← Chapters

အခန်း (၁၉၄)

Vol. 17 Ch. 194

အခန်း (၁၉၄)

Vol. 17 Ch. 194

ချင်းရို့က မီးဖိုချောင်ရှိ ကြက်ဟင်းခါးသီးအိုးကို စိုက်ကြည့်ရင်း အံ့အားသင့်နေရလျက်။ ဟွမ်ရှင်းရင်က သူမအား ကြက်ဟင်းခါးသီး တစ်လုံး၊ နှစ်လုံးလောက်ပဲ ပေးလိမ့်မယ်လို့ မူလက ထင်ထားခဲ့သော်လည်း ဒီလောက်အများကြီးဖြစ်လိမ့်မယ်လို့... ဒီကြက်ဟင်းခါးသီးတွေရဲ့ အမြစ်တွေကတောင် လတ်ဆတ်နေဆဲဖြစ်သလို အပြင်က ကြည့်ရုံနဲ့တင် အတွင်းပိုင်းက ဘယ်လောက်ခါးမလဲဆိုတာ သိနိုင်လေရဲ့။

- ကျန်းချန်ပေ့ အင်တိုက်အားတိုက် စိုက်ပျိုးထားခဲ့တဲ့ ကြက်ဟင်းခါးသီးတွေပဲ။

ချင်းရို့: "..."

သူမမိသားစုသည်လည်း ဒါတွေအားလုံးကို စားကုန်မည်မဟုတ်တာ သေချာနေ၍ လီချင့်ဟွားနှင့် အစ်မယန်တို့ မိသားစုဆီ နည်းနည်းသွားပေးလိုက်ရင်ရော...?

ချင်းရို့က ကြက်ဟင်းခါးသီးအိုးကို ယူကာ တခြားသူအိမ်တံခါးကို သွားခေါက်တော့သည်။ ထိုအခါ လူတိုင်းပြောကြသည်မှာ "လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျန်းမိသားစုက ကြက်ဟင်းခါးသီးကို ပေးထားလို့၊ ငါ ဒီရက်ပိုင်း ကြက်ဟင်းခါးသီးတွေ မစားချင်တော့ဘူး။ ရှောင်ချင်းရေ နင့်ဘာသာနင်ပဲ စားလိုက်တော့နော်"

- သူတို့အားလုံးက ကြက်ဟင်းခါးသီးကို မလိုချင်ကြဘူးတဲ့လား။

"ဒါဆိုလည်း လုကော စားပါစေတော့။ ကြက်ဟင်းခါးသီးက လတ်ဆတ်ပြီး အပူငြိမ်းစေတာပဲလေ"

လုယန် ထိုနေ့က အစောကြီး အိမ်ပြန်ရောက်လာခဲ့သည်။ သူ အိမ်ပြန်ရောက်သည်နှင့် သူ့ဇနီးလေးအား ပွေ့ဖက်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ဝင်သွားရာ ကြက်ဟင်းခါးသီးအိုးကြီးတစ်လုံးကို တွေ့လိုက်ရ၍ သူ့ပါးစပ်ထောင့်တွေ တွန့်သွားရကာ "ဒါတွေ ဘယ်ကရလာတာလဲ?"

"ကျွန်မ ဘေးအိမ်မှာ မုန်လာဥ သွားလဲတော့ ဆရာမဟွမ်က ပေးလိုက်တာလေ"

ချင်းရို့ရဲ့ လေသံမှာ အလွန် အားကိုးရာမဲ့နေဟန်ဖြင့် "ကပ္ပတိန်လုရေ ကျွန်မ ပြီးခဲ့တဲ့ရက်အနည်းငယ်က 'ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း'စာအုပ်ကို ဖတ်ထားတယ်။ ရှင်တို့အမျိုးသားတွေက ကြက်ဟင်းခါးသီး များများစားပေးတာ ခန္ဓာကိုယ်အတွက် ကောင်းတယ်လို့ ပြောထားတာပဲ"

"ဒီည ကျွန်မတို့မိသားစုက ရှင့်အတွက် ကြက်ဟင်းခါးသီးပွဲတော် လုပ်ပေးမယ်နော်"

လုယန်: "..."

