← Chapters

နတ်ဘုရားများကို ဖိနှိပ်ခြင်းနှင့် ဝိညာဉ်များကို ချည်နှောင်ခြင်း

Vol. 24 Ch. 237

နတ်ဘုရားများကို ဖိနှိပ်ခြင်းနှင့် ဝိညာဉ်များကို ချည်နှောင်ခြင်း

Vol. 24 Ch. 237

လီချင်းချိုး ပထမဆုံးအကြိမ် ထုတ်ဖော် ပြသလိုက်သော နတ်ဘုရားစွမ်းပကားမှာ ရှန်းကျယ် ဓားသုံးလက်ပညာရပ်ပင်ဖြစ်သည်။

ဤသည်မှာ ဓားလမ်းစဉ်နှင့် သက်ဆိုင်သော ကျန်းကျောက်ရှား၏ ထူးခြားသည့် အတွေ့အကြုံ တစ်ခု ဖြစ်သည်။ နတ်ဘုရားစွမ်းပကားက သူ့အတွက် သင့်တော်သဖြင့် ကျင့်ကြံရန် အချိန်အချို့ကို မြှုပ်နှံထားခဲ့ခြင်းပင်။

လီချင်းချိုး၏ ရှန်းကျယ် ဓားသုံးလက်ပညာကျွမ်းကျင်မှုက လောလောဆယ်တွင် ကျန်းကျောက်ရှား၏ အဆင့်လောက် မမြင့်မားသေးသော်လည်း မူလချီစွမ်းအင်ကတော့ ကြီးမားနေဆဲ ဖြစ်သည်။

ဒါဇင်နှင့်ချီသော ဓားအရိပ်များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ တစ္ဆေဘုရင်ကျိမင် မှာ အတုံးအရုံး ခုတ်ထစ်ခံလိုက်ရပြီး အရိုးများ ပို၍ပို၍ ထင်ရှားလာ၏။

တစ္ဆေဘုရင်ကျိမင်ကို ဗဟိုပြု၍ အရပ်မျက်နှာ အသီးသီးရှိ မြေပြင်များက ဓားချီများ၏ ဖျက်ဆီးမှုကို ခံရရုံသာမက သွေးများလည်း ပေကျံနေသည်။

ထိုကဲ့သို့သော မြင်ကွင်းက အဝေးမှ ကြည့်နေသော မြောက်ပိုင်းနန်းတွင်းစစ်တပ်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး တစ်ချိန်တည်းမှာပင် လီချင်းချိုးကို အလိုအလျောက် လေးစား ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေသည်။

ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေဘုရင်ကျိမင်နှင့် ယှဉ်လိုက်လျှင် လီချင်းချိုး၏ အမူအရာက နတ်မင်း တစ်ပါးနှင့် ပို၍ တူနေသည်။ ထို့အပြင် မြောက်ပိုင်းနန်းတွင်းစစ်တပ်က သူတို့ ဘာကြောင့် ထိုနေရာသို့ ရောက်ရှိနေကြောင်း သိရှိထားသဖြင့် တစ္ဆေဘုရင်ကျိမင်က သူတို့၏ ပစ်မှတ် ဖြစ်ကြောင်း သူတို့ သိနိုင်ပေသည်။ သူတို့၏ ပစ်မှတ် သေလုမြောပါး ညှဉ်းပန်းနှိပ်စက် ခံနေရသည်ကို မြင်သောအခါ သူတို့ သက်ပြင်းချနိုင်သွားကြသည်။

အနည်းဆုံးတော့ သူတို့အားလုံး ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများနှင့် သတ္တဝါဆိုးများကို ကိုယ်တိုင် ရင်ဆိုင်ရန် မလိုအပ်တော့ချေ။

"ကျစ်..."

တစ္ဆေဘုရင်ကျိမင်က အံကြိတ်လိုက်ပြီး ကာကွယ်ရေး အမြန်နှုန်း နှေးကွေးသွားကာ မယိုင်လဲအောင်သာ အနိုင်နိုင် တောင့်ခံထားရသဖြင့် တဖြည်းဖြည်းချင်း ခန္ဓာကိုယ်က ပြင်းထန်စွာ ယိမ်းထိုးလာ၏။

သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အံ့မခန်း မြန်ဆန်သော နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာပြီး လီချင်းချိုး၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်တိုင် သူ လဲကျမသွားခဲ့ပေ။

တစ္ဆေဘုရင်ကျိမင် အချိန်ကြာကြာ တောင့်ခံနိုင်မည်ဟု လီချင်းချိုး မယုံကြည်သဖြင့် နတ်ဘုရားစွမ်းပကားကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။

