အခန်း (၁၅၄၅-၁၅၄၆)
Vol. 155 Ch. 1545-1546
အခန်း (၁၅၄၅) - ကျွန်တော်မျိုးကတော့ ကျွယ်မင်နန်းတော်က လီရှမ်းဇီပါ
တန်တိုင်တောင်နယ်မြေ၊ ချင်းယွမ်ဈေးတန်း၊ ဆန်းယွန်းဂိုဏ်း။
ဖန့်ချန်သည် လူ့လောကသို့ ဝိညာဉ်ပြန်လည်ရောက်ရှိလာပြီးနောက်၊ နဂါးအိုကြီးမှာ ဆက်လက်တရားကျင့်ကြံနေဆဲဖြစ်သည်ကို တွေ့ရသဖြင့် လီတောက်ယဲ့အား သူ၏ကိုယ်စား မှာကြားစရာအချို့ကို ချန်ထားရစ်ခဲ့သည်။
သူသည် ဖန့်ချန်းယွဲ့ကို ပိုင်ယွဲ့မြို့သို့ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
ဆယ်မျက်နှာမသေမျိုးဂိုဏ်း တည်ရှိရာအရပ်ဘက်မှ အလွန်အစွမ်းထက်သော တည်ရှိမှုများ အချင်းချင်း တိုက်ခိုက်နေကြသည့် အငွေ့အသက်ကို ခံစားလိုက်ရခြင်းပင်။
ဖန့်ချန်သည် ချက်ချင်းပင် နဂါးနက်လှေကို ထုတ်ဖော်ကာ ဖန့်ကျစ်ရွှယ်တို့နှင့်အတူ ဆယ်မျက်နှာမသေမျိုးဂိုဏ်း ရှိရာသို့ ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် ဆယ်မျက်နှာမသေမျိုးဂိုဏ်း၏ တောင်ကုန်းတံခါးဝရှေ့၌ ဘုန်းကြီးတစ်ပါးသည် လက်အုပ်ချီကာ ခေါင်းကို ငုံ့ထားသည်။
သူ၏ရှေ့တွင်မူ လုံဖူမသေမျိုး ဦးဆောင်သော ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူအုပ်စု ရပ်နေကြသည်။
လုံဖူမသေမျိုး၏ မျက်နှာမှာ အတန်ငယ် တည်ငြိမ်နေသော်လည်း ကျန်ရှိနေသူများမှာမူ ထိုဘုန်းကြီးကို ဒေါသတကြီး စိုက်ကြည့်နေကြပြီး ခန္ဓာကိုယ်မှ မသေမျိုးစွမ်းအားများမှာ တရိပ်ရိပ် ထွက်ပေါ်နေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် အနေအထားတွင် ရှိနေသည်။
ဤနေရာနှင့် မိုင်တစ်ရာခန့်အကွာတွင် မူလက ပေတစ်သောင်းမြင့်သော တောင်ကြီးတစ်လုံး ရှိခဲ့သော်လည်း ယခုအခါ ထိုတောင်ကြီးမှာ ပျောက်ကွယ်သွားပြီး မြေပြန့်အတိ ဖြစ်သွားချေပြီ။ တစ်စုံတစ်ယောက်က လက်ဝါးဖြင့် ရိုက်ချေဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။
ထိုတောင်သည် ဆယ်မျက်နှာမသေမျိုးဂိုဏ်း ပိုင်ဆိုင်သောတောင်ဖြစ်ပြီး ဝိညာဉ်သားရဲများစွာကို မွေးမြူထားသည့်နေရာဖြစ်သည်။
သို့သော်လည်း ခုနတင်ကပင် ရန်လိုစွာ ရောက်ရှိလာသော ဤဘုန်းကြီးက အသာအယာပင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
"ဘုန်းကြီး... ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှာ မင်းရှာနေတဲ့အရာ မရှိဘူး။ ခုနက မင်းလုပ်ရပ်ကို ငါ လျစ်လျူရှုပေးနိုင်ပေမဲ့၊ မင်းက ဒီထက်ပိုပြီး အနိုင်ကျင့်လာမယ်ဆိုရင်တော့ ငါ့ဘက်ကလည်း သက်ညှာမှာ မဟုတ်ဘူးလို့ မပြောနဲ့တော့"
လုံဖူမသေမျိုးက အေးစက်စွာ ဆိုလိုက်သည်။
ဘေးနားရှိ အကြီးအကဲများမှာ ထိုစကားကို ကြားသောအခါ မယုံကြည်နိုင်သလို ဖြစ်သွားကြသည်။ လုံဖူမသေမျိုးက ထိုကိစ္စကို အေးအေးဆေးဆေး ပြီးပြတ်စေချင်လိမ့်မည်ဟု ၎င်းတို့ မထင်ထားကြပေ။
"အမိတဘ... ဆင်းရဲသားဘုန်းကြီးရဲ့ စိတ်အာရုံ က မှားယွင်းမှာ မဟုတ်ဘူး။ ဒီနေရာမှာ ရှေးဟောင်းမသေမျိုးစာရင်းဝင်ခွင့် ရှိနေတယ်လို့ ငါ့ကို ပြောပြနေတယ်"
