အခန်း (၁၅၄၃-၁၅၄၄)
Vol. 155 Ch. 1543-1544
အခန်း (၁၅၄၃) -ဒါက မင်းပိုင်ဆိုင်သွားပြီ
ယခင်က မိမိတို့၏ မဟာဓာတ်ငါးပါးဂိုဏ်းသားအဖြစ်ကို ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေကြသော ဝိညာဉ်များသည် ထိုသူကို မြင်လိုက်ရသည့်အခါတွင်မူ တစ်ယောက်ပြီးတစ်ယောက် ဝန်ခံထွက်ဆိုလာကြတော့သည်။
၎င်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။ အကယ်၍ ကျူးလုံသည် တံတားနှင့် အတန်ငယ် ကွာဝေးမနေပါကလည်းကောင်း၊ ဝမ်ချွမ်းမြစ်ထဲသို့ ပြုတ်ကျမည်ကို မစိုးရိမ်ပါကလည်းကောင်း ၎င်းတို့သည် တံတားပေါ်သို့ ခုန်တက်ကာ ထိုသူရှိရာသို့ အပြေးသွားကြပေလိမ့်မည်။
"အနားကို ကပ်လိုက်တော့"
ဖန့်ချန်က တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။
ကျူးလုံသည် ဝမ်ချွမ်းမြစ်ကမ်းနားသို့ ဖြည်းညှင်းစွာ ကပ်သွားသည်။ အကွာအဝေး အတော်အသင့် ရောက်ရှိသွားသောအခါ ကျူးလုံ၏ ကျောပေါ်မှ အရိပ်များသည် တစ်ဦးပြီးတစ်ဦး ခုန်ဆင်းကာ ထိုပုဂ္ဂိုလ်ရှိရာသို့ ပြေးသွားကြသည်။
ရှေ့ဆင့်နောက်ဆင့် ပြေးသွားကြသူပေါင်းမှာ လူရာချီ၍ ရှိနေသည်။
ကျိုးဟွိုက်ယွီသည်လည်း ကနဦးက လိုက်သွားရန် ရည်ရွယ်သော်လည်း စောစောက ကြားခဲ့ရသည့် အမှန်တရားကို သတိရမိသောအခါ တွေဝေသွားမိသည်။
ထိုအချိန်မှာပင် အပြေးအလွှား သွားကြသူများထဲမှ အမြန်ဆုံး ရောက်သွားသူတစ်ဦးသည် တတိယအကြီးအကဲ၏ ရှေ့တွင် ရင်ဘတ်စည်တီးလျက် ဒူးထောက်ချလိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
"တတိယအကြီးအကဲ ကျွန်တော်တို့ မဟာဓာတ်ငါးပါးဂိုဏ်း ပျက်စီးသွားပါပြီဗျာ မရှိတော့ဘူး "
"တတိယအကြီးအကဲ... ဟိုဘက်က ကျင့်ကြံသူက တစ်ခုခုကို သိထားပုံရတယ်၊ သူ့ကို အရင်ဆုံး ဖမ်းလိုက်ရင် မကောင်းဘူးလား "
အချို့က လှည့်ကြည့်ကာ ဖန့်ချန်ကို လက်ညှိုးထိုးပြကြသည်။
ဖန့်ချန်၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့် စိတ်ခံစားမှုလှိုင်းမှ ဖြစ်ပေါ်ခြင်းမရှိပေ။
"မိတ်ဆွေ... ဒီလူက အဆင့် ၇ ရှေးဟောင်းမသေမျိုးပဲ၊ သတိထားမှ ဖြစ်မယ်"
ပိရွှမ်က အလွန်လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။
ထို တတိယအကြီးအကဲသည် သူ၏ လည်ပင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူ၏ခြေရင်းတွင် ကလေးငယ်တစ်ဦးကဲ့သို့ အော်ဟစ်ငိုယိုနေသူကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် သစ်သားခြောက်ကဲ့သို့ ပိန်လှီလှသော လက်ဝါးကို ထိုသူ၏ ဦးခေါင်းပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်သည်။
ထိုသူသည် အကြီးအကဲ၏ အပြုအမူကြောင့် မိမိကိုယ်ကို နှစ်သိမ့်မှုရသည်ဟု ထင်မှတ်ကာ ရင်ထဲက မကျေနပ်ချက်များကို ပိုမိုကျယ်လောင်စွာ ငိုကြွေးပြနေမိသည်။
သို့သော် နောက်တစ်စက္ကန့်တွင် တတိယအကြီးအကဲ၏ လက်ဝါးက အသာအယာ ဆွဲလိုက်ရာ ထိုသူ၏ ဦးခေါင်းခွံမှာ ချက်ချင်းပင် ကွာကျသွားတော့သည်။
ထိုကျင့်ကြံသူမှာ မှင်သက်သွားသည်။
သူ ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် တတိယအကြီးအကဲက ပါးစပ်ဖြင့် အသာအယာ စုပ်ယူလိုက်သည်။
အတိုင်းအဆမရှိသော ယင်သက်တမ်းများသည် ထိုသူ၏ ဦးခေါင်းထိပ်မှ ပန်းထွက်လာကာ အကြီးအကဲ၏ ပါးစပ်ထဲသို့ စီးဝင်သွားတော့သည်။ ထိုသူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ လေလျှော့လိုက်သည့် ဘောလုံးကဲ့သို့ မျက်စိရှေ့တင် ရှုံ့တွသွားကာ နောက်ဆုံးတွင် လုံးဝ စုပ်ယူခြင်းခံလိုက်ရပြီး ပြာအဖြစ် ပျက်စီးသွားတော့သည်။
