← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉) - လော့ထျန်အဖွဲ့အစည်း၏ ခံယူချက်

တာဟဲစျေးမြို့တော်ရှိ တွမ်မျိုးနွယ်စုသည် နှစ်ပေါင်း ၃၀၀ ကျော် သမိုင်းကြောင်းရှိသည့် မျိုးနွယ်စု ဖြစ်သည်။ ပထမမျိုးဆက် ဘိုးဘေးမှာ ဒေသခံမဟုတ်ဘဲ နယ်မြေလုစစ်ပွဲ နောက်ဆုံးအဆင့်တွင် ပျံလွှားမြို့မှ ကျင့်ကြံသူများနှင့် ရင်းနှီးခဲ့ရာမှ လက်နက်သွန်းလုပ်သည့် အခြေခံများကို သင်ယူခွင့် ရခဲ့သူ ဖြစ်သည်။

နှစ်ပေါင်းများစွာ လေ့လာစူးစမ်းပြီးနောက် ကိုယ်ပိုင်လမ်းစဉ်တစ်ခုကို သူ ဖော်ဆောင်နိုင်ခဲ့သည်။ ထိုစဉ်က နယ်မြေအတွင်းရှိ ပြင်းထန်လှသော ပြိုင်ဆိုင်မှုများကို သတိပြုမိပြီးနောက် စတင်တည်ထောင်ခါစဖြစ်သော တာဟဲစျေးမြို့တော်သို့ ပြောင်းရွှေ့လာခဲ့သည်။ ထို့နောက် ချီစွမ်းအားကောင်းသော မြေကွက်ကို သိမ်းပိုက်ကာ တွမ်မျိိုးနွယ်စုကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် လက်ရှိ မျိုးနွယ်စုခေါင်းဆောင်မှာ တတိယမျိုးဆက်ဟု ကောလာဟလထွက်နေသော ဝါရင့်အကြီးအကဲကြီးတစ်ဦး ဖြစ်သည်။ သို့သော် လောလောဆယ်တွင် ထိုအချက်များမှာ အရေးမကြီးပေ။ အကြောင်းမှာ သူတို့သည် လော့ထျန်အဖွဲ့အစည်းနှင့် လူစွမ်းကောင်းလုနေကြသောကြောင့် ဖြစ်သည်။ ရတနာနန်းဆောင်မှ လီဝမ်ချန်းမှာ သာမန်အလုပ်သမားမဟုတ်ဘဲ ပျံလွှားမြို့မှ ကျင့်ကြံသူများကို ကူညီကာ မှော်လက်နက်များ သွန်းလုပ်ရာတွင် ပါဝင်ခဲ့သည့် လက်ထောက်တစ်ဦးဖြစ်သည်။ သူသည် ကိုယ်ပိုင်ဟန် မရှိသေးသော်လည်း သွန်းလုပ်ခြင်းနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။

လော့ချန်သည် ထိုကဲ့သို့သော လူတော်ကို လော့ထျန်အဖွဲ့အစည်းသို့ စည်းရုံးပြီး တွမ်ဖုန်းနှင့် တွဲပေးရန် ရည်ရွယ်ထားသည်။ မှော်လက်နက်သွန်းလုပ်ခြင်းမှာ လော့ချန် ဟိုးယခင်ကတည်းက တည်ထောင်ချင်နေသော လုပ်ငန်းဖြစ်သော်လည်း အဖွဲ့ချုပ်တွင် တွမ်ဖုန်းတစ်ယောက်တည်းသာ ရှိနေသဖြင့် လုပ်ငန်းချဲ့ထွင်ရန် ခက်ခဲနေခဲ့သည်။ လီဝမ်ချန်းသာ ပါလာပါက အနည်းဆုံး ခြေလှမ်း စတင်လှမ်းနိုင်ပေလိမ့်မည်။ သူတို့အနေဖြင့် မှော်လက်နက်ခန်းမတစ်ခု တည်ထောင်ကာ ယခင်တိုက်ပွဲများမှ ရရှိထားသော လက်နက်ပစ္စည်းများကို အသုံးချ၍ လုပ်ငန်းကို စတင်လည်ပတ်နိုင်မည် ဖြစ်သည်။