ဘုန်းကြီးသည် တရားစာကို ရွတ်ဆိုကာ တည်ငြိမ်သောလေသံဖြင့် ဆိုသည်။
"ဒါယကာကြီးအနေနဲ့ ဒီမှတ်တမ်းကို ဆင်းရဲသားဘုန်းကြီးကို ပေးကမ်းနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ နောင်တစ်နေ့မှာ ငါ့ကိုယ်ငါ လွတ်မြောက်အောင် ကယ်တင်နိုင်တဲ့အခါ သတ္တဝါဝေနေယျတွေကိုပါ ကယ်တင်ပါ့မယ်"
"ကိုယ်တိုင်အရင်ကယ်ပြီးမှ သူတစ်ပါးကို ကယ်မယ် ဟုတ်လား "
လုံဖူမသေမျိုးက ပြုံးစစဖြင့်
"ဘယ်မှာ အဲဒီလို ကျိုးကြောင်းဆင်ခြင်မှု ရှိလို့လဲ။ ငါ ပြောပြီးသားပဲ၊ အခုချက်ချင်း ထွက်သွားတော့။ မဟုတ်ရင် ငါတို့ဂိုဏ်းက ရှေးဟောင်းမသေမျိုး တရားထိုင်ရာကနေ ထွက်လာရင်တော့ ထွက်သွားဖို့ ခက်လိမ့်မယ်"
"ဆင်းရဲသားဘုန်းကြီးရဲ့ သူ့စိတ်သိဉာဏ်က ပြောပြနေတာကတော့... မင်းတို့ဂိုဏ်းက ရှေးဟောင်းမသေမျိုးဟာ သူ့ကိုယ်သူတောင် မနည်းထိန်းထားရတဲ့ အခြေအနေမှာ ရှိနေပြီး မကြာခင်မှာ ခန္ဓာဝန်ချရတော့မယ် (သေဆုံးတော့မယ်) တဲ့။ သူသာ ထွက်လာမယ်ဆိုရင်တောင် ဆင်းရဲသားဘုန်းကြီးက ကြောက်နေမှာ မဟုတ်ဘူး"
ဘုန်းကြီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
လုံဖူမသေမျိုး၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားတော့သည်။
အနီးအနားရှိ အကြီးအကဲများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ မှင်သက်နေကြသည်။ ထိုပုဂ္ဂိုလ်ကြီးက တကယ်ပဲ ခန္ဓာဝန်ချရတော့မှာလား။
၎င်းတို့သည် ကနဦးက မယုံကြည်ကြသော်လည်း ယခုအချိန်ထိ ထိုပုဂ္ဂိုလ်ကြီး ပေါ်မလာသေးခြင်းမှာ ဤဘုန်းကြီး ပြောနေသည့် စကားများမှာ မမှားနိုင်ကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။
လူတိုင်း၏ စိတ်နှလုံးမှာ ရုတ်တရက်ပင် လေးလံသွားရသည်။
မိမိတို့ရှေ့မှ ထိုဘုန်းကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့် ၆ ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ ထင်ရှားလှသည်။ သူ၏ အရှိန်အဝါ အင်အားကြီးမားမှုနှင့် တည်ငြိမ်မှုတို့က လုံဖူမသေမျိုးထက်ပင် တစ်ပန်းသာနေကြောင်း သက်သေပြနေသည်။
တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှာ အထိနာပေလိမ့်မည်။ ထိုအခါ နန်ချင်ကြယ်တာရာ တွင် ရှိနေသည့် ၎င်းတို့၏ ရပ်တည်မှုမှာပါ လှုပ်ခါသွားနိုင်သည်။
လုံဖူမသေမျိုးသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
"ရုလိုင်ကျောင်းတော်ရဲ့ အမာခံတပည့်တွေက ဒီလောက်တောင် အနိုင်ကျင့်တတ်တာလား အရင်တုန်းက ငါတို့ဂိုဏ်း ရှေးဟောင်းမသေမျိုးရွှေကိုယ်တော် တစ်ပါးကို ရခဲ့တုန်းကတောင် ကျွယ်မင်နန်းတော်နဲ့ ထိုက်ယီမသေမျိုးဂိုဏ်း တို့က လေလံတင်ဖို့ပဲ ပြောခဲ့ကြတာ။ သူတို့က ဒီက စည်းမျဉ်းတွေကို လိုက်နာကြတယ်။ မင်းတို့ကျောင်းတော်လို ရောက်ရောက်ချင်း လက်ဦးမှုယူပြီး အနိုင်ကျင့်တာမျိုး မဟုတ်ဘူး"
"ဪ... ရုလိုင်ကျောင်းတော်က အမာခံတပည့်တွေ ရောက်လာတာကိုး..."
ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ မသေမျိုးများမှာ မျက်နှာများ ပျက်ယွင်းကုန်ကြပြီး မြေကြီးစားထားရသလို ခံစားချက်မျိုး ဖြစ်နေကြသည်။
ဆယ်မျက်နှာမသေမျိုးဂိုဏ်းနှင့် ထိုက်တန်သော ကံကောင်းခြင်းများမှာ နှစ်ကြိမ်ဆက်တိုက်ပင် အထက်သုံးနယ်မြေမှ ထိပ်တန်းအင်အားစုများ သိရှိသွားကြသည်။
ဆယ်မျက်နှာမသေမျိုးဂိုဏ်းထဲမှာ သစ္စာဖောက်များ ရှိနေသလား သို့မဟုတ် ၎င်းတို့ ချထားသည့် သူလျှိုများလား။
ဟင်းလင်းပြင်ထဲမှ မသေမျိုးလှေတစ်စီး ဖြည်းညှင်းစွာ ပေါ်ထွက်လာပြီး ၎င်းပေါ်တွင် ရယ်ပြုံးနေသော ကတုံးတုံးထားသည့် ဘုန်းကြီးငယ်တစ်ဦး ရပ်နေသည်။ သူက လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
"လုံရှန့်အကြီးအကဲက အရမ်းလောသွားလို့ပါ၊ အခုလေးတင် ဖျက်ဆီးလိုက်တဲ့ တောင်အတွက် ကျွန်တော်တို့ လျော်ကြေးပေးပါ့မယ်။ ဒါယကာကြီးအနေနဲ့ လက်ထဲမှာရှိတဲ့ မသေမျိုးမှတ်တမ်းကို ရောင်းချပေးပြီး လုံရှန့်အကြီးအကဲကို ရှေးဟောင်းမသေမျိုးအဖြစ် တက်လှမ်းနိုင်အောင် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။"
သူက ခေတ္တရပ်ကာ
"ဒါယကာကြီးအတွက်ကတော့... ဟိုက ရှေးဟောင်းမသေမျိုးကြီး ခန္ဓာဝန်ချသွားတာနဲ့ သဘာဝအတိုင်း မှတ်တမ်းတစ်ခု ရလာမှာပဲလေ။ အခု လောနေဖို့ မလိုပါဘူး၊ ဟုတ်တယ်မလား "
သူသည် ပြုံးလျက် ဆယ်မျက်နှာမသေမျိုးဂိုဏ်း၏ အတွင်းပိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
"ဟွတ်... ဟွတ်..."
အဖိုးအိုတစ်ဦးသည် လေပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
သူ၏ ခန္ဓာကိုယ်မှာ ကိုင်းညွတ်နေပြီး နှစ်ပေါင်းများစွာ ခါးကုန်းနေခဲ့သဖြင့် မတ်တပ်ပင် ရပ်ရန် ခက်ခဲနေသည့်ပုံပင်။
သူ ရောက်ရှိလာသောအခါ လုံဖူမသေမျိုး နှင့် အခြားသူများမှာ အလွန်တုန်လှုပ်သွားကြပြီး အမြန်ပင် လက်အုပ်ချီ ဦးညွတ်နှုတ်ဆက်ကာ ဘိုးဘေးကြီး ဟု ခေါ်ဆိုကြသည်။
"အခုခေတ် လူငယ်တွေက အင်အားနဲ့ အနိုင်ကျင့်ရတာကို ဒီလောက်တောင် ဝါသနာပါကြတာလား။ ငါတို့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းဟာ နန်ချင်ကြယ်တာရာကို စောင့်ကြပ်နေတာပါ။ မင်းတို့ကျောင်းတော်လောက် မကြီးကျယ်ပေမဲ့ ရှေးဟောင်းနယ်မြေနဲ့ အထက်သုံးနယ်မြေတွေမှာတော့ နာမည်အနည်းအကျဉ်း ရှိပါသေးတယ်"
အဖိုးအိုက သက်ပြင်းအသာချကာ လုံရှန့်အကြီးအကဲကို ကြည့်လိုက်သည်။
လုံရှန့်အကြီးအကဲက ပြုံးလိုက်ပြီး
"ဆင်းရဲသားဘုန်းကြီးကလည်း ကံကောင်းခြင်းတစ်ခုကို တောင်းခံရုံသက်သက်ပါ"
"အကယ်၍ ဒီနေ့ လုံဖူက မင်းတို့ကို အဲဒီမှတ်တမ်း မပေးဘူးဆိုရင်... မင်းတို့ ရုလိုင်ကျောင်းတော်က တကယ်ပဲ ငါတို့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းကို တိုက်ခိုက်မှာလား "
အဖိုးအိုက တိုးညှင်းစွာ မေးလိုက်သည်။
ဘုန်းကြီးငယ်ကလည်း ဘာမှမပြောသလို လုံရှန့်အကြီးအကဲကလည်း ဘာမှပြန်မပြောပေ။ သို့သော် ၎င်းတို့၏ မျက်နှာပေါ်မှ အပြုံးများက အဖြေအားလုံးကို ပြောပြနေပြီဖြစ်သည်။
"ထားလိုက်ပါတော့... သူတို့ကို ပေးလိုက်ပါ"
အဖိုးအိုက လုံဖူမသေမျိုးကို ကြည့်ကာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ"
လုံဖူမသေမျိုး သည် အသက်ကို ပြင်းပြင်းရှူကာ တစ်ခုခုလုပ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် မသေမျိုးလှေတစ်စီး ဟင်းလင်းပြင်ကို ခွဲ၍ ရောက်ရှိလာပြီး လူတိုင်း၏ ခေါင်းပေါ်သို့ ရောက်ရှိလာတော့သည်။
ထိုလှေ၏ အရှိန်အဝါမှာလည်း ရုလိုင်ကျောင်းတော်မှ လှေထက် မနိမ့်ပေ။
"ကျွယ်မင်နန်းတော်ရဲ့ နဂါးနက်သင်္ဘောလား ဒါဆို ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ရောက်လာတာပေါ့ "
"ဟုတ်တယ်... ပြီးခဲ့တဲ့ရက်ပိုင်းက ကျွယ်မင်နန်းတော်က အမာခံတပည့်တစ်ဦး ဒီကို ရောက်နေတယ်လို့ ကြားတယ် "
ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများမှာ အလွန်အမင်း ဝမ်းသာသွားကြသည်။
