အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း (၂၁၇) - တာဟဲတစ္ဆေမြို့တော်နှင့် ကျင့်ကြံသူများစွာ ကြွေလွင့်ခြင်း
လော့ချန် စနောက်လိုက်ခြင်းသာ ဖြစ်သည်။ အမြဲ တည်ငြိမ်အေးဆေးလှသော ဝမ်ယွမ်ပင်လျှင် ရွှေအမြုတေအဆင့် ငါးဦးအထိ ပါဝင်ပတ်သက်နေသော တာဟဲစျေးမြို့တော်၏ တိုက်ပွဲကြီးအကြောင်း ကြားလိုက်ရချိန်၌ ရှားရှားပါးပါး စိုးရိမ်စိတ်များ ဝင်နေသည်ကို လော့ချန် အထင်အရှား ခံစားမိသည်။ ဤသည်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်၌သာ ရှိသေးသူတစ်ဦးအတွက် လုံးဝ တောင့်မခံနိုင်သော ဖိအားမျိုး ဖြစ်သည်။
ချီသန့်စင်ဆေးပုလင်းမှာ ဝမ်ယွမ်အတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။ ဝမ်ယွမ်၏ ကြွယ်ဝမှုနှင့်ဆိုလျှင် ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်သည်အထိ တည်ငြိမ်စွာ ကျင့်ကြံရန် လုံလောက်ပြီး ဖြစ်သည်။ ယခု ဤဆေးပုလင်း ထပ်တိုးလိုက်ခြင်းက သူ၏ ကျင့်ကြံမှုအရှိန်ကို ပိုမိုမြန်ဆန်စေမည် ဖြစ်သည်။
လော့ချန်၌ ဆေးပုလင်း လေးပုလင်း ကျန်သေးသည်။ သူ့တွင် ဝမ်ယွမ်ကဲ့သို့ သန်မာသော ခန္ဓာကိုယ်မရှိသဖြင့် ဆေးလုံးကို တိုက်ရိုက်မစုပ်ယူနိုင်သော်လည်း၊ သစ္စာနှလုံးသား နည်းစနစ်နှင့်သာဆိုလျှင် ဆေးအာနိသင်အား ခွဲထုတ်ကာ ဖြည်းဖြည်းချင်း စုပ်ယူ၍ ရနိုင်သည်။ သူတို့နှစ်ဦးသည် တာဟဲစျေးမြို့တော်အတွင်း၌ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲကို ခန့်မှန်းရင်း ဖြစ်လာနိုင်သော ဘေးအန္တရာယ်များကို ခဏမျှ ဆွေးနွေးလိုက်ကြသည်။
သို့သော်လည်း နောက်ဆုံးတွင် ထိုအရာအားလုံးမှာ ထင်မြင်မှန်းဆချက်များသာ ဖြစ်သည်။ ထိုတိုက်ပွဲမှာ သူတို့၏ စွမ်းဆောင်ရည်ထက် များစွာ ကျော်လွန်နေသည်။ လောလောဆယ်တွင် သူတို့ လုပ်နိုင်သည်မှာ အခြေအနေကို စောင့်ကြည့်ရန်သာ ရှိတော့သည်။
လခြမ်းတောင်ကြားရှိ လော့ထျန်းအဖွဲ့အစည်း ဌာနချုပ်တွင် မြောင်ဝမ် ပေးခဲ့သော ထိပ်တန်းအဆင့် အစီအရင်ကို တစ်ဝက်ခန့် အသက်သွင်းထားပြီး ဖြစ်သည်။ အကယ်၍ ရန်သူများ ချဉ်းကပ်လာပါက ခဏချင်းမှာပင် အပြည့်အဝ အသက်သွင်းကာ ခုခံနိုင်သည်။ ၎င်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကိုပင် အချိန်အတန်ကြာ တောင့်ခံနိုင်စွမ်း ရှိသည် မဟုတ်လော။
....
သန်းခေါင်ယံအချိန်တွင် ဝမ်ယွမ်တစ်ယောက် လော့ချန်အား လာရှာလေတော့သည်။
"ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး…. တကယ်လို့ တိုက်ပွဲပြီးလို့ အခြေအနေက ငါတို့ဘက်မှာ မရှိရင် ငါတို့တွေဟာ ထိုင်ရာမထ အသတ်ခံရမယ့် သိုးတွေလို ဖြစ်သွားလိမ့်မယ်" ဟု အရေးတကြီး ဆိုသည်။
လော့ချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူ သဘောတူ ခေါင်းညိတ်လိုက်ပြီး “အဲ့ဒါဆို အစ်ကိုဝမ်မှာ ဘာအစီအစဉ် ရှိလဲ" ဟု မေးလိုက်သည်။
“ငါ အနားကို သွားပြီး အခြေအနေ ကြည့်ချင်တယ်…. ထွက်ပြေးမှာလား၊ ခုခံမှာလားဆိုတာ စောစော ဆုံးဖြတ်လို့ ရအောင်လို့”
"ဒါဆို.... အတူတူ သွားကြမယ်"
ထိုအခါ ဝမ်ယွမ်က ချက်ချင်းပင် တားမြစ်လိုက်သည်။
"မင်း ဒီမှာပဲ နေခဲ့သင့်တယ်"
"ဟမ်.... ကျွန်တော်ကို အထင်မသေးပါနဲ့၊ ကျွန်တော်က တိုက်ခိုက်တဲ့နေရာမှာ မတော်ပေမဲ့၊ ထွက်ပြေးတဲ့နေရာမှာတော့ ဆရာကြီးပါဗျ"
ထိုသို့ ပြန်ပြောကာ လော့ချန် ပြုံးလျက် ရှေ့မှ စတင် ထွက်ခွာသွားတော့သည်။ သူ၏ ရုတ်တရက် မြန်ဆန်လှသော အရှိန်ကြောင့် ဝမ်ယွမ် ခဏမျှ မှင်တက်သွားရသည်။ မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့ပင် လော့ချန်၏ ထူးခြားသော အမြန်နှုန်းကို သတိပြုမိခဲ့ဖူးသည်။ ဤသည်မှာ လျှော့တွက်၍ မရသော အမြန်နှုန်းပင်။
....
