← Chapters

ချီလင်၏ ထိတ်လန့်မှု

Vol. 24 Ch. 231

ချီလင်၏ ထိတ်လန့်မှု

Vol. 24 Ch. 231

လီချင်းချိုးက ကျူးယန်ကို တစ်ချက် လှမ်းကြည့်၍ ပေါ့ပေါ့ပါးပါး လေသံဖြင့်…

"မင်းတို့ ကျူးမိသားစုက ပြဿနာတွေထဲ နစ်မွန်းနေပြီး ဂိုဏ်းရဲ့ အရင်းအမြစ် တော်တော်များများကို ယူသုံးထားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အခုလို အမြန်ဆုံး ရုန်းထွက်နိုင်သွားပြီး တခြားကိစ္စတွေ လုပ်နိုင်နေရတာလဲ..."

ကျူးယန်က ထိုစကားထဲမှ သရော်လှောင်ပြောင်မှုကို ရှင်းလင်းစွာ ကြားနိုင်သဖြင့် မတတ်သာသည့်အဆုံး…

"ဒါက ကျွန်မရဲ့ ပေါ့ဆမှုပါပဲ... သူတို့ကိုလည်း သတိပေးထားပြီးပါပြီ..."

သူမသည် ကောင်းကင်လက်မှုပညာခန်းမ၏ ခန်းမသခင် ဖြစ်ပြီး သူမလုပ်ရမည့် ကိုယ်ပိုင်ကိစ္စများ ရှိနေသဖြင့် ကျူးမိသားစုကို အမြဲတမ်း စောင့်ကြည့်မနေနိုင်ချေ။ ကျင့်ကြံရေးခန်းမက တပည့်များ ထပ်မံလက်ခံကြောင်း သူမ သိရှိသွားသောအခါ စုံစမ်းကြည့်ရာမှ ကျူးမိသားစု၏ လုပ်ရပ်များကို သိရှိသွားခဲ့ခြင်းပင်။ဤကိစ္စက သူမကို ဒေါသထွက်စေခဲ့ပြီး သူမ၏ မိသားစုမှ အကြီးအကဲများကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သည့် စာတစ်စောင် ရေးသားခဲ့ကာ တစ်ချိန်တည်းမှာပင် ကျူးမိသားစုကို ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်းမှ တားဆီးရန် ကြိုးပမ်းခဲ့သည်။

သူမက ဤကိစ္စအတွက် အပြစ်ရှိသလို ခံစားရပြီး ဂိုဏ်းချုပ်ကို တောင်းပန်ရန် အခွင့်အရေး ရှာနေခဲ့ခြင်းပင်။

"အခုလိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူး..."

"လူတိုင်းမှာ သံယောဇဉ်ဆိုတာ ရှိတတ်ပါတယ်... ငါ နားလည်ပါတယ်... ဒီကိစ္စတွေ ရပ်တန့်ပစ်ဖို့ ငါ မတောင်းဆိုပါဘူး... ဒါပေမဲ့ မှတ်ထားပါ... အရာရာတိုင်းကို ကန့်သတ်ချက် တစ်ခုအတွင်းမှာပဲ ထားရှိရမယ်... ဂိုဏ်းကိုတော့ ခြိမ်းခြောက်မှု မဖြစ်စေနဲ့... မဟုတ်ရင်တော့ အဲဒါကို မကောင်းတဲ့ ရည်ရွယ်ချက်အဖြစ် ငါ သတ်မှတ်ရလိမ့်မယ်... ပြီးခဲ့တဲ့နှစ်တွေ တစ်လျှောက်လုံး မင်း ကြိုးစားပမ်းစား မလုပ်ခဲ့ဘူးဆိုရင် ကျူးမိသားစုကို ငါ ဓားထုတ်ပြီး ရှင်းပစ်ခဲ့တာ ကြာလှပြီ..."

ထိုစကားကို ကြားသောအခါ ကျူးယန်က ချက်ချင်းပင် ဦးညွှတ်၍ လီချင်းချိုးကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကောင်းပြီ... နှစ်သစ်ရောက်နေပြီ ဆိုတော့ ဒီကိစ္စတွေအကြောင်း ထပ်မပြောကြနဲ့တော့..."

