← Chapters

အခန်း (၁၅၄၁-၁၅၄၂)

Vol. 155 Ch. 1541-1542

အခန်း (၁၅၄၁-၁၅၄၂)

Vol. 155 Ch. 1541-1542

အခန်း (၁၅၄၁) - ဓာတ်ငါးပါးမသေမျိုး

​ဆယ်မျက်နှာမသေမျိုးဂိုဏ်းကလား

​ဒါဆိုရင် နန်ချင်ကြယ်တာရာရဲ့ ဇာတိဖွား ကျင့်ကြံသူတစ်ယောက်ပေါ့လေ။

​ဖန့်ချန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်

"မိတ်ဆွေက ဆယ်မျက်နှာမသေမျိုးဂိုဏ်းရဲ့ ဘယ်နှစ်ဆက်မြောက် တပည့်ပါလဲ"

​"ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှာ ဘယ်နှစ်ဆက်ဆိုတာ ရှိသေးလို့လား"

​ပိရွှမ်သည် ခဏတာ ကြောင်အမ်းသွားပြီးမှ ချက်ချင်းပင် အသိဝင်လာကာ အံ့ဩတကြီး မေးတော့သည်။

"အပြင်လောကမှာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ"

​ဖန့်ချန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်သည်။ နှစ်ပေါင်းမည်မျှ ကုန်လွန်သွားသည်ကို သူလည်း ဘယ်သိပါမည်နည်း။

​"ငါ တိုက်ပွဲမှာ ကျဆုံးခါနီးတုန်းက တပည့်သုံးယောက် လက်ခံခဲ့တာ မှတ်မိသေးတယ်"

ပိရွှမ်က မျက်မှောင်ကြုတ်လျက် ဆိုသည်

"သူတို့က ဆယ်မျက်နှာမသေမျိုးဂိုဏ်းကို ဆက်ခံပြီး လက်ဆင့်ကမ်းခဲ့ပုံရတယ်၊ ဒါကြောင့်လည်း မိတ်ဆွေက ငါ့ကို အခုလို မေးတာနေမှာပေါ့"

​"တိုက်ပွဲမှာ ကျဆုံးခါနီးတုန်းက ဟုတ်လား"

ဖန့်ချန် အနည်းငယ် အံ့ဩသွားရသည်

"ပိရွှမ်မိတ်ဆွေ က ဆယ်မျက်နှာမသေမျိုးဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဂိုဏ်းချုပ်ကြီးလား"

​"အတိအကျပဲ"

ပိရွှမ်က ခေါင်းကို အသာအယာ ညိတ်ပြသည်

"အဲဒီတုန်းက ငါ နန်ချင်ကြယ်တာရာကို စစ်ကူလာတိုက်ရင်းနဲ့ ကိုယ်တိုင်လည်း သေဆုံးသွားနိုင်တယ်ဆိုတာ သိလို့၊ တောင်ဖွင့်ပြီး ဂိုဏ်းထောင်ခဲ့တာပဲ။ ဆယ်မျက်နှာမသေမျိုးဂိုဏ်းကို အမွေအနှစ်အနေနဲ့ ချန်ထားရစ်ခဲ့တာပေါ့"

​ဖန့်ချန်သည် ဤနေရာတွင် ငါးကြီးတစ်ကောင်ကို ဆယ်ယူမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆယ်မျက်နှာမသေမျိုးဂိုဏ်းရဲ့ တည်ထောင်သူ ဂိုဏ်းချုပ်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကသာ အပြင်လောကမှာဆိုရင်၊ နန်ချင်ကြယ်တာရာရဲ့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းကသာ အသိအမှတ်ပြုမယ်ဆိုရင် ဒီလူရဲ့ အဆင့်အတန်းက အလွန်ကို မြင့်မြတ်လှပေလိမ့်မည်။

​နှမြောစရာကောင်းသည်မှာ ယခုအချိန်မှ ဆုံတွေ့ရခြင်းပင်။

သူသည် ယခုအခါ ကျွယ်မင်နတ်နန်း၏ အမာခံတပည့်တစ်ဦး ဖြစ်နေပြီဖြစ်ရာ အဆင့်အတန်းမှာ မြင့်မြတ်ပြီးသား ဖြစ်သည်။

အကယ်၍ လွန်ခဲ့သော မသေမျိုးဆွေးနွေးပွဲတော်ကာလလောက်မှာသာ ထိုပုဂ္ဂိုလ်နှင့် ဆုံခဲ့ပါက အသုံးချစရာ တစ်ခုခု ဖန်တီးနိုင်ပေလိမ့်မည်။

​"ပိရွှမ်မိတ်ဆွေ... ကျွန်တော် ခင်ဗျားတို့ကို ယင်မြို့တော် ဆီ ခေါ်သွားပေးမယ်၊ သေချာ ထိုင်နေကြပါ"

ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည့်အခါ ကျူးလုံသည် ဝမ်ချွမ်းမြစ်၏ အနက်ရှိုင်းဆုံးဆီသို့ စတင်ကူးခတ်သွားတော့သည်။

​၎င်း၏ ကျောပေါ်ရှိ ဝိညာဉ်များမှာလည်း မည်သူမျှ မပေါ့ဆရဲဘဲ တစ်ယောက်ချင်းစီ ငြိမ်သက်စွာ ထိုင်နေကြသည်။

ဝမ်ချွမ်းမြစ်ထဲမှာ နစ်မြုပ်နေခဲ့ရတဲ့ အချိန်တွေက လုံးဝ မသက်သာလှပေ။ သူတို့ ထိုဒုက္ခမျိုးကို နောက်ထပ် မခံစားချင်ကြတော့ပါ။

