အခန်း (၁၉၉)
Vol. 17 Ch. 199
လုယန် သူ့ကလေးနှစ်ယောက်နှင့်အတူ ဘတ်စကက်ဘောကွင်းမှ ပြန်လာကြတဲ့အခါ လေးယောက်သား ကျောက်ခဲပစ်တမ်းကစားနေကြတာကို တွေ့လိုက်ရလေသည်။
လုယန်: "…"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက ရှဉ့်လေးနှစ်ကောင်သဖွယ် သူတို့ပါးပါးရဲ့ ခြေထောက်ကြားကနေ ခေါင်းလေးထွက်ပြူလာကာ "မားမား ဘာတွေကစားနေတာလဲ?"
ချင်းရို့ ချောင်းအနည်းငယ်ဟန့်လိုက်ပြီး "ဘာမှ မကစားပါဘူးနော်။ ကိုယ့်ဘာသာကြည့်ကြဦး၊ သုံးယောက်စလုံး ချွေးတွေချည်းပဲရော။ ကလေးတွေကို ခေါ်သွားပြီး မြန်မြန်ရေချိုး အဝတ်အစားလဲပေးလိုက်ပါဦး"
ချင်းရို့ သူမရဲ့ခုံပုလေးကို ဖယ်လိုက်ကာ သူမရဲ့ အမျိုးသားနှင့် ကလေးတွေကို အိမ်ထဲဆွဲခေါ်သွားလိုက်ပြီး ကျန်းချန်ပေ့၊ ဟွမ်ရှင်းရင်နှင့် လီချင့်ဟွားတို့ကို ကျောက်ခဲတွေနှင့် ထားခဲ့လိုက်ပါတော့သည်။
ကျန်းချန်ပေ့: "..." နောက်တော့မှ သူ ဘာလုပ်နေမိသလဲဆိုတာ သတိရသွားလေပြီ...
ဟွမ်ရှင်းရင်: "…"
လီချင့်ဟွား: "... ငါ စားစရာတွေယူဖို့ ကန်တင်းသွားလိုက်ဦးမယ်"
ဟွမ်ရှင်းရင်: "ငါလဲ နင်နဲ့လိုက်ခဲ့မယ်"
ကျန်းချန်ပေ့ သက်ပြင်းချလိုက်ပြီး "ငါ အိမ်ပြန်ပြီး ကလေးကြည့်ထားလိုက်မယ်"
မိသားစုခြံဝင်းရှိ နေ့ရက်များမှာ အလွန်ရိုးစင်းလှပြီး ဒီလိုအလှည့်အပြောင်းအချို့ရှိတတ်လေရဲ့။
၁၉၇၅ခုနှစ် ဇွန်လလယ်၌ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ မွေးတဲ့နှစ်တုန်းက ခြံထဲသို့ လိုင်ချီးပင်ကို ရွှေ့ပြောင်းစိုက်ပျိုးခဲ့ကြသည်။ ယမန်နှစ်က အသီးမသီးခဲ့သော်လည်း ယခုနှစ်တွင် မထင်မှတ်ဘဲ အသီးတွေသီးလာခဲ့ချေပြီ။
အသီးသေးသေးလေးတွေ သစ်ပင်ပေါ်မှာ သီးလာကတည်းက ချင်းရို့က ကလေးလေးနှစ်ယောက်ကိုခေါ်ကာ သစ်ပင်ပေါ်ရှိ အသီးတွေကို ရေတွက်ဖို့ မကြာခဏ ခေါ်သွားခဲ့သည်။ "တစ်၊ နှစ်၊ သုံး၊ လေး…"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ညီအစ်ကိုက အတူတူရေတွက်ကြပြီး လိုင်ချီးပင်ပေါ်က အနီရောင်လိုင်ချီးသီးတွေ ရင့်မှည့်လာမည့်အချိန်ကို စောင့်မျှော်နေကြလျက်။
"မား အသီးစားမယ်!!"
