ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်
Vol. 24 Ch. 232
နွေရာသီ ရောက်လာသောအခါ ချင်းရှောင်တောင်ပေါ်ရှိ ရာသီဥတုလည်း အေးမြလာ၏။
တောအုပ်ထဲတွင် ရှစ်နှစ်အရွယ် လီဟွိုင်ကျိန်းက သုံးနှစ်အရွယ် လီရှို့ကျန်း၊ လီရှို့မင်တို့အပြင် အခြား ကလေးငယ် အချို့နှင့်အတူ ကစားနေသည်။ ထိုကလေးများထဲတွင် အကြီးဆုံး ကလေးမှာ လီဟွိုင်ကျိန်းနှင့် ရွှယ်တူလောက်ပင်ရှိဉီးမည်။
လီဟွိုင်ကျိန်းကို သခင်မရွှီက ကုသမှု ခံယူရန် ချင်းရှောင်ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ပြီးကတည်းက သားအမိ နှစ်ယောက်စလုံး ချင်းရှောင်ဂိုဏ်းတွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ လီဟွိုင်ကျိန်းက ချင်းရှောင်ဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး စစ်မှန်သော ချင်းရှောင်ဂိုဏ်း တပည့်တစ်ဦး ဖြစ်လာခဲ့ချေပြီ။
မလှမ်းမကမ်းတွင်…
ယွမ်ချီက သူတို့ကို ပျင်းရိပျင်းတွဲဖြင့် ကြည့်နေမိသည်။ ဤကလေးများကို အဖော်ပြုပေးနေရသည်မှာ လွန်စွာ ပျင်းစရာကောင်းလှသည်ဟု ခံစားရသော်လည်း လီရှို့ကျန်းနှင့် လီရှို့မင်တို့က အလွန် အရေးပါသဖြင့် ကလေးနှစ်ယောက်ကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားအောင် အလစ်အငိုက် မပေးရဲချေ။
ထ်ိုစဉ် အကြည့်များက လီဟွိုင်ကျိန်း အပေါ်သို့ မရည်ရွယ်ဘဲ ကျရောက်သွား၏။ ဤကလေး၏ ပါရမီက အံ့မခန်းဖြစ်ပြီး ဂိုဏ်း၏ နောက်ထပ် ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်မလားဟု သူ တွေးနေမိသည်။
သို့သော်လည်း ပါရမီရှင် ဖြစ်လျှင်တောင်မှ ဘာမျှ မထူးခြားလှပေ။ သူသည် ပါရမီရှင် အမြောက်အမြားကို မြင်တွေ့ဖူးပြီး ဖြစ်၏။
ကိုးပြည်ထောင်နယ်မြေတွင် တည်ရှိသော ချင်းရှောင်ဂိုဏ်းက လောကတစ်ခွင်မှ ပါရမီရှင်များကို ဆွဲဆောင်လျက် ရှိသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က စာရင်းသွင်းခွင့် ရရှိနိုင်သော အခြေခံတပည့် နေရာများကို ယခုအခါတွင် ဝင်ခွင့် လက်ခံပေးနေပြီ ဖြစ်၏။ ဝင်ခွင့် သတ်မှတ်ချက်များကလည်း ပို၍ပို၍ မြင့်မားလာပြီး နှစ်စဉ်နီးပါး စံနှုန်းသစ်များ ထွက်ပေါ်လာကာ ဤသည်က ချင်းရှောင်ဂိုဏ်း မည်မျှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း သက်သေပြရန် လုံလောက်လှသည်။
ထိုအခိုက်၌ တပည့်တစ်ဦးက ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကြွေကျနေသော သစ်ရွက်များနှင့်အတူ ယွမ်ချီ၏ ဘေးသို့ ရောက်လာသည်။
ထိုတပည့်က ယွမ်ချီ၏ နားအနီးသို့ ကပ်၍ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယွမ်ချီက မျက်မှောင်ကြုတ်၍ …. "ဆက်ကြည့်ထားပြီး အဲဒီလူရဲ့ ရုပ်သွင်ကို မှတ်ထားလိုက်..."
"ဟုတ်ကဲ့ပါ..."
