← Chapters

အခန်း (၁၉၇)

Vol. 17 Ch. 197

အခန်း (၁၉၇)

Vol. 17 Ch. 197

ကျောက်ကျန်းဟုန်နှင့် ကျိုးဝေတို့နှစ်ယောက် လုမိသားစုအိမ်မှ အတူတူပြန်သွားကြချိန်တွင် အမှောင်ထဲ၌ အဝတ်လျှော်နေတဲ့ ကျန်းချန်ပေ့ကို တွေ့လိုက်ရ၍ ကျိုးဝေမှာ တကယ်ကို အံ့အားသင့်သွားရ၏။

ဤမိသားစုအိမ်ရှိ အမျိုးသားဟာ သူ့ဇနီးကို အမှန်တကယ် ထောက်ထားညှာတာတတ်ကြောင်း သိလိုက်ချေပြီ။ သူက ဥယျာဉ်ကို ဂရုစိုက်ပြီး အသီးအနှံတွေကို စိုက်ပျိုးရုံတင်မက ဇနီးနှင့် သားသမီးတွေအတွက် အဝတ်လျှော်ပေးနေတာပဲ။

ကျန်းချန်ပေ့ကား မည်းမှောင်နေတဲ့ မျက်နှာထားဖြင့် ရှိနေလျက်။ သူ ညဘက်ကြီး တိတ်တိတ်လေး အ၀တ်လျှော်ဖို့ လုပ်ထားစဥ် ဖြတ်သွားဖြတ်လာလူတချို့နှင့် ဆုံတွေ့ရလိမ့်မာ်လို့ သူ မမျှော်လင့်ထားမိခဲ့ပေ။ ဤဖြတ်သွားဖြတ်လာနှစ် ယောက် က ဘာကြောင့်ရယ်မသိ၊ သူ့ကို စိုက် ကြည့် နေကြလေရဲ့။

ကြည့်စမ်း၊ ဒီနေ့ သူ့သားက ဘောင်းဘီထဲမှာ ဝမ်းတွေသွားထားတာပဲ။

မူလက ကျန်းချန်ပေ့သည် အိမ်ပြန်ရောက်သောအခါ အတော်လေး ပျော်ရွှင်နေခဲ့၏။ ဇနီးဖြစ်သူ ဟွမ်ရှင်းရင်က ဘေးအိမ်က ရှောင်ချင်းကို ကြက်ဟင်းခါးသီးတွေ ပေးလိုက်ကြောင်း ပြောပြလာတဲ့အခါ ကျန်းချန်ပေ့ သက်ပြင်းမချမိဘဲ မနေနိုင်တော့ပါပေ။

သူ့မိသားစုထဲက ကြက်ဟင်းခါးသီးတွေ ဘာဖြစ်သွားမှန်း သူလည်းမသိချေ။ ရုတ်တရက်ကြီး ရိတ်သိမ်းမှုကောင်းကောင်းရလိုက်သဖြင့် ကြက်ဟင်းခါးသီးတွေကို အကြိမ်ကြိမ် ခူးပြီးတဲ့နောက် သူ့ကို စိတ်ရော ကိုယ်ပါ မောပန်းနွမ်းနယ်သွားစေ၏။ ကြက်ဟင်းခါးသီးက မဆိုးဘူးလို့ ခံစားမိပေမယ့် နေ့တိုင်း စားဖို့ဆိုတာတော့ သည်းမခံနိုင်ပါပေ။ သူတို့လင်မယားနှစ်ယောက်လည်း ကြက်ဟင်းခါးသီးတွေကို ဝေပစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

