အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
အခန်း (၂၂၉) - ဝံပုလွေအသိုက် အကြပ်တွေ့ခြင်း၊ ဘုရင်ကြီးပြန်လာပြီ (၂)
ရေခဲကြေးခွံချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းနေသော သူ၏ရှေ့လက်ဖဝါးများဖြင့် ရေခဲများပေါ်သို့ လေးလံစွာ နင်းချလိုက်နှင့် အေးစက်သော နှင်းခဲစွမ်းအင်များသည် ပန်ကာပုံသဏ္ဍာန် လည်ပတ်ကာ ရှေ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး တပ်ဖွဲ့အရှေ့တွင် ချွန်ထက်သော ရေခဲဆူးများ ဖုံးလွှမ်းနေသည့် ရေခဲအကာအကွယ်ကြီး တစ်ခုအဖြစ် ချက်ချင်း စုစည်းသွားလေ၏။
မဟာနှင်းအစောင့်အရှောက် ခြောက်ကောင်ကလည်း ကပ်လျက် လိုက်ပါလာပြီး အကာအကွယ်နောက်တွင် ကျောက်တုံးကြီးများကဲ့သို့ ရပ်နေကြသည်။
သူတို့က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ပြီး နှင်းခဲအကာအကွယ် ပင်ကို၀ိသေသလက္ခဏာရပ်ကို အသက်သွင်းလိုက်သည်။
ရေခဲပြာရောင် အကာအကွယ် အငွေ့အသက်များသည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် စီးဆင်းသွားပြီး အရှေ့ရှိ ရေခဲအကာအကွယ်နှင့် ပဲ့တင်ထပ်သွားကာ အကာအကွယ်၏ ထူထဲမှုနှင့် မာကျောမှုကို နောက်တစ်ဖန် တိုးမြှင့်လိုက်သဖြင့် ရေခဲအကာအကွယ်ကို ဖြတ်ကျော်၍မရနိုင်သော နှင်းခဲတံတိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်သွားစေလေသည်။
ရန့်မြဲ့ ခုန်ချလိုက်သည့် အချိန်နှင့် တစ်ပြိုင်နက်တည်းနီးပါးမှာပင် ထျန်းပင်း၏ ကျယ်လောင်လွန်းသော တိုက်ပွဲဝင်လိုသည့် ဟိန်းဟောက်သံကြီးက တောင်ဘက် ကာကွယ်ရေးမျဉ်းမှ ထွက်ပေါ်လာသည်။
“လုပ်ကြံသတ်ဖြတ်သူတွေ... ငါ့နောက်ကို လိုက်ခဲ့၊ သူတို့ကို ချေမှုန်းပစ်”
သူ၏ ရွှေရောင်ရင့်ရင့် ပုံရိပ်သည် ပြောင်းဝမှ ပစ်ထွက်လာသော အမြောက်ဆံတစ်ခုကဲ့သို့ မြန်ဆန်လွန်းလှသည်။
ထျန်းပင်းသည် လုပ်ကြံသတ်ဖြတ်သူများကို ဦးဆောင်ကာ အရိပ်လက်သည်းကျားသစ်အုပ်စုထဲသို့ ဘေးဘက်မှ ရဲရဲဝံ့ဝံ့ ဝင်ရောက်သတ်ဖြတ်တော့သည်။
ထာဝရဗာဂျရာခန္ဓာကို အစွမ်းကုန်အသုံးပြုထားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံထားရာ ရွှေရောင် စစ်နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။
သူသည် လုံးဝ မရှောင်တိမ်းဘဲ မျဉ်းဖြောင့်အတိုင်း ဖြတ်သန်းကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို ဝင်တိုက်သွားသည်။
သူ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရိပ်လက်သည်းကျားသစ်များသည် မြန်နှုန်းမြင့် စစ်ရထားတစ်စီးဖြင့် တိုက်မိခံရသကဲ့သို့ အရိုးများကျိုးကြေကုန်ကာ လွင့်စင်သွားကြပြီး နှင်းပြင်ပေါ်တွင် သွေးများနှင့် အရိုးစများ ရောနှောနေသော လမ်းကြောင်းကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။
သို့သော် ဝိညာဉ်နက်တောင်ကြော၏ တပ်ကြီးသည် အသုံးမကျသော ကောင်များချည်းသာ ပါဝင်သည်တော့ မဟုတ်ပေ။