ကျန်ရှိနေသူများမှာ ကြောင်အသွားကြပြီး မိမိတို့၏ တတိယအကြီးအကဲကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြသည်။
တစ်စုံတစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။
"တတိယအကြီးအကဲ...ခင်ဗျာ ဘာဖြစ်သွားတာလဲ"
"မင်းတို့ ယင်လောကကို မရောက်တာ ကြာလို့ ဖြစ်မယ်။ ယင်လောကမှာ... ဝမ်ချွမ်းမြစ်က မင်းတို့ကို နှစ်ပေါင်းများစွာ အသက်ရှင်အောင် လုပ်ပေးနိုင်တာကလွဲရင်၊ အသက်ရှည်ချင်ရင်တော့ သူတစ်ပါးရဲ့ ယင်သက်တမ်းကို စုပ်ယူမှ ရမှာပဲ"
"ဒီယင်မြို့တော်မှာ ဝိညာဉ်တွေ မရှိတော့တာကို ကြည့်ရင်၊ ယင်သက်တမ်းအားလုံးကို ဒီလူက လုယူထားတာ သိသာတယ်။ ဒီလောက်အထိ လုယူစားသောက်နေမှတော့ သူဟာ အလိုအလျောက် ယင်မိစ္ဆာလမ်းစဉ် ထဲကို ကျရောက်သွားမှာပဲ"
"သူက... အဆင့်မြင့် ယင်မိစ္ဆာ တစ်ကောင်ပဲ"
ဖန့်ချန်က အသာအယာ ပြုံးလျက် ဆိုလိုက်သည်။
လူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။ အဆင့်မြင့် ယင်မိစ္ဆာ အသိဉာဏ်မဲ့သွားတဲ့ ယင်မိစ္ဆာတစ်ကောင်လား။
နောက်တစ်ခဏတွင် တတိယအကြီးအကဲသည် ဖန့်ချန်၏ စကားကို ထောက်ခံသည့်အလား သတ်ဖြတ်မှုကို စတင်တော့သည်။
သူသည် လက်ထဲမှ ရတနာစေတီကို ပစ်လွှတ်လိုက်ရာ လူတိုင်း၏ ဦးခေါင်းပေါ်တွင် တဝဲလည်လည် လည်ပတ်နေတော့သည်။
ယင်သက်တမ်းများသည် လူတိုင်း၏ ခန္ဓာကိုယ်မှ အတင်းအဓမ္မ ခွာထုတ်ခံရပြီး ရတနာစေတီထဲသို့ စုပ်ယူခြင်း ခံနေရသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ဝိညာဉ်တစ်ရာကျော်မှာ ယင်သက်တမ်း စုပ်ယူခံရပြီးနောက် ချုပ်ငြိမ်းသွားကြသည်။ ကျန်ရှိနေသူများမှာ ထိတ်လန့်တကြား ထွက်ပြေးကြသော်လည်း တံတားအဆုံးသို့ ရောက်သောအခါ ကျူးလုံမှာ အဝေးသို့ ဆုတ်ခွာသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
၎င်းတို့သည် နောက်သို့ လှည့်ကြည့်ကာ မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာများဖြင့် သွားကြိတ်လျက် ဝမ်ချွမ်းမြစ်ထဲသို့ ခုန်ချလိုက်ကြတော့သည်။
ရေကျသံများနှင့်အတူ အားကိုးရာမဲ့နေသော မဟာဓာတ်ငါးပါးဂိုဏ်း ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ဝမ်ချွမ်းမြစ်ထဲသို့ နစ်မြုပ်သွားကြသည်။
တတိယအကြီးအကဲသည် ရှေ့သို့ တိုးလာကာ ဝမ်ချွမ်းမြစ်ကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထို့နောက် သူသည် ကျူးလုံ၊ ကျူးလုံပေါ်ရှိ ဝိညာဉ်များနှင့် ကျူးလုံဦးခေါင်းပေါ်ရှိ ဖန့်ချန်ကို လောဘဇောတိုက်နေသော အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။
လက်ကို အသာဝှေ့ယမ်းလိုက်ရာ ထိုရတနာစေတီသည် လေဟုန်ကို ခွဲ၍ လူတိုင်း၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာတော့သည်။
"မိတ်ဆွေ... မြန်မြန်ဆုတ်ပါ"
ပိရွှမ်က အော်ဟစ်သတိပေးလိုက်သည်။
ဝိညာဉ်များအားလုံးသည်လည်း စောစောက မြင်ကွင်းကြောင့် ထိတ်လန့်နေကြသည်။ ဝမ်ချွမ်းမြစ်ထဲမှ အနိုင်နိုင် ထွက်လာပြီးမှ ဝိညာဉ်ချုပ်ငြိမ်းမည့် အဖြစ်မျိုးကို မလိုလားကြပေ။
"ဒါကို မင်းပိုင်ဆိုင်သွားပြီ"
ဖန့်ချန်က ရုတ်တရက် ပြုံးလျက် ပြောလိုက်သည်။
"ခစ်... ခစ်..."
