အခန်း (၁၅၄၇-၁၅၄၈)
Vol. 155 Ch. 1547-1548
အခန်း (၁၅၄၇) - ဟျောင့်... ငါဟ
နဂါးနက်လှေ၏ ဗဟိုချက်တွင် ဧရာမ ရှေးဟောင်းသစ်ပင်ကြီးသည် ထုထည်ကြီးမားစွာ မားမားမတ်မတ် ရပ်တည်နေသည်။ နွယ်ပင်များမှာ တစ်ပင်ချင်းစီ အောက်သို့ တွဲလောင်းကျနေပြီး လေအဝေ့တွင် ယိမ်းနွဲ့လှုပ်ရှားနေကြသည်။
ထိုနွယ်ပင် တစ်ပင်ချင်းစီမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အဆင့် ၆ အောက်ရှိသော မသေမျိုးကျင့်ကြံသူများကိုပင် ရင်တုန်ပန်းတုန် ဖြစ်စေရန် လုံလောက်လှပေသည်။ ထိုသစ်ပင်ကြီး ပေါ်ထွက်လာပြီးနောက် နဂါးနက်လှေသည် စွမ်းအင်အရင်းအမြစ်တစ်ခုကို ရရှိသွားသကဲ့သို့ တောက်ပသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ရှောင်ရွေ့ယဲ့၏ မသေမျိုးလှေထက်ပင် အားနည်းခြင်း မရှိတော့ချေ။
ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ နှစ်ခုမှာ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ လုံရှန့်အကြီးအကဲမှာ အသက်ရှူသံ သုံးကြိမ်စာခန့် ကြောင်အသွားပြီးမှ သတိပြန်ဝင်လာသည်။
"လုံရှန့်အကြီးအကဲ... တကယ်လို့ တိုက်ကြမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လောက်အထိ အနိုင်ရနိုင်ခြေ ရှိမလဲ"
ရှောင်ရွေ့ယဲ့က တိတ်တဆိတ် စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
"ပြောရခက်တယ်... ငါ့ရဲ့ သူတစ်ပါးစိတ်သိအာရုံ နဲ့တောင် တွက်ချက်လို့မရဘူး ဖြစ်နေတယ်"
လုံရှန့်အကြီးအကဲက ပြန်ဖြေသည်။
သူတစ်ပါးစိတ်သိအာရုံနဲ့တောင် တွက်ချက်လို့ မရဘူးလား။
ရှောင်ရွေ့ယဲ့ အနည်းငယ် တုန်လှုပ်သွားသည်။ ဤလုံရှန့်အကြီးအကဲ၏ အစွမ်းထက်လှသော ထူးခြားဖြစ်စဉ် ကို သူ ကိုယ်တိုင် မြင်ဖူးထားသည်။ အကယ်၍ သူသာ ရှောင်ကွမ်းယင်၏ ညီဖြစ်မနေလျှင်၊ ရုလိုင်ကျောင်းတော်၏ အမာခံတပည့် ဖြစ်မနေလျှင် ထိုကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက သူ၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင် ဖြစ်လာစရာ အကြောင်းမရှိပေ။
ရုလိုင်ကျောင်းတော်၏ အဆင့် ၆ မသေမျိုးများထဲတွင် ထိုအဘိုးကြီးမှာ နာမည်ကျော် တစ်ဦးဖြစ်သည်။ ယခင်က သူတစ်ပါးစိတ်သိအာရုံ ရှိသရွေ့ မည်သည့်အရာမဆို ဤအဘိုးကြီးကို မတားဆီးနိုင်ခဲ့ချေ။ သို့သော် ယနေ့မူ...
"ဟေ့ ကတုံး... တိုက်မလား။ ဘာပဲဖြစ်ဖြစ် ကျွယ်မင်နန်းတော်နဲ့ မင်းတို့ ရုလိုင်ကျောင်းတော်ကြား ဆက်ဆံရေးကလည်း ထူးပြီး ကောင်းနေတာ မဟုတ်ဘူးပဲကို"
ဖန့်ချန်က အေးအေးဆေးဆေး ပြုံးလျက် ဆိုသည်။
"မင်းတို့ရဲ့ ဗုဒ္ဓသားတော် ရှောင်ကွမ်းယင်က ငါတို့ ဂိုဏ်းက စီနီယာအစ်မကြီးကိုတောင် လှည့်ဖြားပြီး လုပ်ကြံဖို့ ကြိုးစားခဲ့သေးတာပဲ။ ဒီရန်ငြိုးက အမြစ်တွယ်နေပြီဆိုတော့ ပြေလည်အောင် ဖြေရှင်းဖို့ မစဉ်းစားပါနဲ့တော့။ ကောင်းကောင်းလေးသာ တိုက်လိုက်ကြရအောင်... မင်းသေရင်သေ၊ ဒါမှမဟုတ် ငါသေမယ်ပေါ့"
"ကျန်းစီနီယာ... အဆင့် ၆ တစ်ယောက် ရှိနေရုံနဲ့ အသာစီးရမယ်လို့ မထင်လိုက်ပါနဲ့"
ရှောင်ရွေ့ယဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"တကယ်တမ်း တိုက်ကြမယ်ဆိုရင် သေမှာက ကျွန်တော် ဟုတ်ချင်မှလည်း ဟုတ်နိုင်မှာပါ"
နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အခြေအနေမှာ ပိုမိုတင်းမာလာပြီး ပေါက်ကွဲခါနီးအချိန်တွင် လုံရှန့်အကြီးအကဲက ရုတ်တရက် ဆိုလာသည်။
"ညှိနှိုင်းကြရအောင်... မတိုက်ဘဲ နေလို့ရရင်... မတိုက်ကြတာ အကောင်းဆုံးပဲ"
ရှောင်ရွေ့ယဲ့မှာ ခဏမျှ မှင်သက်သွားပြီး လုံရှန့်အကြီးအကဲကို ထူးဆန်းသလို ကြည့်လိုက်သည်။ ပုံမှန်ဆိုလျှင် ဤအဘိုးကြီး၏ စိတ်ဓာတ်မှာ အလွန်ဒေါသကြီးပြီး ကြမ်းတမ်းလှသည် မဟုတ်ပါလား။ ယနေ့မှ ဘာကြောင့် ပြေလည်အောင် ညှိနှိုင်းချင်နေရသနည်း။
"ညှိနှိုင်းစရာ ဘာမှမရှိဘူး"
ဖန့်ချန်က ရယ်မောရင်း ပြောသည်။
"ငါနဲ့ မင်းတို့က လမ်းစဉ်ချင်း မတူဘူး၊ အတူတူ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဟျောင့်.......ငါဟ"
အသံတစ်ခု ဖန့်ချန်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ဖန့်ချန်မှာ အံ့အားသင့်သွားပြီး လုံရှန့်အကြီးအကဲကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်နှာမှာ ကြွက်သားများ လှုပ်ခတ်နေပြီး မျက်နှာတစ်ခုလုံး ညိုမည်းနေကာ မျက်ဝန်းထဲတွင် စိတ်တိုဒေါသထွက်နေသည့် အရိပ်အယောင်အချို့ ရှိနေသည်။
"ရှောင်ရွေ့ယဲ့ရဲ့ အဆင့်အတန်းက မနိမ့်ဘူး။ ငါ အဆင့် ၇ ရှေးဟောင်းမသေမျိုးအဖြစ် တက်လှမ်းပြီးရင် သူ့ရဲ့ ယုံကြည်မှုကို ရယူနိုင်လိမ့်မယ်၊ အဲဒီအခါကျရင် ရှောင်ကွမ်းယင် နားကို ကပ်လို့ရမယ်"
တစ်ဖက်လူက စိတ်ချင်းဆက်သွယ်၍ ထပ်မံ ပြောကြားလိုက်ပြန်သည်။
ဒီလူက ကိုယ်ပွားဘယ်လောက်များ ရှိနေတာလဲ၊ ဘယ်ဟာက သူ့ရဲ့ မူလကိုယ်လဲ
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချမိသွားသည်။ ထို့နောက် ပြုံး၍ ဆိုလိုက်သည်။
"မင်းက ဘယ်လို ညှိနှိုင်းချင်လို့လဲ"
"မင်းနဲ့ငါ ဈေးပြိုင်ပေးကြမယ်၊ ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူက ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ကို ယူရမယ်"
လုံရှန့်အကြီးအကဲက တည်ငြိမ်စွာ ဆိုသည်။
"စီနီယာချင်... အဲဒီလိုလုပ်တာကို ဘယ်လိုသဘောရလဲ"
ဖန့်ချန်က ချင်ရွေ့ကို လှည့်မေးလိုက်သည်။
ချင်ရွေ့သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"အဲဒါ အကောင်းဆုံးပါပဲ"
သူ အခြား ဘာပြောနိုင်ဦးမည်နည်း။ ဖော်ထုတ် ခံလိုက်ရပြီဖြစ်သဖြင့် စာရင်းဝင်ခွင့်ကို လက်လွှတ်လိုက်ရုံသာ ရှိတော့သည်။ အနည်းဆုံးတော့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းအနေဖြင့် မသေမျိုးကျောက်တုံး အမြောက်အမြား ရရှိနိုင်ပေလိမ့်မည်။
ယခင်က မရောင်းချင်ခဲ့ခြင်းမှာ သိမ်းဆည်းထားချင်ရုံသာမက ထိုကတုံးနှစ်ယောက် ပေးသည့်ဈေးမှာ အလွန်နည်းပါးလွန်းသောကြောင့်လည်း ပါဝင်သည်။ လုံဖူမသေမျိုးနှင့် အခြားသူများလည်း ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ အဆုံးသတ်တွင် ဤရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ကို မထိန်းသိမ်းနိုင်ခဲ့ချေ။
"ဟင်း... ဒီကိစ္စကို လူအများသိအောင် ကြေညာပြီး မသေမျိုးဆွေးနွေးပွဲတစ်ခု ကျင်းပကြရင် မကောင်းဘူးလား"
