အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း (၂၁၁) - လန်ချန်းမြစ်ပြင်ထက်မှ ရွှေအမြုတေတိုက်ပွဲ
"ဆုတ်ဟေ့.... အမြန်ဆုတ်ကြ"
လော့ချန် အံ့အားသင့်နေစဉ်မှာပင် မြောင်ဝမ်တစ်ယောက် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ အဟုန်ဖြင့် ဆုတ်ခွာသွားတော့သည်။ သူတင်မက လော့ထျန်းဟုန်လည်း ထိုနည်းအတိုင်းပင်။ လော့ချန်သည်လည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟု သဘောထားကာ လေဟုန်စီးမှော်အတတ်နှင့် တိမ်နင်းဖိနပ် တို့ကို အစွမ်းကုန်သုံးကာ လေပွေတစ်ခုအလား ပြေးထွက်ခဲ့တော့သည်။
သုံးဦးသား တစ်ပြိုင်နက်တည်းမှာပင် မိုင်ပေါင်းများစွာ ဝေးရာသို့ ရောက်ရှိသွားကြသည်။ မြောင်ဝမ်သည် ဘေးနားတွင် ဒွန်တွဲပါလာသော လော့ချန်ကို အံ့သြတုန်လှုပ်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
‘သွားပြီ....’
လော့ချန် စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။ အသက်အန္တရာယ် ကြုံလာသဖြင့် သူ အရှိန်အကုန် ထုတ်သုံးမိသွားခြင်း ဖြစ်သည်။ မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့ နှစ်ဦးစလုံးမှာ ဓားကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အရှိန်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကဲ့သို့ ဓားချီဖြင့် ပျံသန်းနိုင်သည့် အဆင့်မဟုတ်သေးသော်လည်း အဆင့်တူများကြား အမြန်ဆုံးဟု ကျော်ကြားသည်။ ယခု လော့ချန်၏ အရှိန်မှာ ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးထက် ခြေလှမ်းအနည်းငယ်သာ နောက်ကျနေသဖြင့် မြောင်ဝမ် ထိုသို့ ကြည့်ခြင်းမှာ မဆန်းပေ။
လော့ချန် မိမိ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို စိုးရိမ်နေစဉ်မှာပင် နားကွဲလုမတတ် ဟိန်းဟောက်သံကြီးတစ်သံ အဝေးမှ လွင့်ပျံလာသည်။ အသံလှိုင်းမှာ ပြင်းထန်လွန်းလှသဖြင့် လော့ချန်၏ မျက်နှာမှာ ဖြူလျော်သွားပြီး မူးဝေကာ ကောင်းကင်ယံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ နူးညံ့သော ချီစွမ်းအင်တစ်ခုက သူ့အား ပင့်မထားပေးမှသာ သူ သတိပြန်ဝင်လာတော့သည်။ သတိရလာသော်လည်း ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုမှာ ပြေပျောက်မသွားသေးပေ။
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စမ်း"
အေးစက်သော အသံတစ်သံ သူ၏ ဘေးနားမှ ထွက်ပေါ်လာသည်။ လော့ချန်သည် လော့ထျန်းဟုန်အား ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ လော့ထျန်းဟုန်သာ မကူညီခဲ့လျှင် မီတာတစ်ထောင်အမြင့်မှ ပြုတ်ကျပါက သူ အပြင်းအထန် ဒဏ်ရာရပေလိမ့်မည်။
ဟွန့်....
မြောင်ဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "မင်း ဒီထက်ဝေးတဲ့နေရာကို သွားနေလိုက်တော့…. ရွှေအမြုတေ တိုက်ပွဲရဲ့ ရိုက်ခတ်မှုတွေ ဒီအထိ ရောက်လာရင် ငါတို့ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒီလောက် ဝေးနေတဲ့ အကွာအဝေးကနေဆိုရင် မင်းရဲ့ ဝိညာဉ်အာရုံကို အစွမ်းကုန် မဖြန့်ကျက်ထားသရွေ့ ဘာကိုမှ မြင်ရမှာ မဟုတ်ဘူး" ဟု နှိမ်သလို ဆိုလေသည်။
လော့ချန် အံကို တင်းတင်းကြိတ်ကာ သူတို့နှစ်ဦး၏ နောက်ဘက် တစ်မိုင်ခန့်အကွာသို့ ပျံသန်းသွားလိုက်သည်။ ဤအကွာအဝေးမှာ လုံလောက်စွာ ဘေးကင်းလိမ့်မည်ဟု သူ ယူဆသည်။ တိုက်ပွဲမှာ မိုင်ပေါင်းများစွာ ဝေးကွာသော လန်ချန်းမြစ်ပြင်ကျယ်ပေါ်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ အကယ်၍ ရိုက်ခတ်မှုများ ရောက်လာလျှင်ပင် ရှေ့၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိနေသဖြင့် တုံ့ပြန်ရန် အချိန်လုံလောက်သည်။ သို့သော် ပို၍ ဘေးကင်းစေရန် လော့ချန် သူ၏လေးရောင်ခြယ်ဆေးအိုးကို ထုတ်ကာ အရောင်စုံ ဝိညာဉ်အလင်းတန်းများဖြင့် မိမိကိုယ်ကိုယ် အခိုင်အမာ ကာကွယ်ထားလိုက်သည်။
