အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း (၂၁၅) - တစ္ဆေဘုရင်၏ အိမ်ပြန်လမ်း
မြို့တွင်းပိုင်းတွင် နေရောင်ခြည်မှာ ထွန်းလင်းတောက်ပနေဆဲဖြစ်ပြီး ဖြာကျလာသော ရွှေရောင်အလင်းတန်းများက လောကကြီးကို အေးချမ်းသာယာလှသည်ဟု ထင်မှတ်မှားစေသည်။ မြို့သူမြို့သားများမှာလည်း နိမိတ်ဆိုးတို့၏ အရိပ်အယောင်ကိုပင် မရိပ်မိဘဲ မိမိတို့၏ နေ့စဉ်ဘဝများကို ပုံမှန်အတိုင်း အေးအေးလူလူ ဖြတ်သန်းနေကြသည်။
သို့သော်လည်း ကြိုတင်သတိပေးချက် တစ်စုံတစ်ရာ မရှိဘဲ အေးစိမ့်ခြောက်ခြားဖွယ် ကောင်းလှသော အရှိန်အဝါ သုံးခုသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာကာ၊ အားကောင်းလှသော ဒီရေလှိုင်းကြီးအလား တစ်မြို့လုံးကို ဝါးမြိုလွှမ်းခြုံသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဟီးဟီးဟားဟားနှင့် ပြင်းထန်သော ချီစွမ်းအား လှိုင်းလုံးကြီးများမှာလည်း ရူးသွပ်စွာ ရုန်းကြွသောင်းကျန်းလာသည်။
မည်းမှောင်နေသော အလင်းတိုင်ကြီးသုံးတိုင် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ တစ်ခုချင်းစီမှာ ပေ ၅၀ ကျော်ခန့် ကျယ်ဝန်းလှ၏။ အလင်းတိုင်များ ဘေးပတ်လည်တွင် ရေတွက်၍မရနိုင်သော ဝိညာဉ်တစ္ဆေများ သွေးပျက်ဖွယ် ပျံသန်းထွက်လာကြပြီး လွတ်လပ်ခွင့်ရသည့်အတွက် ဝမ်းသာအားရ ဟစ်အော်ငိုကြွေးနေကြသည်။
တစ္ဆေများ၏ သွေးပျက်ဖွယ် အော်ဟစ်သံနှင့် ငိုကြွေးသံများသည် ခဏချင်းမှာပင် မြို့တော်၏ တစ်ခုတည်းသော နိမိတ်ဆိုး ဖြစ်လာတော့သည်။ ကျင့်ကြံသူများစွာ၏ အလန့်တကြား အော်ဟစ်သံများပင်လျှင် ထိုနိမိတ်မကောင်းသော အသံဗလံများအောက်တွင် အစအနမကျန် နစ်မြုပ်သွားရသည်။
"မဖြစ်နိုင်တာ...." ဟု လော့ချန် တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
သတ္တုများကို အားဖြင့် ဆွဲဖြဲလိုက်သည့်အလား ကျယ်လောင် ပြင်းထန်လှသော အသံကြီးတစ်သံ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
"လူယုတ်မာတွေ...."
ဒေါသတကြီး အော်ဟစ်သံတစ်သံ ဖီးနစ်ကျတောင်ပေါ်မှ ဟိန်းထွက်လာခဲ့သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ပြင်းထန်သော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာ၏။
မြို့ပြင်ပိုင်းတွင် လော့ချန်သည် ကျိုးယွမ်လီနှင့် လျိုချန်းတို့ နှစ်ယောက်ကို ဆွဲကာ အသည်းအသန် နောက်ဆုတ်နေသည်။ ထိုဒေါသတကြီး အော်ဟစ်သံကို ကြားရသောအခါ သူ၏ ကိုယ်မှာ အလိုအလျောက် တောင့်တင်းသွားပြီး နောက်သို့ လှည့်ကြည့်မိသည်။
ဖီးနစ်ကျတောင်ထိပ်တွင် ရွှေရောင် ဓားချီတစ်ခုသည် ကောင်းကင်သို့ ပျံတက်ရန် ပြင်ဆင်နေသည်။ သို့သော်လည်း ထိုဓားချီ ထိုးထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ ဧရာမ လက်ဝါးကြီးတစ်ဖက်က တောင်ပတ်ဝန်းကျင်ကို ဖိနှိပ်ချလိုက်တော့သည်။
ဝုန်း....
ရွှေရောင်ဓားချီမှာ ဖီးနစ်ကျတောင်ပေါ်သို့ အားဖြင့်ရိုက်ချခြင်း ခံလိုက်ရသည်။ ထိုသို့ အနှောင့်အယှက် ပေးလိုက်သောကြောင့် မည်းမှောင်သော အလင်းတိုင်သုံးခုမှာ ပိုမို ကြီးထွားလာပြီး မြေပြင်ကို ဧရာမ ချောက်ကြီးများအဖြစ် ကွဲအက်သွားစေလိုက်သည်။
"ဘယ်သူက တစ္ဆေဘုရင်ကို လွှတ်ပေးရဲတာလဲကွ….”
