အခန်း (၂၁၀)
Vol. 18 Ch. 210
လောကကြီးမှာ နောင်တဆေးတွေရှိရင် သူ သောက်ဖို့အတွက် ပုလင်းနည်းနည်းလောက် ဝယ်သောက်မိမှာ သေချာလေရဲ့။
"မနေ့က ငါတို့မြေးမလေးက လောင်ကျန်းမိသားစုရဲ့ ကလေးကို ရိုက်နှက်ခဲ့တာ... ဟင်း ငါတို့ကလေးလေးက ဒီလိုဖြစ်လာရတာဘာကြောင့်လို့ထင်လဲ?"
ဘေးတစ်ဖက်ရှိ လောင်ဝမ်ရဲ့မိန်းမက ခနဲ့တဲ့တဲ့ရယ်မောရင်း "ကျွန်မက ရှင့်လိုပြိုင်ဆိုင်တတ်သူမှမဟုတ်ဘဲ၊ ဒါပေမဲ့ ရှင့်ရဲ့ မြေးမလေးက ရှင့်နဲ့တူနေတာ။ သူ့ဖိုးဖိုးလိုဖြစ်တာလည်း ပိုကောင်းတယ်မဟုတ်ဘူးလား? ခြံဝင်းထဲမှာ သူမလေးက အစ်မအကြီးဆုံးဆိုတော့ ဘယ်သူမှ သူမကို အနိုင်ကျင့်လို့မရတော့ဘူးပေါ့!"
လောင်ဝမ် သူ့မျက်နှာသူ ဖုံးလျက် "…"
ဒါပေမယ့် ဒါက သူလိုချင်တာမဟုတ်ဘူးလေ... သူက ချိုမြိန်တဲ့အသံလေးနဲ့ ပန်းပွင့်စကဒ်တွေဝတ်တဲ့ ချစ်စရာကောင်းတဲ့ မြေးမလေးကိုပဲ လိုချင်ရုံလေးပါကွာ...
သူ့ဘေးကနေ ရဲဘော်လောင်လု ဖြတ်သွားတဲ့အချိန်တိုင်း လေချွန်ကာပြောလာတဲ့အသံကို သူ မှတ်မိနေသေးပါသည်။ ထိုသူ့လေသံမှာ အလွန်ပျော်နေပုံရကာ "အိုး... မြေးမလေးကို ပျိုးထောင်ရတာဟာလည်း ရွှံ့ထဲမှာ လူးလိမ့်နေတဲ့ ယောက်ျားလေးတွေကို ပျိုးထောင်ရတာနဲ့ တူနေတာပဲကွာ"
"မြေးတွေအများကြီးရှိတာ ငါကျေနပ်တယ်"
"လောင်ဝမ်ရေ တစ်ခါတလေ ငါ စိတ်မသက်မသာဖြစ်ရတယ်ကွာ။ ကျောင်းသောင်ကို ပြန်ရောက်လာတော့ ငါ့မြေးအမြွှာလေးတွေကို လွမ်းနေမိတယ်"
"ကျိုးကျိုးလေး နဲ့ ဖက်ထုပ်လေးက တကယ့်ကို သူတို့ဖိုးဖိုးနဲ့တူကြတယ်..."
…
ဘေးအိမ်က ရဲဘော်လောင်ဝမ်အိမ်ရှိ "ချိုမြိန်တဲ့မြေးမလေး"ဟာ "မချိုမြိန်တဲ့မြေးမလေး"အဖြစ်ပြောင်းလဲသွားခဲ့သည်ကြောင့် ရဲဘော်လောင်လုဟာ သူ့မှာလည်း မြေးမလေးရှိလာ၏၊ မရှိလာ၏ကို အရေးမကြီးတော့သလို ခံစားလိုက်ရသည်။
သူလည်း လုရွှမ်လို သမီးတစ်ယောက် ထပ်မလိုချင်တော့ဘူးလေ။
အဆင်ပြေပါတယ်!
"ဟေး၊ ဘေးအိမ်က လောင်လုက သူ့မြေးတွေကို ငါတို့အိမ်ဆီ ဘယ်နှခေါက်လောက်ခေါ်လာပြမယ်လို့ မင်းထင်လဲ?! လောင်ဝမ်က သေလုနီးပါး စိုးရိမ်နေမိပြီ။ သူ မနာလိုအားကျခြင်း လုံးဝမရှိကြောင်း တိတ်တဆိတ် အာမခံထားခဲ့သည်။
"မကြောက်ပါနဲ့ လောင်ဝမ်ရယ်၊ ဒီနေ့ ရှင့်အတွက် ကျွန်မ ထျန်းထျန်းကို ခေါ်ထားပေးတယ်။ အိုး မဟုတ်သေးဘူး၊ အဲဒါက ကျွင်းကျွင်းပဲ"
ယခုအခါ မြေးမလေးထျန်းထျန်းက သူမအား ထျန်းထျန်းလို့ ခေါ်ခွင့်မပြုတော့ဘဲ ကျွင်းကျွင်းလို့သာခေါ်ရပြီး 'ဝမ်ကွမ့်ကျွင်း'လို့ ခေါ်ရသည်။
"မင်းတို့မိန်းမတွေကတော့... မင်း ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာလားကွ!!" လောင်ဝမ်က စိတ်ပျက်လက်ပျက်ဖြစ်ကာ သူ့မြေးမလေးထျန်းထျန်းကို ခေါ်ခွင့်ပေးလိုက်ရ၏။ ဒီနှိုင်းယှဥ်ချက်က ပိုလို့တောင် ကြေကွဲဝမ်းနည်းစရာပဲ မဟုတ်ဘူးလား?
