← Chapters

တစ္ဆေဘုရင်ကျိမင်

Vol. 24 Ch. 233

တစ္ဆေဘုရင်ကျိမင်

Vol. 24 Ch. 233

အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်ဖြစ်သူ ခေါင်းဖြတ်ခံရပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း ရှောင်ဝူချင်း ဆွံ့အသွား၏။ အရင်က သူလည်း တောင်အောက်သို့ ဆင်း၍ လေ့ကျင့်ရေးဆင်းခဲ့ဖူးသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။

တစ်ဖက်လူ၏ စကားများက နားထဲတွင် ပဲ့တင်ထပ်နေပြီး ကြောက်ရွံ့မှုကို ပိုမို ပြင်းထန်လာစေသည်။

မည်သို့သော မိစ္ဆာများနှင့် သတ္တဝါဆိုးများက ချင်းရှောင်ဂိုဏ်းရှိ လူတိုင်းကို ဝါးမျိုပစ်ချင်နေကြသနည်း။

လီချင်းချိုးက တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး အကြည့်များက သွေးအိုင်အပေါ်တွင် စူးစိုက်နေ၏။ အမည်းရောင် အရည်မျှင်များ ပန်းထွက်လာသည်ကို သူ မြင်လိုက်ရသဖြင့် ရှောင်ဝူချင်း၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

ရှောင်ဝူချင်းက ချင်းရှောင်ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

ထိုအမည်းရောင် စွမ်းအင်မျှင်များက လျင်မြန်စွာ စုစည်းသွားပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိသော မှောင်မည်းနေသည့် ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ တိကျသော ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း ၎င်း၏ ပုံရိပ်ကပင် အဆုံးအစမရှိသော ကြောက်ရွံ့ထိတ်လန့်မှုကို သွတ်သွင်းပေးရန် လုံလောက်နေပေသည်။

ထိုမှောင်မည်းနေသော ပုံရိပ် မလှုပ်ရှားနိုင်မီမှာပင် ၎င်း၏ ခန္ဓာကိုယ်မှ စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး ဓားချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဓားရိပ် တစ်ဒါဇင်ခန့် စိုက်ဝင်သွားသကဲ့သို့ ဖြစ်သွား၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်ဝူချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဂိုဏ်းချုပ်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

လူအမျိုးမျိုး အသုံးပြုသော ဓားချီများက တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အထူးသဖြင့် ဓားချီအပေါ် ပို၍ အာရုံခံနိုင်စွမ်းရှိသော ကျင့်ကြံသူများအနေဖြင့် ထိုဓားချီက ဂိုဏ်းချုပ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ခွဲခြား သိမြင်နိုင်ပေသည်။

လီချင်းချိုးက မိစ္ဆာများကို ဖြစ်သလို သတ်ဖြတ်လိုက်ခြင်း မဟုတ်ဘဲ ဝိညာဉ်နှုတ်ဓားပျံမှ ဓားချီကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။

လီချင်းချိုးသည် အကြိမ်တစ်ရာသန့်စင်ခြင်းကံကြမ္မာ ၏ အကူအညီဖြင့် ဝိညာဉ်နှုတ်ဓားပျံကို လေ့ကျင့်သည့် အကြိမ်တိုင်းတွင် သိမြင်နားလည်မှု အသစ်များကို ရရှိခဲ့ပြီး အဆက်မပြတ် တိုးတက်နေခဲ့သည်။

ယခုအခါ သူ့ကို လွန်ကဲသူ တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး ဝိညာဉ်နှုတ်ဓားပျံ၏ လျှို့ဝှက်နက်နဲမှုများကို ဓားကွက်တိုင်းတွင် ထည့်သွင်း အသုံးပြုနိုင်နေပြီ ဖြစ်သည်။ ဓားနှင့် ချီစွမ်းအင် အတွင်း၌ ပြည့်စုံသော နားလည်သဘောပေါက်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုကို ပိုင်ဆိုင်ထားပြီဟုလည်းဆိုနိုင်သည်။

"မင်း..."

လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေက သူ့ရဲ့ခွဲထွက်ဝိညာဉ် နေရာ၌ပင် အေးခဲသွားပြီး ဖျက်ဆီး၍ မရနိုင်တော့မည်ကို လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားပြီး စကားလုံးများတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေ၏။

လီချင်းချိုးက စကားပိုများကို ဆက်ပြောရန် ပျင်းရိနေသဖြင့် ဝိညာဉ်ချုပ်မန္တန်ကို အသုံးပြုရန် လက်ကို မြှောက်လိုက်သည်။ထိုအခါ မျက်ဝန်းအိမ်များက ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး မန္တန်ကို စတင် ရွတ်ဆိုလိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေ၏ ခွဲထွက်ဝိညာဉ်လည်း စတင် တုန်ယင်လာတော့သည်။

သူ့မျက်လုံးများမှ အပြောင်းအလဲကို ရှောင်ဝူချင်း မြင်လိုက်ရသောအခါ ထိတ်လန့်ကြောက်ရွံ့မှုများ လျော့ကျသွားပြီး သိချင်စိတ်ဖြင့် အစားထိုး ဝင်ရောက်လာသည်။

ဤသည်က မည်သို့သော မှော်ပညာရပ် ဖြစ်ကြောင်းကို သူ မသိပေ။

ဂိုဏ်းချုပ်က အမှန်တကယ်ပင် အရာရာတိုင်းကို စွမ်းဆောင်နိုင်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဂိုဏ်းချုပ် မတတ်ကျွမ်းသည့် မှော်ပညာရပ်ဟူ၍ မရှိသကဲ့သို့ ထင်မှတ်ရသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါဆိုးများ၏ ကြောက်မက်ဖွယ် ကောင်းမှုကို သူ နားမလည်နိုင်သော်လည်း ဂိုဏ်းချုပ်က သူတို့ထက် သိသိသာသာ အဆင့်မြင့်မားနေသည်မှာတော့ အထင်အရှားပင်။

စိတ်ထဲမှ သံသယများကို တွေးတောရင်း ရှောင်ဝူချင်း စိတ်ရှည်လက်ရှည်ဖြင့် စတင် စောင့်ဆိုင်းနေလိုက်သည်။

အကယ်၍ အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်က အတုအယောင်သာ ဖြစ်ခဲ့လျှင် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေများက လီစစ်ဖုန်း၊ ကျိန့်ယွင်ချောင်နှင့် အခြားသူများ၏ အမည်များကို မည်သို့လုပ် ထုတ်ဖော် ပြောဆိုနိုင်မည်နည်း။

ထိုအရာက တစ်စုံတစ်ယောက်ကို ပူးကပ်ပြီး သူတို့၏ မှတ်ဉာဏ်များကို ခိုးယူနိုင်စွမ်း ရှိနေခြင်းများလား။

ရှောင်ဝူချင်းစိတ်ထဲ၌ တစ္ဆေလမ်းစဉ် အပေါ်တွင် ပြင်းပြသော စိတ်ဝင်စားမှု တစ်ခု ဖြစ်ပေါ်လာခဲ့ချေပြီ။

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်ဆုံးပြီးနောက် လီချင်းချိုးက ဝိညာဉ်ချုပ်မန္တန်ကို အဆုံးသတ်လိုက်ပြီး လင်းချွမ်နှင့် နန်ကုန်းအာတို့ကို တိုက်ရိုက် ခေါ်ယူကာ တစ္ဆေ၏ ခွဲထွက်ဝိညာဉ်ကို ဝါးမျိုပစ်ရန် စေခိုင်းလိုက်သည်။

"တစ္ဆေဘုရင်ကျိမင်..."

