အခန်း (၂၀၂)
Vol. 17 Ch. 202
ချင်းရို့ စူကာပျိုးပင်များကို အိမ်သို့သယ်ကာ သက်ကယ်ထီးအောက်တွင် စိုက်ထားလိုက်ပြီး နွယ်ပင်တွေ လွတ်လွတ်လပ်လပ်တွယ်တက်နိုင်ရန်အတွက် pergolaတစ်ခုဆင်ထားလိုက်သည်။ အဒေါ်ဖူရဲ့အဆိုအရ စူကာသီးတွေဟာ ကြီးထွားမြန်သလို ဘယ်နေရာမှာမဆိုရှင်သန်နိုင်ပြီး ရိုးရိုးပင်စည်တောင်မှရှင်သန်နိုင်သည်ပင်။ ၄င်းတို့သည် တစ်နှစ်အတွင်း အကြိမ်များစွာ ပွင့်နိုင်ကြကာ ၃ကြိမ်၊ ၄ကြိမ်လောက် အသီးတွေသီးကြ၏။ ပန်းပွင့်လာတဲ့အခါ အရမ်းထူးဆန်းလှပြီး လှတယ်လည်းမဟုတ် ရုပ်ဆိုးတယ်လည်းမဟုတ်ပါချေ၊ ဒါပေမဲ့ ကြည့်ရတာတော့ နည်းနည်း လေးကြောက်စရာကောင်းပုံပေါ်နေပါရဲ့။
ချင်းရို့သည် စူကာပန်းပွင့်တွေဟာ ဂိမ်းထဲက အသားစားငါးငယ်နဲ့တူတယ်လို့ ခံစားခဲ့ရသည်။ စူကာပန်းပွင့်တွေက ခရမ်းရောင်အနည်းငယ်ရှိပြီး ပွင့်ဖတ်တွေ ပွင့်လာတဲ့အခါ အသားစားငါးငယ်လေးက သူ့ပါးစပ်ကို ဖွင့်ဟလာသည်နဲ့ တူနေလေ၏။
ပန်းတွေကြွေသွားတဲ့အခါ အသီးလှလှလေးတွေအဖြစ် ပြောင်းလဲသွားပါတော့သည်။
"နင်တို့ကောင်းကောင်းရှင်သန်ရမယ်နော်"
ခြံထဲမှာ စူကာသီးတွေကိုစိုက်ထားရင် နောက်နှစ်အတွက် စူကာသီးတွေ ပြတ်လပ်သွားတော့မှာမဟုတ်ဘူး။ ဒါဆိုရင် စူကာသီးလက်ဖက်ရည်တစ်ခွက်ကို အချိန်မရွေးသောက်နိုင်ပြီပေါ့။
လုယန်ကတော့ ဒီအသီးနဲ့ပတ်သက်ပြီး ဘာမှမဖြစ်ပေ။ သူ တိတ်တိတ်လေးမြည်းစမ်းကြည့်တဲ့အခါ ချဉ်လွန်း၍ အန်ပင်အန်ချင်သွားရသည်။ အဝါရောင်အသားနှင့် အနက်ရောင်အစေ့တွေဟာ လူတွေရဲ့အစာစားချင်စိတ်ကို အမှန်တကယ် မလှုံ့ဆော်နိုင်ပေ။
"ဒီအသီးက ဘာအရသာရှိလို့လဲ? ကိုယ့်ကို မစားခိုင်းနဲ့နော်"
ကျိုးကျိုးလေးနှင့်ဖက်ထုပ်လေးတို့လည်း အချဥ်တွေကို မကြိုက်ကြသဖြင့် သူတို့ပါးပါးဘက်ကဖြစ်ကြကာ "မားမား သားတို့ ချိုတာပဲစားမယ်နော်"
"ချိုတဲ့အသီးက အရသာရှိတယ်နော်"
အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသရဲ့ ရာသီဥတုဟာ သီးပင်စားပင်စိုက်ပျိုးဖို့အတွက် အသင့်လျော်ဆုံးပင်။ အပူပိုင်းဒေသထွက်သီးနှံများဟာ အထူးချိုမြိန်လှသည်။ ချုံကျိုးကျွန်းသည် နေ့အချိန်တွင် နေရောင်ခြည်အများအပြားရရှိပြီး နေ့နဲ့ညအပူချိန်ကွာခြားမှုမှာကြီးမားပေ၏။ တောရိုင်းသီးနှံတွေတောင်မှ သဘာဝအတိုင်းချိုမြိန်ကြလေသည်။
တောင်ပေါ်မှာ မရေမတွက်နိုင်တဲ့ ရင့်မှည့်ပြီးသားအသီးအနှံချိုချိုလေးတွေရှိတာကို ဒီချဥ်ချဥ်ကြီးကို ဘာလို့စားရမှာလဲလို့?