ဟွမ်ရှင်းရင်က နောင်တွင် ကြက်ဟင်းခါးသီးတွေကို မစိုက်ပျိုးတော့ဖို့ အကြံပေးခဲ့ပြီး ကျန်းချန်ပေ့ကိုယ်၌ကလည်း ကြက်ဟင်းခါးသီးကို စားရလွန်းသဖြင့် အန်ချင်သလိုတောင် ခံစားနေရပြီလေ။ မူလက ကြက်ဟင်းခါးသီးတွေကို ထပ်မစားနိုင်တော့တဲ့အတွက် အိမ်ရှိ ကြက်ဟင်းခါးသီးတွေကို ပစ်ထုတ်ဖို့ စီစဉ်ထားခဲ့သည်။

ကျန်းချန်ပေ့ အလွန် စိတ်မသက်မသာခံစားခဲ့ရ၏။ ဤကြက်ဟင်းခါးသီးတွေက သူစိုက်ပျိုးခဲ့သမျှတွေထဲမှာ အကောင်းဆုံးသီးနှံဖြစ်လေသည်။ သူ့ခြံထဲမှာ အရည်ရွှမ်းပြီး လတ်ဆတ်လှပနေပေမယ့် အရမ်းခါးလွန်းပြီး အရသာတော့ သိပ်မရှိဘူး...

"မင်းတို့မိသားစုက ကြက်ဟင်းခါးသီးတွေ စိုက်တာမလား?"

"မင်းစိုက်ထားတဲ့ ကြက်ဟင်းခါးသီးက အရမ်း အရသာရှိတယ်ကွာ"

ကျိုးဝေနှင့် ကျောက်ကျန်းဟုန်တို့က မချီးမွမ်းဘဲ မနေနိုင်တော့ပါချေ။

ယင်းမှာ ကုလားအုတ်ရဲ့နောက်ကျောကို ကျိုးသွားစေတဲ့ နောက်ဆုံးကောက်ရိုးမျှင်အလား။

ကျန်းချန်ပေ့သည် ဒီလူတွေက သူ ညဘက်ကြီး အဝတ်လျှော်နေတာကို စိုက်ကြည့်နေကြတာလို့ ထင်ထားခဲ့ပေမဲ့ သူ စိုက်ထားတဲ့ ကြက်ဟင်းခါးသီးတွေ အရသာရှိကြောင်းကို ချီးမွမ်းလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။

အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးနှင့် သူ တွေ့ဆုံလိုက်ရသလိုမျိုး သူ့နှလုံးသားထဲမှာ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်ကို ခံစားခဲ့ရ၏။ သူ့ရဲ့ ကြက်ဟင်းခါးသီးက အရသာရှိတယ်ဆိုရင် ဒါဆို အဲဒီလူက မိတ်ဆွေကောင်းတစ်ယောက်ပဲ။

"မင်းတို့ကြိုက်ကြလား? ငါနည်းနည်းပေးလိုက်မယ်လေ"

"ဒါက သိပ်မကောင်းဘူးလားလို့?"

"ဘာမှမဖြစ်ဘူး။ ငါတို့အိမ်မှာ အများကြီးရှိသေးတယ်လေ"

ထို့နောက် ကျောက်ကျန်းဟုန်နှင့် ကျိုးဝေလည်း ကြက်ဟင်းခါးသီးအနည်းငယ်နှင့် ထွက်ခွာလာခဲ့သည်။ ကျောက်ကျန်းဟုန်က သူ့မှာ ဟင်းချက်ဖို့မဖြစ်နိုင်ဘူးလို့ ခံစားမိတာကြောင့် ကြက်ဟင်းခါးသီးအားလုံးကို ကျိုးဝေကို ပေးခဲ့ပြီး ကျိုးဝေလည်း ပျော်ပျော်ကြီး လက်ခံလိုက်လေသည်။

မူလက ခြံထဲက ကြက်ဟင်းခါးသီးတွေကို အမြစ်ပြတ်ရှင်းလင်းပစ်ဖို့ စီစဥ်ထားတဲ့ ကျန်းချန်ပေ့သည် သူတို့ထွက်သွားတာကို ကြည့်ရင်း ဤချစ်စရာလေးတွေကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်လိုက်တော့သည်။

နောက်တစ်နေ့၌ ဟွမ်ရှင်းရင်က အိမ်မှာ ကြက်ဟင်းခါးသီးတွေကို တွေ့လိုက်ရသေးသဖြင့် ကျန်းချန်ပေ့ကို မေးလိုက်လေ၏။ "ရှင် ဒါတွေကို တူးထုတ်ပစ်မယ်လို့ ပြောထားတာမဟုတ်ဘူးလား?"

