← Chapters

တစ္ဆေဘုရင်တောင်ကြား၊ ကောင်းကင်ဓားဂိုဏ်း

Vol. 24 Ch. 238

တစ္ဆေဘုရင်တောင်ကြား၊ ကောင်းကင်ဓားဂိုဏ်း

Vol. 24 Ch. 238

တစ္ဆေဘုရင်တောင်ကြား….

ဤသည်မှာ တစ္ဆေဘုရင်ကျိမင် သွားရောက်ခဲ့သော တားမြစ်နယ်မြေ၏ အမည် ဖြစ်သည်။ ရှေးယခင်က မရဏကမ္ဘာမှ တစ္ဆေဘုရင် တစ်ပါး ဤနေရာသို့ ရောက်ရှိလာခဲ့သည်ဟု ဒဏ္ဍာရီများတွင် ဆိုကြ၏။ သူက ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တစ္ဆေချီများက ထိုနယ်မြေ တစ်ခွင်သို့ စိမ့်ဝင် ပျံ့နှံ့သွားကာ သက်ရှိသတ္တဝါများ အတွက် တားမြစ်နယ်မြေ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

တစ္ဆေဘုရင်ကျိမင်၏ မှတ်ဉာဏ်များထဲတွင် သူသည် အမှန်တကယ်ပင် ဤတစ္ဆေဘုရင်ကို တွေ့ဆုံခဲ့ရသည်။

သူသည် မိစ္ဆာတစ်ကောင် အဖြစ်သို့ မပြောင်းလဲမီ အချိန်အထိ ရာစုနှစ် တစ်ခုတိုင်တိုင် သေရသည်ထက် ဆိုးရွားသော ဘဝမျိုးဖြင့် တစ္ဆေဘုရင်၏ လက်အောက်တွင် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသည်။ ထို့နောက်တွင် တစ္ဆေဘုရင်၏ ကျင့်ကြံခြင်းကို လိုက်နာခဲ့ပြီး မှားယွင်းစွာ ဝင်ရောက်လာသော သိုင်းပညာရှင်များကို သူနှင့်တူသော မိစ္ဆာဝိညာဉ်များ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။

တစ္ဆေဘုရင်တောင်ကြားသို့ ကျိမင် ခြေချခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာခန့်က ဖြစ်သည်။

တစ္ဆေဘုရင်တောင်ကြားအတွင်း၌ တစ္ဆေဘုရင်ကျိမင်မှာ အရေးမပါသော လက်အောက်ငယ်သား တစ်ဦးသာ ဖြစ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကမ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း တစ္ဆေဘုရင်၏ ပြန်လည် တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်စီးသွားပြီး ဝိညာဉ်သာ ကျန်ရှိတော့သည်။ သူက ဆယ်စုနှစ်ပေါင်းများစွာ တိုင်အောင် တောင်ဂူတစ်ခုထဲတွင် အတင်းအကျပ် အနားယူ ကျင့်ကြံနေခဲ့ရသည်။

အနားယူနေသည်ဟု ဆိုသော်လည်း လက်တွေ့တွင် သူ့အတွက် အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

နှစ်ပေါင်း ခုနစ်ရာကျော် ကုန်ဆုံးသွားခဲ့ပြီး ယခုအခါ မြောက်ပိုင်းနန်းတွင်းက တစ္ဆေဘုရင်တောင်ကြားနှင့် အလွန် ဝေးကွာသော နေရာတွင် ရှိနေသဖြင့် မည်သည့် သက်ရှိသတ္တဝါကိုမျှ သူ ရှာမတွေ့နိုင်တော့ဘဲ အိပ်မောကျနေသလိုဖြစ်ခဲ့ရသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကိုယ့်ကိုယ်ကိုယ် တစ္ဆေအကြီးအကဲဟု ခေါ်ဆိုသော ရွှမ်ကျီဂိုဏ်းမှ သိုင်းပညာရှင် တစ်ဦး သူ့ကို လာရှာပြီး ကောင်းကင်ဘုံသို့ တက်လှမ်းပြီး နတ်ဘုရား တစ်ပါး အဖြစ်သို့ ပြောင်းလဲပေးနိုင်ကြောင်း ပြောဆိုလာခဲ့သည့် အချိန်အထိပင်။ ဤရည်ရွယ်ချက်အတွက် တစ္ဆေအကြီးအကဲက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည် ရရှိစေရန် အကူအညီ ဖြစ်စေရန် အသက်ရှင်နေသော လူများကို ဆက်တိုက် ပေးပို့ခဲ့သည်။