​"မိတ်ဆွေက ဒီယင်လောကမှာလည်း အတော်အတန် အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှာပဲနော် ဆယ်မျက်နှာမသေမျိုးဂိုဏ်း အခု ဘယ်လိုအခြေအနေ ရှိနေပြီလဲဆိုတာ သိပါသလား"

ပိရွှမ်က မနေနိုင်ဘဲ မေးလိုက်သည်။

​"ဆယ်မျက်နှာမသေမျိုးဂိုဏ်းက အခုဆိုရင် နန်ချင်ကြယ်တာရာရဲ့ နံပါတ်တစ် ဂိုဏ်းကြီးဖြစ်နေပါပြီ။ နာမည်ကျော်ကြားတဲ့ ဘုရင်တစ်ပါးလိုပါပဲ"

ဖန့်ချန်က ပြုံး၍ ဆိုသည်

"အဆင့် ၇ ရှေးဟောင်းမသေမျိုး တောင် အုပ်ချုပ်နေနိုင်တယ်"

​"အဆင့် ၇ ရှေးဟောင်းမသေမျိုး ဟုတ်လား"

ပိရွှမ်မှာ အလွန်အံ့အားသင့်သွားရသည်။

သူ မသေဆုံးမီက ကျင့်ကြံခြင်းအဆင့်မှာ အဆင့် ၆ အထိသာ ရှိခဲ့သည် မဟုတ်ပါလော။ သူ ချန်ထားရစ်ခဲ့သည့် တပည့်သုံးဦးမှာ ဂိုဏ်းကို ဤမျှအထိ ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုအခါ ရှေးဟောင်းမသေမျိုးအဆင့်အထိပင် ထွက်ပေါ်လာခဲ့ပြီ။

အံ့ဩတုန်လှုပ်မှုပြီးနောက်တွင် ဝမ်းသာကြည်နူးမှုက အစားထိုးဝင်ရောက်လာသည်။

မိမိ၏ နောက်မျိုးဆက်များ ဤမျှအထိ ထူးချွန်သည့် ရလဒ်များ ရရှိနေသည်ကို ကြားရပါက မည်သူမဆို ပျော်ရွှင်ရမည်သာ ဖြစ်သည်။

​"ပိရွှမ်မိတ်ဆွေ... ခင်ဗျား စစ်ပွဲမှာ ကျဆုံးခဲ့တဲ့အကြောင်း အသေးစိတ်လေး ပြောပြပါလား။ ဘယ်သူတွေနဲ့ တိုက်ခဲ့ရတာလဲ"

ဖန့်ချန်က သာမန်ကာလျှံကာသဘောဖြင့် မေးလိုက်သည်။

​ပိရွှမ်က ခါးသီးစွာ ပြုံးလိုက်သည်

"ရှုပ်ထွေးတာပေါ့၊ အဲဒီတုန်းက အခြေအနေတွေက အရမ်းကို ရှုပ်ထွေးခဲ့တာ။ ဘယ်သူနဲ့ တိုက်ခဲ့ရတာလဲ ဆိုတာ... ငါ သေတဲ့အထိတောင် အစအန မဖော်နိုင်ခဲ့ဘူး"

​"သိတာကတော့ အစပိုင်းမှာ နတ်ဘုရားလောက မှာ ပြဿနာတွေ စဖြစ်တယ်၊ နောက်တော့ ဒီယင်လောကမှာလည်း ဆူပူအုံကြွမှုတွေ ဖြစ်လာတယ်"

​"အဲဒီမတိုင်ခင်အထိတော့ လူ့လောကမှာ ကျင့်ကြံနေတဲ့ ကျင့်ကြံသူတွေက သိပ်ပြီး မတွေးမိကြဘူး။ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ၊ အဲဒီ ဆူပူမှုတွေက လူ့လောက ကိုးနယ်မြေ ဆီကို တဖြည်းဖြည်း ကူးစက်လာခဲ့တယ်၊ အထူးသဖြင့် ရှေးဟောင်းနယ်မြေ ပေါ့"

​"အဲဒီတုန်းက ဂိုဏ်းကြီးတွေအားလုံး စစ်ပွဲတွေ ဆင်နွှဲနေကြတာ။ ဘာလို့ တိုက်နေကြမှန်းလည်း မသိဘူး၊ သိတာကတော့ လူတချို့က ကျင့်ကြံခြင်းလောကကို စိုးမိုးအုပ်ချုပ်ဖို့ ကြိုးစားနေကြတာပဲ"

​"ငါတို့ ကျင့်ကြံသူတွေက အစွန်းကုန် လွတ်လပ်မှုကိုပဲ ရှာဖွေကြတာ။ မင်းကို လေးစားရမယ်၊ ဦးညွတ်ရမယ်ဆိုရင် ရတယ်၊ ဒါပေမဲ့ ငါတို့ကို ခွေးတစ်ကောင်လို အသုံးချခံဖြစ်အောင် လုပ်မယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး"

​"ငါ မှတ်မိသလောက်ဆိုရင်၊ ငါ နန်ချင်ကြယ်တာရာကို ရောက်သွားတဲ့အခါမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်က ဓာတ်ငါးပါးနယ်မြေ ရဲ့ ထိပ်တန်းဂိုဏ်းဖြစ်တဲ့ မဟာဓာတ်ငါးပါးဂိုဏ်း ပဲ"

​"အဲဒီဂိုဏ်းက ကျင့်ကြံသူတွေ အသုံးချတဲ့ ဓာတ်ငါးပါးစွမ်းအားတွေက မူလစွမ်းအင် တွေချည်းပဲ၊ တူညီတဲ့ အဆင့်အတန်းမှာ တိုက်ခိုက်နိုင်စွမ်းက အရမ်းကြောက်စရာကောင်းတယ်။ ငါက မဟာဓာတ်ငါးပါးဂိုဏ်းက အဆင့် ၆ မသေမျိုးတစ်ယောက်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာ"

​ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု လှုပ်ခတ်သွားသည်။ ယခုတစ်ခေါက်တော့ တကယ်ပဲ ရတနာတစ်ခုကို ကောက်ရပြီဟု ဆိုရမည်။

ကြည့်ရသည်မှာ ပိရွှမ် နေထိုင်ခဲ့သည့် ခေတ်ကာလမှာ ထို ပျက်စီးခြင်းခေတ် နှင့် အလွန်နီးစပ်နေပုံရသည်။

သို့မဟုတ် ထိုပျက်စီးခြင်းခေတ်၏ အဆုံးပိုင်းလည်း ဖြစ်နိုင်သည်။

​စစ်မီးက လူ့လောကအထိ ကူးစက်လာပြီဆိုလျှင်နတ်ဘုရားလောကနှင့် ယင်လောကတို့မှာ တစ်ခုပြီးတစ်ခု ရှုံးနိမ့်ခဲ့ပြီ သို့မဟုတ် အခြေအနေ မဟန်တော့သည်မှာ သေချာသည်။ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသည့် ရလဒ်လည်း ဖြစ်ပေလိမ့်မည်။

​"မိတ်ဆွေ... အခု အဲဒီ ပျက်စီးခြင်းခေတ်က ပြီးဆုံးသွားပြီလား ဘယ်သူ နိုင်သွားလဲ"

ပိရွှမ်က ရုတ်တရက် မေးလာသည်။ သူ၏ မျက်ဝန်းများထဲတွင် သိလိုစိတ်များ ပြည့်နှက်နေသည်။

​"ပျက်စီးခြင်းခေတ်ကတော့ ပြီးသွားပါပြီ၊ ဘယ်သူနိုင်သလဲ ဆိုတာကတော့... ပြောရခက်တယ်"

ဖန့်ချန်က ပြုံးလိုက်သည်။

​ပြောရခက်တယ်

ပိရွှမ်မှာ ခဏတာ ကြောင်အမ်းသွားပြီး ဤစကား၏ အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်နေရသည်။

ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တာ မဟုတ်ဘူးလား။

​"ဒါနဲ့... ဒီထဲမှာ မဟာဓာတ်ငါးပါးဂိုဏ်းက ကျင့်ကြံသူတွေ ပါသလား"

ဖန့်ချန်က မေးလိုက်သည်။

​ပိရွှမ်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ရှိတယ်၊ ရှိမှာ သေချာတယ်။ အဲဒီတုန်းက မဟာဓာတ်ငါးပါးဂိုဏ်းက လူတွေလည်း အများကြီး သေခဲ့တာပဲ၊ ဒီထဲမှာ ပါနေမှာ သေချာတယ်"

​"ငါ့အတွက် ရှာပေးပါဦး၊ ငါ မေးစရာလေးတွေ ရှိလို့"

ဖန့်ချန်က ဆိုသည်။

​ပိရွှမ်သည် ချက်ချင်းပင် ဝိညာဉ်ထုကြီးထဲတွင် မဟာဓာတ်ငါးပါးဂိုဏ်း ကျင့်ကြံသူများကို လိုက်လံရှာဖွေတော့သည်။

သို့သော် ဤနေရာ၌ ဝိညာဉ်များက များပြားလွန်းလှပြီး သူကိုယ်တိုင်မှာလည်း ကျင့်ကြံခြင်းစွမ်းအား မရှိသည့် သာမန်ဝိညာဉ်တစ်ခုသာ ဖြစ်နေသဖြင့် ခဏကြာ ရှာဖွေပြီးနောက် ခါးသီးစွာ ပြုံးလျက် ဆိုသည်။

"မိတ်ဆွေ...ကျုပ်ရှာတွေ့နိုင်မယ် မထင်ဘူး"

​"ကိစ္စမရှိပါဘူး"

ဖန့်ချန်က အသာအယာ ပြုံးလျက် ခေါင်းညိတ်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

​"မဟာဓာတ်ငါးပါးဂိုဏ်းက မိတ်ဆွေတွေ ဒီမှာ ရှိနေပါသလား ကျွန်တော် မေးစရာလေးအချို့ ရှိလို့ပါ"

​ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ ပြန်မဖြေကြပေ။

​ဖန့်ချန်၏ စိတ်ထဲတွင် အဖြေတစ်ခု ရနေပြီ ဖြစ်သည်။

စောစောက သူသည် ပိရွှမ်၏ ရပ်တည်ချက်ကိုပင် သံသယဝင်ခဲ့သေးသည်။

ယခုကြည့်ရသည်မှာ မဟာဓာတ်ငါးပါးဂိုဏ်းသည် ဝမ်ချုံစန်း ပြောခဲ့သည့် မိစ္ဆာ များနှင့် ပူးပေါင်းပြီး အကျိုးအမြတ်ရှာရန် ကြိုးပမ်းခဲ့သည့် ဗီလိန်များ ဖြစ်ပုံရသည်။

​ဤဂိုဏ်းများထဲတွင်လည်း အမာခံတပည့်အချို့သာ အမှန်တရားကို သိနိုင်ပေလိမ့်မည်။

ပိရွှမ်ကဲ့သို့ ပြင်ပလူများမှာ မဟာဓာတ်ငါးပါးဂိုဏ်း၏ လုပ်ရပ်များကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ မျက်နှာပေါ်ရှိ တွေဝေနေသည့် ပုံစံအရလည်း သိသာလှသည်။

​ထိုပျက်စီးခြင်းခေတ်က သေဆုံးသွားခဲ့ကြသည့် ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းမှာ အမှန်တရား၏ အနားကိုပင် မထိတွေ့ခဲ့ရပေ။

