အခန်း (၂၁၁)
Vol. 18 Ch. 211
"ဖိုးဖိုး!!!!"
လောင်ဝမ်က ဟိုးအဝေးကြီးကနေ ရင်းနှီးနေတဲ့အော်သံကို ကြားလိုက်ရတဲ့အခါ ဝမ်းနည်းသလို ခံစားလိုက်ရ၏။ သူလှမ်းကြည့်လိုက်တော့ အမှန်ပင် သူ့မိသားစုက "ဝမ်ကွမ့်ကျွင်း" ဖြစ်နေလေရဲ့။
အနှီဝမ်ကွမ့်ကျွင်းဟာ အနက်ရောင်ဘောင်းဘီတိုကိုဝတ်ဆင်ထားပြီး သေသေသပ်သပ်ခေါင်းရိတ်ထားပေသည်။ နွေရာသီပြီးနောက် သူမလေးဟာ ကျောက်မီးသွေးတူးတဲ့သူတွေလိုမျိုး အသားမည်းလာလေပြီ။ သူမလေးက သွားဖြူဖြူလေးတွေနဲ့ ပြုံးပြနေခဲ့သည်။
ဝမ်ကွမ့်ကျွင်း သူမအဖိုးရဲ့ နံဘေးသို့ ပြေးလာခဲ့ပြီး "ဖိုးဖိုးလု ဖွားဖွားလု"
"ဟေ့ ကျွင်းကျွင်းရောက်လာပြီပဲ"
လုကျုံးရီသည် ဘေးအိမ်ကဝမ်မိသားစုရဲ့ မြေးမလေးကို မြင်လိုက်တဲ့အခါ ချိုသာစွာ ပြုံးပြလိုက်၏။ ဘေးအိမ်က ဒီမြေးမလေးကို သူ တကယ့်ကို အရမ်းသဘောကျတယ်ကွယ်။
"ဒါက သမီးမောင်လေး ကျိုးကျိုးလေး နဲ့ ဖက်ထုပ်လေးပဲ"
"ဝိုး!! ဖိုးဖိုးရေ သူတို့ကိုကြည့်ရတာ အတူတူပဲလို့ မြင်တယ်ရော!!"
ဝမ်ကွမ့်ကျွင်းရဲ့ မျက်လုံးများ တောက်ပလာပြီးနောက် သူမ လုယန်အား သတိပြုမိသွား၏။ လုယန်ရဲ့ ချောမောခန့်ညားလှတဲ့မျက်နှာမှာ ကလေးနှစ်ယောက်ရဲ့ ဖောင်းဖောင်းကစ်ကစ်မျက်နှာလေးတွေနဲ့ အတော်လေးဆင်တူနေလေရဲ့။
"ဦးဦးက ဖိုးဖိုးလုရဲ့သားပဲ ဟုတ်တယ်ဟုတ် ဦးဦးရှောင်လု!!"
လုယန် ခေါင်းညိတ်ပြလိုက်ရင်း အတန်ငယ်အံ့အားသင့်ဟန်ဖြင့် "မင်းက ဦးလေးဝမ်မိသားစုရဲ့ မြေးလေးလား? ချောင်ချောင်လား?"
လောင်ဝမ်မိသားစုရဲ့ မြေးလေးအရွယ်အရဆို ဒီကလေးဟာ ဝမ်ချောင်နန်နဲ့အကိုက်ညီဆုံးဖြစ်သင့်တယ်လို့ သူ့စိတ်ထဲတွင် တွေးတောမိလိုက်သည်။
လောင်ဝမ်က အသက်ပင်မရှူနိုင်တော့သလို ခံစားလိုက်ရ၏။ သူ့ကို ဒေါသထွက်အောင်လို့ ဒီလောင်လုသားအဖဟာ စည်းလုံးနေကြတာပဲကွ!
"မဟုတ်ဘူး ဦးဦးရှောင်လုရေ... ဟေး ဦးဦး မှားနေပြီနော်။ သမီးက ဖိုးဖိုးဝမ်ရဲ့မြေးလေး ဝမ်ကွမ့်ကျွင်းပဲ!"
"တကယ်လား?"
လုယန် ပြုံးကာ သူ့ဇနီးလေးထံ လှည့်ကြည့်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။ "ဘေးအိမ်က ဦးလေးဝမ်ရဲ့ မြေးမလေး ဝမ်မုန်ထျန်တဲ့၊ တောက်ပပြီးချစ်စရာကောင်းတဲ့မုန်၊ ချိုမြိန်တဲ့ထျန်"
ချင်းရို့က သူမရှေ့မှ ကလေးမလေးအား ခဏမျှ အံ့အားသင့်စွာ ကြည့်လိုက်ရင်း "..."