လအနည်းငယ်ခန့် အကြာတွင် တစ္ဆေအကြီးအကဲက သူ့ကို ထပ်မံ လာရှာပြီး တောင်ဘက်သို့ သွားကာ ချင်းရှောင်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန် တောင်းဆိုခဲ့သည်။ ချင်းရှောင်ဂိုဏ်းကလည်း ကျင့်ကြံရေးဂိုဏ်း တစ်ခု ဖြစ်ကြောင်း ကြားသောအခါ ဆိုးရွားသော အတိတ်ကို သတိရသွားစေသဖြင့် တစ္ဆေအကြီးအကဲကို တိုက်ရိုက် သတ်ပစ်လိုက်ပြီးနောက် မြောက်ပိုင်း နယ်မြေများတွင် လှည့်လည် သွားလာနေခဲ့တော့သည်။

လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာက အမုန်းတရားများ သူ့နှလုံးသားထဲတွင် ကိန်းအောင်းနေဆဲပင်။သူ့ရဲ့ ရန်သူများ မြေကြီးထဲတွင် မြှုပ်နှံခံရသည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး မြောက်ပိုင်းနယ်စပ်တွင်လည်း မင်းဆက်များ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း ဤနယ်မြေပေါ်ရှိ လူတိုင်းကို သူ မုန်းတီးနေဆဲပင်။

သေချာသည်မှာ လက်စားချေရန် အတွက်သက်သက်သာ ပြုလုပ်နေခြင်း မဟုတ်ဘဲ ပို၍ အစွမ်းထက်လာရန်လည်း ကြိုးပမ်းနေခြင်း ဖြစ်၏။

တစ္ဆေဘုရင်လို အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် သူ တောင့်တနေသဖြင့် သူ့ကိုယ်သူ တစ္ဆေဘုရင်ကျိမင် ဟု အမည်ပြောင်းလဲခဲ့သည်။

တစ္ဆေဘုရင်ကျိမင်က လီစစ်ဖုန်းကို ဖမ်းဆီးရန် အမှန်တကယ်ပင် ကျရှုံးခဲ့၏။ တီရွှမ်းဓား၏ နှစ်တစ်ထောင် ဓားဝိညာဉ် ထုတ်လွှတ်လိုက်သော စွမ်းအားက သူ့ကို လန့်ဖြတ်သွားစေပြီး နှစ်တစ်ထောင် ဓားဝိညာဉ်၏ အမြန်နှုန်းကိုပင် မမီနိုင်ခဲ့ချေ။

တစ္ဆေဘုရင်ကျိမင်၏ မှတ်ဉာဏ်များမှ တစ်ဆင့် လီချင်းချိုးက တစ္ဆေများနှင့် သက်ဆိုင်သော နည်းလမ်းများ အကြောင်းကိုလည်း များစွာ သိရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ သတိထားရမည့် အရာတစ်ခု ပေါ်ထွက်လာသည်။

တစ္ဆေဘုရင်တောင်ကြား….

ဤတစ္ဆေဘုရင်ကလည်း ရက်စက်ကြမ်းကြုတ်သော်လည်း တစ္ဆေဘုရင်ကျိမင်နှင့် ကွာခြားသည်။ သူက တစ္ဆေဘုရင်တောင်ကြားတွင်သာ နေထိုင်ပြီး တစ္ဆေဘုရင်ကျိမင်၏ မှတ်ဉာဏ်များထဲတွင် သူက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေလေ့ ရှိသည်။

တစ္ဆေဘုရင်တောင်ကြားတွင် ထောင်နှင့်ချီသော မိစ္ဆာဝိညာဉ်များ လှည့်လည် သွားလာနေကြပြီး သူတို့ထဲမှ အများစုမှာ တစ္ဆေဘုရင်ကျိမင်ထက် ပို၍ အစွမ်းထက်ကြသည်။