လောင်ဝမ်ရဲ့ဇနီးက သူ့ကိုဖျောင်းဖျလာကာ "ကောင်းတဲ့ဘက်ကတွေးကြည့်ပေါ့ကွယ်။ အနည်းဆုံးတော့ ရှင့်မှာ မြေးမလေးတစ်ယောက်ရှိတယ်လေ၊ တခြားသူတွေမှာက မြေးမလေးတွေတစ်ယောက်မှမရှိဘူး။ ရှင်-လောင်ဝမ်က ပိုကောင်းပါတယ်နော်"
လောင်ဝမ်: "…"
သူမပျော်တော့ဘူးဟေ့...
ချင်းရို့နှင့်လုယန်တို့က လောင်လုနဲ့ကျန်းဖျင်တို့နဲ့အတူတူ အိပ်ဆောင်ဆီသို့ ကလေးတွေကိုခေါ်လာခဲ့ရာ ဘိုးဘွားတွေအားလုံး အပျော်ကြည့်ရန် ထွက်လာကြ၏။ လောင်လုနဲ့ သူ့မိန်းမက သူတို့လက်ထဲမှာ ကလေးတစ်ယောက်စီကို ချီထားတာကြောင့် လူအိုကြီးတွေ အံ့အားသင့်သွားကြရလျက်။ တံခါးစောင့်ညီငယ်လေးတောင်မှ မကြာခဏ သူ့ခေါင်းကို ဆန့်ဆန့်ပြီးကြည့်နေခဲ့သည်။
"လောင်လုရေ ဒီကလေးနှစ်ယောက်က မင်းရဲ့သားထွေးမိသားစုထဲက ကလေးတွေလား?"
"မင်းရဲ့ မြေးသေးသေးလေးနှစ်ယောက်က ကောင်းကောင်းပျိုးထောင်ခံထားရတာပဲကွာ။ သူတို့လေးတွေက မင်းရဲ့သားထွေးနဲ့တူလိုက်တာ"
"ကလေးတို့နာမည်ဘယ်လိုခေါ်လဲ?"
"လုကျိုးကျိုး"
"လုကျောင်ကျစ်"
"လှေနဲ့ ဖက်ထုပ်လား..."
"မင်းအဖေက ဖက်ထုပ်စားရတာကြိုက်တော့ ဖက်ထုပ်လေးကို မွေးတယ်ပေါ့လေ"
…
လုကျုံးရီတို့ဇနီးမောင်နှံက အပြင်ဘက်တွင် ရိုးရိုးရှင်းရှင်းခြံဝင်းတစ်ခုပါရှိသည့် နှစ်ထပ်တိုက်ငယ်လေးတွင် နေထိုင်ကြသည်။ ဖွားဖွားကျန်းဖျင်က ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနေဆဲ။ ဖိုးဖိုးလုကျုံးရီလည်း ခြံထဲမှာ ပန်းတွေ စိုက်နေဆဲပင်။ ဒီလင်မယားနှစ်ယောက် စိုက်ပျိုးတာတွေက မတူကြဘူးလေ။
ကျန်းဖျင်သည် တစ်ချိန်က လောင်လုရဲ့ ပန်းတွေကို ဆွဲနှုတ်ပစ်ချင်ခဲ့၏။ - "ရှင် ဒီမှာပန်းတွေကို စိုက်ထားလို့ ကျွန်မရဲ့အသီးအရွက်တွေ ခါးလာတာပဲ"
"ငါ့ကိုဘာတွေလာအပြစ်ပုံချနေတာတုန်း?"
