ကိုးပြည်ထောင်နယ်မြေ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ဓားသိုင်း
Vol. 24 Ch. 240
ဩဂုတ်လလယ်ပိုင်းတွင် ရာသီဥတု လွန်စွာ ပူပြင်းနေ၏။
အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားတစ်လက်ကို လွယ်ထားသော လီစစ်ဖုန်းက ချင်းရှောင်တောင်၏ တောင်တက်လမ်းပေါ်တွင် လျှောက်လှမ်းနေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လာသောအခါ ချင်းရှောင်ဂိုဏ်းက ထပ်မံ ပြောင်းလဲသွားပြန်ပြီဟု သူ ခံစားလိုက်ရ၏။ လမ်းတစ်လျှောက် သူ ကြုံတွေ့ခဲ့ရသော တပည့်များက သူ့အတွက် သူစိမ်းများ ဖြစ်နေပြီး သူ့ကို အတွေ့အကြုံရှာဖွေရေးခန်းမ၏ ခန်းမသခင်မှန်း မည်သူကမျှ မသိကြတော့ချေ။
သူ စိတ်ပျက်မသွားဘဲ စူးစမ်း သိချင်စိတ်သာ ဖြစ်မိသည်။
ဂိုဏ်းရှိ တပည့်များ၏ ကျင့်ကြံခြင်း အဆင့်က ယခင်ကထက် များစွာ မြင့်မားနေကြောင်း သူ ရှင်းလင်းစွာ အာရုံခံမိနိုင်သည်။ အကယ်၍ သူသာ ချင်းရှောင်တောင်တွင် ကြီးပြင်းလာခဲ့ခြင်း မဟုတ်ပါက နေရာမှား ရောက်လာခဲ့သည်ဟုပင် သံသယဝင်မိပေလိမ့်မည်။
သူက သိုင်းလောကမှ သူရဲကောင်း တစ်ဦးနှင့် တူနေသော်လည်း တောင်ပေါ်ရှိ တပည့်များ၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းလောကသား အများအပြားက တောင်ပေါ်သို့ ပုံမှန် လာရောက်လေ့ ရှိသောကြောင့် ဖြစ်သည်ယေ
မသိလိုက်မီမှာပင် လီစစ်ဖုန်းက တောင်ခါးပန်းရှိ သိုင်းပညာစင်မြင့်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် လူနှစ်ဦးက စင်မြင့်ပေါ်၌ မှော်ပညာရပ်များဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နေကြပြီး အောက်ဘက်တွင် တပည့် တစ်ရာ၊ နှစ်ရာခန့် စုဝေးနေကြရာ အတော်လေး စည်ကား သက်ဝင်နေ၏။
ယှဉ်ပြိုင် တိုက်ခိုက်နေသူ နှစ်ဦးမှာ လီစစ်ဖုန်း မသိသော တပည့်များ ဖြစ်ကြသည်။ သူတို့ နှစ်ဦးစလုံးက မူလအားဖြည့်နယ်ပယ်၏ ပဉ္စမအလွှာ တွင် ရှိနေကြောင်း သူ အာရုံခံမိနိုင်ပြီး သူတို့ထဲမှ တစ်ဦးက လွှမ်းမိုးနိုင်သော တိုက်ခိုက်မှု စွမ်းအား ပါရှိသည့် ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။
ထိုသူမှာ အထီးကျန်ဓားပင် ဖြစ်သည်။
အထီးကျန်ဓားက ကျင့်ကြံခြင်းတွင် လေးနှစ်ကြာ အချိန်ယူခဲ့ပြီးနောက် မူလအားဖြည့်နယ်ပယ်၏ ပဉ္စမအလွှာ သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ အချိန်အားလုံးကို ချီစွမ်းအင်များ စုဆောင်းရာတွင်သာ အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ ရရှိလာသော ရလဒ်ပင် ဖြစ်သည်ယေ