ရုလိုင်ကျောင်းတော်နှင့် ယှဉ်လျှင် ၎င်းတို့သည် ကျွယ်မင်နန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း တို့ကဲ့သို့သော အင်အားစုများနှင့် ဆက်ဆံရသည်ကို ပို၍ နှစ်သက်ကြသည်။ အနည်းဆုံးတော့ ၎င်းတို့၏ ပြောဆိုဆက်ဆံပုံမှာ ပို၍ စိတ်ချမ်းသာစရာ ကောင်းသောကြောင့် ဖြစ်သည်။
လုံရှန့်အကြီးအကဲ၏ နှစ်ပေါင်းများစွာ တည်ငြိမ်ခဲ့သော မျက်နှာထားမှာ နောက်ဆုံးတွင် ပြောင်းလဲသွားပြီး ဘုန်းကြီးငယ်၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွားသည်။
ထို့နောက် သူက အသာအယာ ပြုံးလိုက်ကာ စိတ်သက်သာရာရသွားဟန်ဖြင့် ဆိုသည်။
"ဆင်းရဲသားဘုန်းကြီးရဲ့ သူ့စိတ်သိဉာဏ်က ပြောပြနေတာကတော့... ဒီကျွယ်မင်နန်းတော်က အမာခံတပည့်ဟာ နယ်မြေချဲ့ထွင်ရေးအဖွဲ့ အဖွဲ့ဝင်တွေကို ခေါ်မလာဘူးတဲ့"
နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်များ မပါလျှင် မသေမျိုးလှေကို မောင်းနှင်ရန် လုံလောက်သော မသေမျိုးစွမ်းအား ရှိမည်မဟုတ်ပေ။ ထို့ကြောင့် စိုးရိမ်စရာ မလိုတော့ပေ။
"မင်းတို့က ရုလိုင်ကျောင်းတော်ကလား"
ဖန့်ချန်က ထိုဘုန်းကြီးငယ်ကို အထက်အောက် စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ ဝတ်ဆင်ထားသော ဝတ်ရုံမှာ ရုလိုင်ကျောင်းတော် အမာခံတပည့်များ ဝတ်ဆင်သည့် ဝတ်ရုံ အစစ်အမှန်ပင် ဖြစ်သည်။
ယခင်က ပြိုင်ပွဲများတွင် ရုလိုင်ကျောင်းတော်မှ အမာခံတပည့်များစွာကို သူ မြင်ဖူးသဖြင့် ကောင်းစွာ သိရှိနေခြင်းဖြစ်သည်။
"အမိတ္တာဘုရား... စီနီယာအစ်ကိုက ဘယ်သူပါလဲ..."
ဘုန်းကြီးငယ်သည် မျက်နှာပေါ်မှ အပြုံးကို သိမ်းဆည်းလိုက်ကာ အတော်လေး ရိုရိုသေသေ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လုံဖူမသေမျိုးနှင့် အခြားသူများမှာ ဤမြင်ကွင်းကို မြင်သောအခါ စိတ်ထဲမှ ကြိတ်ဆဲနေမိကြသည်။ တစ်ဖက်လူသည် ဆယ်မျက်နှာမသေမျိုးဂိုဏ်း၏ ရှေးဟောင်းမသေမျိုးနှင့် တွေ့စဉ်ကတည်းက ဤမျှ ရိုသေမှုမျိုး မပြခဲ့ချေ။
"ကျွန်တော်မျိုးကတော့ ကျွယ်မင်နန်းတော်က လီရှမ်းဇီပါ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
လုံဖူမသေမျိုးမှာ ခေတ္တ မှင်သက်သွားသည်။ လီရှမ်းဇီ သူ ထိုသူကို သိသော်လည်း၊ မိမိရှေ့မှ လူမှာ လုံးဝ ထိုသူ မဟုတ်...
နေပါဦး... ဘာလို့ မိမိရှေ့မှလူကလည်း တစ်နေရာရာမှာ မြင်ဖူးသလိုလို ဖြစ်နေရတာလဲ။
သူ ဘယ်မှာ မြင်ဖူးခဲ့တာပါလိမ့်
ဘုန်းကြီးငယ်က ခါးသက်သက် ပြုံးလိုက်ပြီး
"လီရှမ်းဇီစီနီယာက ဒါယကာကြီးလို ပုံစံမျိုး မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို မြင်ဖူးပါတယ်"
"မင်းကို လိမ်လို့မရဘူးပဲ... ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်အသစ် ကျန်းချန် ပါ။ နန်းတော်အကြီးအကဲ အဖွဲ့ဝင် ကျန်းအကြီးအကဲက ကျွန်တော့်ရဲ့ ဘိုးဘေးအရင်းပါပဲ"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
အမာခံတပည့်အသစ်
ဘုန်းကြီးငယ်၏ မျက်လုံးများ လှုပ်ရှားသွားပြီး စိတ်သက်သာရာရသွားပုံရသည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ စောစောက အဝေးကြီးကတည်းက တစ်စုံတစ်ယောက် ဒီမှာ တိုက်ခိုက်နေတာကို ငါ ခံစားမိလို့။ ဆယ်မျက်နှာမသေမျိုးဂိုဏ်းနဲ့ ရုလိုင်ကျောင်းတော်တို့ ပြဿနာဖြစ်နေကြတာလား "
ဖန့်ချန်က ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
အခန်း (၁၅၄၆) - ငါက အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူး
ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများသည် အတန်ငယ် ဝမ်းသာသွားကြသည်။ အနည်းဆုံးတော့ ၎င်းတို့နှင့် ကျွယ်မင်နန်းတော်ကြား ဆက်ဆံရေးမှာ မဆိုးလှပေ။
အကယ်၍ မသေမျိုးစာရင်းဝင်ခွင့်ကို မဖြစ်မနေ လက်လွှတ်ပေးရမည်ဆိုပါက ၎င်းတို့အနေဖြင့် ကျွယ်မင်နန်းတော်ကိုသာ ပေးလိုကြသည်။
"ဟွတ်... ဟွတ်..."