လီချင်းချိုးက သူမ၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး ဒူးထောက်ခွင့် မပြုခဲ့ပေ။

"ကျူးမိသားစုက လျူကျင်းကို ကူညီတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့..."

"သူတို့ သဘောအတိုင်းသာ လုပ်ပါစေ... ဒါပေမဲ့ သူတို့နဲ့ မသက်ဆိုင်တဲ့ ရည်မှန်းချက်တွေ မထားဖို့ မင်း သူတို့ကို သတိပေးထားတာ ပိုကောင်းလိမ့်မယ်..."

"နားလည်ပါပြီ..."

ကျူးယန်က ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု လှိုင်းတံပိုးတစ်ခု ရိုက်ခတ်သွား၏။ သူမ၏ မိသားစုမှ အကြီးအကဲများက လျူကျင်းကို ထိန်းချုပ်ရန် ကြိုးစားလာမည်ကို သူမ အမှန်တကယ်ပင် စိုးရိမ်ပူပန်နေမိသည်။ ထိုသို့ လုပ်၍ မဖြစ်ချေ။

ဂိုဏ်းချုပ်က လျူကျင်းကို အမှန်တကယ် ထောက်ခံပေးလိုကြောင်း သူမ နားလည်သဘောပေါက်သွားသည်။ ဂိုဏ်းချုပ်က သူ့ကို ဆန့်ကျင် အကွက်ဆင်ရဲသူ သို့မဟုတ် သူ့ကို ရန်စရဲသူ မည်သူ့ကိုမဆို ဘေးမှနေ၍ အကဲခတ်ကာ ကျော့ကွင်းထဲသို့ ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

ကျူးယန်က လီချင်းချိုးကို ထပ်မနှောင့်ယှက်တော့ဘဲ နေရာမှ ထလိုက်ကာ စားပွဲရှည်ကို ပတ်၍ လျှောက်သွားပြီး ချိုင်ယွင်ရှန်းနှင့် သွားရောက် စကားပြောဆိုနေလိုက်သည်။

လီချင်းချိုးမှာ စိတ်ခံစားချက် ကောင်းမွန်နေပြီး မျက်နှာပေါ်တွင် အချိန်ပြည့် အပြုံးတစ်ခု ပန်ဆင်ထားသည်။

အဓိကအချက်မှာ ကျောက်ကျိန်း၏ အသက်အန္တရာယ်ရှိသော ခက်ခဲကြမ်းတမ်းသည့် စမ်းသပ်မှုကြီးက နောက်ဆုံးတွင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး သူ့အတွက် ကံကြမ္မာကို ရွေးချယ်ရန် နောက်ထပ် အခွင့်အရေး တစ်ကြိမ်လည်း ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုအခါ သူ့တွင် ကံကြမ္မာရွေးချယ်ခွင့် အခွင့်အရေး နှစ်ကြိမ် ရှိနေပြီး ၎င်းတို့အနက်မှ တစ်ကြိမ်ကို သူ အသုံးပြုနိုင်သည်။ အနာဂတ်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်များကို လက်လွတ်ဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်ရန် ကံကြမ္မာရွေးချယ်ခွင့် တစ်ကြိမ်ကိုသာ ချန်ထားမည် ဖြစ်သည်။

လီချင်းချိုးက လက်ရှိတွင် ကျန်းကျောက်ရှား၏ လောကီရေးရာ စစ်မှန်သောနဂါးကံကြမ္မာနှင့် ယွင်ချိုင်၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကံကြမ္မာတို့ကို အလွန် စိတ်ဝင်စားနေသော်လည်း ပိုမို အစွမ်းထက်သည့် ကံကြမ္မာများ ရှိလာနိုင်သေးသည်ဟု ခံစားရသဖြင့် အနည်းငယ် ချီတုံချတုံ ဖြစ်နေဆဲပင်။

ဤနှစ်သစ်ကူးကာလ၌ လီချင်းချိုး စိတ်အခြေအနေ ကောင်းမွန်နေကြောင်းကို လူအများအပြား သတိပြုမိကြသည်။

နှစ်သစ်ကူး ပြီးသွားသောအခါ လီချင်းချိုးက ထိုက်ခွန်းတောင်တန်း တစ်ဝိုက်တွင် လှည့်လည်သွားလာရင်း နေရာအသီးသီးကို စစ်ဆေးခဲ့ကာ ရွှင်ရှန်းမြို့သို့လည်း ခရီးတစ်ခေါက် ထွက်ခဲ့သေးသည်။

ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိလိုက်ရမှသာ ထိုအချိန်က ချင်းရှောင်ဂိုဏ်း မည်မျှ ဖွံ့ဖြိုးတိုးတက်နေကြောင်း သူ သဘောပေါက်သွားသည်။

နှစ်သစ်၏ ပထမလကုန်ပိုင်းတွင် လျူကျင်းက လျူမိသားစုရှိ အာဏာ၏ အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့ပြီး လျူလင်းမှာ မတတ်သာဘဲ ရာထူးမှ ဆင်းပေးခဲ့ရသည်။ ဤလုပ်ငန်းစဉ်က သဘာဝကျကျပင် သွေးချောင်းစီးမှုများနှင့် ယှဉ်တွဲနေခဲ့၏။

လျူကျင်းက ခေါင်းတလား တစ်လုံးကို ထမ်း၍ ချင်းရှောင်ဂိုဏ်းချုပ်ထံ ဆုတောင်းခဲ့သည် ဆိုသော ကောလာဟလများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုဇာတ်လမ်းက စိတ်ထိခိုက်ဖွယ်ရာ ကောင်းပြီး လျူကျင်း အာဏာရရှိလာမှုမှာလည်း လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေ၏။ လီချင်းချိုးကို သာမန်လူများကြားတွင် နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ဤလူနှစ်ဦးကို ဇာတ်လမ်းတစ်ပုဒ်တည်းတွင် ပေါင်းစပ်လိုက်သောအခါ လျူကျင်း၏ နာမည်ကျော်ကြားမှုက အရှိန်အဟုန်ဖြင့် မြင့်တက်သွားတော့သည်။

လျူကျင်းက ကြီးမြတ်မှုများအတွက် ကံကြမ္မာပါလာသူ ဖြစ်သည်ဟု ပြောဆိုသံများ ပို၍ပို၍ များပြားလာသည်။

တောင်ပိုင်းချူပြည်နယ်၊ စီရင်စုမြို့တော် အတွင်း၌….

လျူကျင်းက ပင်မခန်းမဆောင်ကြီးထဲတွင် ထိုင်၍ မူးမတ်များက အထက်တန်းလွှာ မိသားစု အသီးသီးမှ ပေးပို့လာသော ငွေကြေး၊ ရိက္ခာ၊ လက်နက်များနှင့် စစ်မြင်းများအကြောင်း အစီရင်ခံနေသည်ကို နားထောင်နေရင်း သူ့ ပုံစံမှာ မိန်းမောနေသကဲ့သို့ ဖြစ်နေ၏။

"လောကကြီးကို သိမ်းပိုက်ဖို့က ဒီလောက်တောင်လွယ်ကူနေတာလား..."

လျူကျင်းမှာ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ တစ်စုံတစ်ခုကို ရရှိပြီးနောက်တွင် ၎င်းကို ဆုံးရှုံးရမည်ကို သဘာဝအလျောက် ကြောက်ရွံ့လာတတ်ပြီး ကောင်းစွာ မလုပ်ဆောင်နိုင်မည်ကိုလည်း စတင် စိုးရိမ်ပူပန်လာတတ်သည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်ထဲမှ အာရုံများ လွင့်ပါးသွားစေရန် ရှင်းလင်းလိုက်၏။ ယခု သူလုပ်ဆောင်ရန် လိုအပ်သည်မှာ အာဏာကို လျင်မြန်စွာ ဆုပ်ကိုင်ရန် ဖြစ်ပြီး ထို့နောက် တစ်ပြည်လုံးကို တိုက်ခိုက် သိမ်းပိုက်ကာ သုံးနှစ်အတွင်း လောကကြီးကို တစည်းတလုံးတည်း ဖြစ်အောင် ပေါင်းစည်းရန်ပင်။

မဟုတ်သေးပေ။ သူ ဤထက် ပို၍ ကောင်းအောင် လုပ်ဆောင်ရမည်။ ထိုအခါ လျူကျင်း၏ အကြည့်များ ခက်ထန်သွားပြီး သူ့အမူအရာ တစ်ခုလုံးလည်း စတင် ပြောင်းလဲသွားတော့သည်။

...