ချင်းရှောင်ဂိုဏ်းတွင် သူမှလွဲ၍ တစ္ဆေဘုရင်ကျိမင် ကို မည်သူကမျှ ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း လီချင်းချိုး သေချာပေါက် သိရှိထားသည်။ တစ္ဆေဘုရင်တောင်ကြားလို ထောင်နှင့်ချီသော မိစ္ဆာဝိညာဉ်များ ရှိနေပြီး အစွမ်းအစ ခန့်မှန်း၍ မရနိုင်သော တစ္ဆေဘုရင် ရှိနေခြင်းက ဆိုဖွယ်ရာပင် မရှိတော့ချေ။ တစ္ဆေဘုရင်တောင်ကြားမှာ သေချာပေါက် သွားရောက် ရန်စသင့်သော နေရာတစ်ခု မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် တစ္ဆေဘုရင်ကျိမင်၏ မှတ်ဉာဏ်များထဲတွင် တစ္ဆေဘုရင်က ရည်မှန်းချက်များကို တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော် ပြသခဲ့ခြင်း မရှိဘဲ တစ္ဆေများ တစ္ဆေဘုရင်တောင်ကြားမှ ထွက်ခွာသွားသည်ကိုပင် မနှစ်မြို့ချေ။

လီချင်းချိုး ဝေခွဲမရ ဖြစ်နေဆဲပင်။ စုရှင်းဘိုးဘေး ကြားဖူးခဲ့သော မိစ္ဆာနယ်မြေမှာ တစ္ဆေဘုရင်တောင်ကြား နှင့် နေရာတစ်ခုတည်း ဟုတ်မဟုတ် ဆိုသည်ကို သူ မသေချာပေ။ မိစ္ဆာနယ်မြေက မြောက်ဘက်သို့ ပို၍ ဝေးကွာသော နေရာတွင် ရှိနေကြောင်း အလိုအလျောက် သိစိတ်က ပြောပြနေသည်။

အိမ်ပြန်ရောက်သောအခါမှသာ တစ္ဆေဘုရင်ကျိမင်၏ မှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း စူးစမ်း လေ့လာရန် ဆုံးဖြတ်လိုက်သည်။

နှစ်တစ်ထောင် နီးပါးခန့်ရှိသော မှတ်ဉာဏ်များက လွန်စွာ ကြာမြင့်လွန်းလှသဖြင့် ဖြည်းဖြည်းချင်း စူးစမ်း လေ့လာရန် လိုအပ်ပေသည်။

တစ္ဆေဘုရင်ကျိမင်ကိုဆိုမထားနှင့် သစ်ပင်ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်များကိုပင် သူ အပြည့်အဝ စူးစမ်း လေ့လာရခြင်း မရှိသေးပေ။ အဓိက အကြောင်းရင်းမှာ ရှေးဟောင်း နတ်ဘုရားများ၏ မှတ်ဉာဏ် အများစုမှာ အမှောင်ထုထဲတွင်သာ ရှိနေပြီး လွန်စွာ ပျင်းစရာကောင်းသောကြောင့်ပင်။

လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါ နန်ကုန်းအာက အနီးသို့ ကပ်လာပြီး မေးလိုက်သည်။

"လီစစ်ဖုန်းကို ရှာတွေ့ပြီလား..."

တစ္ဆေဘုရင်ကျိမင်ကို လီချင်းချိုးက နှိမ်နင်းနိုင်ခဲ့သော်လည်း တစ္ဆေဘုရင်ကျိမင် အကြောင်း သတင်းအချက်အလက်များက လွန်စွာ ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် သူမကို မြောက်ပိုင်းနယ်မြေ အပေါ် သတိထားလာစေသည်။

"ငါတို့ ရှာမတွေ့သေးဘူး... ဆယ်ရက်လောက် အတူတူ ထပ်ရှာကြည့်ကြတာပေါ့... အဲဒီအချိန်ထိမှ ရှာမတွေ့သေးဘူး ဆိုရင်တော့ ပြန်ကြမယ်..."

လီစစ်ဖုန်း အတွက်နှင့် ချင်းရှောင်ဂိုဏ်းကို သူ စွန့်လွှတ်ထား၍ မဖြစ်နိုင်ကြောင်း လီချင်းချိုး နားလည်သည်။

လီစစ်ဖုန်း အသက်ရှင်နေသေးသည် ဆိုသည့် အချက်က ယာယီအားဖြင့် အန္တရာယ်ကင်းနေသေးကြောင်း အဓိပ္ပာယ်သက်ရောက်သည်။

ထိုစကားကို ကြားသောအခါ နန်ကုန်းအာက ခေါင်းညိတ်လိုက်ပြီး ဆက်လက် ကင်းစောင့်ရန် ဘေးသို့ လွင့်မျောသွားတော့သည်။

...

