← Chapters

အခန်း (၂၀၄)

Vol. 17 Ch. 204

အခန်း (၂၀၄)

Vol. 17 Ch. 204

လုရွှမ် အိပ်ဆောင်သို့မပြန်မီ သူမရဲ့စာတွေကို သွားယူလိုက်သည်။ သူမရဲ့ကလောင်ဖော်လွီချင်းက သူမဆီသို့ စာတစ်စောင်ပို့လိုက်၏။ အခုဆို သူမတို့နှစ်ယောက်ဟာ စာပေးစာယူနဲ့ ဆက်သွယ်နေကြပြီဖြစ်သည်။ လုရွှမ်က သူ့ကို သူငယ်ချင်းအဖြစ် သိခဲ့ရတာဟာ သိပ်မဆိုးလှပါဘူးလို့ ခံစားနေမိလျက်။

သူမမောင်လုယန် ပေးပို့ထားတဲ့စာထဲမှာ သူနဲ့ သူ့ဇနီးလေးချင်းရို့တို့ဟာ သင်္ချာပုစ္ဆာတွေကိုပါ ဆွေးနွေးကြတယ်ဆိုပဲ... လွီချင်းကတော့ သူ့စာတွေထဲမှာ ဟင်းချက်နည်းတွေကို အသေးစိတ်မှတ်တမ်းတင်ထားခဲ့သည်။

သူဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်၏။ ထိခိုက်ဒဏ်ရာရပြီးနောက် သူ့ကို အစိုးရပိုင်စားသောက်ဆိုင်မှာ နေရာချထားပေးခဲ့ပြီး ဟိုတယ်မာစတာစာဖိုမှူးဆီမှ အချက်အပြုတ်သင်ယူခဲ့ရသည်။ သူ့ကိုအလွန်နှစ်သက်သော မာစတာစာဖိုမှူးတစ်ဦးရှိပြီး ထိုသူဟာ သူ့ဆီ တတ်ကျွမ်းသမျှ လွှဲပြောင်းသင်ပေးလိုသည်ဖြစ်၍ လွီချင်းဟာ ကြားရက်များတွင် စားသောက်ဆိုင်အလုပ်အပြင် သူ့ရဲ့ဟင်းချက်စကေးကိုလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရဦးမည်ဖြစ်သည်။

လွီချင်းက စာထဲတွင် ချက်ပြုတ်ပုံအဆင့်ဆင့်နှင့် နည်းစနစ်များအပြင် ကွမ်ချန်စားသောက်ဆိုင်ရှိ သူ့ရဲ့ အစားအသောက်အတွေ့အကြုံအချို့ကို ရေးသားထားခဲ့သည်။
ဥပမာဆိုရသော် ကွမ်ချန်၌ ထမင်းလိပ်ပြုလုပ်နည်း၊ စားဖိုမှူးဟောင်းတွေရဲ့ လက်ရာဘယ်လောက်ကောင်းကြောင်း၊ အတိတ်တုန်းက မြို့ထဲရှိအစားကြူးသူတို့ ဘယ်လိုဘယ်ပုံပရိယာယ်များပုံ၊ ဘာကုန်ကြမ်းတွေ ရွေးချယ်ရမလဲ...စသဖြင့်။

ရိုးရိုးကြက်သားနဲ့ပတ်သက်ရင် ဘယ်လိုကြက်မျိုးရွေးချယ်သင့်သလဲ၊ ကြက်သားခုတ်ထစ်နည်းဟာလည်း အရမ်းထူးခြားကြောင်း... ဆောင်းရာသီမှာဆို ရေနွေးငွေ့နဲ့ပေါင်းလို့ရသလို ကင်လို့လည်းရကြောင်း... ဘယ်လိုဝက်သားကို ရွေးချယ်သင့်သလဲ၊ ဘယ်လိုအဆင့်ဆင့်လုပ်ဆောင်ရမလဲ... ဩဂုတ်လ၁၅ရက်နေ့အတွက် လမုန့်လုပ်တဲ့အခါ အဆာ ပလာလုပ်နည်းတွေစသဖြင့်...