တပည့်ဖြစ်သူက ပြန်လည် ဖြေကြားပြီးနောက် အပေါ်သို့ ခုန်တက်သွားကာ သစ်ပင်များ အထက်ရှိ ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားတော့သည်။
ယွမ်ချီ ဤမျှလောက် ဂရုစိုက်နေသောသူမှာ သဘာဝကျကျပင် သူ့ရဲ့ ညီငယ် ယွမ်လီပင်။
ယွမ်လီသည် ယခုနှစ်တွင် ဆယ့်ခုနစ်နှစ် အရွယ် ရှိပြီ ဖြစ်ပြီး ဂိုဏ်းချုပ်၏ တပည့် တစ်ဦးအနေဖြင့် အာရုံစိုက်မှု အများအပြားကို ရရှိထား၏။ ယခုနှစ် အစပိုင်းမှ စတင်၍ လူများက ယွမ်လီနှင့် အောင်သွယ်ပေးရန် တောင်းဆိုနေကြသည်။
ယွမ်ချီက ယွမ်လီကို အလွန်စောစီးစွာ အိမ်ထောင်ကျခွင့် ပြုမည် မဟုတ်ပေ။ သူနှင့် မတူဘဲ ယွမ်လီက မသေမျိုးလမ်းစဉ်ကို လိုက်စားနေခြင်း ဖြစ်ပြီး သူ့ရဲ့ညီငယ်ကို လောကီရေးရာ အချစ်နှင့် ဆက်ဆံရေးများဖြင့် ချည်နှောင်ခံရမည်ကို သူ အလိုမရှိချေ။
သေချာသည်မှာ သူက ယွမ်လီကို မေးမြန်းခဲ့ပြီး ဤသည်ကလည်း ယွမ်လီ၏ သဘောထားပင် ဖြစ်သည်။ အစ်ကိုကြီး တစ်ယောက်အနေဖြင့် ညီငယ်ကို ဤပြဿနာများမှ ကင်းဝေးစေရန် သဘာဝကျကျပင် ကူညီပေးရမည် ဖြစ်၏။
လင်းရှောင်ဝင်း အတွင်း၌….
လီချင်းချိုးက လက်ဖက်ရည် သောက်နေရင်း ချင်းရှောင်ဂိုဏ်း၏ အမာခံစခန်း အတွက် အစီအစဉ်များကို ကျန်းယွီချွန်း ပြန်လည် ပြောပြနေသည်ကို နားထောင်နေသည်။
ကျန်းယွီချွန်းက ကျုံးထျန်းစီရင်စုတွင် ဂိုဏ်းအတွက် သီးသန့် မြို့တစ်မြို့ တည်ဆောက်ရန် စီစဉ်ထား၏။ တပည့်များ အနားယူရန်၊ ကျင့်ကြံရန်နှင့် အမျိုးမျိုးသော ဝိညာဉ်ရေးရာ အရင်းအမြစ်များကို ဝယ်ယူရန် ဖြစ်သည်။
ကျုံးထျန်းစီရင်စုတွင် နေရာသတ်မှတ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းကို ကိုးပြည်ထောင်နယ်မြေ၏ ဗဟိုချက် ဖြစ်လာစေရန်နှင့် အနာဂတ်တွင် နန်းတွင်းကို ကြီးကြပ်ကွပ်ကဲနိုင်ရန် အတွက် ဖြစ်သည်။
ထိုကဲ့သို့သော မြို့တစ်မြို့ကို တည်ဆောက်ရန် ခန်းမ တစ်ခုစီ၏ အခွဲများကို ထိုမြို့အတွင်း၌ ထားရှိရမည် ဖြစ်ပြီး ဂိုဏ်းတစ်ခုကဲ့သို့ အာဏာစနစ် တစ်ခုကို ဖွဲ့စည်းကာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းကျောင်း၍ စည်းမျဉ်းများကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
