အခန်း (၂၁၃)
Vol. 18 Ch. 213
ယခုအခါ ဧည့်ခန်းထဲတွင် သားအဖဖြစ်သူ လုကျုံးရီနှင့် လုယန်တို့သာ မျက်နှာချင်းဆိုင်ကျန်နေခဲ့တော့သည်။ ရဲဘော်လောင်လုက အနှီသားစုတ်လေးနဲ့ ငြင်းခုံရန် မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့လေပြီ။ ဒင်းက သူ့ကို တကယ်ပဲ သေလုအောင် ဒေါသထွက်စေလိမ့်မှာ။
သူပြန်ရောက်သည်နှင့် ဒီကောင်စုတ်လေးကြောင့် ဒေါသထွက်ရတယ်ကွာ။
လုကျုံးရီသည် သူ့တင်ပါးပေါ်လက်တင်ကာ ဒေါသထွက်ထွက်နဲ့ လမ်းလျှောက်ထွက်သွားတော့သည်။
အငြိမ်းစားအိမ်ရာဝင်း၌ လူအများအပြားဟာ အပျော်တမ်းကြည့်ဖို့ရှိနေတတ်ကြပြီး လုကျုံးရီပုံရိပ်ကို မြင်လိုက်တာနဲ့ အားလုံးရဲ့စိတ်ထဲမှာ ညည်းညူနေကြ၏။
ကျန့်ကွမ်းနဲ့သူ့မိန်းမတို့က လုကျုံးရီ ဒေါသတကြီးဖြစ်နေတာကို မြင်လိုက်ကြ၍ နှစ်ယောက်စလုံး စပ်စုလိုကြ၏။ သူက နံဘေးမှဇနီးဖြစ်သူ ကျိုးချွေးရှန်းကို မမေးဘဲမနေနိုင်၍ "လောင်လုဘာဖြစ်နေတယ်လို့ မင်းထင်လဲ? ရောင်ခြည်တွေထုတ်လွှတ်နေသလိုပဲကွာ"
"ရှင် ဒါကို နားမလည်ဘူး ဟုတ်တယ်ဟုတ်?"
ကျိုးချွေးရှန်းက ဂုဏ်ယူစွာ မျက်ခုံးပင့်လိုက်ပြီး "ကျွန်မတို့အငြိမ်းစားခြံဝင်းကြီးကိုကြည့်လိုက်လေ၊ ရန်မဖြစ် ပြဿနာမရှာတတ်တဲ့ ချွေးမမျိုးကို ပြန်ခေါ်လာနိုင်တဲ့သားတွေ ဘယ်နှယောက်ရှိလို့တုန်း? အခုခေတ် ဇနီးသည်အသစ်လေးတွေတော်တော်များများက ဒေါသကြီးကြတယ်။ ယောက္ခမတွေနဲ့ မပေါင်းသင်းနိုင်ကြဘူးလေ"
"လွန်ခဲ့တဲ့ရက်အနည်းငယ်က လောင်ရှဲ့မိသားစု တအားဒေါသထွက်ခဲ့ကြတယ်မလား? သူမက သူမရဲ့ချွေးမအကြောင်း အများကြီးပြောပြတယ်"
"ယောက္ခမနဲ့ချွေးမကြားမှာ ပဋိပက္ခတွေရှိကြတယ်။ သားအဖတတွေ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတူကြဘူးလို့ ရှင်မထင်ဘူးလား? ဒါတွေဟာ စိတ်ဆင်းရဲစရာတွေဖြစ်လာတာပေါ့"
ကျန့်ကွမ်း: "အဲ့လိုတော့ငါမထင်ဘူးနော်"
"ဘာလို့မဖြစ်ရမှာလဲ?"
