဖြူ ရောယှက်နေသော ပုံရိပ်သည် ချွန်ထက်သော ကျောက်ဆောင်များကြားတွင် တဖျတ်ဖျတ် လှုပ်ရှားနေလေ၏။

ဂူအတွင်းပိုင်းသည် ထင်ထားသလောက် မှောင်မည်းမနေပေ။ မှိန်ပျပျ တစ္ဆေပြာအလင်းများ ထုတ်လွှင့်နေသည့် ရေညှိများစွာသည် ကျောက်နံရံများပေါ်တွင် တွယ်ကပ်နေပြီး နေရာတစ်ခုလုံးကို ကြယ်ရောင်တောက်ပသော ညတစ်ညသဖွယ် ထွန်းလင်းပေးထားသည်။

အထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ လေထုထဲတွင် စိမ့်ဝင်နေသော ရှေးဟောင်းဖိအားများက ပိုမိုလေးလံလာလေလေဖြစ်သည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အိပ်မောကျနေသော ဧရာမသားရဲကြီးတစ်ကောင်၏ အသက်ရှူငွေ့ပေါ် နင်းလိုက်ရသကဲ့သို့ ခံစားနေရသည်။

“ဘုရင်ကြီး... အထဲက စွမ်းအင်အတက်အကျတွေက အရမ်းကို ထူးဆန်းလွန်းနေတယ်” ဂူပေါက်ဝမှ ယင်းဖုန်း၏အတွေးလှိုင်း ၀င်ရောက်လာပြီး ရှားရှားပါးပါး လေးနက်မှုများ ပါဝင်နေသည်။

“ထွက်ပေါက်ကို သေချာစောင့်ထား” လင်းထျန်းလုံက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်သည်။ သူ၏ ရေခဲပြာရောင် မျက်လုံးများသည် အမှောင်ထုထဲတွင် အေးစက်သော မီးအိမ်နှစ်လုံးနှင့် တူနေသည်။

ငွေပြာဘုရင်မျက်ဝန်းက အသံတိတ် အလုပ်လုပ်နေပြီး ရှေ့မှ စွမ်းအင်စီးဆင်းမှု အရိပ်အယောင်တိုင်းကို ခွဲခြားသိမြင်နေရသည်။

ဂူ၏ အဆုံးသတ်သည် ရုတ်တရက်ကျယ်ပြန့်သွားပြီး ဧရာမ မြေအောက်လိုဏ်ခေါင်းကြီးတစ်ခု ပေါ်လာသည်။ လိုဏ်ခေါင်း၏ ဗဟိုတွင် လူ့ခေါင်းအရွယ်အစားရှိ နက်ရွှေရောင် အလင်းလုံးတစ်ခုက နှလုံးခုန်သကဲ့သို့ တုန်ခါရင်း လေထဲတွင် ဝဲပျံနေ၏။

၎င်း၏မျက်နှာပြင်သည် အရည်ပျော်နေသော သတ္တုအရောင်များဖြင့် တောက်ပနေသည်။

၎င်းမှာ သူ အမြဲရှာဖွေနေခဲ့သည့် ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်ပင်။ ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်မှ ထုတ်လွှင့်နေသော ကြီးမြတ်လှသည့် စွမ်းအင်များကြောင့် အနှစ်သာရဝိညာဉ်ပတ်လည်ရှိ ဟင်းလင်းပြင်သည်ပင် အနည်းငယ် ကောက်ကွေးနေသည်။

သို့သော် အနှစ်သာရဝိညာဉ်နှင့် လင်းထျန်းလုံကြားတွင် ဝေဝါးဝါး ပုံရိပ်တစ်ခုက ရပ်နေ၏။

၎င်းသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် မဟုတ်ဘဲ ရွှေရောင်အလင်းမှုန်လေးများစွာဖြင့် ဖွဲ့စည်းထားသည့် သရဲတစ်ကောင်ဖြစ်ပြီး ဝံပုလွေမျိုးနွယ်စု၏ ပုံပန်းသဏ္ဍာန်ကို ခပ်ရေးရေး ပြသနေသည်။