ကံမကောင်းစွာပင် တွမ်မျိုးနွယ်စုတွင်လည်း ထိုအတွေးမျိုး ရှိနေသည်။ လော့ချန်၏ စူးရှသော အကြည့်အောက်တွင် လီဝမ်ချန်းအား စည်းရုံနေသည့် တွမ်မျိုးနွယ်စုမှ ကျင့်ကြံသူမှာ ရုတ်တရက် တောင့်တင်းသွားရသည်။ သူသည် ချီသန့်စင်အဆင့် ၉ ရှိသူ ဖြစ်ပြီး ကျင့်ကြံမှုမှာ လော့ချန်ထက် အနည်းငယ်သာ နိမ့်သည်။ သို့သော် မျိုးနွယ်စုဂုဏ်ကို အားကိုးကာ လော့ချန်အား အနည်းငယ်မျှပင် အလျှော့ပေးလိုစိတ် မရှိပေ။ သူ အနေရခက်သွားပြီး ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်တော့သည်။

"ဘာကြည့်နေတာလဲ…. ဒီက မိတ်ဆွေ လီဝမ်ချန်း ဘယ်ကို သွားချင်တယ်ဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စပဲ…. ပြီးတော့ ငါတို့တွမ်မျိုးနွယ်စုက မှော်လက်နက်သွန်းလုပ်တဲ့နေရာမှာ နာမည်ကြီးတာပဲ…. ဒါ သူ့အတွက် အကောင်းဆုံး နေရာပဲ၊ မင်း မကျေနပ်ရင် ပိုကောင်းတဲ့ ကမ်းလှမ်းချက်တွေပေးပြီး စည်းရုံးလေ” ဟူ၍ တရားသဖြင့် လေသံဖြင့်ဆိုကာ နောက်ဆုံးတွင် မောက်မာစွာ ပြုံးလိုက်သည်။

ဒေါသထွက်နေသော လော့ထျန်းအဖွဲ့သားများမှာ ထိုလူအား ပြန်လည်စောဒကတက်ရန် ပြင်လိုက်ကြသည်။ အကြောင်းမှာ လီဝမ်ချန်းသည် လော့ထျန်အဖွဲ့အစည်းသို့ဝင်ရန် အစောကတည်းက သဘောတူထားပြီးသား ဖြစ်သောကြောင့်ပင်။

"နေကြဦး…."

လော့ချန် သူ့လူများကို တားလိုက်သည်။ သူသည် ငြိမ်သက်စွာရပ်နေရင်း စိတ်ဒွိဟဖြစ်နေသော လီဝမ်ချန်းကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"မိတ်ဆွေလီ.... ဘယ်ကိုသွားမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပါ၊ လော့ထျန်အဖွဲ့အစည်းကတော့ အတင်းအကျပ် မလုပ်ပါဘူး"

လီဝမ်ချန်းမှာ ကြားထဲတွင် ဗျာများနေရသည်။ မြို့တွင်းပိုင်း၌ ပိတ်မိနေခဲ့သည့် လဝက်ခန့်မှာ သူ့ဘဝ၏ အပင်ပန်းဆုံးအချိန်ပင် ဖြစ်သည်။ နေ့ရက်တိုင်းမှာ မသေချာမှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အဆောက်အအုံပြင်ပရှိ တစ္ဆေချောက်နက်ကြီးက သူ၏စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့သည်။ ထိုစဉ်က သူသည် အသက်ရှင်ရုံသာ ရှင်ပါစေ၊ ဘာဖြစ်ဖြစ် ခံနိုင်သည်ဟု တွေးခဲ့သည်။ သို့သော် လွတ်လာပြီးနောက်တွင်မူ အဘိုးချူ၏ စွန့်ပစ်ခြင်းကို ခံရကာ တာဟဲစျေးမြို့တော်တွင် လမ်းပျောက်နေခဲ့ရသည်။ ထိုဖြစ်ရပ်များက သူ့အား စိတ်ဓာတ်ကျစေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လော့ထျန်အဖွဲ့အစည်း၏ ဖိတ်ခေါ်မှုကို ရရှိလိုက်သောအခါ သူ စိတ်အေးသွားခဲ့ရသည်။ အနည်းဆုံးတော့ နားခိုရာ တစ်နေရာ ရပြီမဟုတ်ပါလော။ ယခုလို နာမည်ကြီးသော တွမ်မျိုးနွယ်စုကပါ သူ့အား ဖိတ်ခေါ်လိမ့်မည်ဟု သူ လုံးဝ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