“ဟွန့်... မိုက်မဲလိုက်တဲ့ကောင်”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အေးစက်စက် နှာမှုတ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
အရပ်လေးမီတာကျော် မြင့်ပြီး ပြင်းထန်သော အပြာနှင့်ခရမ်းရောင် လျှပ်စီးကြောင်းများ ရစ်ပတ်နေသည့် မိုးကြိုးမျောက်ဝံစစ်သူကြီးသည် အစစ်အမှန် လျှပ်စီးတန်းတစ်ခုသမာ ရွေ့လျားလာပြီး ထျန်းပင်း၏ဝင်တိုက်မှုကို ဟန့်တားရန် ချက်ချင်း ရှေ့သို့ တိုး၀င်လာခဲ့သည်။
လျှပ်စီးများ မျက်စိကျိန်းမတတ် လင်းလက်နေသော မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ဧရာမလက်သီးကြီးသည် မိုးကြိုးအလင်းလက်သီးကို ပစ်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ဖျက်ဆီးခြင်း အငွေ့အသက်များနှင့်အတူ ထျန်းပင်း၏မျက်နှာဆီသို့ တည့်တည့် ထိုးချလိုက်သည်။
“မင်းရဲ့ ပြိုင်ဘက်ကငါပဲ” ထျန်းပင်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။
သူက မရှောင်တိမ်းဘဲ ကျောက်တုံးကြီးများကိုပင် ချေမွပစ်နိုင်လောက်အောင် အားကောင်းသည့် ထိုမိုးကြိုးလက်သီးကြီးကို ရွှေရောင်ဖုံးလွှမ်းနေသော သူ၏နဖူးဖြင့် တဲ့တိုးဝင်တိုက်လိုက်သည်။
ဝုန်း...။
သတ္တုတောင်ကြီးနှစ်လုံး တိုက်မိသွားသကဲ့သို့ နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင်နှင့် အပြာရောင် စွမ်းအင်များ ရောယှက်နေသည့် စက်ဝိုင်းပုံသဏ္ဍာန် တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
အချိန်မီ မရှောင်တိမ်းနိုင်သော အနီးအနားရှိ အရိပ်လက်သည်းကျားသစ် ဒါဇင်ကျော်မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ တုန်ခါမှုလှိုင်းကြောင့် အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်လေရသည်။
ထျန်းပင်းသည်လည်း ကြီးမားလွန်းသော ခွန်အားကြောင့် တုန်လှုပ်သွားပြီး နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားရကာ သူ၏နဖူးပေါ်တွင် မီးလောင်ကျွမ်းနေသော လက်သီးရာတစ်ခု ကျန်ရစ်ခဲ့ပြီး ထုံကျဉ်မှုလှိုင်းများ ဖြစ်ပေါ်လာသည်။
သို့သော် ခေါင်းခါယမ်းလိုက်ပြီး သူ၏မျက်နှာပေါ်ရှိ တိုက်ပွဲဝင်လိုစိတ်မှာ ပို၍ပင် ရူးသွပ်လာသည်။
“အဲဒါမျိုးမှ ကြိုက်တာကွ... ထပ်လာခဲ့စမ်း”
ထျန်းပင်းက ချက်ချင်းပင် ပြင်းထန်ရေခဲဝါးမြိုခြင်း စွမ်းရည်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
သူ၏ ရွှေရောင်ရင့်ရင့် လက်သည်းများကို အဖြူရောင် လေအေးများဖြင့် ရစ်ပတ်ထားကာ လေဟာနယ်ကို ဆုတ်ဖြဲပြီး မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ရင်ဘတ်ကို ကုတ်ခြစ်လိုက်သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ပြိုင်ဘက်က သူ၏ လက်သီးကို ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာ လုံးဝနီးပါး မရရှိခဲ့သည်ကို သူ မျှော်လင့်မထားခဲ့ပေ။ မိုးကြိုးမျောက်ဝံစစ်သူကြီးသည် အလျင်စလို နောက်ဆုတ်လိုက်ရပြီး လက်မောင်းများကို ကြက်ခြေခတ်ပုံသဏ္ဍာန်လုပ်ကာ ကာကွယ်လိုက်သည်။
ရွှစ်...