ဒီတစ်ခါမှာတော့ သူက ကြက်သွန်နီနှင့်နှမ်းဆီဖြင့် ရောချက်ထားတဲ့ကြက်သားဟင်းအကြောင်းရေးသားခဲ့သည်။ ဘယ်လိုကြက်သားမျိုးကို ရွေးချယ်သင့်ကြောင်း၊ ရေနွေးငွေ့နဲ့ချက်ပြုတ်နည်း၊ ကြက်သားကိုအပိုင်းပိုင်းလှီးဖြတ်နည်း၊ စားသောက်ဆိုင်မှာ ပန်းကန်ပြားနှင့်ခင်းကျင်းနည်း၊ ကြက်သွန်နီဆီနှင့် ရောမွှေနည်း... စသဖြင့် အသေးစိတ်ရေးသားထားခဲ့ပေသည်။

…

ကြက်သွန်နီနှင့်နှမ်းဆီဖြင့် ရောချက်ထားတဲ့ကြက်သားဟင်းဟာ ဘယ်လောက်အရသာရှိသလဲ၊ ဘယ်လိုအရသာရှိလဲဆိုတာတွေကို သူ အသေးစိတ်မဖော်ပြထားခဲ့ပေမယ့် လုရွှမ်ကတော့ သူမစိတ်ထဲမှာ ဟင်းချက်ပုံအဆင့်ဆင့်နှင့် ဟင်းရဲ့မွှေးရနံ့တွေကိုပါ ဆက်လက်စိတ်ကူးယဉ်နေခဲ့ပြီးနောက် ပို၍စိတ်လှုပ်ရှားလာခဲ့သည်။ သူမ ပိုတွေးမိလေလေ ဗိုက်ဆာလာလေလေဖြစ်၏။ သူမပါးစပ်မှ သွားရည်ယိုကျလောက်သည်အထိ လောဘကြီးနေမိချေပြီ...

ညဘက်၌ အိပ်မပျော်နိုင်ဘဲ ဟိုဘက်လှည့်ဒီဘက်လှည့်လုပ်နေမိပြီး ထိုကြက်သားဟင်းအကြောင်းကိုပဲ ဆက်တိုက်တွေးနေမိ၏။ အိပ်မက်ထဲမှာတောင် ကြက်သားဟင်းချက်နေတဲ့အကြောင်း စိတ်ကူးယဉ်နေမိကာ မနက်အိပ်ရာနိုးလာတဲ့အခါ သူမရဲ့ ပါးစပ်ထောင့်မှာ တံတွေးတွေခြောက်ကပ်နေတဲ့အရိပ်အယောင်တောင်ရှိနေပါသေးရဲ့။

လုစန်းကျဲသည် အနှီစားဖိုမှူးကလောင်ဖော်အား အဆက်အသွယ်ဖြတ်သင့်ပြီလို့ ဆင်ခြင်တုံတရားအရ တွေးခဲ့သော်လည်း နောက်စာတွေမှာပါလာမဲ့ဟင်းလျာတွေအကြောင်းကိုလည်း သိချင်နေမိဆဲ။ သူမဟာ ဟင်းလျာလုပ်နည်းများစွာကို သိထားပြီးပြီဖြစ်သော်လည်း လက်တွေ့မလုပ်နိုင်ဘဲ စိတ်ထဲမှာပဲ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ချက်ပြုတ်နိုင်ခဲ့ရုံသာ...

သူမက လောဘကြီးလွန်းလို့ သူ့စာတွေကို ဆက်ပြီးလက်ခံယူတာပဲ ပိုကောင်းပါတယ်လေ။

- ဒါဟာ ရေငတ်ပြေအောင်လို့ အဆိပ်သောက်နေတာပဲပေါ့...

