အခန်း (၂၀၆)
Vol. 18 Ch. 206
ယဲ့မင်ရှို့နှင့် ကျောက်ကျန်းဟုန်တို့က ငြင်းဆန်စရာအကြောင်းမရှိပါပေ။ ထို့ကြောင့် တစ်ဖွဲ့လုံးက အစိုးရပိုင်စားသောက်ဆိုင်တံခါးဆီသို့ မြို့ဘတ်စ်စကားစီးသွားခဲ့ကြသည်။ ပင်လယ်ဘုရင်ရှမင်ရှီးလေးဟာ နေရာတိုင်းရှိလူတော်တော်များများနဲ့ သိပြီး အစိုးရပိုင်စားသောက်ဆိုင်ရှိ လူတိုင်းကိုလည်း ရင်းနှီးနေပြန်သည်။ အပေါက်ဝမှ ကောင်လေးက ရှီးရှီးလေးကို နှုတ်ဆက်လာခဲ့သည်။
"အတန်းဖော်ရှောင်မင်လား? ဒီတစ်ခါတော့ မင်းမားမားနဲ့ မလာဘူးလား?"
"သားမားမားက အားလပ်ရက်မရသေးလို့၊ ဦးလေးလွီရောရှိလားဗျ?"
"ရှိတယ်၊ လောင်လွီရှိတယ်"
ကောင်လေးသည် ရှမင်ရှီးက ဦးလေးလွီအကြောင်းပြောလာတာကို ကြားလိုက်ရတဲ့အခါ သူ့အမူအရာမှာ ရုတ်တရက် ထူးထူးခြားခြား စိတ်လှုပ်ရှားသွားသည့်ဟန်။
အနှီကောင်လေးဟာ အတန်းဖော်ရှမင်ရှီးလေးအပေါ် လေးလေးနက်နက်အမြင်ရှိပါ၏။ သူ့ရဲ့ ချောမောတဲ့ပါးပါးနဲ့အတူ စားသောက်ဆိုင်မှာ ညစာစားဖို့လာခဲ့တုန်းကအချိန်ကို ပြန်တွေးမိသွားခဲ့သည်။
သူ့ရဲ့ "ပါးပါး"ကို စားသောက်ဆိုင်ထဲက မိန်းကလေးများစွာဟာ ရှက်ရွံ့ပြီး ချောင်းကြည့်ခဲ့ကြသည်။ ထိုသူက အရပ်ရှည်ပြီး ချောမောလှသည်ပင်။
"ဒီလူက အရမ်းကြည့်ကောင်းတာပဲ..."
"ကံမကောင်းတာက ကလေးရှိနေတာပဲဟာ"
"အဲဒါ သူ့သားလား?"
လုရွှမ်တို့သားအမိဟာ အလုပ်ရှုပ်ခံပြီး အပြင်လူတွေကို ဘယ်တော့မှရှင်းမပြတတ်ကြပါချေ။ ဘယ်နေရာသွားသွား လိုက်ရှင်းပြနေရတာ ပျင်းလာပြီလေ။ လုရွှမ်ရဲ့အရပ်အမြင့်ဟာ သာမန်အမျိုးသားတွေနှင့် အတူတူဖြစ်ပြီး သူမရဲ့ရုပ်ရည်ကလည်း အမျိုးသားတွေကြားထဲမှာ "ချောမော"တယ်လို့ ယူဆလို့ရသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ထား၍ သူမခန္ဓာကိုယ်မှာ ကြွက်သားတောင့်တောင့်တွေရှိသလို မိန်းကလေးတွေကို မကြာခဏကြည့်ရှုမိစေနိုင်တဲ့ "အမျိုးသား"ဆွဲဆောင်မှုအပြည့်ရှိနေလေသည်။
လုရွှမ်က စားပွဲထိုးအမျိုးသမီးနှင့် စကားပြောနေချိန်မှာ သူမဆီမှ နွေးထွေးဖွယ်အပြုံးကို ရရှိခဲ့ရာ သူမတို့သားအမိကို အိမ်မှာရှိနေသကဲ့သို့ ခံစားရစေ၏။
"ဒီဘက်ကရှောင်ကော ကျေးဇူးပြုပြီးဝင်ပါရှင်"
"ဒါက ရှင့်ရဲ့ ညီလေးထင်တယ်နော်၊ သူက အရမ်းဉာဏ်ကောင်းတာပဲ"
လုရွှမ် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "ဒါ ငါ့သားပါ"
ထိုသို့ကြားလိုက်ရတဲ့အခါ စားသောက်ဆိုင်ထဲရှိလူတိုင်း အသည်းကွဲသွားကြကာ စားပွဲထိုးမလေးအပေါ် ရေအေးဇလုံလောင်းချခံလိုက်ရသည့်နှယ် သူမရဲ့ စိတ်အားထက်သန်မှုတွေတောင်မှ ဟက်ဟက်ပက်ပက်မရှိတော့ပါပေ။
စားပွဲထိုးမလေးက ပျင်းရိစွာ ပြောလာခဲ့သည်။ "ရှင်ကြိုက်တာကြည့်လို့ရပါတယ်"
ရှမင်ရှီးက သူ့မေမေကို တိုးတိုးတိတ်တိတ်ဖြင့် "ပါး! သားစောစောကသိခဲ့ရင် မားကိုသားအစ်ကိုလို့ ပြောလိုက်သင့်တာကို"
သူတို့က ညီအစ်ကိုတွေဖြစ်ကြမယ်ဆိုရင် သူတို့က နွေးနွေးထွေးထွေးဆက်ဆံကြလိမ့်မှာ။
လုရွှမ်က စားပွဲကို ပွတ်ကာ အပြုံးလေးနှင့် "ငါက မင်းဆရာကြီးပဲ!"