လီချင်းချိုးက ဤခွဲထွက်ဝိညာဉ်၏ မှတ်ဉာဏ်များမှ တစ်ဆင့် မူလဝိညာဉ်၏ အမည်နှင့် မူလဇာစ်မြစ်ကို သိရှိသွားခဲ့ပြီဖြစ်သည်။

တစ္ဆေဘုရင်ကျိမင် က မြောက်ပိုင်းမှ လာခြင်း ဖြစ်သည်။လီချင်းချိုးသိခဲ့ရသော မှတ်ဉာဏ်များက သူ ခွဲထွက်ဝိညာဉ်များကို ဖန်တီးခဲ့ချိန်မှ စတင်ခဲ့၏။ သူက ထိုသို့သော ခွဲထွက်ဝိညာဉ် ကိုးခုကို ဖန်တီးခဲ့ပြီး ဤခွဲထွက်ဝိညာဉ် ကိုးခုက သူ့နောက်မှ တောင်ဘက်သို့ လိုက်ပါလာကာ တွေ့ရာလူတိုင်းကို ဝါးမျိုခဲ့ကြသည်။

ဖော်ပြရကျိုးနပ်သည်မှာ ဤမှတ်ဉာဏ်က ဂိုဏ်းတစ်ခုဟု ထင်ရသော နေရာမှ စတင်ခဲ့ပြီး တပည့်များက တစ္ဆေဘုရင်ကျိမင် ၏ စားသောက်ခြင်းကို ခံခဲ့ရကာ အရိုးများက တောင်ကုန်းငယ် တစ်ခုသဖွယ် ပုံကျနေပြီး တစ္ဆေဘုရင်ကျိမင် ၏ အသိုက်အမြုံ ဖြစ်လာခဲ့သည်။

ထိုမှတ်ဉာဏ်ထဲတွင် စာလုံးနှစ်လုံး ချယ်မှုန်းထားသော အလံတစ်ခုကို မြင်တွေ့ခဲ့ရသေးသည်။

ရွှမ်ကျီ...

တစ္ဆေဘုရင်ကျိမင် နှင့် ရွှမ်ကျီဂိုဏ်းတို့ကြားတွင် မည်သို့သော ဆက်ဆံရေး ရှိသည်ဆိုတာကိုတော့ မရှင်းလင်းပေ။ တစ္ဆေဘုရင်ကျိမင် ချင်းရှောင်ဂိုဏ်းကို ပစ်မှတ်ထားခြင်းမှာ ရွှမ်ကျီဂိုဏ်းနှင့် သက်ဆိုင်နေနိုင်သော်လည်း ရွှမ်ကျီဂိုဏ်းမှာ တစ္ဆေဘုရင်ကျိမင် ၏ ပြန်လည် တိုက်ခိုက်မှုကို ခံစားနေရခြင်းလည်း ဖြစ်နိုင်သည်။

ရွှမ်ကျီဂိုဏ်း အတွင်းရှိ အရိုးတောင်ကြီးကို မြင်လိုက်ရသောအခါ လီချင်းချိုးပင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ ဤသည်က အတိတ်က နတ်ဆိုးဂိုဏ်း၏ လုပ်ရပ်များထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်လှပေသည်။

သို့သော်လည်း အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်များက တစ္ဆေဘုရင်ကျိမင် ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု တွေးမိသောအခါ ကြောက်ရွံ့မှုများက ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမိစ္ဆာဝိညာဉ်ကို အမြန်ဆုံး ရှင်းလင်းပစ်ရမည်။

လီချင်းချိုးက ရှောင်ဝူချင်းကို ကြည့်၍…

"ခေါင်းလောင်း တီးလိုက်..."

"ဟုတ်ကဲ့ပါ..."

ရှောင်ဝူချင်းက ချက်ချင်း ထွက်သွားသော်လည်း လီချင်းချိုးကမူ မြေပြင်ပေါ်ရှိ သွေးများကို စိုက်ကြည့်နေပြီး တစ်လက်မမျှပင် မလှုပ်ရှားခဲ့ချေ။

မကြာမီမှာပင် လင်းရှောင်ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် အချိန်အနည်းငယ် အကြာတွင် ခန်းမသခင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ လီချင်းချိုး သွေးအိုင် တစ်ခုရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများ မည်းမှောင်သွားကြပြီး ဤအစည်းအဝေးက ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မသက်ဆိုင်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်ဆုံးပြီးနောက် လီချင်းချိုးက ခုံဝင် ဝင်ထိုင်လိုက်သည်။