လုကောက ချိုလွန်းတာတွေ စားရတာကို မကြိုက်သလို ခါးလွန်းတာကိုလည်း မကြိုက်ပါချေ။

သူက မျက်ခုံးပင့်၍ "ဒီလောက်အများကြီးလား? မင်း မငြင်းခဲ့ဘူးလား?"

"ဒါက မတော်တဆဖြစ်သွားတာပါပဲ။ ဒါတွေအားလုံးက ရှင့်ရဲ့ အဖိုးတန်သားလေးတွေကြောင့်ပဲပေါ့။ ဒီတော့ သားတွေအတွက် ဖေဖေက ဝတ္တရားရှိတယ်လေနော်။ ညကျရင် ကြက်ဟင်းခါးသီးတွေ များများစားဖို့ မှတ်ထားဦး၊ ဒါမှ နောက်တခါကျ ရှင့်သားတွေကို ထိန်းချုပ်ဖို့ ရှင် မှတ်မိမှာလေ၊ သူတို့မားမားရဲ့ မုန်လာဥတွေကို ဆွဲမနှုတ်ရအောင်ပေါ့"

လုယန်: "..."

"သားအတွက် ဖေဖေက ဝတ္တရားရှိတယ်တဲ့လား? မိန်းမရေ ယောက်ျားနဲ့ မိန်းမကြားမှာ ပိုမျှတသင့်တယ် မထင်ဘူးလား? သားအတွက် ဖေဖေက ဝတ္တရားရှိတယ်ဆိုရင် မေမေကရော ရှိတာပဲမဟုတ်ဘူးလား?"

ချင်းရို့လည်း ရွေးချယ်စရာမရှိဘဲ ပြောလိုက်တော့သည်။

"ကျွန်မကရော ရှင်နဲ့ပဲ အတူတူစားတာ မဟုတ်ဘူးလား? ရှင်က ဒီမိသားစုထဲမှာ အစားအများဆုံးသူဖြစ်ပြီးတော့ ကျွန်မတို့မိသားစုရဲ့ ကျောရိုးလေနော်။ တကယ်လို့ ရှင်သာ ဒီကြက်ဟင်းခါးသီးတွေကို မစားပေးဘူးဆိုရင်တော့ ရှင်က ကျွန်မနဲ့ သားတွေကိုပဲ စားစေချင်နေတာလား?"

ချင်းရို့က သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး ကမန်းကတန်းပြောလိုက်၏။

"ရှေးလူကြီးတွေက ပြောကြတယ်လေ၊ သားတစ်ယောက်ရဲ့ အမှားဟာ ဖခင်ဖြစ်သူက သေချာမသင်လို့ဆိုပြီးတော့။ ရှင်က မှတ်ဉာဏ်ပိုကောင်းတာပဲလေ လုကောရဲ့"

ဒါဟာ လုံးဝကို မမျှော်လင့်ထားတဲ့ ဘေးဥပဒ်တစ်ခုပင်။

လုယန်က လက်ပိုက်လျက် သူ့အရှေ့က သူ့ရဲ့ချစ်ဇနီးလေးဖြစ်သူ အမျိုးသမီးလေးကို ကြည့်လိုက်၏။

သူ့အမူအရာမှာ ရုတ်တရက် အေးစက်လာပြီး ချင်းရို့ကို တည့်တည့်ကြည့်၍ လေးလေးနက်နက်ဖြင့် "မိန်းမရေ ကိုယ် မင်းကို မနေ့ကထက် ဒီနေ့ နည်းနည်းလေး ချစ်တယ်ကွာ။ အရင်တုန်းကဆို ကိုယ် မင်းကို နေ့တိုင်း ပိုပိုပြီးချစ်ခဲ့ပေမဲ့ အခုတော့ အဲဒါက နောက်ပြန်ဆုတ်သွားသလိုမျိုး အနုတ်လက္ခဏာပြနေပြီ။ ရဲဘော်ရှောင်ချင်းရေ ဒီကိစ္စရဲ့ လေးနက်မှုကို မင်းသိပြီလား?"