"မလုပ်တော့ဘူး။ မနေ့က လူနှစ်ယောက်က ငါစိုက်ထားတဲ့ ကြက်ဟင်းခါးသီးက အရသာရှိတယ်လို့ ပြောကြတယ်လေ။ ရှောင်ချင်းကို အများကြီး ပေးလိုက်တဲ့ မင်းကို ကျေးဇူးတင်ရမှာပဲကွာ၊ သူတို့က လုအိမ်မှာ ငါ့ရဲ့ကြက်ဟင်းခါးသီးတွေကို အရသာရှိရှိစားခဲ့ရတယ်ဆိုပဲ"

"ဟီးဟီး သူတို့က သူရဲကောင်းတွေကို အသိအမှတ်ပြုဖို့ စူးရှတဲ့အမြင်ရှိကြတာပဲ"

"ငါ့ကြက်ဟင်းခါးသီးက အရသာမရှိတာ မဟုတ်ဘဲ မင်းရဲ့ ဟင်းချက်ကျွမ်းကျင်မှု သိပ်မကောင်းတာပဲလို့ ငါထင်တယ်နော် ဆရာမဟွမ်ရေ"

"ဒီနှစ်လည်း ကြက်ဟင်းခါးသီး ထပ်စိုက်ဦးမယ်" ကျန်းချန်ပေ့ ယုံကြည်မှုအပြည့်ဖြင့် "အခု နေ့စဥ်နဲ့အမျှ ပူလာတော့မှာမို့ အပူတွေငြိမ်းစေဖို့ ကြက်ဟင်းခါးသီးကို များများစားတာ ကောင်းပါတယ်ကွာ။ ငါတို့သားကိုတော့ အနာခံမှ အသာစံရမယ်လို့ ပြောလို့ရတာပဲ!!"

အိမ်က ကြက်ဟင်းခါးသီးတွေကို မပစ်တော့ဘူးတဲ့လား?

လောင်ကျန်းက ထပ်စိုက်ဖို့ စီစဉ်နေတုန်းတဲ့လား?!!

ဟွမ်ရှင်းရင်မှာ အနှီထိတ်လန့်ဖွယ်သတင်းကြောင့် အမူအရာ ကွဲအက်သွားခဲ့ရလေပြီ။ အိမ်မှာ ကြက်ဟင်းခါးသီးကို မပစ်ထုတ်တော့ဘူးဆိုရင် သူတို့မိသားစုက ကြက်ဟင်းခါးသီးကို ဆက်ပြီး စိုက်ပျိုးရဦးမှာပေါ့လေ ? ? ?

မူလက သူမတို့ စားပြီးတဲ့အခါ အိမ်က ကြက်ဟင်းခါးသီးတွေ ကုန်သွားတော့မှာလေ၊ သူမ ဘာကြောင့်များ ရှောင်ချင်းကို ပေးလိုက်မိတာလဲ?

ရလဒ်အနေနဲ့ ဒါက လောင်ကျန်းကို ယုံကြည်မှုတွေ ပေးလိုက်မိပြီ... အိုး မိုင် ဂေါ့ ကြက်ဟင်းခါးသီးက ဘယ်လောက်ပဲ အရသာရှိအောင် ချက်ထားပါစေ အဲဒါက ကြက်ဟင်းခါးသီးပဲ မဟုတ်ဘူးလားလို့...