ညမှောင်ရိပ်အောက်တွင် သုသာန်ဟောင်းတစ်ခုအတွင်းသို့ လူရိပ်နှစ်ခု တိတ်ဆိတ်စွာ ဝင်ရောက်လာကြသည်။ ပတ်ဝန်းကျင်ရှိ အေးစက်စက် တစ္ဆေချီများကို ခံစားလိုက်ရသောအခါ လော့ချန် တစ်ကိုယ်လုံး တုန်တက်သွားမိသည်။
"ဟာဗျာ.... ကျွန်တော်တို့ တခြားနေရာကနေ သွားကြည့်လို့ မရဘူးလားဗျာ…. ဘာလို့ သင်္ချိုင်းကုန်းကြီးကိုမှ ရွေးရတာလဲ…."
ဤသင်္ချိုင်းကုန်းမှာ တာဟဲစျေးမြို့တော်တွင် သေဆုံးသွားသော ကျင့်ကြံသူများကို မြှပ်နှံရာနေရာဖြစ်သည်။ အစပိုင်းတွင် မိတ်ဆွေများနှင့် ဆွေမျိုးများက လာရောက်မြှုပ်နှံသည့် နေရာ ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် အလောင်းမစုံဘဲ သေဆုံးသူများကိုပါ ဤနေရာသို့ လာရောက် စွန့်ပစ်ကြလေသည်။ အထူးသဖြင့် ကျောက်စိမ်းအိုးဓားနန်းဆောင်မှ အစောင့်အကြပ်များက အဆုံးအဖြတ်စင်မြင့်တွင် သေဆုံးသူများ၏ အလောင်းများကိုပါ ဤနေရာသို့ လာရောက် ပစ်ချလေ့ရှိသည်။
ဤနေရာမှာ တာဟဲစျေးမြို့တော်၏ ထင်ရှားသော နိမိတ်ဆိုးနေရာတစ်ခု ဖြစ်လာသည်။ ၎င်းမှာ အမှိုက်ပုံသဖွယ် ဖြစ်နေသကဲ့သို့ ကျင့်ကြံသူများကို သတိပေးရာ နေရာလည်း ဖြစ်သည်။ လူသတ်လုယက်သူများအတွက်မူ နိဗ္ဗာန်ဘုံတစ်ခုပင်။ နဂါးရတနာမှောင်ခိုဈေးကွက်မှ လော့ချန် ရရှိခဲ့သော အကြံပေးချက်များအရ ဤသုသာန်မှာ ချုံခိုတိုက်ခိုက်ခံရနိုင်ချေ အရှိဆုံးနေရာ ဖြစ်သည်။ အကယ်၍ ဤနေရာတွင် အသတ်ခံရပါက ပြာကို လေထဲလွင့်အောင် မီးလုံးဖြင့် ပစ်ပေါက်နေရန်ပင် မလိုအပ်တော့ပေ။
ဤသုသာန်ကြီးအတွင်း ရပ်နေရင်း လော့ချန်သည် ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားသော ခံစားချက်ကို ရရှိနေသည်။ သူ နတ်မျက်စိကို အသက်သွင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ၊ မရေမတွက်နိုင်သော တစ္ဆေအရိပ်များ ဟိုဟိုဒီဒီ မှိန်ဖျဖျ လှုပ်ရှားနေသည်ကို သတိပြုမိလိုက်သည်။
“တစ္ဆေတွေပါလား....”
လော့ချန် ထူးဆန်းသော အချက်တစ်ချက်ကို သတိပြုမိသည်။ ဤတစ္ဆေများအတွင်း၌ ပုံမှန်မဟုတ်သော အနက်ရောင်စွမ်းအားများ ပိုမို အားကောင်းလာနေခြင်းပင်။ ပုံမှန်အားဖြင့် သေဆုံးပြီးသူများတွင် သေဆုံးခြင်းအငွေ့အသက်များသာ ရှိရမည် ဖြစ်သော်လည်း၊ ယခု ဤတစ္ဆေများအတွင်း စီးဆင်းနေသော ဇီဝစွမ်းအားကို ကြည့်ခြင်းဖြင့် တစ်စုံတစ်ဦးက ယာယီ လက်ဆောင်ပေးထားသကဲ့သို့ ခံစားရသည်။
"ဒါ ဟို တစ္ဆေဘုရင် သုံးပါး နိုးထလာတဲ့ အရှိန်အဝါကြောင့် ဖြစ်ရမယ်"
သူ၏ ဘေးတွင် ရပ်နေသော ဝမ်ယွမ်မှာမူ မြို့တွင်းပိုင်းဆီသို့ စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများတွင် ညကောင်းကင်ယံ၌ လက်ခနဲ ဖြစ်နေသော ရွှေရောင်အလင်းများနှင့် အနက်ရောင် တိမ်တိုက်များ ထင်ဟပ်နေသည်။
"ဒီက တစ္ဆေတွေက ငါတို့အတွက် စိုးရိမ်စရာ မဟုတ်ပါဘူး…. အထူးသဖြင့် ငါက ကိုယ်ခန္ဓာကျင့်ကြံသူဆိုတော့ ဇီဝစွမ်းအား အပြည့်ရှိတယ်…. ဒီတစ္ဆေတွေရဲ့ အပြောင်းအလဲကို ကြည့်ပြီး ဟို တစ္ဆေဘုရင် သုံးပါးရဲ့ လက်ရှိ အခြေအနေကို ငါ ခန့်မှန်းလို့ ရတယ်"
လော့ချန် မျက်ခုံးပင့်လိုက်ပြီး "ဒါကို ဘယ်လို သိတာလဲ" ဟု အထင်ကြီးစွာ မေးလိုက်လေသည်။
"ဒီလိုကွ.... တစ္ဆေဘုရင် တစ်ပါး ရှိတဲ့နေရာတိုင်းမှာ တစ္ဆေချောက်နက်တစ်ခု အလိုအလျောက် ဖြစ်ပေါ်လာစမြဲပဲ…. အဲဒီအတွင်းမှာ ရှိတဲ့ တစ္ဆေကျင့်ကြံသူတွေဟာ တစ္ဆေဘုရင်ရဲ့ ထိန်းချုပ်မှုကို ခံရသလို၊ အာဟာရလည်း ရပြီး ပိုသန်မာလာကြတယ်"
ဤသည်မှာ တတိယအဆင့် တစ္ဆေကျင့်ကြံသူများကို တစ္ဆေဘုရင်ဟု ခေါ်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ သူတို့သည် တစ္ဆေချောက်နက်ကြီးတစ်ခုကို အမိန့်ပေးနိုင်ပြီး၊ ထိုနေရာရှိ တစ္ဆေအားလုံး၏ အရှင်သခင် ဖြစ်ကြသည်။ ထို့ကြောင့်သာ သူတို့အား တစ္ဆေတို့၏ ဘုရင်များဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဤအချက်ကို နားလည်သွားသောအခါမှ ဝမ်ယွမ် အဘယ်ကြောင့် ဤနေရာကို ရွေးခဲ့သည်ကို လော့ချန် သဘောပေါက်သွားတော့သည်။ ဤမျှ ဝေးကွာသော အကွာအဝေးမှနေ၍ တိုက်ပွဲကို တိုက်ရိုက်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သုသာန်အတွင်းရှိ တစ္ဆေများ၏ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲ၏ အလှည့်အပြောင်းကို သွယ်ဝိုက်သောနည်းဖြင့် သိရှိနိုင်သည်။ ဤသည်မှာ အမှန်ပင် ပါးနပ်သော နည်းလမ်း ဖြစ်သည်။