သူပြောတာကို ကြားလိုက်ရတဲ့အခါ ချင်းရို့ ရုတ်တရက် ကြောင်အသွားရလျက်။ သူမရှေ့က လုယန်ကို အံအားသင့်စွာ ကြည့်လိုက်လေသည်။

အရင်တုန်းကတော့ သူမက ဒီလူနှင့် စကားတွေ ပြောချင်တိုင်း သူက စကားတစ်ခွန်းမှမဟခဲ့ဘဲ ဒီနေ့မှာတော့ ကြက်ဟင်းခါးသီးကြောင့် သူ့အချစ်တွေကို ထုတ်ဖော်လာလေပြီ။

လောင်ကျန်း စိုက်ထားတဲ့ ကြက်ဟင်းခါးသီးက တကယ့်ကို စွမ်းအားကြီးလိုက်တာနော်...

ယောက်ျားတွေအတွက် အလားအလာအားလုံးကို ထုတ်ဖော်ပေးနိုင်တာပဲဟ...

"မင်း ကိုယ့်ကို အစပြုနမ်းမယ်ဆိုရင် ကိုယ် မင်းကို ခွင့်လွှတ်မယ်"

လုယန် နှုတ်ခမ်းကို ပင့်မြှောက်ကာ ပြုံးပြနေပြီး ချင်းရို့အရှေ့မှာ သူ့မျက်နှာကို ပြထားလိုက်၏။ ချင်းရို့က သူ့မျက်နှာချောချောလေးကို ကိုင်ကာ အကြိမ်ပေါင်းများစွာ နမ်းလိုက်ပြီး "အခု အဆင်ပြေသွားပြီပေါ့။ ဒီနေ့ ရှင့်ရဲ့ ရဲဘော်ရှောင်ချင်းကို အချစ်တွေ နှစ်ဆပေးနိုင်မလားနော်?"

"မဟုတ်ဘူး၊ မင်းဘယ်သွားမလို့လဲ?"

လုယန် သူ့မျက်နှာပေါ်က အပြုံးကို ထိန်းထားရင်း "မင်းရဲ့လုကောက မင်းကိုတွေ့ဖို့ အပြေးအလွှား ပြန်လာတာလေကွာ။ မင်းကတော့ ကြက်ဟင်းခါးသီးအိုးကြီးတစ်လုံးနဲ့ နှုတ်ဆက်လိုက်တယ်ပေါ့လေ။ မင်းလေး ဘာတွေမှားနေသလဲဆိုတာ သိရဲ့လား?"

"တောင်းပန်စာတစ်စောင်ရေး၊ တောင်းပန်စာ ရေးကိုရေးရမယ်!"

"ရှင့်နှာခေါင်းနဲ့ မျက်နှာပေါ်မှာ ထိုးမနေနဲ့!"

"ဒီနေ့ မင်းရဲ့တောင်းပန်စာကို ကိုယ်မတွေ့ရင် ကိုယ်တို့အကြင်လင်မယားဆက်ဆံရေးကို ဘယ်လိုပြေလည်ရမလဲ?"

"မရေးဘူး၊ မရေးနိုင်ဘူး၊ မရေးဘူး!!!"

လင်မယားနှစ်ယောက် ကြက်ဟင်းခါးသီးပြဿနာကြောင့် ခဏကြာ စကားများကြလေပြီ။

ချင်းရို့က "ပြန်လည်သုံးသပ်ခြင်း" ဆိုတဲ့ စကားလုံးသုံးလုံးကို ရေးပြီး လုယန်အား ကမ်းပေးလိုက်သည်။ လုယန်က "ဝတ်ကျေတမ်းကျေ" ရေးတာကို စောဒကတက်လိုက်ပြီး သူမကို အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

"ကြက်ဟင်းခါးသီးမစားခင်မှာ မင်း ကိုယ့်ကို ကောင်းတာတစ်ခုခု ပေးနိုင်မလား?"