လီချင်းချိုးက ဤကိစ္စကို ကန့်ကွက်ခြင်း မရှိဘဲ ယခုအချိန်တွင် ချင်းရှောင်ဂိုဏ်းအနေဖြင့် ဤအဆင့်သို့ ရောက်ရှိနေသင့်ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။
ခန်းမအခွဲများ ရှိနေလျှင်ပင် အရေးကြီးသော ကိစ္စရပ်များကို ဆုံးဖြတ်ချက် ချနိုင်ရန် မြို့တစ်မြို့တွင် ကိုယ်ပိုင် အရှင်သခင် တစ်ဦး ရှိရမည် ဖြစ်၏။
မည်သူက မြို့စားမင်း ဖြစ်လာနိုင်မည်နည်း…
"မြို့စားရာထူးကို ခန်းမသခင်တွေနဲ့ ဒုခန်းမသခင်တွေ ကြားထဲကနေ ရွေးချယ်နိုင်ပြီး ဒါဆိုရင် နေရာတစ်ခု လွတ်သွားလိမ့်မယ်..." ဟု ကျန်းယွီချွန်းက အကြံပြုလိုက်သည်။
လီချင်းချိုးက ခေါင်းညိတ်၍ …
"သတင်းဖြန့်လိုက်ပြီး ကိုယ်တိုင် ဆန္ဒရှိတဲ့သူ ရှိမရှိ ကြည့်လိုက်... ပြီးရင် ငါ ရွေးချယ်မှု တစ်ခု လုပ်မယ်... ဒီမြို့က လောကီရေးရာတွေနဲ့ ကင်းကွာနေရမှာ ဖြစ်ပြီး ကုန်သွယ်ရေး နေရာတစ်ခု အနေနဲ့ အသုံးပြုလို့ မရတော့ဘူး..."
"မှတ်ထားပါ... ချင်းရှောင်ဂိုဏ်းက လောကီရေးရာတွေကနေ တဖြည်းဖြည်းချင်း ခွဲထွက်ဖို့ လိုအပ်တယ်... တချို့ကိစ္စတွေကို အောက်ခြေကို လွှဲပြောင်းပေးနိုင်တယ်..."
ကျန်းယွီချွန်းလက်အောက်၌ အလုပ်လုပ်နေသော လောကီ အထက်တန်းလွှာ မိသားစုများနှင့် သိုင်းလောကသား အများအပြား ရှိပြီး အခြားသော ခန်းမသခင်များ၊ ဒုခန်းမသခင်များနှင့် အကြီးအကဲများတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။
အနာဂတ်တွင် လောကီ စီးပွားရေး လုပ်ငန်းများကို အခြေခံတပည့်များထံသို့ လွှဲပြောင်းပေးနိုင်သည်ဟု လီချင်းချိုး ခံစားမိသည်။ ကျင့်ကြံသူများ အနေဖြင့် တစ်နေ့ကုန် ငွေအကြောင်း ပြောဆိုနေခြင်းနှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်နေခြင်းက ချင်းရှောင်ဂိုဏ်း၏ ပုံရိပ်ကို ထိခိုက်စေလိမ့်မည်။
ထို့အပြင် ချင်းရှောင်ဂိုဏ်းက ယခုအခါတွင် ကိုယ်ပိုင် အခြေခံအုတ်မြစ်များကို စုဆောင်းထားပြီး ဖြစ်သဖြင့် စစ်မှန်သော ကျင့်ကြံရေးဂိုဏ်း တစ်ခုအဖြစ်သို့ တဖြည်းဖြည်းချင်း ကူးပြောင်းသွားသင့်သည်။
ကျန်းယွီချွန်းက ခေါင်းညိတ်၍ … "ဒါကို ကျွန်တော် ဦးဆောင်ပြီး လုပ်ပေးပါ့မယ်..."