၎င်းက မျက်လုံးများကို မှိတ်ထားပြီး ရှေးပဝေသဏီကတည်းက ဤနေရာကို စောင့်ကြပ်နေခဲ့သကဲ့သို့ ရပ်တန့်နေလေသည်။

လင်းထျန်းလုံ လိုဏ်ခေါင်းထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် တစ္ဆေဝံပုလွေအရိပ်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

အလင်းသက်သက်ဖြင့် ဖွဲ့စည်းထားသော ထိုမျက်လုံးတစ်စုံသည် ရှေးကျပြီးခံ့ညားထည်ဝါကာ ဝိညာဉ်ကိုပင် ထိုးဖောက်နိုင်စွမ်းရှိပုံရသည်။

“ကျူးကျော်သူ...” ကြီးမြတ်လွန်းသော အတွေးလှိုင်းတစ်ခုသည် လင်းထျန်းလုံ၏စိတ်ထဲသို့ တိုက်ရိုက်ရိုက်ခတ်လာပြီး လွန်ဆန်၍မရသော စီရင်မှုအငွေ့အသက်များ ပါဝင်နေသည်။

“သန့်စင်တဲ့အရာကို လိုချင်တပ်မက်တဲ့သူ... သေရမယ်”

အပြင်ဘက်တွင် ခံစားခဲ့ရသော ရန်သူအားလုံးထက် များစွာသာလွန်သည့် ကြောက်မက်ဖွယ် ဖိအားကြီးသည် လင်းထျန်းလုံအပေါ် တောင်တစ်လုံးကဲ့သို့ ကျဆင်းလာလေသည်။

လင်းထျန်းလုံ၏ အမွေးများ ထောင်ထသွားပြီး ထာဝရတိုက်ပွဲဝိညာဉ်က အလိုအလျောက် အသက်ဝင်လာသည်။

သူ၏ ငွေဖြူရောင်အမွေးများအောက်တွင် ရွှေရောင်ပုံစံလိုင်းများ ပေါ်လာပြီး ဤဖိအားကို အတင်းအဓမ္မ ခုခံလိုက်သည်။

“ဒါကို ငါလိုအပ်တယ်” လင်းထျန်းလုံက ဓားတစ်လက်ကဲ့သို့ ထက်ရှသော အတွေးလှိုင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ လုံးဝ နောက်မဆုတ်ခဲ့ပေ။

“ငါ့ရဲ့ မျိုးနွယ်စုကို ကာကွယ်ဖို့အတွက်”

“အားနည်းတဲ့ ဘုရင်အဆင့်လေးက... ကာကွယ်ဖို့ရာအကြောင်း ပြောဖို့ထိုက်တန်လို့လား” တစ္ဆေဝံပုလွေအရိပ်၏ အသံထဲတွင် မထီမဲ့မြင်ပြုမှုများ ပါဝင်နေသည်။

အလင်းဖြင့် ဖွဲ့စည်းထားသော ၎င်း၏ခန္ဓာကိုယ်သည် ပိုမိုထင်ရှားလာပြီး နောက်တစ်ခဏတွင် မိုးကြိုးပမာ ဝုန်းတိုင်းကျဲ တိုက်ခိုက်တော့မည့်အလားပင်။

ဤအရေးကြီးသောအချိန်တွင် ၎င်း၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လင်းထျန်းလုံ၏ကိုယ်တွင်းမှ စီးဆင်းနေသော မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်၏ အငွေ့အသက်ကို စူးစိုက်ကြည့်လိုက်သည်။

လင်းထျန်းလုံသည် ဤတုံ့ဆိုင်းသွားသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏ငွေပြာဘုရင်မျက်ဝန်းကို အစွမ်းကုန်ဖွင့်လိုက်ပြီး တစ္ဆေဝံပုလွေအရိပ်ကို ကြည့်လိုက်သည်။

[စနစ်အသိပေးချက်]။ ။

[အမည်မသိ အစောင့်အရှောက် (အထူးဝိညာဉ်ခန္ဓာ)]

[အဆင့်: အဆင့် ၅၀ (မိစ္ဆာဘုရင်အဆင့်)]

[အခြေအနေ: ???]