ကျန်းကျောက်ရှား၏ တပည့် ဖြစ်လာပြီးနောက် အထီးကျန်ဓားက စစ်မှန်သော သွန်သင်မှုများကို ရရှိခဲ့သည်။ထို့ကြောင့် ဓားသိုင်းကို လက်တွေ့ တိုက်ပွဲများတွင် စမ်းသပ်လိုသဖြင့် မကြာသေးမီက သိုင်းပညာစင်မြင့် သို့ မကြာခဏ လာရောက်လေ့ ရှိသည်။
ပရိသတ်ထဲရှိ တပည့် အများစုမှာ အထီးကျန်ဓား၏ ဉာဏ်ရည်ဉာဏ်သွေးကို ကြည့်ရှုရန် လာရောက်ကြခြင်း ဖြစ်သည်။ မျိုးဆက်တိုင်းတွင် သူတို့ လေးစား အားကျရသော ကိုယ်ပိုင် ပါရမီရှင်များနှင့် အစွမ်းထက်သူများ ရှိကြပြီး အထီးကျန်ဓားက မျိုးဆက်သစ်များကြားတွင် လင်းလက် တောက်ပနေကာ လက်ရှိမျိုးဆက်မှ မည်သည့် တပည့်ကမျှ သူ့ကို မယှဉ်နိုင်ကြချေ။
အထီးကျန်ဓားကလည်း ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့လို ပြိုင်ဘက်ကင်း အစွမ်းထက်သူ တစ်ဦး ဖြစ်လာမည်ကို လူတိုင်း သိရှိထားကြ၏။
လီစစ်ဖုန်း၏ အမူအရာက လျင်မြန်စွာ တည်ကြည်လေးနက်လာ၏။ အထီးကျန်ဓား၏ ဓားသိုင်းက သူ့ရဲ့ ဓားသိုင်းထက်ပင် ပို၍ အစွမ်းထက်နေကြောင်း သူ သဘောပေါက်သွားသည်။
သူက ဓားတစ်လက်ကို ကိုင်ဆောင်ထားသော်လည်း စစ်မှန်သော အဓိပ္ပာယ်အရ ဓားသမား တစ်ဦး မဟုတ်ချေ။ အထီးကျန်ဓားကမူ မွေးရာပါ ဓားပါရမီရှင် တစ်ဦး ဖြစ်သည်။
သို့တိုင်အောင် သူ့ရဲ့ ဓားသိုင်းထက် သာလွန်နေသော ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ဦးကို သူ မည်သို့ ယှဉ်နိုင်မည်နည်း။
အရေးအကြီးဆုံးမှာ အထီးကျန်ဓား ထံတွင် ကျန်းကျောက်ရှား၏ အရိပ်အယောင်များကို မြင်တွေ့နေရခြင်းပင် ဖြစ်သည်။ ဤကောင်လေး၏ ဓားသိုင်းက သူတို့ ငယ်ငယ်က တတိယ ဂိုဏ်းတူအစ်ကို၏ ဓားသိုင်းကဲ့သို့ပင် မာနကြီးပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေသည်။
ဓားသမား တပည့်က ပြင်းထန်သော ဓားကွက် တစ်ခုကို ထုတ်သုံးလိုက်တိုင်း ပရိသတ်များထံမှ အားပေး သြဘာပေးသံများ ထွက်ပေါ်လာရာ လီစစ်ဖုန်းကို မျက်မှောင်ကြုတ်သွားစေသည်။
လက်ရှိ တပည့်များက တကယ့်ကို တည်ငြိမ်မှု မရှိဘဲ အမြော်အမြင် နည်းပါးကြသည်။
ဒီလို ပါရမီရှင်မျိုးက ဘာတွေများ အံ့သြစရာ ကောင်းနေလို့လဲ။
မာနကြီးလွန်းခြင်းက ကျရှုံးမှုကိုသာ ဦးတည်စေလိမ့်မည်….
ဤအခိုက်အတန့်တွင် သူ့ရဲ့သားများ ဖြစ်သော လီရှို့ကျန်းနှင့် လီရှို့မင်တို့ကလည်း အထီးကျန်ဓား အတွက် အားပေးနေကြသည်။
"အစ်ကို... ဂိုဏ်းတူအစ်ကို အထီးကျန်ဓားက အရမ်း အံ့သြစရာ ကောင်းတာပဲ... ကျွန်တော်လည်း ဓားသိုင်း သင်ချင်တယ်..."