ဒီသူငယ်ချင်းက သူမနှင့် ဘာလို့သင်္ချာပုစ္ဆာတွေအကြောင်း မပြောတာလဲဟ?

၁၉၇၅ ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် လုယန်သည် အားလပ်ရက်တစ်လယူရန် စီစဉ်ခဲ့ပြီး သူ့ဇနီးလေးနဲ့ ကလေးသုံးယောက်ကို သူ့မွေးရပ်မြေဆီ ပြန်ခေါ်သွားကာ သူတို့ရဲ့ အဘိုးအဘွားဆီ သွားရောက်လည်ပတ်ဖို့ ကျောင်းသောင်ကို သွားခဲ့ကြသည်။

ကျောက်ကျန်းဟုန်၏လက်ထပ်ခွင့်လျှောက်လွှာကို အတည်ပြုလိုက်သဖြင့် သူသည်လည်း လက်ထပ်ရန်စီစဥ်ကာ ယဲ့မင်ရှို့အား သူ့မိဘတွေနဲ့တွေ့ပေးဖို့အတွက် လုပြည်နယ်သို့ ခေါ်သွားရန်ဆုံးဖြတ်ခဲ့ပေသည်။ သူ့မိဘတွေနဲ့ စောစောတွေ့တာပိုကောင်းတယ်လို့ ယဲ့မင်ရှို့လည်း တွေးခဲ့ပြီး သူ့မိဘတွေဆီက အငြင်းပယ်ခံရမှာကို စိုးရိမ်နေမိလျက်။

ကျောက်မိသားစုက သူတို့နှစ်ယောက် အိမ်ထောင်ကျသွားပြီဖြစ်ကြောင်း ကြားလိုက်ရ၍ စိတ်သက်သာရာရသွားကြကာ ကျောက်ကျန်းဟုန်ကို ယဲ့မင်ရှို့အားပြန်ခေါ်လာခွင့်ပေးလိုက်သည်။ 
(မရှင်းမှာစိုးလို့ အစက ကျောက်ကျန်းဟုန် လက်မထပ်ခင် ယဲ့မင်ရှို့ကို ကျောက်မိသားစုဆီ ခေါ်ပြမလို့လေ။ အဲ့တုန်းက ကျောက်မိသားစုဝင်တွေက ကျောက်ကျန်းဟုန် လက်မထပ်ခင် ပြန်ရောက်လာရင် ထန်ရို့နဲ့တွေ့ပြီး ပြန်ပါသွားမှာကြောက်နေတာကွာ၊ အာ့ကြောင့်မလာနဲ့တော့ ယူစရာရှိတာယူဆိုပြီးပြောထားတာပဲ။ အခုတော့ လက်မှတ်ရပြီးပြီဆိုတော့ ပြန်ခေါ်လာဖို့ပြောတာပေါ့)

ကျောက်ကျန်းဟုန်က လုယန်အား သူတို့မိသားစုနှစ်စု အတူတူပြန်သွားကြမယ်လို့ ပြောခဲ့၍ ရက်တစ်ရက်သတ်မှတ်ကာ ကွမ်ချန်သို့ သင်္ဘောအရင်စီးသွားပြီးနောက်မှ ကွမ်ချန်ကနေ လုပြည်နယ်သို့ ရထားဖြင့်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ခရီးကရှည်၍ ရက်အနည်းငယ်ကြာပေမည်။

ချင်းရို့ကတော့ ဤမျှရှည်လျားလှတဲ့ခရီးမသွားရသည်မှာ နှစ်အတော်ကြာခဲ့လေပြီ။ နောက်ဆုံးတစ်ခေါက်က ပင်းချန်ကနေ ချုံကျိုးကျွန်းသို့ ခရီးစဥ်အား ပြန်လည်တွေးကြည့်မိတဲ့အခါ သူမ အလွန်နာကျင်ခံစားသွားရ၏။ ကံကောင်းထောက်မစွာဖြင့် ချုံကျိုးကျွန်းမှ ကျောင်းသောင်ဆီသို့ အကွာအဝေးမှာ ပင်းချန်ထက် အနည်းငယ်ပိုနီးနေခြင်းပင်။