အစမှအဆုံးအထိ ဆူပူသောင်းကျန်းမှု တစ်ခုသာဟု ထင်မှတ်ခဲ့ကြသော်လည်း၊ အမှန်တကယ်တွင် သူတို့ ရင်ဆိုင်ခဲ့ရသည်မှာ လူမျိုးတုံးသတ်ဖြတ်မည့် ဘေးအန္တရာယ်ကြီး ဖြစ်နေခဲ့ခြင်းပင်။

ကံကောင်းသည်မှာ ထိုစစ်ပွဲသည် ယနေ့တိုင် ဆက်လက်တည်ရှိနေပြီး အရှုံးအနိုင် မပေါ်သေးပေ။

​"မိတ်ဆွေ... ဒီလိပ်ပြာမလုံတဲ့ ကောင်တွေ ထွက်လာရဲမှာ မဟုတ်ဘူး။ အဲဒီတုန်းက စစ်မီးကို သူတို့က စတင်ခဲ့တာလေ"

​"အခုဆိုရင် နန်ချင်ကြယ်တာရာမှာ ငါ့ရဲ့ဂိုဏ်းက နံပါတ်တစ် ဖြစ်နေပြီဆိုတော့၊ မဟာဓာတ်ငါးပါးဂိုဏ်းကတော့ လုံးဝကို ရှုံးနိမ့်သွားပြီဆိုတာ သိသာနေတာပဲ"

ပိရွှမ်က အေးစက်စွာ ရယ်မောလျက် လှောင်ပြောင်သည့် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

​"ထွက်မလာလည်း ကိစ္စမရှိပါဘူး။ ခဏနေ မြို့ကို ရောက်တဲ့အခါ၊ မင်း မြို့တံခါးဝမှာ ရပ်နေပြီး တစ်ယောက်ချင်းစီ လိုက်မှတ်ပေး။ မှတ်မိတဲ့လူကို ဝမ်ချွမ်းမြစ်ထဲ ပြန်ပစ်ချပေးမယ်"

ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။

​လူအတော်များများ၏ မျက်နှာထားမှာ ပျက်ယွင်းသွားပြီး၊ နောက်ဆုံးတွင် လူတစ်ယောက်မှာ မအောင့်နိုင်တော့ဘဲ ထွက်လာကာ ဖန့်ချန်ကို လက်အုပ်ချီလျက် ခပ်ကြောက်ကြောက် ပြုံးကာ ဆိုလာသည်။

​"ကျွန်တော်က မဟာဓာတ်ငါးပါးဂိုဏ်းက ကျင့်ကြံသူပါ"

​ပိရွှမ်သည် ထိုလူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ရယ်မောတော့သည်။

"မင်းပါလား... မင်းလည်း သေသွားတာကိုး။ ငါက မင်း ဘယ်လောက်တောင် အစွမ်းထက်နေမလဲလို့"

​သူက ဖန့်ချန်ကို ပြောပြသည်

"အဲဒီတုန်းက ငါ ဒီကောင့်လက်ထဲမှာ သေခဲ့ရတာ"

​"မင်း နာမည်က ဘယ်သူလဲ"

ဖန့်ချန်က မေးသည်။

​"ကျွန်တော်က မဟာဓာတ်ငါးပါးဂိုဏ်းက ကျိုးဟွိုက်ယွီ ပါ"

​"မသေခင်က ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

​"အဆင့် ၆ မသေမျိုးပါ"

​"ဘယ်လို မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာလဲ"

​"ဓာတ်ငါးပါးမသေမျိုး ထဲက သစ်သားမသေမျိုး လမ်းစဉ်ပါ"

​"ဓာတ်ငါးပါးမသေမျိုး ဟုတ်လား"

ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် ကြောင်အမ်းသွားသည်။

​ထိုမသေမျိုးလမ်းစဉ်အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။ ထို့ပြင် တစ်ဖက်လူ၏ စကားအရ ဤမသေမျိုးလမ်းစဉ်မှာ ငါးမျိုးကွဲပြားနေပုံရသည်။

ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ

​"ဓာတ်ငါးပါးနယ်မြေ...ဓာတ်ငါးပါးမသေမျိုး... ကြည့်ရတာ အဲဒီတုန်းက စစ်ပွဲပြီးနောက်မှာ ဒီမသေမျိုးလမ်းစဉ်က လုံးဝကို... မျိုးတုံးသွားတာလား "

​ဤသို့ တွေးမိလိုက်သည့်အခါ ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

"ဒီကို လာခဲ့ပြီး စကားပြောကြတာပေါ့။ အဲဒီတုန်းက မဟာဓာတ်ငါးပါးဂိုဏ်းရဲ့ ရပ်တည်ချက်နဲ့၊ နန်ချင်ကြယ်တာရာမှာ စစ်တိုက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကို ပြောပြစမ်း"

​ကျိုးဟွိုက်ယွီသည် သွားကို တင်းတင်းကြိတ်လျက်၊ မရေမတွက်နိုင်သော ဝိညာဉ်များ၏ စူးစိုက်ကြည့်နေမှုအောက်တွင် ဖန့်ချန်ထံသို့ လျှောက်လှမ်းသွားတော့သည်။

​ထိုစူးစိုက်ကြည့်နေသည့် မျက်လုံးပိုင်ရှင်အချို့၏ မျက်နှာထားမှာ အုံ့မှိုင်းနေသည်။ သူတို့၏ မျက်နှာအမူအရာ ပြောင်းလဲမှုများကို လူအုပ်ကြားထဲတွင် မည်သူမျှ မမြင်နိုင်ဟု သူတို့ ထင်မှတ်နေကြသည်။

သို့သော် သူတို့ မသိသည်မှာ ဖန့်ချန်၏ မျက်လုံးထဲ ထဲတွင် ထူးခြားသော ပြောင်းလဲမှုတိုင်းမှာ သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်ဟူ၍ပင်။