လီရှို့မင်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။
လီရှို့ကျန်းက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများက စင်မြင့်ကို ကြည့်ရင်း တောက်ပနေသည်။
သူကလည်း အထီးကျန်ဓားကို လေးစား အားကျသော်လည်း သူ လိုချင်သည်မှာ အထီးကျန်ဓားကဲ့သို့ ဖြစ်လာရန် မဟုတ်ဘဲ အထီးကျန်ဓား ကဲ့သို့သော သူတစ်ယောက်ကို ထိန်းချုပ်နိုင်ရန် ဖြစ်၏။
လီစစ်ဖုန်း ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်တော့ လီရှို့ကျန်းနှင့် သူ၏ ညီကို တွေ့လိုက်ရသည်။ ကလေးနှစ်ယောက်က လေးနှစ် အရွယ်သာ ရှိသေးပြီး မည်သည့် တပည့်ကမျှ သူတို့ကို မတွန်းထုတ်ရဲသဖြင့် ပရိသတ်များကြားတွင် လွန်စွာ ထင်ရှားနေ၏။
"ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလို တပည့်မျိုးကို သဘောကျနေတယ် ဆိုတော့ ကြီးလာရင် လူဆိုး ဖြစ်လာနိုင်တယ်..."
လီစစ်ဖုန်းက ခေါင်းယမ်းလိုက်ပြီးနောက် လှည့်၍ တောင်ပေါ်သို့ တက်သွားတော့သည်။
သူက ယခုမှစ၍ ဂိုဏ်းတွင်သာ နေထိုင်ပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်ကာ ဤမာနကြီးသော တပည့်ဖြစ်သည့် အထီးကျန်ဓားနှင့် ယှဉ်ပြိုင် စမ်းသပ်ရန် အခွင့်အရေး တစ်ခု ရှာဖွေရမည် ဖြစ်၏။
သူ ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံ ရှိသေးသည် အပြင်ဘက်မှ အံ့အားသင့်မှုများ ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"စစ်ဖုန်း..."
လီစစ်ဖုန်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ ဇနီး ဖေမြောင် လူအုပ်ထဲမှ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သူမက အမျိုးသမီး တပည့် အနည်းငယ်ဖြင့် ဝိုင်းရံခံထားရသဖြင့် အစောက သူမကို သူ မမြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
ဖေမြောင်ကို တောင်ပေါ်တွင် တွေ့ရသည်မှာ သူ့အတွက် အံ့သြစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ မြောက်ပိုင်းနယ်စပ်သို့ မသွားမီက ဖေမြောင်ကို သားများကို ပြုစုစောင့်ရှောက်ရန် ချင်းရှောင်ဂိုဏ်း သို့ ပြန်သွားရန် အထူး တောင်းဆိုခဲ့သောကြောင့် ဖြစ်၏။
"ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... ဘာလို့ တစ်ယောက်တည်းလဲ... အတွေ့အကြုံရှာဖွေရေးခန်းမက တခြား တပည့်တွေရော ဘယ်မှာလဲ..."
ဖေမြောင်က လီစစ်ဖုန်း အနီးသို့ လျှောက်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လီစစ်ဖုန်း၏ အပြုံးက ပေါ်လာသည်နှင့် ချက်ချင်း အေးခဲသွား၏။
"မမျှော်လင့်ထားတဲ့ ကိစ္စတချို့ ဖြစ်သွားလို့ပါ... နောက်မှ ကိုယ် မင်းကို ပြန်ပြောပြမယ်လေ..."
"ကောင်းပါပြီ... ခဏလေး စောင့်ဦး... ရှို့ကျန်းနဲ့ ရှို့မင်ကို သွားခေါ်လိုက်ဦးမယ်... ကျွန်မတို့ မိသားစု နောက်ဆုံးတော့ ပြန်ဆုံရပြီပဲ..."