နောက်ထပ် မိနစ်အနည်းငယ်ခန့် စကားစမြည် ပြောဆိုပြီးနောက် ကျန်းယွီချွန်းက နှုတ်ဆက်ရန် နေရာမှ ထလိုက်သည်။
ရက်အနည်းငယ် အကြာတွင် ချင်းရှောင်ဂိုဏ်းက ဒေသ၏ အပြင်ဘက်၌ မြို့တစ်မြို့ တည်ဆောက်မည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး တပည့် အများအပြားက သူတို့၏ သဘောတူညီမှုကို ဖော်ပြခဲ့ကြသည်။ သူတို့က တောင်ခြေတွင် လေ့ကျင့်ရေးဆင်းနေကြခြင်း ဖြစ်ပြီး အလွန်ဝေးကွာသော နေရာသို့ သွားရပါက ဝိညာဉ်ချီဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများက အလွယ်တကူ ကုန်ခမ်းသွားနိုင်၏။ အကယ်၍ ကျုံးထျန်းစီရင်စုတွင် မြို့တစ်မြို့ တည်ဆောက်နိုင်ပါက ရိက္ခာများကို ပိုမို မြန်ဆန်စွာ ပြန်လည် ဖြည့်တင်းနိုင်မည် ဖြစ်သည်။
ထက်မြက်သော ပုဂ္ဂိုလ်အချို့က ဤသည်ကို အခွင့်အရေး တစ်ခုအဖြစ် သဘောပေါက်သွားကြသည်။
ချင်းရှောင်ဂိုဏ်းတွင် ပါရမီအပေါ် မှီခိုခြင်းအပြင် အဆင့်အတန်း မြင့်တက်လာခြင်းကလည်း ပိုမိုများပြားသော အရင်းအမြစ်များကို ယူဆောင်လာပေးနိုင်သည်။ မြို့ခွဲများနှင့်အတူ ခန်းမအခွဲများ ရောက်ရှိလာမည် ဖြစ်ပြီး အာဏာရှိသော ရာထူးနေရာ အမြောက်အမြားက တပည့်များကို စောင့်ကြိုနေချေပြီ။
အပြင်ဘက်တွင် နှစ်အနည်းငယ်ခန့် အလုပ်လုပ်ပြီး အတွေ့အကြုံများ ရရှိပြီးနောက်တွင် ချင်းရှောင်တောင်သို့ ပြန်လာကာ တာဝန်ယူနိုင်မည် ဖြစ်ပြီး ထိုနေရာတွင် သင့်အဆင့်အတန်းနှင့် ဆက်ဆံခံရမှုမှာ လုံးဝ ကွာခြားသွားလိမ့်မည် ဖြစ်သည်။
အနာဂတ်တွင် ဤကဲ့သို့သော မြို့များ သေချာပေါက် ပိုမို များပြားလာမည် ဖြစ်ပြီး မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းအတွက် ပထမဆုံး မြို့မှာ အဆင့်အတန်းအရ ထူးခြားလာလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်များ စတင် ခေါင်းကိုက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လူယုံများ အပါအဝင် တပည့် အမြောက်အမြားက သူတို့ထံမှ သတင်းအချက်အလက်များကို တောင်းဆိုနေကြသောကြောင့်ပင်။
အဖွဲ့ကို ကိုယ်စားပြုရန် မှန်ကန်သော လူများကို ရွေးချယ်ခြင်းက ခေါင်းဆောင်များအတွက် ခက်ခဲသော အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ အကယ်၍ သူတို့က လူအများ၏ ထောက်ခံမှုကို မရရှိနိုင်ပါက လျှို့ဝှက် အန္တရာယ်များကို ချန်ရစ်ထားခဲ့နိုင်၏။
ရက်အနည်းငယ် အကြာတွင် လီချင်းချိုးထံသို့ ယွမ်ချီ လာရောက် တိုင်ကြားလေသည်။
အထက်တန်းလွှာ မိသားစုများက ယွမ်လီကို အဆက်မပြတ် နှောင့်ယှက်နေပြီး ကျင့်ကြံခြင်းကို ဝင်ရောက် စွက်ဖက်နေကြကြောင်း သိရ၏။
ယွမ်ချီက ဂိုဏ်းချုပ်အတွက် အလုပ်လုပ်ပေးနေသော်လည်း အထက်တန်းလွှာ မိသားစုများကို တိုက်ရိုက် စော်ကားရန် သူမဝံ့ရဲချေ။
ဂိုဏ်းအတွင်း တက်ကြွစွာ လှုပ်ရှားနေသော အထက်တန်းလွှာ မိသားစုများအားလုံး နီးပါးတွင် ဂိုဏ်းအတွင်း၌ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနေသော တပည့်များ ရှိကြသည်။ သူတို့က ချင်းရှောင်ဂိုဏ်းကို အသနားခံခဲ့ရသော လောကီဂိုဏ်းများ မဟုတ်ကြတော့ပေ။ ယွမ်ချီက ဤအထက်တန်းလွှာ မိသားစုများထံမှ ဖိအားများကိုလည်း ခံစားနေရ၏။
"ငါ့ကိုယ်စား သတင်းဖြန့်ပေးလိုက်... ငါ့ကို ကျော်လွန်ပြီး ငါ့တပည့်နဲ့ အိမ်ထောင်ရေး ကိစ္စ ဆွေးနွေးခွင့် ဘယ်သူ့ကိုမှ ခွင့်မပြုဘူးလို့..."