ဖေဖော်ဝါရီလ အစောပိုင်းတွင် လီချင်းချိုး၏ စီစဉ်မှုအောက်၌ ကျန်းကျောက်ရှားက လေ့ကျင့်ရေးဆင်းရန် တောင်ပေါ်မှ ဆင်းသွားခဲ့ပြီး ဓားဂိုဏ်း၏ ပထမဆုံးသော ပါရမီရှင် ဖြစ်သည့် အထီးကျန်ဓား(ကျန်းတု)ကိုလည်း ခေါ်ဆောင်သွားခဲ့သည်။

ကျန်းကျောက်ရှားက တောင်အောက်သို့ ဆင်းရန် ဆန္ဒမရှိသော်လည်း နန်ချူစီရင်စုနှင့် ယွီစီရင်စုတို့ရှိ လူသူကင်းမဲ့သော နေရာများကို စူးစမ်းရှာဖွေရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ခြောက်လခန့် လေ့ကျင့်ရေးဆင်းရန် လီချင်းချိုးက အတင်းအကျပ် စေခိုင်းခဲ့သည်။ ထို့အပြင် အထီးကျန်ဓား၏ စရိုက်လက္ခဏာကို သွေးတိုးစမ်း လေ့ကျင့်ပေးရန်အတွက်လည်း ကူညီပေးစေခဲ့သည်။

နတ်ဘုရားစွမ်းပကားကို ဖန်တီးပြီးနောက်တွင် ကျောက်ကျိန်းက မူလအားဖြည့်နယ်ပယ်၏ နဝမအလွှာသို့ တိုက်ရိုက် ဦးတည်ကာ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ ချင်းရှောင်ဂိုဏ်းမှ တပည့်များက ထိုက်ခွန်းတောင်တန်းရှိ တောင်ထွတ်များတစ်ခွင်သို့ စတင် ပျံ့နှံ့သွားကြပြီး တည်ဆောက်ရေး လုပ်ငန်းစဉ်များလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဧပြီလ အစောပိုင်းတွင် လီချင်းချိုးက ရွှေသူငယ်ကို ခေါ်ဆောင်၍ ယွမ်ထျဲဆိပ်ကမ်းမြို့သို့ သွားရောက်ခဲ့ပြီး တရုတ်နံနံထံသို့လည်း အလည်အပတ် သွားခဲ့၏။ တရုတ်နံနံ၏ ကျင့်ကြံရေး ပါရမီမှာ သာမန်သာဖြစ်ပြီး ၎င်း၏ ကျင့်ကြံရေး အမြန်နှုန်းက ရွှေသူငယ်ထက် များစွာ နှေးကွေးသည်။ ထို့ကြောင့် ရွှေသူငယ်၏ တိုးတက်မှုနှုန်းကို ကြည့်၍ အတော်လေး အံ့အားသင့်သွားခဲ့သလို တစ်ချိန်တည်းမှာပင် လုံးဝ စိတ်သက်သာရာ ရသွားခဲ့သည်။ ရွှေသူငယ်၏ ကျင့်ကြံခြင်း အဆင့်က လီချင်းချိုး သူတို့ကို အမှန်တကယ် ဂရုစိုက်ကြောင်း ပြသနေသည်။

တရုတ်နံနံနှင့် တွေ့ဆုံပြီးနောက်တွင် လီချင်းချိုး ယွမ်ထျဲဆိပ်ကမ်းမြို့သို့ ရောက်ရှိလာခဲ့သည်။ဤဆိပ်ကမ်းမြို့ကို ကမ်းရိုးတန်း တစ်လျှောက် မိုင်ပေါင်းများစွာ အထိ တည်ဆောက်ထားသည်။ ကမ်းခြေအစွန်းတွင် ရဲတိုက်များ ထီးထီးမားမားရှိနေပြီး ကမ်းစပ်တွင် အရွယ်အစား အမျိုးမျိုးရှိသော လှေများကို ကျောက်ချ ရပ်နားထားရာ အလွန် စည်ကား သက်ဝင်လှသည်။ ချင်းရှောင်ဂိုဏ်းမှ တပည့်များအပြင် သာမန်လူများနှင့် သိုင်းလောကမှ ပုဂ္ဂိုလ်များကိုလည်း တွေ့မြင်လိုက်ရသည်။ ဤသည်က ယွမ်ထျဲဆိပ်ကမ်းမြို့မှာ လောကီကမ္ဘာနှင့် ကုန်သွယ်မှုများ စတင်နေပြီ ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