ဖေမြောင်က ခေါင်းညိတ်လိုက်ပြီးနောက် လီရှို့ကျန်းနှင့် ရှို့မင်ကို ရှာရန် လှည့်ထွက်သွား၏။
သားနှစ်ယောက်လည်း ထိုနေရာတွင် ရှိနေကြောင်း ကြားသောအခါ လီစစ်ဖုန်းမှာ ရုတ်တရက် မသက်မသာ ဖြစ်သွားရသည်။
အစောက သူ အထင်သေးခဲ့သော ကလေးနှစ်ယောက်က သူ့သားတွေ ဖြစ်နေတာလား။
ဖေမြောင်က လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို အနီးသို့ ခေါ်ဆောင်လာသည်ကို မြင်သောအခါ လီစစ်ဖုန်း၏ အမူအရာက ပို၍ပင် အနေရခက်လာသည်။
တကယ့်ကို ဟုတ်နေတာပဲ….
သို့သော်လည်း ပြန်တွေးကြည့်လျှင် ဤကလေးနှစ်ယောက်က သူနဲ့ အတော်လေး တူပေသည်။ သူ ငယ်ငယ်ကလည်း ကျန်းကျောက်ရှား နောက်သို့ အမြဲ တကောက်ကောက် လိုက်လေ့ရှိသည်မဟုတ်ပါလား။
...
ညနေစောင်း အချိန်တွင်… .
လင်းရှောင်ဝင်း အတွင်း၌ လီစစ်ဖုန်းက ကြမ္မာဆိုး အကြောင်းကို လီချင်းချိုးအား အသေးစိတ် ပြန်လည် ပြောပြပြီးနောက် အပြစ်ရှိသလို ခံစားရမှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများဖြင့် ခေါင်းငုံ့ထားပြီး လီချင်းချိုး၏ အကြည့်များကို ရင်ဆိုင်ရန် မဝံ့မရဲ ဖြစ်နေ၏။
လီချင်းချိုးက လီစစ်ဖုန်းကို ကြည့်လိုက်ရာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်မှာ ကံကောင်းသည်ဟု တွေးမိသော်လည်း ဤကိစ္စအတွက် သူ့ကို အပြစ်တင်၍ မရနိုင်ကြောင်းကိုလည်း ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေဘုရင်ကျိမင်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သောကြောင့်ပင်။
"ဒီကိစ္စကို ငါ သိပြီးပါပြီ... အခုကစပြီး မင်း ဂိုဏ်းထဲမှာပဲနေပြီး ကျင့်ကြံသင့်ပြီ... နှစ်တွေ အများကြီး လှည့်လည် သွားလာပြီးပြီ ဆိုတော့ မင်းအတွက် စိတ်လှုပ်ရှားစရာတွေ လုံလောက်သင့်ပါပြီ..."
"လီစစ်ဖုန်းရဲ့ မာနကို ချိုးနှိမ်ဖို့ အချိန်တန်ပြီ... အကယ်၍ သူ့ကို ကျင့်ကြံခြင်း လမ်းစဉ်ဆီ ခေါ်ဆောင်သွားနိုင်ရင် ပိုပြီးတော့တောင် ကောင်းလိမ့်မယ်..."
"အစ်ကိုကြီး... အဲဒီ မိစ္ဆာဝိညာဉ်က အရမ်း အစွမ်းထက်တယ်... ကျွန်တော်တို့ ပေါ့ဆလို့ မရဘူး... အကယ်၍ အစ်ကိုကြီး ကိုယ်တိုင် သွားရောက် ရင်ဆိုင်မယ် ဆိုရင်တောင်မှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူက ကျွန်တော်တို့ရဲ့ ချင်းရှောင်ဂိုဏ်း အကြောင်းကို ကြာတည်းက သိနေပုံရတယ်... သူ တောင်ဘက်ကို ဆင်းလာမှာကို ကျွန်တော် စိုးရိမ်တယ်..."
လီချင်းချိုးက နှာခေါင်းရှုံ့လိုက်ပြီး…
"သူ အဲဒီလောက် အစွမ်းထက်နေတာကို ငါက ဘာလုပ်သင့်တယ်လို့ ထင်လဲ... တပည့်တွေကို သေတွင်းထဲ ပို့ရမှာလား..."