ဟွမ်ရှင်းရင်: "…"

မနက်တုန်းက ရှောင်ချင်းရဲ့ ခြင်းတောင်းထဲကို ကြက်ဟင်းခါးသီးတွေ အများကြီး အတင်းထိုးထည့်ပေးလိုက်တဲ့ မြင်ကွင်းကို သူမ သတိရမိသွားခဲ့သည်။

စျေးပေါလိုက်တဲ့ လက်တွေပဲ! (မသင့်လျော်တဲ့အပြုအမူအတွက် နောင်တရတာကို ပြောတာပါ)

နောက်တစ်နေ့တွင် ချင်းရို့က ဟွမ်ရှင်းရင်အား အထူးတလည် ကျေးဇူးတင်ကြောင်း သွားပြောခဲ့သည်။ "ဆရာမဟွမ်ရေ နင့်ရဲ့ လောင်ကျောက် စိုက်ထားတဲ့ ကြက်ဟင်းခါးသီးက အရမ်းအရသာရှိတာပဲနော်။ ကြက်ဟင်းခါးသီးတွေကို အသားတွေနဲ့ အစာသိပ်ပြီး စားဖို့အတွက် သင့်လျော်တယ်"

ကြက်ဟင်းခါးသီးတပုံကြီးကို ကြည့်ရတာ ကြောက်စရာကောင်းပေမယ့် လူတစ်အုပ်က အသားအစာသိပ်ကြက်ဟင်းခါးသီးနှင့် ကြက်ဟင်းခါးသီးကြက်ဥမွှေကြော်ကို အတူတကွ စားလိုက်ကြတဲ့အခါ တကယ့်ကို အရသာရှိပြီး လတ်ဆတ်တဲ့ ဟင်းလျာလေးဖြစ်သွားလေသည်။

ဟွမ်ရှင်းရင်: "…"

ကြက်ဟင်းခါးသီးကို အသားနှင့်အစာသိပ်ထားတာက အရသာရှိတယ်... ဒါပေမယ့် ကြက်ဟင်းခါးသီးထဲမှာ ထည့်ဖို့ ဝက်သားတွေအများကြီး ဘယ်သူ့မှာရှိမှာတုန်းလို့?

"နောက်တစ်ခါ နင့်အိမ်ကို ငါပို့ပေးရဦးမလား?"

"မလိုတော့ပါဘူး" ချင်းရို့ ငြင်းဆိုလိုက်ပြီး "ငါ့လောင်လုကလည်း ဒုတိယထပ်က လှေကားထစ်စိုက်ခင်းမှာ ကြက်ဟင်းခါးသီးကို စိုက်ဖို့ စီစဉ်နေလို့လေ။ သူစိုက်ထားတဲ့ ကြက်ဟင်းခါးသီးကို စားဖို့ပဲ စောင့်လိုက်တော့မယ်။ သူ့ရဲ့ ကြက်ဟင်းခါးသီးတွေ ကြီးလာတဲ့အခါ နင်တို့မိသားစုဆီကို မြည်းကြည့်ဖို့ ပေးမယ်နော်"

လုယန်နှင့် ချင်းရို့တို့က ကြက်ဟင်းခါးသီးကို ပုစွန်နဲ့ အစာသိပ်ထားတာဟာ တစ်ကြိမ်စားပြီးည်နဲ့ စားကောင်းကြောင်း တွေ့ရှိခဲ့တာကြောင့် အိမ်မှာ အနည်းငယ် စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ကြသည်။

အိမ်မှာပဲ ကိုယ်တိုင်စိုက်ပျိုးထားရင် တခြားသူတွေလည်း အိမ်ကို ကြက်ဟင်းခါးသီးတွေ ပို့လို့မရတော့ဘူးလေ။

- နင်တို့ ပေးပစ်ချင်ရင် တခြားသူတွေကိုပဲ ပေးလိုက်တော့ ! ! ! !