"မင်းဆီက အကျိုးကျေးဇူးတချို့ရရင် ကိုယ် မင်းကို ခွင့်လွှတ်ပေးမယ်ကွာ"

ချင်းရို့မျက်နှာမှာ နီမြန်းသွားရလျက်၊ သူမကို ထိုလူက ပွေ့ဖက်လိုက်၍ သူမ သူ့ရင်ဘတ်ကိုတွန်းကာ "အခုက လင်းလင်းချင်းချင်းကြီးလေနော်၊ ပြဿနာမရှာနဲ့တော့လို့"

"ကိုယ်တို့ ကြက်ဟင်းခါးသီးအကြောင်း ပြောနေတာမဟုတ်ဘူးလား? ကိုယ် ပြဿနာမရှာပါဘူးကွာ၊ မင်းနဲ့ဆွေးနွေးနေတာလေးပဲလေ"

"မင်းလေး အကျိုးကျေးဇူးတွေ အကုန်ပေးမယ်ဆိုရင် ဒီည ကြက်ဟင်းခါးသီးတွေအားလုံး ကိုယ် ဖြေရှင်းပေးပါ့မယ်"

"ရှင် အတည်ပြောနေတာလား?" ချင်းရို့က "ဒါဆို အရင်ဆုံး အကြွေးမှတ်ထားလိုက်။ ကြက်ဟင်းခါးသီးတွေအားလုံး ဖြေရှင်းပြီးသွားရင်တော့ ဒီည ရှင်လုပ်ချင်တာလုပ်ပေးမယ်"

"ကောင်းပါပြီကွာ"

လုယန် အပြုံးလေးနှင့် သူမမျက်နှာလေးကို နမ်းလိုက်ပြီး ခေါင်းထိပ်လေးကို ထိကာဖြင့် "လိမ္မာနော်၊ အိမ်မှာစောင့်နေဦး၊ ဒီည လောင်ဝမ်ကို ကိုယ်တို့အိမ်မှာ ညစာစားဖို့ သွားဖိတ်လိုက်ဦးမယ်"

"ကြက်ဟင်းခါးသီးကို အဆင်သင့်ပြင်ထားလိုက်တော့။ ကိုယ် ဒီည အကြွေးသိမ်းမှာနော်"

ချင်းရို့: "... ရှင် လောင်ဝမ်ကို ဒီလိုမျိုး လှည့်စားမယ်ပေါ့လေ၊ ရှင့်လို သူငယ်ချင်းကောင်း ရှိပါ့ဦးမလား?"

"ကောင်းတဲ့အရာတွေကို အတူတူမျှဝေရမယ်လေကွာ။ မင်းပဲ ကိုယ်တို့သားတွေကို မကြာသေးခင်ကမှ သင်ပေးနေတာမဟုတ်ဘူးလား။ မင်းသူငယ်ချင်းတွေကို ဘယ်လိုဝေမျှရမယ်ဆိုတာ သိရဲ့လား?"

"အဓိပ္ပါယ်မရှိလိုက်တာနော်"

ချင်းရို့ ပြုံး၍ သူ့မျက်နှာကို နမ်းလိုက်ပြီးမှ "သွားတော့လေ။ နောက်ထပ် လူနည်းနည်း ထပ်ခေါ်လိုက်ရင်ရော? ဟင်းများများ ချက်ထားလိုက်မယ်"

"ကောင်းပါပြီဗျာ"