ထိုစဉ် ပုံရိပ်တစ်ခုက တောင်ပေါ်မှ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဆင်းလာသည်။

ထိုသူမှာ ဖန်ထျန်းရှုပင် ဖြစ်သည်။

ဖန်ထျန်းရှုက ချောက်ကမ်းပါး အစွန်းတစ်လျှောက် အရူးအမူး ပြေးလွှားလာပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ လီချင်းချိုးတယောက်တည်း တစ္ဆေဘုရင်ကျိမင်နှင့် တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဓားအရိပ်များကို ကြည့်ရင်း သူ့ စိတ်ထဲတွင် ထိတ်လန့် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

လီချင်းချိုး၏ နည်းလမ်းများကြောင့် သူ အံ့အားသင့်သွားပြီး အမြင်များကို ထပ်မံ ကျယ်ပြန့်သွားစေ၏။

တစ်ချိန်တည်းမှာပင် စိတ်မသက်မသာ ဖြစ်မှုများကလည်း ကြီးထွားလာနေသည်။

ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုများ ရှိနေသည့်တိုင် သတ္တဝါဆိုးက ဆက်လက် တိုက်ခိုက်နေဆဲပင်။

ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူပင် ထိုမိစ္ဆာဝိညာဉ်ကို မနှိမ်နင်းနိုင်ဘူးလား။

လီချင်းချိုးသာ တစ္ဆေဘုရင်ကျိမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါက သူနှင့် သူ့စစ်တပ်က ဤမိစ္ဆာဝိညာဉ်ကို မည်သို့ ရင်ဆိုင်ရမည်နည်းဟု တွေးမိသောအခါ ဖန်ထျန်းရှု၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့၏။

ထို့ကြောင့် ခြေလှမ်းများ မြန်ဆန်လာကာ တောင်အောက်သို့ အမြန်ဆုံး ဆင်းချင်နေတော့သည်။

လမ်းစဉ်သို့ ဝင်ရောက်ခြင်း အဆင့်သိုင်းသမားတစ်ဦး အနေဖြင့် ဖန်ထျန်းရှု၏ ကိုယ်ဖော့သိုင်း ပညာရပ်များက သဘာဝကျကျပင် အတော်လေး မြင့်မားနေပြီး တခဏချင်းမှာပင် တောင်ခြေနှင့် ပို၍ပို၍ နီးကပ်လာသည်။

ဒေါသတကြီး ပေါက်ကွဲထွက်လာပြီးနောက် ဓားအရိပ်များ၏ တားဆီးခြင်းကို ခံထားရသော တစ္ဆေဘုရင်ကျိမင်က ပုံမှန် မျက်နှာသုံးခု ပါရှိသော အမူအရာ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား၏။ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ရင်း လီချင်းချိုးကို စူးစိုက်ကြည့်ကာ သရော်လိုက်သည်။

"မင်းက ငါ့ကို အချိန်ဆွဲပြီး အနိုင်ယူဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူး မလား... ဒီလို မှော်ပညာရပ်မျိုးက မင်းရဲ့ မူလချီစွမ်းအင်ကို အများကြီး ကုန်ခမ်းစေမှာ သေချာတယ်... ဒါမှမဟုတ် မင်းက သတ္တိရှိသလိုဟန် ဆောင်နေတာလား..."

လီချင်းချိုးက သူ့ကို စိုက်ကြည့်ပြီး…

"မင်း ဘာတွေ လုပ်နိုင်သေးလဲ ဆိုတာကို ငါ ကြည့်ချင်ရုံပါ..."

သူ့ပခုံးပေါ်ရှိ ရွှေသူငယ်က ခေါင်းကို စောင်း၍ တစ္ဆေဘုရင်ကျိမင်ကို ကြည့်နေရင်း တစ်စုံတစ်ရာကို တွေးတောနေပုံ ရသည်။

"ဘာလဲ... မင်းက ငါ့ကို ဂျောင်ပိတ်မိသွားပြီလို့ ထင်နေတာလား..."