ယွမ်ချီမှာ ဤစကားများကို ကြားရသဖြင့် အလွန် စိတ်လှုပ်ရှားသွားသည်။ ဤစကားများနှင့်အတူ သူ ယုံကြည်မှု ရှိသွားပြီ ဖြစ်၏။ သူက လီချင်းချိုးကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပြီးနောက် နှုတ်ဆက် ထွက်ခွာသွားတော့သည်။
လီချင်းချိုးအတွက်မူ ဤသည်က အသေးအဖွဲ ကိစ္စလေး တစ်ခုသာ ဖြစ်သည်။
သူ မျက်နှာသာပေးထားသော သူများမှာ တိကျသော အာဏာရှိသည့် ရာထူးနေရာများ ပေးမထားလျှင်တောင်မှ ဂိုဏ်းသားများနှင့် အထက်တန်းလွှာ မိသားစုဝင် အမြောက်အမြားက သူတို့နှင့် ပေါင်းသင်းဆက်ဆံရန် ဆွဲဆောင်ခံနေရသည်။ ဤသည်က တားဆီး၍ မရနိုင်သော အရာတစ်ခု ဖြစ်၏။
ထို့နောက် ဆက်ခံသူစာရင်း မျက်နှာပြင်ကို ဖွင့်လိုက်ပြီး တပည့်သစ်များ၏ မျက်နှာပြင်ကို ကြည့်လိုက်သည်။
သူသည် သင့်တော်သော အထူး ကံကြမ္မာကို ရှာဖွေနေဆဲ ဖြစ်ပြီး ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။
မကြာမီမှာပင် ရှောင်ဝူချင်းက ခြံဝင်းထဲသို့ အလျင်စလို ပြေးဝင်လာပြီး လီချင်းချိုးကို ဦးညွှတ်ကာ….
"ဂိုဏ်းချုပ်... အတွေ့အကြုံရှာဖွေရေးခန်းမက တပည့်တစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်... ခန်းမသခင် လီစစ်ဖုန်း ဒုက္ခရောက်နေပါပြီ..."
ထိုစကားကို ကြားသောအခါ လီချင်းချိုး၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး …
"သူ့ကို ဝင်လာခိုင်းလိုက်..."
"ဟုတ်ကဲ့ပါ..."
ရှောင်ဝူချင်းက ချက်ချင်း လှည့်ထွက်သွားပြီးနောက် လီချင်းချိုး မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် စနစ်မျက်နှာပြင်တွင် လီစစ်ဖုန်း၏ ပုံတူကို လျင်မြန်စွာ ရှာဖွေကြည့်လိုက်၏။လီစစ်ဖုန်း၏ ပုံတူ ရှိနေဆဲ ဖြစ်သည်ကို မြင်သောအခါမှသာ သူ သက်ပြင်းချလိုက်နိုင်သည်။
လီစစ်ဖုန်း ဘာတွေများ ဖြစ်သွားနိုင်သနည်း။
ရွှမ်ကျီဂိုဏ်းတွင် လမ်းစဉ်သို့ ဝင်ရောက်ခြင်း အဆင့်ရှိသော သခင်တစ်ဦး ရှိနေလျှင်ပင် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။
မြောက်ပိုင်းရှိ မိစ္ဆာနယ်မြေနှင့်များ ပတ်သက်နေသလား။
ဒီကောင်လေးက အမြဲတမ်း ပြဿနာ ရှာနေတာပဲ။
မိစ္ဆာနယ်မြေ အကြောင်း တွေးမိသောအခါ လီချင်းချိုး ဖိအားများကို ခံစားလိုက်ရ၏။
အဓိက ပြဿနာမှာ မိစ္ဆာနယ်မြေရှိ မိစ္ဆာများ မည်မျှ အစွမ်းထက်ကြောင်း သူ မသိခြင်းပင် ဖြစ်သည်။
မကြာမီမှာပင် ရှောင်ဝူချင်းက အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်တစ်ဦးကို ဝင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ လီချင်းချိုး မော့ကြည့်လိုက်ရာ ထိုတပည့်၏ ဝတ်ရုံများက လဲလှယ်ထားခြင်း မရှိဘဲ သွေးစွန်းနေသည်ကို တွေ့လိုက်ရ၏။သွေးလှည့်ပတ်မှုက မတည်ငြိမ်ဘဲ ထိုတပည့်မှာ ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိထားကြောင်း သူ သိနိုင်ပေသည်။
အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်က စားပွဲရှည် ဘေးတွင် ဒူးထောက်ချလိုက်သည်။ ရှောင်ဝူချင်းက ထွက်သွားချင်သော်လည်း လီချင်းချိုးက သူ့ကို တားလိုက်၏။
"ဝူချင်း... သူ့ကို ထူပေးလိုက်ပါ..."