"နည်းနည်းကြီးလာမှပဲ ခူးစားလို့ရမယ်နော်"
ကလေးနှစ်ယောက်က ပျော်မြူးနေကြလျက်။
လုယန် ပြန်ရောက်လာတဲ့အခါ သူတို့ပါးပါးရင်ခွင်ထဲသို့ ပြေးဝင်ကာ "ပါးပါး သားတို့စိုက်ထားတာ အသီးတွေသီးလာပြီ"
"သားတို့အသီးလို့ မားမားပြောတယ်"
"ပါးမားစားဖို့အတွက် အကြီးကြီးတွေ!"
…
ကလေးနှစ်ယောက်က နို့သံလေးနဲ့ ပြောနေကြတာကို လုယန် ကြားတဲ့အခါ အတော်လေးပီတိဖြစ်သွားရပြီး အသီးတွေကို အတူတူရေတွက်ကြဖို့ ချီထားပေးလိုက်သည်။
"ဒီအပင်က သားတို့မွေးပြီးတော့ သားတို့မားမားစိုက်ထားတဲ့ အပင်လေ"
"ဒါက ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ရဲ့ အပင်ပဲ"
မိသားစုတစ်စုလုံး အသီးအနှံတွေ ရင့်မှည့်ဖို့ စောင့်မျှော်နေကြ၏။ ဘေးအိမ်က ကျန်းမိသားစုသည် လုမိသားစုက လိုင်ချီးပင်နားမှာ နေ့တိုင်း တစ်ဝဲလည်လည်လုပ်နေကြတာကို မြင်တွေ့နေရသော်လည်း သူတို့မိသားစုမှာတော့ ဘာအသီးပင်မှရှိမနေပေ။ အခုမှ စိုက်ဖို့ဆိုလည်း နောက်ကျလွန်းနေပြီလေ။
ထို့ကြောင့် ကျန်းချန်ပေ့က လိုင်ချီးတစ်အိတ်သွားဝယ်ကာ "ဒါက လိုင်ချီးသီးတွေပဲ မဟုတ်ဘူးလား? ဈေးပေါတာပဲဟာ၊ ဒီတအိတ်စာမှ ဆင့်အနည်းငယ်ပဲကျတာလေ။ ဘာလို့ ကိုယ်တိုင်စိုက်နေဦးမှာလဲ?"
"လမ်းဘေးက အဲဒီလိုင်ချီးသီးတွေတောင်မှ ဘယ်သူ့မှ စားမကုန်ကြဘူး"
"ဒီအပင်ပေါ်က လိုင်ချီးသီးတွေက ဆင့် ၄၀၊ ၅၀လောက်ပဲရှိတာကို၊ ဘာလို့စိုက်ပျိုးနေဦးမှာတုန်းကွ?"
ဟွမ်ရှင်းရင်လည်း လိုင်ချီးသီးကို အခွံခွာလိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ "အနီရောင်လိုင်ချီးကို စိုက်ပျိုးထားပေမဲ့ လိုင်ချီးပင်မှန်း မည်သူမှမသိကြဘူးပဲ"
"ရှေးခေတ်အခါတုန်းက ဒီလိုင်ချီးသီးတွေ ဘယ်လောက်ဈေးကြီးလိုက်သလဲ၊ ဒါပေမဲ့ ကျွန်မတို့ခေတ်မှာတော့ ဆင့်နည်းနည်းတောင် မတန်တော့ဘူးတဲ့"
"ဧကရာဇ်လို ဆက်ဆံခံရတာ ပျော်ရွှင်မိပါရဲ့"
"ဒီအသီးက အရမ်းချိုတာပဲ"
ကျန်းသွင်းသွင်းမှလွဲ၍ ဧကရာဇ်လို ဆက်ဆံခံရတာကို ပျော်မွေ့ခဲ့တဲ့ ကျန်းမိသားစုဝင်သုံးယောက်စလုံး နှာခေါင်းသွေးလျှံခဲ့ကြသည်။ အထူးသဖြင့် လိုင်ချီးသီးတွေအများကြီးစားထားတဲ့ ကလေးလေးကျန်းရိချောင်မှာ ဆက်တိုက်နှာခေါင်းသွေးလျှံနေဆဲ။
နှာ ခေါင်းက ပူ လောင်နေပြီးတော့ တားလို့ကိုမရတော့ဘူးလို့။
ဆရာမဟွမ်က ကျန်းချန်ပေ့ကို အပြစ်တင်စွာဖြင့် "ဘယ်သူက ရှင့်ကို လိုင်ချီးသီးတွေ အများကြီးဝယ်လာခိုင်းလို့လဲ?"