လုံဖူမသေမျိုးက အကြံပြုသည်။ သို့သော် ဤအကြံပြုချက်ကို ဖန့်ချန်နှင့် လုံရှန့်အကြီးအကဲ နှစ်ဦးစလုံးက တစ်ပြိုင်နက် ငြင်းပယ်လိုက်ကြသည်။ လုံဖူမသေမျိုးမှာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။
ထို့နောက်တွင် ဖန့်ချန်နှင့် လုံရှန့်အကြီးအကဲတို့ကြား ဈေးပြိုင်ပေးခြင်း စတင်တော့သည်။ ဖန့်ချန်တွင် မသေမျိုးကျောက်တုံးလည်း လုံလောက်အောင်မရှိ၊ မသေမျိုးခြင်ဆီ လည်း မရှိသဖြင့် ဈေးခေါ်ရာတွင် မည်သည့် ဖိအားမျှ မရှိချေ။
"မသေမျိုးကျောက်တုံး ရှစ်ထောင်နဲ့ မသေမျိုးခြင်ဆီ နှစ်ကျပ်သား"
"မသေမျိုးကျောက်တုံး ကိုးထောင်နဲ့ မသေမျိုးခြင်ဆီ သုံးကျပ်သား"
"ဟျောင့်... သိပ်အများကြီး မခေါ်နဲ့"
"ဘာပဲဖြစ်ဖြစ် ရှောင်ရွေ့ယဲ့က နည်းလမ်းရှာပေးမှာပဲ၊ တကယ်လို့ မရရင် ရှောင်ကွမ်းယင်ဆီကနေ ချေးခိုင်းလိုက်မယ်"
"မသေမျိုးကျောက်တုံး တစ်သောင်းနှစ်ထောင်နဲ့ မသေမျိုးခြင်ဆီ ငါးကျပ်သား"
"မသေမျိုးကျောက်တုံး တစ်သောင်းသုံးထောင်နဲ့ မသေမျိုးခြင်ဆီ ခြောက်ကျပ်သား"
ဈေးနှုန်းမှာ ဤအဆင့်အထိ ရောက်လာသောအခါ ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ လူများမှာ စိတ်အေးသွားကြသည်။ အနည်းဆုံးတော့ အရှုံးမကြီးတော့ပေ။ လူအများအပြားက ဖန့်ချန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။ ဖန့်ချန်က ပိုမြင့်သောဈေးဖြင့် ဝယ်ယူသွားနိုင်ရန် ဆုတောင်းနေကြသည်။
"အင်း... ငါ့မှာ ပိုက်ဆံမရှိတော့ဘူး၊ မင်းတို့နဲ့ မပြိုင်တော့ပါဘူး"
ဖန့်ချန်က သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်သည်။
ရှောင်ရွေ့ယဲ့က ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အကယ်၍ ဤလူသာ ကြားဝင်မနှောက်ယှက်လျှင် သူသည် မသေမျိုးကျောက်တုံး ထောင်ဂဏန်းအနည်းငယ်ဖြင့် စာရင်းဝင်ခွင့်ကို တရားဝင် ယူသွားနိုင်မည် ဖြစ်သည်။
မသေမျိုးကျောက်တုံး တစ်ပြားမျှ မပေးဘဲ ယူသွားလျှင်ပင် တစ်ဖက်လူက ရုလိုင်ကျောင်းတော်အထိ လိုက်တိုင်သော်လည်း သူ့အတွက် မည်သည့်ပြဿနာမျှ ရှိလာမည်မဟုတ်ပေ။
"မိတ်ဆွေချင်... ဒါဆိုရင် ဒီစာရင်းဝင်ခွင့်က ငါတို့ ရုလိုင်ကျောင်းတော်ပိုင် ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ မသေမျိုးကျောက်တုံး နဲ့ မသေမျိုးခြင်ဆီ တွေကို စုဆောင်းဖို့ အချိန်နည်းနည်း လိုဦးမယ်။ အဲဒီအတောအတွင်းမှာ ဆင်းရဲသားဘုန်းကြီးက မင်းတို့ ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှာပဲ ခဏတည်းခိုနေပါ့မယ်"
လုံရှန့်အကြီးအကဲက ချင်ရွေ့ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။
"ဒါပေါ့... အဲဒါ အကောင်းဆုံးပါပဲ"
ချင်ရွေ့က ဟန်ဆောင်ပြုံးကာ ခေါင်းညိတ်လိုက်ရသည်။
"လုံရှန့်အကြီးအကဲ... ကျွန်တော်လည်း မသေမျိုးကျောက်တုံး နဲ့ ခြင်ဆီအချို့ကို တာဝန်ယူပြီး စုဆောင်းပေးပါ့မယ်"
ရှောင်ရွေ့ယဲ့က ပြောသည်။
"အကြီးကဲ ဒီမှာ စောင့်နေပါ၊ အမြန်ဆုံး သုံးလေးနှစ်၊ အကြာဆုံး ဆယ်နှစ်လောက်အတွင်းမှာ ကျွန်တော် ပြန်လာခဲ့ပါ့မယ်"
"လမ်းမှာ သတိထားပါ"
လုံရှန့်အကြီးအကဲက ခေါင်းညိတ်လိုက်သည်။
"ကျန်းစီနီယာ... နောက်မှ ပြန်တွေ့ကြတာပေါ့"