လော့ချန် ချီးကျူးစကားဆိုလိုက်ပြီးနောက် ဝမ်ယွမ်၏ ဘေးတွင် ရပ်ကာ တာဟဲစျေးမြို့တော် မြို့တွင်းပိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ နတ်မျက်စိမှာ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် ဝမ်ယွမ်ထက် ပို၍ ဝေးဝေးနှင့် ရှင်းရှင်း မြင်နိုင်သည်။ လရောင်၏ အကူအညီဖြင့် သူသည် အဝေးမှ ဝေဝါးနေသော ပုံရိပ်များကိုပင် မှိန်ဖျဖျ မြင်တွေ့နေရသည်။
"ဓားကျင့်ကြံသူဆိုတာ တကယ်ကို အစွမ်းထက်တာပဲ…. အဆင့်တူတွေကြားမှာ တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးလို့ ပြောကြတာ မမှားဘူး…. ရွှေအမြုတေ လေးယောက်ရဲ့ ညှပ်တိုက်တာ ခံနေရတာတောင် ဒီလောက်အထိ တောင့်ခံနိုင်တာ မယုံနိုင်စရာပဲ…." ဟု လော့ချန် အံ့သြတကြီး ပြောလိုက်သည်။
ဝမ်ယွမ်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
"သူက သူ့နယ်မြေမှာ တိုက်နေရတာလည်း ပါတာပေါ့၊ ဖီးနစ်ကျတောင်က ကျောက်စိမ်းအိုးဓားနန်းဆောင် အချိန်အကြာကြီးကတည်းက ခံစစ်ပြင်ထားတဲ့နေရာလေ…. ဝိညာဉ်ကြောတွေ၊ ခံစစ်တွေနဲ့ အစီအရင်တွေ အားလုံးကို သူ ကောင်းကောင်း သိနေတာ၊ ဂိုဏ်းဝင် အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုတော့ ဖန်ရင်ရှုံဟာ တစ်ယောက်တည်း မဟုတ်ဘူး…. ဒါပေမဲ့...."
လော့ချန်သည် လမ်းတွင် တွေ့ခဲ့သော ထျန်းရှင်းကျီ ဦးဆောင်သည့် အဖွဲ့ကို ပြန်သတိရမိသည်။ အကယ်၍ သူတို့သာ ဖန်ရင်ရှုံကို တိုက်ခိုက်ရဲသည်ဆိုလျှင် ဤအချက်အားလုံးကို သူတို့ ထည့်သွင်းတွက်ချက်ထားပြီးသား ဖြစ်ရမည်။ ကျောက်စိမ်းအိုးဓားကျင့်ကြံသူများမှာ အလွန် အန္တရာယ်ကြီးသော အခြေအနေတွင် ရှိနေဆဲပင်ဖြစ်သည်။
ရုတ်တရက် လော့ချန်၏ မျက်လုံးများ စူးရှသွားသည်။ တာဟဲစျေးမြို့တော်အတွင်း၌ အလွန်တရာ တောက်ပလှသော ဓားချီတစ်ခုသည် နဂါးတစ်ကောင် ပျံတက်သည့်အလား ပေါက်ကွဲထွက်ပေါ်လာသည်။ ဓားစွမ်းအား လှိုင်းတံပိုးများသည် တလိမ့်လိမ့် ထွက်ပေါ်လာပြီး၊ ဓား၏ အော်မြည်းသံမှာ မိုင်တစ်ထောင်အထိ ပဲ့တင်ထပ်သွားတော့သည်။ ညကောင်းကင်ယံ တစ်ခုလုံးသည် ထိုဓားချက်တစ်ချက်အောက်တွင် ဆွဲဖြဲခြင်း ခံလိုက်ရသလိုပင်ဖြစ်သည်။
"ဒါ.... ဖန်ရင်ရှုံ ဒီမနက် သုံးခဲ့တဲ့ တိုက်ကွက်ပဲ…."
"သူ အသက်နဲ့လဲပြီး တိုက်နေပြီ….”
လော့ချန်နှင့် ဝမ်ယွမ်တို့ တစ်ချိန်တည်းမှာပင် ကောက်ချက်ချလိုက်ကြသည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြသည်။ အနီးအနားရှိ ပိုမိုအားကောင်းလာနေသော ဝိညာဉ်နှင့် တစ္ဆေများမှာ ရုတ်တရက် လေပြင်းတိုက်ခံရသလို တောင့်တင်းသွားပြီးနောက်၊ ညှိုးနွမ်းကာ ငြိမ်သက်သွားကြတော့သည်။ လေထုအတွင်းရှိ အေးစက်လှသော ယင်စွမ်းအားများမှာလည်း သိသိသာသာ အားနည်းသွားသည်။
ဆိုလိုသည်မှာ တစ္ဆေဘုရင်သုံးပါးလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။
"ဖန်ရင်ရှုံ လုပ်နိုင်သွားပြီ…." ဟု ဝမ်ယွမ်က အော်ပြောလိုက်သည်။
"မဟုတ်ဘူး.... မပြီးသေးဘူး….”
လော့ချန် ထိတ်လန့်တကြား အော်လိုက်သည်။ အကြောင်းမှာ တာဟဲစျေးမြို့တော်ဘက်သို့ သူလှည့်ကြည့်လိုက်ရာ ဧရာမ ဓားချီတစ်ခုသည် ဖီးနစ်ကျတောင်ပေါ်သို့ အရှိန်နှင့် ထိုးဆင်းသွားသောကြောင့် ဖြစ်သည်။
"ဓားကျင့်ကြံသူ နောက်တစ်ယောက်ပါလား…. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…. သူက ဖန်ရင်ရှုံကို ကူညီတာ မဟုတ်ဘူးလား"
လော့ချန်၏ အံ့သြမှုများ မဆုံးမီမှာပင် ထိုဧရာမဓားချီကြီးမှာ ပြိုကျလာတော့သည်။ ထိုဓားချီ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ဒေါသံတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။
"မင်းပဲလားကွ…."
ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ လော့ချန်နှင့် ဝမ်ယွမ်တို့မှာ ဘာပြောရမှန်းမသိဘဲ အချင်းချင်း ကြောင်ကြည့်နေမိကြတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၁၈) - တစ္ဆေမြို့ပျက်ကြီး၏ နောက်ဆက်တွဲဖြစ်စဥ်များ
ရွှေအမြုတေအဆင့် တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၁၅ ရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဤမျှ ရှည်လျားသော အချိန်ကာလသည် ကျင့်ကြံသူများ၏ စိုးရိမ်ထိတ်လန့်မှု အများစုကို ဆေးကြောပစ်ရန် လုံလောက်ပေသည်။ သို့သော်လည်း တိုက်ပွဲအပြီး ကျန်ရစ်ခဲ့နိုင်သော ရတနာများအပေါ် မျှော်လင့်ချက်က ကျန်ရှိနေသေးသော ကြောက်ရွံ့မှုများကို လျင်မြန်စွာ ဖျောက်ဖျက်ပစ်လိုက်ပြီး အတိုင်းအဆမဲ့သော လောဘများဖြင့် အစားထိုးလိုက်ကြတော့သည်။
လော့ချန်သည် လော့ထျန်အဖွဲ့အစည်း၏ တိုက်ခိုက်ရေးခန်းမမှ ကျင့်ကြံသူများကို ဦးဆောင်ကာ အဝေးတစ်နေရာမှ ရပ်ကြည့်နေသည်။ သူသည် ယခုအခါ ခြောက်ခြားဖွယ် တစ္ဆေချီများ လွှမ်းခြုံနေသော မြို့တော်ကို စိုက်ကြည့်နေသည်။
“ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်သွားပြီးတော့ တစ်ကိုယ်တော်ကျင့်ကြံသူတွေအတွက်တော့ တစ္ဆေမြို့ပျက်ကြီးပဲ ကျန်ခဲ့တာပေါ့"
သူ ညင်သာစွာ သက်ပြင်းချလိုက်ရင်း ချီသန့်စင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးဦး မြို့တွင်းပိုင်းသို့ အတူတကွ စွန့်စားဝင်ရောက်သွားသည်ကို ငေးကြည့်နေမိသည်။
"အခုအထိ ဘယ်နှစ်ဖွဲ့လောက် ဝင်သွားပြီးပြီလဲ…."
ထိုအခါ သူ့ဘေးတွင်ရှိသော ကျိုးယွမ်လီက ရိုသေစွာ ပြန်ဖြေသည်။
"ကျောက်စိမ်းအိုးဓားနန်းဆောင်က စီမံခန့်ခွဲရ လွယ်အောင်လို့ မြို့တံခါး တစ်ခုတည်းကိုပဲ ဖွင့်ပေးထားပါတယ်…. ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ ဒါဟာ ၁၇ ဖွဲ့မြောက် ဝင်သွားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ အုပ်စုပါပဲ"
"အဲဒီမတိုင်ခင် ဝင်သွားတဲ့ ၁၆ ဖွဲ့ကရော ဘာဖြစ်သွားလဲ" ဟု လော့ချန် မေးလိုက်သည်။
ကျိုးယွမ်လီက ခေါင်းခါလိုက်ပြီး ဆိုသည်။
"တစ်ယောက်မှ ပြန်ထွက်မလာသလို ဘာသတင်းမှလည်း မကြားရတော့ပါဘူး"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိပြီး ရင်ထဲ၌ မတင်မကျ ဖြစ်လာသည်။ တစ္ဆေဘုရင် သုံးပါးမှာ ဖန်ရင်ရှုံ မသေဆုံးမီကပင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ သို့သော်လည်း သေဆုံးသွားပြီးနောက် သူတို့၏ တစ္ဆေချီ အနှစ်သာရ အားလုံးမှာ တာဟဲစျေးမြို့တော် မြို့တွင်းပိုင်း၌ပင် ကျန်ရစ်ခဲ့သည်။ ထိုအရာများမှာ ရွှေအမြုတေ အဆင့်နှင့် ညီမျှသော တစ္ဆေဘုရင်များ၏ စွမ်းအားများ ဖြစ်သည်။
သာမန်အခြေအနေတွင် တစ္ဆေဘုရင် တစ်ပါးတည်းနှင့်ပင် တာဟဲစျေးမြို့တော်ကဲ့သို့ မြို့မျိုးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ ယခုမူ တစ္ဆေဘုရင် သုံးပါးစလုံး၏ စွမ်းအားများ ကိန်းအောင်းနေသဖြင့် ဤနေရာမှာ တစ္ဆေချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဤနေရာမှာ သက်ရှိများအတွက် တားမြစ်နယ်မြေ တစ်ခု ဖြစ်နေလေပြီ။
“အင်း.... အစ်ကိုဝမ်ကတော့ မြို့ထဲဝင်ပြီး ရတနာရှာဖို့ တစ္ဆေနှိမ်နင်းတဲ့ ကျင့်စဥ်တစ်ခုကို အရင်ဆုံး အချောသတ် ကျင့်ကြံရမယ်ဆိုပြီး တံခါးပိတ်ကျင့်ကြံဖို့သွားပြီ.... လောလောဆယ် လော့ထျန်အဖွဲ့အစည်းမှာ အခြေအနေကို ထိန်းထားနိုင်မယ့် ထိပ်တန်း တိုက်ခိုက်ရေးသမား မရှိဘူး၊ ဒါ အတော်လေး အနေရခက်တဲ့ အခြေအနေပဲ”
လော့ချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အချို့သော ကျင့်ကြံသူများထံတွင် ခေတ္တရပ်သွားသည်။ ထိုသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုများ၏ လက်အောက်ခံများ ဖြစ်ကြသည်။ ယခုအခါ ကျောက်စိမ်းအိုးဓားနန်းဆောင် ပြိုလဲသွားပြီ ဖြစ်ရာ လော့ထျန်အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမဲ့ ဖြစ်သွားခဲ့လေပြီ။
ထို့အပြင် မြောင်ဝမ်မှာလည်း ပျောက်ဆုံးနေပြီး သေသလော၊ ရှင်သလော မည်သူမျှ မသိကြပေ။ ထိုသူများသည် ရုတ်တရက် ရန်သူများ ပြန်ဖြစ်လာကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုကြီးများ ယခုအထိ လှုပ်ရှားမှု မရှိသေးခြင်းမှာ ဘုံရန်သူ ဖြစ်သွားမည်ကို စိုးရိမ်နေကြသောကြောင့်သာ ဖြစ်သည်။
