← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃) - နှုတ်ဆက် ခွဲခွာချိန်

“ဒီဘက်က တန်ချန်ဇီ.... လော့ချန် မဟုတ်လား"

မေးခွန်းတစ်ခုလို ဆိုသော်လည်း အတည်ပြုပြီး ဖြစ်ဟန်တူသော လေသံနှင့် ဖိအားကြောင့် လော့ချန် ဦးရေပြားများပင် ထုံကျင်သွားရသည်။ တစ်ခဏမျှ သူသည် ရှေ့မှလူကို ကွယ်လွန်သွားပြီဖြစ်သော ဟိုလူကြီးနှင့်ပင် မှားသွားမိတော့သည်။ ထိုစဉ်ကလည်း ဤမေးခွန်းမျိုးကိုပင် အမေးခံခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် သူသည် ဆေးဖော်ဆောင်၏ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး ထိုလူကြီး၏ လက်အောက်တွင် ကျွဲလို၊ နွားလို အလုပ်အကျွေး ပြုခဲ့ရဖူးသည် မဟုတ်ပါလော။

လော့ချန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး စိတ်ကို တင်းထားလိုက်သည်။

‘ဘာကို ကြောက်နေရမှာလဲ၊ သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ၊ ငါက ချီသန့်စင်အဆင့်ပဲ ရှိသေးတာ…. သတ်ချင်သတ်၊ ခုတ်ချင်ခုတ်.... ဘာတတ်နိုင်မှာလဲ’ ဟု စိတ်ဖြေကာ အချိုသာဆုံး ပြုံးပြလိုက်လေသည်။

“အကြီးအကဲဖန်.... မိစ္ဆာကျင့်ကြံသူကို နှိမ်နင်းနိုင်တာ ဂုဏ်ယူပါတယ်ခင်ဗျာ”

"မိစ္ဆာကျင့်ကြံသူ ဟုတ်လား.... ဟားဟား...."

ဖန်ရင်ရှုံ အားရပါးရ ရယ်မောလိုက်သည်။ သူ၏ ရယ်သံမှာ ပေါ့ပါးပြီး အေးဆေးလှရာ စောစောက တောင်ကြီးတစ်လုံးလို ဖိနှိပ်ထားသော အရှိန်အဝါမျိုး လုံးဝ မရှိတော့ပေ။ သူ ခေါင်းခါလိုက်ပြီး ဆိုသည်။

"ငါ့ကို တရားမျှတမှုရဲ့ ဘက်တော်သားကြီးဆိုပြီး ဘွဲ့ထူးတွေ လာမတပ်ပေးပါနဲ့…. ငါ သူ့ကို သတ်လိုက်တယ်.... ဒါပဲ၊ ကျောက်စိမ်းအိုးနယ်မြေထဲမှာတော့ ငါ့ကို ဘယ်သူမှ လာပြီး ပြဿနာရှာရဲမှာ မဟုတ်ဘူး"

လော့ချန်ကမူ အားကျမခံ ပိုင်နိုင်သော လေသံဖြင့် ဆက်ပြောပြန်သည်။

"ဒီလူက ဖေးပေါ်ဝမ်နဲ့ မီရှုဟွာတို့လို သစ္စာရှိပြီး ဂုဏ်သိက္ခာရှိတဲ့ လူတွေကို ချောင်းမြောင်း သတ်ဖြတ်ခဲ့တာလေ…. အထူးသဖြင့် မီရှုဟွာဆိုရင် ကျွန်တော်ရဲ့ ကျေးဇူးရှင်ကြီးပါ၊ သူက တည်ကြည်ပြီး သူတစ်ပါးကို ကူညီချင်တဲ့သူ၊ ဒီလို သူတော်စင်တွေကိုတောင် လက်ရဲဇက်ရဲ သတ်ရဲတယ်ဆိုမှတော့ သူဟာ တကယ်ပဲ မိစ္ဆာလမ်းစဉ်ထဲကို ရောက်နေတာ သေချာပါတယ်...."

“အကြီးအကဲဖန် မိစ္ဆာကို နှိမ်နင်းခဲ့တာဟာ နောင်မှာ ပြောစမှတ်တွင်မယ့် သူရဲကောင်းပုံပြင်တစ်ပုဒ် ဖြစ်လာမှာပါ…. ကျောက်စိမ်းဓားဂိုဏ်းကလည်း အကြီးအကဲအတွက် ဂုဏ်ယူနေမှာပါ”

လော့ချန်၏ ပါးစပ်မှ ထိုစကားများ ထွက်လာသောအခါ လော့ထျန်းဟုန်နှင့် မြောင်ဝမ်တို့ မှင်သက်သွားကြသည်။ အထူးသဖြင့် မြောင်ဝမ်မှာ ဤစကားလုံးများကို အလွန်ပင် ရင်းနှီးနေမိသည်။ လော့ချန်ကို ကာကွယ်ပေးရန် လခြမ်းတောင်ကြားသို့ သူသွားခဲ့စဉ်ကလည်း ဤကောင်လေးက သူ့အား စကားလုံးအလှလေးများဖြင့် ဖားယားကာ ချီးမွမ်းခဲ့ဖူးသည် မဟုတ်ပါလော။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ လူမှား၍ မြှောက်ပင့်နေခြင်း ဖြစ်နိုင်သည်။ အကြီးအကဲဖန်ဆိုသူမှာ အနုရော၊ အကြမ်းရော မရသည့်အပြင် အနှစ်သာရမရှိသော မြှောက်ပင့်စကားများကို နားထောင်မည့်သူမျိုးလည်း မဟုတ်ပေ။

“ဟား…. ဟား.... မင်းကတော့ တကယ်ပဲ နှုတ်ချိုတဲ့ကောင်လေးပဲ"

ဖန်ရင်ရှုံက အားရပါးရ ထပ်မံရယ်မောလိုက်ပြီး "အေးကွာ…. မင်းပြောတာလည်း မမှားပါဘူး၊ ဒီကောင်က တကယ့်ကို မိစ္ဆာလမ်းစဉ်ထဲ ရောက်နေတဲ့သူပဲ၊ သေသင့်တာ ကြာလှပြီ" ဟု ဆိုကာ သူ့တပည့်နှစ်ဦးအား အမိန့်ပေးလိုက်သည်။

"မြောင်ဝမ်၊ ထျန်းဟုန်.... ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စကို လူတွေ သိအောင် ဖြန့်လိုက်၊ အိုင်လောင်တောင်က ဖေးပေါ်ဝမ်နဲ့ ဖိုရှန်းဂိုဏ်းချုပ် မီရှုဟွာတို့ကို သတ်ခဲ့တဲ့ မိစ္ဆာကျင့်ကြံသူကို ငါကိုယ်တိုင် လန်ချန်းမြစ်မှာ နှိမ်နင်းလိုက်ပြီလို့ ပြောလိုက်ကြ၊ အင်း.... ဇာတ်လမ်းကို နည်းနည်း ပိုပိုသာသာလေး ပြောလိုက်ကြနော်၊ နားလည်လား...."