အခန်း (၁၅၄၂) - နယ်မြေကိုးခု မသေမျိုးမဟာမိတ်

​ကျိုးဟွိုက်ယွီသည် ဖန့်ချန်၏အောက်နားသို့ တုန်တုန်ရင်ရင်ဖြင့် လျှောက်လှမ်းလာပြီး မေးမြန်းစစ်ဆေးမှုကို စောင့်ဆိုင်းနေသည်။

​ဝမ်ချွမ်းမြစ်သည် သူတစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အဆင့် ၆ မသေမျိုးဆိုသည့် မာန်မာနများကို တိုက်စားပစ်ခဲ့ပြီဖြစ်ကာ၊ ယခုအခါ မိမိကိုယ်ကိုယ် သာမန်ဝိညာဉ်တစ်ခုမျှသာဖြစ်ကြောင်း ကောင်းစွာသဘောပေါက်နေပြီဖြစ်သည်။

​မည်သည့်ဇာစ်မြစ်၊ မည်သည့်ကျင့်ကြံခြင်းအဆင့်ရှိမှန်း မသိရသော တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ကျိုးဟွိုက်ယွီ၏ စိတ်ထဲတွင် အားကိုးရာမဲ့စွာဖြင့် ကြောက်ရွံ့ထိတ်လန့်နေမိသည်။

​"ပြောစမ်းပါဦး... အဲဒီတုန်းက မင်းတို့ မဟာဓာတ်ငါးပါးဂိုဏ်းက နန်ချင်ကြယ်တာရာမှာ စစ်ပွဲဆင်နွှဲခဲ့တာ ဘာရည်ရွယ်ချက်ရှိလို့လဲ။ အသေးစိတ်ကအစ မင်းမှတ်မိသမျှ အကုန်ပြောပြစမ်း"

​ဖန့်ချန်က အေးဆေးတည်ငြိမ်စွာ ပြုံးလျက် ဆိုသည်။

"အခု မင်းတို့အားလုံးက ဝိညာဉ်တွေပဲရှိတော့တာ၊ လူ့ဘဝတုန်းက ကိစ္စတွေကလည်း အကုန်ပြတ်စဲသွားပြီပဲ။ ဘယ်သူကမှ လာပြီး စာရင်းရှင်းမှာကို မကြောက်နဲ့တော့။ ငါသိသလောက်ဆိုရင် အခုလက်ရှိ ဓာတ်ငါးပါးနယ်မြေမှာ မဟာဓာတ်ငါးပါးဂိုဏ်းရဲ့ အရိပ်အယောင်တောင် မရှိတော့ဘူး။ ကြည့်ရတာ အမွေအနှစ်တွေ ပြတ်တောက်သွားပြီ ထင်တယ်"

​ထိုစကားကြောင့် လူအတော်များများမှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြသည်။

​ကျိုးဟွိုက်ယွီမှာမူ မှင်သက်သွားပြီး အတော်ကြာအောင် သတိမဝင်နိုင်ဖြစ်နေသည်။

​ပိရွှမ်မှာလည်း အံ့အားသင့်သွားပြီးမှ ရုတ်တရက် အသံတိုးတိုးဖြင့် ရယ်မောတော့သည်။

"ဝဋ်လည်တာပဲ... ဒါဟာ တကယ်ကို ဝဋ်လည်တာပဲ"

​"မဟာဓာတ်ငါးပါးဂိုဏ်းက... မရှိတော့ဘူးလား"

ကျိုးဟွိုက်ယွီ တွေဝေငေးမောနေမိသည်။

​စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏မျက်နှာတွင် ခါးသီးမှုများ လွှမ်းမိုးသွားကာ လေသံတိုးတိုးဖြင့် ဆိုသည်။

"အဲဒီတုန်းက တိုက်ပွဲရဲ့ ရည်ရွယ်ချက်က နန်ချင်ကြယ်တာရာပေါ်မှာ ရှိနေတဲ့ ကျွန်တော်တို့နဲ့ ရည်မှန်းချက်မတူသူတွေကို ရှင်းလင်းပစ်ဖို့ပဲ။ ရှင်းလင်းပြီးရင် ဘာဆက်လုပ်မလဲဆိုတာကိုတော့ ကျွန်တော်... တကယ်ပဲ မသိခဲ့ပါဘူး"

​"မင်းမသိရင် ဘယ်သူသိမှာလဲ။ မင်းက အဆင့် ၆ မသေမျိုးပဲ၊ အဲဒီတိုက်ပွဲတုန်းက မင်းက မဟာဓာတ်ငါးပါးဂိုဏ်းရဲ့ အမာခံအင်းအားစု ဖြစ်နေပြီလေ။ သူတို့က မင်းကို ဘာမှမပြောပြဘဲ နေပါ့မလား"

ပိရွှမ်က အေးစက်စွာ လှောင်လိုက်သည်။

​"ပိရွှမ်မိတ်ဆွေ... ကျွန်တော် တကယ့်အတွင်းရေးကိုတော့ မသိခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ ခန့်မှန်းချက်တချို့တော့ ရှိခဲ့ပါတယ်"

​ကျိုးဟွိုက်ယွီက အတန်ကြာ စဉ်းစားပြီးမှ ဆိုသည်

"အဲဒီတုန်းက ကျွန်တော် ကြားခဲ့ရတဲ့ သတင်းအရ လူ့လောက ကိုးနယ်မြေထဲက ဂိုဏ်းတော်တော်များများဟာ မဟာမိတ်ဖွဲ့ထားကြတယ်၊ အဲဒါကို နယ်မြေကိုးခု မသေမျိုးမဟာမိတ် လို့ ခေါ်ကြတယ်။ မဟာဓာတ်ငါးပါးဂိုဏ်းကလည်း အဲဒီထဲက တစ်ခုပေါ့။ အထက်က လူတွေက ဒီမဟာမိတ်ဖွဲ့တာ ဘာအတွက်လဲဆိုတာ ကျွန်တော်တို့ကို မပြောပြခဲ့ပေမဲ့၊ နောက်ပိုင်း လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ကျွန်တော် ခန့်မှန်းလို့ ရခဲ့တယ်။