တစ်ဖက်တွင် အခြား အခြေခံတည်ဆောက်ခြင်းအဆင့် အုပ်စုများက သူတို့အား ပြန်တိုက်မည်ကို စိုးရိမ်ကြသလို၊ အခြားတစ်ဖက်တွင်လည်း ကျောက်စိမ်းအိုးဓားဂိုဏ်းက ကျင့်ကြံသူအသစ်များ လွှတ်ပြီး သူတို့အား စံနမူနာအဖြစ် အပြစ်ပေးမည်ကို ကြောက်ရွံ့နေကြသည်။ သို့သော်လည်း ဤနုနယ်လှသော ငြိမ်းချမ်းမှုမှာ တစ်နေ့တွင် ပျက်စီးသွားမည်ကို လော့ချန် သိသည်။ သူသည် နောက်တစ်ကြိမ် တစ်စုံတစ်ဦး၏ ဆေးဖော်စက်ရုပ် ထပ်အဖြစ်မခံနိုင်တော့ပေ။ ထို့ကြောင့် တာဟဲစျေးမြို့တော်မှ ထွက်ခွာပြီး ကျောက်စိမ်းအိုးဓားဂိုဏ်းထံ သွားရောက် အစီရင်ခံရန် သူ့တွင် အစီအစဉ်မရှိပေ။
ဖန်ရင်ရှုံ သေဆုံးသွားပြီ ဖြစ်ရာ ယခုအချိန်တွင် ထိုနေရာသို့ သွားရန် အကြောင်းပြချက် မရှိတော့ပေ။ ထိုနေရာသို့ သွားခြင်းမှာ အချိန်ကုန်ရုံသာမက ဂိုဏ်းအတွင်း ရောက်သွားလျှင်ပင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အာမခံနိုင်မည် မဟုတ်ပေ။ ထိုအစား သူကိုယ်တိုင် ကြိုးစားကျင့်ကြံပါက တိုးတက်မှုနှုန်းမှာ အလွန်အမင်း နောက်ကျကျန်ခဲ့မည် မဟုတ်ပေ။ အရေးကြီးဆုံးမှာ ဤလမ်းသည် သူ အမှန်တကယ် လျှောက်လှမ်းလိုသော လမ်းပင် ဖြစ်သည်။
လော့ချန် အတွေးများနေစဉ် ရှေ့ဘက်မှ ရုတ်တရက် ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာသည်။ သူ သတိပြန်ဝင်လာပြီး အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ မြို့တွင်းပိုင်းအတွင်း၌ မှိန်ဖျဖျ ဝိညာဉ်အလင်းတန်းတစ်ခုသည် ထူထပ်လှသော တစ္ဆေချီများကို ဖောက်ထွက်ကာ ခက်ခက်ခဲခဲ တိုးထွက်လာနေသည်။ ခဏအကြာတွင် ထိုလင်းလက်နေသော ပုံရိပ်မှာ မြို့ထဲမှ ထွက်ပေါ်လာသည်။
"အဘိုးချူပါလား…. သူ တကယ် အသက်ရှင်နေသေးတာပဲ၊ ရတနာနန်းဆောင်က ချီသန့်စင်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ဘာမှမဖြစ်ဘဲ ပါလာတာပဲ"
ဝိညာဉ်အလင်းတန်း ပိုမို ရှင်းလင်းလာသောအခါ ၎င်းမှာ လှေပျံတစ်စင်း ဖြစ်နေသည်။ အဖွဲ့အား ဦးဆောင်လာသူမှာ တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူတိုင်း သိကြသော ရတနာနန်းဆောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အဘိုးချူပင် ဖြစ်သည်။ အဘိုးချူသည် မြို့ထဲမှ ထွက်လာသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူ ခုနစ်ဦးမှာ ပျံသန်းလှေပေါ်မှ ဖယ်ထုတ်ခြင်း ခံလိုက်ရသည်။
"ငါ လုပ်သင့်တာတွေ လုပ်ပေးပြီးပြီ…. ငါတို့ ပတ်သက်မှုက ဒီမှာတင် ပြီးပြီ" ဟု သူ အေးစက်စွာ ဆိုသည်။
ထိုစကားအဆုံးတွင် လှေပျံမှာ တစ်ဖန် ပြန်လည် တောက်ပလာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက် ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် တာဟဲစျေးမြို့တော် အပြင်ဘက်ရှိ နေရာအသီးသီးမှ အခြားသော အလင်းတန်း အများအပြားလည်း ပေါ်ထွက်လာပြီး အဘိုးချူ၏ နောက်သို့ လိုက်သွားကြသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ခေါင်းဆောင်များသည် မြို့တွင်းပိုင်း အခြေအနေကို မေးမြန်းရန် သူ့နောက်သို့ လိုက်သွားကြခြင်း ဖြစ်ဟန်တူသည်။
လော့ချန်တွင် ထိုသို့ လိုက်သွားနိုင်သည့် အဆင့်အတန်းမျိုး မရှိသော်လည်း ဤနေရာ၌ သူ မေးမြန်းနိုင်သည့် လူအချို့ ကျန်ရစ်ခဲ့သည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ စီမာရှန့်သည် လူတစ်စုကို ဦးဆောင်ကာ အုပ်စုကြားမှ ထွက်လာပြီး အဘိုးချူ ထားရစ်ခဲ့သော ကျင့်ကြံသူ ခုနစ်ဦးထံသို့ တိုက်ရိုက် ဦးတည်သွားသည်။ ထိုခုနစ်ဦးမှာ ပျံလွှားဂိုဏ်းမှ မဟုတ်ဘဲ ရတနာနန်းဆောင်မှ ငှားရမ်းထားသည့် ဒေသခံ ကျင့်ကြံသူများသာ ဖြစ်သည်။
သူတို့ထဲတွင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား နှစ်ဦး ပါဝင်သည်။ မကြာမီမှာပင် စီမာရှန့်သည် အမျိုးသား တစ်ဦးကို ဖမ်းဆီးကာ လော့ချန်ထံသို့ ခေါ်ဆောင်လာခဲ့သည်။
လော့ချန် မဆိုင်းမတွပင် ထိုသူအား "ငါ မေးတာကိုပဲ ဖြေစမ်း" ဟု အမိန့်ပေးလိုက်သည်။ ရတနာနန်းဆောင်၏ အကာအကွယ် မရှိတော့သဖြင့် ထိုလူသည် ယခင်က ရှိခဲ့သော မောက်မာမှုများ ပျောက်ကွယ်နေပြီ ဖြစ်သည်။ သူ၏ မျက်နှာမှာ ဖြူလျော့နေပြီး အမြန်ပင် ခေါင်းညိတ်ပြသည်။
"မင်း နာမည် ဘယ်သူလဲ"
"လီဝမ်ချန်း ပါခင်ဗျာ"
"မြို့ထဲက တိုက်ပွဲအကြောင်း မင်း ဘာတွေ သိလဲ"
"ဘာမှ မသိပါဘူး ခင်ဗျာ"
"ဟင်…."