လော့ထျန်းဟုန် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း ချက်ချင်းပင် "ဟုတ်ကဲ့ပါ အကြီးအကဲ" ဟု ဆိုသည်။ မြောင်ဝမ်သည်လည်း အမိန့်ကို အလျင်အမြန် နာခံလိုက်သည်။ သို့သော် သူ့ရင်ထဲ၌မူ တစ်မျိုးကြီး ဖြစ်နေသည်။

‘အကြီးအကဲက မြှောက်ပင့်တာတွေကို မကြိုက်ဘူး မဟုတ်လား၊ ပြီးတော့ သူက နာမည်ကြီးချင်တဲ့ လူစားမျိုးလည်း မဟုတ်ဘူး.... နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခု ရှိနေတာလား’ ဟုပင် ဝေခွဲရခက်သွားသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့ ချက်ချင်းပင် သဘောပေါက်သွားကြသည်။ အကြီးအကဲသည် မိမိနာမည်အတွက် မဟုတ်ဘဲ ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခင်က ထိုမိစ္ဆာသည် ဖေးပေါ်ဝမ်ကို သတ်ပြီး ကျောက်စိမ်းအိုးဓားဂိုဏ်းကို အပြစ်ပုံချခဲ့သဖြင့် အိုင်လောင်တောင်မှ အကြီးအကဲများပင် ဂိုဏ်းသို့ လာရောက် ရှင်းလင်းခိုင်းခဲ့ဖူးသည်။ ယခု ဤသတင်းကို ဖြန့်လိုက်ပါက ဂိုဏ်း၏ သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ရုံတင်မက အိုင်လောင်တောင်ကိုလည်း အဖြေတစ်ခု ပေးပြီးသား ဖြစ်သွားမည် ဖြစ်သည်။

အရာအားလုံးကို သဘောပေါက်သွားသောအခါ မြောင်ဝမ်တစ်ယောက် လော့ချန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

‘ဒီကောင်လေး.... သိသိကြီးနဲ့ ပြောတာလား၊ မသိဘဲ ပြောတာလား…. သူပြောတဲ့ အချိန်က တကယ့်ကို ကွက်တိပဲ၊ မြှောက်ပင့်တဲ့ နေရာမှာလည်း တကယ့်ကို အချက်ကျကျ မြှောက်ပင့်နိုင်တာပဲ’ ဟုလည်း စိတ်ထဲမှပင် အမြင်ကပ်ကပ်နှင့် ကျိတ်ချီးမွမ်းမိလိုက်သည်။

အမိန့်များ ပေးပြီးနောက် ဖန်ရင်ရှုံသည် မျက်နှာဖြူလျော့နေသော လော့ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒီတိုက်ပွဲမှာ မင်းလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တာပဲ…. မင်းဆီက ဝိညာဉ်မျိုးစေ့ရဲ့ လမ်းပြမှုသာ မပါရင် ဒီကြွက်စုတ်ကို ငါတို့ ဒီလောက် မြန်မြန် ရှာတွေ့မှာ မဟုတ်ဘူး"

"ကြည့်ရတာ မင်းက ချီသန့်စင်အဆင့် ၉ ကို ခုမှ ရောက်ထားတာပဲ…. ချီသန့်စင်အဆင့် အထွတ်အထိပ် ရောက်ဖို့အတွက် မင်း စိတ်ပူနေလိမ့်မယ် ထင်တယ်"

လော့ချန် ပါးစပ်အနည်းငယ် ဟသွားပြီး ဝမ်းသာမှုကို မနည်း ထိန်းချုပ်လိုက်ရသည်။

သူ ချက်ချင်းပင် "ဟုတ်ပါတယ်ခင်ဗျ" ဟု ပြန်ဖြေလိုက်သည်။

မြောင်ဝမ်မှာမူ စိတ်ထဲတွင် အံ့သြနေမိ၏။ လော့ချန် အဆင့်တက်သွားသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။ အဆင့် (၈) တွင်သာ ရှိသေးသည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ‘ဒီကောင်.... တော်တော် ဖုံးထားနိုင်တာပဲ၊ တကယ့် မြေခွေးစုတ်လေး’ ဟု သူ စိတ်ထဲမှ ကျိတ်ဆဲနေစဉ်မှာပင် ဖန်ရင်ရှုံ၏ အသံကို ကြားလိုက်ရသည်။

“ငါ့ဆီမှာ ပထမအဆင့် ချီသန့်စင်ဆေးလုံး မရှိဘူး၊ မြောင်ဝမ်.... မင်းဆီမှာ ရှိမှာပဲ၊ သူ့ကို ပေးလိုက်စမ်း"

မြောင်ဝမ်က စိတ်ပျက်လက်ပျက်ဖြင့် “ကျွန်တော့်ဆီမှာလည်း ပထမအဆင့် မရှိပါဘူး…. ဒုတိယအဆင့် ငါးပုလင်းပဲ ရှိပါတယ်” ဟု ဆိုသည်။

“ဒုတိယအဆင့်ဆိုရင်လည်း ရတာပဲ…. လော့ချန်ကို အကုန်ပေးလိုက်" ဖန်ရင်ရှုံက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

မြောင်ဝမ် မတတ်သာဘဲ သူ၏ သိုလှောင်အိတ်ထဲမှ ဆေးပုလင်း ငါးပုလင်းကို ထုတ်ကာ လော့ချန်ဆီသို့ ပစ်ပေးလိုက်ရသည်။ လော့ချန်မှာ ဆေးပုလင်းများကို ကိုင်ထားရင်း မယုံနိုင်အောင် ဖြစ်နေမိသည်။

‘ဒီအကြီးအကဲက.... တကယ်ပဲ ဒီလောက်တောင် ရက်ရောတာလား’

ပထမဦးစွာ သူသည် ဂိုဏ်းသားများကို တိုက်စစ်နှင့် ခံစစ် မှော်ရတနာများ ချီးမြှင့်ခဲ့သည်။ သူ၏ တပည့်များမို့ ဂရုစိုက်ခြင်းဟု လော့ချန် ထင်ခဲ့သော်လည်း၊ ယခုကဲ့သို့ သာမန် ကျင့်ကြံသူလေးဖြစ်သော မိမိကိုပင် လက်ဆောင်ပေးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဤဆေးလုံးများသည် ချီစွမ်းအားများကို သန့်စင်ပေးသည့် တန်ဖိုးကြီး ဆေးလုံးများ ဖြစ်ကြသည်။ မီရှုဟွာ ပြောဖူးသည်မှာ ဤဆေးလုံးများကို ဆေးဘုရင်ဂိုဏ်းမှသာ ထုတ်လုပ်ခြင်း ဖြစ်သည်။ အလွယ်တကူ ဝယ်ယူ၍ မရနိုင်ဘဲ လေလံပွဲများတွင်မှ ရံဖန်ရံခါ ပေါ်လာတတ်ခြင်း ဖြစ်သည်။ ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူများအတွက်မူ နတ်ဆေးတစ်ပါးပင် ဖြစ်သည်။ အမှန်စင်စစ် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေ အဆင့်ရှိသူများပင်လျှင် ဤဆေး၏ အကျိုးကျေးဇူးကို ရရှိနိုင်သည်။

လော့ချန် မဝံ့မရဲဖြင့် မော့ကြည့်ကာ "အကြီးအကဲခင်ဗျာ.... ကျွန်တော်က အခုမှ အဆင့် ၉ ပဲ ရှိသေးတာဆိုတော့…. ဒီ ဒုတိယအဆင့် ဆေးလုံးတွေကို ချက်ချင်း သုံးလို့ရပါ့မလားလို့ စိုးရိမ်မိပါတယ်" ဟု ဆိုလိုက်သည်။

ဖန်ရင်ရှုံက ရယ်မောလိုက်ပြီး "ဒါက လွယ်ပါတယ်၊ မင်းက ဆေးဖော်ဆရာပဲ…. မင်း သစ္စာနှလုံးသား နည်းစနစ်ကို သိတယ်မလား" ဟု မေးသည်။