တစ္ဆေဘုရင်ကျိမင် ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတွင် မထီမဲ့မြင် ပြုသော အမူအရာတစ်ခု ထွက်ပေါ်လာ၏။

လီချင်းချိုးက ညာဘက်လက်တွင် ချင်းရှောင်ဓားကို ကိုင်ထားပြီး ဘယ်ဘက်လက်ကို မြှောက်၍ ဘေးရှိ ရွှမ်ကျီတောင်ဆီသို့ ညွှန်ပြလိုက်သည်။

တစ်ခဏချင်းမှာပင် တောင်ကြီးက တုန်လှုပ်သွားပြီး တောင်အောက်သို့ ပြေးဆင်းလာနေသော မြောက်ပိုင်းနန်းတွင်းမှ စစ်သားများကို လန့်ဖြတ်သွားစေ၏။

မြေရိုင်းပြင်ပေါ်တွင် စုရုံးနေကြသော စစ်သည် တစ်သောင်းခန့်က စတင် လှုပ်ရှားလာကြပြီး လူပိုများလာသည်နှင့်အမျှ တစ်နေရာတည်းသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ၎င်းက လီချင်းချိုး၏ ဘယ်ဘက်လက် ညွှန်ပြနေသော ဦးတည်ချက်ပင် ဖြစ်၏။

ဘယ်ဘက်ရှိ တောင်နံရံက စတင် အက်ကွဲလာသည်ကို လီချင်းချိုး မြင်လိုက်ရပြီးနောက် ပေဆယ်ခန့် မြင့်သော ကျောက်တုံးကြီး တစ်တုံး တောင်ပေါ်မှ ပြုတ်ကျလာကာ တစ္ဆေဘုရင်ကျိမင် ထံသို့ လွင့်စင်လာပြီး ၎င်း၏ နောက်တွင် ထူထပ်သော ကျောက်စရစ်ခဲများ လိုက်ပါလာသည်။

ဤမြင်ကွင်းက မြောက်ပိုင်းနန်းတွင်းစစ်တပ်ကို ထိတ်လန့်သွားစေရုံသာမက တစ္ဆေဘုရင်ကျိမင်ကိုလည်း တုန်လှုပ်သွားစေသည်။

လီချင်းချိုးက မည်သို့ လုပ်ဆောင်လိုက်ကြောင်း သူ နားမလည်နိုင်ချေ။

ဤသည်မှာ လီချင်းချိုး၏ နတ်ဘုရားစွမ်းပကားတခုဖြစ်သောတောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်း ပင် ဖြစ်၏။

လီချင်းချိုးက ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ တောင်ကုန်းငယ် တစ်ခုခန့် ကြီးမားသော ဧရာမ ကျောက်တုံးကြီး ကောင်းကင်ယံမှ ပြုတ်ကျလာပြီး တစ္ဆေဘုရင်ကျိမင် အပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားကာ ပတ်ဝန်းကျင်ရှိ ဓားအရိပ်များကိုလည်း ပျောက်ကွယ်သွားစေသည်။

ထိုသို့တောင်ပြိုလာသောအရှိန်ကြောင့်မြေပြင် တုန်ခါသွားပြီး မြင်း အများအပြားကို လန့်ဖြတ်သွားစေသည်။

ဖိနှိပ်ခံလိုက်ရသော တစ္ဆေဘုရင်ကျိမင် မှာ အသွေးအသားများကို ဖျက်ဆီး၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားသည်။

သူသည် လီချင်းချိုး နတ်နဂါး အဖြစ်သို့ ပြောင်းလဲသွားသည့် အချိန်မှစ၍ အဆက်မပြတ် ဖိနှိပ်ခံနေရပြီး တိုက်ခိုက်မှုများကိုသာ ငြိမ်သက်စွာ ခံယူနေနိုင်တော့သည်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... ဒီကောင် ဘယ်လိုလုပ် ဒီလို မှော်ပညာရပ်တွေ အများကြီးကို တတ်ကျွမ်းနေရတာလဲ..."

တစ္ဆေဘုရင်ကျိမင်မှာ ကျောက်တုံးများ အောက်တွင် ပိမိသွားပြီ ခန္ဓာကိုယ်က ပျော့ဖတ် အဖြစ်သို့ ပြောင်းလဲသွားကာ အမြင်အာရုံက လုံးဝ မှောင်မိုက်သွားတော့သည်။

အမှောင်ထုထဲတွင် ယခုလိုကြောက်ရွံ့မှုကို သူ မခံစားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

သူ မည်မျှပင် ကြိုးစားစေကာမူ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများကို မဖယ်ရှားနိုင်သလို သွေးမြူခိုး အဖြစ်သို့ ပြောင်းလဲ၍လည်း မရနိုင်တော့ချေ။

"သူ့ရဲ့ ဝတ်စားဆင်ယင်မှုက မြောက်ပိုင်းက လူတစ်ယောက်နဲ့ မတူဘူး... သူက ငါ့ရဲ့ ခွဲထွက်ဝိညာဉ် ဆင့်ခေါ်တာကို ခံရတာများလား..."