ဟွမ်ရှင်းရင် : "... နင်တို့မိသားစုလည်း ကြက်ဟင်းခါးသီး စိုက်တော့မယ်လား?"

လောင်ကျန်းက သူ့ဘာသူ ကြက်ဟင်းခါးသီးတွေ စိုက်တာ အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ဘေးအိမ်ကပါ စိုက်တော့မယ်ပေါ့လေ? ကြက်ဟင်းခါးသီးတွေ ဘာလို့ ဒီလောက်များနေရတာလဲလို့?

"ဆရာမဟွမ်ရေ ငါ အလုပ်သွားရတော့မယ်။ နောက်မှတွေ့မယ်နော်"

ကျိုးဝေက ကြက်ဟင်းခါးသီးအနည်းငယ်နှင့် ပြန်သွားပြီး ဟင်းချက်သင်တန်းဆီ ပစ်ပေးလိုက်တော့သည်။ ဟင်းချက်သင်တန်းတွင် ကြက်ဟင်းခါးသီးအသားအစာသိပ် ဟင်းလျာအပိုတစ်မျိုး ပေါင်းထည့်လာခဲ့၏။ လူများလွန်းတာကြောင့် တစ်ယောက် နည်းနည်းစီသာ ရနိုင်ပြီး အားလုံးက စားပြီးနောက် ချီးမွမ်းကြလေသည်။

"ဒီကြက်ဟင်းခါးသီးအသားအစာသိပ်က အရမ်းအရသာရှိတာပဲကွ!"

"ချုံကျိုးကျွန်းအခြေစိုက်စခန်းရဲ့ မိသားစုခြံဝင်းက အရာရှိကြီးတစ်ဦး စိုက်ထားတာလေ"

"တကယ်လား? အရာရှိက အမျိုးသားလား? လူတွေက အိမ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်နေကြတုန်းပဲပေါ့? အိမ်မှုကိစ္စတွေရော လုပ်ကြသေးလား?"

"အိမ်မှုကိစ္စလည်း ဝိုင်းလုပ်တယ်၊ ညဘက်ကြီး သူ့မိသားစုအတွက် အဝတ်လျှော်နေတာတွေ့လိုက်သေးတယ်..."

"ရှူး ကျိုးဝေရေ မင်းရဲ့အသံကို လျှော့လိုက်ဦး။ ငါတို့ဧရိယာက အမျိုးသမီးတွေ မကြားမိစေနဲ့"

ကျိုးဝေ: "…"

"သူတို့သိသွားရင်ရော ဘာဖြစ်လို့လဲ? ဘာပဲဖြစ်ဖြစ် ငါ့မှာ မိသားစုမှမရှိဘဲ" လူပျိုသိုးကြီးတစ်ယောက်ဖြစ်တဲ့ ကျိုးဝေဟာ အိမ်ထောင်ပြုရန် စိတ်ဝင်စားခြင်းအလျဥ်းမရှိပါချေ။ သူက လောင်လု၊ လောင်ဝမ်၊ လောင်ကျောက်တို့လိုမျိုး မဖြစ်ချင်ပါဘူး။

"နောင်အခါ မင်းမှာ မိသားစုဝင်တွေရှိလာတဲ့အခါ မင်းဒုက္ခရောက်ရလိမ့်မယ် လောင်ကျိုးရေ၊ မင်းပြောခဲ့တာတွေ မှတ်ထားဦး"

"မှတ်ထားပေါ့၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ? ငါ အိမ်ထောင်ပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

ကျိုးဝေက "သူငယ်ချင်းမလေး" ချန်လုကို ဖုန်းခေါ်လိုက်ပြီး ကျောက်ကျန်းဟုန် လက်ထပ်တော့မည်ဖြစ်ကြောင်း ပြောပြလိုက်၏။