​နယ်မြေကိုးခု မသေမျိုးမဟာမိတ်ဟာ အရင်က ရှိခဲ့တဲ့ ကောင်းကင်ဘုံလမ်းစဥ် ကို တော်လှန်ဖို့အတွက် တည်ရှိနေတာပါ။ ကောင်းကင်ဘုံလမ်းစဥ် က မတရားဘူး။ သူက ဂိုဏ်းအချို့ကိုပဲ ရွေးချယ်ပြီး နတ်ဘုရားလောက၊ ယင်လောကတို့နဲ့ ပူးပေါင်းပြီး လူသားတွေကို ကျွန်ပြုစေခဲ့တယ်။ လူတန်းစား ခွဲခြားခဲ့တယ်။ မသေမျိုးလမ်းစဉ်တိုင်းမှာတောင် အဆင့် ၉ မသေမျိုး တစ်ယောက်ပဲ ရှိခွင့်ပေးထားတယ်"

​ခဏမျှ ရပ်နားပြီးနောက် ကျိုးဟွိုက်ယွီသည် အတိတ်က စိတ်ခံစားချက်များကို ပြန်လည်ရရှိလာဟန်ဖြင့် လေသံက ပြင်းထန်လာသည်။

"ဘာလို့ မသေမျိုးလမ်းစဉ်တိုင်းမှာ အဆင့် ၉ မသေမျိုးက တစ်ယောက်ပဲ ရှိရမှာလဲ ဘာလို့ အဆင့် ၉ မသေမျိုး အရေအတွက်ကို ကောင်းကင်ဘုံလမ်းစဥ်ကပဲ သတ်မှတ်ပေးရမှာလဲ ကျွန်တော်တို့ ကျင့်ကြံသူတွေ ရှာဖွေတာက လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှု မဟုတ်ဘူးလား ဒီလို ချုပ်ချယ်မှုတွေဟာ လည်ပင်းကို တင်းကျပ်နေတဲ့ သံခြေကျဉ်းတွေလိုပဲ၊ အသက်ရှူမဝအောင် လုပ်နေတာ။

ဒါကြောင့် ကျွန်တော်တို့က တော်လှန်ရမယ် နယ်မြေကိုးခု မသေမျိုးမဟာမိတ်သာ နိုင်သွားခဲ့ရင် ကောင်းကင်ဘုံလမ်းစဥ် အသစ်ကို ပြန်တည်ဆောက်ပြီး သုံးလောကရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပစ်မှာ။ အဲဒီအခါမှသာ မသေမျိုးတွေဟာ တကယ့်လွတ်လပ်မှုကို ရရှိကြမှာ "

​ကျိုးဟွိုက်ယွီ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားကာ ကြေကွဲစွာဖြင့် ဆိုသည်။

"နှမြောစရာပဲ... အခုကြည့်ရတာတော့ နယ်မြေကိုးခုမသေမျိုးမဟာမိတ်က ရှုံးသွားခဲ့ပြီထင်တယ်"

​ပိရွှမ်သည် ကျိုးဟွိုက်ယွီ၏ စကားများကို အစပိုင်းတွင် အံ့ဩစွာ နားထောင်နေမိသော်လည်း၊ အဆုံးသတ်တွင်မူ မအောင့်နိုင်ဘဲ ရယ်မောလှောင်ပြောင်လိုက်တော့သည်။

"ပြောတော့ ကောင်းသားပဲ။ မင်း ဘယ်လောက်ပဲ လှလှပပ ပြောပါစေဦးတော့၊ မင်းတို့က ကျင့်ကြံခြင်းလောကကို အကွက်အသစ် ပြန်ရိုက်ပြီး မင်းတို့ကိုယ်တိုင် အရှင်သခင် လုပ်ချင်တာ မဟုတ်ဘူးလား မူလက လူ့လောက ကိုးနယ်မြေမှာ အေးအေးချမ်းချမ်း ရှိနေတာကို မင်းတို့လို လူတွေ သောင်းကျန်းလို့သာ နေရာအနှံ့မှာ သွေးချောင်းစီးခဲ့ရတာ။

​အဲဒီတုန်းက ငါလည်း မသေမျိုးစာရင်းဝင်ပြီး ရှေးဟောင်းမသေမျိုး ဖြစ်လာဖို့ အခွင့်အရေး ရှိခဲ့တာပဲ။ ဒါပေမဲ့ မင်းတို့နဲ့ တိုက်ဖို့ နန်ချင်ကြယ်တာရာကို လာခဲ့ရပြီး အခုလို ဘဝပျက်ခဲ့ရတယ်။

ငါ့လို ကျင့်ကြံသူတွေ လောကမှာ ဘယ်လောက်တောင် များမလဲ၊ ရေတွက်လို့တောင် မကုန်နိုင်ဘူးအဲဒါအပြင် ဒီပျက်စီးခြင်းခေတ်မှာ အပြစ်မဲ့တဲ့ သတ္တဝါတွေ ဘယ်လောက်တောင် သေခဲ့ရလဲ ဒီထဲက ဝိညာဉ်တွေကို ကြည့်စမ်း၊ အရင်က သာမန်လူသားတွေ ဘယ်လောက်တောင် ပါလဲ သူတို့အားလုံးဟာ အဲဒီစစ်ပွဲမှာ သေခဲ့ရတာပဲ အဲဒီထက် များပြားလှတဲ့ လူတွေကတော့ ဒီကိုတောင် ရောက်မလာနိုင်တော့ဘဲ ယင်သက်တမ်းကုန်ဆုံးပြီး လုံးဝကို ဝိညာဉ်ချုပ်ငြိမ်းသွားကြရပြီ"

