အခန်း (၂၀၉)
Vol. 18 Ch. 209
ကျောက်ကျန်းဟုန် သက်ပြင်းချလိုက်ကာ ထထိုင်၍ လုယန်အား တိုးတိုးလေးပြောလိုက်၏။
"ငါ အရင်က မင်းအိမ်မှာ မင်းနဲ့မင်းရဲ့သားလေးတွေအတူတူရှိနေကြတာကို အကြိမ်အနည်းငယ်ပဲ တွေ့ဖူးခဲ့တာ"
"အခု ငါတို့ နှစ်ရက်သုံးရက်လောက် အတူတူကုန်ဆုံးပြီးတဲ့နောက်မှာ မင်းက တကယ့်ကို ဖခင်တစ်ယောက်ဖြစ်နေပြီပဲဆိုတာ ငါ ရုတ်တရက် သိလိုက်ရတယ်ကွာ"
လုယန် အေးတိအေးစက်ပြောလိုက်သည်။
"မင်းမျက်လုံးမှာပြဿနာရှိနေရင် ဆေးရုံမှာသွားပြလို့ရတယ်"
"ရိုးရိုးသားသားပြောရရင် ငါ အခု ခံစားချက်တွေ ပိုပိုများလာတယ်ကွာ။ အချိန်က လူကိုမစောင့်ဘူးပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ ငါတို့အားလုံး အသက်၃၀ရောက်လာကြပြီ။ ရှေးရှေးတုန်းက ဆိုရိုးစကားရှိတယ်မလား၊ မင်းအသက်၃၀ရောက်တဲ့အခါ..."
လုယန်: "သတိပေးလိုက်မယ်၊ မင်းပဲ အသက်၃၀၊ ငါက ၂၉"
"အားလုံးအတူတူပဲမဟုတ်လားကွာ? ကျေးဇူးပြုပြီး မင်း ငါ့စကားကို မနှောက်ယှက်လို့ရမလား? ငါတို့ကျောင်းမှာတုန်းက စွန်လွှတ်ပြိုင်ပွဲကျင်းပတဲ့အချိန်ကို ငါမှတ်မိသေးတယ်။ ကျောင်းမှာ စွန်တစ်ကောင်ပဲယူလာပြီး ကျောင်းလွယ်အိတ်မယူလာခဲ့တာ ငါတစ်ယောက်တည်းလေ။ ဆရာမက ငါ့ကို ဆူပူကြိမ်းမောင်းနေတော့ မင်းက ရယ်မောနေခဲ့တာလေ..."
"အချိန်တွေက အရမ်းကုန်မြန်တာပဲကွာ။ အနာဂတ်ကျ ငါ့ဆီမှာ သားသမီးတွေရှိလာပြီး ကလေးတွေကြီးပြင်းလာကြတဲ့အခါ ငါတို့တွေ အဖိုးကြီးတွေဖြစ်လာကြတော့မှာပဲ"
"အဲဒီအချိန်ကျ အတူတူငါးမျှားသွားကြတာပေါ့ကွာ"
"ငါ့မိသားစုက အဖိုးကြီးဆို နေ့တိုင်းဘာမှလုပ်စရာမရှိဘဲ ငါးသွားမျှားနေတာလေ။ နှစ်ကုန်ရင် စွန်လေးတွေသွားလွှတ်ရော..."
"မင်းကတော့... မင်းရဲ့သားနှစ်ယောက်ကို အိမ်ထောင်မပြုမှာကို စိုးရိမ်ကောင်းစိုးရိမ်နေရလိမ့်မယ်။ ဒီကောင်စုတ်လေးနှစ်ယောက်က မင်း သူတို့ကို အလုပ်အတွက်၊ ပါတနာအတွက် စီစဥ်ပေးထားတာတွေကို နားမထောင်လို့ ဒေါသတကြီးနဲ့ အိမ်မှာ ခုန်ပေါက်နေရလိမ့်မယ်။ မင်းက အရှေ့သွားချင်ရင် သူတို့က အနောက်သွားချင်ကြမယ်။ မင်းက အနောက်သွားချင်ရင် သူတို့က အရှေ့သွားချင်နေကြမှာ..."
လုယန် မျက်ခုံးပင့်လိုက်ပြီး "မင်းက ငါ့သားလား?"