အပြန်လမ်းတွင် လီစစ်ဖုန်း ဆုံးဖြတ်ချက် ချထားပြီး ဖြစ်၏။
"အပြင်မှာ လေ့ကျင့်ရေးဆင်းနေတဲ့ တပည့် အရေအတွက်ကို လျှော့ချလိုက်ပြီး ဒီကိစ္စကို တပည့်တွေကို အသိပေးထားသင့်တယ်... ဒါမှ သူတို့ ကြိုတင် ပြင်ဆင်ထားနိုင်ပြီး အနည်းဆုံးတော့ အလစ်အငိုက် အတိုက်မခံရတော့ဘူးပေါ့..."
တစ္ဆေဘုရင်ကျိမင်ကို သူ မမြင်နိုင်ခဲ့သလို တစ္ဆေဘုရင်ကျိမင်၏ သွေးမြူခိုးပညာ အကြောင်းကိုလည်း သူ မသိခဲ့သဖြင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ ယခုတိုင်အောင် ထိုတိုက်ပွဲကို ပြန်လည် သတိရမိသောအခါ ကျောရိုးတစ်လျှောက် စိမ့်တက်သွားဆဲပင်။
"ငါ စဉ်းစားကြည့်ပါ့မယ်... လျူကျင်းကို ဒီလောကကြီးကို အုပ်ချုပ်ခိုင်းရင်ကော ဘယ်လိုလဲ..."ဟု လီချင်းချိုးက စကားလမ်းကြောင်း လွှဲ၍ မေးလိုက်တော့ လီစစ်ဖုန်းက ခေါင်းညိတ်၍ …
"ဂိုဏ်းတူအစ်ကိုပဲ ဆုံးဖြတ်ပါ... စစ်မြေပြင်မှာ နှစ်တွေ အများကြီး တိုက်ခိုက်ပြီးတဲ့ နောက်ပိုင်းမှာ လောကကြီးက ကျွန်တော် ထင်ထားသလောက် မရိုးရှင်းဘူး ဆိုတာကို ရုတ်တရက် သဘောပေါက်သွားတယ်... ရန်သူတွေကို သတ်ရတဲ့ ခံစားချက်ကို ကျွန်တော် သဘောကျပေမဲ့ လောကကြီးကို အုပ်ချုပ်ဖို့တော့ ကျွန်တော့်မှာ စိတ်ရှည်သည်းခံမှု မရှိဘူး... စစ်တပ်ကို စီမံခန့်ခွဲရတဲ့ အသေးအဖွဲ ကိစ္စတွေက ပြဿနာ များတယ်လို့ ကျွန်တော် ထင်တယ်..."
"သွားပြီး အနားယူလိုက်ဦး..."
လီချင်းချိုးက သူ့ကို သင်ခန်းစာ ပေးရန်အတွက် အပြင်တွင် ခဏလောက် ထားရန် စီစဉ်ထားလိုက်သည်ယေ
လီစစ်ဖုန်းက လမ်းခရီးတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပြောပြချင်သော်လည်း မိစ္ဆာဝိညာဉ်များ ကိစ္စက လွန်စွာ ကြီးမားလွန်းပြီး သူ့အစ်ကိုအနေဖြင့် စဉ်းစားရန် အချိန်လိုသည်ဟု ခံစားရသဖြင့် နောက်မှသာ ပြောပြရန် ဆုံးဖြတ်လိုက်သည်။
လီစစ်ဖုန်း ထွက်သွားသည်ကို လီချင်းချိုးက စောင့်ကြည့်နေပြီး…
"ဒီကောင်လေးက နောက်ထပ် အံ့သြစရာ ကောင်းတဲ့ အတွေ့အကြုံ တစ်ခုကို ကြုံခဲ့ရပြန်ပြီလား...တကယ့် လောကီရေးရာ စစ်မှန်သောနဂါးက ဘယ်သူများလဲ..."