ထိုအဖိုးအိုသည် ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ပြီး ဖန့်ချန်အား လက်အုပ်ချီနှုတ်ဆက်ကာ ဆိုသည်။
"ကျွန်တော်မျိုး ဆယ်မျက်နှာမသေမျိုးဂိုဏ်းက ချင်ရွေ့ ပါ။ ကျန်းမိတ်ဆွေ ကို တွေ့ရတာ ဝမ်းသာပါတယ်"
လုံဖူမသေမျိုးနှင့် အခြားသူများမှာ စိတ်ထဲမှ သက်ပြင်းချမိကြသည်။ ဤသည်မှာ ထိပ်တန်းအင်အားစုများမှ အမာခံတပည့်များ ရရှိသည့် အခွင့်အထူးခံပင် ဖြစ်သည်။ အောက်နယ်မြေခြောက်ခုတွင် ရှေးဟောင်းမသေမျိုးတစ်ဦး ဖြစ်နေလျှင်ပင် အမာခံတပည့်တစ်ဦးကို မိတ်ဆွေ ဟုသာ ခေါ်ဆိုရပေသည်။
"အားနာစရာမလိုပါဘူး ကျွန်တော်က နောက်မှ ပေါ်လာတဲ့ မျိုးဆက်သစ်တပည့်တစ်ဦးပဲမို့ မိတ်ဆွေလို့ အခေါ်မခံထိုက်ပါဘူး"
ဖန့်ချန်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်
"ဒီမှာ ဘာတွေဖြစ်နေတာလဲဆိုတာ သိလို့ရမလား"
"ဒီကျွယ်မင်နန်းတော်က အမာခံတပည့်က တော်တော်လေး ယဉ်ကျေးတာပဲ"
"ရုလိုင်ကျောင်းတော်က ကောင်နဲ့ မတူဘူး၊ တော်တော်လေး စက်ဆုပ်ဖို့ကောင်းတယ်"
လူတိုင်းသည် ဖန့်ချန်အပေါ် ချက်ချင်းပင် အမြင်ကြည်သွားကြသည်။
ချင်ရွေ့သည်လည်း ထိုစကားထဲတွင် ရှေးဟောင်းမသေမျိုးတစ်ဦးအပေါ် ထားရှိသော လေးစားမှုကို ခံစားလိုက်ရသဖြင့် မျက်ဝန်းထဲတွင် ကျေနပ်ရိပ်အချို့ ဖြတ်ပြေးသွားသည်။
ကြည့်ရသည်မှာ သူကဲ့သို့သော အရိုးအိုကြီးသည်ပင် ထိပ်တန်းအမာခံတပည့်တစ်ဦး၏ မျက်လုံးထဲတွင် အတိုင်းအတာတစ်ခုအထိ ရပ်တည်ချက် ရှိနေသေးပုံရသည်။
ထိုသို့တွေးရင်း ချင်ရွေ့က ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။
ထို့အပြင် မကြာသေးမီက ရရှိခဲ့သော ရှေးဟောင်းမသေမျိုး ရွှေကိုယ်တော်ကိစ္စကိုလည်း ဖုံးကွယ်ထားခြင်း မရှိပေ။
"ဪ... နောက်ထပ် မသေမျိုးစာရင်းဝင်ခွင့် ထပ်ထွက်လာတာကိုး၊ ဒါကြောင့်လည်း ရုလိုင်ကျောင်းတော်က ကတုံးတွေက ညှီနံ့ရတဲ့ ငါးတွေလို ဝိုင်းလာကြတာပဲ"
ဖန့်ချန်က စိတ်ထဲမှ သဘောပေါက်သွားသည်။
"ကျန်းစီနီယာ... ကျွန်တော်မျိုးတို့ဆီက လုံရှန့်အကြီးအကဲဟာ အဆင့် ၆ အထွတ်အထိပ်ကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ အခုဆိုရင် ရှေးဟောင်းမသေမျိုးအဖြစ် အသွင်ပြောင်းလဲနိုင်ဖို့ စာရင်းဝင်ခွင့် တစ်စောင်ပဲ လိုပါတော့တယ်"
"ဒါကြောင့် ကျန်းစီနီယာအနေနဲ့ လက်ကလေးအသာချပေးပြီး သူတစ်ပါးရဲ့ ကောင်းကျိုးကို ဖြည့်ဆည်းပေးစေချင်ပါတယ်"
ဘုန်းကြီးငယ်က ဖန့်ချန်ကို လက်အုပ်ချီကာ ရိုရိုသေသေ ပြုံး၍ ဆိုသည်။
"ဒီက လုံဖူမသေမျိုးကလည်း အဆင့် ၆ ကို ရောက်နေတာ ကြာပြီလို့ ကျွန်တော် ထင်တယ်။ စာရင်းဝင်ခွင့်သာ ရှိရင် သူလည်း အဆင့် ၇ ရှေးဟောင်းမသေမျိုးအဖြစ် တက်လှမ်းနိုင်မှာပဲ"
ဖန့်ချန်က လုံဖူမသေမျိုးကို တစ်ချက်ကြည့်လိုက်ပြီး ဘုန်းကြီးငယ်ကို ပြန်ပြောလိုက်သည်။
"သူတစ်ပါး မြတ်နိုးတာကို မလုယူသင့်ဘူးဆိုတဲ့ အမှန်တရားကို ဂျူနီယာညီလေး မကြားဖူးဘူးလား"
လူတိုင်း မှင်သက်သွားကြပြီး မျက်နှာထားများမှာ ထူးဆန်းသွားကြသည်။
လုံဖူမသေမျိုးမှာ အဆင့် ၆ သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း အဆင့် ၇ သို့ တက်လှမ်းရန်မှာမူ...