ကျောက်ကျန်းဟုန်: "…"
လုယန်က သူ့ပခုံးကို ပုတ်ကာ "အိမ်မှာနေရတာ မင်းအဖေအတွက်လည်း မလွယ်ကူလှပါဘူး။ မင်းပါတနာနဲ့ အိမ်ပြန်ရောက်တဲ့အခါ ဦးလေးကျောက်ကို အချိန်များများပိုပေးခဲ့ဦး။ ဒါမှ နေ့တိုင်း သူ ဒေါသတကြီး လျှောက်သွားနေတာတွေလျှော့အောင်လို့ပေါ့ကွာ။ မဟုတ်ရင် လူအိုကြီး ဒေါသပိုထွက်လာလိမ့်မယ်"
ကျောက်ကျန်းဟုန်: "…"
မင်း ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်ချင်နေတာပဲ လုယန် !
"မင်းက ဒီလွမ်းမောတသသဖြစ်စေတဲ့လေထုကို ဖျက်ဆီးပစ်လိုက်တဲ့လူပဲကွ"
လုယန် တောက်ပစွာပြုံးလိုက်ရင်း "ငါ့လို အသက်၂၀ကျော် လူငယ်တစ်ယောက်က မင်းနဲ့အတူ နွေဦး၊ ဆောင်းဦးရဲ့ ဝမ်းနည်းစရာတွေကို တသသဖြစ်နေမှာမဟုတ်ဘူးကွ"
"ကျေးဇူးပြုပြီး လေးစားသမှုလေးရှိပါဦး လုယန်ရေ"
ရထားက မြောက်ဘက်သို့ ခရီးဆက်နေဆဲ။ ကျောက်ကျန်းဟုန်နှင့် ယဲ့မင်ရှို့က ရထားပေါ်မှ ဦးစွာဆင်းခဲ့သည်။ လုယန်နှင့်ချင်းရို့လည်း ကလေးတွေနဲ့အတူတူ ကျောင်းသောင်ရထားဘူတာရုံမှ ဆင်းလာခဲ့ကြသည်။
ဩဂုတ်လ၌ နွေရာသီ၏အပူချိန်အမြင့်ဆုံးဖြစ်သော်လည်း ဤနေရာရှိအပူချိန်မှာ အလွန်အဆင်ပြေလှ၏။ အလယ်ပိုင်းတွင် မီးဖိုမှ ပူပြင်းလွန်းတဲ့ အပူဒဏ်တွေမရှိပေ။ ရထားဖြတ်သွားသောနေရာတော်တော်များများတွင် ပြင်းထန်သည့်အပူလှိုင်းတို့ဖြင့် ပြည့်နှက်နေခဲ့သော်ငြား ယခု သူမတို့ ကျောင်းသောင်ဘူတာရုံမှ ဆင်းလာတဲ့အခါ အပူချိန်ဟာ အလွန့်အလွန်သာယာပြီး လေပြင်းပြင်းက မျက်နှာပေါ် တိုက်ခတ်သွားတဲ့အခါ အရမ်းသက်တောင့်သက်သာရှိတယ်လို့ ခံစားလိုက်ရသည်။
လုကျုံးရီနှင့် ကျန်းဖျင်တို့က သားငယ်ရဲ့မိသားစုရောက်လာမှာကို သိထားသဖြင့် သူတို့ကိုလာကြိုရန် ဘူတာရုံသို့ ရောက်လာခဲ့ကြသည်။
"ဖွားဖွား ဖိုးဖိုး!"
အကြီးဆုံးဝမ်းကွဲလေးရဲ့အသံဟာ အကျယ်ဆုံးပါပင်။
"ဖိုးဖိုး ဖွားဖွား!!"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ကလည်း နို့သံလေးနဲ့ အော်ခေါ်လိုက်ကြသည်။
"ရှီးရှီးက အရပ်ပိုရှည်လာပြီး ပိန်လည်းပိန်သွားတယ်၊ နောက်ထပ်သန်မာလာတာပဲကွ"
လုကျုံးရီနှင့် ကျန်းဖျင်တို့က ကလေးတစ်ယောက်စီကို ချီ၍ "ဖိုးဖိုးဖွားဖွားတို့ရဲ့ မြေးအလိမ္မာလေးတွေ၊ ကျိုးကျိုးက ဘယ်သူများလဲ၊ ဖက်ထုပ်လေးက ဘယ်သူများလဲ ပြောပါဦး"
ဖက်ထုပ်လေးက နို့သံလေးနဲ့ လက်ဦးမှုရယူလိုက်၏။ "သားက ကျိုးကျိုးပါ!!"