လီချင်းချိုး၏ မျက်လုံးများက ထူးဆန်းနေပြီး သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်မှုများ ပြည့်နှက်နေသည်။
လီစစ်ဖုန်းက နှစ်တစ်ထောင် ဓားဝိညာဉ် ပျောက်ကွယ်သွားပြီဟု ပြောခဲ့သော်လည်း တီရွှမ်းဓားထဲတွင် အခြား ဝိညာဉ်တစ်ခု ရှိနေကြောင်း လီချင်းချိုး ခံစားမိပြီး ၎င်းက ယခင်ကထက် ပို၍ အစွမ်းထက်နေ၏။
အကယ်၍ သူသာ ထိုဝိညာဉ်က လီစစ်ဖုန်းနှင့် ဝိညာဉ် အမှတ်အသား တစ်ခု ဖွဲ့စည်းထားပြီး သခင် အသိအမှတ်ပြုခြင်းနှင့် ဆင်တူကြောင်း ဝိညာဉ်အသိအာရုံဖြင့် မမြင်တွေ့ခဲ့ပါက လီစစ်ဖုန်းကို တစ္ဆေ ပူးကပ်နေသည်ဟုပင် သူ သံသယဝင်မိပေလိမ့်မည်။
ကံကြမ္မာက အရာအားလုံးကို မဆုံးဖြတ်နိုင်ပေ။ ကံကြမ္မာ ပါလာသူများက ၎င်းနှင့် ထိုက်တန်အောင် မနေထိုင်နိုင်သည်များ ရှိနိုင်ပြီး ကံကြမ္မာ မပါလာသူများက ကံကြမ္မာ ပါလာသူများထက် သေချာပေါက် ပိုဆိုးမည်ဟု မဆိုနိုင်ချေ။
လီချင်းချိုးက ခေါင်းယမ်း၍ ရယ်မောလိုက်ပြီးနောက် ထုံးစံအတိုင်း ဆက်ခံသူစာရင်း မျက်နှာပြင်ကို ဖွင့်၍ ယနေ့အတွက် တပည့်သစ်များကို စစ်ဆေးကြည့်လိုက်၏။
…
နောက်တနေ့တွင်
အတွေ့အကြုံရှာဖွေရေးခန်းမ၏ ခန်းမသခင် ပြန်ရောက်လာသည် ဆိုသော သတင်းက ဂိုဏ်းအတွင်း အတော်လေး ဆူပူအုံကြွမှု တစ်ခု ဖြစ်ပေါ်သွားစေ၏။ လီစစ်ဖုန်းက ခန်းမသခင် နေရာကို ရယူထားသော်လည်း ဂိုဏ်းတွင် ရှားရှားပါးပါးသာ မြင်တွေ့ရလေ့ ရှိသဖြင့် တပည့်များက သူ့ကို ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။
သို့သော်လည်း အချို့က သူသည် အတွေ့အကြုံရှာဖွေရေးခန်းမ၏ ခန်းမသခင် အဖြစ် တာဝန်များကို အမှန်တကယ် ကျေပွန်စွာ ထမ်းဆောင်နေကြောင်း နောက်ပြောင် ပြောဆိုကြ၏။
နံနက်ခင်း အစောပိုင်းတွင်
လီစစ်ဖုန်း ခြံဝင်း အတွင်းသို့ ရောက်ရှိလာသည်။ တစ်ညတာ အနားယူပြီးနောက် အားအင်များ ပြည့်ဝနေပြီး ဓားသိုင်း လေ့ကျင့်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
လီရှို့ကျန်းနှင့် လီရှို့မင်တို့ကလည်း နိုးနေကြပြီး ခြံဝင်း ထောင့်တစ်နေရာတွင် လက်သီးသိုင်းလေ့ကျင့်နေကြသည်ကို သူ သတိပြုမိသွားသည်။
"ရှို့ကျန်း၊ ရှို့မင်... သားတို့ ဘာတွေ လေ့ကျင့်နေတာလဲ... ဒီကို လာခဲ့... အဖေက သားတို့ကို ပြိုင်ဘက်ကင်း ဓားသိုင်း တစ်ခု သင်ပေးမယ်..."