သူ၏ အလွန်အကျွံ သတိကြီးမှုကို မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့ သတိပြုမိသော်လည်း၊ သူတို့၏ အာရုံမှာ လော့ချန်ထံ၌ မရှိတော့ဘဲ အဝေးဆီမှ တိုက်ပွဲကိုသာ တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်။ လော့ချန်သည်လည်း အကာအကွယ်များကို အသင့်ပြင်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ လန်ချန်းမြစ်ပြင်ကျယ်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
“ဘယ်သူက ငါဘာမှ မမြင်ရဘူးလို့ ပြောတာလဲ”
သူ၏ နတ်မျက်စိမှော်အတတ်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ရာ မိုင်ပေါင်း ၁၀၀ အကွာအဝေးမှ အရာအားလုံးကိုပင် မျက်စိရှေ့တွင် မြင်နေရသကဲ့သို့ ကြည်လင်ပြတ်သားစွာ မြင်နိုင်စွမ်းရှိနေပြီ မဟုတ်ပါလော။ နေဝင်တော့မည်ဖြစ်သဖြင့် ပတ်ဝန်းကျင်မှာ အနည်းငယ် မှောင်ရီပျိုးစပြုနေပြီ ဖြစ်သော်လည်း အမြင်အာရုံမှာမူ ကြည်လင်နေဆဲပင်။
လော့ချန်၏ အမြင်အာရုံထဲတွင် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး လှိုင်းလုံးများ ထလာသည်။ ကတ္တီပါနီရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော ဖန်ရင်ရှုံသည် ကောင်းကင်ယံ၌ မားမားမတ်မတ် ရပ်နေပြီး မြစ်ပြင်ကို ဒေါသတကြီး ငုံ့ကြည့်လျက် "ဒီက ကြွက်စုတ်.... ထွက်လာခဲ့စမ်း" ဟု မိုးခြိမ်းသံကဲ့သို့ ဟစ်အော်လိုက်သည်။
သူ၏ ဟိန်းဟောက်သံအောက်တွင် မြစ်ပြင်မှာ အလွှာလိုက် ပေါက်ကွဲသွားတော့သည်။ ထိုပေါက်ကွဲသံများကြားမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။
"မိတ်ဆွေဖန်ရာ.... မင်း ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ"
နောက်တစ်စက္ကန့်တွင် အနက်နှင့် အဖြူရောင် အလင်းတန်းနှစ်ခုသည် အိုမင်းလှသော ပုံရိပ်တစ်ခုကို ထမ်းပိုးကာ မြစ်အောက်ခြေမှ ဖြည်းညင်းစွာ တက်လာသည်။ ထိုအလင်းတန်းများကို မြင်ရသောအခါ ဖန်ရင်ရှုံ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"စစ်တုရင်နယ်ရုပ်တွေပဲ.... ဒါဆို မီရှုဟွာကို သတ်ခဲ့တာ မင်းပဲပေါ့"
ဝတ်ရုံနက်ကျင့်ကြံသူက ခါးသီးစွာ ရယ်မောလိုက်ပြီး "သာမန် ကျင့်ကြံသူလေး တစ်ယောက်ပဲလေ၊ ဒီလောက်အထိ အပင်ပန်းခံနေရအောင် မီရှုဟွာက တန်လို့လား" ဟု ပြန်မေးသည်။
သို့သော် ဖန်ရင်ရှုံက ခေါင်းခါလိုက်ပြီး ပြန်စစ်မေးလိုက်သည်။
"ငါလာတာ သူ့အတွက် မဟုတ်ဘူး၊ မီရှုဟွာဆိုတာ ငါ့ရဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းကို ပစ်မှတ်ထားနေတဲ့ နောက်ကွယ်က လူကို ဖမ်းဖို့ သုံးတဲ့ ငါးစာသက်သက်ပဲ၊ အခု ငါမေးမယ်.... အိုင်လောင်တောင်က ဖေးပေါ်ဝမ်ကို သတ်ခဲ့တာ မင်းလား"
ဝတ်ရုံနက်ကျင့်ကြံသူမှာ ခေတ္တမျှ တန့်သွားပြီးနောက် “ငါနဲ့ အိုင်လောင်တောင်ကြားမှာ ဘာရန်ငြိုးမှမရှိဘူး၊ ငါ သူ့ကို ဘာလို့ သတ်ရမှာလဲ” ဟု ငြင်းဆိုလိုက်သည်။
“မင်းပြောတာ ငါမယုံဘူး၊ ငါနဲ့အတူ ကျောက်စိမ်းအိုးဓားဂိုဏ်းကို လိုက်ခဲ့ပြီး စစ်ဆေးမှု ခံယူရမယ်…."
ထိုစကားကြောင့် ဝတ်ရုံနက် ကျင့်ကြံသူမှာ ဒေါသထွက်သွားသည်။
“ဒါက သိပ်ကို လွန်လွန်းရာ မရောက်ဘူးလား၊ ငါက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်လေ…. မင်းတို့ ဂိုဏ်းကို လိုက်သွားရင် မင်းတို့ စိတ်ကြိုက် နှိပ်စက်တာ ခံရမှာပေါ့”
"ဘာပဲပြောပြော မင်းမှာ ရွေးချယ်စရာ မရှိဘူး"
“ဟဲဟဲ.... ဒါဆိုရင်လည်း မင်းမှာ ငါ့ကို ရွေးချယ်စရာ မရှိအောင် လုပ်နိုင်တဲ့ အစွမ်းရှိမရှိ ကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် သူ၏နောက်ကျောမှ ခရမ်းရွှေရောင် ဘီးပေါင်းများစွာ ထွက်ပေါ်လာသည်။
၎င်းမှာ ကောင်းကင်လမင်းခရမ်းရောင်ရွှေဘီးပင် ဖြစ်သည်။
ဝတ်ရုံနက်ကျင့်ကြံသူ၏ ချီစွမ်းအားမှာ အလွန်နက်ရှိုင်းလှသဖြင့် တစ်ချက်တည်းနှင့် မှော်ရတနာ၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မီရှုဟွာ ကဲ့သို့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ လုံးဝ မယှဉ်နိုင်သော အရာဖြစ်သည်။