ရှောင်ရွေ့ယဲ့က ဖန့်ချန်ကို အေးစက်စွာ ပြုံးပြလိုက်ပြီးနောက် မသေမျိုးလှေကို မောင်းနှင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
အခြေအနေမှာ အဆုံးသတ်သွားပြီဖြစ်သဖြင့်၊ ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်တစ်ခု ဆုံးရှုံးရတော့မည် ဖြစ်သော်လည်း အနည်းဆုံးတော့ ရုလိုင်ကျောင်းတော်နှင့် ကျွယ်မင်နန်းတော် နှစ်ခုလုံးကို ရန်မဖြစ်ခဲ့ရဘဲ မသေမျိုးကျောက်တုံးနှင့် ခြင်ဆီအမြောက်အမြား ရရှိမည်ဖြစ်၍ ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများမှာ စိတ်သက်သာရာ ရသွားကြသည်။
"ကျန်းမိတ်ဆွေ... ဂိုဏ်းထဲကိုဝင်ပြီး ခဏလောက် အနားယူပါဦးလား"
ချင်ရွေ့က ဖိတ်ခေါ်လိုက်သည်။
"မလိုတော့ပါဘူး၊ ကျွန်တော်လည်း ဒီကနေ ထွက်သွားတော့မှာပါ"
ဖန့်ချန်က ပြုံးလျက် ငြင်းပယ်လိုက်ပြီး လုံရှန့်အကြီးအကဲကို ကြည့်ကာ ဆိုသည်။
"အကြီးကဲရဲ့ ဗုဒ္ဓတရား အဆင့်အတန်းက တော်တော်လေး မြင့်မားပုံရတယ်။ ကျွန်တော်လည်း မကြာသေးခင်ကမှ ဒီလမ်းစဉ်ကို စိတ်ဝင်စားလာလို့... ကျွန်တော့်ကို နည်းနည်းလောက် လမ်းညွှန်ပေးနိုင်မလား"
"ဟိုဘက်က တိတ်ဆိတ်တယ်"
လုံရှန့်အကြီးအကဲက အရပ်မျက်နှာ တစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီးနောက် လေပေါ်သို့ ပျံတက်သွားသည်။
"အဒေါ် ညီမလေး... မင်းတို့ ဒီမှာ ခဏစောင့်နေကြ၊ ငါ အခုပဲ ပြန်လာခဲ့မယ်"
ဖန့်ချန်က နှုတ်ဆက်စကား ပြောလိုက်ပြီး လုံရှန့်အကြီးအကဲ နောက်သို့ လိုက်သွားတော့သည်။
"အစ်ကိုကြီး ဘာမှ အန္တရာယ် မဖြစ်နိုင်ဘူးမလား။ အဲဒီဘုန်းကြီးက လူကောင်းပုံ မပေါက်ဘူး"
ဖန့်ကျစ်ရွှယ်က စိုးရိမ်တကြီး မေးလိုက်သည်။
"နင့်အစ်ကိုက အမြဲတမ်း သတိရှိရှိ လုပ်တတ်တဲ့သူပဲ၊ ဘာပြဿနာမှ မရှိနိုင်ပါဘူး"
ဖန့်ချန်းယွဲ့က ပြုံးလျက် ဆိုလိုက်သည်။ သူမက ထိုကိစ္စအတွက် စိတ်မပူဘဲ ထိုရှေးဟောင်းသစ်ပင်ကြီးကိုသာ ပို၍ စိတ်ဝင်စားနေသဖြင့် အနီးကပ် သွားရောက်ကြည့်ရှုနေတော့သည်။
"မင်းကို ဘယ်နေရာသွားသွား တွေ့နေရတာပဲလား။ ဒီနယ်မြေရဲ့ ယင်လောက မှာ ပြောင်းလဲမှုတွေ ဖြစ်နေတာကို ငါ သတိထားမိတယ်၊ အဲဒါ မင်းလုပ်တာလား"
လုံရှန့်အကြီးအကဲက ဖန့်ချန်ကို ကျောပေးလျက် တည်ငြိမ်စွာ မေးလိုက်သည်။
ဖန့်ချန်က သူ့ရှေ့တည့်တည့်သို့ လျှောက်သွားပြီး...
"ကျုပ် အစီရင်ဗဟိုချက်ကို သုံးပြီး ဒီနေရာရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းလိုက်တာပါ"
"အင်း... ကောင်းတယ်"
လုံရှန့်အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ဖြည်းညှင်းစွာ ကိုယ်ကိုလှည့်ကာ ဖန့်ချန်ကို တစ်ဖန် ကျောပေးပြန်သည်။
ဖန့်ချန်က သူ့ရှေ့တည့်တည့်သို့ တစ်ဖန် ပြန်လျှောက်သွားပြန်ကာ...
"အဘိုးကြီးဝမ် ... ခင်ဗျား အရင်တုန်းက တာ့လေယင်မှာ ဘာဖြစ်သွားတာလဲ။ အဲဒီ ယွမ်ချွဲတာအိုဆရာက ခင်ဗျားကို ဘယ်ခေါ်သွားတာလဲ"
"သူ ငါ့ကို စိတ်ဝိညာဥ်တောင် ဆီ တစ်ခေါက် ခေါ်သွားတာ။ အဲဒီက တရားထိုင်စင်မြင့် တကယ် ပျက်စီးသွားပြီဆိုတာကို မြင်လိုက်ရတော့မှ သူက စိတ်မပါတပါနဲ့ ထွက်သွားတာ"
လုံရှန့်အကြီးအကဲ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားပြီး...