အဝေးကြီး လိုနေသေးသည်မှာ အမှန်ပင်။
မဟုတ်လျှင် ပထမအကြိမ် စာရင်းဝင်ခွင့် ရကတည်းက သူကိုယ်တိုင် အသုံးပြုခဲ့မည်ဖြစ်ပြီး သူတစ်ပါး သိရှိသွားစရာ အကြောင်းမရှိပေ။
အစစ်အမှန် အဆင့် ၆ အထွတ်အထိပ်သို့ မရောက်ဘဲ လုံလောက်သော အခြေခံအုတ်မြစ် မရှိပါက မသေမျိုးစာရင်းဝင်ခွင့် ရှိနေလျှင်ပင် အဆင့် ၇ သို့ တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ဤကျွယ်မင်နန်းတော် အမာခံတပည့်က ၎င်းတို့ဘက်မှ ကူညီပြောဆိုပေးနေခြင်းဖြစ်ကြောင်း လူတိုင်း သိနားလည်သဖြင့် မည်သူမျှ ကိုယ့်ပေါင်ကိုယ် ပြန်မထောင်းကြချေ။
လုံဖူမသေမျိုးကလည်း ချောင်းတစ်ချက်ဟန့်ကာ လက်အုပ်ချီ၍ ဆိုသည်။
"တကယ်ပါပဲ... ကျွန်တော်မျိုးကလည်း အဆင့် ၇ ရှေးဟောင်းမသေမျိုးအဖြစ် တက်လှမ်းဖို့ ပြင်ဆင်နေတာပါ။ ဒီစာရင်းဝင်ခွင့်ကိုတော့ လက်လွှတ်ပေးဖို့ ခက်ပါလိမ့်မယ်"
ဘုန်းကြီးငယ်၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားပြီး ဖန့်ချန်ကို ကြည့်သော မျက်ဝန်းများမှာ အေးစက်လာသည်။ သူသည် မျက်နှာပေါ်မှ အပြုံးကို သိမ်းဆည်းလိုက်ကာ တည်ငြိမ်စွာ ဆိုသည်။
"ကျန်းစီနီယာက ဘာလို့ ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာလဲ ကျွယ်မင်နန်းတော်နဲ့ ရုလိုင်ကျောင်းတော်ဟာ စိတ်ဝိညာဉ်နယ်မြေရဲ့ ထိပ်တန်းအင်အားစုတွေပဲလေ။ အခြေအနေတော်တော်များများမှာ အချင်းချင်း ကူညီသင့်တာပေါ့"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တာ့လေယင် ပြိုင်ပွဲတုန်းက ရုလိုင်ကျောင်းတော်က အမာခံတပည့်တချို့ သေဆုံးခဲ့ရပေမဲ့ ကျွန်တော်တို့က ကျွယ်မင်နန်းတော်ကို ပြဿနာမရှာခဲ့ဘူးလေ"
ရုလိုင်ကျောင်းတော်က အမာခံတပည့်တွေ သေကုန်ကြတာလား။
လူတိုင်း အံ့အားသင့်သွားကြသည်။
ထိုအမာခံတပည့် တစ်ဦးချင်းစီ၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ အဆင့် ၇ ရှေးဟောင်းမသေမျိုး ကျင့်ကြံခြင်း မရှိသော်လည်း အဆင့် ၇ ရှေးဟောင်းမသေမျိုး၏ အခွင့်အရေးမျိုး ရရှိထားသူများ ဖြစ်သည်။
ထိုသို့သော တည်ရှိမှုမျိုး အတော်များများ သေဆုံးသွားရသည် ဟုတ်လား။
လုံဖူမသေမျိုး၏ မျက်နှာထားမှာ တည်ကြည်သွားသည်။
ကြည့်ရသည်မှာ အထက်သုံးနယ်မြေ၏ တိုက်ပွဲများမှာ ၎င်းတို့ ထင်ထားသည်ထက် ပို၍ ပြင်းထန်ပုံရသည်။
အမာခံတပည့်များပင် အသက်ပျောက်နေရလျှင် သေဆုံးသွားသည့် ရှေးဟောင်းမသေမျိုးများမှာလည်း နည်းမည်မဟုတ်ပေ။
"မင်းလည်း အဲဒီကိစ္စကို သိတာပဲကိုး။ ဒါပေမဲ့ အဲဒီတုန်းက ပြိုင်ပွဲဟာ စည်းမျဉ်းတွေအတွင်းမှာပဲ ဖြစ်ခဲ့တာပါ။ ရုလိုင်ကျောင်းတော်က အမာခံတပည့်တွေ သေတာက သူတို့ အရည်အချင်း မပြည့်ဝလို့ပဲ။ ပြီးမှ လိုက်ပြီး ကလဲ့စားချေတယ်ဆိုတဲ့ ထုံးစံတော့ မရှိပါဘူး"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ စိတ်အာရုံက ပြောပြနေတာကတော့... ဒါယကာကြီးဟာ ဒီနေ့ ကျွန်တော်တို့ နှစ်ယောက်ကို တားနိုင်မှာ မဟုတ်ဘူးတဲ့"
လုံရှန့်အကြီးအကဲက ရုတ်တရက် စကားပြောလာသည်။