ဖန်ရင်ရှုံကမူ အထင်အမြင်သေးသော မျက်နှာထားဖြင့် သူ၏ ပါးစပ်ထဲမှ ဓားအမြုတေ တစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုအမြုတေမှာ ချက်ချင်းပင် ထောင်သောင်းမကသော ဓားချီများအဖြစ် ပြောင်းလဲသွားပြီး လည်ပတ်နေသော ဘီးများအားလုံးကို ဝါးမြိုလိုက်တော့သည်။
ပြင်းထန်သော ထိတွေ့မှုများကြောင့် ပေါက်ကွဲသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး လန်ချန်းမြစ်ကြီးမှာလည်း လှိုင်းလုံးကြီးများဖြင့် တုန်ခါနေတော့သည်။ မိုင်ပေါင်းများစွာ အကွာမှ လော့ချန်သည် ထိုမြင်ကွင်းကို ငေးကြည့်ရင်း မှင်တက်နေမိသည်။
“ဒါ.... ဒါက ရွှေအမြုတေ ကျင့်ကြံသူတွေရဲ့ အစွမ်းလား”
အပြန်အလှန် စမ်းသပ်သည့် တိုက်ကွက်လေး တစ်ချက်တည်းနှင့်ပင် မြစ်မကြီး တစ်ခုလုံး ပရမ်းပတာဖြစ်သွားရသည်။ အကယ်၍ သူတို့သာ မိမိအား ပစ်မှတ်ထားလိုက်ပါက၊ ဤမျှ ဝေးကွာသော နေရာပင် ဖြစ်နေပါစေ စိတ်ကူးလိုက်ရုံဖြင့်ပင် အသက်ပျောက်သွားစေနိုင်သည် မဟုတ်ပါလော။
ရုတ်တရက် လော့ချန်၏ နားထဲသို့ စကားသံအချို့ ဝင်လာသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး ခပ်တိုးတိုး ပြောဆိုနေသော စကားများကို သူ ကြားလိုက်ရသည်။
"ထင်တဲ့အတိုင်းပဲ…. ဒီဝတ်ရုံနက်ကျင့်ကြံသူက မီရှုဟွာကို တိတ်တဆိတ် သတ်ခဲ့တဲ့သူ ဖြစ်ရမယ်"
"အင်း.... ကောင်းကင်လမင်းခရမ်းရောင်ရွှေဘီး ဆိုတာ ကျွန်တော် အရင်က လေလံပွဲမှာ ရောင်းခဲ့တဲ့ ပစ္စည်းပဲ၊ အဲဒီတုန်းက ဝယ်သွားတာ မီရှုဟွာ၊ ပြီးတော့ အခု သူသုံးနေတဲ့ ဒီခံစစ်ရတနာ စစ်တုရင်နယ်ရုပ်တွေကလည်း အရင်က နတ်တစ္ဆေတောင်ကြား အကြီးအကဲရဲ့ အမွေအနှစ်တွေပဲ"
မြောင်ဝမ်က ဇဝေဇဝါဖြင့်မေးလေသည်။
"ညီငယ်.... ဒီစစ်တုရင်နယ်ရုပ်က ဂူသင်္ချိုင်းတိုက်ပွဲထဲက ရလာတာ မဟုတ်လား၊ အဲဒီတုန်းက ငါ့ကိုဖိုရှန်းဂိုဏ်းကို သွားခိုင်းပြီး ရှာခိုင်းခဲ့တာ၊ သူတို့ တကယ်ပဲ ရှာတွေ့ခဲ့ကြတာပဲ၊ ဒါပေမဲ့ အကြီးအကဲဖန် ကိုယ်တိုင် အဲဒီထဲဝင်ပြီး ပစ္စည်းတွေ ယူတုန်းက ဘာလို့ ဒီရတနာတွေကို တစ်ခါတည်း မယူခဲ့တာလဲ"
"အင်း…. ဒါကတော့တစ်ခုခုတော့ ချန်ထားခဲ့မှ ဖြစ်မှာပေါ့…. မဟုတ်ရင် ဒီလောက်ကြီးတဲ့ ငါးကြီးကို ဘယ်လိုလုပ် ဆွဲထုတ်လို့ ရမှာလဲဗျ"
မြောင်ဝမ်၏ သံသယရှိသော အသံ ထပ်ထွက်လာပြန်သည်။
"ဒါပေမဲ့ ဒီဝတ်ရုံနက်ကျင့်ကြံသူက ရတနာတွေကို မက်မောပြီး လာလိမ့်မယ်လို့ အကြီးအကဲဖန်က ဘယ်လိုလုပ် သေချာသိနေတာလဲ"
"ဒါက အကြီးအကဲဖန်ရဲ့ ပါးနပ်တဲ့ တွက်ချက်မှုပဲလေ" ဟု လော့ထျန်းဟုန်က အေးဆေးစွာဖြင့် ရှင်းပြလေသည်။
"ဖေးပေါ်ဝမ်က ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရတာ၊ အကြီးအကဲဖန် ရဲ့ အမြင်အရဆိုရင် တိုက်ခိုက်တဲ့လူက အိုင်လောင်တောင်ရဲ့ အကာအကွယ်ရတနာ ဖန်လုံကို လိုချင်နေတာ၊ အဲဒီရတနာက အပြင်က တိုက်ခိုက်မှုကို ကာကွယ်ရုံတင်မကဘူး၊ အတွင်းထဲမှာ ပိတ်မိနေတဲ့လူကိုလည်း ထွက်မရအောင် ချုပ်နှောင်ထားနိုင်တယ်၊ ဖေးပေါ်ဝမ်က မသေခင်မှာ အဲဒီရတနာကို အသက်သွင်းသွားနိုင်ခဲ့လို့ တိုက်ခိုက်တဲ့လူက လက်ဗလာနဲ့ ပြန်ဆုတ်သွားခဲ့ရတာ"
"အဲဒါကြောင့် အကြီးအကဲဖန်က ဂူသင်္ချိုင်းမှာ သွားရှာဖွေတုန်းက တန်ဖိုးရှိတဲ့ ရတနာအကြမ်းတွေကိုပဲ ယူခဲ့ပြီး စစ်တုရင်နယ်ရုပ် နဲ့ မိစ္ဆာချုပ်နန်းဆောင်ကို တမင် ချန်ထားခဲ့တာ၊ ဒီနှစ်ခုလုံးက ခံစစ်အစွမ်းရှိတဲ့ ရတနာတွေဆိုတော့ ဟိုကြွက်ကောင်အတွက်တော့ သွားရည်ကျစရာပဲပေါ့"
မြောင်ဝမ် ယခုမှပင် အလုံးစုံ သဘောပေါက်သွားတော့သည်။ ဤကဲ့သို့သော လျှို့ဝှက်ချက်များကို သူကဲ့သို့ အပြင်စည်းတာဝန်ခံ တစ်ဦးက မသိနိုင်ပေ။ လော့ထျန်းဟုန်ကမူ ဂိုဏ်း၏ အမာခံတပည့်ဖြစ်သဖြင့် အကြီးအကဲဖန်းက သူ့အား ယုံကြည်စိတ်ချစွာ ပြောပြထားခြင်း ဖြစ်သည်။