[ပင်ကိုယ်ဝိသေသလက္ခဏာ: ???]

[ကျွမ်းကျင်မှုစွမ်းရည်: ???]

[မှတ်ချက်: အလွန်အန္တရာယ်များသည်။ ချက်ချင်း ဆုတ်ခွာရန် အကြံပြုပါသည်။]

အဆင့် ၅၀။

မိစ္ဆာဘုရင်အဆင့်။

အချက်အလက်များအားလုံး မေးခွန်းသင်္ကေတများ ဖြစ်နေသော်လည်း အဆင့်ပြသမှုက လင်းထျန်းလုံ၏ရင်ကို တုန်လှုပ်သွားစေသည်။ ဤသည်မှာ ယခုအချိန်အထိ သူမြင်တွေ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံး တည်ရှိမှုပင်။

“ဒီအငွေ့အသက်က...” တစ္ဆေဝံပုလွေအရိပ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ကြီးမြတ်သော အတွေးလှိုင်းထဲတွင် လွမ်းဆွတ်တမ်းတမှု အချို့ ပါဝင်လာသည်။

“ရေခဲအကျဉ်းထောင်စောင့်ကြည့်သူ... ချန်ရွှမ်ရဲ့အမွေဆက်ခံသူ... မင်းရဲ့ သွေးမျိုးဆက်က... ဘယ်ကရလာတာလဲ”

လင်းထျန်းလုံ အံ့သြသွားရသည်။ ရေခဲအကျဉ်းထောင်စောင့်ကြည့်သူလော။ ချန်ရွှမ်၏ အမွေဆက်ခံသူလော။

သူ၏ သွေးမျိုးဆက်နှင့် ပတ်သက်သော တိကျသည့်ဖော်ပြချက်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

သူသည် အမြင့်ဆုံးသို့ တက်လှမ်းမည့်သူ ဖြစ်သောကြောင့်၊ ဤသွေးမျိုးဆက်၏ စစ်မှန်သော စွမ်းအားကို ရှာဖွေရမည်ဟူသော ခိုင်မာသည့်ဆန္ဒက သူ့စိတ်ကို လွှမ်းမိုးသွားတော့သည်။

“ဒါက ငါ နိုးထလာတဲ့သွေးမျိုးဆက်ပဲ” သူက ၀ိညာဥ်ကူးပြောင်းခြင်း လျှို့ဝှက်ချက်ကို မဖော်ပြဘဲ သတိထားကာ ပြန်ဖြေလိုက်သည်။

တစ္ဆေဝံပုလွေအရိပ်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီး ၎င်း၏ စူးစမ်းသောအကြည့်များက အချိန်နှင့် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသကဲ့သို့ပင် စူးရှနေခဲ့သည့်

“ခေတ်ကာလက... တကယ်ကို ပြောင်းလဲသွားပြီပဲ... စောင့်ကြည့်သူရဲ့ သွေးမျိုးဆက်တွေတောင် ဒီနေရာအထိ လွင့်မျောလာခဲ့ပြီကိုး...” ဝံပုလွေအရိပ်ပတ်လည်ရှိ ရန်လိုမှုများ သိသိသာသာ အားနည်းသွားသော်လည်း ၎င်း၏ခံ့ညားမှုကတော့ ကျန်ရှိနေဆဲဖြစ်သည်။

“ဒီသွေးကို ပိုင်ဆိုင်ထားရင်တောင်မှ မင်း သက်သေပြရဦးမယ်... ‘ရှေးဟောင်းသားရဲ’ ရဲ့ စွမ်းအားကို သယ်ဆောင်ဖို့ ထိုက်တန်ရဲ့လားဆိုတာကို”

‘ပထမဆုံး စမ်းသပ်မှု - ခွန်အား၏ အဆုံးစွန်'

