အခန်း (၂၀၀)
Vol. 17 Ch. 200
ဒီညီအကိုနှစ်ယောက်စလုံး ငယ်သေးတဲ့အတွက် ချင်းရို့က သူတို့ကို အများကြီးမကျွေးပါချေ။ တစ်ယောက်စီကို နှစ်လုံးစီသာကျွေးခဲ့ပြီး ထပ်မရကြတော့ပေ။
"ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးက နှစ်လုံးပဲ စားရတယ်"
"ရှီးရှီးကောကောနဲ့ပါးပါးကျတော့ ဘာလို့အများကြီးစားရတာလဲ?"
"ဘာလို့လဲဆိုတော့ ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးတို့ရဲ့ အစာအိမ်က ကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် ရေခဲတွေ အများကြီးစားလို့မရဘူးလေ။ အလွန်အကျွံစားမိရင် နေမကောင်းဖြစ်သွားလိမ့်မယ်"
"ကောင်းပြီ၊ သားတို့ ဒီနေ့ နှစ်လုံးစား၊ မနက်ဖြန် နှစ်လုံးစားရမယ်နော်"
"မားမား နောက်တစ်လုံးလောက်ပေးပါဦးလို့"
"မရဘူး နှစ်လုံးပဲစားရမယ်!"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ညီအစ်ကိုမှာ မကျေနပ်မှုကို ဖော်ပြရန်အတွက် ဝက်လေးတွေလိုမျိုး ခြေထောက်ဆောင့်ပြနေကြလျက်။ "ဟမ့် ဟမ့် ဟမ့်!"
သူမအစ်မအိမ်မှာ ရေခဲသေတ္တာမရှိ၍ အေးခဲလိုင်ချီးတွေ မစားရဘူးဆိုတာ ချင်းရို့ တွေးမိသွား၍ လိုင်ချီးသီးတွေ အများအပြားကို အေးခဲလိုက်သည်။ လုယန်က အလုပ်ခရီးမှ အိမ်ပြန်ရောက်တဲ့အခါ ခွင့်တစ်ရက်ရ၍ အေးခဲလိုင်ချီးသီးတွေ သယ်ခိုင်းပြီး သူမနှင့်ကလေးတွေကို တာ့ကျောင်ရွာသို့ ကားဖြင့်ခေါ်သွားပေးဖို့ တောင်းဆိုလိုက်၏။။
ကျောက်ကျန်းဟုန် ထိုအကြောင်းကိုကြားတဲ့အခါ သူလည်း ခွင့်တစ်ရက်ယူလိုက်ပြီး သူ့ပါတနာနှင့်တွေ့ဆုံရန် တာ့ကျောင်းရွာသို့ သွားခဲ့သည်။
ယဲ့မင်ရှို့သည် ထိုနေရာမှ ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး သူမရဲ့မိသားစုအခြေအနေကို ကြည့်ရှုရန်လိုအပ်ပါသည်။ ချုံကျိုးကျွန်း၌ အထူးဖြစ်ရပ်တစ်ခုရှိခဲ့ပြီး ပြန်လည်သုံးသပ်မှုမှာ မကြာသေးမီက အလွန်တင်းကျပ်ခဲ့လေ၏။ ထို့အတွက် လက်ထပ်ခွင့်လျှောက်လွှာမှာ အတည်ပြုရန် တစ်လခန့်ကြာဦးမည်ဖြစ်၍ ကျောက်ကျန်းဟုန်လည်း လူနှင့်တွေ့ဆုံရန် မစောင့်နိုင်တော့ပေ။
ငှားထားသည့် ဂျစ်ကားတစ်စီး၌ လုယန်က ယာဉ်မောင်းထိုင်ခုံတွင်ထိုင်ပြီး ကျောက်ကျန်းဟုန်က ခရီးသည်ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ ကျောက်ကျန်းဟုန်မှာ လုယန် ကားမောင်းနေတာကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားရသလို သံသယဖြစ်စွာဖြင့် "လောင်လု မင်း မောင်းတတ်တာလား?"
"လွယ်လွယ်လေးပဲလေ"
"အရာရှိတွေ ကားမမောင်းနိုင်ဘူးမလား?"