"မင်း ငါ့မျက်နှာချင်းဆိုင်မှာ ရပ်ပြီး စကားမပြောလို့ မရဘူးလား၊ ငါက ဒီနေရာက ရှုခင်းကို ကြည့်ချင်လို့ပါဆိုတာကို"
ပြောပြီးသည်နှင့် သူက တစ်ဖန် ကျောပြန်ပေးလိုက်ပြန်သည်။
"ဒါနဲ့ သံသရာဌာန ကိစ္စကော ခင်ဗျား ဘယ်လို စီစဉ်ထားပြီးပြီလဲ။ ဘယ်တော့လောက် ဝင်စားခြင်း စမှာလဲ။ လင်ကွေ့ကြယ်တာရာရယ်၊ တာ့လေယင် ရယ်၊ ပြီးတော့ ဒီနေရာမှာပါ လူသားမျိုးစေ့ တွေ အများကြီးက ဝင်စားဖို့ စောင့်နေကြတာ"
ဖန့်ချန်က သူ့ရှေ့တည့်တည့်သို့ ပြန်လျှောက်သွားပြီး မေးလိုက်တော့သည်။
အခန်း (၁၅၄၈) - မင်းကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်
လုံရှန့်အကြီးအကဲ၏ မျက်ဝန်းများမှာ နက်ရှိုင်းလှပြီး ဖန့်ချန်ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးမှ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် ငါမထွက်ခွာခင်ကတည်းက အားလုံးနီးပါးကို အဆင်သင့် စီစဉ်ထားပြီးသားပါ။ မင်း အခု တာ့လေယင်မှာ လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုတွေအရ မင်းကို မှတ်တမ်းသွင်းအရာရှိချုပ် အဖြစ် ရာထူးတိုးပေးမယ်ဆိုရင် လွန်မယ်မထင်ဘူးမလား"
"မလွန်ပါဘူး... ဒါပေမဲ့ စီနီယာအစ်ကို ပိတုကိုကျတော့ ဘယ်နေရာကို ပို့မှာလဲ"
"သူကတော့ ရာထူးတိုးသွားမှာပေါ့၊ သူ သေချာပေါက် ပျော်နေမှာပါ"
လုံရှန့်အကြီးအကဲက ဆက်ပြောသည်။
"ဒါတင်မကဘူး၊ စစ်ဆေးရေးအရာရှိချုပ် ကလည်း ငါ့လူပဲ။ နာရေးအတည်ပြုအရာရှိချုပ် လီရှမ်းဇီ ကိုတော့ သံသရာဌာနမှာ ယာယီ တာဝန်မထမ်းဆောင်နိုင်အောင် ငါလုပ်ထားလိုက်မယ်၊ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ငါပဲ ပူးတွဲ တာဝန်ယူထားမှာပါ"
"ဒါပေမဲ့ အရာရှိချုပ်တွေကို စည်းရုံးနိုင်ရုံနဲ့တော့ ဒီတာဝန်ကို တိတ်တဆိတ် အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အောက်က အမှုထမ်းလေးတွေကို ဘယ်လိုလုပ်မလဲ"
ဖန့်ချန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"မှတ်တမ်းသွင်းအရာရှိချုပ် တစ်ယောက်တည်းတင် အောက်မှာ မှတ်တမ်းသွင်းအဖွဲ့ဝင် ၃၃ ယောက် ရှိတာလေ။ သူတို့က တကယ်ပဲ မျက်စိမှိတ်ပေးထားကြမှာလား"
"မင်းက တကယ်ပဲ ဒီလူအကုန်လုံးကို မှတ်တမ်းထဲ ထည့်လို့ရမယ် ထင်နေတာလား"
လုံရှန့်အကြီးအကဲက အံ့သြသလို မေးသည်။
"မဟုတ်ဘူးလား"
ဖန့်ချန် မှင်သက်သွားသည်။
"တကယ်လို့ မှတ်တမ်းသွင်းဖို့ မလိုဘူးဆိုရင် ဒီလောက်အထိ အပင်ပန်းခံ ပြင်ဆင်နေစရာ ဘာလိုတော့မှာလဲ"
"သေချာပေါက် မှတ်တမ်းသွင်းရမှာပေါ့။ ဒါပေမဲ့ အရေးကြီးတဲ့ လူသားမျိုးစေ့တွေကိုပဲ မှတ်တမ်းသွင်းမှာ၊ ကျန်တဲ့လူတွေကိုတော့ သံသရာထဲကို တိုက်ရိုက် ပစ်ထည့်လိုက်မှာပဲ။ ငါတို့လုပ်နေတာက ခိုးသွင်းနေတာလေ... တကယ်ပဲ ဗြောင်ကျကျ လုပ်လို့ရမယ် ထင်နေတာလား"
လုံရှန့်အကြီးအကဲက ခနဲ့သလို ရယ်မောလိုက်သည်။
"မှတ်တမ်းမရှိဘဲ ဝင်စားသွားရင်... ဘာအကျိုးဆက်တွေ ရှိနိုင်လဲ"
ဖန့်ချန်၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။
"ထူးထူးခြားခြား အကျိုးဆက်တော့ မရှိပါဘူး။ သူတို့ ဘယ်နေရာမှာ လူပြန်ဖြစ်တယ်ဆိုတာ ရှာမရတော့တာရယ်၊ မင်းဘက်ကလည်း သူတို့ ဘယ်အရပ်မျက်နှာမှာ ဝင်စားရမယ်ဆိုတာ သတ်မှတ်ပေးလို့ မရတော့တာရယ်ပဲ ရှိတာ"
လုံရှန့်အကြီးအကဲက အေးအေးဆေးဆေး ဆိုသည်။
"မင်း ဒီအတောအတွင်းမှာ ကိုယ့်ဘာသာ နာမည်စာရင်းတစ်ခု ပြုလုပ်ထားလိုက်၊ မှတ်တမ်းသွင်းဖို့ လိုအပ်တဲ့လူတွေကိုတော့ မင်းကိုယ်တိုင်ပဲ လုပ်ဆောင်လိုက်ပေါ့။ စစ်ဆေးရေးအတွက်လည်း စိတ်မပူနဲ့၊ နာရေးအတည်ပြုကိစ္စကိုလည်း မင်း ခေါင်းစားမနေနဲ့တော့"