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ တောက်ပလှသော ရွှေရောင်ဓားချီများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဧရာမ လက်ဝါးကြီးမှာ ထပ်မံရောက်ရှိလာသော်လည်း ယခုတစ်ကြိမ်တွင်မူ ခဏမျှသာ တားဆီးနိုင်ပြီး အစိတ်စိတ်အမွှမွှ ကွဲအက်သွားတော့သည်။ ရွှေရောင်ဓားချီသည် ရွှေနဂါးတစ်ကောင်အလား ဖီးနစ်ကျတောင်ကို ပတ်ကာ ဝဲပျံနေသည်။
ဖန်ရင်ရှုံ လေထဲသို့ ခုန်တက်လိုက်ရာ သူ၏ မျက်လုံးများမှ ရွှေရောင်အလင်းများ လျှံထွက်နေသည်။ သူသည် အလင်းတိုင်ကြီးသုံးခုကို ဂရုမစိုက်ဘဲ တာဟဲစျေးမြို့တော် မြို့တွင်းပိုင်း၏ အနောက်ဘက် အရပ်သို့ လှည့်ကြည့်လိုက်သည်။
"အမှောင်ထဲမှာ ပုန်းမနေနဲ့.... ထွက်ခဲ့စမ်း"
ပြောပြောဆိုဆို သူ၏ လက်ချောင်းများဖြင့် ဓားမန္တန် ပုံဖော်ကာ ရွှေရောင် ဓားနဂါးကို ဆင့်ခေါ်လိုက်ရာ ထိုနဂါးမှာ နားကွဲမတတ် ဟိန်းဟောက်လိုက်တော့သည်။ စူးရှသော လေတိုးသံနှင့်အတူ ၎င်းသည် ရှေ့သို့ ထိုးထွက်သွားသည်။ ဤသည်မှာ ဖန်ရင်ရှုံ၏ အပြင်းထန်ဆုံး တိုက်ကွက် ဖြစ်သည်။ အကယ်၍ ထိမှန်သွားပါက မည်သည့်ရန်သူမျှ အသက်ရှင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို အမဲလိုက်လျှင်ပင် အစွမ်းကုန် အားထုတ်တတ်သည်ဖြစ်ရာ တစ္ဆေဘုရင်နှင့် ရင်ဆိုင်ရချိန်တွင် ဖန်ရင်ရှုံ အစွမ်းကုန် ထုတ်ဖော်ရန် ဝန်မလေးပေ။ သို့သော်လည်း သူနှင့် တန်းတူနီးပါး ရှိသော ဓားချီတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။ အတွင်းမှ အပြင်သို့ ထွက်လာသော ထိုဓားချီမှာ ဓားချီနဂါး၏ အမြီးပိုင်း သုံးပုံတစ်ပုံခန့်ကို ဖြတ်တောက်သွား၏။ ကျန်ရှိနေသော ဓားချီနဂါးမှာ မူလဦးတည်ရာသို့ ဆက်လက်သွားနေသော်လည်း အစွမ်းမှာ ယခင်ကကဲ့သို့ မရှိတော့ပေ။
အတွင်းမြို့ မြောက်ဘက်အရပ်တွင် မည်းမှောင်သော လက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုဓားချီနဂါးကို အတင်းအဓမ္မ ဖမ်းဆီးလိုက်သည်။
ဝုန်း....
ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။ စွမ်းအားလှိုင်းများသည် အနောက်ဘက်အရပ်မှနေ၍ အပြင်သို့ ပျံ့နှံ့သွားရာ မြို့တွင်းပိုင်း၏ ထက်ဝက်နီးပါးမှာ အပျက်အစီးများ ဖြစ်သွားရတော့သည်။ အပျက်အစီးများကြားမှ မီးခိုးရောင်ဝတ် အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ ဖန်ရင်ရှုံကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
"မိတ်ဆွေဖန်.... ငါ့ရဲ့ ဂါရဝကို လက်ခံပေးပါဦး"
ဖန်ရင်ရှုံကမူ ထိုလူကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး မျက်နှာမှာ မည်းမှောင်နေသည်။ သူ၏ လက်ထဲရှိ ဓားအမြုတေမှာ ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသည်။ သို့သော်လည်း ဖန်ရင်ရှုံမှာ သူ၏ အားကောင်းလှသော ချီစွမ်းအင်ဖြင့် လက်ထဲတွင် မြဲမြံ့စွာ ဖိနှိပ်ထားသည်။
စောစောက သူ ထွက်ပေါ်လာချိန်မှာပင် မနေ့က သူ ရရှိခဲ့သော ထိုဓားအမြုတေသည် ထူးဆန်းစွာ ဓားချီများ ထုတ်လွှတ်ပြီး သူ၏ အစွမ်းကုန် တိုက်ကွက်ကို သုံးပုံတစ်ပုံခန့် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ရန်သူကို မသတ်နိုင်ခဲ့ပေ။
ဖန်ရင်ရှုံသည် လက်ထဲမှ ဓားအမြုတေကို တင်းတင်းဆုပ်ကိုင်ကာ ရန်သူကို စိုက်ကြည့်လိုက်သည်။
"ဩော်.... မင်းက.... အဲဒီ မိစ္ဆာကျင့်ကြံသူရဲ့ ဓားအမြုတေကို လက်လှည့်ထားခဲ့တာကိုး”
"ကျောက်စိမ်းအိုး ဓားကျင့်ကြံသူဆိုတော့လည်း ထင်တဲ့အတိုင်းပါပဲလား" ဟူ၍ မီးခိုးရောင်ဝတ်ကျင့်ကြံသူက ချီးကျူးလိုက်ပြီးနောက် တဟဲဟဲ ရယ်မောလိုက်သည်။
"ကံမကောင်းတာကတော့ မင်း အသိ နောက်ကျသွားပြီ"
အမှန်တကယ်ပင် နောက်ကျသွားလေပြီ။ အစွမ်းကုန် တိုက်ကွက်မှာ အကျိုးသက်ရောက်မှု မရှိခဲ့သဖြင့် ရန်သူမှာ သူ့အား နောက်ထပ် အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။ ဖန်ရင်ရှုံ အနည်းငယ် နောင်တရမိသွားသည်။ မနေ့က ဤဓားအမြုတေကို ရရှိခဲ့စဉ်က ဂိုဏ်းတူညီအစ်ကိုတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်းနေသဖြင့် သေချာ မစစ်ဆေးခဲ့မိပေ။ အမှန်စင်စစ် သခင်မရှိတော့သော ဓားအမြုတေကို မည်သူမျှ အထူးတလည် မစစ်ဆေးတတ်ကြပေ။ ဓားရှင်လျှင် သခင်ရှင်သည်၊ ဓားပျက်လျှင် သခင်ပျက်သည် မဟုတ်လော။