"ဆရာကြီး ထမင်းများများထပ်မစားချင်ဘူးလား? တက္ကသိုလ်မှာ ကန်တင်းကအဒေါ်ကြီးလက်တုန်နေလို့ စားစရာတွေ လှုပ်ယမ်းနေခဲ့တုန်းက ခဏခဏ ညည်းညူနေခဲ့တာမဟုတ်ဘူးလား?"
"ဆရာကြီးရေ မားသာ သားအစ်ကိုလို့ ပြောလိုက်ရင် သားတို့ နောက်ထပ်ဟင်းတစ်ပွဲပိုရနိုင်မယ်ထင်တယ်နော်"
"ပြည်သူတွေရဲ့ စစ်သားတွေက လူထုကို မလှည့်စားဘူး"
ရှမင်ရှီး မျက်နှာလေးကို ပွေ့ဖက်ကာ စိုးရိမ်စွာဖြင့် "မားမှာ စားဖို့မရှိတော့ဘူးလို့"
လုရွှမ်: "…"
စားပွဲထိုးမလေးပြန်ရောက်လာတဲ့အခါ ရှမင်ရှီးက လုရွှမ်ရဲ့လက်မောင်းကို ပွေ့ဖက်ကာဖြင့် "ပါးပါး သားအတွက် မားမားတစ်ယောက်ကို ဘယ်တော့ရှာပေးမှာလဲလို့!"
သူ့အသံထွက်လာသည်နှင့် ချက်ချင်းပင် အာရုံစူးစိုက်မှုများစွာကို ဖမ်းစားနိုင်ခဲ့သည်။
လုရွှမ်: "…"
လုစန်းကျဲသည် ဒီခွေးစုတ်ကလေးကို တကယ်ပဲ ရိုက်နှက်ပစ်ချင်သွားလေပြီ။ ဘယ်သူက ဒီလိုကောင်ဆိုးလေးကို မွေးခဲ့တာလဲဟေ?
"ခုနက ရှင်ဘာမှာထားတာလဲရှင့်?"
စားပွဲထိုးနှစ်ယောက် အနားကပ်လာကြ၏။ သူတို့အလုပ်မှာ လွယ်ကူလှသည်။ သူတို့မှာဘာမှလုပ်စရာမရှိတဲ့အခါ နားနားနေနေနေနိုင်သလို စိတ်လှုပ်ရှားစရာတွေကို ကြည့်ရတာနှစ်ခြိုက်ပြီး အတင်းအဖျင်းနားထောင်ရတာ ကြိုက်ကြသည်။
အသက်ပိုကြီးတဲ့စားပွဲထိုးက လုံးဝအရှက်မရှိစွာပင် လုရွှမ်ရဲ့မျက်နှာကို ကြည့်နေရင်း ကလေးတစ်ယောက်နှင့် မုဆိုးဖိုချောချောလေးတစ်ယောက်ဆီမှ ပို၍ပို၍ဆွဲဆောင်ခံလိုက်ရလေ၏။
ဟေး ဒါက ရှားရှားပါးပါးဖြစ်စဥ်ပါပဲ။ ရှင့်မှာ လက်တွဲဖော်အသစ်ကို ရှာတွေ့ပြီလား? ရှင်ဘာအလုပ်လုပ်တာလဲ?