ကလေးငယ်တစ်ဦး၏ ကစားမက်သော ရယ်သံလေးတစ်ခု လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
အကြောင်းရင်းကို မသိရသော်လည်း ထိုအသံကို ကြားလိုက်ရသည့် ဝိညာဉ်တိုင်းသည် ရင်ထဲတွင် အေးစိမ့်သွားကြသည်။
ချက်ချင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့် လည်ပတ်နေသော ရတနာစေတီကို ဗိုက်ပတ်နီလေး ဝတ်ထားသော ကလေးငယ်တစ်ဦးက ရင်ခွင်ထဲ ပွေ့ပိုက်ကာ ကစားနေသည်ကို တွေ့လိုက်ရသည်။
"ဟင်း... ဟင်း..."
တတိယအကြီးအကဲသည် ဒေါသထွက်သွားဟန်ဖြင့် ဝိညာဥ်ကလေး ကို စိုက်ကြည့်ကာ ထူးဆန်းသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
"ခစ်... ခစ်..."
ဝိညာဥ်ကလေးက ထိုသူကို ဂရုမစိုက်ဘဲ ရတနာစေတီပေါ်သို့ သေးပေါက်ချလိုက်သည်။
လူတိုင်း ဆွံ့အသွားကြသည်။
ဒါက...
ပိရွှမ်နှင့် ကျိုးဟွိုက်ယွီတို့သည် ဖန့်ချန်ကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြရာ ၎င်းတို့၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်။
ထိုတတိယအကြီးအကဲမှာ အလွန်အမင်း ဒေါသထွက်သွားကာ ရတနာစေတီကို ပြန်သိမ်းရန် ကြိုးစားသည်။ ဝိညာဥ်ကလေးသည်လည်း စိတ်တိုသွားဟန်ဖြင့် ရတနာစေတီကို ဆွဲကာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
လူတိုင်း ပြန်မြင်လိုက်ရချိန်တွင် ဝိညာဥ်ကလေးသည် တတိယအကြီးအကဲ၏ ဦးခေါင်းထိပ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး လက်ထဲမှ ရတနာစေတီဖြင့် အကြီးအကဲ၏ ဦးခေါင်းကို တစ်ချက်ပြီးတစ်ချက် ထုရိုက်နေတော့သည်။
ပထမတစ်ချက်တွင် တတိယအကြီးအကဲသည် ဒူးထောက်ကျသွားသည်။ ဦးခေါင်းထိပ်မှ ပြင်းထန်သော ယင်အငွေ့အသက်များ လွင့်စင်သွားသည်။
ဒုတိယတစ်ချက်တွင် တတိယအကြီးအကဲသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
တတိယတစ်ချက်။
စတုတ္ထတစ်ချက်။
ဘယ်နှစ်ချက် ထုရိုက်လိုက်သည်မသိ၊ လူတိုင်း မြင်လိုက်ရချိန်တွင် တတိယအကြီးအကဲ၏ ဦးခေါင်းမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် ဝိညာဥ်ကလေးက မရပ်တန့်ဘဲ ကျန်ရှိနေသော ခန္ဓာကိုယ်ကို ရတနာစေတီဖြင့် ဆက်လက်ထုခြေနေဆဲပင်။
တစ်လက်မချင်းစီ။
ကြည့်ရသည်မှာ စနစ်တကျ မရှိသော်လည်း အလွန်ပင် စေ့စပ်သေချာလှသည်။ မည်သည့်နေရာကိုမျှ ချန်မထားဘဲ ထုခြေပစ်သည်။ ဝိညာဥ်ကလေးမှာ ပျော်ရွှင်နေပုံရပြီး ထုရိုက်နေရင်းနှင့် အေးစိမ့်ဖွယ် ရယ်သံများကိုလည်း ထုတ်ဖော်နေသည်။
သူသည် ရံဖန်ရံခါ ဖန့်ချန်ဘက်သို့ လှည့်ကြည့်တတ်ပြီး ဖန့်ချန်၏ အားပေးသော အပြုံးကို ရရှိသည့်အခါ ပို၍ပင် ပျော်ရွှင်စွာ ထုရိုက်တော့သည်။
ဝိညာဉ်များထဲတွင် လူ့ဘဝတုန်းက ကျင့်ကြံသူများစွာ ပါဝင်သည်။ အချို့မှာ မဟာဓာတ်ငါးပါးဂိုဏ်းသားများဖြစ်ပြီး စောစောက သတိကြီးစွာဖြင့် မိမိကိုယ်ကို ဖုံးကွယ်ထားကြသူများဖြစ်သည်။ အချို့မှာ အခြားဂိုဏ်းများမှ ဖြစ်သည်။
သို့သော် ၎င်းတို့အားလုံးသည် ဤတတိယအကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းစွာ သိကြသည်။ သူသည် လူ့ဘဝတုန်းက အဆင့် ၇ ရှေးဟောင်းမသေမျိုးတစ်ပါး ဖြစ်ခဲ့သည် ထိုအချိန်မှ ယခုအထိ အသက်ရှင်နေနိုင်သည်ဆိုကတည်းက ယင်မိစ္ဆာဖြစ်သွားသည့်တိုင် သူ၏ အစွမ်းမှာ လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် တိုးလာနိုင်သေးသည်။
သို့သော် ထိုကဲ့သို့သော တည်ရှိမှုမျိုးက... ကလေးငယ်တစ်ဦး၏ ထုခြေခြင်းကို ခံလိုက်ရသည်လား
ပိရွှမ်သည် ရင်ထဲတွင် အေးစိမ့်သွားကာ ဖန့်ချန်ကို ကြည့်သော အကြည့်တွင် ရိုသေကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့သည်။ သိသာသည်မှာ ဤဝိညာဥ်ကလေးသည် ဖန့်ချန်၏ စကားကို နားထောင်သူ၊ သူ၏ လူပင် ဖြစ်သည်။
ကျိုးဟွိုက်ယွီမှာမူ ထိုမြင်ကွင်းကို ကြောင်ကြည့်နေမိပြီး အတော်ကြာအောင် သတိမဝင်နိုင် ဖြစ်နေသည်။