ထိုဝတ်ရုံနက် မိစ္ဆာကျင့်ကြံသူမှာ သေဆုံးသွားပြီ ဖြစ်သဖြင့် အခြားတစ်ယောက်က ထိုဓားအမြုတေကို ထိန်းချုပ်နိုင်ဦးမည်ဟု မည်သူက ထင်မည်နည်း။ မနေ့ကတင် သူသည် မိစ္ဆာချုပ်နန်းဆောင်၌ ကြိုတင် လက်လှည့်ထားခဲ့သဖြင့် မိမိနှင့် အဆင့်တူ ရန်သူကို အလွယ်တကူ သတ်နိုင်ခဲ့သည်ဟု ဂုဏ်ယူနေခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ရက်သာ ကြာပြီးနောက် ယခုအခါတွင်မူ သူကိုယ်တိုင် ရန်သူ၏ အကွက်ထဲသို့ ကျရောက်သွားခဲ့ရပေပြီ။
ဖန်ရင်ရှုံ၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။ သို့သော် သူ ဒေါသကို အတင်းမျိုသိပ်ကာ အံကြိတ်၍ ပြောလိုက်သည်။
“မနေ့က အဲဒီမိစ္ဆာကျင့်ကြံသူ ဓားအမြုတေ သုံးတာက ဟန်ပြပဲလို့ ငါထင်ခဲ့တာ၊ သူ နည်းစနစ် မသိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဓားအမြုတေရဲ့ ပိုင်ရှင်အစစ်က မင်းဖြစ်နေတာပဲ"
ထိုအခါမီးခိုးရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ခေါင်းငြိမ့်ရင်း “မှန်တယ်၊ ငါကိုယ်တိုင် မှောင်ခိုဈေးကနေတစ်ဆင့် လုကျိုးရှီ လက်ထဲ ရောက်အောင် လုပ်ခဲ့တာ…. သူက တစ်ကိုယ်တော် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေ…. ကိုယ်ပိုင် မှော်ရတနာမရှိတော့ ဒီလောက် ကောင်းတဲ့ ဓားအမြုတေကို မြင်ရင် သူ ဘယ်လိုလုပ် မမက်မောဘဲ နေမှာလဲ" ဟု ခြောက်ကပ်ကပ်ရယ်ရင်း ဆိုသည်။
"ဒါဆိုရင်.... ဖေးပေါ်ဝမ်ကို သတ်ခဲ့တာလည်း မင်းပဲပေါ့"
ဖန်ရင်ရှုံ၏ မရပ်မနား မေးခွန်းထုတ်မှုကြောင့် မီးခိုးရောင်ဝတ်ရုံနှင့် လူက သက်ပြင်းချလိုက်သည်။
"ဒီအချိန်အထိရောက်မှတော့ ဒါတွေက အရေးကြီးသေးလို့လား၊ အရမ်းနောက်ကျသွားပြီလို့ မင်း မထင်ဘူးလား"
"နောက်ကျတယ် ဟုတ်လား၊ မဟုတ်ဘူး.... နောက်မကျသေးဘူး.... မင်းက ငါ့ကို ယှဉ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
ဖန်ရင်ရှုံထဲမှ ဒေါသများပြင်းထန်စွာ ပေါက်ကွဲထွက်လာချိန်တွင် မီးခိုးရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ညင်သာစွာ ရယ်မောလျက် နောက်သို့ ဆုတ်သွားသည်။
"ဟင့်အင်း.... ငါက မင်း ပြိုင်ဘက် မဟုတ်ပါဘူး"
ဤစကားကို ကြားသောအခါ ဖန်ရင်ရှုံ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။ သူ ဝိညာဉ်အာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်ရာ တာဟဲစျေးမြို့တော် မြို့တွင်းပိုင်း၌ အရှေ့၊ တောင်နှင့် မြောက်ဘက်တို့မှနေ၍ အလွန်အေးစက်ပြီး ယုတ်မာသော အရှိန်အဝါ သုံးခု သူ့အား ပစ်မှတ်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။
ပေ ၁၀၀ ကျော်ခန့် မြင့်သော မည်းမှောင်သည့် ပုံရိပ်ကြီး သုံးခုသည် မြေအက်ကြောင်းများထဲမှ တိတ်တဆိတ် ထွက်ပေါ်လာပြီး မတ်တပ်ရပ်ကာ နေရောင်ခြည်၏ အနွေးဓာတ်ကို ခံယူနေကြသည်။
"မင်း သေသင့်တယ်၊ တကယ်ကို သေသင့်တာ၊ နှစ်ပေါင်းရာနဲ့ချီပြီး ချုပ်နှောင်ခံထားရတဲ့ တစ္ဆေဘုရင် သုံးပါးကို လွှတ်ပေးပြီး တာဟဲစျေးမြို့တော်က ကျင့်ကြံသူ သောင်းပေါင်းများစွာကို ပုရွက်ဆိတ်တွေလို သဘောထားရက်တယ်ပေါ့"
ဖန်ရင်ရှုံ အံကြိတ်ကာ ထိုစကားများကို ပြောလိုက်သည်။
သူ့ပတ်ပတ်လည်တွင် အနက်ရောင် သံကြိုးမျှင်များက သူ့အား ချုပ်နှောင်ရန် ကြိုးစားနေကြသည်။ သူ၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသော ဓားချီများက ထိုကြိုးမျှင်များကို ဖြတ်တောက်ပစ်လိုက်သည်။ ဤကြိုးမျှင်များသည် ရိုးရှင်းသည် မဟုတ်။ တစ္ဆေဘုရင် သုံးပါး၏ ပင်ကိုယ် တစ္ဆေစွမ်းအားများ ဖြစ်ကြသည်။ တာဟဲစျေးမြို့တော်၏ အစီအရင်များအောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော်လည်း၊ သူတို့၏ စွမ်းအားလက်ကျန်မှာ ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။ ဤမြင်ကွင်းကို ကြည့်ရင်း မီးခိုးရောင်ဝတ်ကျင့်ကြံသူမှာ စကားတစ်ခွန်းမှ မဆိုဘဲ တဟဲဟဲ ရယ်မောလျက် ဆက်လက် နောက်ဆုတ်သွားတော့သည်။