လော့ချန် ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။ သူ ထိုနည်းစနစ်ကို ကောင်းကောင်းကြီး သိသည်။ ၎င်းမှာ ဆေးဖက်ဝင် အပင်များကို သန့်စင်သည့် နေရာတွင် အသုံးပြုသည့် နည်းစနစ် ဖြစ်သည်။

"ဒါဆိုရင် ဘာမှ ပြဿနာမရှိဘူး…. ချီသန့်စင်ဆေးလုံးဆိုတာ တကယ်တော့ ဝိညာဉ်သစ်သီးတွေကနေ ထုတ်ယူထားတဲ့ တစ်ဝက်တစ်ပျက် သန့်စင်ပြီးသား ဆေးလုံးတွေပဲ…. မင်း အဲဒီနည်းစနစ်ကို သုံးပြီး ဆေးလုံးကို ခွဲလိုက်ရင် ပထမအဆင့် ဆေးအာနိသင်ကို ရလိမ့်မယ်…. ဒုတိယအဆင့် ဆေးလုံံးတစ်လုံးဟာ ပထမဆင့် ဆေးလုံး ဆယ်လုံးနဲ့ ညီမျှတယ်" ဟူ၍ ရှင်းပြလေသည်။

ဤမျှ လွယ်သည်လားဟု တွေးရင်း လော့ချန်မှာ အံ့သြလွန်း၍ ပါးစပ်အနည်းငယ် ဟသွားမိသည်။ သူ ပြောသလိုသာ ဆိုပါက ချီသန့်စင်ဆေးလုံးများမှာ တကယ့် ဆေးလုံးစစ်စစ် မဟုတ်ဘဲ တစ်ဝက်တစ်ပျက် သန့်စင်ထားသော ဝိညာဉ်သစ်သီးများပင်။ ‘ဒီလို ဆေးဖော်စပ်နည်းမျိုးလည်း ရှိသေးတာပဲလား’ ဟု တွေးကာ လော့ချန် အံ့အားသင့်မိသွားသည်။ သူ ဝမ်းသာအားရဖြင့် ဖန်ရင်ရှုံကိုရော၊ မျက်နှာပျက်နေသော မြောင်ဝမ်ကိုပါ ကျေးဇူးတင်စကား ဆိုလိုက်သည်။

သို့သော် ဖန်ရင်ရှုံက လက်ကို ဝှေ့ယမ်းကာ တားလိုက်ပြီး "မင်းရဲ့ ဆေးဖော်စပ်တဲ့ အစွမ်းက သာမန်ကျင့်ကြံသူတွေထဲမှာတင် မကဘဲ ဂိုဏ်းတွေထဲမှာ လေ့ကျင့်ထားတဲ့ ဆေးဖော်ဆရာတွေနဲ့တောင် ယှဉ်နိုင်တယ်လို့ ထျန်းဟုန် ပြောပြတာ ငါ ကြားပြီးပြီ" ဟု ဆိုလေသည်။

စကားအစကို ကြားလိုက်ရသည်နှင့် လော့ချန်မှာ ရှေ့ဆက်ဖြစ်လာမည့် အရာကို သိလိုက်လေပြီ။

‘လာပြီ.... အဓိက အချက်ကို ရောက်လာပြီ၊ သွားပြီ…. ငါ့ရဲ့ ဆေးဖော်စပ်တဲ့ အစွမ်းအကြောင်းပဲ ပြန်ဖြစ်နေပြီ၊ ဒါဆိုရင်တော့....’

“အဲဒီတော့ ငါ မေးမယ်.... ငါ့ရဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းကို ဝင်ပြီး ငါ ဖန်ရင်ရှုံရဲ့ တပည့်အဖြစ် ခံယူချင်သလား”

ဤသည်မှာ မေးခွန်းမဟုတ်ဘဲ အမိန့်တစ်ခု ဖြစ်မှန်း လော့ချန် သိသည်။ သူ တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ခါးညွတ်ကာ ဦးညွှတ်လိုက်၏။

“ကျွန်တော် လော့ချန်.... အကြီးအကဲဖန်ရဲ့ တပည့်အဖြစ် ခံယူဖို့ အဆင်သင့်ပါပဲ"

“ဟားဟား.... ကောင်းတယ်၊ သိပ်ကောင်းတယ်.... ဒီနေ့ဟာ တကယ်ကို ထူးမြတ်တဲ့နေ့ပဲ၊ မနက်ပိုင်းမှာ မိစ္ဆာကို နှိမ်နင်းနိုင်ခဲ့ပြီး ညနေပိုင်းမှာ ပါရမီရှိတဲ့ တပည့်တစ်ယောက် ရလိုက်တာ…. တကယ့်ကို ထူးခြားတဲ့ နေ့တစ်နေ့ပဲ” ဟု ပြောရင်း ဖန်ရင်ရှုံ ကျေနပ်အားရစွာဖြင့် အားရပါးရ ရယ်မောလိုက်တော့သည်။

လော့ထျန်းဟုန်က ပြုံး၍ ဂုဏ်ပြုစကား ဆိုသည်။ မြောင်ဝမ်သည်လည်း နောက်ကျမကျန်ဘဲ ဂုဏ်ပြုလိုက်သည်။ သို့သော် သူ၏ မျက်နှာထားမှာမူ အလွန်ပင် မနာလို တွန့်တိုနေဟန် ရှိသည်။

"ဒါ ငါ့ရဲ့ အကြီးအကဲ အမှတ်တံဆိပ်ပဲ၊ ယူထားလိုက်…. မင်းမှာ တစ်ရက် အချိန်ရှိတယ်၊ အိမ်ပြန်ပြီး မင်းရဲ့ ပစ္စည်းတွေကို သိမ်း…. ပြီးတော့ မင်းရဲ့ မိတ်ဆွေတွေကို နှုတ်ဆက်လိုက်ဦး၊ မနက်ဖြန် မွန်းလွဲပိုင်းကျရင် ငါနဲ့အတူ ဂိုဏ်းကို လိုက်ခဲ့ရမယ်"

ဖန်ရင်ရှုံသည် လော့ချန်အား ငြင်းဆန်ရန် သို့မဟုတ် ညှိနှိုင်းရန် အခွင့်အရေး လုံးဝ မပေးပေ။ ဓားသဏ္ဍာန် အမှတ်တံဆိပ်တစ်ခုကို ပစ်ပေးပြီးနောက် သူတို့သုံးဦးလုံးကို သူ၏ ဝိညာဉ်အလင်းတန်းဖြင့် လွှမ်းခြုံကာ တာဟဲစျေးမြို့တော်ဆီသို့ လေပွေအလား အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

….

အပြန်လမ်းတွင် လော့ချန်သည် လက်ဖဝါးအရွယ် ဓားတံဆိပ်ကို တင်းတင်းဆုပ်ထားရင်း တိုက်ပွဲဖြစ်ရာ နေရာဆီသို့ အလုအယက် ပျံသန်းလာကြသော သာမန် ကျင့်ကြံသူ အမြောက်အမြားကို ကြည့်နေမိသည်။ သူတို့ နောက်ကျသွားပြီ ဖြစ်သည်။ ထိုနေရာတွင် ကောက်ယူစရာ ဘာမှ မကျန်တော့ပေ။ ဝတ်ရုံနက်ကျင့်ကြံသူ၏ အလောင်း၊ သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဖန်ရင်ရှုံ သိမ်းယူသွားခဲ့ပြီ မဟုတ်ပါလော။ လော့ချန်ကိုယ်တိုင်သည်ပင် ဖန်ရင်ရှုံ ယနေ့ တာဟဲစျေးမြို့တော် ခရီးစဉ်မှ ရရှိခဲ့သော ဆုလာဘ် တစ်ခု ဖြစ်သွားခဲ့လေပြီ။