နောက်ဆုံးတွင် မဟာဓာတ်ငါးပါးဂိုဏ်း၏ တတိယအကြီးအကဲဖြစ်သော အဆင့်မြင့် ယင်မိစ္ဆာသည် လုံးဝ အထုခံရပြီး သေဆုံးသွားကာ၊ သူ၏ ယင်သက်တမ်းအားလုံးမှာ ယင်အငွေ့အသက်များအဖြစ် ပြောင်းလဲသွားပြီး ထိုလောကထဲသို့ ပျော်ဝင်သွားတော့သည်။
ဝိညာဥ်ကလေးသည် ပျင်းရိသွားဟန်ဖြင့် ရတနာစေတီကို ဆွဲကာ ဖန့်ချန်၏ ရှေ့သို့ ရောက်လာသည်။ ကြောက်ရွံ့နေသော မျက်လုံးပေါင်းများစွာက ၎င်းနောက်သို့ လိုက်ပါလာကြသည်။
ဖန့်ချန်က ဝိညာဥ်ကလေးကို ရင်ခွင်ထဲ ပွေ့ပိုက်လိုက်ပြီး ၎င်းလက်ထဲမှ ရတနာစေတီကို ယူကာ အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။
ထိုပစ္စည်းသည် ယင်လောက အုပ်ချုပ်ရေးဌာနများ၏ စစ်ဝတ်တန်ဆာများနှင့် ဆင်တူလှသည်။ ယင်အငွေ့အသက်များဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး လူ့လောက၏ ဓမ္မလက်နက် နှင့် အဆင့်တူပေလိမ့်မည်။
ဝိညာဥ်ကလေး၏ လက်ကလေးက ရောက်လာပြီး ရတနာစေတီကို ပြန်ဆွဲယူကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"မင်း လိုချင်လို့လား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ကလေးက တဟားဟား ရယ်မောသည်။
"ဒါဆိုရင်တော့ မင်းပဲ ယူထားလိုက်တော့။ ဒါပေမဲ့ မင်းအမေကိုတော့ ပြလိုက်ဦး၊ သူခွင့်ပြုမှ သိမ်းထားလို့ရမယ်။ ကဲ... ပြန်တော့"
ဖန့်ချန်က အသာအယာ ပုတ်လိုက်ပြီး ဝိညာဥ်ကလေးကို ပြန်လွှတ်လိုက်သည်။
ဝိညာဉ်များအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မိမိတို့ရှေ့မှ လူသည် ယင်လောက၏ အလွန်အဆင့်မြင့်သော အရှိန်အဝါရှိသည့် ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ၎င်းတို့ စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်အတန်းမျိုး ဖြစ်ပေလိမ့်မည်။
ထို့နောက် ကျူးလုံသည် တံတားပေါ်သို့ ဖြည်းညှင်းစွာ ကပ်လိုက်ရာ လူတိုင်းသည် စနစ်တကျ ကုန်းပေါ်တက်ကြပြီး ယင်မြို့တော်ဘက်သို့ ဦးတည်လျှောက်လှမ်းကြသည်။
မြို့တံခါးဝတွင် ဖန့်ချန်က လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ငါ စောစောက ပြောပြီးသားပဲ၊ ကိုယ့်ကိုယ်ကိုယ် ထုတ်မပြောဘဲနဲ့ ငါ့ဘက်က မှတ်မိသွားရင်တော့ ဝမ်ချွမ်းမြစ်ထဲကို ပြန်သွားရမယ်လို့။ မင်းဘာသာမင်း ခုန်ချမလား၊ ငါကပဲ ကူညီပေးရမလား "
ထိုဝိညာဉ်မှာ ဆွံ့အသွားပြီး မသိစိတ်ဖြင့် ဆင်ခြေပေးလိုက်သည်။
"ကျွန်တော်က မဟာဓာတ်ငါးပါးဂိုဏ်းက ကျင့်ကြံသူ မဟုတ်ပါဘူး၊ ကျွန်တော်က..."
ဖန့်ချန်က နောက်ထပ် စကားမပြောတော့ဘဲ အရေခွံဆုပ်ခွာခြင်းအတတ်ကို သုံးလိုက်သည်။ တစ်ဖက်လူမှာ ချက်ချင်းပင် ယင်အငွေ့အသက်များအဖြစ် ပြိုကွဲသွားကာ ဟင်းလင်းပြင်ထဲသို့ ပျော်ဝင်သွားတော့သည်။
ဝိညာဉ်များအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သွေးပျက်သွားကြသည်။ ဤနည်းလမ်းသည် စောစောက အဆင့်မြင့် ယင်မိစ္ဆာ၏ နည်းလမ်းနှင့် အတူတူပင် မဟုတ်ပါလား။
"ကိုယ့်ကိုယ်ကိုယ် အတော်လေး ပုန်းကွယ်နိုင်တယ်လို့ မထင်ပါနဲ့။ သူနဲ့တူတူ လမ်းစဉ်ကို လိုက်မလား၊ ဒါမှမဟုတ် အခုချက်ချင်းပဲ ဝမ်ချွမ်းမြစ်ထဲကို ကိုယ့်ဘာသာကိုယ် ပြန်ခုန်ချမလား"
ဖန့်ချန်က ဝိညာဉ်အုပ်ကြီးကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
အခန်း (၁၅၄၄) -ရုလိုင်နယ်မြေမှ ရုလိုင်ကျောင်းတော်
ဖန့်ချန်၏ စကားကို ကြားလိုက်ရပြီးနောက် ဝိညာဉ်အုပ်ကြီးမှာ ဆယ်စက္ကန့်ခန့် ငြိမ်သက်သွားကြသည်။ နောက်ဆုံးတွင် အမျိုးသားတစ်ဦးသည် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ထွက်လာပြီး တိုးညှင်းစွာ ဆိုလိုက်သည်။
"ကျွန်တော်က မဟာဓာတ်ငါးပါးဂိုဏ်းကပါ။ အရှင် သိချင်တာရှိရင် ကျွန်တော် အရှိကို အရှိအတိုင်း အကုန်ပြောပြပါ့မယ်"
"လူ့ဘဝတုန်းက ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
"အဆင့် ၁ မသေမျိုး ပါ..."