တောင်ပေါ်တွင် တစ်နှစ်ပတ်လုံး အရသာရှိသောအသီးအနှံများစွာရှိပြီး တိရစ္ဆာန်ငယ်လေးတွေလည်း လွတ်လပ်စွာနေထိုင်ကြပါသည်။ မျောက်တွေ၊ ရှဉ့်တွေနှင့် တခြားတိရစ္ဆာန်တွေ ပိုမိုများပြားလာရခြင်း၏ အကြောင်းရင်းတစ်ခုပင်။
"မင်းတို့ရက်အနည်းငယ်စောင့်လိုက်ရင် ဒါတွေက အရသာရှိတယ်ဆိုတာ သိရလိမ့်မယ်"
လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားတဲ့စူကာသီးတွေဟာ အမှန်တကယ့်ကိုချဥ်လှသည်။ ရက်အနည်းငယ်ကြာကြာထားပြီးရင်တော့ ချိုချဥ်လေးဖြစ်လာလိမ့်မယ်။ ရေဓာတ်ချို့တဲ့သွားလို့ အခွံလေးတွေအနည်းငယ်တွန့်ရှုံ့လာမယ်၊ အတွင်းအသားက ချိုချဥ်လေးဖြစ်လာမှာလေ။
ချင်းရို့လည်း နှစ်ရက်၊ သုံးရက်ကြာ စောင့်ဆိုင်းခဲ့ပြီး အခွံအနည်းငယ် တွန့်ရှုံ့သွားပြီးနောက် စူကာသီး၇လုံး၊ ၈လုံးကို လှီးဖြတ်ကာ အတွင်းပိုင်းအသားတွေကို ကြွေခွက်ကြီးထဲ လောင်းထည့်လိုက်ပြီး ရေနွေးနှင့်သကြားကို အချိုးကျပေါင်းထည့်လိုက်သည်။
စူကာသီးဖျော်ရည်ဟာ လုပ်စရာအများကြီးမလိုအပ်ပါချေ။ ရေနှင့်သကြားထည့်လိုက်ရုံနဲ့ ချိုချိုချဉ်ချဥ်ဖော်ရည်တစ်ခွက်အဖြစ် ပြောင်းလဲသွားနိုင်သလို မွှေးရနံ့လည်း အလွန်ပြင်းထန်လှပြီး ဒီဖျော်ရည်တွင်လည်း "အနက်ရောင်ပုလဲလေးတွေ" သဘာဝအတိုင်းပါရှိနေသည်။ ချိုချဥ်ဖျောရည်ကို တစ်ငုံသောက်ပြီး အနင်ရောင်ပုလဲလေးတွေကို ဝါးလိုက်ရတဲ့အခါ ဘယ်လောက်တောင်သက်တောင့်သက်သာရှိလိုက်သလဲဆိုတာ ပြောပင်မပြောတတ်တော့ပါချေ။
ချင်းရို့ အရင်ကတည်းက စူကာသီးဖျော်ရည်ကို သောက်ရင်း အစေ့လေးတွေကို ဝါးစားရတာကို နှစ်သက်ခဲ့သည်။
စူကာသီးဖျော်ရည်ဖျော်ပြီးတဲ့နောက် ချင်းရို့ ဇွန်းလေးဖြင့် ခွက်အသေးလေးတစ်ခွက်စာခပ်လိုက်ပြီး အသီးဖျော်ရည်အနံ့မွှေးမွှေးလေးကို အနံ့ခံလိုက်ရင်း ခေါင်းကိုမော့၍ တစ်ငုံသောက်လိုက်၏။ ချိုချိုချဉ်ချဥ်ဖျော်ရည်လေးက ပါးစပ်ထဲဝင်လာသည်နှင့် သူမခံတွင်းတစ်ခုလုံးမှာ သစ်သီးရနံ့တွေ သိမ်းပိုက်သွားသလို ခံစားလိုက်ရသည်။
စူကာသီးကို စူကာသီးလို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ ဖျော်ရည်ဟာ အသီးအနှံရာချီရောစပ်ထားတဲ့ဖျော်ရည်လိုမျိုး ထူးကဲလှပြီး အရသာမျိုးစုံကို မြည်းစမ်းနိုင်လို့ပါပဲ။
အရမ်းအရသာရှိတာပဲ ! !
