အခန်း (၁၉၈)
Vol. 17 Ch. 198
ချင်းရို့ အိမ်မှာ ကြက်ဟင်းခါးသီးကို တကယ် စိုက်ထားသော်လည်း ခြံထဲမှာမဟုတ်ဘဲ ဒုတိယထပ်တွင် ဖြစ်သည်။ ဘေးကင်းစေရန်အလို့ငှာ ကြက်ဟင်းခါးသီးကဲ့သို့သော သီးနှံပင်များကို အခြားအပင်များနှင့် ဝေးဝေးတွင် ထားသင့်သည်။ တခြားသီးပင်စားပင်တို့ထံ အခါးဓာတ် ကူးသွားခြင်းမှ ကာကွယ်ရပေမည်။
ကြက်ဟင်းခါးသီးမှာ အခြားအပင်များကို ကူးစက်တတ်တယ်လို့ လူများစွာက ဆိုခဲ့ကြသော်လည်း... ကြက်ဟင်းခါးသီးနှင့် အတူတကွ စိုက်ပျိုးထားတဲ့ သခွားသီးနှင့် သပွတ်သီးတွေကတော့ မကြာခဏ ခါးတတ်လေ၏။ တစ်ခါတုန်းက ချင်းရို့ ဟင်းရွက်ဈေးတွင် ကြက်ဟင်းခါးသီးလို ခါးသက်တဲ့ သပွတ်သီးတွေကိုလည်း ဝယ်ဖူးခဲ့ပါသည်။
"ဒီကြက်ဟင်းခါးပျိုးပင်ပေါက်လေးနှစ်ပင် အောင်အောင်မြင်မြင် သီးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ချင်းရို့ အသန်မာဆုံး ကြက်ဟင်းခါးပျိုးပင်နှစ်ပင်ကို ချန်ထားခဲ့ကာ သူတို့ကြီးထွားလာပြီး အသီးများသီးလာစေရန် စောင့်မျှော်နေပါတော့သည်။
"ဒေါ်လေး ကြက်ဟင်းခါးသီးကို တကယ်ပဲ စိုက်ချင်တာလား?" ရှမင်ရှီးမှာ ခါးသီးနေတဲ့မျက်နှာလေးဖြင့် ချင်းရို့အား ကြည့်နေလျက်။ သူလေးက ကြက်ဟင်းခါးသီး စိုက်ချင်နေတဲ့ သူ့ဒေါ်လေးရဲ့ အပြုအမူကို နားမလည်နိုင်ခဲ့ပေ။
ရှမင်ရှီးလေးဟာ အခါးစားရမှာကို အလွန်ကြောက်သလို မုန်လာဥစားရတာကိုလည်း သိပ်မကြိုက်ပါပေ။ အိမ်တွင် ကြက်ဟင်းခါးသီးပွဲတော်လုပ်ခဲ့တဲ့ နောက်ဆုံးအကြိမ်တုန်းက အနှီဘေးဒဏ်ကြီးမှ ကာကွယ်ရန်အတွက် ချန်ကျင်းရိအိမ်သို့ ပြေးသွားခဲ့သည်။
ချန်မိသားစု အိမ်အသစ်ဆောက်ပြီးနောက် ရှမင်ရှီးလေးဟာ ချန်မိသားစုအိမ်မှာ မကြာမကြာ သွားနေတတ်၏။ အဓိကအကြောင်းရင်းကတော့ သူနဲ့ သက်တူရွယ်တူ ချန်ကျင်းရိနှင့် ကစားချင်လို့ပေါ့လေ။ နောက်ထပ်အကြောင်းပြချက်ကတော့ ရွာမှာဆို ကလေးတွေအများကြီးရှိတော့ တောင်ပေါ်တက်ပြီး အတူ တူပြေးလွှားဆော့ကစားရတာ ပျော်ဖို့ကောင်းလို့ပါတဲ့။ ပြီးတော့ သူ့ရဲ့ စိတ်အနှောက်အယှက်ပေးလွန်းတဲ့ ဝမ်းကွဲညီလေးနှစ်ယောက်ဆီက လွတ်မြောက်ဖို့လည်း ပါတာပေါ့ကွယ်။