"မင်းဘာသာမင်း ပြန်ခုန်ချလိုက်တော့"
"ဟုတ်ကဲ့..."
ထိုသူသည် မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာဖြင့် တံတားအစွန်းသို့ လျှောက်သွားပြီး ဝမ်ချွမ်းမြစ်ထဲသို့ ဦးစိုက်ခုန်ချလိုက်တော့သည်။
မကြာမီမှာပင် မြစ်ထဲရှိ မြွေ၊ ပိုးကောင်နှင့် ကြွက်များက သူ့ကို အောက်သို့ ဆွဲချသွားကြပြီး မပျောက်ပျက်သေးသော ရေပူဖောင်းအချို့သာ ကျန်ရစ်ခဲ့သည်။
မရေမတွက်နိုင်သော ဝိညာဉ်များသည် ဤမြင်ကွင်းကို ကြည့်ကာ ရင်ထဲတွင် အေးစိမ့်သွားကြသည်။ ဝမ်ချွမ်းမြစ်၏ အရသာမှာ အလွန်ပင် ခံရခက်လှသည်မဟုတ်ပါလား။ ၎င်းတို့သည် မြစ်ထဲမှ အနိုင်နိုင် ထွက်လာပြီးမှ ပြန်ဝင်ရမည့် အရသာကို စိတ်ပင်မကူးရဲကြချေ။
လူအများအပြားသည် အတန်းထဲမှ ထွက်လာကာ ဖန့်ချန်ကို အသနားခံရန် ကြိုးစားကြသော်လည်း ငြင်းပယ်ခြင်းသာ ခံခဲ့ရသည်။ နောက်ဆုံးတွင် ဝမ်ချွမ်းမြစ်ထဲသို့သာ ပြန်လည်ခုန်ဆင်းသွားကြရသည်။
အချို့မှာမူ မာနကြီးကြပြီး အသေခံမည်ဖြစ်သော်လည်း မြစ်ထဲသို့ မပြန်လိုဟု ဆိုကြရာ၊ ဖန့်ချန်က ၎င်းတို့၏ ကံတရား ကို ဆွဲထုတ်ဖယ်ရှားပစ်လိုက်သဖြင့် လုံးဝဥဿုံ ပျက်စီးပျောက်ကွယ်သွားကြတော့သည်။
ကျိုးဟွိုက်ယွီသည် ထိုမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိသည်။ အကယ်၍ သူသာ စောစောက ထွက်မလာခဲ့ပါက၊ သို့မဟုတ် အခုထိ သူ့ကိုယ်သူ ဖုံးကွယ်ထားပါက သူသည်လည်း ဤကဲ့သို့သော အဆုံးသတ်မျိုး ကြုံရမည် မဟုတ်ပါလား။
ထိုအတောအတွင်း မိမိကိုယ်ကိုယ် လှည့်ဖြားနိုင်မည်ဟု ထင်မှတ်နေသူအချို့ရှိသော်လည်း ဖန့်ချန်က အလွယ်တကူပင် ဖော်ထုတ်နိုင်ခဲ့သည်။
တစ်ဦးချင်းစီတိုင်းသည် မဟာဓာတ်ငါးပါးဂိုဏ်းမှ ဖြစ်ကြပြီး မည်သူမျှ အပြစ်ကင်းစင်သူ မရှိပေ။
မည်သည့်နည်းလမ်းဖြင့် ဖန့်ချန်က ခွဲခြားနေသည်ကို သူ မသိသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ မဟာဓာတ်ငါးပါးဂိုဏ်းမှ ဝိညာဉ်များမှာ ကုန်းပေါ်သို့ တက်ခွင့်ရတော့မည်မဟုတ်ကြောင်း သူ ကောင်းစွာ နားလည်လိုက်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ဝိညာဉ်အားလုံး ယင်မြို့တော်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဖန့်ချန်သည် ထိုက်ယင်နဂါးမင်းနှင့် ပန်ဆန်း တို့ကို ခေါ်ယူကာ ထိုနေရာကို စီမံခန့်ခွဲရန် တာဝန်ပေးလိုက်သည်။
ထိုက်ယင်နဂါးမင်းမှာ ကျန်းကွမ်မြို့တွင် နေရသည်မှာ ကြာပြီဖြစ်၍ ပျင်းရိနေချေပြီ။ စောစောက မယ်တော်စီ မှာ ယင်မြို့တော်တစ်ခုကို စီမံရန် စေလွှတ်ခံရသည်ဟု ကြားကတည်းက သူသည်လည်း အလွန်ပင် လိုချင်တက်မက်နေခဲ့ခြင်းဖြစ်သည်။
ယနေ့တွင်မူ အခွင့်အရေး ရောက်ရှိလာပြီဖြစ်၍ သူသည် ပန်ဆန်းကို ခေါ်ဆောင်ကာ ချက်ချင်းပင် စနစ်တကျ ပြုပြင်ပြောင်းလဲမှုများ စတင်တော့သည်။
ဖန့်ချန်သည် အတော်အတန် တိတ်ဆိတ်သော အိမ်ဝင်းတစ်ခုကို ရှာလိုက်သည်။
"စရအောင်... အဲဒီတုန်းက နယ်မြေကိုးခု မသေမျိုးမဟာမိတ်မှာ ဘယ်ဂိုဏ်းတွေ ပါဝင်ခဲ့သလဲဆိုတာ ပြောပြပါဦး"
ဖန့်ချန်က မေးလိုက်သည်။