တစ္ဆေဝံပုလွေအရိပ်သည် သုံးပိုင်းကွဲသွားပြီး ခိုင်ခံ့သော ရွှေရောင်အလင်းဝံပုလွေ သုံးကောင်အဖြစ် ပြောင်းလဲသွား၏။

ရှေ့မှ ရွှေရောင်အလင်းဝံပုလွေက အရင်ဆုံး တိုက်ခိုက်လာ၏။ ရှေ့ဆုံးမှ ရွှေရောင်အလင်းဝံပုလွေက မြေကြီးကို တွန်းကန်လိုက်ရာ ဂူတစ်ခုလုံး တုန်ခါသွားပြီး သူ၏လက်သည်းများက ဟင်းလင်းပြင်ကို ဆုတ်ဖြဲမတတ် အဟုန်ကိုသယ်ဆောင်ကာ ရှေ့သို့ ခုန်အုပ်လာတော့သည်။

လင်းထျန်းလုံက နည်းနည်းပင် ပေါ့ဆရဲခြင်း မရှိဘဲ သူ၏ငွေပြာမိုးကြိုးလက်သည်းကို အစွမ်းကုန် ထုတ်ကာ ရင်ဆိုင်လိုက်သည်။

မိုးကြိုးနှင့် ရေခဲများ ရောယှက်ကာ သူ၏လက်သည်းများကြားတွင် ပေါက်ကွဲသွားသည်။

သို့သော် အလင်းဝံပုလွေ၏ လက်သည်းများသည် ဂုဏ်သတ္တိဖိနှိပ်မှုကို လျစ်လျူရှုထားနိုင်ပုံရကာ မိုးကြိုးနှင့် ရေခဲစွမ်းအင်များကို လက်သည်းတစ်ချက်တည်းဖြင့် ရိုက်ချလိုက်ပြီး လင်းထျန်းလုံ၏ ခေါင်းဆီသို့ အရှိန်မလျော့ဘဲ ဆက်လက်ဝင်ရောက်လာသည်။

“အားနည်းလွန်းတယ်” ဝံပုလွေအရိပ်၏ အတွေးလှိုင်းက မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။

လင်းထျန်းလုံသည် ကျဉ်းမြောင်းသောနေရာတွင် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အသုံးပြုကာ ပုံရိပ်ယောင်များစွာ ချန်ရစ်ရင်း လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။

အလင်းဝံပုလွေက အလျှော့မပေးဘဲ ဆက်လက်လိုက်လံတိုက်ခိုက်ရာ သူ ခုန်အုပ်လိုက်ရာ နေရာတိုင်း မြေပြင်တွင် နက်ရှိုင်းသော ချိုင့်ခွက်ကြီးများ ကျန်ရစ်ခဲ့သည်။

“ခွန်အားဆိုတာ ရိုင်းစိုင်းတဲ့ အားအင်သက်သက်ချည်း မဟုတ်ဘူး၊ ထိန်းချုပ်မှုပဲ” ဝံပုလွေအရိပ်က သူ့ကို ထပ်မံသတိပေးလိုက်သည်။

လင်းထျန်းလုံ ရုတ်တရက် သဘောပေါက်သွားလေ၏။

သူသည် စွမ်းအင်များကို အပြင်ဘက်သို့ ထုတ်လွှတ်ရန် မကြိုးစားတော့ဘဲ ငွေပြာမိုးကြိုးလက်သည်း၏ စွမ်းအားကို လက်သည်းထိပ်ဖျားဆီသို့ အလွန်အမင်း ဖိသိပ်လိုက်သည်။

အလင်းဝံပုလွေက ထပ်မံခုန်အုပ်လာသောအခါ သူသည် နောက်တစ်ကြိမ် ရှောင်တိမ်းခြင်း မပြုတော့ဘဲ ညာဘက်လက်သည်းဖြင့် လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ထိုးသွင်းလိုက်ရာ သူ၏ ခွန်အားအားလုံးသည် အမှတ်တစ်နေရာတည်းသို့ စုစည်းသွားတော့သည်။