မိသားစုနှစ်စု ခရီးဆောင်အိတ်များထုပ်ပိုးလျက် လုချန်ဆိပ်ကမ်းရှိ ကွမ်ချန်သို့ သင်္ဘောစီးခဲ့ကြတော့သည်။

ချင်းရို့သည် သူမရဲ့ခြံဝင်းလေးကို ကူညီစောင့်ရှောက်ပေးဖို့အတွက် လီချင့်ဟွားဆီမှာ အပ်နှံခဲ့၏။ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်းများ ကြုံရလွယ်ပေသည်။ ချင်းရို့လည်း သူမရဲ့ခြံဝင်းလေး ခံနိုင်ရည်ရှိမယ်လို့သာ မျှော်လင့်ထားရသည်။

"မားမား မားမား လှေ... ငါးဖမ်းနေတယ်..."

ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးတို့ကလေးနှစ်ယောက်ဟာ သင်္ဘောပေါ်တက်ပြီးကတည်းကလွန်စွာစိတ်လှုပ်ရှားနေကြ၏။ ဒီကလေးနှစ်ယောက်အတွက်တော့ ခရီးဝေးသွားရတာ ဒါပထမဆုံးအကြိမ်ဖြစ်သလို ဒီလောက်ကြီးတဲ့သင်္ဘောကြီးကိုစီးရတာလည်း ပထမဆုံးအကြိမ်ပင်။ သင်္ဘောရွက်မလွှင့်သေးသဖြင့် လုယန်က ကလေးနှစ်ယောက်ကို ကုန်းပတ်ပေါ်မှာ ရှုခင်းတွေကြည့်ဖို့ ခေါ်သွားခဲ့သည်။

ရှမင်ရှီးက သစ်သီးစားရန် အခန်းထဲသို့ ဝင်သွားပြီး လူတွေနှင့် စကားစမြည်ပြောနေလျက်။ ယခုအခါ အခန်းထဲတွင် စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားများ ရှိနေပြီး ဝန်ထမ်းတွေကလည်း သစ်သီးတွေလှီးနေကြသည်။ ကျွန်းပေါ်ရှိ အသီးအနှံတွေဟာ ဈေးပေါ၍ ဒီခရီးစဥ်အတွက် အများအပြားတင်ခဲ့ပြီး အလိုရှိသလောက်စားနိုင်ပေသည်။

သင်္ဘောအကြိမ်ပေါင်းများစွာစီးဖူးသူ ရှမင်ရှီးလေးကတော့ ပင်လယ်ပြင်ကြီးကိုကြည့်ဖို့ စိတ်မဝင်စားပါချေ။

ညနေစောင်းလာပြီဖြစ်၍ ကောင်းကင်ဟာ မှောင်မိုက်လာပြီး ငါးဖမ်းလှေတွေအများကြီးလည်း ပြန်လာကြလေပြီ။ ကောင်းကင်ကြီးဟာ အနီရောင်တိမ်အထပ်ထပ်ဖြင့်ရှိနေလျက် ပင်လယ်ပြင်သည်လည်း လှိုင်းအတန်ငယ်ကြမ်းနေ၏။ ငါးဖမ်းလှေတွေ တစ်စီးပြီးတစ်စီး ပြန်ရောက်လာကြသလို ပိုက်ကွန်ထဲတွင် ငါးတွေအများအပြားပါလာကြသည်။ ပိုက်ကွန်ထဲက ငါးတွေဟာ တက်ကြွစွာခုန်နေကြဆဲ။ ငါးရဲ့ဝမ်းဗိုက်ဖြူဖြူလေးဟာ နေဝင်ချိန် အလင်းရောင်ဖြင့် ရောင်ပြန်ဟပ်နေလေသည်။

ဖက်ထုပ်လေး: "ပါးပါး အနာဂတ်မှာ သား ရွက်လွှင့်ချင်တယ်"