မနေ့က သူ့ရဲ့ ခွဲထွက်ဝိညာဉ် တစ်ခုနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်ကို ခံစားလိုက်ရကြောင်း တစ္ဆေဘုရင်ကျိမင် ကြောက်ရွံ့စွာဖြင့် တွေးလိုက်မိ၏။ထိုစဉ်က သိပ်ပြီး အလေးမထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ကိုးပြည်ထောင်နယ်မြေတွင် ကျင့်ကြံသူများ တည်ရှိကြောင်းကို သူ သိထားပြီး ခွဲထွက်ဝိညာဉ်က သိပ်ပြီး မစွမ်းဆောင်နိုင်သဖြင့် ကျင့်ကြံသူကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ချေ။

တစ်ဖက်လူဘက်က ဤမျှ လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ခွဲထွက်ဝိညာဉ်က တောင်ဘက်သို့ သွားခဲ့သော်လည်း သူ့အတွက် တစ်လ အချိန်ယူခဲ့ရသည်မဟုတ်လော။

အခြားတစ်ဖက်တွင်….

ဖန်ထျန်းရှုက ချောက်ကမ်းပါး တစ်ခုသို့ ရောက်ရှိလာပြီး မြေရိုင်းလွင်ပြင်နှင့် ပေတစ်ရာပင် မကွာဝေးတော့ချေ။ အောက်ဘက်တွင် မတ်မတ်ရပ်နေသော ဧရာမ ကျောက်တုံးကြီးကို ငုံ့ကြည့်လိုက်တော့ ဖန်ထျန်းရှု၏ အမူအရာက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။

လီချင်းချိုး၏ နည်းလမ်းများကြောင့် သူ ထပ်မံ အံ့အားသင့်သွားရပြန်သည်။

ဒါက ဘယ်လို မှော်ပညာရပ်မျိုးလဲ….

အဝေးမှ သူ့ထံသို့ ကျရောက်လာသော အကြည့်များကို ဂရုမစိုက်ဘဲ လီချင်းချိုးက ဧရာမ ကျောက်တုံးကြီးထံသို့ လျှောက်သွားပြီး ဝိညာဉ်ချုပ်မန္တန်ကို စတင် ရွတ်ဆိုလိုက်သည်။

တစ္ဆေဘုရင်ကျိမင်က တစ္ဆေကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး သူသုံးခဲ့သမျှ မှော်ပညာရပ်များ အားလုံးက တစ္ဆေလမ်းစဉ် ပညာရပ်များ ဖြစ်သည်။ ထို့ကြောင့် လီချင်းချိုးကသာ ကျိမင်၏ တစ္ဆေဝိညာဉ်ကို ဖိနှိပ်ထားသရွေ့ ထွက်ပြေးနိုင်မည် မဟုတ်ချေ။

သွေးမြူခိုးပညာဟု ခေါ်သော ပညာရပ်မှာ အမှန်တကယ်တွင် တစ္ဆေဘုရင်ကျိမင်၏ တစ္ဆေဝိညာဉ် လှုပ်ရှားနေခြင်းသာ ဖြစ်သည်။ အသက်ရှင်နေသူများက ဝိညာဉ်ကို ထိတွေ့နိုင်ခြင်း မရှိသဖြင့် သူ့ကို သဘာဝကျကျပင် မတားဆီးနိုင်ကြချေ။

တစ္ဆေဝိညာဉ် မလှုပ်ရှားနိုင်သဖြင့် ကျိမင်၏ သွေးသားများက သွေးမြူခိုးများ အဖြစ်သို့ ပြန့်ကျဲသွားကာ လှုပ်ရှား၍ မရနိုင်တော့ပေ။

လီချင်းချိုးက တစ္ဆေဘုရင်ကျိမင်ကို ရင်ဆိုင်ရန်အတွက် အောက်တန်းကျသော နည်းလမ်းများကိုသာ အသုံးပြုနိုင်သည်ဟု ဆိုရမည် ဖြစ်သည်။ အကယ်၍ ချင်းရှောင်ဂိုဏ်းမှ တပည့်များကသာ သူ့ကို ရင်ဆိုင်ရပါက ကျန်းကျောက်ရှားနှင့် ရွှီနင်း အပါအဝင် သူတို့ အားလုံး သေချာပေါက် သေဆုံးရနိုင်ခြေ ရှိပေသည်။

ဝိညာဉ်ချုပ်မန္တန်ကို လီချင်းချိုး စတင် အသုံးပြုလိုက်သည်နှင့် ဧရာမ ကျောက်တုံးကြီး အောက်မှ တစ္ဆေဘုရင်ကျိမင်၏ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

"တာအိုရောင်းရင်း... ငါ မှားသွားပါတယ်... ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ..."