​ကျိုးဟွိုက်ယွီက ပိရွှမ်ကို အေးစက်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်ကာ ဆိုသည်။

"မင်း ဘာမှမသိပါဘူး"

​သူ နောက်ထပ် စကားမပြောတော့ပေ။

​ထိုစဉ် သူ၏နားထဲတွင် အသာအယာ ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။

ကျိုးဟွိုက်ယွီသည် ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

"မိတ်ဆွေက ဘာလို့ ရယ်တာလဲ"

​"ငါက မင်းကို ရယ်တာလေ"

​ဖန့်ချန်က ပြုံးလျက် ဆိုသည်

"သူလည်း မသိသလို၊ မင်းလည်း တကယ်တော့ ဘာမှမသိပါဘူး။ မင်းကြားခဲ့ရတဲ့ အရာတွေက မင်းပြောပြသလိုပဲ ဖြစ်ကောင်းဖြစ်နိုင်သလို၊ မင်းမြင်ခဲ့ရတာတွေကလည်း မင်းထင်သလိုပဲ သုံးလောကကို ပြောင်းလဲနေတာလို့ ထင်ရနိုင်ပါတယ်။

​ဒါပေမဲ့ ဒီနောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ မင်း မသိဘူး။ ဘာလို့လဲဆိုတော့ မင်းကိုယ်တိုင်ကလည်း အစကတည်းက အတ္တစိတ်တွေ ဖုံးလွှမ်းနေခဲ့လို့ပဲ။ တကယ်လို့ သုံးလောကသာ ပြောင်းလဲသွားရင် မင်းအတွက် အကျိုးအမြတ်တစ်ခုခု ရလိမ့်မယ်လို့ပဲ မင်းတွေးနေခဲ့တာ။ အဲဒီအကျိုးအမြတ်က ဘာလဲဆိုတာတောင် မင်းကိုယ်တိုင် သေချာ သိမှာမဟုတ်ဘူး မဟုတ်လား "

​"အဲလို မဟုတ်ပါဘူး..."

ကျိုးဟွိုက်ယွီက မသိစိတ်ဖြင့် ခေါင်းယမ်းလိုက်သည်။

​"အဲလိုပါပဲ"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြသည်

"ပျက်စီးခြင်းခေတ်မှာ သူရဲကောင်းတွေ ပေါ်ထွက်လာလေ့ရှိတာကိုး။ လောကကြီး ပျက်စီးတာကို မြင်ချင်တဲ့သူတွေ အမြဲရှိတတ်တယ်။ စကားအနည်းငယ်နဲ့ သွေးထိုးပေးလိုက်တာနဲ့ သူတစ်ပါးရဲ့ လှေပေါ်ကို လိုက်ပါသွားကြတာပဲ။

​မိမိကိုယ်မိမိတော့ တရားမျှတတဲ့အလုပ်ကို လုပ်နေတာ၊ လောကကြီးရဲ့ မတရားမှုကို ဖယ်ရှားနေတာလို့ နေ့တိုင်း ဖျောင်းဖျနေတတ်ကြတယ်။ ဒါပေမဲ့ လောကမှာ တရားမျှတမှုရှိရင် မတရားမှုဆိုတာလည်း ရှိစမြဲပဲ၊ တည်ငြိမ်မှုကသာလျှင် အစစ်မှန်ဆုံး နိယာမဆိုတာကိုတော့ မတွေးခဲ့ကြဘူး။ မသေမျိုးကျင့်ကြံတယ်ဆိုတာ ယင်နဲ့ယန်ကို ကျင့်ကြံတာပဲ၊ ဒါပေမဲ့ မင်းတို့ကတော့ ယင်နဲ့ယန်ကိုတောင် မခွဲခြားနိုင်ခဲ့ကြဘူး"

​"တကယ်လို့ ကျွန်တော်တို့သာ နိုင်ခဲ့ရင်... မိတ်ဆွေက အခုလို ပြောမှာ မဟုတ်ပါဘူး"

ကျိုးဟွိုက်ယွီသည် အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ဆိုသည်။

​"တကယ်လို့ မင်းတို့သာ နိုင်ခဲ့ရင်... ဒီလောကမှာ လူ့လောက ကိုးနယ်မြေဆိုတာ ရှိနေဦးမှာတဲ့လား "

ဖန့်ချန်က အကျယ်ကြီး ရယ်မောလိုက်သည်

"မင်းတို့ကို ဓားစာခံအဖြစ် အသုံးချတဲ့သူတွေ ရှိတယ်။ အဲဒီ နယ်မြေကိုးခု မသေမျိုးမဟာမိတ်ရဲ့ ခေါင်းဆောင်အချို့ဟာ ဒီကိစ္စကို ကြိုသိနေကြမှာ သေချာတယ်။

​သူတို့က တစ်ဖက်လူကို အသုံးချပြီး ကိုယ့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ချင်ကြတာပဲ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မီးဟုန်းဟုန်းတောက်မယ့် အကျိုးဆက်ကိုတော့ ထည့်မတွေးခဲ့ကြဘူး။ ဘာလို့ ပျက်စီးခြင်းခေတ်ဆိုတာ ပေါ်လာရတာလဲ... ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က ငါတို့လူသားမျိုးနွယ်ရဲ့ နယ်မြေကိုးခုကို လုယူချင်လို့၊ ငါတို့လူသားမျိုးနွယ်ရဲ့ သုံးလောကကို သိမ်းပိုက်ချင်လို့ပဲ"

​"မိတ်ဆွေပြောတာက...အခြားမျိုးနွယ်စုတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတာလို့ ဆိုလိုတာလား"