ထိုစကားကို ကြားသောအခါ ရှောင်ဝူချင်းက အမိန့်ပေးသည့်အတိုင်း ချက်ချင်း လုပ်ဆောင်လိုက်သည်။
လီချင်းချိုးက အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်ကို ကြည့်၍ ….
"ထိုင်ပြီးမှ ပြောပါ... အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ... မလောပါနဲ့... ငါ့ကို ဖြည်းဖြည်းချင်း ပြောပြ..."
အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ဝင်ထိုင်လိုက်သည်။
လီချင်းချိုး၏ အမူအရာကြောင့် ရှောင်ဝူချင်းကလည်း ဝင်ထိုင်လိုက်ပြီး အကြည့်များက တပည့်ဖြစ်သူထံတွင် စူးစိုက်နေ၏။
"ခန်းမသခင်လီရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့တွေ ရွှမ်ကျီဂိုဏ်းကို မြောက်ဘက်ဆီ လိုက်လံ တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့ အမာခံစခန်း အများအပြားကို ချေမှုန်းနိုင်ခဲ့ပါတယ်... ဒါပေမယ့် မြောက်ပိုင်းနယ်စပ်က လွန်စွာ ကျယ်ဝန်းလွန်းတဲ့အတွက် ရွှမ်ကျီဂိုဏ်းကို လုံးဝ အမြစ်ပြတ် ချေမှုန်းဖို့က ခက်ခဲနေပါတယ်... တစ်ညမှာတော့ ခန်းမသခင် လီက ကျွန်တော်တို့ကို ပြန်ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်... ဒါပေမဲ့ အဲဒီညမှာပဲ ကျွန်တော်တို့ တိုက်ခိုက်ခံခဲ့ရတယ်..."
ထိုညက အတွေ့အကြုံကို ပြန်လည် သတိရမိသောအခါ တပည့်ဖြစ်သူမှာ မတုန်ယင်ဘဲ မနေနိုင်တော့ချေ။ မျက်နှာက ဖြူလျော့သွားပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
"တစ်စုံတစ်ခုက ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တယ်... အရမ်း မှောင်နေတဲ့အတွက် အဲဒါ ဘာလဲဆိုတာကို လုံးဝ မမြင်ရပါဘူး... ဂိုဏ်းတူအစ်ကို ကျိန့်ယွင်ချောင်က ခါးကနေ ထက်ပိုင်းဖြတ် ခံလိုက်ရတယ်... ခန်းမသခင် လီက ကျွန်တော်တို့ကို အရင် ထွက်ပြေးခိုင်းပြီး သူနဲ့ ငရဲချီလင်က အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ အရာကို တားဆီးဖို့ နောက်မှာ ကျန်ရစ်ခဲ့တယ်... ကျွန်တော်တို့မှာ တောင်ဘက်ကို ထွက်ပြေးဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး..."