"အကြီးအကဲရာ.... ကျွန်တော် တကယ်ကို ဘာမှ မသိတာပါ"
လော့ချန် မျက်ခုံးပင့်လိုက်မိသည်။ တစ်စုံတစ်ယောက်က သူ့အား အကြီးအကဲဟု ခေါ်သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော် အရေးမကြီးသဖြင့် သူ ထိုအရာကို ဘေးချိတ်ကာ ထပ်မံ စစ်မေးလိုက်သည်။
"မင်း ဘာမှ မသိဘဲနဲ့ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ"
လီဝမ်ချန်းက ခါးသီးစွာ ပြန်ဖြေသည်။
"ကျွန်တော် သိသလောက်ကတော့.... အဲဒီအချိန် ဆိုင်ထဲမှာ ဘယ်ဖောက်သည်မှ မရှိဘူး၊ ပြီးတော့ တော်တော်ကြီး ပြင်းတဲ့ ဖိအားကြီးတစ်ခုက ကျွန်တော်ကို ဖြတ်ကျော်သွားပြီး ကျွန်တော် သတိလစ်သွားခဲ့တယ်…. ကျွန်တော် ပြန်နိုးလာတဲ့အခါ ရတနာနန်းဆောင်ရဲ့ အစီအရင်ကြီးက အသက်ဝင်နေပြီ…. အဘိုးချူ ကျွန်တော်တို့ကို ပြန်ထုတ်မပေးမချင်း ရက်သတ္တပတ် နှစ်ပတ်လုံး ကျွန်တော်တို့ အဲဒီထဲမှာပဲ ပိတ်မိနေခဲ့တာပါ"
"မင်းတို့ အားလုံးလား"
ထို့နောက် လော့ချန်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
"ဟုတ်ကဲ့.... ရတနာနန်းဆောင်က တပည့်တွေနဲ့ ကျွန်တော်တို့လို တစ်ကိုယ်တော် ကျင့်ကြံသူ တချို့ အားလုံး အသက်ရှင် လွတ်မြောက်လာခဲ့ပါတယ်"
"နည်းနည်း ထိခိုက် ရှနာလေးတောင် မရှိဘူးလား"
ထိုသို့ တရစပ်မေးခွန်း အတော်များများကို ဖြေဆိုပြီးနောက် လီဝမ်ချန်း၏ တုန်လှုပ်မှုမှာ အနည်းငယ် တည်ငြိမ်သွားသည်။ သူ အမြန် ခေါင်းညိတ်ပြရင်း ဆိုသည်။
"ဟုတ်ပါတယ်…. ကျွန်တော်တို့ ဘာမှ မဖြစ်ခဲ့ပါဘူး၊ ရတနာနန်းဆောင်မှာ အကောင်းစား တိုက်ခိုက်ရေးလက်နက်တွေ အများကြီး ရှိတယ်၊ ခိုင်ခံ့တဲ့ အစီအရင်ရှိတယ်၊ ပြီးတော့ အဘိုးကြီးချူကလည်း သူ့အတွေ့အကြုံတွေနဲ့ ကျွန်တော်တို့ကို လမ်းညွှန်ပေးခဲ့ပါတယ်…. ကျွန်တော်တို့ ကောင်းကောင်း စောင့်ရှောက်ခံခဲ့ရပြီး ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ ဒါပေမဲ့...."
"ဒါပေမဲ့ ဘာဖြစ်လဲ"
သူ ခါးသီးသော အပြုံးဖြင့် ဆက်ပြောသည်။
"အဘိုးကြီးချူက တာဟဲစျေးမြို့တော်ရဲ့ ရတနာနန်းဆောင်ကို ပိတ်တော့မယ် ပြောပြီး ကျွန်တော်တို့ အားလုံးကို အလုပ်ထုတ်လိုက်ပါပြီ"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ အရေးကြီးသည့် အချက်တစ်ခုခု ပါလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူ စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် ရှေ့ဘက်မှ နောက်ထပ် ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာပြန်သည်။ မော့ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ် တစ္ဆေချောက်နက်ကြီးအတွင်းမှ မိန်းမပျိုလေးဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
"နောက်ထပ် လူတွေ ထွက်လာပြန်ပြီလား"
လော့ချန်သည် ဤအုပ်စုထံမှ အသုံးဝင်သော သတင်းအချက်အလက် တစ်စုံတစ်ရာ ရလိုရငြား စိတ်ဝင်တစား ကြည့်လိုက်သည်။ သို့သော်လည်း ရလဒ်မှာ စိတ်ပျက်စရာပင်။ ထိုလှပသော ပုံရိပ်လေးခုမှာ မြို့ထဲမှ ခြေလှမ်းအနည်းငယ် ထွက်လာသည်နှင့် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။ အားကောင်းပြီး မောက်မာလှသော ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုလူသည် အပြင်ဘက်ရှိ ကျင့်ကြံသူများကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တိမ်တိုက်တစ်ခုကို စီးကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
သူ ထွက်သွားပြီးနောက်မှသာ ငြိမ်ချက်သားကောင်းနေသော ထိုနေရာတွင် တယောက်တပေါက် ဝေဖန်စပ်စုသံများဖြင့် လေထုမှာ ပြန်လည် စည်ကားလာတော့သည်။
"အဲဒါ ထျန်းရှန်းမျှော်စင်က အကြီးအကဲဟွာ မဟုတ်လား…."