မှောင်မိုက်နေသော မြေအောက် နေရာတစ်ခုတွင် လီစစ်ဖုန်းက တာအိုဝိညာဉ် တစ်ခုရှေ့တွင် ဒူးထောက်နေ၏။

ထိုဝိညာဉ်မှာ အမည်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ဖြစ်ပြီး မှေးမှိန်သော အလင်းရောင်များ ဖြာထွက်နေသည်။ သူ့နောက်ရှိ ဂူနံရံတွင် သလင်းကျောက်များစွာ မြှုပ်နှံထားပြီး မတူညီသော အရောင်များကို ထင်ဟပ်နေသည်။

လီစစ်ဖုန်း၏ နဖူးက မြေကြီးနှင့် တင်းကျပ်စွာ ထိကပ်နေပြီး မျက်နှာပေါ်တွင် မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။

အမည်းရောင် ဝတ်စုံဖြင့် အဘိုးအိုက သူ့ကို ငုံ့ကြည့်၍ ပြုံးကာ…

"စစ်ဖုန်း... ဝမ်းနည်းနေဖို့ မလိုပါဘူး... ငါက လူ့လောကနဲ့ မသက်ဆိုင်တော့ပါဘူး... လူဝင်စားခြင်းနည်းလမ်းကို အစောကြီးကတည်းက လိုက်လံ ရှာဖွေနေခဲ့သင့်တာပါ... ငါ မထွက်သွားခင် မင်းကို အမွေဆက်ခံနိုင်ဖို့ ကူညီပေးပါ့မယ်... အဲဒါက ကောင်းတဲ့ ကိစ္စလို့ ငါ ထင်ပါတယ်..."

လီစစ်ဖုန်း မော့ကြည့်လိုက်တော့ မျက်နှာတွင် မျက်ရည်များ စီးကျနေပြီး မျက်လုံးထဲတွင် နောင်တတရားများ ပြည့်နှက်နေ၏။

"အကယ်၍ ကျွန်တော်သာ ဂုဏ်သတင်းကို မက်မောမနေဘဲ တပည့်တွေကို စောစော ပြန်ခေါ်လာခဲ့ရင် ယွင်ချောင် သေမှာ မဟုတ်ဘူး... ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်အတွက် အင်အားတွေ ကုန်ခမ်းသွားအောင် လုပ်စရာ လိုမှာ မဟုတ်ဘူး..."

အမည်းရောင် ဝတ်စုံဖြင့် အဘိုးအိုက တည်ငြိမ်စွာ ပြုံး၍ ….

"'အကယ်၍' ဆိုတာတွေ မရှိပါဘူး... မနက်ဖြန် ဘာဖြစ်မယ် ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ... ငါ့အမြင်တော့ ဒါက ငါ လွတ်မြောက်ဖို့အတွက် အချိန်ကိုက် အခွင့်အရေး တစ်ခုပါပဲ... မဟုတ်ရင် ငါက နာကြည်းချက်တွေ၊ အချည်းနှီး ဖြစ်နေတဲ့ မျှော်လင့်ချက်တွေနဲ့ ဆက်ပြီး ရုန်းကန်နေရဦးမှာပဲ..."

လီစစ်ဖုန်း ထွက်ပြေး လွတ်မြောက်လာခဲ့သော်လည်း တစ္ဆေဘုရင်ကျိမင်၏ စွမ်းအားက သူ့ကို ဆက်လက် ဖျက်ဆီးနေသဖြင့် အမည်းရောင် ဝတ်စုံဝတ် အဘိုးအိုက သူ့ခန္ဓာကိုယ်ထဲမှ တစ္ဆေချီများကို ဖယ်ရှားပေးရန် ဝိညာဉ်စွမ်းအား အားလုံးကို အသုံးချခဲ့ရသည်။