ကြမ်းတမ်းသော ကုတ်ခြစ်သံတစ်ခု ထွက်ပေါ်လာသည်။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ လက်မောင်းပေါ်ရှိ မာကျောသော အမွေးများ ဆုတ်ဖြဲခံလိုက်ရပြီး အရိုးထိအောင် နက်ရှိုင်းသော သွေးထွက်နေသည့် လက်သည်းရာကြီးသုံးခု ကျန်ရစ်ခဲ့သည်။
ထို့အပြင် အေးခဲနေသောလေများသည် ဒဏ်ရာများမှတစ်ဆင့် လျင်မြန်စွာ ပြန့်နှံ့သွားပြီး ၎င်း၏ အသားများနှင့် သွေးကြောများကို အေးခဲသွားစေရန် တိုက်စားနေလေသည်။
“သေချင်နေတာလား” ပြင်းထန်သော နာကျင်မှုနှင့် အအေးဓာတ်က မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ရက်စက်မှုကို နှိုးဆွပေးလိုက်သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီးက လက်သီးနှစ်ဖက်ကို ရိုက်ချလိုက်ပြီး သူ၏ မိုးကြိုးတိုက်ပွဲဝင်ခန္ဓာ ပင်ကိုဝိသေသလက္ခဏာရပ်က ပေါက်ကွဲထွက်လာသည်။
ပိုမိုပြင်းထန်သော လျှပ်စီးများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော အေးခဲသည့် လေများကို အတင်းအဓမ္မ ဖယ်ရှားပစ်လိုက်၏။
ချက်ချင်းပင် မိုးကြိုးမျောက်ဝံစစ်သူကြီးက ဧရာမ ပါးစပ်ကြီးကိုဟလိုက်ရာ ပါးစပ်ထဲမှ လျှပ်စီးစက်ကွင်းတစ်ခု ထွက်လာတော့ပေါ်သည်။
ဂျစ်... ဂျစ်... ဖောင်း... ဖောင်း...
တွန့်လိမ် ခုန်ပေါက်နေသော အပြာရောင် လျှပ်စီးမြွေ ဒါဇင်ပေါင်းများစွာသည် မျဉ်းဖြောင့်ပုံစံတိုက်ခိုက်မှု မဟုတ်ဘဲ မီတာဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရာမလျှပ်စီးကွန်ရက်ကြီးတစ်ခုအဖြစ် ရောယှက်သွားကာ ထျန်းပင်းဆီသို့ ဆင်းသက်လာပြီး သူရှောင်တိမ်းနိုင်မည့် နေရာအားလုံးကို ပိတ်ဆို့လိုက်တော့သည်။
ထျန်းပင်းနှင့် မိုးကြိုးမျောက်ဝံစစ်သူကြီးတို့ အပြင်းအထန် တိုက်ခိုက်နေချိန်တွင် ပင်မကာကွယ်ရေးလိုင်းပေါ်ရှိ ဖိအားမှာလည်း ရုတ်တရက် နှစ်ဆတိုးလာခဲ့သည်။
ရွှစ်... ရွှစ်... ရွှစ်...
သွေးကျားဘုရင်၏ ပုံရိပ်သည် စစ်မြေပြင်တွင် ရွှေနီရောင် တစ္ဆေအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သွေးဆာရူးသွပ်မှု ပင်ကို၀ိသေသလက္ခဏာရပ်က သူ၏အမြန်နှုန်းကို အဆုံးစွန်အထိ ရောက်ရှိသွားစေသည်။
သွေးကျားဘုရင် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဝေဝါးနေသော ပုံရိပ်များ၊ ကောင်းကင်ယံတွင် လွင့်စင်နေသော သွေးများနှင့် အသားစများကိုသာ မြင်တွေ့နိုင်သည်။
သွေးကျားဘုရင်သည် ရန့်မြဲ့ရှိနေသော ရှေ့တန်းကို တမင်သက်သက် ရှောင်ကွင်းကာ လုပ်ကြံသတ်ဖြတ်သူများ၏ တပ်ဖွဲ့ထဲသို့ ဘေးဘက်မှ ဝင်ရောက်လာသည်။
လက်သည်းတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သွေးမိစ္ဆာလက်သည်း စွမ်းရည်မှ အရာအားလုံးကို ဆုတ်ဖြဲနိုင်သည့် သွေးရောင်ဓားသွားတစ်ခု ထွက်ပေါ်လာသည်။
သာမန် လုပ်ကြံသတ်ဖြတ်သူများ၏ မာကျောသော အမွေးများနှင့် အရိုးများသည် သွေးကျားဘုရင်ရှေ့တွင် စက္ကူများကဲ့သို့ ဖြစ်နေပြီး တစ်ခဏအတွင်းမှာပင် ဝမ်းဗိုက်များ ကွဲထွက်သွားကြသည်။
၎င်းသည် ကျွမ်းကျင်မှုစွမ်းရည်များကို အသုံးပြုရန်ပင် မလိုဘဲ သာမန်အဆန်ဆုံး ခုန်အုပ်ကိုက်ခဲခြင်းများဖြင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ အသက်ကို အလွယ်တကူ ယူဆောင်သွားနိုင်သည်။
“တားထား၊ မြန်မြန်တားထား” လုပ်ကြံသတ်ဖြတ်သူ အဖွဲ့ခေါင်းဆောင်တစ်ဦးသည် မျက်လုံးများပြူးထွက်မတတ် ဒေါသတကြီးအော်ဟစ်လိုက်ပြီး အနီးအနားရှိ အဖော်များကို စုစည်းကာ ၎င်းကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
“ဝေါင်း….”