"စီနီယာ... ခင်ဗျား ကျုပ်ကို ဒီလို လုပ်လို့ မရဘူးလေ..."

"မလုပ်ပါနဲ့..."

ဖန်ထျန်းရှုက တစ္ဆေဘုရင်ကျိမင်၏ အသံကို ကြားနိုင်ပြီး အမူအရာ ရှုပ်ထွေးလာသည်။လီချင်းချိုးက တစ္ဆေဘုရင်ကျိမင်ကို အမှန်တကယ် ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း မြင်သောအခါ စိတ်ထဲတွင် ထူးဆန်းပြီး ဖော်ပြ၍ မရနိုင်သော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

တစ္ဆေဘုရင်ကျိမင်၏ တာအိုအဆင့်က အမှန်တကယ်ပင် မနိမ့်ကျသော်လည်း ဝိညာဉ်အသိအာရုံအဆင့် သို့သာ ဝင်ရောက်နိုင်သေးခြင်း ဖြစ်သည်။ လီချင်းချိုး၏ မူလချီစွမ်းအင်က ဝိညာဉ်အသိအာရုံအဆင့်၏ တတိယအလွှာထက် အဆတစ်ရာခန့် ပိုမို မြင့်မားနေပြီး သူက [လူ၊ တစ္ဆေ၊ နတ်ဘုရား] ဆိုသော ကံကြမ္မာကိုလည်း ပိုင်ဆိုင်ထားသည်။တစ္ဆေဘုရင်ကျိမင် ကို ဖိနှိပ်ရန် ဝိညာဉ်ချုပ်မန္တန်ကို အသုံးပြုခြင်းက သူ့အတွက် အလွန် လွယ်ကူသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

မြောက်ပိုင်းနန်းတွင်းစစ်တပ်ကြီးလည်း တိတ်ဆိတ်သွားပြီး လီချင်းချိုးကို မနှောင့်ယှက်ရဲကြချေ။

နေရောင်ခြည်က ဧရာမ ကျောက်တုံးကြီးများ အပေါ်တွင် ရှည်လျားသော အရိပ်များကို ထင်ဟပ်နေစေသည်။

မြေကြီးပေါ်တွင် စိုက်ဝင်နေသော ဤဧရာမ ကျောက်တုံးကြီးကို ကြည့်ရင်း လူတိုင်းက နတ်ဘုရားများ၏ အံ့ဖွယ် ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့ရှိနေရသကဲ့သို့ ခံစားနေကြရသည်။

ဖန်ထျန်းရှုက တောင်အောက်သို့ အလျင်အမြန် ဆင်းသွားပြီး တပ်ဖွဲ့များကို စတင် စုစည်းလိုက်၏။

သူက တစ်ခဏမျှ တွေဝေသွားပြီးနောက် သတ္တိမွေးကာ လီချင်းချိုးထံသို့ လျှောက်သွားလိုက်သည်။

သူက လီချင်းချိုးကို မနှောင့်ယှက်ဘဲ ပေဆယ်ခန့် အကွာတွင် ရပ်၍ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလိုက်သည်။

အချိန်များ ကုန်ဆုံးသွားပြီး လီချင်းချိုးက တစ္ဆေဘုရင်ကျိမင်ကို တစ္ဆေကျွန် အဖြစ်သို့ အောင်မြင်စွာ ဖိနှိပ်နိုင်ရန်အတွက် အမွှေးတိုင် တစ်တိုင်စာ အချိန်အပြည့် ယူခဲ့ရသည်။

သူသည် တစ္ဆေဘုရင်ကျိမင်ကို အသက်ရှင်လျက် ထားရှိမည် မဟုတ်ဘဲ လီစစ်ဖုန်းကို ရှာဖွေရန်နှင့် တစ္ဆေဘုရင်ကျိမင်၏ ဇာစ်မြစ် အကြောင်းကို သိရှိရန်သာ လိုအပ်သည်။ ထို့နောက်တွင် လင်းချွမ်နှင့် နန်ကုန်းအာတို့ကို တစ္ဆေဘုရင်ကျိမင် အား ဝါးမျိုခိုင်းမည် ဖြစ်၏။

ဤမျှ အစွမ်းထက်သော တစ္ဆေဘုရင် တစ်ပါးက ထိုတစ္ဆေနှစ်ကောင်အတွက် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည့် ပင်ပန်းခက်ခဲသော ကျင့်ကြံခြင်းများကို သေချာပေါက် သက်သာသွားစေလိမ့်မည် ဖြစ်သည်။