ယေဘုယျအားဖြင့် စစ်တပ်ယာဉ်များကို ထရိန်နင်ပေးပြီးသား အထူးစစ်သားများသာ မောင်းနှင်ကြလေ၏။ စစ်တပ်ယာဉ်ကို မောင်းနှင်တဲ့အခါ အရာရှိတစ်ဦးက ထိုယာဥ်နောက်လိုက်ရပေမည်။ ယာဉ်တစ်စီးစီမှာ အရာရှိတစ်ဦးရှိပြီး နည်းပညာဆိုင်ရာ အရာရှိအများအပြားလည်း ကိရိယာတွေပါသည့် အထူးယာဥ်ကားနောက်လိုက်ရမည်ဖြစ်သည်။
"မမောင်းဘူးဆိုတာနဲ့ မမောင်းတတ်ဘူးလို့ မဆိုလိုဘူးလေ။ မင်း ဘာလို့စကားအရမ်းများနေရတာလဲကွ? မင်းရဲ့ လုကော,ငါက အရမ်းတော်တာကွာ။ ငါ တခြားသူတွေကိုလည်း ကားမောင်းလေ့ကျင့်ပေးဖူးတယ်"
ကျောက်ကျန်းဟုန်: "…"
လုယန် ကားကို ဖြည်းဖြည်းချင်းမောင်းနှင်လာခဲ့သည်။ ကျောက်ကျန်းဟုန်က သူ့ကို အလွန်အားကျမနာလိုဖြစ်နေလျက်။ ဘယ်ယောကျ်ားမဆို စတီယာရင်ကို မကိုင်ချင်ဘဲနေမလဲ၊ ကျောက်ကျန်းဟုန်က လုယန်ကားမောင်းနေတာကို ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။
"ငါကြည့်ရတာတော့ တော်တော်လေးရိုးရှင်းပုံပဲကွာ။ အပြန်ကျရင် ငါ့ကို ဘာလို့မောင်းခွင့်မပြုလဲ?"
လုယန်: "မရဘူး"
"ငါ့မိန်းမနဲ့ သားသမီးတွေအတွက် ငါ့မှာ တာဝန်ရှိတယ်"
ကျောက်ကျန်းဟုန်: "…"
ချင်းရို့: "…"
"ဒါဆို ငါ့ကို ကားမောင်းသင်ပေးရင်ရော? မင်းမိန်းမနဲ့ ကလေးတွေရဲ့ အဝေးမှာပေါ့"
လုယန် မထီမဲ့မြင်ပြုံးလိုက်ပြီး "လုကော, ငါ့ရဲ့ အားလပ်ရက်က အရမ်းအဖိုးတန်တယ်ကွာ။ အဲဒါကို မင်းကို ကားမောင်းလေ့ကျင့်ပေးဖို့ သုံးစေချင်တယ်ပေါ့? မင်း အိပ်မက်မက်နေတာလား?"
ကျောက်ကျန်းဟုန်: "ထားလိုက်တော့၊ ငါလည်း ပါတနာရှာတွေ့ပြီးပြီပဲ"
ချင်းရို့ လမ်းဘေးကို ကြည့်နေခဲ့သည်။ ဒီဘက်ခေတ်မှာ ကားမောင်းရတာ လုံခြုံတယ်လို့ ခံစားနေရလျက်။ အခြေခံအားဖြင့် လမ်းမှာ တခြားယာဉ်တွေမရှိတာကြောင့် ယာဉ်နှစ်စီးတိုက်မိမှာကို စိုးရိမ်စရာမလိုပေ။ သို့သော် လမ်းတော်တော်များများက ကြမ်းတမ်းနေပြီး မောင်းရတာမလွယ်ကူပါချေ။
ဤနေရာတွင် လယ်ထွန်စက်များသာ ဂုဏ်ယူဝံ့ကြွားနိုင်ကြပြီး ထွန်စက်တွေကို တင့်ကားအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
ဤလမ်းမှာ အရမ်းလုံခြုံလှသည်။ ယာဉ်မောင်းလိုင်စင်ရှိပေမယ့် တစ်ခါမှမမောင်းဝံ့ခဲ့တဲ့ ချင်းရို့ကတော့ ဒီလိုလမ်းမျိုးဆို မောင်းရဲပေ၏။ ဘာပဲဖြစ်ဖြစ် ဒီမှာဆို သူမ အသက်အန္တရာယ် မရှိဘူးလေ။ မြန်မြန်မောင်းဖို့တော့ မလွယ်ဘူးပေါ့။ အလွန်ဆုံးရှိမှ သစ်ပင်နဲ့ တိုက်မိရုံလေးပါပဲနော်...
တာ့ကျောင်းရွာကိုရောက်တဲ့အခါ သူတို့ကားပေါ်လာသည်နှင့် ရွာသူရွာသားတော်တော်များများဟာ ကြည့်ရှုရန် စုစည်းလာကြ၏။ လုယန်က ချန်မိသားစုအိမ်ထဲသို့ အေးခဲလိုင်ချီးသီးသေတ္တာကြီးတစ်လုံးကို ရွှေ့လိုက်သည်။ ရွာသားတွေက ဧည့်ဝတ်ကျေကြသလို ချင်းရို့ကိုလည်း သိကြရာ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောရန် ရောက်လာကြသည်။
ချင်းရို့က ရွာသားတွေမြည်းစမ်းကြည့်ဖို့အတွက် အေးခဲလိုင်ချီးသီးအချို့ကို ထုတ်ယူလိုက်သည်။ အေးခဲလိုင်ချီးသီးတချို့မှာ အခွံခွာပြီးသားဖြစ်ပြီး တချို့ကတော့မခွာရသေးပေ။ ချင်းရို့က အခွံခွာပြီးသားလိုင်ချီးသီးတွေကို ပေးလိုက်၏။
"ဟေး လိုင်ချီးသီးတွေပဲ၊ ငါတို့မှာ အများကြီးရှိပါတယ်ကွယ်။ နင်စားချင်ရင် တောင်ပေါ်မှာ နင့်အတွက် ခူးပေး..."