ဘာပဲဖြစ်ဖြစ် အကြီးနေရာကို အရင်ယူထားလိုက်မယ်...
"အိုး ငါ့ညီလေးကတော့ကွာ၊ သူ့အသံက အရမ်းကျယ်တာပဲ"
အကြီးလေးကျိုးကျိုးက အဖွားရဲ့လက်မောင်းထဲ တိုးဝှေ့နေရင်း နူးနူးညံ့ညံ့လေးပြောလာလေ၏။
"ဖွားဖွား သားက ဖက်ထုပ်လေးပါ..."
"ဟေ့ ဖက်ထုပ်တွေက ကောင်းတယ်။ ဖွားဖွား မင်းအတွက် နောက်ကျ ဖက်ထုပ်လုပ်ပေးမယ်နော်"
"သားတို့ကို ဖက်ထုပ်အကြီးဆုံးတွေပေးပါနော်"
လုယန်နှင့်ချင်းရို့: "…"
ရဲဘော်လောင်လုက သူ့ရင်ခွင်ထဲရှိ ကလေးငယ်ကို စိုက်ကြည့်နေရင်း ဖက်ထုပ်လေးအား ရုတ်တရက်ပြောလိုက်သည်။ "ငါ့ချစ်မြေးလေးရေ မင်းက ဖက်ထုပ်လေးလို့ ဖိုးဖိုးဘာလို့ထင်နေရတာလဲဟေ့?"
ဖက်ထုပ်လေး: "...ဖိုးဖိုး?"
ဖက်ထုပ်လေး ခဏမျှ အေးခဲသွားရ၏။ တစ်စုံတစ်ခုမှားယွင်းနေတာကို ဒီလောက်မြန်မြန်ကြီးရှာတွေ့သွားတာ မမျှော်လင့်ထားစရာပါပင်။
ချင်းရို့နှင့် လုယန်တို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ နှစ်ယောက်စလုံးအတန်ငယ် အံ့အားသင့်နေမိကြသည်။
လုကျုံးရီက ကလေးတွေကို မတွေ့ရတာကြာနေပြီဆိုတာတောင်မှ ကျိုးကျိုးနဲ့ဖက်ထုပ်လေးကို ခွဲခြားနိုင်သေးတယ်ပေါ့လေ။
"ဖိုးဖိုးက မြေးလေးကို နောက်နေတာပါကွာ အရူးလေးကျိုးကျိုးရဲ့"
ရဲဘော်လောင်လု ပြုံးဖြဲဖြဲလုပ်နေလျက်။
စိတ်မသိုးမသန့်ဖြစ်နေတဲ့ဖက်ထုပ်လေး: "..."
သူ့ခေါင်းလေးကို လှည့်ကြည့်လိုက်တဲ့အခါ အဖွားရင်ခွင်ထဲက အစ်ကိုဖြစ်သူကိုကြည့်၍ "ဟေ့..."
ဝံပုလွေက သူ့ကိုယ်သူ ဖျက်ဆီးနေတာပဲ...
သူ့အဖိုးက သူ့ကိုဖမ်းထားပြီး သူ့အဖွားချက်တာတွေကို အတင်းစားခိုင်းမှာ စိုးထိတ်လာမိပြီ။ ညီငယ်လေးဖြစ်ရတာပဲပိုကောင်းပါတယ်လေ။
လုကျုံးရီ မျက်ခုံးပင့်ကာ "ဖိုးဖိုးကိုပြောကြဦး၊ ဘယ်သူက ကျိုးကျိုးလဲ၊ ဘယ်သူက ဖက်ထုပ်လေးလဲ?"
ဖက်ထုပ်လေးက မသိစိတ်အရ ဖြေလိုက်သည်။ "သားက ကျိုးကျိုးပါ!"
ရဲဘော်လောင်လု: "..."
ကျန်းဖျင်: "..."
ချင်းရို့: "..."
လုယန်: "..."