"သူ့ချွေးမလေးကို ငါတွေ့ဖူးတယ်။ သူမက ချောမောလှပပြီးတော့ နူးညံ့ညင်သာတယ်၊ စကားပြောလည်းကောင်းတယ်၊ စိတ်မရှည်တာမျိုးမရှိဘူး။ လုမိသားစုရဲ့သားထွေးက ဒီလိုဇနီးမျိုးနဲ့ သင့်တော်တယ်ကွာ"
"ရှင်က မိုက်မဲလိုက်တာနော်။ လုမိသားစုရဲ့ ဒီချွေးမလေးဟာ ဒေါသကြီးတဲ့ငရုတ်သီးလိုမိန်းကလေးမျိုးလို့ လောင်ဝမ်ဆီက ကျုပ်ကြားဖူးတယ်တော်"
"ဟမ်? သူမက ဒေါသကြီးတယ်တဲ့လား? လုယန်ရဲ့ဒေါသကလည်း မသေးငယ်ဘူးလေ ဟုတ်တယ်မလား?"
"မှန်တာပေါ့ရှင်! အပြင်လူတွေရှေ့မှာတော့ သူတို့က ချစ်ခင်ပြနေကြပေမယ့် သီးသန့်မှာတော့ လုယန်ဘာတွေလုပ်နေမလဲ? ပြီးတော့ ချင်းမိသားစုက... အိုး... ကျုပ်အထင်တော့ သူတို့အိမ်လည်း ရှုပ်ထွေးနေမှာပဲလေ"
"ဒီလိုဖြစ်လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူးကွာ"
ကျန့်ကွမ်းသည် ယောက်ျားတစ်ယောက်အနေဖြင့် အငြိမ်းစားအိပ်ဆောင်ရှိ မိသားစုတွေရဲ့ အတွင်းအပြင်ကိစ္စရပ်တွေကို အမှန်တကယ် အများကြီးမသိကြောင်းတွေ့ရှိခဲ့ချေပြီ။
လောင်လုမိသားစုရဲ့အခြေအနေက အရမ်းရှုပ်ထွေးနေတာပဲကွာ... ငရုတ်သီးစည်ပိုင်းက ငရုတ်သီးလေးကို လက်ထပ်ခဲ့တယ်။ သူတို့အိမ်မှာအတူတူရှိချိန် ရန်မဖြစ်ကြဘဲနေနိုင်မှာတဲ့လား?
မနေ့က လောင်လုမိသားစုရဲ့ အမြွှာမြေးလေးတွေကို သူအားကျမနာလိုဖြစ်ခဲ့ရပေမယ့် အခုတော့ မနာလိုမဖြစ်တော့ပါပေ။
ဒီလိုကံကောင်းမှုမျိုး သူ့မှာမရှိလည်းရပါတယ်လေ။
"ဒီငရုတ်သီးလေးဟာ လုယန်ကို စိတ်ဆိုးနေတာပဲဖြစ်ရမယ်။ လုယန်ကလည်း ပြဿနာရှာဖို့ ဆေးရုံကိုမသွားခဲ့သင့်ဘူး။ ပြဿနာတွေပြီးသွားရင် သူ့မိဘတွေက ဒီချွေးမလေးကို အခက်တွေ့လာစေမှာအသေအချာပဲ ရှင်စောင့်ကြည့်နေလိုက်"
"သားရောသမီးရောက အကြွေးရှင်တွေပဲ။ ဘယ်မိသားစုက ဒီလိုပုံစံမျိုးမဟုတ်လို့လဲ? ကျုပ်တို့ ဆွေမျိုးတွေဆီလိုက်လည်ဖို့ ပထမဆုံးအကြိမ်အိမ်ပြန်တုန်းကလည်း ရက်အနည်းငယ်အတွင်းမှာ မိန်မိန်နဲ့ ရန်ဖြစ်ခဲ့ကြတာပဲလေ။ လောင်စွင်းရဲ့မိသားစုလည်း ဒီလိုပဲမဟုတ်ဘူးလား? သူ့သားထွေးက ကောလိပ်သွားတက်တော့ တစ်နှစ်မှ နှစ်ကြိမ်လောက်ပဲ အိမ်ပြန်လာတာ။ သူပြန်မလာခင်အတောအတွင်း လောင်စွင်းရော သူ့မိန်းမပါ သူ့သားကို နေ့တိုင်းလွမ်းနေကြရတာပဲလေ။ အခု သူတို့နွေရာသီအားလပ်ရက်ရလို့ ပြန်လာတော့ သားအဖတွေ ပထမနှစ်ရက်လောက်ပဲ အလွမ်းသည်ချစ်ခင်နေကြပေမဲ့ နောက်ရက်တွေလည်းကျရော... သူတို့မိသားစုမှာ ရန်ဖြစ်တာ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာ ရှင်ပြောကြည့်ဦး"
…
ကျန့်ကွမ်းနဲ့ ကျိုးချွေးရှန်းတို့ ဇနီးမောင်နှံ စကားစမြည်ပြောနေကြစဥ် ရဲဘော်လောင်လု လမ်းလျှောက်ရာမှ ပြန်လာသည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာမှာ ဒေါသတွေပြည့်နှက်နေဆဲဖြစ်ရာ ကျန့်ကွမ်းက ရွှတ်နောက်နောက်ဖြင့် "လောင်လုလား? မင်းရဲ့သား၊ ချွေးမလေးနဲ့ မြေးလေးတွေ ပြန်ရောက်နေပြီမလား၊ မင်း ဘာလို့ မပျော်မရွှင်ဖြစ်နေသေးတာတုန်းကွ?"