"အင်း ကြက်ဟင်းခါးသီးစိုက်ဖို့ ကျိုးကျိုးနှင့် ဖက်ထုပ်လေးကို ခေါ်သွားခဲ့တာလေ" ချင်းရို့ ခေါင်းညိတ်ပြလိုက်သည်။ အိမ်တွင် ကြက်ဟင်းခါးပျိုးပင်ပေါက်တွေကို သူမနှင့် သူမသားလေးနှစ်ယောက် အတူတူ ပျိုးထောင်ခဲ့ကြပြီးမှ အိုးထဲသို့ အစားထိုး စိုက်ပျိုးခဲ့ခြင်းပင်။
ဟုတ်ပါတယ်၊ အကြောင်းကတော့ အပင်ပေါက်လေးတွေက သေးပြီး နုနယ်သေးတဲ့ အပင်လေးတွေ ဖြစ်နေတာကြောင့်ပါပဲ။ ကျိုးကျိုး ဖက်ထုပ်လေးတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဒီအပင်ပေါက်စလေးတွေကို ခြိမ်းခြောက်မှုလို့ မခံစားရဘူးလေ။
မားမားကပြောထားတယ်လေ - အိမ်မှာ ကြက်ဟင်းခါးသီး စိုက်ထားရင် ဟိုဘက်အိမ်က ဦးလေးကျန်းဆီမှာ မုန်လာဥတွေ သွားလဲလှယ်စရာမလိုတော့ဘူးတဲ့။
တကယ်တော့ ကြက်ဟင်းခါးသီးနှင့် အသားအစာသိပ်က တော်တော်အရသာရှိလှသည်။ ကလေးနှစ်ယောက်ကတော့ ကြက်ဟင်းခါးသီးထဲမှ အသားတွေကိုသာ စားပြီး ကြက်ဟင်းခါးသီးတွေကို သူတို့အစ်ကိုကြီးနှင့် ပါးပါးစားဖို့ရာ ချန်ထားလိုက်သည်။
ဖက်ထုပ်လေး: "ရှီးရှီးကောကော ကြက်ဟင်းခါးသီးစားရမှာ ကြောက်လို့လား?"
ကျိုးကျိုးလဲ အလိုတူအလိုပါဟန်ဖြင့်: "ကောကောကြီးလာရင် ကြက်ဟင်းခါးသီးနဲ့ မုန်လာဥတွေ စားရတာကို ကြောက်မှာမဟုတ်တော့ဘူးလို့ မားမား ပြောဖူးတယ်"
ဖက်ထုပ်လေး: "ရှီးရှီးကောကော ကြက်ဟင်းခါးသီးတွေ များများစားသင့်တယ်နော်"
ကျိုးကျိုး: "သားက ကောကောကို သားရဲ့ကြက်ဟင်းခါးသီးတွေအားလုံး ပေးမယ်နော်။ ခုန်ရုန်က သစ်တော်သီးကို ပေးတယ်လို့ မားမားပြောဖူးတယ်"
ဖက်ထုပ်လေး ခေါင်းညိတ်လိုက်၏။ ကျိုးကျိုးက သူ့ညီလေးကို ပွေ့ဖက်လိုက်ရင်း ရှင်းလင်းပြတ်သားစွာ ပြောလာခဲ့သည်။ "ကော ကောက ကြက်ဟင်းခါးသီးတွေ စား၊ တိတိက အသားစား..."