လော့ချန် သူနှင့်ရင်းနှီးလှသော လခြမ်းတောင်ကြား မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာသည်အထိ စိတ်ထဲ၌ အိမ်မက်တစ်ခုလိုပင် ခံစားနေရဆဲ ဖြစ်သည်။

‘ဒီအတိုင်းပဲ.... ငါ ဂိုဏ်းသားတစ်ယောက် ဖြစ်သွားတာလား’

‘လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကပဲ ငါ့ရဲ့ ကျင့်ကြံမှုအတွက် စိတ်ပူနေခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို ဘယ်လို ပြန်တိုက်ရမလဲဆိုတာ ကြံစည်နေခဲ့တာ၊ အခုတော့ ရွှေအမြုတေ အကြီးအကဲရဲ့ တပည့်ဖြစ်သွားပြီ’

‘ကံကြမ္မာဆိုတာ တကယ်ကို ခန့်မှန်းရ ခက်တာပဲ’

လခြမ်းတောင်ကြား အဝင်ဝတွင် ရပ်နေရင်း လော့ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။ ယခုအချိန်တွင် လော့ထျန်အဖွဲ့အစည်းအတွက် သူ အပင်ပန်းခံ လုပ်ဆောင်ခဲ့သမျှသည် ရယ်စရာတစ်ခုလိုပင် ဖြစ်သွားခဲ့ရသည်။ သူ ထွက်သွားလိုက်ပါက ယခုမှ ခြေကုပ်ယူနေသော လော့ထျန်အဖွဲ့အစည်းလေးမှာ ပြိုလဲသွားရန် သေချာသလောက်နီးပါးပင်။

လော့ချန် ကောင်းကောင်းကြီး သဘောပေါက်သည်။ လော့ထျန်အဖွဲ့အစည်း၏ အဓိကမှာ ဝမ်ယွမ်၏ တိုက်ခိုက်ရေးစွမ်းရည် မဟုတ်သလို၊ ချီသန့်စင်အဆင့် ကျင့်ကြံသူ ရာနှင့်ချီ ရှိနေခြင်းလည်း မဟုတ်ပေ။ အဓိကမှာ ဆေးလုံးဖော်စပ်ပေးသော သူကိုယ်တိုင်ပင် ဖြစ်သည်။ သူသာ မရှိတော့လျှင် အမာခံ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မရှိသော လော့ထျန်အဖွဲ့အစည်းသည် အခြေခံ မရှိတော့သဖြင့် ပြိုလဲသွားရန်သာ ရှိတော့သည်။ ပျောက်ကွယ်ခြင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်လာနိုင်သည်။

“ငါ သူတို့ကို ဘယ်လို ရှင်းပြရမလဲ" ဟု စိတ်မသက်မသာ တွေးနေရင်းဖြင့် လော့ချန်သည် မြို့ရိုးငယ်ပေါ်မှ ‘လော့ထျန်းအဖွဲ့’ ဟူသော အနက်ရောင်နှင့် ရွှေရောင် ဆိုင်းဘုတ်ကြီးကို မော့ကြည့်လိုက်သည်။ ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများမှာ တောက်ပနေသည်။ မုရုံချင်းလျန်သည် သူမ စိတ်ကြိုက်အတိုင်း ငွေရောင် အနားသတ်များပင် ထည့်သွင်းပေးထားခဲ့ခြင်း ဖြစ်သည်။

"အဖွဲ့‌ခေါင်းဆောင်.... ပြန်လာပြီလားခင်ဗျာ”

"အဖွဲ့‌ခေါင်းဆောင်.... ပြန်ရောက်လာပြီ”

လော့ချန် စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။

"အားလုံးပဲ.... ပင်ပန်းနေကြပြီနော်"

ညစောင့်ကျင့်ကြံသူ နှစ်ဦးက ပြုံးရွှင်စွာဖြင့် "မပင်ပန်းပါဘူး အဖွဲ့‌ခေါင်းဆောင်” ဟု ပြန်ဖြေကြသည်။ သို့သော် မပင်ပန်းဘဲ နေပါမည်လော။ လခြမ်းတောင်ကြားသည် ဝိညာဉ်ကြောကြီး တစ်ခု မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် ချီစွမ်းအား အနည်းငယ် ထွက်သော နေရာလေးတစ်ခု ရှိသော်လည်း လော့ချန် ၎င်းကို ပိတ်ဆို့ထားခဲ့သည်။ ကျန်သည့်လူများမှာမူ အပြင်သို့ ယိုစိမ့်ထွက်လာသော အနည်းငယ်မျှသော ချီစွမ်းအားကိုသာ အားကိုးနေကြရသည် မဟုတ်ပါလော။

ညစောင့်ကျင့်ကြံသူများ၏ နှုတ်ဆက်မှုကို ဖြတ်ကျော်ကာ လော့ချန်သည် လေးလံသော စိတ်နှလုံးဖြင့် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ စိမ်းလန်းသော သစ်ပင်ရိပ်အောက်တွင် တစ်စုံတစ်ယောက်က သူ့အား စောင့်ကြိုလျက်ရှိသည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၁၄) - နှုတ်ဆက်ခဲ့ပါတယ်.... တာဟဲ စျေးမြို့တော်ရေ

"ပြန်ရောက်လာပြီလား...."

"အင်း...."

"မြောင်ဝမ်က မင်းကို အလောတကြီး လာခေါ်သွားတာဆိုတော့ တစ်ခုခု ထူးခြားလို့လား" ဟု ဝမ်ယွမ်က မျက်မှောင်ကြုတ်လျက် အလျင်စလိုမေးလိုက်သည်။

"ငါကြားတာတော့ တာဟဲစျေးမြို့တော်ရဲ့ အောက်ဘက် မိုင်တစ်ထောင်လောက်အကွာမှာ အကြီးအကျယ် တိုက်ပွဲဖြစ်တယ်ဆိုပဲ…. အဲဒါ မင်းနဲ့တော့ မပတ်သက်ပါဘူးနော်"

ဝမ်ယွမ် စိုးရိမ်တကြီး ထပ်မေးပြန်သည်။

လော့ချန်က ခါးသီးစွာ ပြုံးလိုက်ပြီး "မပတ်သက်ဘဲ နေမလားဗျာ" ဟု ဆိုကာ ဖြစ်ကြောင်းကုန်စင်ကို ဝမ်ယွမ်အား ဖောက်သည်ချလိုက်တော့သည်။

ဖန်ရင်ရှုံက လော့ချန်အား တပည့်အဖြစ် လက်ခံလိုက်ပြီး မနက်ဖြန် မွန်းလွဲပိုင်းတွင် ခေါ်ဆောင်သွားတော့မည်ဟူသော သတင်းကြောင့် ဝမ်ယွမ်မှာ ဆွံ့အသွားပြီး အကြာကြီး တိတ်ဆိတ်သွားတော့သည်။ အချိန်အတော်ကြာမှ သူ ထူးဆန်းသော မျက်နှာပေးဖြင့် လော့ချန်ကို စိုက်ကြည့်ကာ "မင်း တစ်ချိန်က ပြောခဲ့တဲ့ စကားတစ်ခွန်းကို ငါ အခုမှ ပြန်သတိရတယ်" ဟု ဆိုလေသည်။

"ဟင်.... ဘာစကားလဲဗျ"