ကျန်းယွီချွန်း၊ ချင်းရှောင်ဘိုးဘေး၊လီတုန်းယွဲ့၊ လီစစ်ကျင်၊ ဝူမန်အာ၊ ရွှီနင်း၊ ရွှယ်ကျင်း၊ ကျူးယန်၊ ယန်ကျွယ်တိန်၊ ကျန်းယွီ၊ ချန်ချန်ဟိုင်၊ ရှန်ယွဲ့၊ ယန်တောက်ကျုံးနှင့် ချူကျင်းတို့က စားပွဲရှည်ကို ဝိုင်းရံ၍ ထိုင်လိုက်ကြပြီး လီချင်းချိုးကို ကြည့်နေကြသည်။

လီချင်းချိုးက ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်သည်။

လီစစ်ဖုန်း ပျောက်ဆုံးနေမှုနှင့် ကျိန့်ယွင်ချောင်၏ ကြေကွဲဖွယ် သေဆုံးမှု အကြောင်းကို ကြားသောအခါ လူတိုင်း၏ အမူအရာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီး အထူးသဖြင့် ရွှယ်ကျင်း၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ဖြစ်နေသည်။

အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်ကို တစ္ဆေဘုရင်ကျိမင် က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် ပူးကပ်ထားပြီး ချင်းရှောင်ဂိုဏ်းကို ရန်စရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသွားသောအခါ လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

အစည်းအဝေးတက်ရောက်လာသူများထဲတွင် မည်သူကမျှ တစ္ဆေများ သို့မဟုတ် သတ္တဝါဆိုးများနှင့် တိုက်ခိုက်ခဲ့ဖူးသော အတွေ့အကြုံ မရှိကြသဖြင့် ဤအမည်မသိ စွမ်းအားအပေါ် သဘာဝကျကျပင် သတိထားနေကြသည်။

လီချင်းချိုးက သူ ရယူထားနိုင်ခဲ့သော မှတ်ဉာဏ်များကိုလည်း ရှင်းပြခဲ့သည်။ ရွှမ်ကျီဂိုဏ်းက တစ္ဆေဘုရင်ကျိမင် ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤသည်က လူတိုင်းကို ဝမ်းသာမသွားစေဘဲ သူတို့ကို ပို၍ပင် မသက်မသာ ဖြစ်သွားစေသည်။

ဘေးဒုက္ခ နီးကပ်လာပြီ ဖြစ်ကြောင်း သူတို့အားလုံး ခံစားလိုက်ကြရသည်။

လီချင်းချိုး စကားပြောပြီးသွားသောအခါ ရွှယ်ကျင်းက အရင်ဆုံး စကားပြောခဲ့သည်။

"တစ္ဆေဘုရင်ကျိမင်ကို စုံစမ်းဖို့အတွက် မြောက်ဘက်ကို သွားဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..."

"လီစစ်ဖုန်းတောင် သူ့ကို မယှဉ်နိုင်တာ မင်းက ဘာသွားလုပ်မလို့လဲ..."

ယန်ကျွယ်တိန်က ရွှယ်ကျင်းကို စူးရဲစွာ ကြည့်၍ ပြောလိုက်သည်။ လီချင်းချိုး၏ အတွေးများကို သူက ခန့်မှန်းမိပြီး ဖြစ်၏။

လီချင်းချိုးက လက်ကို မြှောက်၍ အောက်သို့ ဖိချလိုက်ပြီး သူတို့ကို ငြင်းခုံခြင်း ရပ်တန့်ရန် အချက်ပြလိုက်သည်။

"ဒီတစ်ခါ ငါ ကိုယ်တိုင် သွားမယ်... မင်းတို့ကို ငါ အခုလို ပြောပြရတာက တစ္ဆေဘုရင်ကျိမင် ထပ်ပြီး ဝင်ရောက်မလာနိုင်အောင် ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ပဲ..."