ဖက်ထုပ်လေးက သူ့မျက်နှာကို ဝမ်းသာအားရ ကိုင်လိုက်ပြီး "ကောကောရှိတာ အရမ်းကောင်းတာပဲ"
ချင်းရို့မှာ ဆွံ့အနေမိကာ သီးတောင်သီးသွားရ၏။ ဖက်ထုပ်လေးက ညီလေးဖြစ်ရလို့ ပျော်နေတာ ဒီတစ်ခါပဲရှိတယ်လို့ တွေးနေမိလျက်။
ချိုမြိန်ပြီး ရူးနှမ်းတဲ့ ညီငယ်သေးသေးလေးပဲ။
"ဆရာမပြောဖူးတာက ဒါကမှ အစ်ကိုကောင်းတစ်ယောက်ဖြစ်မှာတဲ့၊ ကောကောက တိတိလေးကို ချစ်ခင်ရမယ်တဲ့။ ရှီးရှီးကောကော မှန်တယ်ဟုတ်?" အကြီးလေးကျိုးကျိုးက သူ့မျက်နှာလေးကို ကိုင်ထားပြီး အပြစ်ကင်းစင်တဲ့အမူအရာမျိုး မလုပ်နိုင်ခဲ့ပေ။ သူက သူ့ညီ ဖက်ထုပ်လေးလို အရပ်ပုနေပေမယ့် ညီလေးကို ချစ်ခင်မြတ်နိုးတဲ့ အကိုကောင်းတစ်ဦးသဖွယ် သူ့ခေါင်းလေးကို ထိကိုင်ဖို့ လက်မြှောက်လိုက်သည်။
တကယ့်ကို ညီအကိုမောင်နှမတွေပါပဲလေ...
သို့ပေတိ ကျိုးကျိုးလေးက စိတ်ထဲမှာတော့ တွက်ချက်နေချေပြီ။ ဖက်ထုပ်လေးမှာက အကိုတစ်ယောက်ရှိတယ်၊ ပြီးတော့ အစ်ကိုဝမ်းကွဲတစ်ယောက်လည်း ရှိသေးတယ်။ သည့်ထက်ပြောရရင် ဖက်ထုပ်လေးက အစ်ကိုဖြစ်ချင်နေသေးတာ။ လိုအပ်ရင် ကျိုးကျိုးလည်း ညီလေးတစ်ယောက်ဖြစ်လာနိုင်သေးတာပဲ၊ အစ်ကိုနှစ်ယောက်ရှိတယ်ဆိုရင် ကွေးနိုင်ဆန့်နိုင်တာပေါ့နော်။
"ကျိုးကျိုးကောကောက အရမ်းကြင်နာတတ်တာပဲ။ ရှီးရှီးကောကောလည်း အစ်ကိုကောင်းတစ်ယောက်ဖြစ်မှာ ဟုတ်တယ်ဟုတ်?"
ဒီကလေးနှစ်ယောက်ဟာ ဒီအရွယ်လေးနဲ့ တော်တော်တတ်(ဥာဏ်များ)နေလိုက်ကြတာနော်...