"အခုတော့ ရှင်းသွားပြီ…. ဒီဝတ်ရုံနက်ကျင့်ကြံသူကပဲ ဖေးပေါ်ဝမ်ကို သတ်ခဲ့ပြီး ငါတို့ဂိုဏ်းကို အပြစ်ပုံချဖို့ ကြိုးစားခဲ့တာပဲ"
မြောင်ဝမ်က လှောင်ပြုံးပြုံးကာ "ရယ်စရာပဲ၊ သူ သေခါနီးဖြစ်နေတာတောင် အခုထိ ဝန်မခံသေးဘူး" ဟု ဆိုလေသည်။
လော့ထျန်းဟုန်က ခေါင်းခါလိုက်ပြီး "သူ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး၊ အဲဒီလို ဝန်ခံလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို သူ ခံနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ကျောက်စိမ်းအိုးဓားဂိုဏ်း ရှေ့မှာတော့ သူ ဝန်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘာမှ မထူးတော့ဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
လော့ချန်သည် အဝေးဆီမှ ဖန်ရင်ရှုံ၏ ဓားအမြုတေ ပိုမို ပြင်းထန်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဓားချီများမှာ ထောင်သောင်းမကတော့ဘဲ မရေမတွက်နိုင်အောင် များပြားလာပြီး၊ မည်သူမျှ မလွတ်နိုင်သော ဧရာမ ပိုက်ကွန်ကြီးတစ်ခုအလား ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၁၂) - ရွှေအမြုတေတိုက်ပွဲနှင့် မှော်ရတနာ ဆုလာဘ်
ဤကဲ့သို့သော မရပ်မနား တိုက်ခိုက်မှုအောက်တွင် ကောင်းကင်လမင်းခရမ်းရောင်ရွှေဘီးမှာ ပြိုကွဲလုနီးပါး တုန်ခါနေသည်။ မည်မျှပင် ထပ်မံထုတ်ဖော်ပါစေ၊ ခဏချင်းအတွင်းမှာပင် အစအနမကျန် ဖျက်ဆီးခြင်း ခံနေရလေသည်။ ခုခံမှုကို ဖောက်ထွက်လာသော ထိုဓားချီများသည် ဝတ်ရုံနက်ကျင့်ကြံသူ၏ ကိုယ်ပေါ်သို့ တရစပ် ကျရောက်လာရာ၊ စစ်တုရင်နယ်ရုပ်မှ အဖြူအမဲ ကျောက်စိမ်းကွက်များမှာ အသည်းအသန် လည်ပတ်လျက် ကာကွယ်ရေးစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်နေကြရသည်။
“ဒါက ဓားတစ်လက်နဲ့ နိယာမအားလုံးကို ဖျက်ဆီးနိုင်တယ် ဆိုတဲ့ ဓားကျင့်ကြံသူလား”
ဓားအမြုတေ တစ်ခုတည်းဖြင့်ပင် မိမိနှင့် အဆင့်တူ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို အကျပ်အတည်းသို့ ဆိုက်ရောက်စေခဲ့ခြင်း ဖြစ်သည်။
လော့ချန် အလွန်အားကျသွားမိသည်။ အရာအားလုံးကို ဓားတစ်ချက်တည်း၌ ပုံအောထားသည့် ဓားကျင့်ကြံသူများသည် အဘယ်ကြောင့် အဆင့်တူများကြားတွင် အင်အားအကြီးဆုံးဟု သတ်မှတ်ခံရသည်ကို ယခုအခါ သူ ရှင်းလင်းစွာ သဘောပေါက်သွားလေပြီ။ သို့သော်လည်း ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ကျင့်ကြံသူကို ရင်ဆိုင်ရဲသည်ဆိုမှတော့ သူ့ထံ၌ အခြားဝှက်ဖဲများ ရှိနေဦးမည် မဟုတ်ပါလော။ လော့ချန် တွေးတောနေစဉ်မှာပင် လန်ချန်းမြစ်ကမ်းဘေး၌ စူးရှသော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်သွားတော့သည်။
"ဂိုဏ်းဝင်ကျင့်ကြံသူတွေ.... မင်းတို့ သိပ်တရားလွန်လာပြီနော်”
နောက်တစ်ခဏတွင် ဝတ်ရုံနက်ကျင့်ကြံသူ၏ လက်ထဲမှ စေတီငယ်တစ်ဆူ ထိုးထွက်လာသည်။ ထိုစေတီမှာ ရှေးဟောင်းစွမ်းအင်များ ဖုံးလွှမ်းနေပြီး တန်ဖိုးကြီးလှသော ရှေးဟောင်းရတနာတစ်ပါး ဖြစ်သည်မှာ သိသာလှသည်။ ဝတ်ရုံနက်ကျင့်ကြံသူ၏ ချီစွမ်းအားများ စီးဝင်သွားသည်နှင့်အမျှ ထိုစေတီငယ်မှာ ချက်ချင်းပင် ကြီးမားလာတော့သည်။
ပေ ၁၀၀၊ ပေ ၂၀၀....။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီရှုဟွာ တစ်ချိန်က အသည်းအသန် ထုတ်ဖော်ခဲ့ရသည့် ပေ ၃၀၀ ကို ကျော်လွန်သွားလေပြီ။ သို့သော် ရပ်တန့်မည့် အရိပ်အယောင် လုံးဝမရှိပေ။
ပေ ၄၀၀၊ ပေ ၄၀၀၊ ပေ ၁၀၀၀....။
မိုးကောင်းကင်ကို ထောက်မထားသည့် တိုင်ကြီးတစ်တိုင်အလား ပေ ၁၀၀၀ မြင့်သော စေတီကြီးသည် မြစ်ပြင်ပေါ်သို့ ဖိနှိပ်ချလိုက်သည်။ ဝတ်ရုံနက်ကျင့်ကြံသူသည် အသက်ကို ပြင်းပြင်းရှူကာ ကောင်းကင်လမင်းခရမ်းရောင်ရွှေဘီးကို ပြန်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်လေသည်။
ချွင်.... ချွင်.... ဂျောက်.... ဂျောက်....