လီချင်းချိုးက ရွှီနင်းနှင့် ရှန်ယွဲ့တို့ကို ကြည့်၍ …

"နင်းအာ... ရှန်ယွဲ့... ဒီကာလအတွင်း တံခါးပိတ် ကျင့်ကြံဖို့ မလောပါနဲ့ဦး... ဂိုဏ်းကို အာရုံစိုက်ထားကြပါ..."

ထိုစကားကို ကြားသောအခါ ရွှီနင်းနှင့် ရှန်ယွဲ့တို့က ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

"ဒီကိစ္စကို အများသိအောင် မထုတ်ပြန်နဲ့ဦး... အရှင်ကျင်းရဲ့ အတွေးတွေကို မင်းတို့ အားလုံး နားထောင်သင့်တယ်... သူက တစ္ဆေလမ်းစဉ်နဲ့ ပတ်သက်ရင် ကျွမ်းကျင်သူပဲ... အကယ်၍ တစ်ခုခု မှားယွင်းနေတယ်လို့ သူ ခံစားမိရင် မင်းတို့ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ်..."

လီချင်းချိုးက ညွှန်ကြားချက်များကို ဆက်လက် ပေးအပ်နေပြီး လူတိုင်းက ချူကျင်းကို မကြည့်ဘဲ မနေနိုင်ကြချေ။ လူအနည်းငယ်ကသာ ချူကျင်း၏ စစ်မှန်သော မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရှိကြပြီး ချူကျင်းက တစ္ဆေလမ်းစဉ်တွင် ကျွမ်းကျင်ကြောင်း ကြားသောအခါ လေးစားမှု အသစ်များဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။

"ဂိုဏ်းချုပ်.. ဘယ်အချိန် ခရီးထွက်ဖို့ စီစဉ်ထားတာလဲ..."ဟု လီတုန်းယွဲ့က မေးလိုက်သည်။

လီချင်းချိုးက …

"စောလေ ကောင်းလေပဲ... တခြား ဂိုဏ်းသားတွေ တစ္ဆေဘုရင်ကျိမင် ရဲ့ အန္တရာယ်ကနေကာကွယ်ဖို့ ငါ ဒီနေ့ပဲ ထွက်ခွာမယ်..."

ယန်တောက်ကျုံးက လီချင်းချိုးကို လေးစား အားကျမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အခြားသော ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ လီချင်းချိုးက ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ ဂိုဏ်းထဲရှိ လူများကိုသာ ဖြေရှင်းခိုင်းလေ့ ရှိသည်။ သို့သော်လည်း ယခုလို လွန်စွာ အန္တရာယ်များပြီး ရက်စက်ကြမ်းကြုတ်သော တစ္ဆေများနှင့် ရင်ဆိုင်ရသောအခါ လီချင်းချိုးက တစ်ယောက်တည်း ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။

ဤတာဝန်ယူမှု စိတ်ဓာတ်က သူ့ကို အထင်ကြီး လေးစားသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ၏ နေရာတွင် ဝင်ရောက် တွေးကြည့်ပါက အကယ်၍ သူသာ မမြင်ရသော တစ္ဆေဘုရင်ကျိမင် နှင့် ရင်ဆိုင်ရလျှင် ကြီးမားသော အန္တရာယ် ရှိလာမည်ကို ကြောက်ရွံ့မိသည်။

ထို့နောက်တွင် လီချင်းချိုးက နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ ဝူမန်အာနှင့် လီစစ်ကျင်တို့က နောက်တွင် ကျန်ရစ်ခဲ့ပြီး သူ့ကို ဝိုင်းရံကာ အားလုံးက အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။

"အကယ်၍ ပြဿနာ တစ်ခုခုနဲ့ ကြုံတွေ့ရရင် မင်း ကျိန်းအာကို ခေါ်ထုတ်နိုင်တယ်... သူ့ကို ကလေးတစ်ယောက်လို သဘောထားနေဖို့ မလိုတော့ဘူး..."ဟု လီချင်းချိုးက ကျန်းယွီချွန်းကို ပြောလိုက်သည်။

ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်သော်လည်း မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေသည်။