"အေးခဲထားတဲ့လိုင်ချီးတွေပါ၊ မြည်းစမ်းကြည့်လေ"
"အေးခဲလိုင်ချီးတွေ ဟုတ်လား? ဟုတ်သား အရမ်းအေးတာပဲနော်"
"အိမ်မှာ ကလေးတွေကို ပေးမြည်းကြည့်ဖို့ တစ်လုံး၊ နှစ်လုံးလောက်ယူသွားလေ။ အရမ်းအေးတာမို့လို့ အများကြီးတော့မစားကြနဲ့နော်"
ချင်းရို့တို့ ချန်မိသားစုအိမ်သို့ရောက်သောအခါ ချန်အိမ်သို့ အလည်ရောက်နေကြတဲ့ ပညာတတ်လူငယ်တွေနှင့် ကြုံကြိုက်သွားခဲ့သည်။ သူတို့က ချန်အိမ်မှာ စာအုပ်လာဖတ်ကြခြင်းပင်။ သူတို့အုပ်စုထဲမှတစ်ယောက်ဖြစ်တဲ့ ဝမ်ကျိရှင်းက ခုံတန်းရှည်ပေါ်မှာထိုင်ကာ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"လို့ခေါ်တဲ့စာအုပ်ကို ဂရုတစိုက်လှန်ကြည့်နေလျက်။
သူ့ဘေးနားမှ ပညာတတ်လူငယ်ကျိုးယွမ်ဖန်းက သူ့လက်ထဲမှာ စာအုပ်လေးတစ်အုပ်ကို ကိုင်ထားပြီး သူ့ကိုကြည့်၍ ပြုံးကာ "ဒီစာအုပ်တွေဖတ်လို့ မင်းမှာဘာထူးသွားလဲ? အဲဒါက သင်္ချာပုစ္ဆာတွေပဲမဟုတ်လား? အခု သင်ယူနေတော့ရော ဘာအကျိုးရှိလို့တုန်း? ငါတို့တက္ကသိုလ်မှ မတက်နိုင်ဘဲကွာ"
ဝမ်ကျိရှင်း: "စာအုပ်ထဲက အကြောင်းအရာတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လေ၊ ငါဖတ်ချင်လို့ပါ"
"မင်းကွာ... မင်းကတော့ စာအုပ်ရူးပဲ!"
"ဒါလည်းကောင်းပါတယ်လေ၊ အခုကစပြီး မင်း,ဝမ်ကျိရှင်းက ရွာမှာနေပြီး ဆရာချန်လိုမျိုး မူလတန်းပြဆရာဖြစ်လာမှာပဲ"
ချင်းမျန့်က သူမညီမနှင့် မတ်တော်မောင်တို့ကို အိမ်ထဲခေါ်လိုက်ပြီး အေးခဲလိုင်ချီးသေတ္တာကြီးကိုပါ ယူလာလိုက်သည်။ ချင်းရို့က အခန်းထဲမှာ ပညာတတ်လူငယ်နှစ်ယောက် ထိုင်နေတာကိုတွေ့တော့ မမျှော်လင့်ထားစွာ မေးလိုက်၏။ "ဧည့်သည်တွေရှိနေတာလား?"