လီချင်းချိုးက လက်ကို မြှောက်၍ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိသော တစ္ဆေဘုရင်ကျိမင်ကို ကျောက်တုံးထဲမှ ဆွဲထုတ်လိုက်သည်။သေချာသည်မှာ ထိုအရာက ဆွဲထုတ်ခံလိုက်ရသော ကျိမင်၏ ဝိညာဉ်ပင် ဖြစ်သည်။

ထိုဝိညာဉ်ကို ဝိညာဉ်သန့်စင်အလံ အတွင်းသို့ စုပ်ယူလိုက်ပြီးနောက် ဖန်ထျန်းရှုကို လှမ်းကြည့်လိုက်သည်။

ဖန်ထျန်းရှုက လီချင်းချိုး၏ လက်ထဲတွင် အမည်းရောင် အလံတစ်ခု လေထဲမှ ရုတ်တရက် ပေါ်လာပြီးနောက် လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။

ထိုအလံက အန္တရာယ်များပြီး မကောင်းဆိုးဝါးဆန်ကြောင်း အလိုအလျောက် သိစိတ်က ပြောပြနေသည်။

လီချင်းချိုး၏ အကြည့်များ သူ့အပေါ် ကျရောက်လာသည်ကို မြင်သောအခါ ဖန်ထျန်းရှုက အလျင်အမြန်ပင် ရှေ့သို့ တိုးသွားပြီး လီချင်းချိုး၏ ရှေ့တွင် ဒူးထောက်ချကာ လက်နှစ်ဖက်ကို မြှောက်၍ အရိုအသေ ပေးလိုက်ပြီး…

"ကျေးဇူးတင်ပါတယ်... နတ်အရှင်... ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့ပြီး မြောက်ပိုင်းက မိစ္ဆာဝိညာဉ်ကို ရှင်းလင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာတင် သေဆုံးသွားနိုင်ပြီး မရေမတွက်နိုင်တဲ့ အခြား လူတွေလည်း သူ့ရဲ့ မိစ္ဆာလက်သည်းတွေ အောက်မှာ သေဆုံးရပါလိမ့်မယ်..."

ဖန်ထျန်းရှုက အသံနက်ကြီးဖြင့် ပြောလိုက်ပြီး နှလုံးသားထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

လီချင်းချိုးက သူ့ကို ခံစားချက် ကင်းမဲ့စွာ ကြည့်၍ မေးလိုက်သည်။

"ဒီတစ္ဆေ အကြောင်း မင်း ဘယ်လောက် သိလဲ..."

"ကျွန်တော်တို့ ဒီအကြောင်း ဘာမှ မသိပါဘူး... ဒီမိစ္ဆာဝိညာဉ်က လအနည်းငယ် ကြာကတည်းက ပေါ်လာပြီး လူမျိုးစု အများအပြားကို သတ်ဖြတ်ခဲ့ပါတယ်... ကျွန်တော်တို့က ဒီနေရာကို လာဖို့ အမိန့်ပေးခံခဲ့ရတာပါ..." ဟု ဖန်ထျန်းရှုက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

လီချင်းချိုးက လှည့်၍ တောင်ပေါ်သို့ တက်ရန် ပြင်လိုက်တော့ ဖန်ထျန်းရှုက အလျင်စလို မေးလိုက်လေသည်။

"နတ်အရှင်ရဲ့ နာမည်ကို သိခွင့်ပြုပါ... နတ်အရှင်က ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ဖြစ်ပြီး မြောက်ပိုင်းကို ကယ်တင်ပေးခဲ့တာပါ... မြောက်ပိုင်းက လူတွေ နတ်အရှင်ရဲ့ ကျေးဇူးတရားကို သိရှိနိုင်အောင် အရှင်မင်းကြီးကို ကျွန်တော် သေချာပေါက် အသိပေးပါ့မယ်..."

လီချင်းချိုးက ရပ်တန့်သွားပြီး ခေါင်းကို အနည်းငယ် စောင်းကာ မျက်လုံးထောင့်မှနေ၍ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"လီချင်းချိုး..."

ထိုသို့ တုံးတိတိပြန်ဖြေပြီး တဖက်လှည့်၍ ရွှမ်ကျီတောင်ဆီသို့ ဆက်လျှောက်သွားသဖြင့် ဖန်ထျန်းရှု၏ အမူအရာက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီး အလျင်စလို မေးလိုက်ပြန်သည်။

"... ချင်းရှောင်ဂိုဏ်းက ဂိုဏ်းချုပ် လီချင်းချိုး လား..."