လုရွှမ်နှင့် ရှမင်ရှီးက ဟင်းပွဲအများအပြားကို မှာယူခဲ့သဖြင့် စားပွဲထိုးနှစ်ဦးမှာ တုန်လှုပ်ခြောက်ခြားသွားရလျက်၊ ဒီလူချောလေးတွေက တကယ့်ကို စားနိုင်တာပဲလို့ တွေးလိုက်မိသည်။
"မင်းပါးပါးက ဘာလုပ်တာလဲ?"
ရှမင်ရှီး: "ကျွန်တော့်ပါးပါးက စစ်သားပါဗျ"
ဝိုး... စစ်သားဆိုပဲ။ အခု စစ်သားတွေဟာ အရမ်းနာမည်ကြီးနေတဲ့ ပစ်မှတ်တစ်ခုပင်။ ဒီလိုချောမောတဲ့ရုပ်ရည်မျိုးနဲ့ ဒီကလေးအတွက် မိထွေးတစ်ယောက်ရှာပေးဖို့က ခဲယင်းမည်မဟုတ်၊ ဒီကလေးလေး ဘယ်လောက်ကြံ့ခိုင်လိုက်သလဲ ကြည့်ပါလား၊ သူ့အဖေက စစ်အရာရှိတစ်ဦးဖြစ်ရမယ်...
"စစ်သားတွေက သူတို့ရဲ့မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ပေးတယ်။ သူတို့က အရမ်းအံ့သြစရာကောင်းလိုက်တာနော်၊ မင်းမှာ ဖခင်ကောင်းတစ်ယောက်ရှိတာပဲ..."
ရှမင်ရှီးက အရည်ထူသူဖြစ်ပြီး ဘယ်နေရာရောက်ရောက် လူတိုင်းနဲ့ စကားစမြည်ပြောနိုင်သူပင်။ သူ့စကားတွေဟာ အထူးနှစ်လိုဖွယ်ကောင်းလှ၏။ ထိုအဒေါ်က သူ့ကို သဘောကျသွားခဲ့ပြီး မုန့်နှစ်ပန်းကန်တောင် ပေးခဲ့လေသည်။
အစားအသောက်အတွက် လူတွေကိုလှည့်စားဖို့ သူ့ရဲ့လျှာပေါ်မှာ တကယ်ပဲမှီခိုနေရတာပဲ။
လုရွှမ် ဘေးမှာ အေးတိအေးစက်မျက်နှာထားဖြင့် ထိုင်နေကာ စကားတစ်ခွန်းမှမပြောဘဲ ထမင်းစားရန်သာ အာရုံစိုက်ထားခဲ့သည်။
သို့ပေတည့် "သူမ"လို အေးတိအေးစက်၊ စကားမရှိတဲ့ စစ်သားတစ်ယောက်ဟာ အပြင်လူတွေရဲ့အမြင်မှာ ပိုလို့တောင် နာမည်ကြီးနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေဘူး။
ထိုအချိန်တွင် လူတစ်ယောက်ထွက်လာတဲ့အခါ သူတို့ဘေးနားရှိ အဒေါ်က "လွီချင်းရေ ကြည့်စမ်းပါဦး၊ ဒီအကိုကြီး... အစ်ကိုကြီးက မင်းထက်တောင် နည်းနည်းငယ်ဦးမယ်၊ ဒါပေမဲ့ သူ့ကလေးက ဒီလောက်ကြီးနေပြီ။ မင်းရော မင်းရဲ့အိပ်ရာကို နွေးထွေးအောင်လို့ ဇနီးတစ်ယောက်မရှာသေးဘူးလားကွယ်?"
"ညီအကိုရေ မင်းရဲ့သားက မင်းကို ဇနီးတစ်ယောက် မြန်မြန်ရှာဖို့ တိုက်တွန်းနေတာ"
"မင်းတို့နှစ်ယောက်ကိုကြည့်စမ်း၊ ဧကရာဇ်မင်းက အလျင်မလိုဘဲ မိန်းမစိုးက အလျင်လိုနေတယ်ဆိုတာ အမှန်ပဲကွယ်"
ထိုအချိန်တွင် ရှမင်ရှီး ရယ်မောလိုက်ရင်း ပြောလိုက်၏။
"ပါး ကြည့်ပါဦး၊ ဒီဦးဦးက ပါးလိုဇနီးတစ်ယောက် ရှာနေတာမဟုတ်ဘူးတဲ့၊ ရယ်ရတယ်နော်"
စားပွဲထိုးမလေးက ကျိတ်ရယ်နေရင်း "ဒီကလေးက အရမ်းရယ်စရာကောင်းတာပဲနော်၊ ဒီလူကြီးတွေကိုကြည့်ပါဦး ကလေးလောက်တောင် မချင့်ချိန်တတ်ကြရှာဘူး"
လွီချင်း: "…"
လုရွှမ်: "..." ကလေးကို ဒီလိုတိုက်တွန်းနေတာကမှ ပိုဆိုးနေတာပါနော်။
လွီချင်းနှင့်လုရွှမ်တို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်နှုတ်ဆက်ခဲ့ကြသည်။ သူတို့နှစ်ဦးဟာ အတူတူလှောင်ပြောင်စနောက်နေခြင်းခံရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ တစ်ဦးအပေါ်တစ်ဦး စာနာမိသလို ခံစားခဲ့ရသည်။
… ဟုတ်တယ်၊ ငါတို့ အချင်းချင်းကိုယ်ချင်းစာရမှာပေါ့...