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် အမည်းရောင် ဝတ်စုံဝဆ် အဘိုးအိုကလည်း နိဂုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ လောကကြီးထဲမှ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို ဆွဲငင်နေပြီး အမည်မသိ နေရာတစ်ခုသို့ ဆွဲခေါ်သွားရန် ကြိုးပမ်းနေသည်ကို သူ ခံစားနေရသည်။

ထိုအရာက လူဝင်စားခြင်းပင် ဖြစ်နိုင်သည်။

အဘိုးအိုက လီစစ်ဖုန်းကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက ချစ်ခင်ကြင်နာမှုများဖြင့် နူးညံ့သွားပြန်သည်။

"ငါ မင်းနောက်ကို လိုက်လာတာ နှစ်တွေ အများကြီး ရှိနေပြီမို့ မင်းရဲ့ စရိုက်ကို ငါ နားလည်နေတာ ကြာပါပြီ... မင်းက စဉ်းစားဆင်ခြင်ဉာဏ် နည်းပြီး စိတ်လိုက်မာပါ လုပ်တတ်သလို ခေါင်းမာတတ်ပေမဲ့ မင်းရဲ့ ရည်မှန်းချက်ကို မရောက်မချင်း လက်လျှော့မှာ မဟုတ်ဘူး... မင်းရဲ့ အရိုးထဲမှာ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ရှိပြီး မင်းရဲ့ နှလုံးသားထဲမှာ ကရုဏာတရား ရှိတယ်... မင်းလို လူတစ်ယောက် အသက်ရှင်အောင် ငါ ကူညီပေးနိုင်ခဲ့မယ်ဆိုရင် လူဝင်စားခြင်း ထဲကို ငါ ဝင်သွားရရင်တောင်မှ ငါ နောင်တမရဘဲ သေဆုံးနိုင်ပါပြီ...ငါ မထွက်သွားခင် မင်းဆီက အကူအညီ တစ်ခုလောက် တောင်းချင်တယ်..”

"ဘာများလဲ... မီးကို ဖြတ်ပြီး ရေထဲကို ဆင်းရမယ် ဆိုရင်တောင်မှ ကျွန်တော် သေချာပေါက် လုပ်ပေးပါ့မယ်..."

"ဒီလောက်ထိတော့ မဟုတ်ပါဘူး... ငါက ကောင်းကင်ဓားဂိုဏ်းက လာတာပါ... လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ကောင်းကင်ဓားဂိုဏ်းက မသေမျိုးလမ်းစဉ်ကို ရှာဖွေဖို့ ကိုးပြည်ထောင်နယ်မြေကနေ အနောက်ဘက်ကို ထွက်ခွာသွားခဲ့တယ်... အကယ်၍ မင်းသာ ကောင်းကင်ဓားဂိုဏ်းနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုရဲ့ သွေးသားဆက်ခံသူတွေ အသက်ရှင်နေသေးလားဆိုတာ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ... အကယ်၍ သူတို့ အသက်ရှင်နေသေးတယ်ဆိုရင် ငါ့ကိုယ်စား သူတို့ကို ကျေးဇူးပြုပြီး ကူညီပေးပါ..."

"ဂိုဏ်းတူအစ်ကိုရဲ့ နာမည်က ဘယ်သူလဲ..."

"စုန့်ခယ်ကျန့်..."

"ကောင်းပါပြီ... ကျွန်တော် သေချာပေါက် မှတ်ထားပါ့မယ်..."

လီစစ်ဖုန်း တည်ကြည်လေးနက်စွာ သဘောတူလိုက်တော့ အဘိုးအိုက ပြုံးလိုက်ပြီး သူ့ဝိညာဉ် ပျောက်ကွယ်သွားကာ အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လီစစ်ဖုန်း အလျင်အမြန် မတ်တတ်ရပ်၍ ဖမ်းဆုပ်ရန် ကြိုးစားလိုက်သော်လည်း မည်သည့်အရာကိုမျှ ဖမ်းဆုပ်၍ မရခဲ့ဘဲ မြေအောက် နေရာထဲသို့ သူ ပျောက်ကွယ်သွားသည်ကိုသာ စောင့်ကြည့်နေနိုင်တော့သည်။

စိတ်ကူးယဉ်မှုလား အစစ်အမှန်လား ဆိုသည်ကို မသိသော်လည်း ဤနေရာက ပို၍ မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရသည်။