သူပြောပြီးသည်နှင့် သူ့မျက်နှာကိုလက်ဖြင့် ကိုင်လိုက်ရင်း တခစ်ခစ်ရယ်ကာ "သင်္ဘောစီးချင်တယ်၊ သင်္ဘောမောင်းချင်တယ်"

လုယန်နှင့်ချင်းရို့က ရယ်မောလိုက်ကြသည်။ ဒီကလေးဟာ ရွက်လွှင့်ရန် အမှန်တကယ် ဆန္ဒရှိတာလား၊ မရှိတာလား၊ သို့တည်းမဟုတ် သူ့အစ်ကိုကို စကားအရ အနိုင်ကျင့်ချင်ရုံပဲလားဆိုတာတော့ သူတို့လည်းမသိတော့ပါချေ။

လုယန် ပြုံးပြီး "ကောင်းပြီ၊ ဒါဆို မင်း ရွက်လွှင့်ဖို့ သင်ရမှာပေါ့"

ကျိုးကျိုး: "သားက လေယာဥ်ပျံမောင်းချင်တာ"

ဖက်ထုပ်လေး: "ဒါဆို သားလည်း လေယာဥ်ပျံပဲ"

…

စကားစမြည်ပြောနေကြရင်း ကောင်လေးနှစ်ယောက် စတင်စကားများရန်ဖြစ်ကြလေပြီ။ လုယန်နှင့်ချင်းရို့ကတော့ ဒီညီအစ်ကိုတွေရဲ့စကားအတိုင်း စကားစမြည်ပြောပေးနေကြသည်။

လုယန်က ကလေးတွေကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားသည်။ ကလေးနှစ်ယောက်က စိတ်လှုပ်ရှားနေကြကာ ကခုန်၊ လှုပ်ယမ်းနေပြီး ဝင်ကလေးတွေလို ဂနာမငြိမ်ဖြစ်နေကြလျက်။

ချင်းရို့က ကလေးနှစ်ယောက်ရဲ့ ပါးလေးတွေကို ဆွဲလိုက်ကာ သင်ခန်းစာတစ်ခု သင်ပေး၏။ "လိမ္မာကြနော်၊ ပင်လယ်ထဲ ပြုတ်မကျအောင်လို့ သတိထားကြ။ ငါးမန်းဘေဘီလေးရဲ့ အစာဖြစ်သွားမယ်နော်"

"မားမား သားက ငါးမန်းဘေဘီမဟုတ်ဘူးလား? အိုး-"

"အဲဒါကို ငါးမန်းဘေဘီလေးလို့ခေါ်တာလား?"

ကြင်စဦးဇနီးမောင်နှံ ကျောက်ကျန်းဟုန်နှင့် ယဲ့မင်ရှို့တို့က လုယန်တို့မိသားစုလေးယောက်ကို ကြည့်နေရင်း ကျောက်ကျန်းဟုန်က ဝမ်းနည်းစွာဖြင့် ယဲ့မင်ရှို့အား တိုးတိုးလေးပြောလိုက်သည်။

"မင်ရှို့ နောက်ကျ ကိုယ်တို့လည်း ကလေးယူရအောင်နော်"

"ကလေးတစ်ယောက်ပြုစုပျိုးထောင်ရတာ အရမ်းပင်ပန်းမှာနော်"

ယဲ့မင်ရှို့က ရှက်ရွံ့နီမြန်းစွာဖြင့် ခေါင်းညိတ်လိုက်၏။ လက်ထပ်ပြီးတာမှမကြာသေး ကလေးအကြောင်းပြောရတာ အရမ်းရှက်စရာ ကောင်းတယ်မလားလို့...