ကျိန့်ယွင်ချောင် သေသွားပြီလား။
လီချင်းချိုးက စနစ်မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သော်လည်း ကျိန့်ယွင်ချောင်၏ ပုံတူကို ရှာမတွေ့ခဲ့ပေ။
ဝိညာဉ်အသိအာရုံဖြင့် ပုံတူ သောင်းနှင့်ချီ၍ ရှာဖွေကြည့်ရှုရခြင်းက ခက်ခဲလှသည်တော့ မဟုတ်ချေ။ သူက လျင်မြန်စွာ လုပ်ဆောင်နိုင်ပြီး မှားယွင်းမှုလည်း ရှိမည် မဟုတ်ပေ။
ထိုအခါ စိတ်အခြေအနေ ရုတ်ခြည်း လေးလံသွား၏။ ကျိန့်ယွင်ချောင်က ဓားဆယ့်သုံးလက် အဖွဲ့တွင် ဒုတိယအဆင့်ရှိသော တပည့်တစ်ဦး ဖြစ်ပြီး ကျယ်ပြန့်သော အတွေ့အကြုံများ ရှိသည်။ သူ့စိတ်ထဲတွင် ကျိန့်ယွင်ချောင်ကို အနာဂတ်တွင် ခန်းမအခွဲ၏ အကြီးအကဲ အဖြစ် ခန့်အပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။
မမျှော်လင့်ဘဲ ကျိန့်ယွင်ချောင်က မြောက်ပိုင်းနယ်စပ် ဒေသတွင် သေဆုံးသွားခဲ့သည်။
ရှောင်ဝူချင်းကလည်း ကျိန့်ယွင်ချောင်ကို သိရှိပြီး ကျိန့်ယွင်ချောင် သေဆုံးသွားကြောင်း ကြားသောအခါ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်က….
"ခန်းမသခင်လီနဲ့ လမ်းခွဲပြီး ဒုတိယမြောက်ညမှာ အဲဒီအရာက ကျွန်တော်တို့ကို ပြန်မီလာပြန်တယ်... ဂိုဏ်းတူအစ်ကို ကျိန့်ယွင်ချောင်လိုပါပဲ... ဂိုဏ်းတူအစ်မ တစ်ယောက်လည်း ရုတ်တရက် ခါးကနေ ထက်ပိုင်းဖြတ်ခံလိုက်ရပြီး မြေကြီးပေါ်မှာ အော်ဟစ်နေခဲ့တယ်... ကျွန်တော်တို့ သူ့ကို ကယ်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ထပ် တစ်ယောက်က ခါးကနေ ထက်ပိုင်းဖြတ် ခံလိုက်ရပြန်တယ်... ကျွန်တော်တို့ အရမ်း ကြောက်သွားတဲ့အတွက် ထွက်ပြေးရုံပဲ တတ်နိုင်ခဲ့တယ်..."
"မြောက်ပိုင်းနယ်စပ်ကနေ တောင်ဘက်ကို ကျွန်တော် ထွက်ပြေးလာခဲ့ပြီး အဲဒီအရာက ကျွန်တော့်ကို ဆက်တိုက် လိုက်ဖမ်းနေခဲ့တယ်... ချန်းကျိုးနယ်စပ်ကို ရောက်တဲ့အချိန်မှာတော့ ကျွန်တော် တစ်ယောက်တည်း ကျန်တော့တယ်..."
ဤနေရာသို့ ရောက်သောအခါ ပြောရင်းနှင့် မငိုဘဲ မနေနိုင်တော့ချေ။ အသံထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ထိုစကားကို ကြားသောအခါ လီချင်းချိုးက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး စနစ်မျက်နှာပြင်ကို ထပ်မံ ဖွင့်လိုက်သည်။
အသက်အနည်းငယ်မျှ ရှူသွင်းပြီးနောက် သူ့မျက်လုံးများကနေ အန္တရာယ်ရှိသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။
သူ့ရှေ့တွင် ရှိနေသော တပည့်၏ ပုံကို သူ ရှာမတွေ့ခဲ့ပေ။ ၎င်းက ထိုတပည့်မှာ သေဆုံးနေပြီ ဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။
ရှေ့တွင် ထိုင်နေသော သူက မည်သူနည်း။
ထိုတပည့် အလွန် ဝမ်းနည်းပမ်းနည်း ငိုကြွေးနေသည်ကို မြင်သောအခါ ရှောင်ဝူချင်းက မတတ်သာဘဲ နှစ်သိမ့်လိုက်၏။
"မင်း အခု ချင်းရှောင်ဂိုဏ်းကို ပြန်ရောက်နေပြီလေ... မကြောက်ပါနဲ့... အဲဒီအရာက မင်းကို ထပ်ပြီး လိုက်လာနိုင်မှာ မဟုတ်တော့ဘူး... ဒါပေမဲ့ မင်း သေချာ ရှင်းပြရမယ်... မင်း အဲဒါကို လုံးဝ မမြင်ခဲ့ရဘူးလား..."