နောက်ပိုင်းတွင် လုရွှမ်က ရှောင်မင်ရဲ့ ပထွေးဖြစ်ချင်သလားလို့ သူ့ကို မေးလိုက်တဲ့အခါမှာတော့ အစိုးရပိုင်စားသောက်ဆိုင်ကြီးတစ်ခုလုံး ပြိုကျသွားသည့်နှယ် ခံစားလိုက်ရ၏။
ဘုရားရေ ! ! ! !
"ဘာ... ဘာ?"
"ဘယ်သူက ဘယ်သူ့ကိုလိုက်နေတာ?"
…
မည်သို့ပင်ဆိုစေကာမူ အစိုးရပိုင်စားသောက်ဆိုင်ရှိလူတိုင်းက ဒါဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ခံစားခဲ့ရသည်။
ချင်းရို့နှင့် သူမတို့အဖွဲ့က စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ရှမင်ရှီးက ဤနေရာရှိ မီနူးနှင့် အလွန်ရင်းနှီးနေပြီဖြစ်၍ အထူးဟင်းပွဲသုံးလေးပွဲကို မှာယူရန် အစပြုလိုက်၏။ ချင်းရို့နှင့် ယဲ့မင်ရှို့လည်း နောက်ထပ် ဟင်းပွဲအနည်းငယ်မှာလိုက်ပြီး ဟင်းပွဲချလာဖို့သာ စောင့်ဆိုင်းနေကြတော့သည်။
အတန်းဖော်ရှောင်မင် စားသောက်ဆိုင်ကို ထပ်ရောက်လာပြီမှန်း မီးဖိုချောင်ထဲမှ လွီချင်းကြားလိုက်ရတဲ့အခါ သူ အလွန်စိုးရိမ်သလိုဖြစ်သွားရကာ သူ့မျက်နှာကိုသုတ်ဖို့ မျက်နှာသုတ်ပုဝါတစ်ထည်ယူလိုက်သည်။ လွီချင်းသည် ရှောင်မင့်အမေက ရှောင်မင်ကိုခေါ်ပြီး နောက်တစ်ခါ စားသောက်ဆိုင်မှာ လာစားတယ်လို့ တွေးထင်နေမိခဲ့သည်ပင်။ သူအပြင်ထွက်ပြီး သွားတွေ့လိုက်မှသာ ဒီလိုမဟုတ်မှန်း သိလိုက်ရ၏။
ရှမင်ရှီးက သူ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ဦးလေးလွီ"
"ဒါက သားဦးလေးနဲ့ဒေါ်လေး၊ ဦးလေးကျောက်နဲ့ ဒေါ်လေးယဲ့..."
လွီချင်း ခဏလောက် အံ့အားသင့်သွားရလျက်။ လတ်စသတ်တော့ လုရွှမ်ရဲ့ မောင်လေးနှင့် ယောင်းမလေးဖြစ်နေတာကိုး။ သူ့အသံမှာ အနည်းငယ်တုန်ယင်နေလျက် "ဟယ်လို ဟယ်လို ရဲဘော်တို့..."