"ရှင့်ပန်းတွေအားလုံးကို ဆွဲနှုတ်လိုက်ပြီး ဟင်းသီးဟင်းရွက်တွေပဲ စိုက်ပျိုးကြရအောင်လေ။ ရှင့်ရဲ့ ဒီပန်းပင်တွေက စားလို့လည်းမရဘူးဆိုတော့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတာကပဲ ပိုကောင်းတာပေါ့"
"ဖေး ဖေး ဖေး... မင်း ဟင်းသီးဟင်းရွက်တွေ ထပ်စိုက်ဦးမလို့... မင်း ငါ့ကို နောက်ထပ်နှစ်နှစ်လောက်အသက်ရှင်ခွင့်ပေးပါဦးကွ"
အိပ်ဆောင်ရှိ လူအများစုဟာ လုယန်ကို မှတ်မိကြသည်။ လုယန်က ချင်းရို့ကိုခေါ်ကာ လူတွေနဲ့မိတ်ဆက်ပေးခဲ့သည်။ သူက ဒီဦးလေးတွေ၊ အဒေါ်တွေကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေပါသေးရဲ့။
"ဒါက ဦးလေးရွှီ ဒါက ဒေါ်လေးလျို..."
…
ဖန်အမည်ရှိအဘိုးကြီးတစ်ယောက်က လုယန်ကိုကြည့်ကာ စိတ်ခံစားချက်တို့ဖြင့် ပြောလာလေသည်။ "လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မင်းမြို့ကိုပြန်လာပြီး လုံးဝအိမ်ထောင်မပြုတော့ကြောင်း လောင်လုကို အော်ပြောခဲ့တာကို ငါမှတ်မိပါသေးရဲ့။ ပြောခဲ့တာ နှစ်အနည်းငယ်ပဲရှိသေးတယ်ကွာ၊ မင်းရဲ့ကလေးက သုံးနှစ်တောင်ရှိသွားပြီဟေ့"
ပါးရိုက်ခံရတာဟာ တကယ့်ကို မြန်ဆန်တာပဲဟေ့။ ဖတ် ဖတ် ဖတ်... အဖိုးဖန် အရမ်းစိတ်လှုပ်ရှားနေမိလျက်။
လုယန်: "... အဖိုးဖန်ရေ ကျွန်တော်တို့ အတိတ်တုန်းကအကြောင်းတွေမဖော်ကြတဲ့ လူကောင်းတွေပဲလုပ်ကြရအောင်ဗျာ ဟုတ်ပြီလား"
နံစော်နေတဲ့အဘိုးအိုတွေက အတိတ်ဟောင်းတွေ လှန်လှောကြတာပဲဟ။
ချင်းရို့ ရယ်မောလိုက်၍ လုယန်က သူ့မိန်းမ ပုခုံးကို ဖက်ထားလိုက်သည်။
"ဟေး ဘာကိုအဖိုးဖန်လဲ၊ မင်းက ငယ်ရွယ်ချင်ယောင်ဆောင်နေတာပဲကွ၊ ငါ့ကို ဦးလေးဖန်လို့ပဲခေါ်" အဖိုးဖန်သည် သူ့အရှေ့က လင်မယားနှစ်ယောက်ကိုကြည့်ပြီး ဒီလောင်လုဟာ ကလေးပျိုးထောင်ရာမှာ တကယ်တော်ကြောင်း တွေးနေမိလျက်။ လုမိသားစုမှာ လူကြီးရော လူငယ်တွေပါ အရမ်းကြည့်ကောင်းကြတယ်လေ။
ဒီကလေး ဆယ်ကျော်သက်အရွယ်တုန်းက ခြံဝင်းထဲမှာ အထက်မြက်ဆုံးပင်။ မိန်းကလေးတော်တော်များများက သူ့ကို သဘောကျကြသဖြင့် သူ့အဖေက သူ့သားအတွက် အလွန်ဂုဏ်ယူခဲ့ရသည့်အပြင် သူ့သားဟာ လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ ကောင်မလေးတွေကို ဆွဲဆောင်နိုင်တယ်လို့ တွေးနေမိခဲ့၏။ ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးတွေ ရှုပ်ထွေးသွားမှာ၊ ဒီကလေးဟာ အတွေ့အကြုံမရှိဘဲ စောစောစီးစီးချစ်ကြိုက်သွားမှာကိုလည်း တိတ်တဆိတ်စိုးရိမ်နေခဲ့ရပါသေးသည်။
ရလဒ်အနေဖြင့် သူက ဥာဏ်အလင်းပွင့်သွားခဲ့ပြီး အသက်၂၅နှစ်မှာ ချက်ချင်းပင် အိမ်ထောင်ပြုလိုက်ကာ သားသမီးတွေတောင်မှ သုံးနှစ်ရှိနေချေပြီ။
အဖိုးဖန်က သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ ဒီလူငယ်စုံတွဲလေးဟာ တစ်ယောက်က ချောမောခန့်ညားပြီး တစ်ယောက်က လှပပြီး ချစ်စရာကောင်းကြကာ တကယ့်ကို ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့စုံတွဲတွေအလား။ နောက်ပြီးတော့ သူတို့မှာ ချစ်ဖို့ကောင်းတဲ့ အမြွှာသားလေးနှစ်ယောက်လည်းရှိပါသေးရဲ့။
"လောင်လုရေ မင်းအိမ်ဆီကိုပဲ အကောင်းတွေချည်း ဘာလို့ရောက်သွားရတာလဲကွာ?"