သူတို့အဖေလိုမျိုးပဲ! ကြက်ဟင်းခါးသီးရဲ့ ခြိမ်းခြောက်မှုအောက်မှာ သူလည်း ဉာဏ်နီဥာဏ်နက်မျိုးစုံ ထွက်ပေါ်လာတော့တာပဲလေ။
ရှမင်ရှီး: "…"
သူ့မျက်နှာလေးမှာ ကြက်ဟင်းခါးသီးကဲ့သို့ ရှုံ့တွနေလေပြီ။
"မင်းတို့ကျင်းရိကောကောကလည်း အစ်ကိုကောင်းတစ်ယောက်ပါပဲနော်၊ မင်းတို့စိုက်ထားတဲ့ ကြက်ဟင်းခါးသီးကို သူ့ကို လာစားခိုင်းလိုက်လေ" သေလွန်တဲ့တာအိုမိတ်ဆွေမှာ မသေဘဲ ဆင်းရဲနွမ်းပါးတဲ့ တာအိုတစ်ဦးဖြစ်တယ်။ တစ်ယောက်ထဲ ရေထဲသွားရတာထက်စာရင် ပိုပျော်ဖို့ကောင်းတယ်လေနော်။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေး ခေါင်းညိတ်လိုက်ကြသည်။
အိမ်မှာ ကြက်ဟင်းခါးပျိုးပင်တွေ ကြီးထွားလာဖို့ရာ သူတို့ စောင့်မျှော်နေကြချေပြီ။
ကြက်ဟင်းခါးပျိုးပင်များ ကြီးထွားလာသည်နှင့်အမျှ သူတို့ရဲ့ မြက်ခင်းပြင်သေးသေးလေးမှာလည်း မြက်ပင်များစွာ ပေါက်လာပြီဖြစ်၍ ချင်းရို့က မိသားစုခြံဝင်းအတွင်းရှိ အကိုပင်းကို မြက်တွေ ကူရှင်းပေးရန် တောင်းဆိုခဲ့သည်။ အကိုပင်းအတွက်မူ မြက်ရိတ်ခြင်းဟာ လွယ်ကူပေသည်။ မြက်ရိတ်ပြီးနောက် ကလေးလေးနှစ်ယောက်ဟာ မြက်ခင်းပေါ်မှာ ဆော့ကစားနေကြပြန်၏။
"မားမား ဘောလုံး"
မိသားစုခြံဝင်း၌ ဘတ်စကက်ဘောကွင်းနှင့် စားပွဲတင်တင်းနစ်စားပွဲရှိလေသည်။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက ကလေးကြီးတွေ ဘောလုံးကစားနေတာကို မြင်တဲ့အခါ အလွန်အားကျမနာလိုဖြစ်နေကြသဖြင့် လုယန်လည်း ကလေးတွေအတွက် ဘောလုံးနှင့် ဘတ်စကတ်ဘောလုံး ဝယ်ပေးခဲ့သည်။ သူတို့က ဘောလုံးကို မကြိုက်ကြပေမယ့် ဘတ်စကတ်ဘောကို ကြိုက်ကြလေရဲ့။
ထို့ကြောင့် ချင်းရို့က အိမ်မှာရှိနေချိန်တွင် မြက်ခင်းပြင်ပေါ်မှာ ဘတ်စကတ်ဘောကစားနေတဲ့ ကလေးနှစ်ယောက်ကို မြင်လိုက်ရလေပြီ။
ချင်းရို့: "... ခြံထဲမှာ သတိထားကြနော်။ မားမားစိုက်ထားတဲ့ ပန်းတွေ အပင်တွေကို မထိခိုက်မိစေနဲ့"
ကံကောင်းထောက်မစွာဖြင့် ဘတ်စကတ်ဘောလုံးမှာ ကစားရန် မသင့်တော်သောကြောင့် ခြံထဲမှာ ဘတ်စကတ်ဘောကစားနေကြတဲ့ ကလေးလေးနှစ်ယောက်ရဲ့ မြင်ကွင်းလေးဟာ အတော်လေး ညင်သာနေကြလေ၏။
လုယန် အိမ်ပြန်ရောက်တဲ့အခါ ခြံအပြင်ဘက်ရှိ ဘတ်စကတ်ဘောကွင်းမှာ ဘတ်စကတ်ဘောပစ်တတ်ရန် ကလေးတွေကို သင်ပေးခဲ့သည်။ ရာသီဥတု သာယာနေပြီး တိမ်ထူနေပါက လုယန်က ကလေးတွေကို ဆော့ကစားဖို့ ခေါ်သွားပေးပါလိမ့်မယ်။