‘ဒါကိုပဲ ကံတရားအလှည့်အပြောင်းလို့ ခေါ်တာနေမှာပဲ....’ ဟု သူ စိတ်ထဲမှ တွေးတောရင်း ကျေနပ်နေမိသည်။ အင်အားစုနှစ်ခု၏ အလုအယက် ကမ်းလှမ်းခြင်းကို ခံရသည်မှာ အလွန် ဂုဏ်ယူစရာကောင်းသော ကိစ္စပင်။ သို့သော် လော့ထျန်အဖွဲ့အစည်း ခေါင်းဆောင် လော့ချန်၏ "ကိုယ်တိုင်ဆုံးဖြတ်ပါ" ဆိုသည့် စကားကြောင့် သူ့ကျောထဲ၌ အေးစိမ့်သွားရသည်။

ရေတိုအတွက်ဆိုလျှင် တွမ်မျိုးနွယ်စုသို့ဝင်ခြင်းမှာ အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ တွမ်မျိုးနွယ်စုသည် မှော်ပစ္စည်းသွန်းလုပ်ခြင်းကို အဓိကထားသောကြောင့် သူ သင်ယူခဲ့သမျှကို အပြည့်အဝ အသုံးချနိုင်သည်။ သို့သော် ထိုနေရာတွင် ကျွမ်းကျင်သော ပညာရှင်များစွာ ရှိပြီးသားဖြစ်သဖြင့် သူ အရေးပေးခံရမည်မဟုတ်ပေ။ ထို့ကြောင့် ရေရှည်အတွက်ဆိုလျှင် လော့ထျန်အဖွဲ့အစည်းမှာ ပို၍ကောင်းသော ရွေးချယ်မှု ဖြစ်သည်။

လော့ထျန်အဖွဲ့အစည်းသို့ ဝင်လိုက်ပါက အဆင့်တန်းမြင့်မြင့်ဖြင့် ဦးဆောင်ခွင့် ရနိုင်သည်။ ထိုနေရာတွင် သူသည် ကိုယ်ပိုင်အစွမ်းကို ပြသကာ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ နာမည်ကျော်ကြားအောင် လုပ်နိုင်မည်ဖြစ်သည်။ လီဝမ်ချန်းမှာ အမြင်ကျဉ်းသော လူတစ်ဦး မဟုတ်ပေ။ သူ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။

"အဖွဲ့ခေါင်းဆောင် လော့ချန်ရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်…. ဒါပေမဲ့ ကျွန်တော် တွမ်မျိုးနွယ်စုကိုပဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…."

“ကောင်းပြီ.... မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်"

လော့ချန် ပြုံးလျက် ဆိုသော်လည်း သူ၏ အကြည့်များမှာမူ အေးစက်နေသည်။ ထို့နောက် သူ့လူများကို ခေါ်ကာ လှည့်ထွက်လာခဲ့သည်။ လော့ချန် ထွက်သွားသည်ကို ကြည့်ရင်း လီဝမ်ချန်း သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်မိသည်။

‘နောက်ဆုံးတော့လည်း.... နာမည်ရလာတဲ့အင်အားစုတစ်ခုရဲ့ ခေါင်းဆောင်ကို ငါ စိတ်ခုအောင် လုပ်လိုက်မိပြီပဲ....’ တွေးမိကာ သူ စိတ်လေးသွားသည်။

သူ့ဘေးရှိ တွမ်မျိုးနွယ်စုကျင့်ကြံသူက နှာခေါင်းရှုံ့လျက် ဆိုသည်။

"သူက သူ့ကိုယ်သူ တကယ် အရေးကြီးတဲ့သူလို့ ထင်နေတာပဲ၊ သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူ အုပ်စုလေးပဲလေ၊ ငါတို့တွမ်မျိုးနွယ်စု နောက်ကွယ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အရှင်သခင်တစ်ဦး ရှိတယ်ကွ၊ ငါတို့ကမှ တကယ့် အင်အားစုအစစ်အမှန်ပဲ”

လီဝမ်ချန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ရေတို၊ ရေရှည် ဆိုသည်များမှာ သူ့အတွက် အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ မရှိသော အဖွဲ့အစည်းတိုင်းတွင် အနာဂတ်မရှိခြင်းပင် ဖြစ်သည်။ ဂိုဏ်းကြီးငါးခုကို မဆိုထားနှင့်၊ တာဟဲစျေးမြို့တော်တွင် အခြားသော စီးပွားရေးလုပ်ငန်းပေါင်းများစွာ ရှိသည်။ အချို့မှာ ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ အခြားသော ဂိုဏ်းခြောက်ခု၏ နောက်ခံများပင် ရှိကြသည်။