ဝုန်းးးးး။

ဤတစ်ကြိမ်တွင်မူ အလွန်အမင်း ဖိသိပ်ထားသော စွမ်းအင်များသည် အလင်းဝံပုလွေ၏ အကာအကွယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ၎င်း၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။

အလင်းဝံပုလွေ၏ ပုံရိပ်သည်လည်း ရုပ်တရက် ရပ်တန့်သွားပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။

‘ဒုတိယ စမ်းသပ်မှု - ဝိညာဉ်၏ ခံနိုင်ရည်'

ဘယ်ဘက်ရှိ အလင်းဝံပုလွေက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လင်းထျန်းလုံ၏ အသိစိတ်ပင်လယ်သည် သံတူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏အတိတ်ဘဝမှ တောတွင်းစူးစမ်းလေ့လာသူ တစ်ဦး၏ မှတ်ဉာဏ်များနှင့် ဤဘဝမှ ဝံပုလွေဘုရင်တစ်ပါး၏ မှတ်ဉာဏ်များသည် ရူးသွပ်စွာ ပွတ်တိုက်မိသွားကြသည်။

လင်းထျန်းလုံ၏ စိတ်ထဲတွင်…..

နှင်းမုန်တိုင်းကြီး၏ တဝီဝီမြည်ကြွေးသံနှင့် ဝံပုလွေအသိုက်ရှိ လေတိုက်သံများ ရောယှက်နေသည်။ နှင်းပြင်ပေါ်တွင် နှင်းလျှောစီးရသည့် ပျော်ရွှင်မှုနှင့် ရန်သူများကို လက်သည်းများဖြင့် ဆွဲဖြဲရသည့် ရိုင်းစိုင်းမှုတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ချောက်ကမ်းပါးပေါ်မှ ခုန်ချနေသော သူ့ကိုယ်သူ မြင်လိုက်ရသလို၊ ဝိညာဉ်နက်တောင်ကြော၏ အကျပ်အတည်းက တိုးမြင့်လာသည်ကိုလည်း မြင်နေရသည်။

“စူးစမ်းလေ့လာသူရဲ့ ရဲရင့်မှု... ဝံပုလွေဘုရင်ရဲ့တာဝန်ယူမှု...” လင်းထျန်းလုံသည် သူ၏အသန့်စင်ဆုံးသော စိတ်ဆန္ဒကို ကျောက်ဆူးတစ်ခုအဖြစ် အသုံးပြုလိုက်သည်။

ထာဝရတိုက်ပွဲဝိညာဉ်၏ ရွှေရောင်ပုံစံလိုင်းများသည် ဝိညာဉ်ကိုယ်ထည်ပေါ်တွင် လင်းလက်တောက်ပလာပြီး ကွဲပြားသော်လည်း တူညီနေကာ ခိုင်မာလွန်းသော မှတ်ဉာဏ်နှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးလိုက်သည်။

အလင်းဝံပုလွေ၏ အော်ဟစ်သံသည် ပိုမိုစူးရှလာပြီး ဝိညာဉ်ရိုက်ခတ်မှုများက တစ်လှိုင်းပြီးတစ်လှိုင်း ရောက်ရှိလာသည်။

လင်းထျန်းလုံ နောက်ဆုံးကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေချိန်တွင် သူ ရုတ်တရက် အကြံတစ်ခုရသွားပြီး စူးစမ်းလေ့လာသူ တစ်ဦးအနေဖြင့် အစွန်းရောက် ပတ်ဝန်းကျင်များတွင် ပြုစုပျိုးထောင်ခဲ့သော ထူးခြားသည့် စိတ်ဓာတ်ခွန်အားကို သူ၏ငွေပြာဘုရင်မျက်ဝန်းထဲသို့ လောင်းထည့်လိုက်သည်။

မျက်လုံးစွမ်းရည်က အလိုအလျောက် အလုပ်လုပ်လာပြီး ဤဝိညာဉ်တိုက်ခိုက်မှု၏ လမ်းကြောင်းကို စတင် ခွဲခြမ်းစိတ်ဖြာလာတော့သည်။

All Chapters