သားအဖသုံးယောက်သား အမြဲလိုလို ချွေးတရွှဲရွှဲဖြင့် ပြန်လာတတ်ကြ၏။
"လူကြီးတွေ စားပွဲတင်တင်းနစ်နဲ့ ကြက်တောင်ရိုက်နေတဲ့အခါ အဲဒီလူတွေနောက်ကို မသွားရဘူးနော်။ ခပ်လှမ်းလှမ်းမှာနေဖို့ သတိထား၊ တခြားသူတွေနဲ့ မတိုက်မိအောင် ဂရုစိုက်နော်..." သူတို့ ကွင်းထဲမှာ သွားကစားကြတဲ့အခါတိုင်း ချင်းရို့က အမြဲတမ်း စကားနည်းနည်းပါးပါး မှာတမ်းချွေတတ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်ကစားသူများနှင့် တွေ့ဆုံတဲ့အခါ အန္တရာယ်အရှိဆုံးပင်။ လူတွေက ဘောလုံးကို ဖမ်းဖို့အတွက် နောက်ဆုတ်ကြတဲ့အခါ ဖြတ်သွားဖြတ်လာကလားကို တိုက်မိသွားရင် မတော်တဆမှုဖြစ်ဖို့ရာ လွယ်ကူတယ်လေ။
လွန်ခဲ့သည့်ရက်ပိုင်းက မိသားစုနေအိမ်ရှိ ငါးနှစ်အရွယ် ကလေးတစ်ဦးဟာ စားပွဲတင်တင်းနစ်ကစားသမားတစ်ဦးနှင့်တိုက်မိသွားသဖြင့် မြေပြင်ပေါ် မေးစေ့နှင့် ပြုတ်ကျသွားရာ ပါးစပ်မှ သွေးတွေထွက်လာပြီး ပတ်ဝန်းကျင်ရှိ လူတွေကို ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့သည်။
"လုယန်ရေ ကလေးတွေကို ဂရုစိုက်နော်"
"စိတ်ချပါကွာ"
ရှမင်ရှီးက သူတို့လေးတွေနှင့် ဘောလုံးမကစားပေ။ မူလတန်းကျောင်းသားလေး ရှီးရှီးမှာ ပထမဆုံးအနေဖြင့် သူ့ခြေလက်တို့ကို ကောင်းစွာမထိန်းချုပ်နိုင်ဘဲ ခြင်းထဲဝင်အောင် မပစ်နိုင်ပါချေ။ ဒုတိယအချက်ကတော့ ဝမ်းကွဲလေးနှစ်ယောက်နှင့် ဘောလုံးအတူတူ ကစားရတာ ပျင်းစရာကောင်းလှသည်။ သူ့အရွယ် ကလေးတစ်ယောက်အနေနဲ့ တူတူပုန်းတမ်း၊ သရဲဖမ်းဂိမ်း ဆော့တာကိုပဲ နှစ်သက်ပေသည်။
မကြာသေးမီက ကလေးအချို့နှင့် သဲအိတ်ပစ်ပေါက်သည့် ဂိမ်းတစ်ခုကို ကစားနေခဲ့သည်။ သဲအိတ်ပစ်ပေါက်တဲ့ဂိမ်းရဲ့ စည်းမျဉ်းကတော့ လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေစဥ် အချင်းချင်း သဲအိတ်တွေ ပစ်ပေါက်ရမယ်၊ တခြားကလေးတစ်အုပ်စုက သူတို့နှစ်ယောက်ကြားမှာ ရပ်နေပြီးတော့ သဲအိတ်တွေကို ရှောင်ရမယ်။ တစ်စုံတစ်ဦးကို ထိမိသွားရင် အဲဒီလူက ကစားပွဲမှ ထွက်ရမယ်။ သဲအိတ်ကို ဖမ်းမိရင်တော့ သူ့အသက်ကို ကယ်တင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ရလိမ့်မယ်။ (ဒါက ကိုယ်တွေအခေါ်အရဆို ဥပစ်ဂိမ်းဟုတ်တယ်မလား?)