ဤသည်ကလည်း လီချင်းချိုး၏ အမိန့်ပေး စေခိုင်းမှုကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးနှင့် အရင်းအမြစ် အများအပြား လိုအပ်ပြီး ယွမ်ထျဲဆိပ်ကမ်းမြို့တွင် တက်ကြွစွာ လှုပ်ရှားနေသော ဂိုဏ်းသား ၅၀၀ ကျော် ရှိနေသဖြင့် ပြဿနာ လာရှာမည်ကို သူတို့ မကြောက်ရွံ့ကြပေ။

ယွမ်ထျဲဆိပ်ကမ်းမြို့နှင့် မူလသံမဏိကောင်းချီးမြေတို့ကို တာဝန်ယူ အုပ်ချုပ်ရသော ယွီလင်းမှာ လီချင်းချိုးနှင့် တွေ့ဆုံရသောအခါ အလွန် စိတ်လှုပ်ရှားသွားပြီး အခြေအနေများကို စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံတင်ပြလာ၏။ ထက်မြက်သော လူတစ်ဦးက ပင်လယ်ကြမ်းပြင်သို့ ရေငုပ်ဆင်းရန် ကြိုးစားရင်း လျှို့ဝှက်ဆန်းကြယ်သော သတ္တုရိုင်း တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထိုသတ္တုရိုင်းတွင် အထူး ဝိညာဉ်ချီများ ပါဝင်နေပြီး ရှေးဟောင်း ကန်းကျင်းသံမဏိကဲ့သို့ မာကျောကာ ဤသည်က အရေးပါသော အရင်းအမြစ် တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ခံစားမိခဲ့ကြောင်းလဲ တင်ပြခဲ့သည်။

မကြာမီမှာပင် တပည့်တစ်ဦးက ထိုသတ္တုရိုင်းကို လီချင်းချိုးထံသို့ ယူဆောင်လာခဲ့သည်။ လီချင်းချိုးက ၎င်းကို ကောက်ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ဤကျောက်တုံးက အမှန်တကယ်ပင် ထူးခြား အံ့မခန်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။

"ဒါကို သူတို့ လေ့လာနိုင်ဖို့ ကောင်းကင်လက်မှုပညာခန်းမဆီ ငါ ယူသွားလိုက်မယ်... ယွီလင်း... မင်း အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... မင်း ငါ့ကို စိတ်မပျက်စေဘူး..."

လီချင်းချိုး၏ ချီးကျူးစကားကြောင့် ယွီလင်းမှာ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး ဤသည်က တပည့်များ၏ ကျေးဇူးကြောင့်သာ ဖြစ်ကြောင်းနှင့် သူနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း အလျင်အမြန်ပင် နှိမ့်ချစွာ ပြောဆိုလိုက်၏။

ထို့နောက်တွင် သူက လျှို့ဝှက်ဆန်းကြယ်သော ရေဝဲကြီးထံသို့ သွားရောက်ခဲ့ပြီး နန်ကုန်းအာနှင့် လင်းချွမ်တို့ကို အောက်သို့ ဆင်း၍ စုံစမ်းစစ်ဆေးရန် စေလွှတ်ခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ကြပေ။ သို့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခြင်းက အကောင်းဆုံး သတင်းပင် ဖြစ်သည်။ ဤသည်က ယွမ်ထျဲဆိပ်ကမ်းမြို့မှာ ယာယီအားဖြင့် အန္တရာယ်ကင်းသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်နေသည်။

...