စေတီကြီးအတွင်းမှ ဧရာမ အနက်ရောင် သံကြိုးပေါင်းများစွာသည် နဂါးများ၊ မြွေများအလား လူးလွန့်လျက် ထိုးထွက်လာကြသည်။ ထိုသံကြိုးများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဓားချီများမှာ တမဟုတ်ချင်း ပြိုကွဲသွားကြရသည်။ ၎င်းတို့၏ အရှိန်အဝါမှာ တားဆီး၍မရနိုင်ဘဲ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်ရင်ရှုံ၏ ပတ်ပတ်လည် ၅ မိုင်အတွင်းကို ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။
ဤသည်ကို မြင်သောအခါ ဝတ်ရုံနက်ကျင့်ကြံသူက အောင်နိုင်သူအလား တဟားဟား ရယ်မောလိုက်ပြီး ဟစ်ကြွေးလိုက်တော့သည်။
"ဒါက နတ်တစ္ဆေတောင်ကြားရဲ့ ရတနာသုံးပါးထဲက တစ်ခုဖြစ်တဲ့ မိစ္ဆာချုပ်နန်းဆောင်ပဲဗျ၊ အတွင်းထဲမှာ မြေအောက်မိစ္ဆာ ၁၈ ပါးရဲ့ စွမ်းအားတွေ ရှိနေပြီး၊ အပြင်ဘက်မှာလည်း ဧရာမ အစီအရင်ကြီး ၉ ခုနဲ့ အခိုင်အမာ ဖန်တီးထားတာ၊ တကယ့်ကို အဆင့်မြင့်မှော်ရတနာပဲ၊ အရင်တုန်းက မိစ္ဆာပေါင်းများစွာကို ဒီထဲမှာ ချုပ်နှောင်ခဲ့တာ၊ ဒီနေ့တော့.... ကျောက်စိမ်းအိုးဓားဂိုဏ်းက ကျင့်ကြံသူကို သတ်ဖို့ ငါ ဒါကို သုံးရမှာပေါ့....”
မိုင်ပေါင်းများစွာ အကွာမှ ကြည့်နေသော လော့ချန်သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ ဤရတနာ၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထက်မြက်လှပါသည်ဆိုသော ဓားအမြုတေပင်လျှင် သူ့အား ပတ်ပတ်လည် ဝိုင်းထားသည့် အနက်ရောင် သံကြိုးများရှေ့တွင် အစွမ်းမပြနိုင်တော့ပေ။
ဤလူ့တွင် ဖန်ရင်ရှုံကို ရင်ဆိုင်ရန် အဘယ်ကြောင့် ယုံကြည်ချက်ရှိနေသည်ကို ယခုမှ သိရတော့သည်။ ဤသို့ဆိုလျှင် မီရှုဟွာမှာ လုံးဝ အသုံးချခံရပြီး သေသွားခြင်းပင်။ ကျောက်စိမ်းအိုးဓားဂိုဏ်းက သူ့အား အသုံးချကာ ဖိုရှန်းဂိုဏ်း၏ အင်အားများနှင့် ရွှေအမြုတေဂူသင်္ချိုင်းကို ရှာခိုင်းခဲ့ပြီး နောက်ဆုံးတွင် ကယ်တင်ခြင်းပင် မပြုခဲ့ပေ။ သူတို့အတွက်မူ မီရှုဟွာသည် ငါးစာ တစ်ခုမျှသာ။
သို့သော် လော့ချန်သိသလောက် မီရှုဟွာ၏ စရိုက်နှင့်ဆိုလျှင် ဤအရာများကို သူ သေချာပေါက် ရိပ်မိမည်ဖြစ်သည်။ ရတနာကြီးများ ရှေ့တွင်ရှိနေသဖြင့် သူလည်း လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် အပျက်အစီးများထဲမှ တန်ဖိုးအရှိဆုံး အရာများကို ရအောင်ယူနိုင်ခဲ့လိမ့်မည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးပင် ပါချင်ပါလိမ့်မည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်၏ ဝိုင်းရံမှုအပြင်၊ အမှောင်ထဲတွင် ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်က ချောင်းမြောင်း တိုက်ခိုက်လိမ့်မည် ဆိုသည်ကိုမူ သူ မမျှော်လင့်ထားလောက်ပေ။
အဖြစ်မှန်ကို သိလိုက်ရသောအခါ လော့ချန်၏ ရင်ထဲ၌ ဝမ်းနည်းမှုလှိုင်းတစ်ခု ဖြတ်ပြေးသွားသည်။ ထိုဝမ်းနည်းမှုမှာ မီရှုဟွာအတွက်သာမက မိမိကိုယ်ကိုယ်အတွက်လည်း ဖြစ်သည်။ မီရှုဟွာသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ နယ်ရုပ်တစ်ခုဖြစ်ခဲ့ရသလို၊ မိမိသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများ၏ လက်ထဲတွင် ကစားခံနေရသည် မဟုတ်ပါလော။
‘ဂိုဏ်းဝင်ကျင့်ကြံသူတွေဆိုတာ.... သာမန်ကျင့်ကြံသူတွေကို အောက်တန်းစားတွေလို မြင်ကြတာပဲ’
ဤအတွေးကြောင့် လော့ချန်၏ စိတ်မှာ ပို၍ လေးလံလာသည်။ ရှေ့မှ တိုက်ပွဲကို ကြည့်ရသည်မှာလည်း အခြေအနေ မကောင်းပေ။ ဝတ်ရုံနက်ကျင့်ကြံသူက မိမိကိုယ်ကိုယ် သာမန်ကျင့်ကြံသူဟု ပြောသော်လည်း ရွှေအမြုတေအဆင့်သို့ ရောက်နေသူတစ်ဦးတွင် အဆက်အသွယ် လုံးဝမရှိဘဲ နေလိမ့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်နှင့် ပူးပေါင်းနိုင်သည်မှာ သူ့နောက်ကွယ်၌ အင်အားတစ်ခုခု ရှိနေသည်ကို သက်သေပြနေသည်။
အနီးစပ်ဆုံး ဖြစ်နိုင်ခြေမှာ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်ပင် ဖြစ်သည်။ ထိုအဖွဲ့အစည်းမှာ ဈေးမြို့တော်ပေါင်းများစွာကို လွှမ်းမိုးထားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဦးရေ ၂၀၊ ၃၀ ခန့် ရှိသည်။ ထိုကဲ့သို့သော နေရာတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ရှိနေခြင်းမှာ မဆန်းပေ။ အနည်းဆုံးတော့ ထိုသူများမှာ အမြင့်ဆုံးအဆင့် မဟုတ်လျှင်ပင် ဂုဏ်ထူးဆောင် အကြီးအကဲများ ဖြစ်နေကြပေလိမ့်မည်။
‘ဒီ မိစ္ဆာချုပ်နန်းဆောင်က သူ့ရဲ့ နောက်ဆုံးဝှက်ဖဲ မဟုတ်လောက်သေးဘူး’
ထိုသို့ လော့ချန် တွေးတောနေစဉ် သူ့ရှေ့ရှိ မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့လည်း စကားလက်ဆုံ ကျနေကြသည်။ မြောင်ဝမ်၏ လေသံမှာ အနည်းငယ် စိုးရိမ်ပူပန်နေပုံရလေသည်။
"အကြီးအကဲဖန်က အစွမ်းထက်တာ မှန်ပေမဲ့၊ မြစ်ပြင်ပေါ်မှာတော့ သူ့ရဲ့ အစွမ်းကို အပြည့်အဝ မထုတ်နိုင်ဘူး ဖြစ်နေတယ်၊ အခု သူ အခြေအနေ မဟန်တော့ဘူး…. ကျွန်တော်တို့ ဘာလုပ်ကြမလဲ…."