သူက လီချင်းချိုးကို ဦးဆောင်၍ မသွားရန် အကြံပေးချင်သော်လည်း လီချင်းချိုး ပြောသည်က မှန်ကန်ကြောင်းကိုလည်း ခံစားမိသည်။ နှောင့်နှေးကြန့်ကြာနေသည့် နေ့ရက်တိုင်းက တပည့်များ အန္တရာယ် ပြုခံရနိုင်ပြီး ခံနိုင်ရည် မရှိသော ပြင်းထန်သည့် နာကျင်မှုများကို ခံစားရနိုင်စေသည်။

လီတုန်းယွဲ့က…

"ဂိုဏ်းတူအစ်ကို... အကယ်၍ ပြိုင်ဘက်က ရင်ဆိုင်ဖို့ ခက်ခဲနေမယ်ဆိုရင် အတင်းအကျပ် မလုပ်ပါနဲ့... အဆိုးဆုံး အခြေအနေမှာဆိုရင် ချင်းရှောင်ဂိုဏ်းက တပည့်တွေ အားလုံးကို ပြန်ခေါ်ပြီး အတူတကွ ရင်ဆိုင်နိုင်ပါတယ်..."

လီစစ်ကျင်နှင့် ဝူမန်အာတို့က စကားမပြောကြသော်လည်း သူတို့၏ မျက်လုံးများကလည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

လီချင်းချိုးက လက်ဝှေ့ယမ်း၍ ရယ်မောလိုက်ကာ…

"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ... ငါ့ကို မယုံကြဘူးလား... ဒါက ငါ တောင်အောက်ကို ပထမဆုံးအကြိမ် ဆင်းတာမှ မဟုတ်တာ..."

အတိတ်က ကိစ္စများကို တွေးတောမိသောအခါ သူတို့ လေးယောက်မှာ အနည်းငယ် ပို၍ စိတ်သက်သာရာ ရသွားကြသော်လည်း တစ္ဆေဘုရင်ကျိမင် က လွန်စွာ ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် သူတို့၏ စိုးရိမ်ပူပန်မှုများကို အပြည့်အဝ ဖယ်ရှားပစ်၍ မရနိုင်သေးချေ။

နာရီဝက်ခန့် အကြာတွင်….

လီချင်းချိုးက ဓားသမား တစ်ဦး၏ ဝတ်စုံသို့ ပြောင်းလဲ ဝတ်ဆင်လိုက်ပြီး ဝါးခမောက် တစ်လုံးနှင့် ရွှေရောင်ဆေးသုတ်ထားသော ပခုံးသိုင်းကြိုးကို ဝတ်ဆင်ကာ ဓားတစ်လက်ပေါ်တွင် စီးနင်း ပျံသန်းသွားတော့သည်။

သူက ချူကျင်းကို ချင်းရှောင်ဂိုဏ်း အတွင်း၌ ချန်ထားခဲ့ပြီး ခါးတွင်မူ ချင်းရှောင်ဓားကို ချိတ်ဆွဲထားသည်။

လင်းချွမ်နှင့် နန်ကုန်းအာတို့ ရှိနေခြင်းဖြင့် သတင်းအချက်အလက်များကို စုဆောင်းနိုင်ပြီး ရွှေသူငယ်မှာလည်း မူလအားဖြည့်နယ်ပယ်၏ ပဉ္စမအလွှာ ကျင့်ကြံခြင်းအဆင့်ရှိသဖြင့် လျှို့ဝှက်လက်နက်များထက်ပင် ပို၍ ထိရောက်မှု ရှိသည်။

လီချင်းချိုး ဤမျှ အလျင်လိုနေရခြင်းမှာ တစ္ဆေဘုရင်ကျိမင် ကို အမြန်ဆုံး ရှာတွေ့နိုင်ရန် တစ္ဆေဘုရင်ကျိမင် ၏ ခွဲထွက်ဝိညာဉ် မှတ်ဉာဏ်များနောက်သို့ လိုက်သွားလိုသောကြောင့် ဖြစ်၏။

သေချာသည်မှာ သူ့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုက လီစစ်ဖုန်းပင် ဖြစ်သည်။