"ငါ ၁၀ဆင့်ဖိုးပဲ ဝယ်ခဲ့တာပါ။ ၁၀ဆင့်က ဒီလောက်များမယ်မှန်း ငါဘယ်လိုလုပ်ပြီးတော့သိမှာလဲကွာ"
"ရှင် ဆင့်နည်းနည်းစာပဲ စမ်းဝယ်ကြည့်လိုက်လို့မရဘူးလား?"
"မရဘူး၊ ငါထပ်ဝယ်ဖို့တောင် စဥ်းစားနေလိုက်သေးတာ"
"ရှင့်ကို ချမ်းသာဟန်ဆောင်ဖို့ ဘယ်သူပြောတာလဲ?"
…
အိမ်နီးချင်းကျန်းမိသားစု နှာခေါင်းသွေးလျှံကြတဲ့ကြေကွဲဖွယ်အခြေအနေအား လုမိသားစုဝင်တော်တော်များများ မြင်တွေ့ခဲ့ကြသည်။
လုယန်နှင့် ချင်းရို့: "…"
သူတို့မိသားစုထဲက လိုင်ချီးသီးတွေက မှည့်တောင်မမှည့်သေးဘူးလေ၊ ဒီလူတွေက စားပြီးသွားကြလို့ နှာခေါင်းသွေးလျှံပြီးသွားပြီတဲ့ဟ!
ချင်းရို့သည် အနာဂတ်တွင် တန်ဖိုးကြီးလာမယ့် လိုင်ချီးသီး၊ သရက်သီးနှင့် အုန်းသီးတွေဟာ ဒီကျွန်းပေါ်မှာ တန်ဖိုးသိပ်မရှိတာကို တွေးမိသွားကာ ဝမ်းနည်းမိသွားရသည်။
ဟုတ်ပါတယ်၊ ဒါတွေက အဖိုးမတန်တဲ့အတွက် လူအနည်းကသာ မျိုးကောင်းမျိုးတွေ စိုက်ပျိုးတတ်ကြသည်။ အားလုံးကို ကြုံရာကျပန်း စိုက်ပျိုးထားကြသော်လည်း ကျွန်းပေါ်ရှိ ရာသီဥတုကြောင့် ပေါ့ပေါ့ဆဆ စိုက်ပျိုးလျှင်ပင် ကြီးထွားလာတဲ့ အသီးတွေက အလွန်ချိုမြိန်လှသည်။
အမိုက်စားနာမည်တွေ သိပ်အများကြီးမရှိပါပေ။
ယခုအချိန် ကျွန်းပေါ်၌ အရေးကြီးဆုံးနှင့် စီးပွားရေးအရ အဖိုးတန်ဆုံးအပင်တွေကတော့ သီးပင်စားပင်တွေမဟုတ်ဘဲ ရာဘာပင်များဖြစ်သည်။ ယနေ့တွင် ဒီသီးပင်စားပင်တွေကို ဂရုစိုက်တဲ့သူ အနည်းငယ်သာရှိပါတော့သည်။
"သားတို့ရေ လိုင်ချီးသီးခူးကြရအောင်!"
ချင်းရို့ ကတ်ကြေးယူကာ ကလေးတွေကို လိုင်ချီးသီး အတူတူခူးကြဖို့အတွက် အပြင်ခေါ်သွားလိုက်၏။
လိုင်ချီးပင်ကို အုန်းပင်ရဲ့ဘေးဘက် အပြင်ဘက်ထောင့်အကျဆုံးနေရာတွင် စိုက်ထားခဲ့သည်။ နှစ်အနည်းငယ်သာ စိုက်ပျိုးထားရသေးသဖြင့် သစ်ပင်မှာ သိပ်မကြီးထွားသေးသလို အသီးတွေလည်း အများကြီးမသီးသေးပါပေ။
သို့ပေတည့် အိမ်တွင် သီးပင်စားပင်မှ ပထမဆုံး အသီးသီးတာဖြစ်၍ အခမ်းအနားခံစားချက်မျိုးရှိနေသင့်ပါရဲ့!