ဖန်ရင်ရှုံက အော်ဟစ်ပြောလိုက်သည်။
"မင်း ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်လိုက်ပြီ၊ မင်း တစ်သက်လုံး အမဲလိုက် ခံရတော့မှာ…. ဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေလဲ"
ထိုလူ ဆက်လက် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖန်ရင်ရှုံ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ဟင်းလင်းပြင်ထဲတွင် ဝှက်ထားသော သူ၏ အသက်စောင့် ဓားအမြုတေကို ပြန်လည်ခေါ်ယူလိုက်ရာ ထိုအရာမှာ ဧရာမ ရွှေရောင် ဓားကြီးအဖြစ် ပြောင်းလဲသွားသည်။
"နှစ်ပေါင်းရာချီ ဖိနှိပ်ခံထားရပြီး အားအင်ကုန်ခမ်းနေတဲ့ တစ္ဆေဘုရင် သုံးပါးလောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား"
သူ စကားပြောနေစဉ်မှာပင် တစ္ဆေဘုရင် သုံးပါးမှာ စတင် လှုပ်ရှားလာကြသည်။ သူတို့သည် ဧရာမ ခြေလှမ်းကြီးများဖြင့် ဖီးနစ်ကျတောင်ဆီသို့ လှမ်းလာကြသည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တစ္ဆေချီများက သက်ရှိအားလုံးကို ဝါးမြိုသွားကြသည်။ ထိုမြူခိုးများနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူများမှာ ချက်ချင်း သေဆုံးကုန်ကြရသည်။ သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိညာဉ်များကို သူတို့၏ ကိုယ်ထဲသို့ စုပ်ယူလိုက်သဖြင့်၊ သူတို့၏ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ခန္ဓာကိုယ်များမှာ ပိုမို ခိုင်မာလာကြသည်။ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်နေသော မျက်လုံး ခြောက်စုံမှာ နိမိတ်မကောင်းသော မီးအိမ်ကြီးများအလား တောက်ပနေသည်။
ယခုအချိန်တွင် တာဟဲစျေးမြို့တော်မှာ တစ္ဆေချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
"လော့ထျန်းဟုန်…. မြောင်ဝမ်…. လာကြဟေ့…."
ဖန်ရင်ရှုံ၏ အော်ဟစ်သံမှာ မိုးကြိုးပစ်သံအလား ထွက်ပေါ်လာသည်။
"အဆင်သင့်ပါပဲ အကြီးအကဲ…."
"ရောက်ပါပြီဗျ…."
ဓားနန်းဆောင် အတွင်းမှ လူရိပ်နှစ်ခု ပျံထွက်လာသည်။
"တတိယဆင့် အစီအရင်ကို အသက်သွင်းစမ်း….”
"ဟုတ်ကဲ့…."
"နားလည်ပါပြီ…."
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးသည် ဧရာမ ချီစွမ်းအားများကို အသုံးပြု၍ ဓားနန်းဆောင်၏ အဓိကနေရာသို့ ထည့်သွင်းလိုက်ရာ အတွင်းမြို့ တစ်ခုလုံးကို ကာကွယ်ပေးမည့် ကြီးမားလှသော အလင်းကာကြီး တစ်ခု ပေါ်ထွက်လာသည်။
ဤသည်ကို မြင်သောအခါ မီးခိုးရောင်ဝတ်ကျင့်ကြံသူ နောက်ဆုတ်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ခေါင်းပေါ်ရှိ အလင်းအကာအကွယ်ကို မော့ကြည့်လိုက်ပြီး “တတိယအဆင့် အစီအရင်လား.... မဆိုးပါဘူး၊ ဒါပေမဲ့ ပထမအဆင့် ဝိညာဉ်ကြော တစ်ခုတည်းနဲ့တော့ ခံနိုင်မှာ မဟုတ်ဘူးနော်" ဟု လှောင်လိုက်သည်။
အစီအရင်ဆိုသည်မှာ များစွာ နက်ရှိုင်းလှသည်။ အထူးသဖြင့် တတိယအဆင့် အစီအရင်ဆိုလျှင် သောင်းနှင့်ချီသော တားမြစ်ချက်များ ပါဝင်ပြီး ဆီလျော်သော ဝိညာဉ်ကြော၏ အားဖြည့်မှု လိုအပ်သည်။ သို့သော် တာဟဲစျေးမြို့တော်တွင် ပထမအဆင့် ဝိညာဉ်ကြောသာ ရှိသဖြင့် အစီအရင် စတင်သည်နှင့် ဖီးနစ်ကျတောင်ပေါ်မှ ချီစွမ်းအင်များမှာ နဂါးတစ်ကောင် ရေစုပ်သကဲ့သို့ စုပ်ယူခံလိုက်ရသည်။ ဧရာမ ကျောက်တုံးကြီးများမှာ တောင်စောင်းပေါ်မှ လိမ့်ကျလာကြသည်။ အသစ်တည်ဆောက်ထားသော အဆုံးအဖြတ်စင်မြင့်မှာလည်း ပြင်းထန်စွာ တုန်ခါပြီးနောက် ဝုန်းကနဲ ပြိုကျသွားတော့သည်။
သို့သော်လည်း ကျောက်စိမ်းအိုး ဓားကျင့်ကြံသူများမှာမူ ဤမြင်ကွင်းကို ဂရုမစိုက်ကြပေ။ အစီအရင်ကို ထိန်းချုပ်နေသော လော့ထျန်းဟုန်က လှောင်ပြုံးပြုံးကာ ဆိုသည်။
"ကြွက်တစ်ကောင်လို အမြင်ကျဉ်းတဲ့ကောင်…. ငါတို့ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ အစီအရင် အစွမ်းကို မင်း ဘယ်သိမလဲ…. ကျုံ့စမ်း…."
"ကျုံ့စမ်း…."