တစ်ခုတည်းသောအားနည်းချက်မှာ ဖျော်ရည်က မအေးနေခြင်းပင်။ အအေးခံထားရင်တော့ ပိုမွှေးပြီး အရသာရှိမှာသေချာလေရဲ့။ ချင်းရို့လည်း ဖျော်ရည်ခွက်ကြီးကို အဖုံးဖုံးကာ ရေခဲသေတ္တာထဲတွင် ထည့်ထားလိုက်၏။ အကြာကြီးအေးခဲထားစရာမလိုဘဲ တစ်နာရီ၊ နှစ်နာရီထားပြီးရင်သောက်သုံးနိုင်ပြီဖြစ်သည်။
ချင်းရို့က စတုရန်းပုံမိုလ်တွေ ပြုလုပ်ရန် စဉ်းစားနေမိလျက်။ ရေခဲသေတ္တာထဲတွင် ရေခဲတုံးလေးတွေ လုပ်ဖို့အတွက်ပေါ့။ ဟုတ်ပါတယ်၊ ဒါက အရေးတကြီးတော့မဟုတ်ပါဘူး။ သူမတို့မိသားစုထဲက ကလေးလေးနှစ်ယောက်ကလည်း ငယ်သေးတာမို့လို့ ရေခဲတွေအများကြီးစားလို့မရဘူးလေ။ ကလေးတွေကြီးလာတဲ့အခါ အရမ်းပူအိုက်တဲ့နေ့မှာ ရေခဲမုန့်နှင့်ရေခဲချောင်းတွေ လုပ်ကိုလုပ်ပေးပါဦးမယ်။
ဖျော်ရည်ကို အအေးခံထားပြီးနောက် ချင်းရို့လည်း ဟင်းအနည်းငယ်ချက်ပြုတ်ခဲ့သည်။ ယနေ့တွင် သူတို့မိသားစုဟာ ထူးခြားဆန်းပြားတဲ့ဟင်းလျာအချို့ကို စားရတော့မှာပါ။ အစိမ်းရောင်Kumquatရည်နှင့်ငါးအမြီးကြော်၊ လိုင်ချီးပုဇွန်အစာသွပ်၊ လိုင်ချီးပုဇွန်လုံး၊ နာနတ်သီးထမင်းကြော်နှင့် မွှေးပျံ့ပျံ့စူကာသီးဖျော်ရည်တစ်ခွက်စီဖြစ်သည်။
လိုင်ချီးပုဇွန်အစာသွပ်နှင့် လိုင်ချီးပုဇွန်လုံးဆိုတဲ့ ဟင်းပွဲတွေဟာ နာမည်နဲ့တင် ကြောက်စရာကောင်းနေပါသလား? သာမန်လူတွေကတော့ လိုင်ချီးသီးကို ဟင်းချက်စားလို့ရမှန်း ဘယ်တုန်းကမှတွေးမိကြမှာမဟုတ်ဘူးလေနော်။
မှန်ပါတယ်၊ လတ်လတ်ဆတ်ဆတ်လိုင်ချီးအသားကို လတ်လတ်ဆတ်ဆတ်ပုဇွန်နဲ့ ရောချက်လိုက်တယ်တဲ့လား ! !