လူတိုင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ တစ်ဖက်လူက အတင်းအဓမ္မ လုယူတော့မည်လော။
"လုံရှန့်အကြီးအကဲ... မလောပါနဲ့ဦး"
အခြေအနေမှာ တင်းမာလာသည်ကို မြင်သောအခါ ဘုန်းကြီးငယ်က ပြုံးလိုက်ပြီး
"ကျန်းစီနီယာက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ပဲ၊ ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူ ဖြစ်မှာပါ။ သေချာပြောပြရင် သူ နားလည်သွားပါလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူက ဖန့်ချန်ကို ကြည့်ကာ လက်အုပ်ချီ၍ ဘုရားဘွဲ့တော် ရွတ်ဆိုလိုက်သည်။
"အမိတဘ... ကျန်းစီနီယာအနေနဲ့ ဒီနေ့ လုံရှန့်အကြီးအကဲ ရှေးဟောင်းမသေမျိုးဖြစ်လာဖို့ ကူညီပေးစေချင်ပါတယ်။ ဒီကျေးဇူးကို ကျွန်တော် ရှောင်ရွေ့ယဲ့ က ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
"ရှောင်ရွေ့ယဲ့ ရှောင်ကွမ်းယင်က မင်းရဲ့..."
ဖန့်ချန် စိတ်လှုပ်ရှားသွားသည်။
ရှောင်ရွေ့ယဲ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တက်သွားကာ
"သူက ကျွန်တော့်ရဲ့ အစ်ကိုအရင်းပါပဲ"
"ရှောင်ကွမ်းယင်..."
ချင်ရွေ့သည် ထိုနာမည်ကို ကြားဖူးပုံရပြီး မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူက ဖန့်ချန်ကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ သတိပေးလိုက်သည်။
"မိတ်ဆွေ ဒီကိစ္စကို ကျွန်တော်တို့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းကိုပဲ ကိုင်တွယ်ခွင့်ပြုပါတော့။ ရှောင်ကွမ်းယင်ဟာ ရုလိုင်ကျောင်းတော်မှာ အဆင့်အတန်း မနိမ့်ဘူး။ သူ့ညီကို အပြစ်လုပ်မိရင် ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်"
ရှောင်ရွေ့ယဲ့သည် ဖန့်ချန်နှင့် ချင်ရွေ့တို့၏ မျက်နှာထား ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် ပို၍ပင် ဂုဏ်ယူဝင့်ကြွားသွားသည်။
"ဪ... ကျုပ်တို့ဂိုဏ်းက စီနီယာအစ်မကြီးရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ ရှောင်ကွမ်းယင်က မင်းရဲ့အစ်ကိုကိုး။ အဲဒီတုန်းက သူက တာ့လေယင်ကို သေချာမစောင့်ရှောက်နိုင်လို့ ကျွယ်မင်နန်းတော်က နယ်မြေကို လုယူနိုင်ခဲ့တာပေါ့"
ဖန့်ချန်က သက်ပြင်းချသလိုလိုဖြင့် ခနဲ့လိုက်သည်။
ရှောင်ရွေ့ယဲ့၏ မျက်နှာမှာ တဖြည်းဖြည်း အုံ့မှိုင်းလာသည်။
တစ်ဖက်လူက တိုက်ရိုက်ပင် လှောင်ပြောင်ဝံ့သည်မှာ ဆွေးနွေးနေရန် မလိုတော့ကြောင်း သက်သေပြနေသည်။
ချင်ရွေ့လည်း မှင်သက်သွားသည်။ ဤကျွယ်မင်နန်းတော် အမာခံတပည့်က ဤမျှအထိ ပြတ်သားပြီး ရုလိုင်ကျောင်းတော်၏ ဗုဒ္ဓသားတော် ရှောင်ကွမ်းယင်ကိုပင် လှောင်ပြောင်ဝံ့လိမ့်မည်ဟု မထင်မှတ်ထားပေ။
"လုံရှန့်အကြီးအကဲ... စိတ်အာရုံက တခြား ဘာတွေ ထပ်ပြောသေးလဲ"
ရှောင်ရွေ့ယဲ့က အေးစက်စွာ မေးလိုက်သည်။
"စိတ်အာရုံက ပြောနေတာကတော့... ဒီကျွယ်မင်အမာခံတပည့်ကို နှိမ်နင်းလိုက်ရင် ဒီနေ့ ဆင်းရဲသားဘုန်းကြီး အဆင့် ၇ ကို တက်လှမ်းနိုင်မယ်တဲ့"
လုံရှန့်အကြီးအကဲက အေးစက်စက် ဆိုလိုက်သည်။