မိသားစုအတူတူစုစည်းပြီးနောက် အားလုံး ကောက်ရိုးဦးထုပ်ဆောင်းကာ ကတ်ကြေးတွေ ကိုင်ဆောင်ထားကြလျက်။ ချင်းရို့နှင့် လုယန်တို့က ကလေးတစ်ယောက်စီကို ချီထားကာ ကလေးနှစ်ယောက်ကလဲ ကတ်ကြေးဖြင့် လိုင်ချီးသီးတွေကို ညှပ်ဖို့ အပြင်းအထန်ကြိုးစားနေကြ၏။
ရှမင်ရှီးက လိုင်ချီးသီးအနည်းငယ်ကို ကတ်ကြေးဖြင့် ညှပ်လိုက်ပြီးနောက် တစ်ယောက်တည်း ငှက်ပျောသီး စားနေခဲ့သည်။ ဟုတ်တာပေါ့ သူလေးက လိုင်ချီးသီးစားဖို့ စိတ်မဝင်စားဘူးလေ။
အတန်းဖော်ရှီးရှီးလေး စိတ်ပျက်နေပုံရလေရဲ့။
အကြောင်းကတော့ ရှီးရှီးလေးဟာ ချန်မိသားစုအိမ်မှာ မကြာခဏကစားဖို့သွားတဲ့အခါ ရွာရဲ့လမ်းဘေးမှာ လိုင်ချီးသီးတွေ အများကြီးတွေ့ခဲ့ရသည်။ ရှမင်ရှီးလေးဟာ လူချစ်လူခင်ပေါများသူမို့ သူဘယ်သွားသွား ရွာထဲက ကလေးတွေ၊ ဦးဦးဒေါ်ဒေါ် ဖိုးဖိုးဖွားဖွားတွေက လိုင်ချီးသီးတွေပေးကြရာ သူလေးခမျာ စားလို့ပင်မကုန်နိုင်ပါတော့ချေ။
ဘယ်လောက်ပဲချိုနေပါစေပေါ့လို့ ! !
သူလည်း ခဏခဏ နှာခေါင်းသွေးယိုခဲ့ပြီးပြီလေ။
ရှမင်ရှီးက သူ့နှာခေါင်းလေးကို ကြောက်လန့်တကြားထိလိုက်ပြီး ဤကျွန်းပေါ်ရှိ အရသာအရှိဆုံးအသီးအနှံမှာ ငှက်ပျောသီးသာဖြစ်တယ်လို့ တွေးနေမိလျက် ! !