မြောက်ပိုင်းလူရိုင်းတို့၏ နယ်မြေ…

ညကောင်းကင်ယံတွင် ကြယ်များဖြင့် လင်းလက်တောက်ပကာ လှပနေသော်လည်း မြေပြင်ကမူ အမှောင်ထုထဲတွင် လွှမ်းခြုံခံထားရပြီး မိမိ၏ မျက်နှာရှေ့မှ လက်ကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်နေ၏။

တောင်ကုန်း ကုန်းပြင်မြင့် တစ်ခုပေါ်တွင် လီစစ်ဖုန်း၊ ကျိန့်ယွင်ချောင်နှင့် အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့် ဒါဇင်ခန့်က မီးပုံကို ဝိုင်းရံ၍ ထိုင်နေကြသည်။ ငရဲချီလင်က လီစစ်ဖုန်း၏ နောက်ကျောတွင် မှီ၍ အိပ်ပျော်နေပြီး လှဲလျောင်းနေသည့်တိုင် နံရံကြီး တစ်ချပ်နှင့်ပင် တူနေ၏။ လီစစ်ဖုန်းက တီရွှမ်းဓားကို ကစားနေရင်း အတွေးများ လွင့်မျောနေသည်။

ကျိန့်ယွင်ချောင်က လီစစ်ဖုန်းနှင့် အနီးဆုံးတွင် ရှိနေ၏။ သူက လီစစ်ဖုန်းကို လှည့်ကြည့်၍..

"ဒီနယ်မြေက သိပ်ကို ကျယ်ဝန်းပြီး အဆုံးအစ မရှိဘူး... ရွှမ်ကျီဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလိုခက်ခဲလိမ့်မယ်... ကျွန်တော်တို့ ဘာလို့ ပြန်မသွားကြတာလဲ..."

ထိုစကားကို ကြားသောအခါ အခြားသော ဂိုဏ်းသားများကလည်း မျှော်လင့်ချက် ပြည့်နှက်နေသော မျက်လုံးများဖြင့် လီစစ်ဖုန်းကို လှမ်းကြည့်လိုက်ကြ၏။ သူတို့တွေ ချန်းကျိုးမှ စတင်၍ တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်ပြီး ချင်းရှောင်တောင်မှ မည်မျှ ဝေးကွာနေပြီ ဖြစ်ကြောင်းကိုပင် ရေတွက်၍ မရနိုင်တော့ချေ။ လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်ပြီး လအနည်းငယ်ခန့် အနားယူရန် ဂိုဏ်းသို့ ပြန်သွားချင်နေကြသည်။

လီစစ်ဖုန်းက အတွေးထဲမှ ရုတ်ခြည်း နိုးထလာပြီး အခြားသော ဂိုဏ်းသားများကို ကြည့်လိုက်၏။ သူတို့၏ အကြည့်များကို သူ နားလည်သဘောပေါက်သွားပြီး တစ်ခဏမျှ စဉ်းစားကာ….

"ကောင်းပြီလေ... မနက်ဖြန် မနက်လင်းတာနဲ့ ငါတို့ ပြန်ကြတာပေါ့..."

ထိုစကားကို ကြားသောအခါ တပည့်များက ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး အချို့ဆိုလျှင် ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက် ကခုန်နေကြရင်း ဤခရီးစဉ်အတွင်းမှ သူတို့၏ အောင်မြင်မှုများကို စိတ်လှုပ်ရှားစွာ စတင် ဆွေးနွေးလာကြပြီး တစ်ယောက်စီက မိမိတို့၏ စွမ်းဆောင်ရည်များကို ကြွားဝါနေကြ၏။

သူတို့ကို ကြည့်ရင်း လီစစ်ဖုန်းမှာလည်း စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ ဤတပည့်များက အလွန် စွမ်းဆောင်ရည် မြင့်မားကြသဖြင့် အချိန်အများစုတွင် သူ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ရန်ပင် မလိုအပ်ချေ။ ဤအချက်က သူ့ကို ချင်းရှောင်ဂိုဏ်းအပေါ် မျှော်လင့်ချက် ကြီးမားလာစေသည်။ ယခုအခါ ချင်းရှောင်ဂိုဏ်း မည်မျှအထိ အစွမ်းထက်နေပြီနည်း။

အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်များ ဆွေးနွေးနေသည်ကို နားထောင်ရုံဖြင့် သူ့ကို ဂိုဏ်းသို့ ပြန်သွားချင်စိတ် ပေါက်လာစေသည်။အဘယ်ကြောင့်ဆိုသော် ဖိအားများကို ခံစားနေရသောကြောင့် ဖြစ်သည်။သူသည် ခန်းမသခင် တစ်ယောက်အနေဖြင့် ကျင့်ကြံခြင်းတွင် မည်သို့လုပ် နောက်ကောက်ကျ ကျန်ရစ်နိုင်မည်နည်း။ သေချာသည်မှာ ဇနီးနှင့် ကလေးများကိုလည်း သလွမ်းဆွတ်နေမိခြင်းပင်။

ကျိန့်ယွင်ချောင်က ရယ်မောရင်း..