ယနေ့ခေတ်တွင် ကျောင်းမှာရော မိသားစုခြံဝင်းတွေမှာပါ သဲအိတ်ပစ်ပေါက်တဲ့ဂိမ်းဟာ အလွန်ရေပန်းစားနေလေ၏။ သဲအိတ်တွေ ကောင်းကင်မှာ ပျံဝဲနေတာကို မကြာခဏ မြင်တွေ့ရလိမ့်မယ်။ မိဘတွေက သဲအိတ်ကူမလုပ်ပေးကြတဲ့ ၇နှစ်၊ ၈နှစ်အရွယ် ကလေးတချို့လည်းရှိရာ သူတို့ကိုယ်တိုင် အရယူဖို့ ကြိုးစားပြီး နည်းလမ်းရှာကြ၏။ သူတို့ဘာသာ အဝတ်စုတ်ရှာကာ သဲအိတ်ချုပ်ကြပေသည်။
သဲအိတ်ပြုလုပ်ရန် အခြေအနေမဟန်သူတချို့ကတော့ အသုံးမဝင်တော့တဲ့စက္ကူတွေကို စက္ကူဘောလုံးကြီးတစ်ဖွယ် လိပ်ကာ ပတ်ပတ်လည် တိပ်ဖြင့်ကပ်ပြီး ရိုးရိုးရှင်းရှင်း "သဲအိတ်"အဖြစ် အသုံးပြုခဲ့ကြလေသည်။
ကလေးတွေရဲ့ ဂိမ်းတွေဟာ ဖက်ရှင်ခေတ်ရေစီးကြောင်းလိုပါပဲ၊ ယင်းတို့မှာ ထပ်ခါထပ်ခါ ပြန်လည်လာကြသည်ပင်။ တူတူပုန်းတမ်းကစားရတာ ပျင်းလာကြပြီဆိုရင် သဲအိတ်တွေပစ်ပေါက်ကြမယ်။ သဲအိတ်ပစ်ရတာ ငြီးငွေ့လာကြတဲ့အခါ ကျောက်ခဲပစ်ကြမယ်။ အထူးသဖြင့် ကျောက်ခဲပစ်ခြင်း ကစားနည်း ရေပန်းစားလာသောအခါ ထောင့်နေရာတိုင်းမှာ ကလေးတွေ စုနေတတ်ကြပြီး "ကျောက်ခဲတွေနှင့် ကစားနေ" တတ်ကြသည်။
ချင်းရို့လည်း ကလေးဘဝတုန်းက တခြားသူတွေနှင့် ကျောက်ခဲပစ်ဂိမ်းကို ကစားခဲ့ပါ၏။ သူမက တခြားကလေးတွေ ဆော့နေတာ တွေ့တဲ့အခါ ကျောက်ခဲငါးလုံးပါတဲ့ "ကျောက်ခဲ" တစ်စုံကို တိတ်တဆိတ် ယူထားလိုက်သည်။ ဆော့ကစားနည်းမျိုးစုံရှိသော်လည်း အိမ်မှာပဲ တစ်ယောက်တည်း ကစားရတာ စိတ်ဝင်စားစရာမကောင်းဘူးလေ...
လီချင့်ဟွားက ကြက်သွန်နီယူရန် သူမအိမ်သို့ရောက်လာတဲ့အခါ ချင်းရို့ကို ပြောလိုက်သည်။ "ငါတို့မိသားစု လျိုယွဲ့ကတော့ မကြာသေးခင်ကပဲ အိမ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာဟယ်။ ငါပါ သူနဲ့အတူတူ လေ့ကျင့်ပေးနေရတယ်"
ဘေးအိမ်က ကျန်းချန်ပေ့သည် သူတို့ နှစ်ယောက် စကားပြောနေတာကို ကြားလိုက်ရတဲ့အခါ အလွန်သိချင်သွားသဖြင့် သူရောက်လာပြီး မေးလိုက်ပါတော့သည်။ "မင်းရဲ့လျိုယွဲ့က ဘာတွေလေ့ကျင့်နေတာလဲ?"