ကျိုးဟွိုက်ယွီသည် ခေါင်းငုံ့ကာ အတန်ကြာ စဉ်းစားပြီးနောက် တိုးညှင်းစွာ ပြောပြသည်။
"ကျွန်တော် မှတ်မိသလောက်ကတော့ ဓာတ်ငါးပါးနယ်မြေက မဟာဓာတ်ငါးပါးဂိုဏ်း၊ ရှေးဟောင်းနယ်မြေက ထျန်းရှန်းဂိုဏ်း ၊ နောက်ပြီး ရုလိုင်နယ်မြေ က ရုလိုင်ကျောင်းတော် တို့ပဲ ဖြစ်ပါတယ်"
"ရုလိုင်နယ်မြေက ရုလိုင်ကျောင်းတော်လား"
ဖန့်ချန်က ပိရွှမ်ကို ကြည့်လိုက်သည်။
ပိရွှမ်က ခေါင်းအသာညိတ်ကာ
"အဲဒီတုန်းက အဲဒီဘုန်းကြီးတွေလည်း ကမ္ဘာပျက်ကပ်ထဲမှာ လှုပ်လှုပ်ရှားရှား ရှိခဲ့တယ်လို့ ကြားဖူးတယ်။ အခုဆိုရင်တော့ မဟာဓာတ်ငါးပါးဂိုဏ်းလိုပဲ လုံးဝ ပျက်စီးသွားလောက်ပြီပေါ့"
သူက အနည်းငယ် ဝမ်းသာအားရဟန်ဖြင့် ဆိုသည်။
ဖန့်ချန်ကမူ ဘာမှပြန်မပြောပေ။
အကယ်၍ ကျိုးဟွိုက်ယွီ ပြောသော ရုလိုင်ကျောင်းတော်သည် စိတ်ဝိညာဥ်နယ်မြေရှိ ရုလိုင်ကျောင်းတော်သာ ဖြစ်ပါက ၎င်းသည် မပျက်စီးသွားရုံသာမက ယခုအခါ အထက်သုံးနယ်မြေ ၏ ထိပ်တန်းနေရာတွင်ပင် ရောက်ရှိနေပြီဖြစ်သည်။
ထျန်းရှန်းဂိုဏ်း နှင့် ပတ်သက်၍မူ သူ အနည်းငယ် အံ့ဩသွားမိသည်။ ထိုဂိုဏ်းသည်လည်း နယ်မြေကိုးခု မသေမျိုးမဟာမိတ်တွင် ပါဝင်ကာ မိစ္ဆာများနှင့် ပူးပေါင်းခဲ့လိမ့်မည်ဟု မထင်မှတ်ထားပေ။
ပြီးခဲ့သည့်အကြိမ်က ရုလိုင်ကျောင်းတော်မှ ရှောင်ကွမ်းယင်သည် ရှဲ့အာမန်ကို လုပ်ကြံရန် ကြံစည်ခဲ့စဉ်ကလည်း သူမကို ထျန်းရှန်းဂိုဏ်းသို့ သွားရန် လမ်းပြခဲ့ခြင်းဖြစ်သည်။
ဝမ်ချုံစန်းသည်လည်း ထျန်းရှန်းဂိုဏ်းနှင့် ဆက်နွှယ်မှုရှိသည်။
ထျန်းရှန်းဂိုဏ်းအတွင်း၌ သူကဲ့သို့ပင် အမှန်တရားကို သိရှိထားသူအချို့ ရှိနေနိုင်ခြေ အလွန်များသည်။ သို့သော် ထိုသူများသည် ရှောင်ကွမ်းယင်ဘက်တော်သားများ ဖြစ်နိုင်ပေသည်။
‘ဒါကြောင့် ဝမ်ချုံစန်းက ငါ့ကို သတိပေးခဲ့တာပဲ။ ဒီလောကမှာ နယ်မြေကိုးခုက ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာထက် ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်တဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ... သူက ထျန်းရှန်းဂိုဏ်းအကြောင်းကို အတော်လေး နှိုက်နှိုက်ချွတ်ချွတ် သိထားပုံရတယ်’
ထိုသို့ တွေးတောရင်း ဖန့်ချန်က ကျိုးဟွိုက်ယွီကို ကြည့်လိုက်သည်။
"ဒီဂိုဏ်းသုံးခုအပြင် တခြားဂိုဏ်းတွေကို မမှတ်မိတော့ဘူးလား"
"မမှတ်မိတာ မဟုတ်ပါဘူး၊ လုံးဝ မသိတာပါ။ အကယ်၍ စောစောက တတိယအကြီးအကဲသာ မသေဘဲ အသိဉာဏ် ပြန်ရလာမယ်ဆိုရင် သူသိတာတွေက ကျွန်တော့်ထက် အများကြီး ပိုမှာပါ"
ကျိုးဟွိုက်ယွီက ဆိုသည်။
"ကောင်းပြီ... မင်းရဲ့ မသေမျိုးလမ်းစဉ် ကို ငါ့အတွက် တစ်စောင် ကူးရေးပေးပါဦး"
ဖန့်ချန်က ခေါင်းညိတ်လျက် ယင်အငွေ့အသက်များဖြင့် စက္ကူနှင့် ကလောင်ကို ဖန်တီးပေးလိုက်သည်။
ကျိုးဟွိုက်ယွီမှာ ခက်ခဲနေသော မျက်နှာထားဖြင့် တိုးညှင်းစွာ ရှင်းပြသည်။
"စောစောက ကျွန်တော် အကြာကြီး ပြန်စဉ်းစားကြည့်ပေမဲ့ ဘာမှ ပေါ်မလာဘူး။ ဖြစ်နိုင်တာကတော့ လူ့ဘဝတုန်းက မဟာလျှို့ဝှက်ချက်အတတ် ကို သုံးခဲ့လို့ ဖြစ်မယ်..."