ဝမ်... ဝမ်မုန်? …ထျန်?
ဒီကလေးဟာ မူလတန်းကျောင်းသူလေးပဲဖြစ်ရမယ်။ သူမလေးက ဆံပင်တိုတိုနဲ့ ကြမ်းတမ်းသောမျက်နှာအသွင်အပြင်ရှိသော်လည်း အတန်ငယ်နူးညံ့နေပါသေး၏။ သူမလေးရဲ့ပုံသဏ္ဍာန်မှာ ကြားနေပုံစံရှိပြီး ယောက်ျားရော မိန်းမပါ သင့်တော်နေလေသည်။
"မင်္ဂလာပါ မုန်ထျန်လေးရေ"
"ဒါက ဒေါ်လေးချင်းဖြစ်မယ်နော်။ သမီးကို မုန်ထျန်လို့ မခေါ်ပါနဲ့၊ သမီးက ဝမ်ကွမ့်ကျွင်းပါ၊ ကျွင်းကျွင်းလို့ ခေါ်လို့ရတယ်"
"ကောင်းပါပြီ... ကျွင်းကျွင်းရေ"
"ဒေါ်လေးချင်းရေ... ဒေါ်လေးကအရမ်းလှတာပဲနော်။ သမီးကြီးလာရင် ဒေါ်လေးလို ချစ်စရာကောင်းတဲ့မိန်းကလေးနဲ့ လက်ထပ်မယ်"
လောင်ဝမ်: "…"
ဒီမြေးမလေးက သူ့အဘိုးကို ဒေါသထွက်ပြီး သေအောင်သတ်နေတာပဲဟေ့...
လောင်လု ရယ်ကာမောကာဖြင့် "ငါတို့ နေ့လည်စာစားပွဲကြီးလုပ်မလို့။ လောင်ဝမ်ရေ မင်းနဲ့ မင်းဇနီးလည်း ထျန်ထျန်နဲ့အတူတူ လာစားကြကွာ"
"ဖိုးဖိုးလု သမီးက ထျန်ထျန်မဟုတ်ပါဘူးဆိုနေ၊ ကျွင်းကျွင်းပါလို့!!"
"ဟုတ်ပါပြီ ကျွင်းကျွင်းရေ နေ့လည်စာစားဖို့ သမီးဖိုးဖိုးတို့နဲ့အတူတူ ဖိုးဖိုးလုအိမ်ကို လာခဲ့နော်"
လောင်လုအိမ်၌ နေ့လည်စာစားပြီးနောက် *အိပ်ဆောင်မှ သက်ကြီးရွယ်အိုတွေက လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောကြရန် လုအိမ်သို့ရောက်လာခဲ့ကြသည်။ လုယန်နှင့် သူ့ဇနီးလေးတို့ ပြောပြတဲ့ ချုံကျိုးကျွန်းအကြောင်းတွေကို နားထောင်နေကြလျက်။ (*ဒီနေရာတွေမှာသုံးတဲ့အိပ်ဆောင်ဆိုတာကလေ ပင်စင်ယူပြီးတဲ့သူတွေ နေထိုင်ရာခြံဝင်းကိုပြောချင်တာပါနော်)
ဒီလူအိုကြီးတွေမှာ တနေကုန် ဘာမှလုပ်စရာမရှိပေ။ အိပ်ဆောင်သို့ လူသစ်များ ရောက်ရှိလာခြင်းမှာ ပွဲကြီးဖြစ်သည်မို့ လူတိုင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရမည်ဖြစ်သည်။
လုမိသားစုတွင် လူကြီးရော လူငယ်ပါ တကယ့်ကို မျက်စိပဒေသာရှိလှသည်။
အဘိုးဖန်က "မင်းက မင်းအဖေထက် သာလွန်တာပဲကွ။ ဒီလောက်ချောတဲ့ဇနီးကိုရှာနိုင်တယ်"
"ဘယ်လိုပြောလိုက်တာတုန်း?" သူ့ဘေးနားက ဆံပင်တိုတိုအဖွားတစ်ယောက်က... ဖြစ်နိုင်သည်မှာ သူ့အမျိုးသမီးပင်၊ သူ့ကိုရိုက်လိုက်ကာ "ရှင်ဒီလိုပြောတော့ လောင်လုစိတ်ဆိုးလိမ့်မယ်လေ"
လောင်လု: "ငါက ဘာလို့စိတ်ဆိုးရမှာလဲ? ကျန်းဖျင်ပဲ စိတ်ဆိုးမှာပေါ့ကွာ"
ကျန်းဖျင်: "ကျွန်မက ဘာစိတ်ဆိုးစရာမှမရှိပါဘူး။ ကျွန်မတို့လောင်လုက မျက်ကန်းဖြစ်နေလို့ပဲလေ။ သူသာ မျက်ကန်းမဟုတ်ခဲ့ရင် သူ ကျွန်မကို ဇနီးတစ်ယောက်အဖြစ် လက်ထပ်မှာမဟုတ်ဘူး၊ နှစ်တွေအကြာကြီး ကျွန်မချက်သမျှတွေကို စားခဲ့မှာမဟုတ်ဘူး"
လောင်လု: "…"
လောင်ဝမ်: "... လောင်လု မင်းရဲ့မိန်းမက သူ့အကြောင်းသူသိတာပဲကွ"
လောင်ဝမ်ရဲ့ဇနီးသည်က ရုတ်တရက် ဒေါသတကြီးဖြင့် "ရှင်ဘာအကြောင်းပြောနေတာလဲ?"