လော့ချန်က စိတ်လေနေဟန်ဖြင့် ပြန်မေးလိုက်သည်။

ဝမ်ယွမ်က သက်ပြင်းချကာ အတိတ်ကို ပြန်ပြောင်းသတိရနေဟန်ဖြင့် ဆိုသည်။

"အရင်တုန်းက ငါ မင်းကို ဖိုရှန်းဂိုဏ်း ဌာနချုပ်ဆီ ခေါ်သွားတုန်းက မီရှုဟွာက မင်းကို သဘောကျပြီး ဂိုဏ်းထဲ အတင်းဝင်ခိုင်းခဲ့တာလေ၊ အဲဒီတုန်းက မင်းရဲ့ လွတ်လပ်ခွင့်ကို ငါကပဲ ဖျက်ဆီးလိုက်သလို ခံစားရလို့ ငါ တကယ့်ကို အားနာနေခဲ့တာ၊ ဒါပေမဲ့ မင်းက ငါ့ကို ပြန်နှစ်သိမ့်ခဲ့တယ်လေ၊ မင်းပြောတာက.... မင်းဟာ ကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေကို ရှာဖွေနေသရွေ့တော့ တစ်နေ့မဟုတ် တစ်နေ့ လူသတိထားမိခံရမှာပဲတဲ့၊ အဲဒါဖိုရှန်းဂိုဏ်း မဟုတ်ရင်တောင် တာကျန်းဂိုဏ်းဖြစ်ဖြစ်၊ လီမျိုးနွယ်စု ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂိုဏ်းကြီး ခြောက်ဂိုဏ်းထဲက တစ်ခုခု ဖြစ်ဖြစ်ပေါ့.... တဲ့"

"အဲဒီတုန်းကတော့ ငါ မင်းကို အလိုက်သင့် ပြန်ပြောပေးခဲ့တာပဲ ရှိတာ၊ ဒါပေမဲ့ အခု ပြန်ကြည့်တော့ မင်းပြောတာ တကယ်မှန်သွားတာပဲ…. နောက်ဆုံးတော့ ဂိုဏ်းကြီး ခြောက်ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းက ရွှေအမြုတေ အကြီးအကဲ ကိုယ်တိုင် မင်းကို လာခေါ်တော့တာပဲ မဟုတ်လား"

ဝမ်ယွမ်၏ စကားများကြောင့် လော့ချန် သတိပြန်ဝင်လာပြီး ခါးသီးစွာ ရယ်မောလိုက်သည်။

"ကျွန်တော့်စကားက ဒီလောက်အထိ မှန်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

ထို့နောက် သူ သစ်ပင်ရိပ်မှ ထွက်လာကာ တောင်ကျစမ်းချောင်းကို သွယ်တန်းထားသော ရေကန်လေးနားသို့ လျှောက်သွားပြီး လရောင်အောက်တွင် ငေးမောရပ်နေလိုက်သည်။

"အရင်က မီရှုဟွာ၊ ပြီးတော့ မြောင်ဝမ်…. အခုတော့ ကျောက်စိမ်းအိုးဓားဂိုဏ်းက ဖန်ရင်ရှုံ.... ဟဲဟဲ.... လော့ချန်ဆိုတဲ့ ကျွန်တော်ကတော့ မသိလိုက်မသိဘာသာနဲ့ သခင်သုံးယောက်ရဲ့ ကျွန် ဖြစ်သွားရတာပေါ့"

လော့ချန်၏ လှောင်ပြောင်သံကို ကြားရသောအခါ ဝမ်ယွမ်က ခေါင်းခါလျက် "ဘာလို့ အဲဒီလို တွေးနေရတာလဲကွာ၊ အဲဒီ ရွှေအမြုတေ အကြီးအကဲက မင်းကို တကယ်ပဲ မြေတောင်မြှောက်ပေးချင်တာ ဖြစ်မှာပါ၊ မင်းပဲ ပြောတယ်လေ.... သူက မင်းကို တပည့်ကောင်းတစ်ယောက်လို့ ခေါ်တယ်ဆိုတာ…. အဲ့ဒါ မင်းအပေါ် စေတနာရှိလို့ပေါ့" ဟု နှစ်သိမ့်လေသည်။

"တကယ်ပဲ အဲဒီလိုထင်လား အစ်ကိုဝမ်" ဟု လော့ချန်က လှည့်ကြည့်ကာ မေးလိုက်သည်။

ဝမ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

လော့ချန်၏ အခြေအနေ တစ်ခုခု မှားယွင်းနေသည်ကို သူ သတိပြုမိသည်။ လော့ချန်သည် မည်မျှပင် ခက်ခဲသော အခြေအနေနှင့် ကြုံရပါစေ ပျော်အောင်နေတတ်သူ ဖြစ်သည်။ မီရှုဟွာ သေဆုံးချိန် သို့မဟုတ် မြောင်ဝမ်၏ ချုပ်ကိုင်မှုကို ခံရချိန်တွင်ပင် သူ ဘယ်သောအခါမှ အရှုံးမပေးခဲ့ပေ။ သို့သော် ယခုမူ သူသည် လမ်းပျောက်နေသူ တစ်ဦးကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ အနာဂတ်အတွက် ဝေခွဲမရဖြစ်နေခြင်းလား သို့မဟုတ် ရွှေအမြုတေ ကျင့်ကြံသူများ ရှေ့တွင် ဘာမှမတတ်နိုင်သည့် ခံစားချက်ကြောင့်ပေလော ဟု ဝမ်ယွမ် တွေးတောနေမိသည်။ သူ သက်ပြင်းချကာ လော့ချန်၏ ပုခုံးကို ပုတ်လျက် ဆိုသည်။

"ကောင်းတာလေးပဲ တွေးစမ်းပါ…. အနည်းဆုံးတော့ အဲဒီလူက ရက်ရောတဲ့ အကြီးအကဲ တစ်ယောက်ပဲ မဟုတ်လား"

"ဒါတော့ ဟုတ်တယ်ဗျ"

လော့ချန်လည်း ထိုအချက်ကို လက်ခံလိုက်သည်။ သူ ချီသန့်စင်ဆေးလုံး တစ်ပုလင်းကို ထုတ်ကာ ဝမ်ယွမ်အား ကမ်းပေးလိုက်သည်။

"ဒါ အကြီးအကဲ ပေးထားတဲ့ ဒုတိယအဆင့် ဆေးလုံး တွေပဲ၊ အစ်ကိုဝမ်အတွက် အသုံးဝင်မှာပါ…. ကျွန်တော်မသွားခင် အစ်ကိုကြီးကို ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်လို့ သဘောထားလိုက်ပါ" ဟု စိတ်မကောင်းစွာ ဆိုလေသည်။

ဝမ်ယွမ် ထိုပုလင်းကို ကြည့်လိုက်သော်လည်း လှမ်းမယူပေ။

လော့ချန်က ရယ်မောလျက် "ကျွန်တော့်အတွက် စိတ်မပူပါနဲ့ဗျ…. ဂိုဏ်းကြီးထဲ ရောက်သွားရင် ကျွန်တော့် အရည်အချင်းနဲ့ဆို ဒီလိုဆေးလုံး တစ်ပုလင်း၊ နှစ်ပုလင်းကတော့ ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်က နာမည်ကျော် ဆေးဖော်ဆရာပဲ ဥစ္စာ” ဟု ဆိုကာ ဝမ်ယွမ်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်တော့သည်။

"အေးပါကွာ.... နာမည်ကျော် ဆေးဖော်ဆရာကြီးရယ်"

ဝမ်ယွမ်က ရယ်လျက် ပြန်နောက်လိုက်သည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ၏ လက်ထဲရှိ ဆေးပုလင်းလေးမှာ အလွန်ပင် လေးလံနေသလို သူ ခံစားလိုက်ရသည်။