မြောင်ဝမ်၏ အသံလည်း ဘေးမှ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် တာဟဲစျေးမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမ အလင်းကာရံကြီးမှာ မယုံနိုင်စရာ အရှိန်ဖြင့် ကျုံ့ဝင်သွားပြီး ဖီးနစ်ကျတောင် တစ်ခုတည်းကိုသာ ဝိုင်းရံကာကွယ်လိုက်တော့သည်။ ထိုအချိန်တွင် အစီအရင်၏ အစွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပင် ဖန်ရင်ရှုံသည် တစ္ဆေဘုရင် သုံးပါးနှင့် စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါကြီးလှသော ဓားချီများသည် အတိုင်းအဆမဲ့သော တစ္ဆေချီများနှင့် ရင်ဆိုင်နေရသော်လည်း အားနည်းသွားပုံ မပေါ်ပေ။ ဤသည်ကို မြင်သောအခါ မီးခိုးရောင်ဝတ်ကျင့်ကြံသူက အေးဆေးစွာပင် ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်မှ တိုက်ပွဲကို လုံးဝ စိတ်မဝင်စားတော့သလိုပင်။
သို့သော်လည်း ဖန်ရင်ရှုံ တစ်ဦးတည်းသာလျှင် ထိုလူ၏ ဝိညာဉ်အာရုံအတွင်း၌ ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်နေသည်ကို သိရှိနေသည်။
"ဒါ ဘာကျင့်စဥ်လဲ၊ မင်း ဘယ်လိုလုပ်ပြီး ဒီအဆင့်ရှိတဲ့ တစ္ဆေဘုရင် သုံးပါးကို ထိန်းချုပ်နိုင်ရတာလဲ....”
“ဩော်.... ပြန် မဖြေဘူးပေါ့.... ဒီတစ္ဆေဘုရင် သုံးပါးလောက်နဲ့ပဲ ငါ့ကို သေအောင် တိုက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား၊ လာစမ်းပါ.... မင်းမှာ တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၁၆) - အစ်ကိုကြီး.... ကျွန်တော် အစ်ကိုကြီးကို ပေးထားတဲ့ ချီသန့်စင်ဆေးပုလင်းလေး ပြန်ပေးလို့ ရမလားခင်ဗျာ
"အဖွဲ့ခေါင်းဆောင်.... တာဟဲစျေးမြို့တော်မှာ ဘာတွေ ဖြစ်နေတာလဲဗျာ"
မည်သည့် ဘေးဒုက္ခနှင့် ကြုံရပါစေ၊ အမြဲ တည်ငြိမ်နေတတ်သော ကျိုးယွမ်လီပင် ယခုအခါ ထိတ်လန့်တုန်လှုပ်နေသည်။ ဘေးတွင် ရပ်နေသော လျိုချန်းမှာလည်း တစ်ကိုယ်လုံး တုန်ရီနေရှာသည်။
လော့ချန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ ကောင်းကင်ယံမှ ကြီးမားလှသော မည်းမှောင်သည့် ပုံရိပ် သုံးခုဆီမှ ရင်းနှီးနေသော အရှိန်အဝါကို သူ ခံစားမိလိုက်သည်။
“တစ္ဆေဘုရင်....”
"အဲဲဒါ တာဟဲစျေးမြို့တော်ရဲ့ မြေအောက်မှာ နှစ်ပေါင်း ရာနဲ့ချီ ချုပ်နှောင်ခံထားရတဲ့ တစ္ဆေဘုရင် သုံးပါးပဲ"
ရုတ်တရက် ထိုရင်းနှီးနေသော ခံစားချက် ဘယ်ကလာသည်ကို လော့ချန် သိသွားသည်။ သူ မမှားဘူးဆိုလျှင် မြောက်ဘက်အစွန်ဆုံးတွင် ရှိနေသော တစ္ဆေဘုရင်မှာ သူ အမြဲ နေထိုင်ခဲ့သည့် ခြံဝင်းအိမ်လေး၏ အခန်းအောက်တွင် ပိတ်မိနေသော တစ္ဆေဘုရင်ပင် ဖြစ်ရမည်။ သူ ထိုအိမ်လေးကို စတင်ပြောင်းရွှေ့လာသည့် ပထမဆုံးနေ့မှာပင် ကူချိုင်ယီက ဤအကြောင်း ပြောပြခဲ့ဖူးသည်။ မြောက်ဘက်ပိုင်းတွင် အိမ်လခ ဈေးသက်သာရခြင်းမှာ ထိုတစ္ဆေဘုရင်ကို ချုပ်နှောင်ထားခြင်းကြောင့် ဖြစ်သည်။
“ဒီမီးခိုရောင်ဝတ်ကျင့်ကြံသူက ဘယ်သူလဲ…. ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေကို လွှတ်ပေးလောက်အောင်အထိ ရူးသွပ်နေရတာလဲ”
တစ္ဆေဘုရင်ဆိုသည်မှာ အလွယ်တကူ လမ်းဘေးတွင် တွေ့နိုင်သော အရာမျိုး မဟုတ်ပေ။ တစ္ဆေများတွင် တစ္ဆေစစ်သည်၊ တစ္ဆေစစ်သူကြီး၊ တစ္ဆေဘုရင် နှင့် တစ္ဆေဧကရာဇ် ဟူ၍ အဆင့်ခွဲထာားသည်။ တစ္ဆေဘုရင် ဆိုသည်မှာ လူသားတို့၏ ရွှေအမြုတေအဆင့်နှင့် တန်းတူဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဖန်ရင်ရှုံသည် ယခုအခါ မိမိနှင့် အဆင့်တူသော ပြိုင်ဘက် သုံးဦးကို တစ်ပြိုင်နက် ရင်ဆိုင်နေရခြင်းပင်။
“မဟုတ်သေးဘူး.... သုံးယောက်တင် မကဘူး၊ အဲဒီ မီးခိုးရောင်ဝတ်ကျင့်ကြံသူကလည်း ရွှေအမြုတေ အဆင့်ပဲ ဖြစ်ရမယ်၊ ဖန်ရင်ရှုံက တစ်ယောက်တည်းနဲ့ လေးယောက်ကို ရင်ဆိုင်နေရတာပေါ့၊ သူ နိုင်ပါ့မလား”