လုယန်က လောင်ဝမ်ရဲ့ ယူနစ်ဆီသွားပြီး အပြန်လမ်းမှာ ကျောက်ကျန်းဟုန်ဆီသို့ သွားလိုက်၏။ နောက်ဆုံးတစ်ခေါက်က သူ့ရဲ့စာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အိမ်မှာညစာစားဖို့ ဖိတ်ခေါ်ကြောင်း ပြောလိုက်သည်။

"ညစာစားဖို့ ငါ့အိမ်ကိုလာခဲ့၊ ငါ မင်းကို ကျေးဇူးတင်မလို့ကွာ"

စာရဲ့အကြောင်းအရာက ဘယ်လိုပဲဖြစ်နေပါစေ၊ သူ့ရဲ့ တတိယအစ်မကတော့ ဘာမှပြောမလာခဲ့သည့်အပြင်...

လုရွှမ်ကလည်း သူ့ကို ကျေးဇူးအများကြီးတင်နေလျက်၊ သူမဘဝမှာ တခြားပျော်ရွှင်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောလာခဲ့လေသည်။

လုယန်: "..."

ဒီလိုစာမျိုးနဲ့ ဘဝရဲ့ ပျော်ရွှင်မှုကို ရှာတွေ့နိုင်တယ်ပေါ့လေ?

လုကောကတော့ နားမလည်တော့ပါပေ။

"ငါ့ကို ကျေးဇူးတင်တယ်?"

ကျောက်ကျန်းဟုန်မှာ ကောင်းကင်ပေါ်မှ ပိုင်မုန့်တစ်ပိုင်း သူ့ခေါင်းပေါ် ထိမှန်သွားသလို ခံစားလိုက်ရ၏။ အိုး မိုင် ဂေါ့ သူ ဘာကြားလိုက်မိတာလဲဟေ။ ဒီသူငယ်ချင်းဟောင်းကြီး လုယန်က သူ့ကို တကယ်ကြီး ကျေးဇူးတင်စကားပြောလိုက်တာလား?

ကျောက်ကျန်းဟုန်မှာ အတော်လေး မြှောက်သွားရလျက်။ နောက်ဆုံးအကြိမ်တွေ့ကြတုန်းက သူလည်း လုယန်ကို ကျေးဇူးတင်ရမယ်လို့ တွေးနေမိသည်။ မဟုတ်ပါက သူလည်း မင်ရှို့ဆီက လေးစားမှုတွေ၊ ချီးကျူးတာတွေကို ခံရလိမ့်မှာ မဟုတ်ဘူးလေ။

"ဒီည ငါ့အိမ်မှာ ညစာလာစား။ အတူဆုံကြတာပေါ့"

လုယန်က သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီး ကျေးဇူးတင်တာက အဓိကအချက်မဟုတ်ကြောင်း စဥ်းစားလိုက်ရင်း "ညစာစားဖို့ ငါ့အိမ်ကိုလာခဲ့ကွာ"

"ကောင်းပြီလေ၊ ဖြစ်ချင်တော့ ငါလည်း ဒီနေ့ ဘာမှလုပ်စရာမရှိဘူး။ ညနေ roll callရှိတဲ့အချိန် ပြန်ရောက်ရင်ရပြီ"

"ငါ လူတစ်ယောက် အပိုထပ်ခေါ်လာရင်ရော အဆင်ပြေလား? ကျိုးဝေကိုလေ မင်းလည်း သူ့ကို မတွေ့တာကြာပြီ မဟုတ်လား?"

"ကျိုးဝေလား?" လုယန် ဒီကလေးနာမည်ကို ကြားလိုက်သည်နှင့် ဒီကောင်က သူနှင့် ထန်ရို့အကြောင်း ကောလာဟလလွှင့်သူဖြစ်မှန်း မှတ်မိသွားခဲ့သည်။ ဒီကောင်က ပါးစပ်ကြီးတဲ့အတွက် ကြက်ဟင်းခါးသီးကို များများစားသင့်တာပေါ့။

"မင်း သူ့ကို ခေါ်ကိုခေါ်ခဲ့ရမယ်"

xxx

All Chapters