လီစစ်ဖုန်း အံကြိတ်၍ ရုတ်တရက် ကိုယ့်ပါးကိုယ် ဖြတ်ရိုက်လိုက်သည်။

ဤမြောက်ပိုင်း ခရီးစဉ်က ငရဲချီလင်ကို ဆုံးရှုံးစေခဲ့ပြီး ဓားဝိဉာဉ် အဘိုးအိုကို သူ့အတွက် အနစ်နာခံစေခဲ့သည်။ သူ ပေးဆပ်ခဲ့ရသော တန်ဖိုးက လွန်စွာ ကြီးမားလွန်းသဖြင့် အသက်ရှူရပင် ခက်ခဲစေသည်။

တစ္ဆေဘုရင်ကျိမင်အကြောင်း တွေးမိသောအခါ နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်သွားတော့သည်။

သို့သော်လည်း စိတ်အခြေအနေကို ထိန်းညှိရန်နှင့် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် ကြိုးစားလိုက်၏။

လက်ရှိ စွမ်းရည်ဖြင့် လက်စားချေရန် လွန်စွာ ဝေးကွာနေသေးသည်။ ကြိုးကြိုးစားစား ကျင့်ကြံရန်အတွက် ချင်းရှောင်ဂိုဏ်းသို့ ပြန်သွားရန်သာ တတ်နိုင်ပြီး တစ်ချိန်တည်းမှာပင် တစ္ဆေဘုရင်ကျိမင် အကြောင်း သတင်းအချက်အလက်များကိုလည်း ပြန်လည် ယူဆောင်သွားရမည်.

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဆိုးကို ဂိုဏ်းချုပ်ကြီးပင်လျှင် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

အကယ်၍ သူ မပြန်ရောက်မီ မိစ္ဆာဝိညာဉ်က တောင်ဘက်သို့ ဆင်းသွားပါက အကျိုးဆက်များမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဆိုးရွားပေလိမ့်မည်။

စဉ်းစားပြီးနောက်တွင် သူက ထွက်ခွာရန် ပြင်ဆင်သည့် အနေဖြင့် ပစ္စည်းများကို ချက်ချင်း စတင် သိမ်းဆည်းလိုက်တော့သည်။

...

လီချင်းချိုးက မြောက်ပိုင်းနယ်စပ်တွင် ဆယ်ရက်တိုင်တိုင် ရှာဖွေခဲ့သော်လည်း လီစစ်ဖုန်းကို မရှာတွေ့သေးသဖြင့် လက်လျှော့ကာ ငရဲချီလင်နှင့်အတူ တောင်ဘက်သို့ ပြန်ဆင်းရန်သာ တတ်နိုင်တော့သည်။

ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံထားသူက ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသဖြင့် ငရဲချီလင်ကို သယ်ဆောင်လာရသည်မှာ အလေးချိန် တစ်စုံတစ်ရာကိုမျှ မခံစားရချေ။

လီချင်းချိုး အမြန်ဆုံး နှုန်းဖြင့် ပြန်လာခဲ့ရာ ချင်းရှောင်တောင်သို့ ရောက်ရှိရန် တစ်နေ့တာ၏ အချိန်အများစုကို အသုံးပြုခဲ့ရသည်။

ပြန်ရောက်သည်နှင့် ယွမ်ချီကို ခေါင်းလောင်း တီးခိုင်းလိုက်ရာ ဂိုဏ်း၏ အကြီးအကဲများ အလျင်အမြန် ရောက်ရှိလာကြသည်။ လီချင်းချိုး အဆင်ပြေနေသည်ကို မြင်သောအခါ သူတို့ အားလုံး သက်ပြင်းချနိုင်သွားကြသည်။

သို့သော်လည်း ငရဲချီလင်၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ သူတို့ အားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

နိမိတ်သားရဲပင်လျှင် ဤကဲ့သို့သော နိဂုံးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ဆိုလျှင် လူတစ်ယောက်သာ ထိုမိစ္ဆာဝိညာဉ်နှင့် ကြုံတွေ့ရပါက ဘာတွေ ဖြစ်လာမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။

လီချင်းချိုးက ငရဲချီလင်၏ ဒဏ်ရာများကို ကုသပေးခဲ့ပြီး ဖြစ်သည်။ ခြေလက် လေးဖက်စလုံး ဆုံးရှုံးသွားသဖြင့် တောင်အောက်သို့ မဆင်းချင်တော့ဘဲ လင်းရှောင်ဝင်း တွင်သာ ဆက်နေရန် စီစဉ်ထားသည်။

ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့က လီချင်းချိုး အထိအခိုက် မရှိဘဲ ပြန်ရောက်လာသောကြောင့် ဝမ်းသာသော်လည်း လီစစ်ဖုန်းကို ရှာမတွေ့ခဲ့ဟု တွေးမိသောအခါ သူတို့အတွက် ပျော်ရွှင်ရန် ခက်ခဲနေသည်။

လူတိုင်း ဝင်ထိုင်ပြီးနောက် လီချင်းချိုးက နောက်ဆုံးတွင် စကားစလာသည်။

"ခန်းမသခင် လီစစ်ဖုန်းက ပျောက်ဆုံးနေတုန်းပဲ... သူ့ကို ငါ ရှာမတွေ့ခဲ့ဘူး... မြောက်ပိုင်းနယ်မြေက သိပ်ကို ကျယ်ဝန်းလွန်းတယ်... ဒါပေမဲ့ သူ အသက်ရှင်နေသေးတယ် ဆိုတာကိုတော့ ငါ အတည်ပြုနိုင်ပါတယ်..."

"အဲဒီ မိစ္ဆာဝိညာဉ်ရဲ့ နာမည်က တစ္ဆေဘုရင်ကျိမင်တဲ့... သူ့ကို ငါ နှိမ်နင်းပြီးပြီ... သူ့ရဲ့ မှတ်ဉာဏ်တွေ အားလုံးကို ရှာဖွေပြီးတာနဲ့ သူ့ကို ငါ ဖျက်ဆီးပစ်မယ်..."

စကားပြောနေရင်း ဝိညာဉ်သန့်စင်အလံ ကို ထုတ်ယူ၍ တစ္ဆေဘုရင်ကျိမင်၏ တစ္ဆေဝိညာဉ်ကို ခေါ်ထုတ်လိုက်တော့ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိသော တစ္ဆေဘုရင်ကျိမင် ရုတ်တရက် ပေါ်လာသောအခါ လူတိုင်း လန့်ဖြတ်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီများ သူတို့ထံသို့ ရိုက်ခတ်လာပြီး သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။

လီချင်းချိုးက တစ္ဆေဘုရင်ကျိမင်ကို ဝိညာဉ်သန့်စင်အလံ အတွင်းသို့ ချက်ချင်း ပြန်သွင်းလိုက်သော်လည်း လူတိုင်း တုန်လှုပ်နေကြဆဲပင်။

ယန်တောက်ကျုံး၏ အမူအရာက ထူးဆန်းနေသည်။ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိပြီးကတည်းက ထူးဆန်းပြီး နားလည်၍ မရနိုင်သော အရာများစွာကို မျက်မြင်တွေ့ရှိခဲ့ရကာ ယုံကြည်မှုများ စတင် ယိမ်းယိုင်လာခဲ့ချေပြီ။

သူလည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံချင်လာသည်။

ထိုအတွေးကို သူ ချက်ချင်းပင် ရပ်တန့်ပစ်လိုက်သည်။

"တစ္ဆေဘုရင်ကျိမင်က အရမ်း အစွမ်းထက်တယ်... တစ္ဆေတွေကို အထူး ပစ်မှတ်ထားတဲ့ နည်းလမ်းတွေ မရှိဘဲ သူ့ကို အနိုင်ယူဖို့ဆိုတာ အရမ်း ခက်ခဲတယ်... နင်းအာနဲ့ ကျန်းကျောက်ရှားတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

လီချင်းချိုးက ဤကိစ္စကို တိုက်ရိုက် ပြောဆိုလိုက်သဖြင့် လူတိုင်း ပို၍ပင် အလေးအနက် ထားလာကြ၏။

ရွှီနင်းက ထိုစကားကို ကြားပြီးနောက် မေးခွန်းမထုတ်ဘဲ မျက်မှောင် အနည်းငယ်သာ ကြုတ်လိုက်သည်။

ထို့နောက် ကျူးယန်က….

"ဒါဆိုရင် ကျွန်မတို့က တစ္ဆေတွေကို ပစ်မှတ်ထားတဲ့ မှော်ပညာရပ်တွေကို လေ့ကျင့်ရမှာပေါ့..."