"ကျောက်ခဲပစ်တာကိုပေါ့၊ ခေါင်းဆောင်ကျန်းရေ နင် ငယ်ငယ်တုန်းက တစ်ခါမှ မကစားဖူးဘူးလား?"
ကျန်းချန်ပေ့: "…"
ဒါကို နည်းပညာလေ့ကျင့်တယ်လို့ ခေါ်နိုင်တာလား?
သူက ကြွားဝါဟန်ဖြင့် "ငါ မူလတန်းအရွယ်တုန်းက ကျောက်ခဲပစ်ကစားကြရင် အတန်းထဲက ဘယ်သူကမှ ငါနဲ့ မယှဉ်နိုင်ဘူးလေ"
"ငါ့လက်က ကြီးတယ်လို့ ထင်လား? လက်ကြီးကြီးရှိရင် အားသာချက်တွေ အများကြီးရှိတာပေါ့။ အသင်းထဲမှာဆို ငါတို့မိသားစုက အရမ်းတော်တာလေ"
"တကယ်လား? ငါတို့ ကြည့်ရအောင် ပြပေးပါဦးလားဟယ်?"
ချင်းရို့က သူမသိမ်းထားခဲ့တဲ့ ကျောက်ခဲ၅လုံးကို ယူထုတ်လာကာ လီချင့်ဟွား၊ ချင်းရို့နှင့် ကျန်းချန်ပေ့တို့လည်း နံရံထောင့်မှာ ဆောင့်ကြောင့်ထိုင်ပြီး ကျောက်ခဲတွေနှင့် အတူတူ ကစားနေကြပါတော့သည်။
ကျန်းချန်ပေ့ ကလေးတုန်းကတော့ ကျောက်ခဲပစ်ရာမှာ မာစတာဖြစ်ချင်ဖြစ်နိုင်ပေမယ့် အခု သူ့စကေးတွေက သံချေးတက်နေလေပြီ။ သူ တစ်ခုပစ်လိုက်တယ်၊ လွဲသွားတယ်၊ ဖမ်းမမိသေးဘူး.... (နေပါဦး အဲဒီကစားနည်းသိတယ် ကိုယ်လဲ ငယ်ငယ်က အရမ်းဆော့ခဲ့တာလေ၊ ဇယ်ခုတ်တာလို့ခေါ်တာလား? နာမည်မေ့တတ်လို့ပါ🤪)
လီချင့်ဟွား: "... ခေါင်းဆောင်ကျန်းရယ် နင် ငါ့လောက်တောင်မတော်ဘူးပဲ!"