သို့သော် နောက်ဆုံးတွင် တစ္ဆေမြို့တော်အတွင်းမှ အသက်ရှင် လွတ်မြောက်လာသော လုပ်ငန်းငါးခုသာ ရှိခဲ့သည်။ အကြောင်းမှာ ရှင်းသည်။ ထိုငါးခုစလုံးတွင် သူတို့အား ကာကွယ်ပေးမည့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးစီရှိသောကြောင့် ဖြစ်သည်။ သူ ဤအချက်ကို အလွန်ကောင်းကောင်း နားလည်သည်။ ထို့ကြောင့်သာ သူ တွမ်မျိုးနွယ်စုကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လော့ချန်အား အငြိုးထားအောင် လုပ်မိခဲ့သလား ဆိုသည့်အချက်မှာမူ သူသည် တွမ်မျိုးနွယ်စုဝင် ဖြစ်သွားပြီ ဖြစ်ရာ ထိုကိစ္စများမှာ စိုးရိမ်စရာ မဟုတ်တော့ပေ။ ရတနာနန်းဆောင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့စဉ်ကတည်းက သူသည် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ရုန်းကန်မှုများကို တစ်ခါမှ စိတ်မဝင်စားခဲ့ဖူးပေ။ လော့ချန်ရော၊ လော့ထျန်အဖွဲ့အစည်းပါ သူ့အတွက် အရေးမပါပေ။ တွမ်မျိုးနွယ်စုသည်သာ သန်မာသူများအတွက် ခိုလှုံရာ အစစ်အမှန်ဖြစ်သည်။ ပညာရှိသူမှာ အမြင့်ဆုံးသော သစ်ပင်ကြီးအောက်တွင် ခိုလှုံတတ်စမြဲ မဟုတ်ပါလော။

လော့ချန်သည် လီဝမ်ချန်း၏ ဆုံးဖြတ်ချက် နောက်ကွယ်မှ အကြောင်းပြချက်ကို အလွန်ကောင်းကောင်း နားလည်သည်။ သူ လေးစားပါသည်ဟု ဆိုခဲ့သော်လည်း၊ သူ၏နှလုံးသားမှာမူ အေးစက်နေလေပြီ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မရှိခြင်းသည် လော့ထျန်းအဖွဲ့၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်ကို လော့ချန် ကောင်းကောင်း သိလိုက်ရသည်။ ထို့ကြောင့် လူတော်များကို ဆွဲဆောင်ရာတွင် အခြားအင်အားကြီးများထက် နိမ့်ပါးနေခြင်း ဖြစ်သည်။

လော့ချန် ထိုနေရာတွင် ခဏလေးပင် ဆက်မနေခဲ့ပေ။ တာဟဲစျေးမြို့တော်၏ ဘေးဒုက္ခမှ လွတ်မြောက်လာသော မည်သည့်ကျင့်ကြံသူမဆို၊ လော့ထျန်အဖွဲ့အစည်းက မည်မျှပင် ကောင်းသော ကမ်းလှမ်းချက်များပေးပါစေ၊ အခြားသော အင်အားကြီးအဖွဲ့အစည်းများသို့သာ ဝင်ကြမည်ကို သူ ကောင်းကောင်း သိသည်။ ၎င်းမှာ လူစွမ်းကောင်းစည်းရုံးရခြင်း တစ်ခုတည်း မဟုတ်ဘဲ အခြားသော ပြဿနာများပါ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖန်ရင်ရှုံ သေဆုံးသွားပြီးကတည်းက လော့ချန် လွတ်လပ်ပေါ့ပါးသွားသည်ဟု ခံစားခဲ့ရသည်။ သို့သော် ယခုမူ သူ၏ နှလုံးသားမှာ ပြန်လည် လေးလံလာပြန်သည်။ ရှေ့လျှောက် နေ့ရက်များမှာ လွယ်ကူလိမ့်မည် မဟုတ်သော်လည်း မည်မျှပင် ခက်ခဲပါစေ သူ ရှေ့သို့ ဆက်သွားရမည် ဖြစ်သည်။ လက်လျှော့အရှုံးပေးခြင်းမှာ သူ၏ လမ်းစဉ် မဟုတ်ပေ။

လော့ထျန်အဖွဲ့အစည်းသို့ ပြန်ရောက်သောအခါ လော့ချန်သည် မုရုံချင်းလျန်၊ ကူချိုင်ယီ၊ တွမ်ဖုန်းတို့နှင့် အစည်းအဝေး ပြုလုပ်လိုက်သည်။