တစ်ခုတည်းသောပြဿနာသည်ကား တောင်ပေါ်မှာ ငှက်ပျောသီးစားတဲ့အခါ သတိထားရမဲ့အချက်ကတော့ မျောက်တွေက ငှက်ပျောသီးတွေ ဆွဲလုတတ်တာကိုပါပဲ။
တောင်ပေါ်ရှိ မျောက်တွေဟာ တက်ကြွကြပြီး သူတို့မှာရှိတဲ့ ငှက်ပျောသီးကို မစားကြဘဲ တခြားလူရဲ့လက်ထဲက ငှက်ပျောသီးကို ဆွဲလုရတာ ကြိုက်နှစ်သက်ရုံသာဖြစ်သလို သူတို့က လူတွေကို ကဲ့ရဲ့လှောင်ပြောင်တတ်ကြပါသေးသည်။
လုယန်တို့ဇနီးမောင်နှံလည်း ကလေးလေးနှစ်ယောက်ကို ချီထားရင်း လိုင်ချီးသီးတွေကို ခူးဆွတ်နေကြလျက်။
"ဖက်ထုပ်လေး မြန်မြန်လုပ်၊ မားမားလက်တွေ ကိုင်ထားရလွန်းလို့ ညောင်းလှပြီ"
"လိုင်ချီးသီးတွေ သွားစားကြ၊ ပါးပါးနဲ့မားမားက ခူးပေးမယ်နော်"
…
ချင်းရို့ လိုင်ချီးသီးတွေ မခူးခင်မှာ ခြင်းတောင်းကြီးတစ်လုံးကို ပြင်ဆင်ထားခဲ့၏။ လိုင်ချီးသီးတွေကို အကိုင်းအခက် အရွက်တွေနဲ့အတူ ညှပ်ရမှာဖြစ်လို့ အရမ်းမြန်ဆန်ပါသည်။ ကတ်ကြေးတစ်ချက်တည်းနဲ့ သစ်ကိုင်းတစ်ခုပေါ်က လိုင်ချီးသီး ၇လုံး၊ ၈လုံးကို ညှပ်နိုင်ပြီး ခြင်းတောင်းထဲ ပစ်ထည့်လိုက်သည်။
ချင်းရို့ အိမ်စိုက်လိုင်ချီးသီးအရသာကို မြည်းစမ်းကြည့်လိုက်၏။ လိုင်ချီးသီးက အရမ်းမကြီးပေမယ့် ချိုမြမြနဲ့ အရသာရှိနေဆဲ။
ဖေဖေမေမေတို့က လိုင်ချီးသီးတွေကို ဂရုတစိုက် ခူးဆွတ်နေစဥ် ဝမ်းကွဲအကိုက ငှက်ပျောသီးစားနေပြီး ကလေးလေးနှစ်ယောက်ကတော့ ခြင်းတောင်းဘေးမှာထိုင်လျက် လိုင်ချီးသီးတွေစားနေကြသည်။ မိသားစုလေးဟာ လွန်စွာသဟဇာတဖြစ်နေလေရဲ့။
သစ်ပင်မှ လိုင်ချီးသီးတွေအားလုံးကို ခူးဆွတ်ပြီးနောက် ချင်းရို့က ခြင်းတောင်းထဲရှိ လိုင်ချီးသီးတွေကို ကြည့်လိုက်သည်။ သူမ ခန့်မှန်းကြည့်ရရင်တော့ ... နှစ်ဆင့်လောက်ပဲရှိမယ်။
- တကယ့်ကို တန်ဖိုးမရှိတာပဲ...
"လိုင်ချီးတွေအများကြီးရှိနေတာ၊ ကျွန်မတို့လည်း ကုန်မှာမဟုတ်ဘူးဆိုတော့ အိမ်နီးချင်းတွေကို နည်းနည်းသွားပို့လိုက်မယ်နော်"
ချင်းရို့ လိုင်ချီးသီးသွားပို့ရန် အိမ်နီးချင်းတွေကို တံခါးသွားခေါက်လိုက်ပေမယ့် သူတို့အားလုံးက သူတို့အိမ်မှာလဲရှိတယ်လို့ပြောပြီး ဘယ်သူကမှလက်မခံခဲ့ကြပေ။
"ရှောင်ချင်းရေ နင်မစားချင်ရင်မစားနဲ့တော့။ လိုင်ချီးသီးတွေအများကြီးစားမိရင် ဒေါသထွက်လိမ့်မယ်"
"နင်မစားချင်ရင် မစားနဲ့"
"ရှောင်ချင်းရေ ငါတို့မိသားစုမှာ ပိန္နဲသီးတွေ ထပ်ရှိသေးတယ်၊ နင်ပြန်ယူသွားဦး"