"ကျန်းဖျင်နဲ့ သူ့ချွေးမလေးရော ဘယ်လိုနေလဲ?"
ရဲဘော်လောင်လု အသံမြည်အောင်စုပ်သတ်လိုက်ပြီး "အဆင်ပြေပါတယ်"
ဒီအမျီုးသမီးနှစ်ယောက်က စိုက်ကြည့်နေတဲ့ သူတို့သားအဖနှစ်ယောက်ကို ထားခဲ့ပြီး ကလေးတွေကို ခေါ်သွားတယ်လေ။
ကျိုးချွေးရှန်းက "ဒါဆို ရှင်ဘာလို့ ဒီလောက်တောင်စိတ်ဆိုးနေတာလဲ?"လို့ မေးလိုက်သည်။
လုကျုံးရီ ဒီကိစ္စကိုပြန်ပြောတဲ့အခါ ဒေါသအရမ်းထွက်လာ၍ သူ့ပေါင်သူ လက်နဲ့ရိုက်ပြီး "ငါ့သား ဒီလိုမျိုးဖြစ်နေတာကို ငါ သည်းမခံနိုင်ဘူးကွ!"
ကျန့်ကွမ်း: "…"
ကျိုးချွေးရှန်း: "…"
ဆိုတော့ မင်းတို့သားအဖကြားက ပဋိပက္ခဖြစ်နေတာပေါ့လေ။
"သူဘာလုပ်လို့လဲ? လုယန်လည်း အသက်သုံးဆယ်နီးပါးရှိနေပြီလေ၊ သူငယ်ငယ်ကထက် ပိုရင့်ကျက်ပြီး ပိုသိတတ်သင့်ပြီပေါ့"
"သူဘာလုပ်ခဲ့တာလဲ?"
"ဆေးရုံကကိစ္စများလား?"
လောင်လု: "အဲဒါတော့မဟုတ်ဘူး... အေးကွာ၊ ဆေးရုံကပြဿနာကိုတော့ သူလုပ်သင့်တာကြာနေပြီပဲ။ ဘယ်ကောင်က သူ့နောက်ကွယ်မှာ ကောလဟာလတွေလိုက်ဖြန့်နေတာလဲ? ငါ့သားနဲ့ချွေးမက တနေကုန် တွယ်ကပ်နေကြတာကွာ။ သူတို့ သူများအိမ်မှာ ဘယ်လိုလုပ်ပြီး အဲသလောက်တွယ်ကပ်နေကြရတာလဲ..."
"ငါကြည့်မရဘူးကွ"
ကျန့်ကွမ်းနဲ့ သူ့ဇနီး: "…"
"မင်း ဘာလို့ သူ့ကို ကြည့်မရတာတုန်း?"
လုကျုံးရီ ခဏတာ စကားလုံးများပျောက်ဆုံးသွားခဲ့ရ၏။ သူက ဒီကောင်လေး အေးအေးလူလူ အနားယူနေတာကို မကြည့်ချင်ဘူးလို့ ပြောလို့မှမရပဲ။ သူ့သားက မွေးရပ်မြေပြန်လာပြီး ဒီအဖေအိုကြီးရှေ့မှာ ချစ်ကြည်နူးတစ်တီးတူးနေတာကို ကြည့်မရဘူးလို့ ပြောလို့မရဘူးလေ။ "..."