လော့ချန် ဆက်မတွေးဝံ့တော့ပေ။ အကယ်၍ ဖန်ရင်ရှုံသာ ရှုံးနိမ့်သွားပါက တာဟဲ စျေးမြို့တော်၏ ကံကြမ္မာမှာ တွေးဝံ့စရာပင် မရှိတော့ပေ။ အမှန်စင်စစ် ဘေးဒုက္ခ၏ အရိပ်အယောင်များမှာ စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။
လော့ချန်သည် တိုက်ပွဲအလယ်ဗဟိုမှ သူ၏ အကြည့်ကို မနည်းလွှဲဖယ်လိုက်ပြီး၊ ပျက်စီးနေသော တာဟဲစျေးမြို့တော် လမ်းမများဆီသို့ လှည့်ကြည့်လိုက်သည်။ တစ်ချိန်က စည်ကားခဲ့သော နေရာမှာ ယခုအခါ တစ္ဆေချီများ လွှမ်းခြုံကာ သေခြင်းတရားနှင့် အထီးကျန်မှုတို့ စိုးမိုးနေသော မြေရိုင်းပြင်ကြီး ဖြစ်သွားခဲ့လေပြီ။ မြို့တွင်းပိုင်းမှ ကျင့်ကြံသူ မည်မျှ သေဆုံးသွားခဲ့ပြီကို သူ မခန့်မှန်းနိုင်တော့ပေ။
ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာလည်း စိတ်ကို ပြင်ဆင်ထားသည့်တိုင် တစ္ဆေဘုရင်များ ပါဝင်ပတ်သက်နေသည်ကို ကြားလိုက်ရသောအခါ မျက်နှာများ သွေးဆုတ်ဖြူလျော့သွားကြသည်။ ဒဏ္ဍာရီထဲတွင်သာ ရှိသည်ဟု ထင်ခဲ့ရသော ကြောက်မက်ဖွယ်ရာများမှာ ယခု သူတို့၏ မျက်စိရှေ့တွင် လက်တွေ့ ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။
သူတို့မှာ ချီသန့်စင်အဆင့် ကျင့်ကြံသူလေးများသာ ဖြစ်သဖြင့် ထိုမျှ ကြီးမားလှသော စွမ်းအားများရှေ့တွင် ဘာမှမတတ်နိုင်သည့် ခံစားချက်က ရင်ထဲသို့ တိုးဝင်လာသည်။ ထိုနှစ်ဦး ကြောင်တောင်တောင် ရပ်နေသည်ကို မြင်သောအခါ လော့ချန် စိတ်ထဲမှ ကျိတ်ဆဲလိုက်မိသည်။ အမှန်ပင် ဤတိုက်ပွဲမှာ မိမိတို့ လုံးဝ ပါဝင်ပတ်သက်၍ မရသော ကိစ္စဖြစ်သည်။
"ဒီမှာ ဆက်နေလို့ မဖြစ်ဘူး၊ အခုချက်ချင်း လခြမ်းတောင်ကြားကို အမြန်ပြန်ရမယ်”
လခြမ်းတောင်ကြားသည် တာဟဲစျေးမြို့တော် မြို့တွင်းပိုင်းနှင့် မိုင်ပေါင်းရာချီ ဝေးကွာလှသည်။ လောလောဆယ်တွင် ထိုအကွာအဝေးမှာ ရွှေအမြုတေ ကျင့်ကြံသူများ၏ တိုက်ပွဲမှ လွတ်မြောက်ရန် လုံလောက်သည်။ ထို့အပြင် ထိုနေရာတွင် ဓာတ်ကြီးငါးပါး အစီအရင်လည်း ရှိသဖြင့် ပို၍ လုံခြုံပေမည်။ ထို့ကြောင့် အကောင်းဆုံး အခွင့်အရေးမှာ ဆုတ်ခွာရန်၊ လူစုရန်နှင့် မိမိတို့၏ နယ်မြေကို ကာကွယ်ရန်ပင် ဖြစ်သည်။ အရေးကြီးဆုံးမှာ မြို့တွင်းပိုင်းတွင် ဖြစ်ပျက်နေသည်များကို လော့ထျန်းအဖွဲ့ဝင်များအား အသိပေးရန် ဖြစ်သည်။
ထို့ကြောင့် သုံးဦးသား အချိန်မဆွဲဘဲ မြို့ပြင်ကို ဖြတ်ကျော်ကာ အစွမ်းကုန် အရှိန်ဖြင့် ပျံသန်းထွက်ခွာလာကြတော့သည်။ လော့ချန် ပျံသန်းနေရင်း စိတ်ထဲ၌ အတွေးပေါင်းစုံ ဝင်ရောက်နေသော်လည်း နောက်ဆုံးတွင် သူ လုပ်နိုင်သည်မှာ ခါးသီးစွာ ရယ်မောရန်သာ ရှိတော့သည်။
‘ထွက်ခွာဖို့ အကုန်ပြင်ဆင်ပြီးမှ ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ၊ တကယ်ပဲ အစီအစဉ်တွေက ပြောင်းလဲမှုတွေကို မမီပါလား’
ရုတ်တရက် လော့ချန်၏ ခန္ဓာကိုယ်မှာ တုံ့ခနဲ ဖြစ်သွားပြီး မြေပြင်သို့ ကြည့်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်.... ဘာဖြစ်လို့လဲခင်ဗျ"
ကျိုးယွမ်လီနှင့် လျိုချန်းတို့ ချက်ချင်း ရပ်တန့်လိုက်ပြီး သူကြည့်ရာသို့ လိုက်ကြည့်လိုက်ကြသည်။ အောက်ဘက်တွင် ဝတ်ရုံနက်ကျင့်ကြံသူ ဆယ်ဦးခန့်မှာ ထွက်ပြေးနေကြသူများကြားမှ မြို့တွင်းပိုင်းဆီသို့ ပြောင်းပြန် ဦးတည်သွားနေကြသည်ကို မြင်လိုက်ရသည်။ သို့သော် သူတို့ တစ်အုပ်စုတည်း မဟုတ်ပေ။ အခြားသော နေရာအသီးသီးမှလည်း အလားတူ အဖွဲ့များ ပေါ်ထွက်လာကြပြီး တိတ်ဆိတ်စွာဖြင့် စနစ်တကျ မြို့တွင်းသို့ ချီတက်နေကြသည်။
ထိုအုပ်စုမှ ခေါင်းဆောင်တစ်ဦးက လော့ချန်၏ အကြည့်ကို သတိပြုမိသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
"သူပဲ…."