ထိုစကားကို ကြားသောအခါ အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်က မော့ကြည့်၍ မျက်ရည်များကို သုတ်လိုက်ကာ ပြန်လည် စဉ်းစားရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
"ဝေဝါးနေတဲ့ ပုံရိပ်တစ်ခုကိုပဲ ကျွန်တော် မြင်ခဲ့ရတယ်... ဂိုဏ်းတူညီလေးရဲ့ သွေးတွေ သူ့အပေါ် ပန်းထွက်သွားတော့မှ သူ့ပုံစံကို မြင်လိုက်ရတာ... သူ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ရှိနေပုံရတယ်..."
သူ စကားပြော၍ပင် မဆုံးသေးချေ။
ရွှတ်...
လီချင်းချိုးက လက်ချောင်းကို ဓားအဖြစ် အသုံးပြု၍ ဓားချီဖြင့် ခုတ်ပိုင်းလိုက်ရာ ထိုသူ၏ ခေါင်း ပြတ်ကျသွားကာ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။
ထိုအခါ ရှောင်ဝူချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အေးခဲသွားတော့သည်။
လီချင်းချိုး ဤလူကို တိုက်ရိုက် သတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
တပည့်ဖြစ်သူ၏ ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို ရှောင်ဝူချင်း စောင့်ကြည့်နေမိသော်လည်း အမူအရာက အေးခဲမသွားဘဲ ထူးဆန်းသော အပြုံးတစ်ခုက သူ့ မျက်နှာပေါ်တွင် ပေါ်ပေါက်လာ၏။
မြေကြီးပေါ်တွင် လဲကျနေသော တပည့်ဖြစ်သူ၏ ခေါင်းက လီချင်းချိုးကို စိုက်ကြည့်၍ မကောင်းဆိုးဝါးဆန်ဆန် ပြုံးကာ ….
"မင်း ငါ့ကို ရိပ်မိသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... မင်းက တကယ့်ကို ကျင့်ကြံသူ တစ်ယောက်ပဲ... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း တော်တော်လေး မြင့်မားတယ်... အဲဒါက အံ့ဩစရာပဲ... သာမန်လူတွေကို စားရတာထက် ကျင့်ကြံသူတွေကို စားရတာကို ငါ ပိုသဘောကျတယ်... ဝိညာဉ်ချီတွေပါဝင်နေတဲ့ မင်းတို့ရဲ့ အသားနဲ့ သွေးတွေက အရမ်းကို အရသာရှိတယ်... အဲဒီအကြောင်း တွေးလိုက်တာနဲ့တင် ငါ စိတ်လှုပ်ရှားလာပြီ..."
ထိုရယ်မောသံက အရိုင်းဆန်ကာ ယုတ်မာလွန်းလှသဖြင့် ရှောင်ဝူချင်း၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားစေသည်။
လီချင်းချိုးက ဖြည်းညင်းစွာ မတ်တတ်ရပ်၍ သူ့ကို ငုံ့ကြည့်ကာ….
"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ..."
"ရည်ရွယ်ချက် ဟုတ်လား... ရည်ရွယ်ချက်ကတော့ မင်းတို့ ဂိုဏ်းတစ်ခုလုံးကို ဝါးမျိုပစ်ဖို့ပေါ့..."
အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်၏ ခေါင်းက စတင် ရယ်မောလာပြီးနောက် သွေးအဖြစ်သို့ ပြောင်းလဲသွားကာ ဦးခေါင်းခွံများပါ အရည်ပျော်သွားတော့သည်။
ထို့နောက် ခေါင်းသာမက တစ်ကိုယ်လုံးကပါ အနီရင့်ရောင် သွေးအိုင်တစ်ခု အဖြစ် အရည်ပျော်သွားပြီး စူးရှသော အနံ့ဆိုးကြီး ထွက်ပေါ်လာတော့သည်။