"ဒါဆိုရင်လည်း... တိုက်ကြတာပေါ့"
ရှောင်ရွေ့ယဲ့က ခေါင်းညိတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခြေထောက်အောက်ရှိ မသေမျိုးလှေမှာ တောက်ပသော ဗုဒ္ဓအလင်းတန်းများ စတင်ထွက်ပေါ်လာတော့သည်။
"စိတ်အာရုံက ပြောပြနေတာကတော့... မင်းဟာ ဒီနေ့ ငါတို့နှစ်ယောက်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးတဲ့။ ကျွယ်မင်အမာခံတပည့်... မင်းကိုယ်မင်း မထိခိုက်စေချင်ရင် အမြန်ထွက်သွားတာ ကောင်းမယ်"
"ဒီနေ့ မသေမျိုးစာရင်းဝင်ခွင့်ကို ဆင်းရဲသားဘုန်းကြီး မဖြစ်မနေ ယူရလိမ့်မယ်"
လုံရှန့်အကြီးအကဲက အေးစက်စွာ ဆိုသည်။
နဂါးနက်လှေပေါ်တွင် အစကတည်းက တိတ်ဆိတ်နေသော ဖန့်ကျစ်ရွှယ်တို့၏ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်။
တစ်ဖက်လူမှာ တကယ်ပင် အလွန်အစွမ်းထက်ပုံရသည်။ မဟုတ်လျှင် ဆယ်မျက်နှာမသေမျိုးဂိုဏ်းကို ဤမျှအထိ ဖိအားပေးနိုင်မည် မဟုတ်ပေ။
"မလုပ်ပါနဲ့ဦး... မလုပ်ပါနဲ့ဦး"
ချင်ရွေ့က အမြန်ပင် ကြားဝင်တားဆီးသည်။
ဤနေရာမှာ ဆယ်မျက်နှာမသေမျိုးဂိုဏ်း ဖြစ်သည်။ အမာခံတပည့် နှစ်ယောက် တိုက်ခိုက်ကြလျှင် ၎င်းတို့သာ ကြားညှပ်၍ ဒုက္ခရောက်ပေလိမ့်မည်။
ဖန့်ချန်သည် ချင်ရွေ့ကို ဂရုမစိုက်ဘဲ လုံရှန့်အကြီးအကဲကိုသာ စိုက်ကြည့်နေသည်။ စိတ်အာရုံတစ်ခု လှုပ်ရှားလိုက်သည်နှင့် အလွန်ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်သည် နဂါးနက်လှေ၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာတော့သည်။
ချက်ချင်းပင် နဂါးနက်လှေ တစ်စင်းလုံးမှာ အရိပ်အောက်သို့ ကျရောက်သွားသကဲ့သို့ ဖြစ်သွားသည်။
နေသာသော နေ့ခင်းကြောင်တောင်မှာပင် အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ယင်အငွေ့အသက် များသည် နဂါးနက်လှေထဲသို့ အဆက်မပြတ် စီးဝင်သွားပြီး လှေကို ပိုမိုတောက်ပ စွမ်းအားကြီးမားလာစေသည်။
"ဒါ... ဒါက..."
ချင်ရွေ့၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည်ပင် ဤရှေးဟောင်းသစ်ပင်၏ ဇာစ်မြစ်ကို မခွဲခြားနိုင်ပေ။
လုံဖူမသေမျိုးနှင့် အခြားသူများလည်း အလွန်ပင် အံ့အားသင့်သွားကြသည်။ ဤသစ်ပင်ကြီး၏ အရှိန်အဝါမှာ လုံရှန့်အကြီးအကဲထက်ပင် ပို၍ ထုထည်ကြီးမားနေပုံရသည်။
"ထူးဆန်းတဲ့ ခံစားချက်ပဲ"
ဖန့်ချန်းယွဲ့သည် ထိုသစ်ပင်ကြီးကို ကြည့်ကာ ထူးထူးဆန်းဆန်း ဖြစ်နေသည်။
သူမသည် ဝိညာဉ်တစ်ဦးဖြစ်သဖြင့် ယင်မိစ္ဆာ တို့၏ အငွေ့အသက်ကို ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားမိခြင်းဖြစ်သည်။
လုံရှန့်အကြီးအကဲ၏ မျက်နှာ ပျက်ယွင်းသွားသည်။
ရှောင်ရွေ့ယဲ့သည်လည်း ထိုမမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော အခြေအနေကြောင့် တွေဝေတုန်လှုပ်သွားရသည်။
"မင်းရဲ့ စိတ်အာရုံက မပြောပြဘူးလား... ငါက အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူးဆိုတာကို"
ဖန့်ချန်က လုံရှန့်အကြီးအကဲကို ပြုံးစစဖြင့် စိုက်ကြည့်ကာ မေးလိုက်တော့သည်။