ထိုစကားကို ကြားသောအခါ ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အနီးသို့ လျှောက်လာကြသည်။
ကလေးနှစ်ယောက်က သူ့ကို ရင်းနှီးမှု မရှိကြောင်း ယမန်နေ့ကတည်းက လီစစ်ဖုန်း သတိပြုမိခဲ့ပြီး အချိန်တွေ အများကြီး ရှိသေးသည်ဟု တွေးကာ သူတို့ကို သိပ်ပြီး စိတ်ဝင်စားမှု မပြခဲ့ပေ။
စကားပိုများ မပြောတော့ဘဲ ဓားသိုင်းကို ချက်ချင်း စတင် လေ့ကျင့်လိုက်ပြီး သူ အသစ် သင်ယူထားသော ဓားကွက်များကို အသုံးပြုလိုက်၏။ သူက ကြွားဝါချင်နေပြီး သားနှစ်ယောက်က သူ့ကို လေးစား အားကျစေရန် မျှော်လင့်နေသည်။
သူ ဓားကို စတင် ဝှေ့ယမ်းလိုက်သည်နှင့် လေထုထဲတွင် အစွမ်းထက်သော လေပြင်း တစ်ချက် တိုက်ခတ်လာာသည်။ လှုပ်ရှားမှုများကို တမင်သက်သက် ထိန်းချုပ်ထားပြီး သားနှစ်ယောက်ကို မထိခိုက်စေရန် သေချာအောင် လုပ်ဆောင်ထားသော်လည်း သူ့ရဲ့ စွမ်းအားများကို သူတို့ကို ခံစားသိရှိစေချင်သည်။
ပြင်းထန်သော လေပြင်းက လီရှို့ကျန်းနှင့် လီရှို့မင်တို့၏ ဆံပင်များနှင့် ဝတ်ရုံများကို လွင့်ထွက်သွားစေသော်လည်း ကလေးနှစ်ယောက်က လန့်ဖြတ်သွားခြင်း မရှိချေ။ ယင်းအစား သူတို့၏ ဖခင် ဓားသိုင်း လေ့ကျင့်နေသည်ကို စူးစိုက် ကြည့်ရှုနေကြ၏။
ဖေမြောင်က အိမ်ထဲမှ ထွက်လာပြီး ဆံပင်ဖြီးနေရင်း ဖသားနှစ်ယောက်ကို ကြည့်ကာ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
စွမ်းအားတွေ ထက်စာလျှင် သူမ၏ မိသားစုက ရိုးရှင်းပြီး ပျော်ရွှင်သော ဘဝမျိုးဖြင့် နေထိုင်နိုင်စေရန် ပို၍ မျှော်လင့်နေ၏။
သူတို့ အတူတကွ နေထိုင်ရသရွေ့ ဖေမြောင် ပျော်ရွှင်နေမည် ဖြစ်သည်။
လီစစ်ဖုန်း၏ ဓားသိုင်း ပို၍ပို၍ မြန်ဆန်လာသည်ကို မြင်သောအခါ သူမ မတတ်သာဘဲ ရှေ့သို့ တိုးသွားပြီး သားနှစ်ယောက်ကို နောက်သို့ ဆွဲခေါ်လိုက်ရ၏။
လီစစ်ဖုန်းက ဓားသိုင်း ပြသခြင်း ပြီးဆုံးသွားသောအခါ မတ်တပ်ရပ်၍ ဓားကို ပြောင်းပြန် ကိုင်လိုက်ကာ လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။
"ဘယ်လိုလဲ... အဖေ့ရဲ့ ဓားသိုင်းက အထင်ကြီးစရာ မကောင်းဘူးလား..."
လီရှို့မင်က ခေါင်းအနည်းငယ် ညိတ်၍…
"မဆိုးပါဘူး..."
ထို့နောက် လီရှို့ကျန်းကတော့ မျက်လုံးများကို မှိတ်လိုက်သည်။
ကလေးနှစ်ယောက် ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါ လီစစ်ဖုန်း ချက်ချင်း စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။
"ဒါက ကိုးပြည်ထောင်နယ်မြေ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ဓားသိုင်းကွ... 'မဆိုးပါဘူး' ဆိုတာထက် အများကြီး ပိုတယ်..."