ဖုန်းထဲကနေ ချန်လုလည်း ဒေါသတကြီးဖြင့် "သူ ဘယ်လိုလုပ်ပြီး ဒီလောက်အကြင်နာကင်းမဲ့နိုင်ရတာလဲ? ထန်ရို့ကို ဘယ်လိုလုပ်ပြီး စွန့်ပစ်နိုင်ရတာလဲ? ဒီလောက်နှစ်တွေအကြာကြီး သူ့ကို လက်ထပ်ခဲ့ပြီးမှ ထန်ရို့က သူလိုချင်တဲ့အတိုင်း ကွာရှင်းပေးခဲ့တာလေ။ လုယန်နဲ့ ထန်ရို့ကြားက ကိစ္စတွေဆိုတာလဲ ဒီတိုင်းနားလည်မှုလွဲတာလေးပဲဟာ"

"ဘာနားလည်မှုလွဲတာလဲ! ချန်လု မင်း ပိုဥာဏ်ကောင်းဖို့လိုနေပြီနော်။ အဲဒီမိန်းမထန်ရို့ပြောတဲ့ အလိမ်အညာတွေကိုတော့ မင်းယုံတယ်၊ ဒါပေမဲ့ ငါတို့ပြောနေတဲ့ အမှန်တရားတွေကိုတော့ မင်းက မယုံဘူးပေါ့" ကျိုးဝေသည် သူ လက်တွဲဖော်ရှာမတွေ့နိုင်ဘဲ လူပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းမှာ ချန်လုက အရမ်းတုံးတာကြောင့်လို့ ခံစားနေမိချေပြီ။

"အဲဒီမိန်းမ ထန်ရို့နဲ့ မင်းမပတ်သတ်ဘဲ နေလို့မရဘူးလား? မင်း ငါ့ကို ဖုန်းခေါ်တဲ့အချိန်တိုင်း ထန်ရို့အကြောင်းတွေချည်းပြောပြောနေတာ၊ ကျောက်ကျန်းဟုန်ကို ထန်ရို့နဲ့ ပြန်အဆင်ပြေစေဖို့ စည်းရုံးစေချင်နေသေးတယ်။ ငါ မင်းကို ပြောလိုက်မယ်၊ လောင်ကျောက်ရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းဖို့ ဘယ်တော့မှ ဖျောင်းဖျပေးမှာ မဟုတ်ဘူး"

"အခု သူ့မှာ သူကြိုက်တဲ့လူရှိနေပြီ၊ သူ့ကိုလွှတ်ပေးလိုက်ပါတော့။ သူ့အတွက်လည်း ဒုတိယအိမ်ထောင်ပြုရတာ လွယ်တာမဟုတ်ဘူး။ လောင်ကျောက်က နည်းနည်းတုံးတယ်လေ။ ထန်ရို့ သူမက ဒီတုံးအတဲ့ကောင်ကို ဆွဲထားပြီး တစ်ချိန်လုံး အနိုင်ကျင့်နေခဲ့တာမလား?"

ချန်လု: "အာ?"

"မင်း ဘာမှ အာ လုပ်မနေနဲ့။ ငါဖုန်းချလိုက်တော့မယ်၊ နောက်ဆို ဒီလိုကိစ္စကြောင့် ငါ့ကို ဖုန်းမခေါ်နဲ့..." ကျိုးဝေ ဒေါသတကြီးပြောလိုက်သည်။

ချန်လု ပိုလို့တောင် ဒေါသဖြစ်သွားရလျက်။ "နင်က ငါ့မှာ ဦးနှောက်မရှိဘူးလို့ ပြောနေသေးတယ်ပေါ့လေ၊ နင်ကမှ ဦးနှောက်မရှိတဲ့သူပဲဟဲ့"