"အစ်ကိုဝမ်ရာ.... နှမြောစရာပဲဗျာ၊ ကျွန်တော် ဒုတိယအဆင့် သွေးမိစ္ဆာဆေးလုံး ဖော်နည်းကို ရှာဖွေလို့ ပြီးခါနီးမှ.... အစ်ကို့အတွက် ဖော်မပေးလိုက်ရဘူး" ဟု လော့ချန်က နှမြောတသစွာ ဆိုသည်။

ကျောက်စိမ်းအိုးဓားဂိုဏ်းသည် တာဟဲစျေးမြို့တော်မှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည်။ ယခု နှုတ်ဆက်ခွဲခွာပြီးလျှင် မည်သည့်အချိန်မှ ပြန်တွေ့ကြမည်ကို မည်သူမျှ မသိနိုင်ပေ။

ဝမ်ယွမ် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာခဲ့ပေ။ သူသည် လော့ချန်နှင့်အတူ လခြမ်းတောင်ကြားအတွင်း ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း လော့ချန်၏ စကားများကိုသာ စိတ်ရှည်လက်ရှည် နားထောင်ပေးနေမိတော့သည်။

"ကျွန်တော် ထွက်သွားရင် လော့ထျန်း အဖွဲ့က ဘာဖြစ်သွားမလဲ...."

"အစ်ကိုဝမ်.... အဖွဲ့ကို တာဝန်ယူပေးမလား၊ အစ်ကို အရင်က လူ့လောကမှာ ဂိုဏ်းခေါင်းဆောင် လုပ်ခဲ့ဖူးတာပဲ၊ အစ်ကိုသာ စိတ်ဝင်စားမယ်ဆိုရင် ဒီအဖွဲ့ချုပ်ကို သုံးပြီး ကျင့်ကြံဖို့ ကုန်ကြမ်းတွေ စုဆောင်းလို့ ရတာပဲ...."

"စိတ်မဝင်စားဘူးဆိုလဲ ဟုတ်ပါပြီလေ.... အစ်ကိုက အခု ကျင့်ကြံခြင်းထဲမှာပဲ စိတ်နှစ်ထားတာကိုး...."

"ဒီမြေနေရာက.... အရင်က ဒီလိုမဟုတ်ဘူးဗျ၊ ကျွန်တော် မှတ်မိသေးတယ်၊ ဒါက ပထမအဆင့် ဝိညာဉ်စိုက်ခင်းပဲ၊ ဆောင်းတွင်းရောက်ရင် ယွမ်တုန်းရှန်းက နွေဦးအစီအရင်ကို ခင်းကျင်းပေးတတ်တာ၊ တကယ့်ကို နွေးထွေးနေတာပဲ၊ တစ်ခါက ကျွန်တော် ဒီထဲမှာ စာအုပ်ဝင်ဖတ်နေလို့ သူ ကျွန်တော့်ကို မောင်းထုတ်ဖူးသေးတယ်၊ ဆေးဖော်ဆောင်အတွက်လည်း ကျွန်တော် တော်တော် အပင်ပန်းခံခဲ့ရတာ၊ အဘိုးကြီးမီ ရှိတုန်းက သူ့ဆီကနေ ကုန်ကြမ်းတွေ အများကြီး နှိုက်ပြီးမှ ဒီလောက်အထိ စည်ကားအောင် လုပ်နိုင်ခဲ့တာ...."

"အခုတော့.... ဘယ်သူတွေက ဒါကို လာပြီး အလကား သုံးသွားကြမလဲ မသိဘူး...."

"နေပါဦး.... မနက်ဖြန်ကျရင် ဒေါ်လေးမုရုံနဲ့ မိန်းကလေးချိုင်ယီကို ကျွန်တော် ဘယ်လို မျက်နှာပြရမလဲ...."

လော့ချန်၏ စိတ်ညစ်ဟန် ညည်းတွားနေပုံကို ကြည့်ကာ ဝမ်ယွမ် နည်းနည်းရီချင်သွားလေသည်။

"တကယ်တော့ ကျွန်တော် မသွားချင်သေးဘူးဗျာ…."

"ဒီခရီးက အခွင့်အရေးရော၊ အန္တရာယ်ရော ဒွန်တွဲနေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ အခွင့်အရေးက ပိုများနိုင်တာပေါ့လေ၊ ပိုပြီး ကြီးမားတဲ့ နေရာတစ်ခုကို ရောက်မှာဆိုတော့…. ဒါပေမဲ့ ကျွန်တော်က အဆင့်နိမ့် ကျင့်ကြံသူတွေကြားမှာပဲ နေသားကျနေတာ၊ ဂိုဏ်းသားဘဝကို အကျွမ်းတဝင် မရှိဘူး၊ ဖန်ရင်ရှုံမှာ ရန်သူတွေ ရှိမရှိလည်း ကျွန်တော် မသိဘူး၊ တကယ်လို့ သူ့ရန်သူတွေက ကျွန်တော့်လို ချီသန့်စင်အဆင့် ကျင့်ကြံသူလေးကို ရန်ရှာရင် ဘယ်လိုလုပ်မလဲ...."

"ဒါပေမဲ့.... သွားရင် သူတို့ အခြေတည်ဆေးလုံးတစ်လုံးတော့ အလကား ပေးမှာပေါ့နော်၊ မမရှို့ရှို့ ဂိုဏ်းဝင်တုန်းကလည်း တစ်လုံး ပေးမယ်လို့ ကတိပေးခဲ့တာပဲ၊ မမရှို့ရှို့လည်း အခု အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီလား မသိဘူး…."

"အစ်ကိုဝမ်.... အစ်ကိုရော ဘယ်လို ထင်...."

စကားမဆုံးခင်ပင် ဝမ်ယွမ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"တော်ပြီ.... သွားနားတော့၊ မင်းရဲ့ စိတ်တွေ အရမ်း ရှုပ်ထွေးနေပြီ"

လော့ချန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ လက်လျှော့လိုက်တော့သည်။ သူသည် မီရှုဟွာ တည်ဆောက်ပေးခဲ့သော ကျောက်တုံးအိမ်လေးအတွင်းသို့ ဝင်ကာ အစီအရင်ကို အသက်သွင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်လုပ်နေကျ ကျင့်ကြံခြင်းကို ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။

....

နောက်တစ်နေ့၊ လော့ထျန်းအဖွဲ့ချုပ်၌ ဖြစ်သည်။

အသစ်တည်ဆောက်ထားသော လင်းစန္ဒာခန်းမအတွင်း၌ လော့ချန် သူ၏ ဆုံးဖြတ်ချက်ကို အဖွဲ့ချုပ် အကြီးအကဲများအား တရားဝင် ကြေညာလိုက်သည်။ အားလုံးမှာ အလွန်ပင် အံ့အားသင့်သွားကြသည်။ သာမန် ကျင့်ကြံသူတစ်ဦးကို ရွှေအမြုတေအဆင့် အကြီးအကဲ တစ်ဦးက ကိုယ်တိုင် အသိအမှတ်ပြုခြင်းမှာ မကြားစဖူးပင်။ သို့သော် လော့ချန်၏ ဆေးလုံးဖော်စပ်နိုင်စွမ်းကို သိကြသူများ ဖြစ်သဖြင့် ဖြစ်သင့်သည်ဟု ယူဆကာ ဝိုင်းဝန်း ဂုဏ်ပြုကြလေသည်။

လော့ချန်သည် လူတိုင်း၏ ဂုဏ်ပြုစကားကို လက်ခံလိုက်သည်။ သူတို့ထဲမှ အများစုမှာ စိတ်ရင်းမှန်ဖြင့် ပြောဆိုနေကြခြင်း ဖြစ်သည်။ ရွှေခန်းမဆောင် အကြီးအကဲ ကျန်းဝမ် တစ်ဦးသာ နှမြောတသ ဖြစ်နေဟန်ရှိသော်လည်း လော့ချန်က ထိပ်တန်း အံ့ဖွယ်တစ်သောင်းဆေးလုံး ငါးပုလင်း ပေးလိုက်သောအခါတွင်မူ သူသည်လည်း စိတ်ရင်းဖြင့် မျက်ရည်များပင် ထွက်လာတော့သည်။

လော့ချန်သည် ဂုဏ်ပြုစကားများ နောက်ကွယ်ရှိ စိုးရိမ်ပူပန်မှုများကိုလည်း မြင်တွေ့နေရသည်။ သူ မရှိတော့လျှင် လော့ထျန်းအဖွဲ့ချုပ်မှာ အနှစ်သာရမရှိသော အခွံတစ်ခုသာ ဖြစ်ကျန်ရစ်တော့မည်ကို လူတိုင်း သိကြသည်။

"အရာအားလုံး ပျက်စီးသွားမှာ မဟုတ်ပါဘူး…."