…
ဤနည်းဖြင့် ချင်းရို့လည်း လီချင့်ဟွားအိမ်မှာ လိုင်ချီးသီးတွေကို အတင်းအကျပ်ထားခဲ့ပြီး ပိန္နဲသီးတစ်လုံး ပြန်သယ်သွားလိုက်၏။
"ဒီလောက်လှတဲ့ လိုင်ချီးသီးတွေကို ဘယ်သူမှ မလိုချင်ကြဘူးတဲ့တော်"
၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်အ လမ်းပန်းဆက်သွယ်ရေးမှာ မဖွံ့ဖြိုးသေးသလို အအေးထိန်းကွင်းဆက်ထိန်းသိမ်းခြင်းနည်းပညာလည်း မပြည့်စုံသေးသဖြင့် လိုင်ချီးသီးတွေကို ထားလိုက်ပါဦး၊ ပင်လယ်ခရုနှင့် ပြည်ကြီးမျှော့တွေတောင်မှ တန်ဖိုးမရှိကြပေ။
ချင်းရို့က သူမလက်ကိုဆေးကြောကာ ကြွေဂျားကြီးကိုထုတ်လိုက်ပြီး လိုင်ချီးသီးအခွံတွေကိုခွာကာ သူမလက်ချောင်းတွေနဲ့ လိုင်ချီးအသားပိုင်းကိုမထိဘဲ လိုင်ချီးသီးတွေကို တစ်ခုပြီးတစ်ခု ကြွေဂျားထဲသို့ ညှစ်ထုတ်နေပါတော့သည်။
လိုင်ချီးသီးတွေတစ်ဝက်ပြည့်တဲ့အခါ အအေးခန်းထဲမှာ အေးခဲထားလိုက်သည်။ နှစ်နာရီကြာအေးခဲထားတဲ့လိုင်ချီးသီးတွေဟာ အနေတော်ဖြစ်ကြောင်း သူမတွေ့ရှိခဲ့ရသည်။ လိုင်ချီးသီးတွေက လုံးဝအေးခဲမသွားသေးဘဲ လတ်ဆတ်နူးညံ့နေဆဲ၊ smoothieပုံစံလေးနည်းနည်းဖြစ်နေကာ အလွန်အရသာရှိနေလျက်။
လိုင်ချီးသီးsmoothie စားရသလိုမျိုး ချိုလှသလို အေးအေးလေးနဲ့ အရမ်းလန်းဆန်းသွားစေသည်။
"အေးခဲလိုင်ချီးသီးတွေ လာစားကြ"
ရေခဲမုန့်smoothieလို အေးခဲထားတဲ့လိုင်ချီးသီးမျိုးဟာ ကလေးတွေအတွက် သဘာဝအတိုင်း သွေးဆောင်မှုအဖြစ်ဆုံးပင်။ လိုင်ချီးသီးကို စားရတာ ငြီးငွေ့နေပြီဖြစ်တဲ့ ရှမင်ရှီးတောင်မှ ၇လုံး၊ ၈လုံး စားခဲ့သည်။
"ဒေါ်လေး အရသာရှိလိုက်တာ!"
"ဒါ ရေခဲ၊ ဒါ ရေခဲ!" ကျိုးကျိုးလေး နှင့် ဖက်ထုပ်လေးတို့က ဖြူဖြူဖွေးဖွေးအေးခဲလိုင်ချီးသီးတွေကို ဇွန်းဖြင့် ခပ်စားလိုက်၏။ လိုင်ချီးသီးအနံ့မွှေးမွှေးလေးက ရေခဲငွေ့လေးတွေ ပြည့်လာသဖြင့် ကျိုးကျိုးလေးမှာ မျက်လုံးကျယ်ကျယ်ဖွင့်၍ လိုင်ချီးသီးကို ကိုက်လိုက်ရာ ပထမတော့ အေးစက်နေပြီး လိုင်ချီးသီးရဲ့ အချိုဓာတ်မှာ သူ့ပါးစပ်ထဲပျော်ဝင်သွားပါတော့သည်။ သူ့သွားတွေနည်းနည်းအေးသွားရတယ်ဆိုပေမယ့် အရမ်းအရသာရှိတယ်လို့ ! ! !
"အရမ်းစားကောင်း! !"
ဒီညီအကိုနှစ်ယောက်စလုံး ငယ်သေးတဲ့အတွက် ချင်းရို့က သူတို့ကို အများကြီးမကျွေးပါချေ။ တစ်ယောက်စီကို နှစ်လုံးစီသာကျွေးခဲ့ပြီး ထပ်မရကြတော့ပေ။
xxx