"ဟုတ်တယ်…. အဲဒါ သူပဲ သေချာတယ်"
"ဒါပေမဲ့ ထျန်းရှန်းမျှော်စင်က တခြား အမျိုးသမီးကျင့်ကြံသူတွေရော ဘယ်မှာလဲ…."
"အေးလေ.... တစ်ယောက်မှ ပါမလာဘူး"
"အာ.... သူတို့အားလုံး မြို့ထဲမှာ သေကုန်ကြပြီ ထင်တယ်"
နောက်ဆုံးစကားမှာ လူအုပ်ကြားမှ တီးတိုးပြောသံအဖြစ် စတင်ခဲ့သော်လည်း မကြာမီမှာပင် ဆွေးနွေးမှု၏ ဗဟိုချက် ဖြစ်လာတော့သည်။ လူတိုင်းမှာ ခါးသီးသော အမှန်တရားကို ရင်ဆိုင်လိုက်ရလေပြီ။ တာဟဲစျေးမြို့တော်၏ အသက်ဝင်ဆုံးသော ဖျော်ဖြေရေး နန်းဆောင်ကြီးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး၊ ကျန်သူအားလုံး လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ဟန်တူသည်။
စောစောက ထွက်လာသော လှပသော ပုံရိပ်လေးခုမှာ လူအစစ်များ မဟုတ်ဘဲ အစွမ်းထက်သော မှော်ပစ္စည်း သို့မဟုတ် ရတနာတစ်ခုခုသာ ဖြစ်ပေလိမ့်မည်။ အမှန်တကယ် ကိုယ်ထင်ပြခဲ့သူမှာ ဟွာ မျိုးရိုး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။ လှပချောမောသော အမျိုးသမီးကျင့်ကြံသူများစွာ ထိုတစ္ဆေမြို့တော်အတွင်း သေဆုံးသွားခဲ့ရသည်ဟူသော အတွေးက လူတိုင်းကို ကျောစိမ့်သွားစေသည်။
"အဲဒီ အကြီးအကဲက.... တကယ်ကို ရက်စက်လွန်းရာ မရောက်ဘူးလား"
"စကားကို ဆင်ခြင်စမ်း"
"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဆိုတာ ငါတို့လိုလူတွေ စိတ်ကြိုက် ပြောလို့ရတဲ့သူ မဟုတ်ဘူး"
ပြောဆိုသံများ တိတ်ဆိတ်သွားသော်လည်း လူတိုင်း၏ မျက်နှာပေါ်မှ ဝမ်းနည်းမှုနှင့် မတတ်သာမှုများမှာ အထင်အရှား ရှိနေဆဲ ဖြစ်သည်။
....
မွန်းလွဲပိုင်းတွင် နတ်ဘုရားမှော်စာရွက်နန်းတော်၊ လင်ယွမ်နန်းဆောင်၊ ဝိညာဉ်ဆေးနန်းဆောင်နှင့် ဆေးပေါင်းတစ်ထောင်ခန်းမ တို့မှ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ထွက်လာကြချိန်တွင် လူတိုင်းမှာ ခါးသီးသော အမှန်တရားကို လက်ခံလိုက်ရတော့သည်။ ထျန်းရှန်းမျှော်စင်မှာ အကြီးအကဲ တစ်ဦးတည်းမှလွဲ၍ ကျန်သူအားလုံး သေဆုံးကုန်ခြင်းမှာ အမှန်ဖြစ်သည်။
မိမိတို့၏ ကျင့်ကြံသူများကို ရက်စက်စွာ ဆက်ဆံသည်ဟု နာမည်ကြီးသော လင်ယွမ်နန်းဆောင်ပင်လျှင် အနည်းဆုံး ဒေသခံကျင့်ကြံသူနှစ်ဦးကို ကယ်ထုတ်လာခဲ့သည်။ ဤအချက်က ထျန်းရှန်းမျှော်စင်မှ ဟွာ အမည်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ပို၍ပင် နှလုံးသားမဲ့သူအဖြစ် ထင်ရှားစေသည်။ အခြားသော ဂိုဏ်းကြီးများနှင့် ဆက်နွှယ်နေသော ဆိုင်တိုင်းသည် သူတို့၏ အလုပ်သမားများကို ကာကွယ်နိုင်ခဲ့သော်လည်း ပိုးပန်းပင်ဂိုဏ်း လက်အောက်ရှိ ထျန်းရှန်းမျှော်စင်မှာမူ ထိုသို့ မလုပ်နိုင်ခဲ့ပေ။
ဒေသခံ တကိုယ်တော်ကျင့်ကြံသူများကို မဆိုထားနှင့်၊ ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့်အတူ ပါလာခဲ့သော ပိုးပန်းပင်ဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ဦးကိုပင် မတွေ့ရတော့ပေ။
လော့ချန်သည် လူအုပ်အတွင်းမှ ဆေးပေါင်းတစ်ထောင်ခန်းမ၏ ဆိုင်ရှင်လျိုကို တွေ့လိုက်ရသည်။
"ဆရာကြီးလျို.... ဂါရဝပြုပါတယ် ခင်ဗျာ"
"အာ.... လော့လေး ပါလား.... ခေါ်နေကျအတိုင်း ဆိုင်ရှင်လျို လို့ပဲ ခေါ်စမ်းပါကွ”
လျိုဟယ်ချိုင် က မုတ်ဆိတ်ကို သပ်ရင်း ပြုံးလျက် ဆိုသည်။
လော့ချန် ခေါင်းညိတ်ပြကာ ချက်ချင်း မေးလိုက်သည်။
"ဆိုင်ရှင်လျို.... ကျွန်တော် မိန်းကလေးရှောင်လင်း...."
"အေး စိတ်မကောင်းဘူးကွာ.... သူက ဆေးပေါင်းတစ်ထောင်ခန်းမမှာလေ…. ငါက အဲဒီအချိန်မှာ ဝိညာဉ်ဆေးနန်းဆောင်မှာ ရှိနေခဲ့တာ…. သူတို့ ဆိုင်ရဲ့ အခြေအနေကတော့....ကျွတ်ကျွတ်...."