စားဖူးသူတိုင်းကတော့ အရသာရှိတယ်လို့ ဆိုကြတာပေါ့ ! !
လိုင်ချီးသီးနှင့်ပုဇွန်အစာသွပ်ရတာ မခက်ခဲပါချေ။ လတ်လတ်ဆတ်ဆတ်ပုဇွန်တွေကို သခွားသီး၊ နုပ်နုပ်စင်းထားတဲ့မုန်လာဥနီတို့ဖြင့် ရောမွှေလိုက်ပြီး အနှစ်ဖြစ်အောင်ထောင်း၊ ကော်မှုန့်နှင့်ဟင်းခတ်အမှုန့်တွေထည့်၊ ပုဇွန်အနှစ်တွေကို လိုင်ချီးသီးလှလှလေးထဲထိုးထည့်ကာ ပုဇွန်အမြီးကိုထည့်၍ နောက်ဆုံးတွင် ပန်းကန်အပြည့်ဖြည့်ကာ ပေါင်းရန်အိုးထဲထည့်လိုက်ပြီးနောက် ကြည်လင်တဲ့အဖြူရောင်ယုန်လှလှလေးတွေ တစ်ခုပြီးတစ်ခုထွက်လာပါတော့သည်။
လိုင်ချီးအသားက ဖောင်းကြွနေကာ အပေါ်ယံက ကြည်လင်နေပြီး အတွင်းထဲမှ ပုဇွန်အနှစ်တွေဟာထွက်လာတော့မည့်ဟန်။ ခရမ်းခွစတိုင်ပုဇွန်အမြီးလေးကလည်း ယုန်လေးနားရွက်ရှည်ရှည်အလား။ ဤဟင်းလျာမှာ အရမ်းကြည့်ကောင်းပြီး လက်ရာမြောက်လှသည်။ လတ်လတ်ဆတ်ဆတ်လိုင်ချီးသီးထဲတွင် ပုဇွန်အနှစ်တွေသိပ်ထည့်ရခြင်းမှာ လက်ဝင်လှတာကြောင့် ချင်းရို့လည်း စုစုပေါင်း ၁၁ခုသာ ပြုလုပ်ခဲ့သည်။
ချင်းရို့ တစ်ခုကို အရင်ဆုံး မြည်းကြည့်လိုက်တဲ့အခါ အရသာအလွန်ရှိနေလေရဲ့။
လိုင်ချီးပုဇွန်လုံးလုပ်ရသည်မှာ ပို၍လွယ်ကူလှသည်။ ပုဇွန်လုံးတွေကို ကြော်လှော်ပြီးပါက လတ်လတ်ဆတ်ဆတ်လိုင်ချီးသီးတွေထည့်ကာ ခဏမျှရောမွှေပေးလိုက်ပြီး နှမ်းလေးဖြူးလိုက်တဲ့အခါ အနံ့လေးကအရမ်းမွှေးပျံ့နေပါတော့သည်။
ချင်းရို့ ဟင်းပွဲတွေအားလုံးကို ပြင်ဆင်ထားလိုက်သည်။
သို့ပေတည့် သူမချက်ပြုတ်ထားတဲ့ဟင်းလျာတွေကို လုယန်၊ ရှမင်ရှီး၊ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့အားလုံးက စားလို့မရတဲ့ဟင်းတွေအဖြစ် မှတ်ယူကြလေသည်။
လုယန် ခက်ခက်ခဲခဲ တံတွေးမျိုချကာ "လိုင်ချီးသီးတွေကို ကြော်လို့ရတယ်တဲ့လား?"