"ငါတို့ ပြန်ရောက်တာနဲ့ ဓမ္မတိုက်ပွဲ ညီလာခံအတွက် ပြင်ဆင်ကြရလိမ့်မယ်..."

ဓမ္မတိုက်ပွဲ ညီလာခံ အကြောင်း ပြောလာသောအခါ လီစစ်ဖုန်းမှာလည်း စိတ်ဝင်စားသွားပြီး ကျိန့်ယွင်ချောင်နှင့် စတင် စကားလက်ဆုံ ကျနေတော့၏။

ကြွေကျနေသော ကြယ်တစ်ပွင့်က ညကောင်းကင်ယံကို ဖြတ်သန်းသွားသော်လည်း မည်သူကမျှ မမြင်တွေ့လိုက်ကြပေ။ သို့သော်လည်း သူတို့တွေ ထိုသို့သော ညရှုခင်းများကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီး ဖြစ်သဖြင့် သူတို့အတွက် ထူးဆန်းသော အရာတော့ မဟုတ်ချေ။

အတန်ကြာပြီးနောက်…

အိပ်ပျော်နေသော ငရဲချီလင်က ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ခေါင်းကို ဖြည်းညင်းစွာ မော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ လီစစ်ဖုန်းက ၎င်း၏ လှုပ်ရှားမှုကို သတိပြုမိသွားပြီး ခေါင်းလှည့်ကြည့်လိုက်၏။ ငရဲချီလင် အဝေးသို့ စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက ချက်ချင်း ထရပ်၍ ၎င်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ မြေပြင်က အမှောင်ထုထဲသို့ ဆန့်တန်းသွားပြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသော တောင်တန်းများ၏ ကောက်ကြောင်းများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ရချေ။

ထို့နောက် ကျိန့်ယွင်ချောင်က မတ်တတ်ရပ်၍ "ရန်သူတွေ လာနေတာလား..."ဟု မေးလိုက်သော်လည်း ထိတ်လန့်တုန်လှုပ်နေခြင်း မရှိပေ။ သူတို့တွေ ယခုချိန်အထိ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ကြသဖြင့် သူတို့၏ စိတ်ထဲတွင် ခိုင်မာသော ကိုယ်ယုံကြည်မှုများ ပြည့်နှက်နေပြီး ဤနယ်မြေပေါ်ရှိ မည်သည့် စိန်ခေါ်မှု သို့မဟုတ် အန္တရာယ်မျိုးကိုမဆို ကြောက်ရွံ့ခြင်း မရှိကြချေ။

"ငါလည်း မသိဘူး... ဒါပေမဲ့ ငရဲချီလင်ရဲ့ အာရုံခံနိုင်စွမ်းက ငါတို့ထက် ပိုအားကောင်းတယ်... ဒါကြောင့် တစ်ခုခုကို သူ ရှာတွေ့ထားတာ သေချာတယ်..."ဟု လီစစ်ဖုန်းက တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

အခြားသော တပည့်များကလည်း တိတ်ဆိတ်သွားကြကာ မတ်တတ်ရပ်၍ သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

ငရဲချီလင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်း၍ ခပ်တိုးတိုး ဟိန်းဟောက်လိုက်ရာ လီစစ်ဖုန်း အပါအဝင် လူတိုင်း ဝေခွဲမရ ဖြစ်သွားကြသည်။အရင်ကဆို ငရဲချီလင်က ရန်သူများနှင့် ရင်ဆိုင်ရသောအခါ ခေါင်းမော့၍ အူလိုက်ရုံသာ ပြုလုပ်လေ့ရှိပြီး ယခုကဲ့သို့ ကြမ်းတမ်းကာ နိုးနိုးကြားကြား ရှိနေသည့် အမူအရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မပြသဖူးချေ။