သူက စကားကို ခဏရပ်လိုက်ပြီးမှ
"ဒါပေမဲ့... မင်းကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုတော့ ရှိတယ်"
"ဘာကိစ္စလဲ" ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။
"သံသရာဝင်ပေါက်ကို စောင့်ကြပ်နေတဲ့ ယင်မသေမျိုး နှစ်ပါး ရှိတယ်။ သံသရာဌာနရဲ့ အကြီးအကဲဖြစ်တဲ့ ငါက သူတို့ မျက်စိရှေ့တင် မှတ်တမ်းမရှိတဲ့ ဝိညာဉ်အမြောက်အမြားကို သံသရာထဲ ပို့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လုံရှန့်အကြီးအကဲက ဆိုသည်။
"ဒါက ငါ့အတွက် အကြီးမားဆုံး အခက်အခဲပဲ၊ ဒါပေမဲ့ မင်းရှိနေမှတော့ ဒါက ပြဿနာမဟုတ်တော့ဘူး။ အဲဒီ ယင်မသေမျိုးတွေကို မင်းက မျှားထုတ်ပေးရမယ်"
"ယင်မသေမျိုး ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ"
"သိပ်မမြင့်ပါဘူး၊ အဆင့် ၈ လောက်ပါပဲ"
ဖန့်ချန် ရယ်မောလိုက်သည်။
"အဆင့် ၈ ယင်မသေမျိုး ကျွန်တော်က သူတို့ကို မျှားထုတ်ပေးရမယ် ဟုတ်လား။ ကျွန်တော်က သူတို့ကို မျှားထုတ်ပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လည် ဆုတ်ခွာနိုင်မယ်လို့ ခင်ဗျား ဘာကြောင့် ထင်နေတာလဲ"
"မင်းနဲ့ ဟွာကျိသိုက် ဝိညာဉ်မယ်တော် တို့ ဆက်ဆံရေး တော်တော်ကောင်းတယ် မဟုတ်လား။ သူမကို အကူအညီတောင်းလိုက်လေ၊ သူမမှာ သေချာပေါက် နည်းလမ်းရှိမှာပါ။ ဘယ်လိုနည်းလမ်းလဲဆိုတာတော့ သူမကိုပဲ သွားမေးလိုက်တော့"
လုံရှန့်အကြီးအကဲက အေးအေးဆေးဆေး ဆိုသည်။
"ဒါကိုတောင် ငါက လမ်းညွှန်ပေးနေရဦးမှာလား"
"ဝိညာဉ်မယ်တော်လား... သူမသာ အကူအညီပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့... ဝိညာဉ်မယ်တော်ရဲ့ အခုကျင့်ကြံခြင်းက အထွတ်အထိပ်ကို ပြန်မရောက်သေးဘူး ထင်တယ်၊ အဆင့် ၈ ယင်မသေမျိုးတွေကို သွားမျှားတာက အန္တရာယ် မများလွန်းဘူးလား"
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"သူမလို ပုဂ္ဂိုလ်မျိုးအတွက် အဆင့် ၈ ယင်မသေမျိုးလောက်က ဘာမှ မဟုတ်ပါဘူး။ မင်း တာဝန်က သူမကို ဒီကိုလာပေးဖို့ ဖိတ်ခေါ်ပေးရုံပဲ"
"တကယ်လို့ ဝိညာဉ်မယ်တော်ကလည်း ဝင်စားချင်တယ်ဆိုရင်ကော..."
"ဒီတစ်ခေါက်က သူမ အကူအညီ မပါလို့ မရဘူး၊ အဲဒါကြောင့် သူမသာ ဝင်စားချင်တယ်ဆိုရင်တော့ ဘယ်သူမှ ဝင်စားဖို့ မစဉ်းစားနဲ့တော့"
လုံရှန့်အကြီးအကဲက စိတ်မရှည်သလို လက်ကာပြလိုက်သည်။
"မင်း ဒီမှာ ကြာကြာ မနေနဲ့တော့၊ မြန်မြန် ပြန်တော့။ ငါ (ထိုက်ရွှီ) လည်း ကျွယ်မင်ကြယ်ကို ရောက်ခါနီးနေပြီ"
"ကောင်းပြီလေ၊ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်၊ သူမ ကူညီမလားဆိုတာကို"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
၎င်းတို့နှစ်ဦးမှာ ဆယ်မျက်နှာမသေမျိုးဂိုဏ်းသို့ အသီးသီး ပြန်လည် ပျံသန်းလာကြသည်။ ဖန့်ချန်သည် ချင်ရွေ့တို့နှင့် နှုတ်ဆက်စကား ပြောကြားပြီးနောက် နဂါးနက်လှေကို မောင်းနှင်ကာ ဤနေရာမှ ထွက်ခွာခဲ့သည်။
"အားလုံးပဲ... ကြည့်ရတာ ဆင်းရဲသားဘုန်းကြီးကို သိပ်ပြီး မကြိုဆိုကြတဲ့ ပုံပဲနော်"
လုံရှန့်အကြီးအကဲက ပြုံးစစဖြင့် ဆိုလိုက်သည်။
ချင်ရွေ့၏ မျက်နှာပေါ်တွင် အားနာစရာ အပြုံးတစ်ခု ပေါ်လာကာ
"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ... ကြွပါ ခင်ဗျာ"