လီချင့်ဟွား အလွန်အမင်းဂုဏ်ယူသွားရလျက်။ မကြာသေးမီက သူမလည်း သားဖြစ်သူနှင့် အတူတူကစားခဲ့သဖြင့် စကေးတက်လာခဲ့ပြီ။
ကျန်းချန်ပေ့အား ချက်ချင်းပင် သက်သေပြလိုခဲ့၏။
"ကြည့်လိုက် ငါ ၅ခုလုံးပစ်ပြီးတော့ ငါ့လက်ဖမိုးမှာတင်လိုက်မယ်၊ ပြီးတော့ ထပ်ပစ်တင်ပြီးမှ လက်ဝါးနဲ့ ဟောဒီလို ဖမ်းလိုက်မယ်---"
လီချင့်ဟွားသည် သူမရဲ့ လက်ဖွံ့ဖွံ့တုတ်တုတ်ကို ကျန်းချန်ပေ့အား ပြလိုက်၏။ သူမလက်တွေက ခပ်တိုတိုနှင့် ဖွံ့တုတ်နေကာ လွန်စွာချစ်စရာကောင်းနေသော်လည်း အလွန်လိုက်လျောညီထွေရှိနေပါ၏။
ကျန်းချန်ပေ့: "…"
ကျန်းချန်ပေ့က ပြိုင်ဆိုင်မှုပြင်းထန်သူဖြစ်၍ အရှုံးကို ဝန်ခံရန် ငြင်းဆိုခဲ့ပြီး "ငါ မကစားတာကြာသွားလို့ပါ။ ဒီနတ်ဘုရားလက်နဲ့ ခဏလောက် လေ့ကျင့်ပြီးသွားရင် မင်းထက် ပိုတော်သွားမှာ သေချာတယ်ကွ"
ချင်းရို့က သူတို့နှစ်ယောက် ပြိုင်နေကြတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းကြောင်း တွေ့ရှိလိုက်ရသဖြင့် နံဘေးမှ ခုံပုလေးဖြင့် ထိုင်ပြီး ကြည့်နေရင်း သုံးယောက်သား တံခါးမှာ ကျောက်ခဲပစ်တမ်း ကစားနေကြပါတော့သည်။
ဆရာမဟွမ် အိမ်ပြန်ရောက်တဲ့အခါ သူတို့သုံးယောက် အတူတူ ကျောက်ခဲပစ်တမ်း ဆော့နေတာကို မြင်လိုက်ရ၍ သွေးအန်လုမတတ် ဖြစ်သွားရ၏။ သူမတို့ကျောင်းမှာလည်း ကျောင်းသားတွေဟာ စာသင်ပြီးတာနဲ့ စားပွဲပေါ်မှာရော ကြမ်းပြင်မှာပါ ကျောက်ခဲတွေနဲ့ ဆော့နေခဲ့ကြတာကို တွေ့ခဲ့ရသည်လေ။ အိမ်ပြန်ရောက်တော့လည်း ကျောက်ခဲနဲ့ ဆော့နေတဲ့ ကလေးကြီးသုံးယောက်ကို တွေ့လိုက်ရပြန်ပြီ။ သူတို့ထဲကတစ်ယောက်က ကိုယ့်အိမ်ကလူတဲ့လား?
ဘေးအိမ်က လောင်လုကတော့ သူ့ကလေးနှစ်ယောက်ကို ဘတ်စကက်ဘောကွင်းမှာ ကစားဖို့ ခေါ်သွားတယ်။ ဒါပေမဲ့ သူတို့အိမ်က တစ်ယောက်ကတော့ ကျောက်ခဲပစ်တမ်း လာကစားနေတယ်ပေါ့လေ?
"နင်တို့သုံးယောက်လုံး ဒီအဆင့်လေးတောင် ကောင်းကောင်းမဆော့တတ်ဘူးလား၊ ငါလုပ်ပြမယ်ဟဲ့!!" ဟွမ်ရှင်းရင်မှာ အလွန်စိတ်ပျက်နေပြီဖြစ်၏။ ကျောင်းဆရာမတစ်ယောက်အနေနဲ့ ဒီလိုကလေးတွေရဲ့ ကစားနည်းတွေကို မကစားဖို့ ဆုံးဖြတ်ထားခဲ့သော်လည်း ဒီအသုံးမကျတဲ့ လူသုံးယောက်ကို တွေ့လိုက်ရ၍ သူမသည်လည်း မူလတန်းအရွယ်တုန်းက ကျောက်ခဲပစ်တမ်းကစားရာမှာ မာစတာတစ်ဦးဖြစ်ခဲ့တာကို သတိရမိသွားပြီး ရောက်ချလာပါတော့သည်။
ချင်းရို့: "…"
ပထမတော့ သူမဟာ ကျောက်ခဲတွေနဲ့ ခဏလောက် ကစားမလို့ စဥ်းစားခဲ့ပေမယ့် ဘေးအိမ်ကစုံတွဲပါ ဝင်ပါလာလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
xxx