လော့ချန်က အားပေးရင်း ပြုံးလျက် "ဒီမနက် ခင်ဗျားတို့အတွက် တချို့အရာတွေကို စဉ်းစားထားတာရှိတယ်…. ဒါက အသုံးဝင်မှာပါ" ဟု ဆိုသည်။

"မမရှနဲ့ ရှောင်ယွဲ့ ခဏလာပေးပါဦး"

အလောတကြီး ရောက်လာသော ဖုန်းရှနှင့် ရှောင်ယွဲ့တို့မှာ လန့်ဖျပ်ကာ မတ်တတ်ရပ်လိုက်ကြသည်။

လော့ချန်က ထိုင်ရန် လက်ဟန်ပြလိုက်ပြီး ဆိုသည်။

"ကျောက်စိမ်းအိုးဓားဂိုဏ်းကို အပြစ်ပုံချခဲ့တဲ့ မိစ္ဆာကျင့်ကြံသူကို နှိမ်နင်းပြီးပြီဆိုတော့ ပြိုင်ပွဲကျင်းပနေကျ စင်မြင့်လည်း မကြာခင် ပြန်ဖွင့်တော့မှာပါ၊ အဲဒီအခါကျရင် မမရှနဲ့ ရှောင်ယွဲ့တို့လည်း နို့လက်ဖက်ရည်နဲ့ မုန့်လုပ်ငန်းတွေကို ပြန်စလို့ ရပြီ၊ ကျွန်တော် အရင်က စမ်းသပ်ထားတဲ့ နည်းစနစ် အချို့လည်း ရှိတယ်၊ ဒါတွေကို သေချာ ထုတ်လုပ်ပြီး ရောင်းမယ်ဆိုရင် အမြတ်အများကြီး ရနိုင်ပါတယ်" ဟု လော့ချန်က ပြုံးလျက် လျှို့ဝှက်နည်းလမ်း အချို့ကို မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့ထံ ပေးလိုက်သည်။

၎င်းတို့မှာ ဝိညာဉ်သစ်သီး ရေခဲမုန့် ၊ ရေခဲခြစ် နှင့် မိစ္ဆာအသားကင် စသည်တို့ ဖြစ်ကြသည်။ အဆုံးအဖြတ်စင်မြင့် ပြန်ပွင့်လာသည်နှင့် တစ်ပြိုင်နက် လူကြိုက်များမည်မှာ အမှန်ပင်။

"ဒါတွေတင်မကသေးဘူး...." ဟု ဆိုကာ ကြိုတင် ပြောကြားထားသော တွမ်ဖုန်းဘက်သို့ လော့ချန် လှည့်ကြည့်လိုက်ရာ သူကလည်း ခေါင်းညိတ်ပြသည်။

"ဆေးလုံးဖော်စပ်တာ မလုပ်နိုင်ရင်တောင် မှော်လက်နက်ပြင်ဆင်တာကို လုပ်လို့ ရတာပဲ၊ အစ်ကိုတွမ်က မှော်လက်နက်ပြင်တဲ့ နေရာမှာ ကျွမ်းကျင်တော့ တပည့်အချို့ကို သင်ပေးလို့ ရတယ်…. အဓိက အမြတ်ကတော့ တစ်ပတ်ရစ် မှော်လက်နက်တွေကို ဝယ်ပြီး ပြန်ရောင်းတဲ့ နေရာကနေ ရမှာပါ၊ ဒါက ကျွန်တော့် အစီအစဉ်ထဲမှာ ပါပြီးသားပါ"

လော့ချန် သူတို့၏ အနာဂတ်အတွက် သေချာစွာ စဉ်းစားပေးထားသည်ကို ကြားရသောအခါ လူတိုင်း၏ စိုးရိမ်မှုများ လျော့ပါးသွားကြသည်။ သူတို့၏ အဖွဲ့ခေါင်းဆောင်အပေါ်ထားသော လေးစားမှုမှာလည်း ပို၍ တိုးလာသည်။ ကိုယ်တိုင် လမ်းကောင်းတစ်ခုကို လျှောက်တော့မည် ဖြစ်သော်လည်း လက်အောက်ငယ်သားများကို ပစ်မထားခဲ့သည့် သူတို့၏ အဖွဲ့ခေါင်းဆောင်မှာ ဤကျင့်ကြံခြင်းလောကတွင် အလွန်ပင် ရှားပါးလှသော လူစားမျိုး ဖြစ်သည်။

လော့ချန်က ဆက်လက်၍ "ဒါပါပဲ…. ကျွန်တော် မသွားခင် တာဝန်ခံမြောင်နဲ့ စကားပြောပြီး လော့ထျန်း အဖွဲ့ချုပ်ကို စောင့်ရှောက်ပေးဖို့ ပြောခဲ့ပါ့မယ်၊ အစ်ကိုဝမ်ရဲ့ အစွမ်းနဲ့ဆိုရင် ခင်ဗျားတို့ တာဟဲစျေးမြို့တော်မှာ အဆင်ပြေပြေ နေနိုင်ကြမှာပါ" ဟု ဆိုကာ မုရုံချင်းလျန်ထံမှ သိုလှောင်အိတ်တစ်လုံးကို ယူလိုက်သည်။ ၎င်းမှာ ပြီးခဲ့သော ရက်များအတွင်း ကျောက်စိမ်းအမြုတေဆေးလုံး ရောင်းရငွေများ ဖြစ်သည်။ လော့ချန်သည် သူရသင့်သော ဝိညာဉ်ကျောက်တုံး ၅၀၀၀ ခန့်ကိုသာ ယူပြီး ကျန်ရှိသမျှကို အဖွဲ့ချုပ်အတွက် ချန်ထားခဲ့သည်။

လော့ချန် မတ်တတ်ရပ်လိုက်သောအခါ လူတိုင်းက လိုက်ပါ မတ်တတ်ရပ်ကြပြီး အဖွဲ့ချုပ် အဝင်ဝသို့ လိုက်ပါ ပို့ဆောင်ကြလေသည်။ အဖွဲ့ချုပ်အတွင်းရှိ အခြားကျင့်ကြံသူများမှာ ဘာဖြစ်နေသည်ကို မသိကြသေးသော်လည်း အကြီးအကဲများ၏ မျက်နှာရှိ နှမြောတသမှုများကို မြင်ရသောအခါ တစ်ခုခု ဖြစ်တော့မည်ကို ရိပ်မိနေကြသည်။

လော့ချန် အဖွဲ့ချုပ် တံခါးဝမှ ထွက်လာရင်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ၊ ရင်းနှီးသော မျက်နှာများကို တစ်ဦးပြီးတစ်ဦး မြင်တွေ့လိုက်ရသည်။ ဝမ်ယွမ်၊ ဒေါ်လေးမုရုံ၊ ချင်လျန်ချန်း၊ ကူချိုင်ယီ၊ တွမ်ဖုန်း၊ အဘွားယွမ်၊ ကျန်းဝမ်၊ ဖုန်းရှ၊ ရှောင်ယွဲ့.... ထို့အပြင် တံခါးထောင့်နားတွင် ရပ်နေသော ချွီလင်ကျွင်းနှင့် ထန်ချွမ် တို့ကိုပါ မြင်လိုက်ရသည်။

"ခေါင်းဆောင်…. မသွားပါနဲ့လားဗျာ….”