"ဪ... ဟုတ်သားပဲ"
ပိရွှမ်ကလည်း ခေါင်းညိတ်ကာ ဖန့်ချန်ကို ပြောပြသည်။
"ကျွန်တော်တို့ စစ်မြေပြင်ကို သွားတဲ့အခါတိုင်း မဟာလျှို့ဝှက်ချက်အတတ်ကို သုံးလေ့ရှိကြတယ်။ အဲဒါက တစ်နေ့နေ့မှာ သေဆုံးသွားလို့ တစ်ပါးသူလက်ထဲ ရောက်ခဲ့ရင် မသေမျိုးလမ်းစဉ်တွေကို အတင်းအဓမ္မ မေးမြန်းမခံရအောင်လို့ပါ။ လူပြန်ဝင်စားပြီးတဲ့အခါမှသာ အဲဒီအမှတ်ရမှုတွေက တဖြည်းဖြည်း ပြန်ပေါ်လာတတ်တာပါ"
ဖန့်ချန်သည် ကျိုးဟွိုက်ယွီကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။
"ဒါလည်း ဟုတ်တာပဲ"
တစ်ဖက်လူအား ခေတ္တခဏ အမှတ်ရစေရန် လုပ်နိုင်သည့် နည်းလမ်း သူ၏ လက်ထဲတွင် ရှိသော်လည်း၊ ဤသူ သိထားသည်မှာ သစ်သားမသေမျိုး၏ အဆင့် ၁ မှ အဆင့် ၆ အထိသာ ဖြစ်ပေလိမ့်မည်။ ဤကိစ္စအတွက်နှင့် အထူးတလည် အားထုတ်နေရန် မလိုသေးပေ။ နောင်တွင် လိုအပ်လာမှသာ တစ်ခါတည်း ဆောင်ရွက်လျှင်လည်း မနှောင်းပေ။
"အဲ... ဒီမိတ်ဆွေ... ကျွန်တော်တို့ ဘယ်တော့လောက် လူပြန်ဝင်စားခွင့် ရမလဲဆိုတာ သိလို့ရမလား "
ပိရွှမ်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
ကျိုးဟွိုက်ယွီသည်လည်း ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်နေမိသည်။
"လူပြန်ဝင်စားဖို့ ယင်လောကကြီးတောင် ဒီလိုအခြေအနေ ရောက်နေတာကို လူပြန်ဝင်စားဖို့ စဉ်းစားနေသေးတာလား "
ဖန့်ချန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး ပန်ဆန်းကို ခေါ်ကာ ကျိုးဟွိုက်ယွီနှင့် ပိရွှမ်တို့ကို စောင့်ကြည့်ရန် အမိန့်ပေးလိုက်သည်။
ပိရွှမ်သည် ဆယ်မျက်နှာမသေမျိုးတံခါး ၏ တည်ထောင်သူဖြစ်၍ ထူးခြားသော အဆင့်အတန်းရှိသည်။ ကျိုးဟွိုက်ယွီမှာမူ မဟာဓာတ်ငါးပါးဂိုဏ်းမှ အဆင့် ၆ မသေမျိုးဖြစ်ခဲ့ပြီး ကမ္ဘာပျက်ကပ် အကြောင်းကို သိထားသူဖြစ်၍ နောင်တွင် အသုံးဝင်နိုင်ပေသည်။
ဖန့်ချန် ထွက်ခွာသွားပြီးနောက် ကျိုးဟွိုက်ယွီနှင့် ပိရွှမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မှင်သက်နေကြသည်။
ဖန့်ချန် ပြောသွားသော စကားကို ၎င်းတို့၏ နှလုံးသားထဲတွင် ပြန်လည်ကြားယောင်နေမိသည်။
"ဒါဆိုရင်... ယင်လောကကနေ လူပြန်ဝင်စားလို့ မရတော့ဘူးဆိုတဲ့ သဘောလား "
ပိရွှမ်က မယုံနိုင်စဖွယ် ရေရွတ်လိုက်သည်။
"အဲဒီတုန်းက ဒီနေရာနဲ့ ပတ်သက်တဲ့ ကောလာဟလအချို့ကို ကြားဖူးသလိုပဲ... ဒါပေမဲ့ အကုန်လုံးကို မမှတ်မိတော့ဘူး..."