ပိရွှမ်က အလွန်အံ့အားသင့်သွားပြီး မသိစိတ်ဖြင့် ဆိုသည်။

"မိစ္ဆာမျိုးနွယ်လား မဖြစ်နိုင်တာ၊ အဲဒီတုန်းက မိစ္ဆာမျိုးနွယ်တွေလည်း အသေအပျောက် များခဲ့တာပဲ။ တချို့ မိစ္ဆာမျိုးနွယ်တွေက မဟာဓာတ်ငါးပါးဂိုဏ်းဘက်မှာ ရှိသလို၊ တချို့ကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေခဲ့တာလေ"

​"ကောင်းကင်ပြာကြီးက ကျယ်ပြောလွန်းလှတယ်၊ မင်းနဲ့ငါကတော့ သဲတစ်ပွင့်မျှသာပဲ။ အရာအားလုံးကို ဘယ်သိနိုင်ပါ့မလဲ"

ဖန့်ချန်က ထိုသို့ပြောပြီးနောက် ကျိုးဟွိုက်ယွီဘက်သို့ လှည့်ကာ ဆိုသည်။

​"အသေးစိတ်အချက်အလက်အချို့ကိုတော့ ယင်မြို့တော်ရောက်မှ ဆက်မေးမယ်။ အဲဒီကြားထဲမှာ ဓာတ်ငါးပါးမသေမျိုး လမ်းစဉ်အကြောင်းကို သေချာပြန်စဉ်းစားထား။ မင်းက သစ်သားမသေမျိုး လမ်းစဉ်ကို လျှောက်ခဲ့တာဆိုတော့ အဲဒါတွေကို အစီအစဉ်တကျ ပြုစုပြီး ငါ့ကို အပ်ရမယ်။ လိမ်ပြောမလား၊ အမှန်အတိုင်း ပြောမလားဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ သေချာစဉ်းစားပြီးမှ ပြောပါ"

​ကျိုးဟွိုက်ယွီသည် ထိုစကားများကို သိပ်ပြီး နားထဲမဝင်တော့ပေ။ သူသည် ဖန့်ချန်၏ စောစောက ပြောစကားများကိုသာ အသည်းအသန် ပြန်လည်စဉ်းစားနေမိသည်။

စဉ်းစားရင်းနှင့် သူ၏မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားကာ သွေးမရှိသလို ဖြူလျော်သွားတော့သည်။ ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေမိသည်။

​အဆင့် ၆ မသေမျိုးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သူမှာ လူမိုက်တော့ မဟုတ်နိုင်ပေ။

စိတ်ထဲတွင် သူတစ်ပါး မသိစေချင်သည့် အတ္တစိတ်လေး ရှိနေခဲ့သော်လည်း အခြေခံ တွေးခေါ်မြော်မြင်နိုင်စွမ်းကတော့ ရှိနေသေးသည်။

ဖန့်ချန်၏ ထောက်ပြချက်ကြောင့် အရင်က နားမလည်ခဲ့သည့် သံသယများစွာမှာ ယခုအခါ ချက်ချင်းဆိုသလို ပွင့်လင်းသွားရတော့သည်။

​တစ်ချိန်တည်းမှာပင် ကျူးလုံသည် ပျက်စီးနေသော တံတားတစ်စင်း၏ ရှေ့သို့ ကူးခတ်ရောက်ရှိလာသည်။

သို့သော် ၎င်းသည် ထိုတံတားနားသို့ ကပ်မသွားဘဲ အတော်လှမ်းလှမ်းကနေ ရပ်တန့်လိုက်သည်။

​ဖန့်ချန်သည် ကျူးလုံ၏ထံမှ ကြောက်ရွံ့ထိတ်လန့်နေသည့် စိတ်ခံစားမှုကို ခံစားလိုက်ရသည်။

​ထိုတံတား၏ အဆုံးတွင် အရိပ်တစ်ခု ရပ်နေသည်ကို မှေးမှိန်စွာ မြင်တွေ့နေရသည်။

ထိုသူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖန့်ချန်ရှိရာဘက်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

​ထိုသူသည် ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားကာ မျက်နှာမှာ အဖြူရောင် နံ့သာများ လိမ်းကျံထားသကဲ့သို့ ဖြူဖွေးနေသည်။

သူ၏ မျက်ဝန်းအစုံမှာ မျက်ကြည်ဖြူ လုံးဝမပါဘဲ မည်းနက်နေပြီး၊ လက်တစ်ဖက်ကို နောက်ပစ်ထားကာ ကျန်လက်တစ်ဖက်ကမူ ဝိညာဉ်အငွေ့အသက်များ ထူထပ်လှသော ရတနာစေတီ တစ်ဆူကို မိုးကောင်ကင်သို့ ပင့်မြှောက်ထားသည်။

​ကျိုးဟွိုက်ယွီနှင့် အခြားသူများမှာ ထိုသူကို မြင်လိုက်ရသည့်အခါ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်။

ထိုထဲမှ တစ်ယောက်မှာ မအောင့်နိုင်ဘဲ လက်ဝေ့ယမ်းကာ အော်ဟစ်လိုက်တော့သည်။

​"တတိယ အကြီးအကဲ"

​"မိတ်ဆွေ... ဒီလူက... အဲဒီတုန်းက မဟာဓာတ်ငါးပါးဂိုဏ်းကို ဦးဆောင်ခဲ့တဲ့ ကျင့်ကြံသူပဲ။ သူက... ရှေးဟောင်းမသေမျိုး တစ်ပါးပဲ..."

ပိရွှမ်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ထိုအရိပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းထဲတွင် မယုံနိုင်မှုများ ပြည့်နှက်နေသည်။

​ထိုသူက ဘာလို့ အခုထိ အသက်ရှင်နေရသေးတာလဲ။

All Chapters