လော့ထျန်းဟုန်ကမူ မတုန်မလှုပ်ဘဲ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ညီငယ်…. အကြီးအကဲဖန်က အပြင်မထွက်ရတာ ကြာလို့.... ဟိုလူ့ကို ကစားပေးနေတာပါ"
"အဲ.... ဒါပေမဲ့ သူ ကစားလို့ ဝလောက်ပြီ ထင်တာပဲ"
သူတို့၏ စကားကို နောက်မှ ကြားလိုက်ရသော လော့ချန်တစ်ယောက် မှင်တက်သွားမိသည်။ ဤမျှ ပြင်းထန်သော တိုက်ပွဲကြီးမှာ ကစားနေခြင်းသာ ရှိသေးသည် ဆိုပါလား။ ဖန်ရင်ရှုံတစ်ယောက် ကစားရင်းနှင့် ဒုက္ခမတွေ့သွားပါစေနှင့်ဟုသာ လော့ချန် ဆုတောင်းနေမိတော့သည်။
နေဝင်ရီတရော အချိန်တွင် လန်ချန်းမြစ်ကြီးမှာ ပြင်းထန်စွာ ဆူပွက်နေပြီး၊ ရေလှိုင်းများမှာလည်း မီးတောက်များအလား တောက်လောင်နေသည်ဟု ထင်ရသည်။ မြင့်မားလှသော စေတီကြီးအတွင်းမှ အနက်ရောင် သံကြိုးပေါင်းများစွာသည် ဖန်ရင်ရှုံ၏ ပတ်ပတ်လည် မီတာ ၁၀၀ အတွင်းကို လုံးဝ ပိတ်ဆို့လိုက်လေပြီ။ ယခုအချိန်တွင် ကျောက်စိမ်းအိုးဓားကျင့်ကြံသူကြီးမှာ ကောင်းကင်သို့ ပျံတက်ရန်ဖြစ်စေ၊ မြေသို့ ဆင်းရန်ဖြစ်စေ လမ်းမရှိတော့ပေ။ အကယ်၍ ချုပ်နှောင်ခံလိုက်ရပါက သူ၏ အဆုံးသတ်မှာ အကျဉ်းကျခံရခြင်းသာ ရှိတော့ပေလိမ့်မည်။
အန္တရာယ်မှာ လက်တစ်ကမ်းတွင် ရှိနေသော်လည်း၊ ဖန်ရင်ရှုံကမူ အထင်အမြင်သေးစွာ ရယ်မောလိုက်ပြီး "မိစ္ဆာချုပ်နန်းဆောင် ရထားတာ ဒီလောက်ကြာပြီကို.... ဒီလောက်ပဲ အဆင့်မြှင့်နိုင်သေးတာလား" ဟု လှောင်ပြောင်လိုက်လေသည်။
ဝတ်ရုံနက် ကျင့်ကြံသူက ဒေါသမထွက်ဘဲ “ဒီလောက်ဆို မင်းကို သတ်ဖို့ လုံလောက်ပြီ" ဟု ဆိုကာ သူ၏ ပါးစပ်မှ ရွှေရောင်ဓားအမြုတေ တစ်လုံးကို ထွေးထုတ်လိုက်ပြန်သည်။ ထိုဓားအမြုတေသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် သံကြိုးများ၏ အလယ်ဗဟိုသို့ တည့်တည့် ဦးတည်ထွက်သွားတော့သည်။
"ဒီနေ့တော့.... မင်းရဲ့ အကွက်နဲ့ပဲ မင်းကို ပြန်ပြီး ဧည့်ခံရတော့မယ်ထင်တယ်၊ ကိုယ့်အတတ် ကိုယ်စူး ဆိုတဲ့အတိုင်း.... မင်းတို့ဓားကျင့်ကြံသူကြီးတွေ ကိုးကွယ်လှတဲ့ ဓားအမြုတေတွေက မင်းတို့ရဲ့ အသက်ကို ဘယ်လို ပြန်နှုတ်သွားမလဲဆိုတာ ကြည့်လိုက်စမ်း"
ထိုဓားအမြုတေ ပေါ်လာသည်နှင့် ဖန်ရင်ရှုံ အကြီးအကျယ် ဒေါသထွက်သွားသည်။
“မင်းပဲ.... မင်း ငါတို့ဂိုဏ်းကို နာမည်ဖျက်ဖို့ လုပ်ခဲ့တာ သေချာသွားပြီ….”