"မဟုတ်တာ မဟုတ်တာ"
ထိုအချိန်တွင် ရဲဘော်လောင်လုက အလွန်နှိမ့်ချနေကာ မြှင့်တက်လာတဲ့အမြီးကို ဖိနှိပ်ထားရပြီး "ငါ့သားကို ပါတနာရှာဖို့ အမြဲတိုက်တွန်းနေတဲ့ ဘေးအိမ်ကလောင်ဝမ်ကိုလည်း ငါကျေးဇူးတင်ရမှာကွာ။ ကြည့်လေ၊ လောင်ဝမ်ကြောင့်သာမဟုတ်ခဲ့ရင် ငါတို့မှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့မြေးလေးတွေ အခုထိရနိုင်သေးမှာမဟုတ်ဘူး"
ရဲဘော်လောင်ဝမ် အိမ်ထဲကထွက်လာသည်နှင့် လောင်လုပြောတဲ့စကားတွေကို ကြားလိုက်ရသဖြင့် ပြန်လှည့်ထွက်သွားလိုသည်အထိ သူဒေါသအရမ်းထွက်သွားခဲ့သည်။ ရဲဘော်လောင်ဝမ်က သူ့ခြေလှမ်းတွေကိုရပ်တန့်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ရ၏။ သူက မျက်နှာသေဖြင့် လုကျုံးရီအား စကားစပြောလိုက်ကာ ဖက်ထုပ်လေးကိုကြည့်၍ "ဒါ မင်းရဲ့မြေးလား?" လို့ တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
"ဟုတ်တယ်လေ" လောင်လုပြုံးကာ "လိမ္မာတဲ့ဖက်ထုပ်လေးရေ ဖိုးဖိုးဝမ်လို့ခေါ်လိုက်"
"ဖိုးဖိုးဝမ်"
ဖက်ထုပ်လေးက သူ့ဖိုးဖိုးရဲ့ရင်ခွင်ထဲမှာ လဲလျောင်းနေလျက်။ သူက အပြာရောင်ဘောင်းဘီတိုနှင့် အဖြူရောင်လက်တိုအင်္ကျီကို ၀တ်ဆင်ထားသည်။ သူ့ရင်ဘတ်ပေါ်မှာလည်းရေမှုတ်ထုတ်နေတဲ့ ချစ်စရာဝေလငါးလေးတစ်ကောင်ရှိနေ၏။
သူ့အသားအရေက ဖြူဖွေးနူးညံ့နေကာ အသားပေါ်နေတဲ့လက်မောင်းလေးတွေက တူးဖော်ထားခါစ ကြာပန်းအရိုးအဆစ်များနှင့်တူပြီး မျက်လုံးကြီးကြီးတစ်စုံဟာ နက်မှောင်နေပြီး အသက်ဝင်လွန်းလှသည်။
သူက လူတွေကိုနှုတ်ဆက်တဲ့အခါ နို့သံလေးနဲ့ စကားပြောသော်လည်း သူ့စကားသံမှာ ရှင်းလင်းပြတ်သားနေပြီး မြန်လည်းမမြန်ပေ။
သူက အရမ်းကိုချစ်ဖို့ကောင်းတဲ့ကလေးလေးပါပဲ...
"မိန်းမရေ ကျိုးကျိုးကိုလည်း ခေါ်ခဲ့ပါဦး"
လောင်ဝမ်: "…"
ကျန်းဖျင်က အမျိုးသမီးအုပ်စုကြီးကနေ ကျိုးကျိုးလေးကို ပြန်ချီလာတဲ့အခါ ရုပ်တူလှတဲ့ ချစ်စဖွယ်ကလေးနှစ်ဦးဟာ အကျိုးသက်ရောက်မှုကြီး ဖြစ်စေခဲ့သည်။
ကျိုးပဲ့လုနီးနီးဖြစ်နေတဲ့ လောင်ဝမ်ရဲ့ နှလုံးသားမှာ ပို၍ပင် တုန်လှုပ်သွားခဲ့ရတော့သည်။
"ဖိုးဖိုး!!!!"
လောင်ဝမ်က ဟိုးအဝေးကြီးကနေ ရင်းနှီးနေတဲ့အော်သံကို ကြားလိုက်ရတဲ့အခါ ဝမ်းနည်းသလို ခံစားလိုက်ရ၏။ သူလှမ်းကြည့်လိုက်တော့ အမှန်ပင် သူ့မိသားစုက "ဝမ်ကွမ့်ကျွင်း" ဖြစ်နေလေရဲ့။
xxx