"ကဲ ဒီနေ့ပြောချင်တာကတော့ အခုဆိုရင် မြို့တွင်းပိုင်းကတော့ တစ္ဆေချောက်နက်ကြီး ဖြစ်သွားပြီ…. ဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေ အားလုံး ဆုတ်ခွာသွားကြပြီ…. အနည်းဆုံးတော့ ရေတိုမှာ သူတို့ ပြန်လာကြမှာ မဟုတ်ဘူး"

ထိုသတင်းကို ပြောပြပြီးနောက် လော့ချန် သူတို့အား စဉ်းစားရန် အချိန်အလုံအလောက် ပေးလိုက်သည်။ သူတို့၏ မျက်နှာတွင် အံ့သြမှုမှ အသည်းအသန် ဆွေးနွေးမှုများဆီသို့၊ နောက်ဆုံးတွင် တိတ်ဆိတ်ကာ စိုးရိမ်ပူပန်မှုများဆီသို့ ပြောင်းလဲသွားသည်ကို သူ စောင့်ကြည့်နေခဲ့သည်။

"ရေတိုမှာတော့ ကျွန်တော် လော့ထျန်အဖွဲ့အစည်းကို လက်လျှော့ဖို့ အစီအစဉ် မရှိဘူး…. ကျွန်တော်တို့ ဆက်ပြီး လည်ပတ်နိုင်သရွေ့တော့ တာဟဲစျေးမြို့တော် ပျက်စီးသွားရင်တောင် တခြားစျေးမြို့တော်တစ်ခုကို ပြောင်းရွှေ့လို့ ရပါတယ်၊ အနည်းဆုံးတော့ ကျွန်တော်တို့ တစ်ယောက်တည်း အားကိုးရာမဲ့ ကျန်ရစ်မှာ မဟုတ်ဘူး"

"ဒါဟာ ကျိုးကြောင်းသင့်ပြီး အဓိပ္ပာယ်ရှိပါတယ်" ဟု မုရုံချင်းလျန်က ခေါင်းညိတ် ထောက်ခံသည်။

"တစ်ယောက်တည်း ရုန်းကန်ရတာ ခက်ခဲပါတယ်၊ ကံ မကောင်းဘူးဆိုရင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့အတွက် အဖွဲ့အစည်းတစ်ခုခုကို အားကိုးရတာ သဘာဝပါပဲ"

ဤသည်မှာ တကိုယ်တော်ကျင့်ကြံသူများ နှစ်ပေါင်းများစွာကတည်းက ရရှိခဲ့သော သင်ခန်းစာပင် ဖြစ်သည်။ တာဟဲစျေးမြို့တော်၏ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ နှစ်ဦးဖြစ်သော မီရှုဟွာ နှင့် ဝမ်ဟိုင်ချောင် တို့မှာ ဥပမာပင်။ သူတို့နှစ်ဦးစလုံးသည် အဆင့်တက်နိုင်ရန်အတွက် ဖိုရှန်းဂိုဏ်းနှင့် တာကျန်းဂိုဏ်းတို့ကို အသီးသီး အားကိုးခဲ့ရသည်။

အချင်းချင်း ပေါင်းစည်းပြီး နွေးထွေးမှု ယူရခြင်းမှာ စကားပုံတစ်ခုမဟုတ်ဘဲ လိုအပ်ချက်တစ်ခုဖြစ်သည်။ အဖွဲ့အစည်းတစ်ခုကို အားကိုးခြင်းဖြင့်သာ ရှေ့ဆက်ရန်လိုအပ်သော ကျင့်ကြံရေး အထောက်အကူများကို စုဆောင်းနိုင်ပေမည်။ ထို့အပြင် နောက်ကွယ်တွင် အင်အားစုတစ်ခုရှိခြင်းက အခြားသော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ရုတ်တရက် တိုက်ခိုက်မှုကို အမြဲ စိုးရိမ်နေရန် မလိုတော့ပေ။

ကူချိုင်ယီနှင့် တွမ်ဖုန်းတို့ပင် ခေါင်းညိတ် ထောက်ခံကြသည်ကို မြင်သောအခါ လော့ချန်သည် လော့ထျန်အဖွဲ့အစည်း မကြာမီ ရင်ဆိုင်ရတော့မည့် စိန်ခေါ်မှုများကို ဆွေးနွေးတော့သည်။ အင်အားငယ်သော အဖွဲ့များမှာ မငြိမ်မသက်ဖြစ်လာကြပြီး အင်အားကြီးသော အဖွဲ့များကလည်း သူတို့အား ဖိနှိပ်ရန် ကြိုးစားကြလိမ့်မည်။