လျိုဟယ်ချိုင်၏ နောင်တရနေသော အကြည့်များကို ရှောင်လွှဲကာ လော့ချန် အကြည့်လွှဲလိုက်မိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှလွဲ၍ ဆေးပေါင်းတစ်ထောင်ခန်းမမှ အခြား မည်သူမျှ ထွက်မလာခဲ့ကြပေ။ သူတို့ လုံးဝ စွန့်ပစ် ခံလိုက်ရခြင်းဖြစ်သည်။ မိမိ၏ အဖွဲ့ဝင် တစ်ဦးကိုပင် မကာကွယ်ပေးခဲ့သော ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာ ထျန်းရှန်းမျှော်စင်မှ လူကဲ့သို့ပင် နှလုံးသားမဲ့လှသည်။
လော့ချန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာခဲ့ပေ။ ထိုသတင်းဆိုးက သူ့အား စိတ်ဒဏ်ရာနှင့် စိတ်မကောင်းခြင်းများ ဖြစ်စေကာ သူ၏ ရင်ထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်သွားသည်။
"ဟူး.... အေးကွာ…. ကံပါရင် ငါတို့ ပြန်ဆုံကြတာပေါ့ လော့လေးရာ" ဟု လျိုဟယ်ချိုင်က လော့ချန်၏ ပုခုံးကို ပုတ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ဆေးဘုရင်ဂိုဏ်းမှ တပည့်အချို့ကို ခေါ်ကာ လှေပျံဖြင့် တာဟဲ စျေးမြို့တော်မှ ထွက်ခွာသွားတော့သည်။
လျိုဟယ်ချိုင် ထွက်သွားပြီးနောက် လော့ချန်သည် သူ့ရှေ့မှ ခြောက်ခြားဖွယ် တစ္ဆေမြို့တော်ကြီးကို စိုက်ကြည့်နေရင်း သူ၏ မျက်ဝန်းထဲ၌ နက်ရှိုင်းသော ဝမ်းနည်းမှုများ ပေါ်ထွက်လာသည်။ ဘေးအန္တရာယ် ကျရောက်လာချိန်တွင် သူတစ်ပါးကို အားကိုး၍ မရ ဆိုသည့် အမှန်တရားကို သူနားလည်သော်လည်း မိတ်ဆွေတစ်ဦး ဆုံးရှုံးလိုက်ရသည်ကိုမူ လက်ခံရန် ခက်ခဲနေသည်။
ကျိုးယွမ်လီသည် ပိုင်မေလင်းနှင့် လော့ချန်တို့ မည်မျှ ရင်းနှီးသည်ကို မသိပေ။ သူ ရှေ့သို့ တိုးလာပြီး ခပ်တိုးတိုး မေးလိုက်သည်။
"ခေါင်းဆောင်.... လီဝမ်ချန်းက လော့ထျန်အဖွဲ့အစည်းကို ဝင်ဖို့ သဘောတူလိုက်ပြီဗျ…. တခြား ဆိုင်တွေက ဒေသခံ ကျင့်ကြံသူ အချို့လည်း ကျန်ရစ်ခဲ့ကြတယ်…. သူတို့ကိုရော အဖွဲ့ထဲ သွင်းရမလား ခင်ဗျာ"
"မင်း အဆင်ပြေသလိုပဲ လုပ်လိုက်ပါ" ဟု ဆိုရင်း လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
ဆေးပေါင်းတစ်ထောင်ခန်းမသို့ သူ သွားခဲ့သည့် အမှတ်တရတိုင်းမှာ သူ၏ စိတ်ထဲ၌ လျှပ်ခနဲ ပေါ်လာသည်။ စကားများပြီး သွက်လက်လှသော ထိုမိန်းကလေးမှာ ယခုမူ ထာဝရ ပျောက်ကွယ်သွားခဲ့လေပြီ။ တစ်ခါတစ်ရံတွင် သူမ၌ အခြားသော ဂိုဏ်းကြီးများနှင့် ဆက်နွှယ်နေသည့် ဆိုင်များတွင် အလုပ်လုပ်သော အမျိုးသမီးများကဲ့သို့ မောက်မာမှု အနည်းငယ် ရှိတတ်သည်။
သို့သော် သူမနှင့် ရင်းနှီးလာလျှင်မူ သူမသည် စိတ်နှလုံးကောင်းမွန်လှသောသူ တစ်ဦးဖြစ်ကြောင်း အလွယ်တကူ သိမြင်နိုင်သည်။ လော့ချန် ဆေးဖက်ဝင်အပင်များ ဝယ်တိုင်း သူမ လော့ချန်အတွက် အကောင်းဆုံးအရာများကိုသာ အမြဲ ရွေးချယ်ပေးတတ်သည်။ နောက်ဆုံးအကြိမ် ချင်လျန်ချန်း၏ လက်ကို ပြန်ဆက်ရန် ဆေးမြီးတိုများ လိုအပ်စဉ်ကလည်း အကောင်းဆုံး ကုန်ကြမ်းများကို အပင်ပန်းခံ ရွေးချယ်ပေးခဲ့သည်။ ထိုသို့ လုပ်ပေးခဲ့ခြင်းကြောင့် သူမ ပြဿနာအချို့ပင် ကြုံခဲ့ရသေးသည်။ ထိုစဉ်က လော့ချန် ဤအကြောင်းကို မသိခဲ့သော်လည်း နောက်ပိုင်းမှ ဖုန်းရှက သူ့အား သီးသန့် ပြောပြခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ လော့ချန်သည် သူမအပေါ် အကြွေးတင်နေသကဲ့သို့ ခံစားခဲ့ရပြီး ကျေးဇူးဆပ်သည့်အနေဖြင့် သူမအား ထမင်းတစ်နပ် ကောင်းကောင်း ကျွေးချင်ခဲ့သည်။ ယခုမူ ထိုအခွင့်အရေးမှာ ထာဝရ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
"မိတ်ဆွေ လီဝမ်ချန်း.... မင်းက မှော်ပစ္စည်းတွေ ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတော့…. ငါ့ရဲ့ တွမ် မျိုးနွယ်စုထဲကို ဝင်ပြီး မင်းရဲ့ အရည်အချင်းတွေကို အသုံးမချချင်ဘူးလား"
ရုတ်တရက် ရဲတင်းပြီး ဗြောင်ကျလှသော ထိုစကားပြောသံက လော့ချန် နားထဲဝင်လာလေသည်။ ဤမျှ သေရေးရှင်ရေး အခြေအနေကြားထဲတွင် အဖွဲ့ထဲဝင်ရန် လူ လာဆွယ်ရဲသောသူကို စိတ်အချဥ်ပေါက်လှသည်နှင့် လော့ချန် ဆတ်ခနဲ လှည့်ကြည့်လိုက်တော့သည်။