အဖွဲ့ဟာ နှုတ်ဆက်စကားအနည်းငယ် ဖလှယ်ခဲ့ကြသည်။
ချင်းရို့သည် လွီအမည်ရှိစားဖိုမှူးဟာ တတိယအစ်မနှင့် အရပ်အမြင့်တူညီသော်လည်း လူကောင်ပိုကြီးကာ သန်မာကြောင်း တွေ့ရှိခဲ့သည်။ သူဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ခြေထောက်ဒဏ်ရာကြောင့် သူ့အား အစိုးရပိုင်စားသောက်ဆိုင်မှာ နေရာစီစဥ်ပေးထားခြင်းပင်။
သူ့မျက်နှာမှာ အမာရွတ်တချို့ရှိကာ ရိုးသားပြီး ဖြောင့်မတ်ပုံပေါ်သည်။ သူက အနည်းငယ်ကြမ်းတမ်းပုံပေါက်နေပေမယ့် သူမတို့နဲ့ စကားပြောနေချိန်မှာ စိတ်နည်းနည်းလှုပ်ရှားနေပုံရ၏။ သူက စကားပြောကောင်းသူမဟုတ်ဘဲ တိတ်တဆိတ်နေတတ်ကာ လက်တွေ့ကျပုံရသည်။
လုစန်းကျဲရဲ့ အမြင်ဟာမဆိုးပါချေ။ ဤလူဟာ အားကိုးရတဲ့လူတစ်ယောက်နဲ့တူပေမယ့် သူတို့နှစ်ယောက် အတူတူရှိကြဖို့ ကံမပါတဲ့ပုံပါပဲ။
ချင်းရို့က လုယန်ကို လှမ်းကြည့်လိုက်ပြီး မှော်ပညာသာလျှင် မှော်ပညာကို အနိုင်ယူနိုင်တယ်လို့ အမှန်ပင် တွေးလိုက်မိသည်။ ကပ္ပတိန်လု၏ "ဆိတ်ဆိတ်နေခြင်းဟာရွှေပဲ"ဆိုသောစည်းမျဥ်းမှာ တကယ်တိတ်ဆိတ်ပြီး လက်တွေ့ကျသူတစ်ယောက်နှင့် တွေ့ဆုံလိုက်ရတဲ့အခါ အသုံးမဝင်တော့ပါပေ။
"ဟင်းပွဲတွေရောက်ပြီ၊ မြည်းကြည့်ကြပါဦး။ ဒီဝက်အူချောင်းက အရသာရှိတယ်!!"
စားပွဲပေါ်၌ ကြက်သား၊ ဘဲသား စသဖြင့်ရှိပေမယ့် ငါးဟင်းလုံးဝမရှိပေ။ သူတို့တစ်ယောက်မှ ငါးမစားချင်ကြဘူးလေ။ ကြက်သားပြုတ်၊ ချင်းနဲ့ဘဲသားနှပ်၊ အတန်းဖော်ရှောင်မင်မှာလိုက်တဲ့ အူမကြီးနှပ်တစ်အိုးအပြင် ပျားရည်ဆော့စ်နဲ့ဝက်သားကင်၊ ပဲသီးနဲ့ခရမ်းသီးကြော်၊ သက်သတ်လွတ်ဟင်းလျာနှစ်မျိုးနှင့် ကျီတိဟင်းချိုတစ်ပွဲတို့ဖြစ်ကြသည်။
လွီချင်းက သူတို့ကို ကြက်သားမုန့်တချို့ ပေးခဲ့သည်။ စားသောက်ပြီးနောက် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက ကြက်သားမုန့်တစ်ပိုင်းကို ဖြည်းဖြည်းချင်းစားနေခဲ့သည်။
တည်းခိုခန်းကိုပြန်ရောက်ကြတဲ့အခါ ကျောက်ကျန်းဟုန်က ရှမင်ရှီးအား တမင်တကာ စနောက်လေသည်။
"လူတိုင်းက မိထွေးရှိလာမှာကို စိုးရိမ်ကြတယ်။ ဒါပေမဲ့ မင်းက ပထွေးရှိလာမှာကို မစိုးရိမ်ဘူးလား?"
ရှမင်ရှီးက လူတွေကို ပျော်ပျော်ကြီးနှုတ်ဆက်နေသည်ကို မြင်လိုက်ရတဲ့အခါ သူရဲ့ စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့ပါချေ။
ရှမင်ရှီးလည်း သူ့ရဲ့ကြက်သားမုန့်ကို စားနေခဲ့သည်။ မုန့်က အဆီအနည်းငယ်ပါသော်လည်း ဝါးစားတဲ့အခါ အလွန်အရသာရှိနေ၏။
"ဘာကိုစိုးရိမ်ရမှာလဲ? မုန့်တွေစားဖို့ရှိသေးတယ်လေ"
"ကျစ် ကျစ်... မင်းအမေက မင်းပထွေးနဲ့ ညီလေးတွေမွေးပြီး တစ်မိသားစုလုံး မင်းကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ?"
ထိုအချိန်တွင် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက "ရှီးရှီးကောကောကို အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးမှာ"
xxx