သူ ဒေါသတကြီး ဟောက်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ရာ လေထဲ၌ သံကြိုးများကို ခုခံနေသော ဓားချီများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပိုင် ဓားအမြုတေမှာ ဧရာမ ဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။ နောက်တစ်ခဏတွင် သူ ရှေ့သို့ ခုန်တက်ကာ အားကုန် လွှဲခုတ်လိုက်တော့သည်။
ရွှပ်....
ဧရာမ ဓားချီကြီးသည် တိမ်တိုက်များကို ခွဲ၊ နေမင်းကို ပိုင်းဖြတ်ကာ လမ်းကြောင်းပေါ်ရှိ သံကြိုးအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုမျှမကသေးဘဲ ဓားချီမှာ လျော့ပါးသွားခြင်းမရှိဘဲ၊ ဝတ်ရုံနက်ကျင့်ကြံသူထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ ရန်သူ၏ ရွှေရောင်ဓားအမြုတေမှာ စွမ်းအားပင် မထုတ်ဖော်နိုင်သေးဘဲ မြစ်အောက်ခြေသို့ ရိုက်ချခံလိုက်ရသည်။
ဝတ်ရုံနက် ကျင့်ကြံသူမှာ ထိတ်လန့်သွားကာ အဖြူအမည်း စစ်တုရင်နယ်ရုပ်များကို သုံး၍ အစွမ်းကုန် ကာကွယ်လိုက်ရသည်။ မိစ္ဆာချုပ်နန်းဆောင်မှလည်း မြေအောက်မိစ္ဆာ ချီ ၁၈ ခုကို ထုတ်ဖော်ကာ အစွမ်းကုန် ခုခံပေးသော်လည်း အားလုံးမှာ အချည်းနှီးပင်။ ထိုမိစ္ဆာချီများမှာ နေပူထဲမှ နှင်းများပမာ ဓားချီများအောက်တွင် အရည်ပျော်သွားကြရသည်။
ဝုန်း....
ပြင်းထန်လှသော ပေါက်ကွဲသံကြီးသည် မိုင်ပေါင်းထောင်ချီရာသို့ လွင့်ပျံသွားသည်။ မိုင်ပေါင်းများစွာ အကွာရှိ လော့ချန်မှာ ခံစစ်ဆေးအိုး ရှိနေသော်လည်း သွေးတစ်လုတ် အန်လိုက်ရ၏။ သူ နားများကို ချက်ချင်း ပိတ်လိုက်ပြီး ကိုယ်ပေါ်ရှိ အရေးကြီးသော အမှတ်များကိုလည်း ပိတ်လိုက်ရသည်။ ထိုသို့ လုပ်ဆောင်ပြီးမှသာ ထိုဖိအားကို မနည်း ခံနိုင်ရည်ရှိတော့သည်။ သူ အားယူ၍ ပြန်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
လန်ချန်းမြစ်ကြီး ခန်းခြောက်သွားလေပြီ။
အတိအကျပြောရလျှင် မြစ်ရေ စီးဆင်းမှု ရပ်တန့်သွားခြင်းပင်။ ရပ်တန့်ရုံတင်မကဘဲ မီတာ ထောင်ပေါင်းများစွာ ကျယ်သော မြစ်မကြီးအတွင်း၌ ရေတစ်စက်မှ မကျန်တော့ဘဲ မြစ်အောက်ခြေမြေပြင်ကြီးမှာ ဗလာကျင်းလျက် ပေါ်ထွက်လာသည်။ ရွှံ့နွံများ ထူထပ်နေသော မြစ်အောက်ခြေတွင် ငါးများနှင့် မိစ္ဆာရေသတ္တဝါများ၏ အလောင်းများမှာ ပြန့်ကျဲနေပြီး၊ ၎င်းတို့၏ သွေးများမှာ မြူခိုးများအလား လေထဲတွင် လွင့်မျောနေသည်။ ထူထပ်လှသော ထိုမြူခိုးများသည် မြစ်အောက်ခြေ တစ်ခုလုံးကို အိမ်မက်ဆိုးဆန်သော နွံတောကြီးတစ်ခုအလား ဖုံးလွှမ်းသွားတော့သည်။
"သူ သေသွားပြီလား"
လော့ချန် ပါးစပ်အဟောင်းသားဖြင့် သူ၏ နတ်မျက်စိကို အသုံးချကာ ဝတ်ရုံနက်ကျင့်ကြံသူကို အသည်းအသန် ရှာဖွေနေမိသည်။
"မသေသေးဘူးပဲ"
မြစ်ရေများ ပြန်လည် စီးဆင်းလာချိန်တွင် ပေ ၁၀၀ ခန့်သာ ရှိတော့သော အနက်ရောင် စေတီပျက်ကြီးတစ်ခုမှာ မြူခိုးများကြားတွင် ထီးထီးကြီး လွင့်မျောနေသည်။ ခဏအကြာတွင် ဒဏ်ရာအပြည့်နှင့် ဖရိုဖရဲ ဖြစ်နေသော လူရိပ်တစ်ခု စေတီနောက်ကွယ်မှ ထွက်လာသည်။ သူ၏ မျက်လုံးထဲမှ ထိတ်လန့်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ အားယူကာ တဟားဟား ရယ်မောလိုက်တော့သည်။
"ဒီလောက်ပဲလား…. ဟား…. ဟား.... မင်းတို့ရဲ့ ဓားအမြုတေ ဆိုတာကလည်းကွာ၊ ငါ အခုထိ အသက်ရှင်နေတုန်းပဲ မဟုတ်လား၊ လာသတ်ကြပါဦး"
ဖန်ရင်ရှုံကမူ လှောင်ပြုံးပြုံးကာ လက်ကို လေထဲတွင် တင်းတင်း ဆုပ်လိုက်သည်။
"မိစ္ဆာချုပ်နန်းဆောင်ကို အဲဒီလို မသုံးရဘူးကွ.... သေချာကြည့်ထားစမ်း"
ဝတ်ရုံနက်ကျင့်ကြံသူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရှေ့မှ စေတီပျက်ကြီးဆီသို့ လှည့်ကြည့်လိုက်မိသည်။ စေတီထိပ်မှ ရွှေရောင် သံကြိုးတစ်ချောင်း ထွက်ပေါ်လာသည်။
ရှူး....