သူ ချုံကျိုးကျွန်းမှာရှိတုန်းက အဆင်ပြေသည်လေ။ အဲဒီတုန်းက လုယန်လည်း တခါတရံ ပြန်လာလိုက်၊ ပြန်သွားလိုက်ပဲ။ အခုတော့ သူ့မိဘအိမ်မှာ ကမ်းခြေကငါးဆားနယ်တစ်ကောင်လို လဲလျောင်းနေတာကြောင့် သူ့ကိုဒေါသဖြစ်စေတာပေါ့။
"မင်းမှာ ငါ့လိုမျိုး သားတစ်ယောက်မရှိတော့ မင်းနားမလည်ပါဘူးကွာ" အဆုံးတွင် လုကျုံးရီ ဝိုးတိုးဝါးတားသာ ပြောဆိုလိုက်ပြီး ရှုံ့တွနေတဲ့မျက်နှာထားဖြင့် ထွက်သွားခဲ့လေသည်။
ကျန့်ကွမ်းနှင့် ကျိုးချွေးရှန်းတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ လောင်လုမိသားစုဟာ အင်မတန်စိတ်ဝင်စားစရာကောင်းတာပဲလို့ တွေးနေမိကြလျက်။ သူ့သားနဲ့ ချွေးမလေးတို့က မြေးငယ်လေးနှစ်ယောက်နဲ့အတူတူ ပြန်လာကြတဲ့အခါ ဘာတွေဖြစ်ကြဦးမလဲ...
လုကျုံးရီနှင့် သူ့ဇနီးက အငြိမ်းစားအိမ်ရာတစ်ဝိုက်တွင် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားခဲ့သည်။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးရဲ့ အ၀တ်အစားတွေဟာ လူများစွာကို ဆွဲဆောင်မိစေခဲ့၏။ သူတို့အားလုံးက ကလေးတွေရဲ့ ရင်ဘတ်ပေါ်ရှိ ချစ်စရာကောင်းပြီး ဆိုးသွမ်းနေဟန်ရှိသည့် ရေမှုတ်ထုတ်နေတဲ့ ဝေလငါးလေးတွေကို တွေ့လိုက်ရသည်။
အခြားမိသားစုမှ အမျိုးသမီးအချို့လည်း အဝတ်အစားတွေပေါ်မှာ ဝေလငါးလေးတွေကို ဘယ်လိုချုပ်ရမလဲဆိုတာကို သင်ယူလိုကြသဖြင့် လုအိမ်သို့လာကာ ချင်းရို့ဆီမှာ မေးမြန်းခဲ့ကြသည်။
ကျိုးချွေးရှန်းသည် မော့ကျီးရှန်နှင့် ရန်ယွဲ့တို့ ယောက္ခမချွေးမအတွဲနောက်မှ လုအိမ်သို့လိုက်လာခဲ့သည်။ မော့ကျီးရှန်သည် လုမိသားစုရဲ့ မြေးလေးတွေရဲ့ ရင်ဘတ်ပေါ်က ပုံစံလေးတွေဟာ လှပကောင်းမွန်ကြောင်း သူမရဲ့မြေးလေးထံမှ ကြားသိခဲ့ရသောကြောင့် ရန်ယွဲ့ကိုခေါ်ကာ သွားလေ့လာကြည့်ရန် ပြောလိုက်၏။ သည့်အပြင် လုမိသားစုရဲ့ချွေးမက အခုမှရောက်လာတာဆိုတော့ သူမ ဘယ်လိုပုံစံလဲဆိုတာကို သူမလည်းကြည့်ရှုလိုခြင်းပင်။
ရန်ယွဲ့သည် မာမိသားစုရဲ့ ချွေးမဖြစ်ပြီး အိမ်ထောင်ကျပြီးနောက် ယောက္ခမတွေနှင့်အတူ နေထိုင်ခဲ့သည်။ သူမယောက္ခဖြစ်သူက ပါဝါပိုကြီးသဖြင့် သူမဆီမှာ ဘာအတွေးအကြံမှမရှိဘဲ ယောက္ခမစကားကိုသာ နားထောင်လေ့ရှိသူပါပေ။
"နင့်ကလေးတွေရဲ့ ရင်ဘတ်ပေါ်က ပုံစံကွက်က ဘယ်လိုမျိုးလဲ?"