"ငါက ထန်ရို့အကြောင်း နင့်ကို ပြောခဲ့လို့လား? နင်ပဲ ထန်ရို့အကြောင်း ငါ့ကို ပြောခဲ့လို့ ငါ သူမဆီ စကားသွားပြောခဲ့တာလေ။ ချီးပဲ အဲဒီငိုယိုနေတဲ့မိန်းမကို ငါ သည်းမခံနိုင်တော့တာ ကြာလှပြီဟဲ့။ သူမ ငိုနေတာက အရမ်းအတုဆန်လိုက်တာများ၊ မသိရင် သေရေးရှင်ရေး အသက်လုနေရတာကြနေရော။ ငါ သူမကို နိုးထအောင်လုပ်ပစ်ချင်နေပေမဲ့ နင်က ကန်းနေပြီးတော့ သူမကို သနားဖို့ကောင်းတယ်လို့ ထင်နေခဲ့တာလေ။ အခုတော့ ငါကပဲ သူမရဲ့ အလိမ်အညာတွေကို ယုံတဲ့သူလို့ ပြောနေတာပေါ့လေ..."

ကျိုးဝေ: "..."

"ဒါဆို မင်း ငါ့ကို ဘာလို့ဖုန်းခေါ်တာလဲ?" ကျိုးဝေ တံတွေးမျိုချလိုက်ပြီး သူ့ရဲ့ ဒီ"သူငယ်ချင်းမလေး"က ယောက်ျားတွေကို ကြိုက်သလား မကြိုက်ဘူးလားဆိုတာ သူ မကြာခဏဆိုသလို သိချင်နေမိသည်။

ဒီလိုမှမဟုတ်ရင် သူက အနုပညာအဖွဲ့ရှိ သီချင်းဆိုတတ် ကခုန်တတ်တဲ့ မိန်းမချောလေးတွေကို မကြိုက်ဘဲ အဲဒီအစား ဒီသူငယ်ချင်းနဲ့ စကားပြောနေမိတယ်လေ။

ချန်လု: "ငါတို့ သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား?"

ကျိုးဝေ "မင်းက ယောကျ်ားလေးလား?"

"ယောက်ျားလေးတွေကပဲ နင့်ရဲ့ အပေါင်းအသင်း လုပ်နိုင်မယ်ပေါ့လေ? နင် အမျိုးသမီးတွေကို နှိမ့်ချနေတာလား?!!! ငါတို့ ငယ်ငယ်ကတည်းက ဘောင်းဘီတထည်အတူတူဝတ်ပြီး ကြီးလာကြတာပဲလေ၊ ပြီးတော့ နင့်ကိုတောင် ငါ ကိုက်ပစ်သေးခဲ့တာ"

ကျိုးဝေ: "…"

ကျိုးဝေ ဒါကို ကြားလိုက်ရတဲ့အခါ တုန်ယင်သွားရလျက်။

"အဲဒီတုန်းက နင် အနိုင်ကျင့်ခံရတော့ ငါ နင့်ကို ကာကွယ်ပေးခဲ့တာမလား? အခုတော့ နင်က ကျေးဇူးကန်းပြီး ဒီသူငယ်ချင်းကို အသိအမှတ်မပြုချင်တော့ဘူးပေါ့လေ?"

"နင် ငယ်ငယ်တုန်းက ကျောက်ကျန်းဟုန်က နင့်ကို အနိုင်ကျင့်ခဲ့တာတောင်မှ နင်က သူ့ကို ညီအစ်ကိုလို ဆက်ဆံနေတုန်းပဲ။ ငါ့ကိုကျ ညီအစ်ကိုလို မဆက်ဆံဘူးမလား?"

ကျိုးဝေ: "…"

"ချန်လု ငါ အနာဂတ်မှာ လက်တွဲဖော် ရှာမတွေ့ခဲ့ရင် အားလုံးက မင်းအပြစ်တွေပဲ"

- ကြောက်လိုက်တာနော်။

မင်းက ငါ့ကို မိန်းမတွေကို ကြောက်အောင်လုပ်လိုက်တာပဲကွ...

xxx

All Chapters