ချင်းရို့က "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"စာအုပ်ကို ကိုင်ထားတဲ့ မျက်မှန်တပ်ထားသည့် ပညာတတ်အမျိုးသားလူငယ်တစ်ဦးကို သတိပြုမိသွားခဲ့သည်။
ပညာတတ်လူငယ်နှစ်ယောက်လည်း မတ်တပ်ရပ်ကာ သူတို့ကို နှုတ်ဆက်လာလေသည်။
"ငါတို့ ဒီမှာ စာအုပ်တွေငှားဖတ်ဖို့ရောက်လာတာပါ။ မင်းတို့ကို အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်ဗျာ" ဝမ်ကျိရှင်း ပြောလာခဲ့သည်။
"ရှင့်လက်ထဲကစာအုပ်က ကျွန်မတူလေးနှစ်ယောက်ဖတ်ဖို့အတွက် ပေးခဲ့တဲ့စာအုပ်လေ။ စာအုပ်ထဲမှာ အကြောင်းအရာတွေ အများကြီးပါတယ်။ ရှင်ကြိုက်ရင် များများဖတ်ကြည့်ပါ"
ကျိုးယွမ်ဖန်း ရယ်မောကာ ပြောလာလေသည်။ "သူက ဒီစာအုပ်အတွဲတွေကို ဖတ်ရတာ အရမ်းကြိုက်နေတာလေ။ နေ့တိုင်း လယ်အလုပ်တွေလုပ်နေရတာတောင်မှ သူက သင်္ချာပုစ္ဆာတွေကိုတွေးဖို့ အချိန်ရှိနေတုန်းပဲဗျာ။ တခြားကျောင်းက ကျောင်းသားတွေဆို အခု သင်္ချာပုစ္ဆာတွေကို မဖြေရှင်းကြတော့ဘူး၊ သူတို့မှာ တခြားလုပ်စရာတွေအများကြီးရှိနေတုန်းပဲလေ"
"တက္ကသိုလ်တက်ဖို့ ကွန်မြူနတီက အကြံပြုစေချင်ရင်တော့ လယ်ကောင်းကောင်းလုပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းအောင်လုပ်ထားပေါ့။ တက္ကသိုလ်တက်ရမယ့်နေရာက မင်းအတွက်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ အိုး... ငါမေ့သွားလို့၊ မင်းရဲ့ မျက်လုံးတွေက သိပ်ကောင်းပုံမရဘူးပဲ..."
"မင်းမျက်လုံးတွေ ဒီလိုမျိုးဖြစ်နေရင် မျောက်တွေက မင်းရဲ့မျက်မှန်ကို ထပ်ယူသွားမှာကို သတိထားဦး"
…
သူပြောတာတွေကို နားထောင်ပြီးတဲ့နောက် ဝမ်ကျိရှင်း ပြုံးရုံသာပြုံးလိုက်ပြီး သူ့စကားတွေကို အလေးအနက်မယူမှန်းသိသာလှသည်။ ပညာတတ်လူငယ် တွေဖြစ်လာဖို့ ကျေးလက်တောရွာကို သွားခဲ့ကြပြီးနောက်ပိုင်း စတင်ပျက်စီးလာကြ၏။ သူတို့ နေ့တိုင်း စာမသင်ချင်ကြတော့ဘဲ ဒီအလုပ်ကြမ်းကနေ လွတ်မြောက်ဖို့ မြို့ကိုအမြန်ဆုံးဘယ်လိုပြန်သွားရမလဲဆိုတာကိုပဲ စဉ်းစားနေမိကြသည်။
ဝမ်ကျိရှင်းက ချင်းရို့ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။ "စာအုပ်တွေက စာအုပ်ကောင်းတွေပဲဗျာ။ ကလေးတွေများများဖတ်ပါစေ"
ချင်းရို့ ခေါင်းညိတ်ပြလိုက်သည်။ သူမ ဝမ်ကျိရှင်းကို အာရုံစိုက်မိပြီး ကျေးလက်ကို ရောက်လာကြတဲ့ သူ့လိုပညာတတ်လူငယ်တွေက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြန်လည်စတင်ပြီးနောက် တက္ကသိုလ်ဝင်ခွင့်ပထမအသုတ် တက္ကသိုလ်ကျောင်းသားတွေဖြစ်ရမယ်လို့ ခံစားမိခဲ့သည်။
"ဒါကိုကြည့်ချင်တဲ့ တခြားပညာတတ်လူငယ်တွေရှိရင်လည်း လာကြည့်ဖို့ ဖိတ်ခေါ်လို့ရတယ်နော်"
ဒီစာအုပ်တွေက တန်ဖိုးအရမ်းမကြီးပါပေ။ ယခုခေတ်၌ တွေ့ရခဲတဲ့သိပ္ပံဆိုင်ရာစာအုပ်တွေဖြစ်ရုံသာ။ ဒီစာအုပ်တွေက လူတွေအတွက် သိပ္ပံနှင့်ယဥ်ကျေးမှုဆိုင်ရာ အခြေခံအုတ်မြစ်ချပေးနိုင်သလို ကောလိပ်ဝင်ခွင့်စာမေးပွဲပြန်လည်စတင်သည့်အခါ အသုံးဝင်လာမည်ပင်။
ချင်းရို့က သူတို့တွေနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ရာ အကူအညီပေးတယ်လို့ သတ်မှတ်လိုက်ပြီး စာအုပ်တွေ ငှားဖတ်ရန် သူမအစ်မနှင့်ခဲအိုအိမ်ကို လာခိုင်းလိုက်သည်။ အခွင့်အရေးကို ဆုပ်ကိုင်ပြီး အနာဂတ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်ရင်တော့ သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲစေနိုင်မယ်လေ။
xxx