သွေးကျားဘုရင်သည် ရိုးရှင်းသော တောအုပ်တုန်လှုပ် ကျားဟိန်းသံ စွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။
သွေးကျားဘုရင်၏ ဖိအားများ ရောနှောနေသော ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းများသည် ပတ်ဝန်းကျင်ရှိ လုပ်ကြံသတ်ဖြတ်သူများ၏ ဝိညာဉ်များထဲသို့ ၀င်ရောက်သွားပြီး သံတူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ပင်။
သူတို့၏ လှုပ်ရှားမှုများ ချက်ချင်းတောင့်တင်းသွားပြီး သူတို့၏ မျက်လုံးများထဲတွင် ခေတ္တမျှ မှင်တက်မှုနှင့် အကြောက်တရားများ ပေါ်လာခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူအုပ်စု တုံ့ဆိုင်းသွားသော အခိုက်အတန့်တွင် ရွှေနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဝံပုလွေခေါင်းအချို့ ကောင်းကင်သို့ လွင့်စင်သွားတော့သည်။
“ခွေးကောင်” မိုးကြိုးမျောက်ဝံစစ်သူကြီးနှင့် ရုန်းကန်နေရသော ထျန်းပင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
ထျန်းပင်းသည် လှည့်ပြီး သွားကူချင်သော်လည်း မိုးကြိုးမျောက်ဝံစစ်သူကြီးက ထျန်းပင်း အာရုံများနေသည်ကို အခွင့်ကောင်းယူကာ သူ၏နံရိုးပေါ်သို့ ပြင်းထန်သော မိုးကြိုးလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ထိုတိုက်ခိုက်မှုကြောင့် ထျန်းပင်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တဖျတ်ဖျတ် လင်းလက်သွားပြီး သူ၏ သွေးနှင့် ချီစွမ်းအင်များပင် ပွက်ပွက်ဆူသွားသဖြင့် သူ့ရှေ့ရှိ အစွမ်းထက်သော ရန်သူကိုသာ အာရုံစိုက်ထားရတော့သည်။
အခြားတစ်ဖက်တွင် ကျောက်သားချပ်ဝတ် တောဝက်ဘုရင်သည် တိတ်ဆိတ်ပြီး တားဆီး၍မရသော သေမင်းတမန် ကြိတ်ဆုံကြီးတစ်ခုနှင့် တူနေသည်။
တောဝက်ဘုရင်သည် ဟိန်းဟောက်သံပင် မထုတ်လွှတ်ဘဲ ခေါင်းငုံ့ကာ မဟူရာအရေပြားကို အမြင့်ဆုံးအထိ အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစစ်အမှန် မဟူရာကျောက်ကဲ့သို့ မည်းနက်ပြီး တောက်ပလာသည့်အချိန်တွင် ကျောက်သားချပ်ဝတ် ဝင်ဆောင့်ခြင်းကို စတင်လိုက်တော့သည်။
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...
ကျောက်သားချပ်ဝတ် တောဝက်ဘုရင်သည် တိုင်လုံးကြီးများပမာ တုတ်ခိုင်သော ခြေလက်များကို ရွေ့လျားကာ စတင်ပြေးဝင်လာသည်။
အရှိန်မှာ သိပ်မမြန်လှသော်လည်း ခြေလှမ်းတိုင်းက မြေကြီးကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ရေခဲလွှာများကို ကွဲအက်သွားစေသည်မှာ ရှေးဟောင်း ဧရာမသားရဲကြီးတစ်ကောင် အိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ပင်။
၎င်းအပေါ်သို့ ကျရောက်လာသော ရေခဲစူးချွန်များနှင့် လက်သည်းတိုက်ခိုက်မှုများအားလုံးကို လျစ်လျူရှုထားပြီး လေးလံသော တင့်ကားကြီးတစ်စီးအလား ရေခဲတံတိုင်းဆီသို့ မောက်မာစွာ တည့်တိုး ပြေးဝင်လာတော့သည်။
ရန့်မြဲ့ ထုတ်ဖော်ထားသည် ရေခဲအကာအကွယ်သည် နှစ်စက္ကန့်ပင် မခံလိုက်ဘဲ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကြေမွသွားတော့သည်။
“အစောင့်အရှောက်တွေ... အကာအကွယ်လိုင်းကို ထိန်းထား”
အခန်း (၂၃၀) - ဝံပုလွေအသိုက် အကြပ်တွေ့ခြင်း၊ ဘုရင်ကြီးပြန်လာပြီ (၃)
မဟာနှင်းအစောင့်အရှောက်တစ်ဦးက အော်ဟစ်လိုက်ပြီး ရေပြာကြေးခွံအစောင့်အရှောက်များနှင့် အခြားအစောင့်အရှောက်များကို ဦးဆောင်ကာ သိပ်သည်းသော ဖွဲ့စည်းပုံတစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူတို့၏ သွေးနှင့် အသားများကို အသုံးပြု၍ ဤမိစ္ဆာကောင်ကို တားဆီးရန် ကြိုးစားလိုက်ကြသည်။
ဝုန်း….။
ကျောက်သားချပ်ဝတ် တောဝက်ဘုရင်သည် မရှောင်တိမ်းဘဲ သူတို့ထဲသို့ တိုက်ရိုက် ဝင်တိုက်လိုက်သည်။
ရှေ့ဆုံးမှ ရေပြာကြေးခွံအစောင့်အရှောက်၏ ပါရမီရှင်အဆင့် တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိသည့် လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်သည် ကျောက်သားချပ်ဝတ် တောဝက်ဘုရင်နှင့် ထိပ်တိုက်တွေ့ဆုံသည့် အခိုက်အတန့်တွင် ဖန်ခွက်တစ်ခုကဲ့သို့ ကြေမွသွားတော့သည်။
ရေပြာကြေးခွံအစောင့်အရှောက်၏ အရိုးများ၊ အတွင်းကလီစာများ...
အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစ ကြေမွသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ ဝင်တိုက်သည့်အဟုန်သည် အနည်းငယ်သာ နှေးကွေးသွားပြီး ရှေ့သို့ ဆက်လက် တိုးဝင်လာသည်။ ၎င်းက ရှေ့ခွာများကို မြှောက်လိုက်ပြီး ပြင်းထန်စွာ ဆောင့်နင်းလိုက်၏။
မြေကြီးဆုတ်ဖြဲ ခြေနင်းတိုက်ကွက်။
ခွပ်...။
၎င်း၏ ခွာများကို ဗဟိုပြု၍ မီတာဝက်ခန့်ကျယ်သော ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲကြောင်းများသည် အနက်ရောင် လျှပ်စီးများအလား ရှေ့သို့ ပြန့်နှံ့သွားပြီး အချိန်မီမရှောင်တိမ်းနိုင်သော အစောင့်အရှောက် ခုနစ်ကောင် ရှစ်ကောင်ခန့်ကို ချက်ချင်း ဝါးမြိုသွားတော့သည်။
အော်ဟစ်သံများသည် မြေကြီးအက်ကွဲကြောင်းများအောက်တွင် ပျောက်ကွယ်သွားတော့သည်။
ပထမ ကာကွယ်ရေးလိုင်း ယိမ်းယိုင်နေပြီဖြစ်သည်။
သစ်ပင်အိမ်လေးထဲတွင် ရှောင်လန်သည် ပြတင်းပေါက်ဘောင်ပေါ်သို့ မှောက်ချလုနီးပါး ဖြစ်နေပြီး သူမ၏ လက်သေးသေးလေးများက အေးစက်သော သစ်သားဘောင်ကို အားကုန်ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် ဖြူရော်နေလေသည်။
သူမ၏ မျက်နှာလေးမှာ ဖြူလျော့နေပြီး သူမ၏ မျက်လုံးပြူးကြီးများထဲတွင် မျက်ရည်များ ပြည့်နေသော်လည်း မြေပြင်သို့ မကျသွားအောင် ခေါင်းမာမာဖြင့် ထိန်းထားဆဲဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်သေးသေးလေးမှာ တုန်ရီနေသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ အဆက်မပြတ် တုန်ယင်နေသည်။
“ဦးလေးတွေ... ဦးလေးတွေ သွေးတွေ အများကြီးထွက်နေတယ်...” သူမသည် တစ်ယောက်တည်းသာ ကြားနိုင်သော အသံလေးဖြင့် တီးတိုးရေရွတ်နေပြီး သူမ၏လေသံထဲတွင် ရှိုက်သံများ ပါဝင်နေသည်။
သူမနောက်တွင် ရှောင်ယင်းသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်နေပြီး ခေါင်းငုံ့ကာ လင်းထျန်းလုံ ပြုလုပ်ပေးထားသော အရိုးလက်ဖွဲ့လေးကို ကစားရန်သာ အာရုံစိုက်ထားပုံရသည်။
သူမက အပိုင်းနှစ်ပိုင်း၏ အဆစ်များကို ပေါင်းစပ်ရန် ကြိုးစားနေသော်လည်း သူမ၏ဖြူဖွေးသော လက်သေးသေးလေးများမှာ ပြင်းထန်စွာ တုန်ယင်နေသဖြင့် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