လုံဖူမသေမျိုးကတော့ ချက်ချင်း နောက်က မလိုက်သွားဘဲ အနောက်ဆုံးတွင် ကျန်ရစ်နေကာ ဖန့်ချန် ထွက်ခွာသွားသည်ကို မကြာခဏ လှည့်ကြည့်နေသည်။ ရုတ်တရက် သူ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ဖန့်ချန်ကို ဘယ်နေရာမှာ တွေ့ဖူးသလဲဆိုတာကို နောက်ဆုံးတွင် သူ မှတ်မိသွားပုံရသည်။
"ရုပ်ချင်း ဆင်နေတာပဲ ဖြစ်မှာပါ... ဟုတ်တယ်၊ ဆင်တာပဲ ဖြစ်ရမယ်။ အဲဒီကောင်လေးက ဝိညာဥ်သုတ်သင်ခြင်းဌာန က ကျင့်ကြံသူပဲလေ၊ ရှဲ့ကျစ် ထဲကို ဝင်ဖူးတယ်ဆိုပေမဲ့ အဲဒီတုန်းက ကျင့်ကြံခြင်းက အဆင့် ၁ မသေမျိုးဖြစ်ဖို့တောင် အဝေးကြီး လိုနေသေးတာ။ ဘယ်လိုလုပ်ပြီး ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်လာနိုင်မှာလဲ"
ထိုသို့တွေးမိရင်း လုံဖူမသေမျိုးက ကိုယ့်ဘာသာ သရော်ပြုံး ပြုံးလိုက်သည်။ သူကိုယ်တိုင်က သံသယများနေခြင်းသာ ဖြစ်ပေလိမ့်မည်။ တစ်ချိန်က ဤနေရာကိုလာပြီး သူ့ထံမှ မသေမျိုးခြင်ဆီ ဝယ်ယူခဲ့ဖူးသော မျိုးဆက်သစ်လေးမှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်နေလိမ့်မည်ဟု မည်သို့မျှ မယုံကြည်နိုင်ချေ။
မြေဝက်ဝံကြယ် ၊ မဟာရှ
ဖန့်ချန်းယွဲ့က ပိုင်ယွဲ့မြို့တွင် ကျန်ရစ်ခဲ့သည်။
ဖန့်ကျစ်ရွှယ်မှာလည်း နှစ်ပေါင်းများစွာကြာအောင် ပြန်မရောက်ဖြစ်သဖြင့် မဟာရှတွင် ရက်အနည်းငယ်ကြာ နေထိုင်ချင်နေသည်။
ထို့ကြောင့် ဖန့်ချန်က သူတို့သုံးဦးကို မဟာရှတွင် ထားခဲ့ပြီး သူကိုယ်တိုင်ကတော့ တောရိုင်းကျောင်း သို့ ထွက်လာခဲ့သည်။
အလယ်ပိုင်းတိုက် ၊ တောရိုင်းကျောင်း
ဖန့်ချန်သည် နှစ်ပေါင်းများစွာ ကြာမှ ပြန်ရောက်လာခြင်း ဖြစ်သော်လည်း ဤနေရာမှာ ယခင်ကအတိုင်း လူသူကင်းမဲ့လျက် ရှိနေဆဲပင်။ အားလုံးမှာ ဌာနခြောက်ခုတွင် ကျင့်ကြံနေကြသည်။
ကုန်းကုန်းကွကွ ပုံရိပ်တစ်ခုမှာ လှဲကုလားထိုင်ပေါ်တွင် လဲလျောင်းကာ အေးအေးဆေးဆေး အနားယူနေသည်။
"အဘိုးရွှင်... ကျွန်တော် ပြန်လာပြီ"
ဖန့်ချန်က အဘိုးကြီးအနားသို့ တိုးသွားကာ တိုးတိုးလေး ပြောလိုက်သည်။
"ဘယ်သူလဲ"
အတွေးထဲ နစ်နေသော ရွှင်ကော်ကျူး မှာ လန့်သွားပြီး ကုလားထိုင်ပေါ်မှ လိမ့်ကျသွားသည်။ သူက ဖန့်ချန်ကို အလန့်တကြား ကြည့်လိုက်ပြီးနောက် လာသူကို မြင်သွားသောအခါမှ ဒေါသတကြီးဖြင့်
"မင်း... လမ်းလျှောက်တာ ဘာသံမှ မထွက်ဘူးလား"
ဖန့်ချန်က ခပ်နွမ်းနွမ်း ပြုံးလိုက်ပြီး
"မဟုတ်ပါဘူး၊ ကျွန်တော် ပုံမှန်အတိုင်း လမ်းလျှောက်လာတာပါ"
"ပုံမှန် လမ်းလျှောက်လာတာကို ငါက ဘာလို့ မကြားရတာလဲ"
ရွှင်ကော်ကျူးက နှာခေါင်းရှုံ့လိုက်သည်။
သို့သော် တစ်ခုခုကို ရုတ်တရက် သတိရသွားပုံဖြင့် ဖန့်ချန်ကို အသေအချာ အကဲခတ်ကြည့်ကာ စမ်းတဝါးဝါး မေးလိုက်သည်။
"မင်း... မသေမျိုးအဆင့်ကို တက်လှမ်းသွားပြီလား"
"ဟုတ်ကဲ့"
"ဘယ်နှစ်ဆင့်လဲ"
"အဆင့် ၂ ပါ"
"ဘယ်လောက်မှ မကြာသေးဘူးလေ"
ရွှင်ကော်ကျူး ကြောင်သွားသည်။
"ငါ ဒီမှာ ခဏလေးပဲ နေရသေးသလို ခံစားရတာကို..."
"အဘိုးရွှင်... နှစ်ပေါင်း ရာနဲ့ချီ ကြာသွားပြီလေ"
"ရာနဲ့ချီ ကြာသွားပြီလား... ဒါပေမဲ့..."
ရွှင်ကော်ကျူး၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။
"အဘိုးက အခုထိ အဆင့် ၂ ပဲလား။ ဒီတစ်ခေါက်ဆိုရင် အဆင့် ၃ ကို ရောက်နေလောက်ပြီလို့ ကျွန်တော် ထင်ထားတာ"
လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း ရွှင်ကော်ကျူး၏ ကျင့်ကြံခြင်းမှာ သိပ်ပြီး တိုးတက်လာခြင်း မရှိသည်ကို ဖန့်ချန် သတိပြုမိလိုက်သည်။
"ဟင်း... ဟင်း..."