ဒါဘယ်လိုတောင်ထူးဆန်းတဲ့အနံ့လဲဟေ။
အသားနဲ့လိုင်ချီးသီးကြော်ရဲ့အရသာကို စိတ်ကူးတောင်မယဉ်ဖူးခဲ့တဲ့ ကပ္ပတိန်လုကို ခွင့်လွှတ်ကြပါနော်။
"ဇနီးလေး ခြံထဲမှာ မင်း ထူးထူးဆန်းဆန်း အသီးအနှံတွေ စိုက်ထားကတည်းက မင်းရဲ့ ဟင်းချက်နည်းတွေက စပြီးထူးဆန်းလာခဲ့တာ..."
ဆန်းသစ်တီထွင်ချင်တယ်ဆိုရင်တောင်မှ ဒါကလုပ်ရမယ့်နည်းလမ်းမဟုတ်ဘူးလေ။
ရှမင်ရှီးလည်း တံတွေးမျိုချလျက် "ဒေါ်လေး ဒါကို တကယ်စားလို့ရလို့လား?"
ဒီဦးလေးနဲ့တူလေးတို့ဟာ အတွေးအမြင်တူကြသည်ပင်၊ ဒီဟင်းလျာတွေက စားလို့ရောရပါ့မလား? ဒီညကို သူတို့ဘယ်လိုများရှင်သန်ရမလဲ? ဘေးနားက ငါးကြော်ကမှ လက်သင့်ခံနိုင်ဖွယ်ရှိရုံလေးတင်၊ ဒါပေမဲ့ အဲဒါအပြင်ရော?
ဒီထူးဆန်းတဲ့နာနတ်သီးထမင်းကြော်ကဘာကြီးတုန်းလို့ ? ? ! !
"ချင်းနင်ကနေ လောင်ဝမ်နဲ့သူ့ရဲဘော်တွေ ပို့ပေးလာတဲ့ နာနတ်သီးတွေကို မင်း... ထမင်းကြော်အတွက် သုံးလိုက်တာလား?"
ချင်းရို့: "ထမင်းကြော်လုပ်လို့မရဘူးလား?"
လုယန်: "…"
ဘန်းမုန့်ပေါင်းကိုပဲ နှစ်သက်ပြီး မြေအိုးထမင်းကို လက်ခံနိုင်ရုံသာရှိသေးတဲ့ လုယန်ကတော့ တစ်နေ့တွင် သူ ဒီလိုထူးဆန်းတဲ့အသီးထမင်းကြော်ကို စားရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ပေ။
ချင်းရို့က စူကာသီးဖျော်ရည်ကြွေခွက်ကြီးကို ထုတ်လာကာ မိသားစုဝင်တစ်ဦးစီအတွက် တစ်ဖန်ခွက်စီ လောင်းထည့်ပေးလိုက်ရင်း "ဒီမှာဖျော်ရည်တစ်ခွက်လည်း ရှိသေးတယ်နော်၊ သောက်ကြည့်ရင် အရသာရှိမရှိသိလိမ့်မယ်"
လုယန်: "..." ဒါကသေစေနိုင်လောက်တယ်ဟ...
ရှမင်ရှီး: "..." သေစေနိုင်တယ်လို့...
ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးတို့ကလည်း နာနတ်သီးထမင်းကြော်ထဲမှာ လှီးထားတဲ့ မုန်လာဥနီတွေကို တွေ့လိုက်ကြပြီးနောက် ရုတ်ချည်းပင် ဒီညဟာခက်ခဲလှတယ်လို့ သူတို့အဖေနဲ့ဝမ်းကွဲတို့နှင့်အတူတူ ထပ်တူခံစားလိုက်ရပေသည်။
မေမေက ထူးဆန်းတဲ့ဟင်းတွေကို စတင်ချက်ပြုတ်လာပြီ။
ဖက်ထုပ်လေးက သူ့ဖေဖေ့ရဲ့ ဘောင်းဘီကို မဆွဲလိုက်ဘဲ မနေနိုင်တော့ပေ။
"ပါးပါး သား ဘန်းမုန့်ပေါင်းစားချင်တယ်"
ကျိုးကျိုးလေး: "သားရောပဲ..."