ဘာဖြစ်သွားတာလဲ…

လူတိုင်း အမှောင်ထုထဲသို့ ရှေ့သို့ လှမ်းကြည့်လိုက်ကြသော်လည်း ကံမကောင်းစွာဖြင့် မည်သည့်အရာကိုမျှ မမြင်ရချေ။ သူတို့တွေ စိတ်ရှည်လက်ရှည်ဖြင့်သာ စောင့်ဆိုင်းနေနိုင်တော့သည်။ လီစစ်ဖုန်းက ငရဲချီလင်၏ မငြိမ်မသက် ဖြစ်နေမှုကို အာရုံခံမိပြီး သူ့ကို တွေဝေသွားစေ၏။ ရွှမ်ကျီဂိုဏ်းတွင် ငရဲချီလင်ထက် ပို၍ စွမ်းဆောင်နိုင်သူ တစ်ယောက်ယောက် ရှိနေသလား။

" နိမိတ်သားရဲတွေ ဒီလောက် စိုးရိမ်ထိတ်လန့်နေတာ ဆိုတော့ လူမဟုတ်တဲ့ အရာနဲ့ ရင်ဆိုင်ရတာ ဖြစ်နိုင်တယ်..." ရှေးကျပြီး အက်ကွဲကွဲ အသံတစ်ခုက လီစစ်ဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသဖြင့် လီစစ်ဖုန်း မျက်မှောင်ကြုတ်သွားတော့သည်။

"လူ မဟုတ်ဘူး ဟုတ်လား... ဒါဆို တစ္ဆေများ ဖြစ်နေမလား..." သူက စိတ်ထဲမှနေ၍ ပြန်မေးလိုက်၏။

"ငါလည်း မသိဘူး... ဒါပေမဲ့ ဒီလောကကြီးမှာ မိစ္ဆာဝိညာဉ်တွေ အမြဲတမ်း ရှိနေတတ်တယ်... မင်းတို့ကို အခုချက်ချင်း ထွက်သွားဖို့ ငါ အကြံပေးပါရစေ..."

ဤရှေးကျပြီး အက်ကွဲကွဲ အသံမှာ တီရွှမ်းဓားထဲတွင် ရှိနေသော နှစ်တစ်ထောင် ဓားဝိညာဉ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသုံးသပ်ချက်ကို ကြားသောအခါ လီစစ်ဖုန်း၏ အမူအရာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီး ချက်ချင်းပင် အမိန့်ပေးလိုက်၏။

"အားလုံး ပစ္စည်းတွေ သိမ်းပြီး အခုချက်ချင်း ဆုတ်ခွာကြ..."

ထိုစကားကို ကြားသောအခါ တပည့်များမှာ အံ့အားသင့်သွားကြသော်လည်း အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ အသက်ငါးရှိုက်ပင် မပြည့်မီ အချိန်အတွင်းမှာပင် သူတို့တွေ လီစစ်ဖုန်း၏ နောက်မှ တောင်ဘက်သို့ လိုက်ပါသွားကြ၏။ လီစစ်ဖုန်း လေချွန်လိုက်တော့ ငရဲချီလင်ကလည်း ချက်ချင်းပင် လှည့်၍ သူ့နောက်သို့ ပြေးလိုက်လာသည်။

လူအုပ်စုမှာ ပို၍ပို၍ မြန်ဆန်စွာ ပြေးလွှားလာကြပြီး တစ်ချက်တစ်ချက်တွင် နောက်သို့ လှည့်ကြည့်နေကြ၏။ ငရဲချီလင်ကလည်း ထိုနည်းတူပင် ပြုလုပ်နေပြီး ၎င်း၏ ဟိန်းဟောက်သံများ ပိုမို ပြင်းထန်လာသဖြင့် လူတိုင်းကို ပို၍ စိုးရိမ်လာစေသည်။

ချီလင်ကို ဤမျှ ထိတ်လန့်သွားစေနိုင်သည့် အရာက ဘာဖြစ်နိုင်မည်နည်း။

တပည့်များ အားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ အမည်မသိ အန္တရာယ်များက အကြောက်မက်ဖွယ် အကောင်းဆုံးပင် ဖြစ်သည်။ တစ်စုံတစ်ခုက သူတို့ကို လိုက်ဖမ်းနေသည်ဟုပင် သူတို့ ခံစားလာရသည်။ မည်သည့် အသံမျှ မထွက်ပေါ်လာသော်လည်း ထိုကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

All Chapters