သူမသည် အေးစက်စက် အရိုးကို အကြိမ်ကြိမ် အားကုန်ပွတ်သပ်နေသည်။ သူမ၏အမူအရာမှာလည်း ထိုအရာထံမှ ဘေးကင်းမှု အရိပ်အယောင်လေးတစ်ခု ရလာမလားဟု မျှော်လင့်နေသကဲ့သို့ပင်။
“ရှောင်လန်၊ အနောက်မြောက်ဘက်က ဟိုမျက်လုံးသုံးလုံး ဝံပုလွေဘုရင်ရဲ့ အငွေ့အသက်က အရမ်းကို ကြောက်ဖို့ကောင်းလွန်းနေတယ်၊ အရင်ဘဝက ငါတွေ့ခဲ့ဖူးတဲ့ မိစ္ဆာဘုရင်အဆင့် အတော်များများထက် ပိုပြီးအန္တရာယ်များတယ်”
သူ့ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်ထားတဲ့ စွမ်းအားတွေက ရိုင်းစိုင်းမှုနဲ့ နိမိတ်မကောင်းတာတွေ ပြည့်နှက်နေတယ်” ရှောင်ယင်း၏ အတွေးလှိုင်းများသည် တိတ်ဆိတ်နေသော သစ်ပင်အိမ်လေးထဲတွင် မြည်ဟည်းသွားပြီး ထိုစကားများကို ရှောင်လန်သာ ကြားနိုင်လေသည်။
“ရှောင်ယင်း၊ သူ့ဆီမှာ ညစ်ညမ်းနေတဲ့ ရှေးဟောင်းဝံပုလွေသွေးမျိုးဆက် တစ်ခုခု ရှိနေတယ်လို့ ငါ ခံစားရတယ်... ဝံပုလွေဖေဖေ... ဝံပုလွေဖေဖေ တကယ်ပဲ ဖြေရှင်းနိုင်ပါ့မလား”
ရှောင်လန်၏ အတွေးလှိုင်းများထဲတွင် မကြုံစဖူးသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး စိုးရိမ်ထိတ်လန့်စွာ ပြန်လည်ဖြေကြားလိုက်သည်။
ရေပြာကြေးခွံအစောင့်အရှောက်တစ်ဦး သွေးမြူများအဖြစ် ဖိချေခံလိုက်ရသည့်မြင်ကွင်း၊ ဦးလေးထျန်းပင်း မိုးကြိုးလက်သီးဖြင့် ထိုးခံရသည့်မြင်ကွင်း၊ ပြီးနောက် ဦးလေးယင်းဖုန်း၏ လက်အောက်မှ စစ်သည်များ အဆက်မပြတ်လဲကျနေသည့်မြင်းကွင်းကိုပါ သူမ မြင်တွေ့ခဲ့ရသည်။
ဤသည်မှာ ဝံပုလွေအသိုက်တည်ထောင်ပြီးကတည်းက ရင်ဆိုင်ရသော အကြီးမားဆုံး အကျပ်အတည်းပင်ဖြစ်သည်။
ရေခဲတံတိုင်း အကာအကွယ်လိုင်းသည် ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ ဝင်တိုက်မှုအောက်တွင် တဝီဝီမြည်သံများ ထုတ်လွှတ်လိုက်ပြီး လုံးဝ ပြိုကျလုနီးပါးဖြစ်နေချိန်၊
သွေးကျားဘုရင်သည် လုပ်ကြံသတ်ဖြတ်သူများ၏ ဘေးဘက်မှ ဖောက်ထွက်နိုင်လုနီးပါး ဖြစ်နေချိန်၊
ထျန်းပင်းသည် မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ဖိနှိပ်မှုကို ခံထားရပြီး မလွတ်မြောက်နိုင် ဖြစ်နေချိန်၊
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးပေါ်ရှိ နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းကြီး ဖြည်းညင်းစွာပွင့်လာပြီး ဖျက်ဆီးခြင်းအတွက် နောက်ဆုံးအမိန့်ပေးကာ သတ်ဖြတ်ခြင်းပွဲတော်ကို ခံစားရန် ပြင်ဆင်နေချိန် -
“အာဝူး...”