ရှမင်ရှီး: "သားရောပဲ..."
ချင်းရို့အတွက် သူမမိသားစုဝင်တွေရဲ့ မနှစ်မြို့ခြင်းခံလိုက်သည်မှာ ဒါပထမဆုံးအကြိမ်ပင်။
"လူတိုင်းပဲ... ထိုင်ကြတော့၊ လုယန် ရှင်က ဦးဆောင်ပြီးစားပြလိုက်လေ"
"အကိုကြီးရှီးရှီးက စံနမူနာကောင်းဖြစ်ရမယ်"
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း ကောင်းကောင်းစားကြ"
နာမည်ခေါ်ခံလိုက်ရတဲ့လုယန်က ကလေးနှစ်ယောက်ကိုဖမ်းဆွဲထားကာ ခုံတန်းပေါ်တင်လိုက်သည်။ ချင်းရို့က အားလုံးအတွက် နာနတ်သီးထမင်းကြော်တစ်ပန်းကန်လုံးကြီးစီ ခပ်ထည့်ပေးလိုက်ပြီး အပေါ်မှ လိုင်ချီးပုဇွန်ကြော်နှင့် ငါးကြော်ပါ တင်ပေးလိုက်ပါသေးသည်။
ရိုးသားပြီး ကြိတ်မှိတ်လက်ခံတတ်သူ ကျိုုးကျိုးလေးက ဇွန်းကိုကိုင်ကာ ထမင်းကြော်တစ်လုတ်ကို ပါးစပ်ထဲထည့်လိုက်ရာ ထမင်းကြော်မွှေးမွှေးလေးဟာ နာနတ်သီးရနံ့နဲ့ပြည့်နေပြီး အရသာမှာ နွေရာသီနှင့်အလွန်ကိုက်ညီနေမှန်း သူတွေ့ရှိလိုက်ရသည်။
လုယန်က ငါးအမြီးကြော်ကို စားကြည့်လိုက်သည်။
ရှမင်ရှီးက စွန့်စားမှုအရှိဆုံးသူဖြစ်ကာ လိုင်ချီးပုဇွန်ကြော်ကို အစပြုစားလိုက်လေ၏။ နှစ်ကြိမ်ဝါးပြီးတဲ့နောက် သူ့မျက်လုံးတွေက ရုတ်ချည်းတောက်ပလာပါတော့သည်။
အရမ်းအရသာရှိတာပဲ ! !
လိုင်ချီးသီးတွေကို ပုဇွန်နဲ့တွဲစားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ရှမင်ရှီးက လိုင်ချီးပုဇွန်လုံးကို ထပ်စားကြည့်လိုက်တဲ့အခါ ပိုလို့တောင် အရသာရှိနေတာကို တွေ့လိုက်ရသည် ! ! ! "ဒေါ်လေးရဲ့လက်ရာက အရမ်းကောင်းတာပဲ၊ ဦးလေးရေ လိုင်ချီးသီးနဲ့ပုဇွန်က အရသာရှိတယ်ဗျ!!"
ယခု သူဟာ လေးငါးနှစ်သားအရွယ်တုန်းက ဝတုတ်လေးမဟုတ်တော့ပါပေ၊ ထိုအစား "သန်မာသော" မူလတန်းကျောင်းသားလေးအဖြစ် ကြီးပြင်းလာခဲ့သည်။ သူက များသောအားဖြင့် စစ်စိမ်းရောင်ကျောင်းလွယ်အိတ်ကို သယ်ဆောင်ကာ ရင်ဘတ်တွင် အနီရောင်ပဝါကို ချည်ထားလေ့ရှိ၏။ သူလေးဟာ ကျောင်းရဲ့ အကောင်းဆုံးမော်နီတာဖြစ်သည်ပင်။
သူတစ်ခုခုကောင်းတာတွေ့ရင် အဲဒါကို တက်တက်ကြွကြွမြှင့်တင်ပေးပြီးတော့ လူတိုင်းကို မျှဝေသင့်တယ်လေ။
xxx