တစ္ဆေဘုရင်ကျိမင် ၏ ခွဲထွက်ဝိညာဉ် မှတ်ဉာဏ်များထဲတွင် လီစစ်ဖုန်းနှင့် ငရဲချီလင်တို့က သူ့ကို နာရီဝက်ကျော်ခန့်သာ တားဆီးနိုင်ခဲ့သည်။ လီစစ်ဖုန်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီးနောက်တွင် နှစ်တစ်ထောင် ဓားဝိညာဉ်၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး ငရဲချီလင်ကမူ တစ္ဆေဘုရင်ကျိမင် ၏ ခြေလက်များကို ဖြတ်တောက်ခံရကာ ဖမ်းဆီး၍ ရွှမ်ကျီဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင်သွားပြီး သံလှောင်အိမ် တစ်ခုထဲတွင် အကျဉ်းချခံထားရသည်။

တစ္ဆေဘုရင်ကျိမင် က ငရဲချီလင်ကို ဘာကြောင့် မသတ်ခဲ့သနည်း။ လီချင်းချိုး တွေးမိသည်မှာ ငရဲချီလင်ကို ဖမ်းဆီးခြင်းက အစာစားချင်စိတ်ကို ဖြည့်ဆည်းရန်သာ မဟုတ်ဘဲ ကိုယ်ပိုင် ရည်မှန်းချက်များလည်း ရှိနေနိုင်သည်ဟု ဖြစ်၏။

...

နေဝင်ဆည်းဆာ အချိန်သို့ ရောက်သောအခါ လီချင်းချိုး ချန်းကျိုးသို့ ရောက်ရှိလာခဲ့သည်။

သူ ချန်းကျိုးသို့ နောက်ဆုံးအကြိမ် လာခဲ့သည်မှာ ချီမိသားစုနှင့် ဖြေရှင်းရန် ဖြစ်သည်။

လီချင်းချိုးတွင် မူလချီစွမ်းအင်များ အလုံအလောက် ရှိနေပြီး မြောက်ပိုင်းနယ်စပ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားရန် စီစဉ်ထားသည်။

ယခုအခါ ချန်းကျိုးက လီမိသားစု ဦးဆောင်သော ကျူရှန်း အဖွဲ့၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။ဖရိုဖရဲ ဖြစ်နေခြင်း သို့မဟုတ် မငြိမ်မသက် ဖြစ်နေခြင်း အရိပ်အယောင်များ မရှိပေ။ တကယ်တမ်းတွင် လီမိသားစုမှာ လွန်စွာ အနေရခက်သော အခြေအနေ တစ်ရပ်တွင် ရှိနေသည်။ လီစစ်ဖုန်း ပြန်မလာဘဲ မည်သည့် အဆင်အခြင်မဲ့ လုပ်ရပ်မျိုးကိုမျှ သူတို့ မလုပ်ဆောင်ရဲကြသလို လျူကျင်း၏ အင်အားကြီးမားစွာ ထွန်းတောက်လာမှုကလည်း သူတို့ကို မသက်မသာ ဖြစ်စေသည်။

ချန်းကျိုးမြို့ တစ်မြို့လုံးက ကြောက်မက်ဖွယ်ကောင်းသော လေထုထဲတွင် လွှမ်းခြုံခံထားရသည်။

သူ ချန်းကျိုးမြို့ အပေါ်မှ ပျံသန်းသွားချိန်တွင် ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်နှင့် မြေပြင်က မှောင်မိုက်နေသဖြင့် လီချင်းချိုး အောက်သို့ ဆင်းသက်ကာ ခြေလျင် ဆက်လျှောက်ရန် ဆုံးဖြတ်လိုက်ပြီး လင်းချွမ်နှင့် နန်ကုန်းအာတို့ကို ပတ်ဝန်းကျင်အား စူးစမ်းရှာဖွေစေခဲ့သည်။

တစ္ဆေဘုရင်ကျိမင် က ရွှမ်ကျီဂိုဏ်းတွင် အသိုက်ဖွဲ့ထားသော်လည်း လှုပ်ရှားမှု ပုံစံများက ပုံသေ မဟုတ်ချေ။ သူက အဝစားပြီးသောအခါ သို့မဟုတ် မိစ္ဆာသားရဲ သို့မဟုတ် နိမိတ်ကောင်းသားရဲ တစ်ကောင်ကို ဖမ်းဆီးရမိသော အခါမှသာ ပြန်လာလေ့ ရှိသည်။