လောင်ဝမ်လည်း မသဲမကွဲပြောလိုက်၏။ "ငါလည်းမျက်ကန်းပါပဲကွာ"
…
လူတစ်စု ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောဆိုနေကြစဥ် သိပ်မကြာခင်မှာပဲ အဘိုးကြီးနှစ်ဦးရောက်ရှိလာပြီး ဦးဆောင်လာသူမှာ ဆံပင်ဖြူဖြူနဲ့ လေးနက်နေတဲ့မျက်နှာထားရှိပြီး သူ့လက်ထဲမှာလည်း တုတ်တစ်ချောင်းကို ကိုင်ထားခဲ့သည်။
"လောင်လုရေ မင်းရဲ့ လုယန် ပြန်ရောက်လာပြီဆို။ လုယန် မင်းရှိနေတာပဲ။ ရှိနေတာကောင်းတယ်ဟေ့။ အခု ဒီလူတွေအများကြီးရှေ့မှာ ငါ့တူမအကြောင်း မင်းကို ငါမေးချင်တယ်" အနှီအဘိုးကြီးရဲ့ မျိုးရိုးနာမည်မှာ ကျန်းဖြစ်သည်။ သူ့နာမည်က ကျန့်ကျားယဲ့ဖြစ်ပြီး ထန်ရို့က သူ့တူမလေးပင်။ အရင်တုန်းက ထန်ရို့ဟာ သူ့ဦးလေးအိမ်မှာ မကြာမကြာဆော့ကစားလေ့ရှိပြီး ခြံထဲမှာ တခြားသူငယ်ချင်းတွေနဲ့ ရင်းနှီးခဲ့ပေသည်။
"ခင်ဗျားရဲ့တူမကိစ္စက ကျွန်တော်နဲ့ဘာများပတ်သတ်နေလို့လဲ?" သူပြောတာကိုကြားလိုက်ရလိုက်ရတဲ့အခါ ထန်ရို့က တကယ်ပင် သူ့ကို အနှောင့်အယှက်တွေပေးနေတာပဲလို့ လုယန်ခံစားလိုက်ရ၏။
"မင်းသာ ထန်ရို့ကို မနှောက်ယှက်ဘူးဆိုရင် သူမက ကျောက်ကျန်းဟုန်နဲ့ ကွာရှင်းမှာတဲ့လား?"
ဘေးတစ်ဖက်မှ ချင်းရို့က ဒီအကြောင်းကို ကြားလိုက်သည်နှင့် ဒီအဘိုးကြီးဟာ ဘယ်သူလဲဆိုတာ ချက်ချင်းပင် သဘောပေါက်သွား၍ လုယန်အား ပြောလိုက်သည်။
"လုယန် ရှင် ဒီကိစ္စကို ရှင်းရမယ်!"