လီချင်းချိုးက ထပ်မံ ပြန်လည် ဖြေကြားခြင်း မရှိတော့ပေ။ လေထဲသို့ ခုန်တက်၍ ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အလွန် မြန်ဆန်သော အရှိန်ဖြင့် တောင်ထိပ်ဆီသို့ ပျံတက်သွားပြီး ဖန်ထျန်းရှု၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့၏။

ဖန်ထျန်းရှုမှာ ထိုသို့သော ပုံရိပ်ကြောင့် စွဲမက်သွားပြီး မျက်လုံးထဲတွင် လေးစား အားကျမှုများ ပြည့်နှက်နေသည်။

"ချင်းရှောင်ဂိုဏ်း... ဒီလောက် အစွမ်းထက်တဲ့ ဂိုဏ်းချုပ်ရှိနေတာ ဆိုတော့ ရွှမ်ကျီဂိုဏ်းက တပည့် ဒါဇင်လောက်နဲ့တင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတာ အံ့သြစရာ မဟုတ်တော့ဘူး..."

ဖန်ထျန်းရှုက စိတ်ထဲမှ တွေးလိုက်သော်လည်း သူ မကြောက်ရွံ့ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လီချင်းချိုး အစောက အသုံးပြုခဲ့သော မှော်ပညာရပ်ကို သူ မေ့ပစ်၍ မရနိုင်သောကြောင့်ပင်။

ထို့အပြင် ခုခံ၍ မရနိုင်သော ဆန္ဒတစ်ခုကို သူ ခံစားလိုက်ရသည်။

သူလည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံချင်သည်။

မြောက်ပိုင်းနန်းတွင်း အနေဖြင့် ကိုးပြည်ထောင်နယ်မြေ အပေါ် ထားရှိသော သဘောထားကို ပြောင်းလဲသင့်ပြီ ဖြစ်သည်။

...

ညအချိန်သို့ ရောက်သောအခါ လူသူကင်းမဲ့သော လွင်ပြင်များထက်ရှိ မီးပုံတစ်ခု ရှေ့တွင် လီချင်းချိုးက တင်ပျဉ်ခွေ ထိုင်နေပြီး လက်ထဲတွင် ဝိညာဉ်သန့်စင်အလံကို ကိုင်ဆောင်ထားကာ တစ္ဆေဘုရင်ကျိမင် ၏ မှတ်ဉာဏ်များကို ရှာဖွေနေ၏။

ရွှေသူငယ်က ဘေးတွင် ဓားသိုင်း လေ့ကျင့်နေပြီး လင်းချွမ်နှင့် နန်ကုန်းအာတို့က လီချင်းချိုးကို ကာကွယ်ပေးရန် ပတ်ပတ်လည်တွင် လွင့်မျောနေကြသည်။ ငရဲချီလင်ကမူ လီချင်းချိုး၏ ဘေးတွင် လဲလျောင်း၍ အိပ်စက် အနားယူနေသည်။

တစ္ဆေဘုရင်ကျိမင်၏ မှတ်ဉာဏ်များက အံ့မခန်း များပြားလှပြီး စုရှင်းဘိုးဘေး ထက်ပင် ပို၍ များပြားကာ ရှေးဟောင်း နတ်ဘုရားများ နီးပါးခန့် များပြားသည်။

တစ္ဆေဘုရင်ကျိမင်က အမှန်တကယ်ပင် လူတစ်ယောက် အသွင်ပြောင်းထားခြင်း ဖြစ်သည်။

တစ်ချိန်က မြောက်ပိုင်းတွင် ကျင့်ကြံရေးဂိုဏ်း တစ်ခု ရှိခဲ့ပြီး တစ္ဆေဘုရင်ကျိမင်က ထိုဂိုဏ်းမှ ကျောင်းသား တစ်ဦး ဖြစ်သည်။ ထိုဂိုဏ်းတွင် ကျောင်းသား ဒါဇင်ခန့်သာ ရှိသည်။

တစ္ဆေဘုရင်ကျိမင်၏ ဆရာက မသေမျိုးလမ်းစဉ် ကျင့်ကြံရန် အခွင့်အရေးကို မတော်တဆ ရရှိခဲ့ပြီး တပည့်များကို မသေမျိုးလမ်းစဉ် ကျင့်ကြံရန် ဦးဆောင်ပေးခဲ့သည်။