"ဒီကလေးနှစ်ယောက်ကို ကြည့်နေရရင်ကိုက တကယ်ပဲပျော်စရာကောင်းနေပြီကွာ။ သူတို့လေးတွေကို ပြန်ခေါ်သွားပြီး ဘယ်သူကကျိုးကျိုးလဲ၊ ဘယ်သူကဖက်ထုပ်လေးလဲဆိုတာ ဘေးအိမ်ကလောင်ဝမ်ကို အတည်ပြုခိုင်းကြတာပေါ့"
လောင်လုနဲ့ သူ့မိန်းမက လူတွေကိုသွားကြိုဖို့ ဘူတာရုံကို သွားနေစဥ် ဘေးအိမ်က ဦးလေးဝမ်ဟာ အလွန်စိုးထိတ်နေရသလို ခံစားလိုက်ရ၏။ လောင်ဝမ်က အိမ်ထဲမှာ လှည့်ပတ်ပြေးနေတဲ့ ယင်ကောင်တစ်ကောင်လို အရှေ့အနောက် အပြန်ပြန်လျှောက်နေလေရဲ့။
"ဟင်း..." လောင်ဝမ် သက်ပြင်းမချမိဘဲမနေနိုင်တော့။
လောင်ဝမ်ရဲ့မိန်းမက ကျိတ်ရယ်နေရင်း ပြောလိုက်လေ၏။ "ဘေးအိမ်မှာ တစ်ယောက်ယောက် လာနေတာကို ရှင်က ဘာအတွက် သက်ပြင်းချနေတာလဲ?"
လောင်ဝမ် မျက်မှောင်ကြုတ်ကာ သက်ပြင်းလေးလေးချလိုက်ပြီး "သားအငယ်ဆုံးရောက်လာတာလေ၊ သူ့အမြွှာမြေးနှစ်ယောက်လည်းပါလာတယ်တဲ့..."
အမြွှာလေးတွေပဲ...
"အိုး၊ တော်တော်လေးကြာသွားပြီပဲနော်။ ကျွန်မတို့ ကျွန်းကိုနောက်ဆုံးတစ်ခေါက်သွားခဲ့တုန်းက ရှောင်ချင်းက ဗိုက်ကြီးနဲ့မလား၊ အမြွှာလေးတွေတောင် အခုဆို ၃နှစ်လောက်ရှိရောပေါ့" လောင်ဝမ်မိန်းမက ခရီးစဥ်ကို ပြန်တွေးနေမိရင်း ပြုံးလာခဲ့သည်။
- ငါလည်း ဓာတ်ပုံတွေအများကြီးရိုက်ခဲ့တယ်...
လောင်ဝမ်က အလျင်စလိုဖြင့် "ငါ့ကို ရယ်မောအောင်လုပ်ပေးလို့ ကျေးဇူးပါကွာ။ အဲဒီနံစော်နေတဲ့လောင်လုက သူ့မြေးနှစ်ယောက်နဲ့အတူတူ ကျိန်းသေပေါက် ငါ့ဆီလာလိမ့်မှာပဲ။ ငါတကယ် သည်းမခံနိုင်ဘူးဟေ့။ ဖေး ဖေး ဖေး ငါ့သားက ဘာလို့အမြွှာတွေမပေးတာလဲကွာ?"
"ရှင် ဘာလို့လောင်လုနဲ့ ရန်ဖြစ်နေရတာလဲ? သူကကြွားဝါနေရုံလေးပဲလေ ၊ ရှင်က သူ့ရှေ့မှာ ကြွားဝါနေခဲ့တာ နှစ်အနည်းငယ်ကြာပြီပဲဟာ"
"ရှင့်မြေးမလေးကို ရှင်မေ့နေပြီလား?"
လောင်ဝမ် သူ့လက်သူမြှောက်ကာ သူ့မျက်နှာကို အုပ်ထားလိုက်ပြီး ငိုချင်လုနီးပါး ဖြစ်သွားရ၏။ အကြောင်းကား သူ့အဖိုးတန်မြေးမလေးအကြောင်း တွေးမိရုံမျှဖြင့် သူ ပိုလို့တောင် ဝမ်းနည်းကြေကွဲသွားရသည်။
သူ့အရှေ့မှာ လောင်လု လာကြွားဝါမှာကို တားဆီးရန်အတွက်၊ လောင်လုကို စိတ်အနှောင့်အယှက်ဖြစ်စေရန်အတွက် လောင်ဝမ်က သူ့မြေးမလေးကို အိပ်ဆောင်သို့ မကြာခဏခေါ်ကာ လောင်လုမနာလိုအားကျရစေရန်အတွက် သူ့အရှေ့မှာ ရံဖန်ရံခါ လျှောက်သွားပြနေခဲ့ပါသေးသည်။
"မင်း အားကျနေလား? အားကျနေသလား?"