ထိုရင်းနှီးနေသော ရွှေရောင်ရေနဂါးမျက်နှာဖုံးကို မြင်လိုက်ရသောအခါ လော့ချန် ကျောရိုးထဲအထိ စိမ့်သွားရသည်။ သို့သော် သူ စိတ်ကို အမြန်ထိန်းလိုက်ပြီး အကြည့်မလွှဲဘဲ လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဂါရဝပြုလိုက်သည်။ ထို့နောက် မဆိုင်းမတွပင် နောက်သို့ လှည့်ကာ သူ့လူနှစ်ဦးကို ခေါ်၍ အမြန် ပျံသန်းထွက်ခွာလာခဲ့တော့သည်။
မြေပြင်ပေါ်တွင်....။
"သခင်.... ဘာဖြစ်လို့လဲ"
ထျန်းရှင်းကျီက သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်လို့ပါ၊ ကဲ အချိန်မဖြုန်းကြနဲ့တော့၊ အမြန်သွားပြီး အကြီးအကဲ လင်ဟူကို သွားကူကြရအောင်၊ နောက်ကျသွားရင် ငါတို့အတွက် နာမည်ကောင်း ရမှာ မဟုတ်ဘူး"
....
ထျန်းရှင်းကျီ ဆိုသူမှာ တာဟဲစျေးမြို့တော်ရှိ နဂါးရတနာမှောင်ခိုဈေးကွက်၏ အရှင်သခင်၊ ဖြစ်သည့်အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။ ထို ရွှေရောင်ရေနဂါး မျက်နှာဖုံးမှာ သူ၏ သင်္ကေတပင် ဖြစ်သည်။
လော့ချန် အတွေးပေါင်းစုံဖြင့် ယောက်ယက်ခက်နေမိသည်။
“သူတို့က အတွင်းမြို့ထဲကို ဝင်သွားတယ်ဆိုတော့ ကူညီဖို့ သွားတာပဲ၊ ဒါပေမဲ့ သူတို့က နဂါးရတနာမှောင်ခိုဈေးကလူတွေလေ…. ကျောက်စိမ်းဓားဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး၊ ဆိုလိုတာက သူတို့ ကူညီမှာက မီးခိုးရောင်ဝတ် ကျင့်ကြံသူကိုပဲ”
နဂါးရတနာ မှောင်ခိုဈေးကွက်ကပါ ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေမည်ဟု သူ လုံးဝ မစဉ်းစားခဲ့ဖူးပေ။
လော့ချန်သည် သူ့အား ဖန်လုံး ပေးခဲ့သော မှောင်ခိုဈေးကွက် ကျင့်ကြံသူ၏ စကားများကို ပြန်သတိရမိသည်။ ထိုပစ္စည်းရှိလျှင် အခြားစျေးမြို့တော်များသို့ ရောက်လျှင်ပင် မှောင်ခိုဈေးကွက် ဖွင့်ချိန်ကို သိနိုင်မည်ဟု ဆိုခဲ့သည်။ ထိုစဉ်က နဂါးရတနာ မှောင်ခိုဈေးကွက်မှာ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်နှင့် ရင်ပေါင်တန်းနိုင်သော နောက်ခံ ရှိလိမ့်မည်ဟု သူ ခန့်မှန်းခဲ့သည်။
သို့သော် ယခုမှ သူတို့၏ အစွမ်းကို လျှော့တွက်ခဲ့မိကြောင်း သိလိုက်ရလေသည်။ ချုပ်နှောင်ထားသော တစ္ဆေဘုရင်များကို လွှတ်ပေးပြီး ကျောက်စိမ်းအိုးဂိုဏ်းမှ ရွှေအမြုတေ ကျင့်ကြံသူကို ဝိုင်းဝန်း တိုက်ခိုက်ရဲသည့် အဖွဲ့အစည်းမှာ လျန်ယွန်းမဟာမိတ်နှင့် ယှဉ်၍ ရသောအဆင့် မဟုတ်တော့ပေ။
သူတို့၏ စနစ်ကျမှုနှင့် ကြောက်စရာကောင်းသော ထိရောက်မှုများကို ကြည့်ရသည်မှာ သာမန် ကျင့်ကြံသူအုပ်စု မဟုတ်ကြပေ။ နဂါးရတနာ မှောင်ခိုဈေးကွက်ကြီး နှင့် ထိုရွှေအမြုတေ ကျင့်ကြံသူ၏ နောက်ကွယ်တွင် ကျောက်စိမ်းအိုးဓားဂိုဏ်းကို စိန်ခေါ်ရဲသော ဂိုဏ်းကြီးတစ်ခု ရှိနေခြင်း ဖြစ်နိုင်သည်။
‘ဘယ်ဂိုဏ်း ဖြစ်နိုင်မလဲ’ ဟူ၍ လော့ချန် ပျံသန်းနေရင်း အသည်းအသန် စဉ်းစားနေမိသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ဝိညာဉ်သန္ဓေတည်အဆင့်ရှိသူများ ပိုင်ဆိုင်သည့် ထိပ်တန်း ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ကျောက်စိမ်းအိုးနယ်မြေအတွင်း မည်သည့်ဂိုဏ်းမှ သူတို့အား ဗြောင်စိန်ခေါ်ရဲမည် မဟုတ်ပေ။
‘ကျောက်စိမ်းအိုးနယ်မြေပြင်ပက အင်အားစု တစ်ခုခုလား’