ဒီကောလဟာလတွေကို တားဆီးလို့မရနိုင်ဘဲ ပိုလို့တောင် တရားလွန်ဖြစ်လာလေပြီ။
လုယန် စားပွဲကိုရိုက်ချလိုက်ရာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကာ အစိတ်စိတ်အမွှာမွှာကွဲသွားသဖြင့် အနီးနားရှိလူများစွာလည်း ထိတ်လန့်သွားကြရသည်။
လုယန် အံကြိတ်ကာပြောလိုက်သည်။
"ကျုပ် သူမနဲ့ စောက်စကားလုံးနည်းနည်းတောင် မပြောဖူးဘူး။ ဘယ်ခွေးမက ကျုပ်နဲ့သူမအကြောင်း ကောလဟာလဖြန့်နေတာလဲ?"
"ဘယ်ကောင်က လောင်ကျစ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာလဲကွ? မင်းရဲ့ မိသားစုဝင်တွေအားလုံး ဒီလောက်အရှက်မဲ့ကြတာလား?"
"ကျုပ်က ကျုပ်မိန်းမကိုပဲချစ်တာ။ ခင်ဗျားရဲ့တူမကို နှောင့်ယှက်နေတယ်လို့ ဘယ်ကောင်ကမြင်လို့လဲ?"
"လောင်လုမိသားစု စိတ်မဆိုးပါနဲ့၊ ဒီမှာ နားလည်မှုလွဲနေတာများလား?"
…
ကျန့်ကျားယဲ့ကို ထွက်သွားရန် ဖျောင်းဖျခဲ့ကြပြီး အိပ်ဆောင်ရှိ တခြားလူတွေကလည်း လုယန်ကို ဒေါသလျော့ဖို့ တိုက်တွန်းနေကြလျက်။ လုကျုံးရီလည်း လုယန်လိုပဲ ဒေါသထွက်နေခဲ့သည်။
"ငါ့သားထွေးနဲ့ ငါ့ချွေးမလေးက အဆင်ပြေနေတာလေ"
"အပြင်မှာ ဒီအကြောင်းတွေပြောပြောနေတာ ဘယ်ကောင်လဲ?"
"ငါ အရင်က သူတို့ဆေးရုံကနေ တိတ်တိတ်လေး ကြားခဲ့တာပဲ"
…
ကောလာဟလတွေ ပြန့်နှံ့လာသည်နှင့်အမျှ ရပ်တန့်ဖို့ရာ ခက်ခဲလှသည်။ မင်းက တစ်ခုပြီးတစ်ခု လိုက်ရှင်းပြနေရင်တောင်မှ ယုံကြည်ဖို့ငြင်းဆန်သူတွေရှိနေဆဲပင်။
တကယ့်တကယ်မှာတော့ လူတွေကို သတ်ပစ်စေနိုင်တာက အတင်းအဖျင်းတွေပါပဲ။
လူတွေဟာ လုယန်က ထန်ရို့နဲ့ ဘာမှမဆိုင်ဘူးလို့ ယုံကြည်ရမယ့်အစား ဒီညီအစ်ကိုတွေ(လုယန်နဲ့ကျောက်ကျန်းဟုန်)က မိန်းမတစ်ယောက်အတွက် တိုက်ခိုက်နေကြတယ်ဆိုတဲ့ အတင်းအဖျင်းတွေကိုပဲ ဆွေးနွေးချင်နေကြပြီး ပေါက်ကွဲမထွက်တဲ့သတင်းမျိုးကို မှတ်လည်းမမှတ်မိချင်ကြသလို ဆွေးနွေးလည်းမဆွေးနွေးလိုကြပါပေ။
"အရမ်းဆိုးရွားလိုက်တာ"
ချင်းရို့ သက်ပြင်းချလိုက်၏။ လူတွေရဲ့စကားလုံးတွေဟာ ကြောက်စရာကောင်းလှပြီး ဤခေတ်အခါ၌ ဆက်သွယ်ရေးမဖွံ့ဖြိုးသေးသဖြင့် သေချာရှင်းလင်းရန် ခက်ခဲလှသည်။
"စိတ်မပူပါနဲ့၊ မနက်ဖြန်ကစပြီး ဒီကိစ္စကို ဘယ်သူမှမပြောစေရတော့ဘူးလို့ ကိုယ်ကတိပေးတယ်"
လုယန် အကြိမ်ပေါင်းများစွာ လှောင်ရယ်လိုက်၏။ ဒီကိစ္စတွေကို တခြားလူတွေဆီ ဘယ်လိုပဲရှင်းပြပြ အသုံးမဝင်ခဲ့။ သည့်အပြင် သူမက ဘာကြောင့်များ ဒီလောက်အရှက်မဲ့နိုင်ရတာလဲ? သူအခွင့်အရေးမပေးခဲ့ဘူးလို့မပြောနဲ့နော်။