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်သံကြိုးမှာ တားဆီး၍မရသော အရှိန်ဖြင့် သူ၏ ကိုယ်ထဲသို့ ဖောက်ဝင်သွားတော့သည်။ သံကြိုးကို ပြန်ဆွဲယူလိုက်သောအခါ အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသော ရွှေအမြုတေတစ်ခု သံကြိုး၌ ပါလာကာ စေတီအတွင်းသို့ ပိတ်လှောင်ခံလိုက်ရတော့သည်။
“ငါ့ရဲ့ ရွှေအမြုတေ…." ဟူသော အော်ဟစ်သံနှင့်အတူ ဓားချီတစ်ခု ကျရောက်လာပြီး ဝတ်ရုံနက် ကျင့်ကြံသူမှာ အသက်ပျောက်သွားတော့သည်။
ဖန်ရင်ရှုံ လှောင်ပြုံးပြုံးလိုက်ပြီး အနက်ရောင် စေတီပေါ်သို့ ခြေချလိုက်ကာ စစ်တုရင်နယ်ရုပ်များကို သိမ်းယူလိုက်သည်။ ထို့နောက် မြစ်အောက်ခြေမှ မှိန်ဖျော့နေသော ဓားအမြုတေတစ်လုံးကိုပါ ဆွဲယူလိုက်ပြန်သည်။ ရတနာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ထိုဓားအမြုတေကို ကြည့်ရင်း ဖန်ရင်ရှုံ မျက်မှောင်ကြုတ်လိုက်မိသည်။ သေဆုံးသွားသော ဝတ်ရုံနက်ကျင့်ကြံသူ၏ အလောင်းကိုမူ သူ ဂရုမစိုက်တော့ပေ။
"ဂုဏ်ယူပါတယ် အကြီးအကဲဖန်.... ရန်သူကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီ"
"အကြီးအကဲဖန်ရဲ့ အစွမ်းကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး…."
လော့ချန်သည် မြစ်ကမ်းဘေး၌ မတ်တတ်ရပ်လျက် အပေါ်မှ လူသုံးဦးကို ကြည့်နေမိသည်။
မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့၏ ချီးကျူးမှုကို ကြားသောအခါ ဖန်ရင်ရှုံက ခေါင်းခါလိုက်ပြီး "ဒီဓားအမြုတေက ငါတို့ဂိုဏ်းက ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူတွေပဲ သန့်စင်နိုင်တာ…. ငါတို့ ဂိုဏ်းတူညီအစ်ကိုတွေထဲက ဘယ်သူများ အပြင်မှာ အသက်ပျောက်ခဲ့လဲ မသိဘူး…." ဟု သက်ပြင်းချရင်း ဆိုလေသည်။
ဤစကားကို ကြားသောအခါ မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့ နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။
လော့ထျန်းဟုန်မှာ မယုံနိုင်ဘဲ “မကြာသေးခင်က အပြင်ထွက်သွားတာဆိုလို့ အကြီးအကဲ သုံးယောက်ပဲ ရှိတာ မဟုတ်လား….” ဟု မေးလိုက်သည်။
"ရန်ဖိန်ရှန်း၊ အကြီးအကဲ ပေါ်ရိကျန်း နဲ့ ရှောင်ရှု ပေါ့.... သူတို့ ဘေးမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ”
ဖန်ရင်ရှုံ သက်ပြင်းချကာ ပြောလိုက်သည်။
ထိုနာမည်များကို ကြားလိုက်ရသောအခါ မြောင်ဝမ်ပင် တုန်လှုပ်သွားရသည်။ အကယ်၍ ထိုသုံးဦးထဲမှ တစ်ဦးဦးသာ သေဆုံးခဲ့ပါက ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်မှာ အသေအချာပင်။ အထူးသဖြင့် ရန်ဖိန်ရှန်းမှာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အတော်ဆုံးကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။
ဖန်ရင်ရှုံသည် ဓားအမြုတေကို သိမ်းဆည်းပြီးနောက် ကျန်ရှိသော ရတနာများကို တစ်ချက် ကြည့်လိုက်သည်။
"ငါ ဒီ မိစ္ဆာချုပ်နန်းဆောင်ကိုတော့ ဂိုဏ်းကို ပြန်သယ်သွားရမယ်…. ဒီ ကောင်းကင်လမင်းခရမ်းရွှေဘီး ကိုတော့ မြောင်ဝမ်ကို ပေးမယ်၊ ပြီးတော့ ဒီ စစ်တုရင်နယ်ရုပ်တွေကိုတော့ ထျန်းဟုန် မင်းယူလိုက်တော့…."
သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုမှော်ရတနာနှစ်ခုမှာ မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့ ရှေ့သို့ ကျရောက်လာတော့သည်။ လော့ထျန်းဟုန်မှာ ခဏမျှ မှင်တက်သွားပြီးမှ ဝမ်းသာအားရ ဖြစ်သွားလေသည်။ မြောင်ဝမ်သည် လော့ထျန်းဟုန်အား မနာလိုသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် မိမိရရှိထားသော ရတနာကို ပြုံးရွှင်စွာဖြင့် သိမ်းဆည်းလိုက်တော့သည်။
မြေပြင်ပေါ်ရှိ လော့ချန်မှာမူ အလွန်အားကျနေမိသည်။ ဖန်ရင်ရှုံသည် တစ်ခါတစ်ရံ ကြောက်စရာကောင်းသော်လည်း လက်ဖဝါးလှန်သလောက် ရက်ရောလှသည်။ မှော်ရတနာနှစ်ခုကို တစ်ခါတည်း ချီးမြှင့်လိုက်သည် မဟုတ်ပါလော။ လော့ချန် အားကျစိတ်ဖြင့် ငေးကြည့်နေစဉ်မှာပင် စူးရှလှသော အကြည့်တစ်ခု သူ့ထံသို့ ကျရောက်လာသည်။
“ဒီဘက်က တန်ချန်ဇီ.... လော့ချန် မဟုတ်လား"