အမှောင်ထုထဲတွင် လျှောက်လှမ်းနေရင်း လီချင်းချိုးက မီးတုတ် မထွန်းညှိခဲ့ပေ။ သူ့ ပခုံးပေါ်တွင် နားနေသော ရွှေသူငယ်ကမူ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။

မြောက်ပိုင်းနယ်စပ်က လူသူကင်းမဲ့ကာ ခြောက်ကပ်နေပြီး ဤနေရာရှိ နွေရာသီ လေပြေများကပင် အေးစက်မှုကို သယ်ဆောင်လာသည်။

ညကောင်းကင်ယံရှိ ကြယ်များက လွန်စွာ စူးရှတောက်ပကာ လှပလွန်းလှသဖြင့် လက်လှမ်း၍ပင် ခူးယူနိုင်တော့မည်ဟု ထင်မှတ်ရသည်။

လီချင်းချိုးကတော့ လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ခံစားကြည့်ရှုရန် စိတ်ဝင်စားမှု မရှိပေ။ ခြေလှမ်းများက နှေးကွေးနေပုံ ရသော်လည်း လက်တွေ့တွင် ခြေတစ်လှမ်းတိုင်းက မီတာအတော်များများသို့ ရောက်ရှိသွားစေသည်။

အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ၏ အားသာချက်များက ဤအခိုက်အတန့်တွင် ထင်ရှားပေါ်လွင်လာ၏။ ရှည်လျားသော ခရီးစဉ် တစ်ခုပြီးနောက်တွင်ပင် လီချင်းချိုး၏ မူလချီစွမ်းအင်များက ပြည့်ဝနေဆဲ ဖြစ်သည်။

ညက ပို၍ပို၍ နက်ရှိုင်းလာပြီး ညသန်းခေါင်ယံ အချိန်တွင်…

လီချင်းချိုးက နာကျင်စွာ ညည်းတွားနေသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပြီး ထိုသူမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်မှာ ထင်ရှားနေသည်။

သူ ထိုအသံနောက်သို့ ချက်ချင်း လိုက်သွားခဲ့ပြီး ကျောက်တုံးများ ဖုံးလွှမ်းနေသော တောင်ကုန်း တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ကျောက်တုံးကြီး တစ်တုံးကို မှီနေသော ပုံရိပ်နှစ်ခုကို သူ မြင်လိုက်ရသည်။သူတို့က အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူတို့၏ ရှေ့တွင် မီးပုံ တစ်ခု ရှိနေသော်လည်း ဤနယ်မြေပေါ်တွင် ထိုမီးရောင်က ပိုးစုန်းကြူး တစ်ကောင်ကဲ့သို့ မှေးမှိန်နေသည်။

အဝေးမှနေ၍ လီချင်းချိုး မြင်လိုက်ရသည်မှာ ထိုအမျိုးသားတွင် ခန္ဓာကိုယ် အပေါ်ပိုင်းသာ ကျန်ရှိတော့ပြီး လွန်စွာ သနားစရာ ကောင်းနေသည်။ အမျိုးသမီးကမူ ဘေးတွင် ထိုင်၍ ဒူးနှစ်ဖက်ကို ဖက်ကာ မျက်နှာကို အပ်ထားသည်။

သူတို့က သေမည့်အချိန်ကို စောင့်ဆိုင်းနေပုံ ရသည်။

ထိုအမျိုးသားက တစ္ဆေဘုရင်ကျိမင် ၏ တိုက်ခိုက်ခြင်းကို ခံထားရကြောင်း လီချင်းချိုးက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။ ထူးဆန်းသည်မှာ တစ္ဆေဘုရင်ကျိမင် က သူတို့ကို ဘာကြောင့် မစားခဲ့သနည်း ဆိုသည့် အချက်ပင်။

All Chapters