ကျိုးဟွိုက်ယွီက မျက်မှောင်ကြုတ်ကာ အသည်းအသန် စဉ်းစားနေမိသည်။
၎င်းတို့နှစ်ဦးသည် လူပြန်ဝင်စား၍ မရတော့ကြောင်း သိလိုက်ရသော်လည်း၊ လူပြန်ဝင်စား၍ မရပါက လူသားကမ္ဘာ၏ နယ်မြေကိုးခုသည် မည်သို့ဆက်လက်တည်ရှိနေသနည်းဟူသော အချက်ကိုမူ လုံးဝ တွေးတောမိခြင်း မရှိကြပေ။
၎င်းတို့၏ သိစိတ်မှာလည်း ကန့်သတ်ချုပ်ချယ်ခြင်း ခံထားရသောကြောင့်ပင်။
"သခင်လေး... ဒီမှာ ခဏလောက် ထပ်မနေဘူးလား ဒီက ဝိညာဉ်တွေက သိပ်ပြီး အစွမ်းမရှိတော့ ကျန်းကွမ်မြို့ထက် စီမံရတာ ပိုလွယ်တာပေါ့"
ထိုက်ယင်နဂါးမင်းက ဖန့်ချန်ကို တံတားဦးအထိ လိုက်လံပို့ဆောင်ရင်း ပြုံးရယ်ကာ ဆိုလိုက်သည်။
"မနေတော့ပါဘူး၊ လုပ်စရာ ကိစ္စတချို့ ရှိသေးတယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"ဒီနေရာက အခုမှ ယင်လောကနဲ့ ပြန်ချိတ်ဆက်တာဆိုတော့ နောက်ပိုင်းကျရင် ယင်လောကကူးသူ တွေ အများကြီး ရောက်လာနိုင်တယ်။ မင်း သေချာ ဂရုစိုက်ရမယ်။ တကယ်လို့ မင်းယှဉ်လို့မရတဲ့ ယင်လောကကူးသူတွေနဲ့ တွေ့ရင်လည်း သူတို့ ဘာလုပ်မလဲဆိုတာ အသာလေး စောင့်ကြည့်ပြီး ဟန်ဆောင်ပန်ဆောင် ဆက်ဆံလိုက်ပါ။ သူတို့ ဒီကို ရောက်လာတယ်ဆိုကတည်းက စည်းမဲ့ကမ်းမဲ့တော့ လုပ်ရဲမှာ မဟုတ်ဘူး"
တာ့လေယင် ဘက်တွင် ဟွာကျိသိုက် ဝိညာဥ်မယ်တော် ရှိသည်။
လင်ကွေ့ကြယ်တာရာ ဘက်တွင် အဆင့် ၆ ရှေးဟောင်းသစ်ပင် ရှိသည်။
ဤနေရာတွင်မူ ထိုက်ယင်နဂါးမင်းနှင့် ပန်ဆန်းတို့သာ ရှိသဖြင့် ဖန့်ချန်က စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။
ကံကောင်းသည်မှာ ထိုနေရာသို့ ယင်လောကမှတစ်ဆင့် လာရောက်နိုင်ကြောင်းကို ကျင့်ကြံသူများ သိရှိရန်မှာ အချိန်အတန်ငယ် ကြာဦးမည်ဖြစ်သည်။
ထိုအတောအတွင်း ဝမ်ချုံစန်းက ကျွယ်မင်ယင်လောက၏ သံသရာဌာန တွင် အစီအစဉ်များ ချမှတ်ပြီးပါက လူများကို တိုက်ရိုက် ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။
ထိုအခါမှစ၍ သူနှင့် မသက်ဆိုင်တော့ဘဲ၊ သူ ပိုမိုစိတ်ဝင်စားသည်မှာ ထိုလူသားမျိုးနွယ်၏ မျိုးစေ့များပင် ဖြစ်သည်။
"သခင်လေး စိတ်ချပါ"
ထိုက်ယင်နဂါးမင်း၏ မျက်နှာမှာ အနည်းငယ် တည်ကြည်သွားသည်။ ကြည့်ရသည်မှာ ဤတာဝန်သည်လည်း မလွယ်ကူလှပေ။
"နောက်မှ ပြန်တွေ့ကြတာပေါ့"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြပြီး ဝမ်ချွမ်းမြစ်ထဲသို့ ခြေလှမ်းလှမ်းလိုက်ရာ တံတား၏ ဆွဲငင်မှုဖြင့် ထွက်ခွာသွားတော့သည်။
ထိုက်ယင်နဂါးမင်းသည် အံ့ဩတသစွာဖြင့် ရေရွတ်လိုက်မိသည်။ ထိုကဲ့သို့သော ယင်မြို့တော်မျိုးမှာ အရပ်မျက်နှာအားလုံး ဝမ်ချွမ်းမြစ် ဝန်းရံထားခြင်းဖြစ်ရာ၊ သက်ဆိုင်ရာ တာဝန်နှင့် လုပ်ပိုင်ခွင့် မရှိပါက ဤနေရာမှ လုံးဝ ထွက်ခွာနိုင်မည် မဟုတ်ပေ။
သခင်လေးကဲ့သို့သော နည်းလမ်းမျိုးမှာ ယင်လောကအတွင်း၌ အခွင့်ထူးခံ အဆင့်အတန်းတစ်ခုကို ရရှိထားပြီးဖြစ်ပေတော့သည်။