လူအုပ်ကြားထဲမှ ကျင့်ကြံသူ တစ်ဦးက လှမ်းအော်သည်။

သို့သော် လော့ချန်မှာ မကြားချင်ယောင်ဆောင်ကာ လက်ပြနှုတ်ဆက်လျက် နောက်သို့ လှည့်မကြည့်ဘဲ ပျံသန်းထွက်ခွာလာခဲ့တော့သည်။ လေထဲတွင် ထိုသူတို့၏ ဆုတောင်းသံများကို သူ ကြားနေရဆဲပင်။

"နှုတ်ဆက်ခဲ့ပါတယ်.... တာဟဲ စျေးမြို့တော်ရေ”

လော့ချန်သည် ကောင်းကင်ယံမှနေ၍ အောက်ဘက်ရှိ ရင်းနှီးသော မြင်ကွင်းများကို ငုံ့ကြည့်နေမိသည်။ ဤနေရာမှာ သူ ရုန်းကန်ခဲ့ရသော နေရာ၊ အစပိုင်းတွင် ကမ္ဘာခြားရောက်လာ၍ ဝေခွဲမရ ဖြစ်ခဲ့ရသော နေရာ၊ ကျင့်ကြံခြင်း၏ အနက်အဓိပ္ပာယ်ကို စတင်သိရှိခဲ့သော နေရာ ဖြစ်သည်။ ပထမဆုံး ဆေးလုံးဖော်စပ်နိုင်ခဲ့စဉ်က ဝမ်းသာမှု၊ အဆင့်တက်စဉ်က ရင်ခုန်မှု၊ မိမိထက် အဆင့်မြင့်သူကို တိုက်ခိုက်ခဲ့ရစဉ်က ထိတ်လန့်မှုနှင့် မီရှုဟွာ၏ ဖိနှိပ်မှုကို ခံခဲ့ရစဉ်က နာကျည်းမှု.... အရာအားလုံးမှာ မကြာခင်မှာပင် အတိတ်မှ မှတ်တမ်းများ ဖြစ်သွားတော့မည်။

သူသည် မြင်ကွင်းများကို မမေ့ချင်သဖြင့် ဖြည်းညှင်းစွာ ပျံသန်းနေမိသည်။ ရုတ်တရက် လော့ချန် ရပ်လိုက်သည်။ သူ စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ လှည့်ကြည့်ကာ "ထပ်မလိုက်ကြပါနဲ့၊ တော်ကြတော့ဗျာ.... ပြန်ကြတော့” ဟု အော်ပြောလိုက်သည်။

အောက်ဘက် လမ်းကြားတစ်ခုထဲမှ လူရိပ်နှစ်ခု ထွက်လာသည်။ လျိုချန်းက ရယ်မောလျက် ခေါင်းကုတ်နေပြီး ကျိုးယွမ်လီကမူ တည်ကြည်စွာဖြင့် "ခေါင်းဆောင် တာဟဲစျေးမြို့တော်ကနေ မထွက်သွားသေးသရွေ့တော့ ခေါင်းဆောင်ကို ကာကွယ်ပေးဖို့က ကျွန်တော်တို့ တာဝန်ပဲ" ဟု ဆိုသည်။

"မင်းတို့ နှစ်ယောက် ပေါင်းတာထက် ငါ ပိုသန်မာတယ်ဆိုတာ မသိကြဘူးလား"

လော့ချန်က ပြန်အရွှန်းဖောက်ရင်း သက်ပြင်းချလိုက်သည်။ ကျိုးယွမ်လီ ဘာမှ ပြန်မပြောပေ။

"ထားလိုက်ပါတော့.... လုပ်ချင်သလိုသာ လုပ်ကြတော့" ဟု ဆိုရင်း လော့ချန် ခေါင်းခါလျက် မြို့တွင်းပိုင်းဆီသို့ ဆက်လက် ပျံသန်းလာခဲ့သည်။ မွန်းလွဲပိုင်း ရောက်တော့မည် ဖြစ်သဖြင့် သူ့ ဆရာသစ်ကို မစောင့်ခိုင်းချင်ပေ။ သူနေခဲ့သော အိမ်လေးဆီသို့ ပြန်သွားရန်လည်း မလိုတော့ပေ။ ဖုန်းရှက သူ၏ ပစ္စည်းများကို မနက်ကတည်းက သယ်လာပေးခဲ့ပြီး ဖြစ်သည်။ လော့ချန် ပျံသန်းနေရင်း ကျိုးယွမ်လီကို မှာကြားလိုက်သည်။

"ယွမ်လီ.... ငါသွားရင် လင်ကျွင်းကို စောင့်ရှောက်ပေးပါဦး၊ အဲဒီကလေးကို ငါ ဘယ်လောက် အလေးထားလဲ မင်း သိပါတယ်၊ သူ့ကို ဆေးဖော်တဲ့သူ ဖြစ်အောင် လေ့ကျင့်ပေးချင်ခဲ့တာ၊ ချွီဟန်ချန်းကတော့ အသက်သိပ်မရှည်တော့ဘူး ထင်တယ်…. အရင်က ဆေးဖော်အိုးပေါက်ကွဲတုန်းက သူ ဒဏ်ရာ အပြင်းအထန် ရခဲ့တာ၊ သူ မရှိတော့ရင် ချွီမျိုးနွယ်စုမှာ ကျင့်ကြံသူ မရှိတော့ဘူး၊ အဲဒီအခါကျရင် လင်ကျွင်းအတွက် ခက်ခဲလိမ့်မယ်"

ကျိုးယွမ်လီက စိတ်ချရန် အသံတိုးတိုးဖြင့် ပြန်ဖြေသည်။ သူ လော့ချန်၏ စကားကို နှလုံးသွင်းထားမည်မှာ အမှန်ပင်။ လော့ချန်၏ ခန့်မှန်းချက်အရ ကျိုးယွမ်လီသည် ချီသန့်စင်အဆင့် ၉ သို့ ရောက်ခါနီးပြီ ဖြစ်သဖြင့် သူသာ စောင့်ရှောက်ပေးမည်ဆိုလျှင် လင်ကျွင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။

မြို့တွင်း တံခါးဝသို့ ရောက်သောအခါ နောက်မှ လိုက်လာသူ နှစ်ဦးမှာ ရပ်တန့်သွားကြသည်။ သူတို့၏ တာဝန်မှာ ဤနေရာတွင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ လော့ချန် နောက်သို့ လှည့်မကြည့်ဘဲ လက်ပြလိုက်ပြီး "သွားပြီဗျို့" ဟု ဆိုကာ မြို့တွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်။

သို့သော် သူ အတွင်းမြို့ထဲသို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင်....

အတွင်းမြို့အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသုံးခု နေရောင်အောက်တွင် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"ပြေးကြစမ်းဟေ့"

All Chapters