ရှေးဟောင်းဆန်ပြီး ခံ့ညားထည်ဝါသော စည်းချက်များ ပါဝင်နေသည့် အလွန်ကျယ်လောင်ပြီး စူးရှရှင်းလင်းသော ဝံပုလွေဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုဟိန်းဟောက်သံကြီးသည် အမှောင်ထုကို ခွဲထွက်လာသော အရုဏ်ဦးအလင်းရောင်ကဲ့သို့ ဆူညံနေသော စစ်မြေပြင်တစ်ခုလုံးကို အရှေ့တောင်ဘက်မှ ဖြတ်သန်းလာပြီး နှင်းဝံပုလွေများ၊ မိစ္ဆာသားရဲများနှင့် သစ်ပင်အိမ်လေးထဲရှိ ကလေးမလေးနှစ်ယောက်၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာတော့သည်။
အထွေထွေထိုးစစ်ကို စတင်တော့မည့် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် ရုတ်တရက် တောင့်တင်းသွားလေ၏။
၎င်း၏နဖူးပေါ်ရှိ နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းသည် အရှေ့တောင်ဘက်သို့ ချက်ချင်း စူးစိုက်ကျရောက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းသော မသေချာမှုအရိပ်အယောင်များကို ပြသလိုက်သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီးသည် ထျန်းပင်းကို လက်သီးတစ်ချက်ဖြင့် နောက်ဆုတ်သွားအောင် လုပ်လိုက်ပြီး သြရှရှအသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
“ဘုရင်ကြီး၊ ဒီအငွေ့အသက်က... ဟိုငွေရောင်ဝံပုလွေဘုရင်ပဲ။ သူ ထွက်လာပြီ၊ သူ့ကို အရင်သွားပြီး ကြားဖြတ်သတ်ဖို့ လူလွှတ်လိုက်ရမလား”
မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ သွေးနီရောင် မျက်လုံးများ ခေတ္တမျှ လင်းလက်သွားပြီးနောက် အေးစက်စက် လူသတ်ချင်စိတ်များဖြင့် ဖုံးလွှမ်းသွားသည်။
“မလိုဘူး”
မျက်လုံးသုံးလုံးဝံပုလွေဘုရင်က အရှေ့တောင်ဘက် ကောင်းကင်ယံတွင် လျင်မြန်စွာ ကြီးမားလာနေသော ငွေရောင်နှင့် ရွှေရောင်ရောယှက်နေသည့် အလင်းစက်လေးကို မော့ကြည့်လိုက်ပြီး သူ၏အသံမှာ ထာဝရအေးခဲနေသည့် ရေခဲများကဲ့သို့ အေးစက်နေသည်။
“သူရောက်လာမှ တစ်ခါတည်းရှင်းလိုက်မယ်၊ ဒီဘုရင်လည်း အလုပ်ရှုပ်သက်သာတာပေါ့”
မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ အသံမှာ မကျယ်လောင်သော်လည်း အကြွင်းမဲ့ ယုံကြည်မှုများ ပါဝင်နေပြီး စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော မျက်လုံးများ၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ထိုငွေရောင်နှင့် ရွှေရောင်ရောယှက်နေသည့် အလင်းတန်းသည် အမြင်အာရုံထက် ကျော်လွန်သော အမြန်နှုန်းဖြင့် လေကိုခွဲထွက်လာပြီး နောက်ဆုံးတွင် တိုက်ပွဲမြေပြင်၏ အလယ်ဗဟိုတည့်တည့် ကောင်းကင်ယံတွင် ရပ်တန့်သွားတော့သည်။
အလင်းရောင်များပျောက်ကွယ်သွားပြီး လင်းထျန်းလုံ၏ ခံ့ညားထည်ဝါသော ပုံရိပ်ကြီး ပေါ်လာလေသည်။
သူ၏ အမြင့်မှာ ငါးမီတာကို ကျော်လွန်နေပြီး သူ၏ ငွေဖြူရောင်အမွေးများအောက်တွင် ချောမွေ့ပြီး အချိန်မရွေးပေါက်ကွဲထွက်တော့မည့်အလား စွမ်းအင်များ ပြည့်နှက်နေသည့် ကြွက်သားများဖြင့် ဖောင်းကြွနေသည်။
မူလက သန့်စင်သော ငွေဖြူရောင်အမွေးများ၏ အောက်ခြေတွင် မှေးမှိန်ပြီး နက်နဲသော ရွှေနက်ရောင် ပုံစံလိုင်းများ ပေါ်ထွက်နေသည်။
အထင်ရှားဆုံးမှာ ရှေးဟောင်းရေခဲမြစ်များကဲ့သို့ နက်ရှိုင်းသော သူ၏ ရေခဲပြာရောင်မျက်လုံးများဖြစ်ပြီး အတွင်းတွင် အလောင်းများပြန့်ကျဲနေသော အောက်ဘက်ရှိ စစ်မြေပြင်ကို ရောင်ပြန်ဟပ်နေကာ ရှေးဟောင်း နဂါးငွေ့တန်း ဂလက်ဆီတစ်ခု စီးဆင်းနေသကဲ့သို့ပင် လင်းလက်တောက်ပနေလေသည်။