ကျောက်ကျန်းဟုန် အမြင်ကျဉ်းစွာဖြင့် "ရက်စက်ကြမ်းကြုတ်ပြီး ရမ်းကားတတ်တဲ့ လုကောက အခုချိန်မှာတော့ ကလေးရှိတဲ့အကိုကြီးတစ်ယောက်ဖြစ်နေပြီပဲ။ သူဘယ်လောက်တောင် ကျွမ်းကျင်လိုက်သလဲ၊ ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ ကြည့်စမ်းပါဦး။ တစ်ခါတည်းနဲ့ ကလေးနှစ်ယောက်ရလိုက်တာ၊ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ကံလဲကွာ..."

အမြွှာလေးတွေက ကောင်းပေမယ့် ကောင်လေးနှစ်ယောက်ကို တစ်ချိန်တည်းမှာ ပြုစုပျိုးထောင်ရတာ ပင်ပန်းလွန်းလှပါသည်။ ကျောက်ကျန်းဟုန်သည် သူနဲ့အတူတူပြဿနာရှာလေ့ရှိခဲ့တဲ့ ညီအစ်ကိုကောင်းလုယန်၏ ကလေးလေးအား ကျွမ်းကျွမ်းကျင်ကျင် ပွေ့ချီထားတဲ့ကိုယ်ဟန်အနေအထားကို ကြည့်လိုက်ပြီး သူကတော့ ကမ္ဘာနဲ့အဝှမ်းဆက်တိုက်ပြောင်းလဲလာတဲ့ ဝမ်းနည်းစရာခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

သူက အိမ်ထောင်ကျခါစဖြစ်ပေမယ့် ညီအစ်ကိုလုကတော့ ကလေးတောင်ပျိုးထောင်နေပြီတဲ့။ ပြီးတော့ ယောက်ျားလေးနှစ်ယောက် တစ်ပြိုင်တည်း... လုကောက သနားစရာပါပဲကွာ...

"ကျောက်ကျန်းဟုန်…"

သူတို့အိမ်ထောင်ကျပြီးဖြစ်ပေမယ့် ယဲ့မင်ရှို့က သူ့ကို အပြင်လူတွေရှေ့မှာဆို နာမည်အပြည့်အစုံနဲ့သာ ခေါ်နေဆဲ။

ယဲ့မင်ရှို့က ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ကို အလွန်သဘောကျနေခဲ့သည်။ သူမက ကျောက်ကျန်းဟုန်ရဲ့မျက်နှာကို ကြည့်ကာ ချီတုံချတုံဖြင့် သူမ သူ့ကို တစ်ခုခုသတိပေးသင့်သလားလို့ တွေးနေမိသည်။

"မင်ရှို့ မင်းဘာဖြစ်နေတာလဲ? မင်းကိုယ့်ကိုဘာလို့ဒီလိုကြည့်နေတာလဲ?" သူမရဲ့မျက်နှာအမူအရာ မမှန်တာကို မြင်လိုက်ရ၍ ကျောက်ကျန်းဟုန် မေးလိုက်သည်။

"ကျွန်မ ရှင့်ကို သတိပေးချင်ရုံလေးပါ..." ယဲ့မင်ရှို့ ပလုံးပထွေး ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"ကျွန်မနဲ့ ကျွန်မအစ်မက အမြွှာတွေလေ... ရှောင်ချင်းကပြောတယ်။ သူမရဲ့အစ်မလည်း အမြွှာမွေးတာ၊ သူမလည်း အမြွှာမွေးတယ်တဲ့။ အမြွှာဖြစ်ကြရင် အမြွှာမွေးလာဖို့ လွယ်လိမ့်မယ်တဲ့၊ ဒါ့ကြောင့်..."

ယဲ့မင်ရှို့ ရှက်ရွံ့နေရင်း "အနာဂတ်မှာ ကျွန်မတို့နှစ်ယောက်ဆီမှာ ကလေးရရင် သူတို့လည်း အမြွှာလေးတွေဖြစ်ဖို့များတယ်လို့"

ဒါကြောင့် တခြားလူတွေကို အစောကြီးသွားရယ်မနေပါနဲ့တော့!

xxx

All Chapters