"ဟုတ်တယ်... အဲဒါက အဓိက အချက်ပဲ... တစ္ဆေလမ်းစဉ် မှော်ပညာရပ်တွေ ဖန်တီးဖို့ အရှင်ကျင်းကို ငါ တာဝန်ပေးထားမယ်... တစ္ဆေဘုရင်ကျိမင်က ထွက်ပြေးလွတ်မြောက်လာတာ ဖြစ်ပြီး သူ့အထက်မှာ စစ်မှန်တဲ့ တစ္ဆေဘုရင် တစ်ပါး ရှိနေသေးတဲ့အတွက် မင်းတို့ အားလုံး အချိန်ရရင် သွားပြီး လေ့လာသင့်တယ်..."

လီချင်းချိုးက ခေါင်းညိတ်၍ တစ္ဆေဘုရင်တောင်ကြား အကြောင်းကို ဆက်လက် မိတ်ဆက်ပေးခဲ့ပြီး တစ္ဆေဘုရင်ကျိမင်၏ ဇာစ်မြစ်ကိုပင် ပြန်လည် ပြောပြခဲ့သည်။

တစ္ဆေဘုရင်တောင်ကြားတွင် တစ္ဆေဘုရင်ကျိမင်ထက် မနိမ့်ကျသော မိစ္ဆာဝိညာဉ် ထောင်နှင့်ချီ၍ ရှိနေကြောင်း ကြားသောအခါ လူတိုင်း ဖိအားများကို ခံစားလိုက်ကြရသည်။

သို့သော်လည်း တစ္ဆေဘုရင်ကျိမင်၏ ဘဝဇာတ်ကြောင်းကို ကြားပြီးနောက် အနည်းငယ် ဝမ်းနည်းသွားကြသည်။

ဤတစ္ဆေကလည်း သနားစရာကောင်းသော လူတစ်ယောက် ပင် ဖြစ်သည်။

ယန်ကျွယ်တိန်က သက်ပြင်းချလိုက်ပြီး

"ကံကောင်းလို့ ချင်းရှောင်ဂိုဏ်းက... အစောပိုင်း ကာလတွေတုန်းက ဂိုဏ်းချုပ်က ငါတို့ကို တောင်ပေါ်ကနေ ထွက်ခွာခွင့် ပိတ်ပင်ထားပြီး ကျင့်စဉ်တွေကိုပဲ အာရုံစိုက် လေ့ကျင့်ခိုင်းခဲ့တယ်... မဟုတ်ရင် ငါတို့ရဲ့ ကံကြမ္မာကလည်း သူ့ထက်တောင် ပိုပြီး ဆိုးရွားသွားနိုင်တယ်..."

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ကျောက်ကျိ အသက်ရှင်နေသေးပြီး ကျောက်ကျိက လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာက မြောက်ပိုင်းနန်းတွင်း၏ ဧကရာဇ်ထက် သေချာပေါက် ပို၍ ရက်စက်ကြမ်းကြုတ်သောကြောင့်ပင်။

လီချင်းချိုးက …

"အတိတ်အတွက်ပဲ ငါတို့ ဝမ်းသာနေလို့ မရဘူး... အခုဆို ကိုးပြည်ထောင်နယ်မြေရဲ့ အပြင်ဘက်မှာ ပိုပြီး အစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေပြီ... ချင်းရှောင်ဂိုဏ်း အနေနဲ့ သတိထားပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်... လေ့ကျင့်ရေးဆင်းနေတဲ့ တပည့်တွေကို ကိုးပြည်ထောင်နယ်မြေကနေ ထွက်ခွာခွင့် မပြုရဘူး... တစ်ချိန်တည်းမှာပဲ ဂိုဏ်းက ရှင်းလင်းတဲ့ ခေါင်းဆောင်မှု ရှိနေရမယ်... ပြီးတော့ ကျင့်ကြံခြင်းကို အမြဲတမ်း ပထမ ဦးစားပေး အဖြစ် သတ်မှတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဒုတိယ ဦးစားပေး အဖြစ် ထားရှိရမယ်... ကျန်တဲ့ အရာအားလုံးက ဒုတိယ နေရာမှာပဲ ရှိရမယ်..."

All Chapters