အဆင့် ၄၅၊ ဒုတိယ ဘုရင် အလယ်အလတ်အဆင့်၏ ဖိအားကို ခြွင်းချက်မရှိထုတ်လွှတ်လိုက်သည်။
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ အဆင့် ၅၀ မိစ္ဆာဘုရင်အဆင့် ဖိအားထက် တစ်ဆင့်နိမ့်နေသေးသော်လည်း ၎င်းအတွင်းရှိ ရှေးကျမှု၊ သန့်စင်မှုနှင့် လွန်ဆန်၍မရသော ဘုရင်အာဏာစက်တို့က ဤအငွေ့အသက်ကို ခံစားရသော နှင်းဝံပုလွေတိုင်းကို သူတို့၏ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ အဆုံးမဲ့ရဲရင့်မှု၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားစေသည်။
သူ၏ အေးစက်သောအကြည့်များသည် အောက်ဘက်ရှိ ကြေကွဲဖွယ် စစ်မြေပြင်ကို ဝေ့ကြည့်လိုက်ရာ ရန့်မြဲ့၏ချပ်ဝတ်ပေါ်ရှိ အက်ကွဲကြောင်းများ၊ ထျန်းပင်း၏ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ကျွမ်းခံထားရသော လောင်ကျွမ်းဒဏ်ရာများ၊ သွေးများနှင့် ယင်းဖုန်းလက်အောက်မှ စစ်သည်များ၏ ဆိုးရွားစွာ ပျက်စီးနေသော အလောင်းများကို မြင်တွေ့လိုက်ရသည်။
နောက်ဆုံးတွင် မမြင်ရသော ရေခဲလှံနှစ်စင်းကဲ့သို့ စူးရှလွန်းသည့် သူ၏အကြည့်များသည် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်အပေါ်သို့ ခိုင်မာစွာ စူးစိုက်ကျရောက်သွားတော့သည်။
“မင်းရဲ့ ပြိုင်ဘက်က...”
သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း ထူးဆန်းသော ထိုးဖောက်နိုင်စွမ်းတစ်ခုကို ပိုင်ဆိုင်ထားပြီး သက်ရှိအားလုံး၏ နားထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။
“...ငါပဲ”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ သွေးနီရောင်မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ လင်းထျန်းလုံထံမှလာသော သန့်စင်ပြီးရှေးကျသည့် ဝံပုလွေသွေးမျိုးဆက်ဖိအားက သူကို ပင်ကိုအသိစိတ်အရ အနည်းငယ် အန္တရာယ်ရှိသည်ဟု ခံစားရစေသော်လည်း ရန်စခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသက ပို၍ကြီးမားနေသည်။
“ချော်ရည်နဲ့ အရိုး... သူတို့နှစ်ကောင်လုံးကို မင်းသတ်လိုက်တာလား” မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ အသံသည် ရေခဲပေါ်တွင် ပွတ်တိုက်နေသော ကြမ်းတမ်းသည့် သတ္တုသံကဲ့သို့ဖြစ်ပြီး ဖုံးကွယ်မထားသော လူသတ်ချင်စိတ်များ ပါဝင်နေသည်။
လင်းထျန်းလုံသည် လေထဲတွင် ပျံ၀ဲနေပြီး သူ၏ ငွေရောင်နှင့် ရွှေရောင် ရောယှက်နေသည့် အမွေးများသည် ပြင်းထန်သော စွမ်းအင်များကြားတွင် အနည်းငယ်လွင့်ပျံနေသည်။
“သူတို့က အရင်စပြီး ရန်စခဲ့တာလေ” သူ၏ အဖြေက တိုတောင်းပြီး အေးစက်နေသည်။
လင်းထျန်းလုံ၏ အကြည့်များသည် ကျောက်သားချပ်ဝတ် တောဝက်ဘုရင် ဝင်တိုက်ထားသောကြောင့် ဖြစ်ပေါ်နေသည့် အပျက်အစီး နေရာနှင့် သွေးကျားဘုရင်၏ လက်သည်းများအောက်တွင် လဲကျနေသော လုပ်ကြံသတ်ဖြတ်သူ များအပေါ် ဖြတ်ပြေးသွားသည်။
“အခု မင်းအလှည့်ပဲ”
“မင်းရဲ့ အဆင့် ၄၅ စွမ်းအားလေးနဲ့လား” မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးပေါ်ရှိ နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းထဲမှ အလင်းရောင်များ ရွေ့လျားသွားပြီး မထီမဲ့မြင်ဖြစ်နေသည့် အမူအရာကို ပြသလိုက်သည်။
“ငါ မိစ္ဆာဘုရင်အဆင့်ကို တက်လှမ်းဖို့ ရှေးဟောင်းအရိုးစု အကြွင်းအကျန်တွေကို သန့်စင်နေတဲ့အချိန်တုန်းက မင်းက နှင်းတွေထဲမှာ ယုန်တွေကို လိုက်ဖမ်းနေတုန်းပဲ ဖြစ်မယ်”