ရွှင်ကော်ကျူးက အနေရခက်သလို ချောင်းဟန့်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ တည်ငြိမ်စွာ ဆိုသည်။
"ငါ့ရဲ့ ပါရမီက ဒီလောက်ပါပဲ၊ အဆင့် ၂ က ငါ့အတွက် အကန့်အသတ် ဖြစ်နေပုံရတယ်။ မင်း ပြီးခဲ့တဲ့တစ်ခေါက်က ပေးခဲ့တဲ့ မြေကမ္ဘာနတ်ဆေးပင်ကို သောက်ဖို့ အခွင့်အရေး မရှိတော့ဘူး ထင်ပါတယ်။ ငါ သေသွားရင် အဲဒါကို ပြန်ယူသွားလိုက်တော့၊ ဒီမှာ ထားထားလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"
"စီနီယာရဲ့ သက်တမ်းက မကုန်သေးပါဘူး၊ ဘာလို့ ဒီလို စိတ်ပျက်စရာ စကားတွေ ပြောနေရတာလဲ"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါလိုက်သည်။
"နတ်ဆေးပင်ကိုတော့ ထားလိုက်ပါဦး၊ သောက်ဖို့ အခွင့်အရေး ကြုံလာမှာပါ။ ဒါနဲ့ ဒီအတောအတွင်း အလယ်ပိုင်းတိုက်ကော အေးအေးချမ်းချမ်း ရှိရဲ့လား"
"အေးချမ်းပါတယ်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း ဘက်ကလည်း ထူးထူးခြားခြား လှုပ်ရှားမှု မရှိတော့ဘူး။ ငါမမြင်နိုင်တဲ့ နေရာတွေမှာ တိတ်တဆိတ် လှုပ်ရှားတာလောက်ပဲ ရှိတော့တာ"
ရွှင်ကော်ကျူးက ခပ်ပြုံးပြုံး ဆိုသည်။
"ဟိုတုန်းက ဝမ်ဆရာ ကိုကော ဘယ်လို အရေးယူလိုက်လဲ"
ဖန့်ချန်က စူးစမ်းမေးမြန်းသည်။ တောရိုင်းကျောင်းတွင် ဆရာ ခုနစ်ဦး ရှိသည့်အထဲမှ တစ်ဦးမှာ သူဖြစ်ပြီး၊ ကျန် ခြောက်ဦးထဲတွင် ဆရာကျိမှာ ယင်လောကသို့ ရောက်သွားပြီဖြစ်သည်။
ကျန်ရှိသော ဆရာများထဲတွင် ဝမ်ဆရာမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ကျင့်ကြံသူ ဖြစ်သည်။ ထိုစဉ်က အဘိုးရွှင်က သေချာကိုင်တွယ်မည်ဟု ပြောခဲ့သဖြင့် အဆုံးသတ်ကို သိချင်နေခြင်းဖြစ်သည်။
"ကျင့်စဥ်ဌာနက ဝမ်ဆရာလား... အငြိမ်းစားယူပြီး ဇာတိကို ပြန်သွားပါပြီ။ မင်းသာ ယင်လောကကို သွားရင် သူ့ကို တွေ့ချင်တွေ့နိုင်မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက တပည့်တချို့က သူ့ကို အောက်မှာ တွေ့ခဲ့တယ်လို့ ကြားမိတယ်"
ရွှင်ကော်ကျူးက ဆက်ပြောသည်။
"အခု ဌာနခြောက်ခုထဲမှာ ဆေးဌာန ဆရာနဲ့ ကျင့်စဥ်ဌာန ဆရာကတော့ အသစ်လဲလိုက်ပြီ၊ ကျန်တာတော့ မပြောင်းလဲပါဘူး။ မင်း ဒီတစ်ခေါက် ပြန်လာတုန်း သူတို့ကို တွေ့ချင်သေးလား"
"မတွေ့တော့ပါဘူး၊ သူတို့နဲ့လည်း သိပ်ပြီး ရင်းနှီးတာ မဟုတ်ဘူးလေ"
ဖန့်ချန်က ငြင်းပယ်လိုက်ပြီးနောက် ရွှင်ကော်ကျူးနှင့် အခြားကိစ္စများကို ထပ်မံ စကားပြောဖြစ်ကြသည်။
"ဒါနဲ့...ဝိညာဥ်သုတ်သင်ခြင်းဌာနက တော်တော်လေး မောက်မာတဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက တောရိုင်းကျောင်းထဲကို တစ်ခေါက် အတင်းဝင်လာလို့ ငါက ရိုက်ထုတ်လိုက်ရတယ်။ အခုတလော သူက တောရိုင်းကျောင်းတပည့်တွေကို ဝိညာဥ်သုတ်သင်ခြင်းဌာနထဲ ဝင်ဖို့ လိုက်ပြီး အနှောင့်အယှက် ပေးနေတုန်းပဲ။ မင်းလည်း သိတဲ့အတိုင်း ဒါက အတင်းအကျပ် လုပ်လို့ရတာ မဟုတ်ဘူးလေ။ မင်း သူ့ကို သွားပြီး သတိပေးစကား နည်းနည်းလောက် ပြောပေးမလား"
ရွှင်ကော်ကျူးက ရုတ်တရက် ဆိုလိုက်သည်။