နောက်တစ်နေ့တွင် လုယန်က ထန်ရို့ရှိနေတဲ့ ဒုတိယဆေးရုံသို့သွားလိုက်သည်။ ထန်ရို့က သူ့ကိုမြင်တဲ့အခါ ထိတ်လန့်တကြားဖြစ်သွားခဲ့သည်။ အနီးနားရှိ ဆရာဝန်များနှင့် သူနာပြုအားလုံးလည်း ထိုကဲ့သို့ချောမောခန့်ညားလှတဲ့လူငယ်လေးကို မြင်လိုက်ကြတဲ့အခါ အာရုံစိုက်စောင့်ကြည့်နေကြလေပြီ။
လုယန်က သစ်သားကုလားထိုင်ကို အရှေ့သို့ပစ်ပေါက်လိုက်ရာ မှန်နှင့် သံအင်တုံလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသလို ပစ္စည်းအပုံလိုက်ကြီးတိုက်မိသွားသဖြင့် ဘေးနားရှိလူတွေလည်း ထိတ်လန့်တကြား အော်ဟစ်ကြကာ ဆေးရုံရှိလူနာများလည်း ကြည့်လာကြတော့သည်။
"ငါ့နာမည် ဒါမှမဟုတ် ငါ့မျိုးရိုးနာမည်ကို မပြောင်းနိုင်ဘူး။ ငါ လုယန်က ဒီမိန်းမနဲ့လည်း စောက်စကားနည်းနည်းလေးမှမပြောခဲ့ဖူးတဲ့အပြင် ငါတို့က သူငယ်ချင်းတွေလို့တောင် ယူဆလို့မရဘူး။ မင်းတို့ဆေးရုံကလူတွေ ငါနဲ့သူမအကြောင်း ကောလဟာလဆက်လွှင့်နေမယ်ဆိုရင် ဒီကောလဟာလတွေကိုရှင်းဖို့ ငါ မင်းတို့ဆေးရုံကို လာရိုက်ခွဲပြီး ရှင်းဖို့ပဲတတ်နိုင်မယ်!"
"မင်းတို့ရဲ့ဒါရိုက်တာကို ငါလိုက်ရှာနေတာ။ မင်းတို့ဆေးရုံကလူတွေ အရည်အချင်းရောရှိကြရဲ့လား?"
…
လုယန် ဆေးရုံမှ ပြန်သွားတဲ့အခါ အိပ်ဆောင်ရှိ အိမ်ထောင်စုတိုင်း လာစပ်စုကြသဖြင့် ဆေးရုံ၌ ကြီးကြီးမားမားရုန်းရင်းဆန်ခတ်ဖြစ်သွားသည်ကို သတင်းရလိုက်ကြသည်။
"လုယန်က သူ့မိန်းမကို အခုမှပြန်ခေါ်လာတာလေ။ သူတို့ အချင်းချင်းအရမ်းချစ်ကြတာတော်။ အခုဆို အမြွှာလေးတွေတောင်ရှိနေပြီဟာ။ မင်းဆိုရင်ရော မင်းတို့ပြန်လာတာနဲ့ အဲဒီကောလာဟလတွေကြားရင် မင်း စိတ်ဆိုးမှာပဲမဟုတ်လား?"
"ဘယ်သူက ဒီလောက်စက်ဆုပ်စရာကောင်းတာလဲ? သူများကဖြင့် အိမ်ထောင်ကျပြီးနေပြီ၊ ဒီလိုကိစ္စတွေကို သီးသန့်ဖြန့်နေကြတုန်းပဲ"
"လုယန်ရဲ့မိန်းမလား? သူမအရမ်းလှတယ်နော်၊ အရမ်းလှတာပဲ။ သူတို့နှစ်ယောက်လုံး အရမ်းလိုက်ဖက်ကြတယ်၊ သူတို့သားကို မင်းမမြင်ဖူးသေးလို့၊ အရမ်းကြည့်ကောင်းကြတာပဲ..."
"လုယန် ပင်းချန်မှာ ကျောင်းသွားတက်ပြီးတော့ သူ့မှာ အိမ်ပြန်လာဖို့ အချိန်သိပ်မရှိခဲ့ဘူး... သူ့လက်ရှိမိန်းမနဲ့ အိမ်ထောင်ကျတာ နှစ်အတော်ကြာနေပြီ... အမြွှာယောက်ျားလေးနှစ်ယောက်... "
xxx