သူတို့တွေ စစ်မှန်သော ကျင့်ကြံသူများ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်း တစ်ခွင်သို့ လှည့်လည် သွားလာကာ လူမျိုးစုများကို မိစ္ဆာဝိညာဉ်များ၏ ရန်မှ ကယ်တင်ပေးခြင်း၊ တရားမျှတမှုကို ထိန်းသိမ်းပေးခြင်းနှင့် မသေမျိုးများ၏ နာမည်ကျော်ကြားမှုကို ဖြန့်ကျက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။လမ်းတစ်လျှောက်တွင် သိုင်းလောကမှ အစွမ်းထက်သော ပုဂ္ဂိုလ်များ အပါအဝင် ပြဿနာ အများအပြားနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူတို့၏ ကျင့်ကြံခြင်းနှင့် မှော်ပညာရပ်များဖြင့် ကျူးကျော်သူ အားလုံးကို အနိုင်ယူနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့၏ နာမည်ကျော်ကြားမှုက ပို၍ပို၍ ကြီးမားလာပြီး မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်ကိုပင် လန့်ဖြတ်သွားစေခဲ့သည်။

မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်က သူတို့ကို မြို့တော်သို့ ဖိတ်ခေါ်ရန် လူများ စေလွှတ်ခဲ့ပြီး သူတို့၏ ဂိုဏ်းကို နာမည်ကြီးလာစေရန်အတွက် ထိုပွဲသို့ တက်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

မြို့တော်တွင် ဧကရာဇ်က မသေမျိုးလမ်းစဉ် ကျင့်ကြံသူများ အတွက် ညစာစားပွဲ တစ်ခုကျင်းပပေးမည် ဆိုသည်ကို လူတိုင်း သိရှိကြသဖြင့် ၎င်းက သူတို့ကို စိတ်လှုပ်ရှားစေခဲ့ပြီး သူတို့၏ ကြီးမြတ်သော ရည်မှန်းချက်ကြီး ပြည့်မြောက်တော့မည်ဟု ခံစားခဲ့ကြရ၏။

သို့သော်လည်း နန်းတော် အတွင်းရှိ ညစာစားပွဲတွင် မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်က သူတို့ကို အဆိပ်ခတ်ခဲ့ပြီး သိုင်းပညာရှင် အများအပြားဖြင့် ခြုံခို တိုက်ခိုက်ခဲ့သည်။

ဆရာဖြစ်သူက သူတို့ကို ဝိုင်းရံ ပိတ်ဆို့ထားမှုမှ လွတ်မြောက်စေရန် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ထိုအဆိပ်က ကုသနိုင်ရန်အတွက် လွန်စွာ ပြင်းထန်လွန်းနေ၏။ နောက်ဆုံးတွင် တစ္ဆေဘုရင်ကျိမင်နှင့် ဂိုဏ်းတူညီမလေးတို့သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထို့နောက် မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်က သူတို့ကို မိစ္ဆာများဟု စွပ်စွဲပြီး လိုက်လံ ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။

ထိုအချိန်က တစ္ဆေဘုရင်ကျိမင်နှင့် ဂိုဏ်းတူညီမလေးတို့မှာ မူလအားဖြည့်နယ်ပယ်၏ ဒုတိယအလွှာ အဆင့်တွင်သာ ရှိသေးသည်။ လမ်းစဉ်သို့ ဝင်ရောက်ခြင်း အဆင့်သခင်များ အုပ်စုနှင့် ကြုံတွေ့ရရုံဖြင့် သူတို့ကို အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်၏။

အကြိမ်ကြိမ် လိုက်လံ ဖမ်းဆီးခံရစဉ် အတွင်း တစ္ဆေဘုရင်ကျိမင်၏ အငယ်ဆုံး ညီမလေး အသတ်ခံလိုက်ရပြီး သူ့အတွက် နာကြည်းချက်များဖြင့် မြောက်ဘက်သို့ ထွက်ပြေးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

နောက်ပိုင်းတွင် တစ္ဆေချီများ လွှမ်းခြုံနေသော တောင်တန်းဒေသ တစ်ခုသို့ ဝင်ရောက်သွားခဲ့ပြီး ထိုနေရာမှာ မြောက်ပိုင်းရှိ တားမြစ်နယ်မြေ တစ်ခု ဖြစ်သည်။ ထိုတားမြစ်နယ်မြေ၏ နာမည်ဆိုး ကြောင့်သာလျှင် မြောက်ပိုင်းနန်းတွင်းမှ သိုင်းပညာရှင်များက သူ့ကို ဆက်လက် လိုက်လံ ဖမ်းဆီးခြင်းကို စွန့်လွှတ်ခဲ့ကြခြင်း ဖြစ်၏။

All Chapters