ဖေမြောင်က ပါးစပ်ကို အုပ်၍ ရယ်မောလိုက်သော်လည်း ဘာမှမပြောဘဲ သားအဖတွေ အပြိုင်အဆိုင် ဖြစ်နေကြသည်ကို ပျော်ရွှင်စွာဖြင့် စောင့်ကြည့်နေ၏။
လီရှို့မင်က လီရှို့ကျန်းကို ကြည့်၍.
"အစ်ကို... အစ်ကို သင်ယူပြီးပြီလား..."
လီရှို့ကျန်းက မျက်လုံးများကို ဖွင့်၍ ရှေ့သို့ တစ်လှမ်း တိုးကာ …
"အဖေ... အဖေ့ဓားကို ငှားလို့ ရမလား..."
လီစစ်ဖုန်း တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် တီရွှမ်းဓားကို လီရှို့ကျန်းထံသို့ ကမ်းပေးလိုက်သည်။
လီရှို့ကျန်းက ဓားကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် တီရွှမ်းဓားထံမှ ရုတ်တရက် ဓားအလင်းရောင်များ ပေါက်ကွဲထွက်လာရာ လီစစ်ဖုန်း၊ ဖေမြောင်နှင့် လီရှို့မင်တို့ကို အလိုအလျောက် မျက်တောင်ခတ်သွားစေ၏။
"ဟင်... ဒီကောင်လေးက ရိုးရှင်းတာ မဟုတ်ဘူး..."
အသံတစ်သံက လီစစ်ဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသဖြင့် သူ့ အမူအရာက ထူးဆန်းသွားတော့သည်။
ထက်မြက်သော အမြင်ကြောင်ြ တီရွှမ်းဓားက လီရှို့ကျန်းနှင့် အတော်လေး ကိုက်ညီပုံ ရကြောင်း သူ သိနိုင်ပေသည်။
ထို့နောက် လီရှို့ကျန်းက မျက်လုံးများကို မှိတ်၍ ဓားကို စတင် ဝှေ့ယမ်းလိုက်၏။ ဓားကွက်များက မမြန်ဆန်သော်လည်း တစ်ကြိမ် ဝှေ့ယမ်းလိုက်တိုင်း အမြန်နှုန်းက တိုးလာသည်။
လီစစ်ဖုန်း၏ အမူအရာ လျင်မြန်စွာ တည်ကြည်လေးနက်လာပြီး ကြည့်နေရင်းနှင့်ပင် အံ့အားသင့်သွားသော အမူအရာ တစ်ခုကို မဖုံးကွယ်နိုင်တော့ချေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လီစစ်ဖုန်း၏ နှလုံးသားထဲတွင် မုန်တိုင်း တစ်ခု တိုက်ခတ်နေချေပြီ။
လီရှို့မင်ကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အစ်ကို၏ နားလည်သဘောပေါက်နိုင်စွမ်းက သူ့ထက် သာလွန်နေကြောင်း သိထားသောကြောင့်ပင်။
ဂိုဏ်းတူဦးလေးကြီး၏ အဆိုအရ သူ့အစ်ကို၏ နားလည်သဘောပေါက်နိုင်စွမ်းက ဂိုဏ်းတွင် အကောင်းဆုံးများထဲမှ တစ်ဦး ဖြစ်သည်။
"လီစစ်ဖုန်း... မင်းရဲ့ သားက ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ... သူ အရွယ်ရောက်လာတဲ့ အခါကျရင် မင်းကို သေချာပေါက် ကျော်တက်သွားလိမ့်မယ်လို့ ငါ ခန့်မှန်းရတယ်... မဟုတ်ဘူး... ပိုတောင် မြန်ချင် မြန်ဦးမယ်..."
ထိုအသံက လီစစ်ဖုန်း၏ စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်လာပြီး လေသံတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
လီစစ်ဖုန်းက လီရှို့ကျန်းကို ကြည့်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။
သူ ရုတ်တရက် ကံကောင်းသွားသလို ခံစားလိုက်ရ၏။
အကယ်၍ သူသာ နောက်ထပ် ဆယ်နှစ်လောက် နေမှ ပြန်ရောက်လာခဲ့ရင် ဒီကောင်လေးကို သူ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး မလား…