လော့ချန် စဉ်းစားနေစဉ်မှာပင် ရှေ့မှ လူအုပ်ကြီးတစ်စု သူတို့ဆီသို့ ပျံသန်းလာကြသည်ကို တွေ့လိုက်ရသည်။ အဝေးမှနေ၍ တစ်စုံတစ်ယောက်က သူ့အား လှမ်းခေါ်လိုက်သဖြင့် လော့ချန် သက်ပြင်းချကာ စိတ်အေးသွားရသည်။ ထိုသူများမှာ မိမိ၏ ညီအစ်ကိုရင်းချာသဖွယ်ဖြစ်သော ဝမ်ယွမ် ဦးဆောင်သည့် လော့ထျန်းအဖွဲ့ဝင်များပင် ဖြစ်သည်။
"အရင်ဆုံး လခြမ်းတောင်ကြားကို ပြန်ရအောင်…. လမ်းမှာ ပြောပြမယ်"
တောင်ကြားသို့ ရောက်သောအခါ လော့ချန်သည် တာဟဲစျေးမြို့တော်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ အားလုံးမှာ ဆွံ့အသွားရသည်။ တာဟဲစျေးမြို့တော်ကဲ့သို့ နေရာမျိုးတွင် အဘယ်ကြောင့် ရွှေအမြုတေကျင့်ကြံသူများ မြောက်မြားစွာ ရောက်လာရသနည်းဟု ခေါင်းခြောက်သွားကြတော့သည်။
အံ့သြမှုပြီးနောက် ထိတ်လန့်မှုများ ဝင်ရောက်လာသည်။ ကျင့်ကြံသူ အများအပြားမှာ မြို့တွင်းပိုင်း၌ နေထိုင်ကြသူများ ဖြစ်သဖြင့်၊ ကျန်ရစ်ခဲ့သော ပစ္စည်းများထက် မြို့ထဲတွင် ပိတ်မိနေသည့် သူတို့၏ မိသားစုဝင်များအတွက် အလွန် စိုးရိမ်နေကြတော့သည်။
ဥပမာအားဖြင့် ယွမ်ရှောင်ယွဲ့မှာ ငိုယိုကာ မြို့ထဲသို့ အတင်းပြန်သွားရန် ကြိုးစားနေသည်။ သူမ၏ အဘိုး ထိုနေရာတွင် ကျန်ရစ်ခဲ့သည် မဟုတ်ပါလော။ ဖုန်းရှက သူမအား မနည်း ဆွဲထားရသော်လည်း သူမ၏ မျက်လုံးထဲတွင်လည်း အခင်ဆုံးသူငယ်ချင်းဖြစ်သူ ပိုင်မေလင်းအတွက် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
ချွီလင်ကျွင်းမှာလည်း သူ၏ မိဘများကို ကယ်ရန် ပြန်သွားချင်သဖြင့် ရှိုက်ကြီးတငင် ငိုနေသည်။ လော့ချန် ထိုကလေး၏ ခံစားချက်ကို နားလည်သည်။ ချွီဟန်ချန်း၏ လက်ရာကို သဘောကျသဖြင့် သူ လခများကို အကြိမ်ကြိမ် တိုးပေးခဲ့သည်။ ထိုငွေများဖြင့်ပင် ချွီဟန်ချန်းမှာ သူ၏ မိသားစုကို ချီစွမ်းအား ပိုမိုပေါများသော မြို့တွင်းပိုင်းသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော တစ်လကမှ သူတို့ မိသားစုတစ်စုလုံး ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ....။
လွတ်မြောက်လာနိုင်သော လူကြီးအချို့နှင့် ကလေးအချို့မှလွဲ၍ ကျန်ရှိသော မိသားစုဝင်များမှာ မြို့ထဲ၌ ပိတ်မိနေကြဆဲ ဖြစ်သည်။ လော့ထျန်းအဖွဲ့ချုပ်အတွင်း လွှမ်းမိုးနေသော ဝမ်းနည်းပူဆွေးမှုများရှေ့တွင် လော့ချန် ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရသည်။ လူတိုင်းကို အကြိမ်ကြိမ် နှစ်သိမ့်သော်လည်း မအောင်မြင်သဖြင့် နောက်ဆုံးတွင် သူ ဝမ်ယွမ်နှင့်အတူ အပြင်ထွက်လာခဲ့တော့သည်။
"မင်းပြောပုံအရဆိုရင် အဲ့ဒီအကြီးအကဲဖန်ရင်ရှုံက ရွှေအမြုတေ ရန်သူလေးယောက်ကြားမှာ ပိတ်မိနေတာပေါ့…. သူ အခြေအနေ မကောင်းနိုင်ဘူး"
"အင်း...."
"ဒါဆိုရင်.... မင်း ကျောက်စိမ်းအိုးဓားဂိုဏ်းကို သွားဖို့ ကိစ္စကရော ဖြစ်နိုင်ပါဦးမလား"
လော့ချန် ခေါင်းကို ကုတ်လိုက်ပြီး ကလေးတစ်ဦးလို ရှက်ကိုးရှက်ကန်း မျက်နှာပေးမျိုး ပြုလုပ်လိုက်မိသည်။ အမှန်တကယ်ပင် သူ ယခုကဲ့သို့ ပြန်ရောက်လာခြင်းမှာ ရှက်ရမလိုလိုနှင့် အလွန် အနေရခက်စရာ ကောင်းသည်။
"မနေ့ကနဲ့ ဒီမနက်တင် အသည်းအသန် နှုတ်ဆက်ခဲ့သမျှတွေက အလကား ဖြစ်သွားတာပေါ့လေ"
“အချိန်အခါ မသင့်တော်မှန်း သိပေမဲ့.... အစ်ကိုကြီး.... ကျွန်တော် အစ်ကိုကြီးကို ပေးထားတဲ့ ချီသန့်စင်ဆေးပုလင်းလေး ပြန်ပေးလို့ ရမလားခင်ဗျာ”