"ငါ့မြေးလေးလဲ သဘောကျလို့၊ သူ့အတွက် တစ်ထည်လောက်လုပ်ပေးချင်လို့လေ"
တစ်စုံတစ်ယောက်က အဝတ်အစားတွေပေါ်က ပုံစံဖော်ထားတဲ့အကြောင်းကို မေးလာပေမယ့် ချင်းရို့ ဂရုမစိုက်ပါပေ။ ဒါဟာ ရိုးရိုးရှင်းရှင်း ရေမှုတ်ထုတ်နေတဲ့ဝေလငါးလေးတကောင်ပဲဟာ။ မင်းမှာ ပုံဆွဲစကေးနည်းနည်းရှိရင် ပြန်သွားတဲ့အခါ ကိုယ့်ဘာသာကိုယ်လည်း ဆွဲနိုင်လိမ့်မှာပဲ။ ဟုတ်တာပေါ့ ပုံစံတွေကတော့ ကွဲလွဲမှုတွေရှိမှာ သေချာတယ်လေ။
"ကလေးက အသက်ဘယ်လောက်ရှိပြီလဲ။ ကျွန်မပုံဆွဲပေးလိုက်မယ်နော်၊ ရှင် ပြန်ယူသွားပြီးတော့ အဲ့အတိုင်းလိုက်လုပ်လို့ရတယ်..." ပိတ်စပေါ်မှာ ပန်းထိုးပုံဖော်ရတာ မခက်ခဲပါပေ။ လီချင့်ဟွားလည်း ပထမတော့ ဘယ်လိုလုပ်ရမှန်းမသိခဲ့သော်လည်း သူမကြိုးကြိုးစားစားလေ့လာနေသရွေ့ ကျွမ်းကျင်လာကာ သဘာဝကျကျ ပန်းထိုးလာနိုင်ပေသည်။
ရန်ယွဲ့: "ကောင်းပါပြီ ရှောင်ချင်းရေ၊ ကျေးဇူးပြုပြီး ငါ့ကို ပုံဆွဲပေးပါဦးနော်။ ငါပြန်ယူသွားပြီး ငါ့သားအတွက် ပန်းထိုးပေး..."
ထိုအချိန်တွင် မော့ကျီးရှန် ကမန်းကတန်းပြောလာခဲ့သည်။ "ဒါကဒုက္ခများပါတယ်ကွယ်၊ ရဲဘော်ရှောင်ချင်းရေ အထည်စတွေ မဖြုန်းတီးမိအောင်လို့ နင်ပဲ ငါတို့အတွက်လုပ်ပေးဖို့ ကူညီပေးနိုင်မလား။ ငါ့ချွေးမက ပန်းထိုးရာမှာ မတော်တော့ ငါ့မြေးလေးက မလိုချင်မှာစိုးလို့ပါ။ ဒါက အချိန်ဖြုန်းသလိုဖြစ်နေမှာမဟုတ်လား?"
"ငါ့မြေးလေးအတွက် ပန်းထိုးပေးဖို့ နင့်လိုလူငယ်လေးကိုပဲ နှောက်ယှက်လို့ရမလား။ နင့်လက်ရာအရမ်းကောင်းတာပဲဟာ။ နင့်လို ချောမောလှပပြီး လက်မှုပညာကျွမ်းကျင်တဲ့ ချွေးမမျိုးရှိတာ လုမိသားစုကို ငါတကယ်အားကျမိပါရဲ့ကွယ်။ နင့်လက်ရာဆို ငါ့မြေး သဘောကျမှာသေချာတယ်"
မော့ကျီးရှန်ရဲ့ မျက်နှာမှာ အလွန်တောက်ပဖော်ရွေတဲ့အပြုံးရှိနေသော်ငြား သူမစိတ်ထဲတွင်တော့ တွက်ချက်မှုကောင်းကောင်းရှိနေလေ၏။
အိမ်ပြန်ယူလာပြီး ကိုယ့်ဘာကိုယ်ပန်းထိုးမယ်ဆိုရင် ဘယ်လောက်တောင်ဒုက္ခများလိုက်သလဲ...
xxx