"ဟေး ဖိုးဖိုးရဲ့ မြေးမလေး... ဖိုးဖိုးက မြေးလေးရဲ့ဆံပင်ကို ကျစ်ဆံမြီးကျစ်ပေးမယ်နော်"
"ဖိုးဖိုး..."
"လိမ္မာတယ်တော်၊ ငါ့မြေးမလေးက အရမ်းနာခံတတ်တာပဲကွယ်။ ဖိုးဖိုးကို သီချင်းဆိုပြပါဦး"
...
ဘယ်သူသိနိုင်မလဲလေ…
အချိန်ဟာ သားသတ်သမားရဲ့ဓားပါပဲ...
နေထိုင်ရာအဆောင်၌ အဖိုးအဖွားတွေ ပြုစုပျိုးထောင်ပေးထားတဲ့ ကြမ်းတမ်းတဲ့ကောင်စုတ်လေးများစွာရှိပါ၏။ သူ့ရဲ့ ချိုမြိန်တဲ့မြေးမလေးလည်း ထိုနေရာတွင် အချိန်အတော်ကြာနေထိုင်ပြီးနောက် တစ်စက်ကလေးမှ ချိုမြိန်ခြင်းမရှိတော့ပါပေ! !
အခုဆို သူမလေးက သူမအဖွားကို ကျစ်ဆံမြီးလှလှလေးတွေကျစ်ခွင့်မပေးတော့သလို ပန်းပွင့်စကဒ်တွေဝတ်ရတာကိုလည်း မကြိုက်တော့ပေ။ သူမလေးရဲ့ ဆံပင်လှလှလေးတွေကိုလည်း လေးထောင့်ဆန်ဆန်ရိတ်ထားပြီး တစ်နေ့လုံး အဲဒီကောင်စုတ်လေးတွေနဲ့အတူတူ ဆူဆူညံညံတွေလုပ်နေခဲ့သည်။
"ဟင်း..." ရဲဘော်လောင်ဝမ်လည်း သူ့ပေါင်သူ ရိုက်ပစ်လိုက်၏။ သူ့မြေးမလေးထျန်းထျန်းရဲ့ ဖရိုဖရဲဆံပင်တွေကို တွေးမိသွားရင်း သူသွေးအန်မိတော့မလိုပင်။ ဒီကောင်မလေးဟာ ကြီးကြီးမားမားပြောင်းလဲသွားရင်တောင်မှ ဒီလိုကြီးပြောင်းလဲသွားရတာလဲကွာ...
သူ့ရဲ့ ချစ်စရာမြေးမလေးက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ?
အဆောင်ထဲကယောက်ျားလေးအုပ်စုတွင် ရောနှောနေတဲ့သူမလေးဟာ မိန်းကလေးလို့ ဆိုလိုပင်မရတော့။ သူမက ဆံပင်ရှည်ရှည်ထားရမှာကို ငြင်းဆန်နေပြီး စကဒ်တွေမကြိုက်တော့ဘဲ အနက်ရောင်ဘောင်းဘီနဲ့ အင်္ကျီတွေကိုပဲ ဝတ်ဆင်လိုတော့သည်။ သူမလေးက အဖိုးဖြစ်သူကိုလည်း သစ်သားသေနတ်လုပ်ပေးဖို့ တောင်းဆိုနေပါသေးရဲ့။ သူမက အမျိးသမီးဗိုလ်ချုပ်ဖြစ်ချင်တယ်ဆိုပဲ...
"အခုချိန်ကစပြီး သမီးက ထျန်းထျန်းမဟုတ်တော့ဘူး၊ ချန်ပီယံဖြစ်မှာ!"
"သမီးကို ဝမ်ဘုရင်လို့ခေါ် ! !"
လောင်ဝမ်: "…"
လောကကြီးမှာ နောင်တဆေးတွေရှိရင် သူ သောက်ဖို့အတွက် ပုလင်းနည်းနည်းလောက် ဝယ်သောက်မိမှာ သေချာလေရဲ့။
xxx