ထို့နောက် ဖြစ်လာနိုင်သမျှ အရာအားလုံးကို သူ အသေးစိတ် ရှင်းပြလိုက်သည်။ သူ ပြောပြီးသွားသောအခါ အဖွဲ့ဝင်တို့၏ စိုးရိမ်မှုများ ပိုမိုကြီးထွားလာသော်လည်း မည်သူမျှ လော့ထျန်အဖွဲ့အစည်းကို ဖျက်သိမ်းပြီး ကိုယ့်လမ်းကိုယ်သွားရန် အကြံမပြုကြပေ။ ထိုအချက်ကပင် လော့ချန်ကို ကျေနပ်အားရစေသည်။ သူ၏ စစ်မှန်သော စေတနာမှာ အလကား မဖြစ်ခဲ့ပေ။ အနည်းဆုံးတော့ သူတို့ အတူတကွ ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြပြီ မဟုတ်ပါလော။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၂၀) - တိုက်ပွဲဝင်ခြင်းဖြင့်သာ အောင်နိုင်ရာ၏

ထိုသို့သော အခြေခံရပ်တည်ချက်မူ ရှိသွားပြီဖြစ်ရာ နောက်ထပ်ခြေလှမ်းများကို ဆွေးနွေးရန်မှာ များစွာ ပိုမိုလွယ်ကူသွားတော့သည်။

"အခု အခြေအနေက အန္တရာယ်ရှိပေမဲ့ ဒါဟာ အကြီးမားဆုံး အခွင့်အရေးလည်း ဖြစ်နိုင်တယ်…. သန်မာတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူကတော့ တောရိုင်းမြေတွေကို ဖြတ်ကျော်ပြီး တခြားစျေးမြို့တော်တွေမှာ အသက်ရှင်ဖို့ နည်းလမ်းရှာနိုင်ကောင်း ရှာနိုင်လိမ့်မယ်….. ဒါပေမဲ့ အားနည်းတဲ့သူတွေအတွက်ကတော့ တာဟဲစျေးမြို့တော်မှာ ဆက်နေဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး၊ ပြီးတော့ ပျက်စီးသွားတာက မြို့တွင်းပိုင်းပဲလေ" ဟု လော့ချန်က ဆိုသည်။

လူတိုင်းက သူ့အဆိုကို သဘောတူကြသည်။ တာဟဲစျေးမြို့တော်သည် မြို့တွင်းပိုင်းကို ဗဟိုပြု၍ လည်ပတ်သည်ဆိုသော်လည်း နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့သည့် မြို့ပြင်ပိုင်း၌လည်း ကိုယ်ပိုင်ဂေဟစနစ်ဖြင့် လည်ပတ်နေပြီဖြစ်သည်။ အမှန်စင်စစ် မြို့ပြင်ပိုင်း၌ တစ်ကိုယ်တော်ကျင့်ကြံသူ အလွန်များပြားလှသဖြင့် ၎င်း၏ လည်ပတ်မှုစနစ်မှာ မြို့တွင်းပိုင်းထက်ပင် ပို၍ ကျယ်ပြန့်နေသည်။

"ဒီအခြေအနေမှာ ဝိညာဉ်ဆေးနန်းဆောင် ထွက်သွားတာဟာ ဆေးလုံးဈေးကွက်မှာ ဟာကွက်အကြီးကြီး ဖြစ်သွားစေတယ်…. တကယ်လို့ ကျွန်တော်တို့သာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရင် လော့ထျန်အဖွဲ့အစည်းဟာ ချမ်းသာကြွယ်ဝလာလိမ့်မယ်” ဟု လော့ချန်က ပြုံးလျက် ပြောလိုက်သည်။

ထိုစဥ် ကူချိုင်ယီက မျက်မှောင်ကြုတ်ကာ မေးသည်။

"ဒါပေမဲ့ ဆေးပေါင်းတစ်ထောင်ခန်းမက ကျွန်မတို့ကို ဆေးကုန်ကြမ်းတွေ မထောက်ပံ့ပေးနိုင်တော့ရင် ရှင် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အစဉ်တစိုက် ဖော်စပ်ပေးနိုင်ပါ့မလား"

"ကျွန်တော်တို့ ဆေးပေါင်းတစ်ထောင်ခန်းမကို မလိုပါဘူး၊ ကျွန်တော်တို့မှာ လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်ရှိနေသေးတာပဲ" ဟု လော့ချန်က အေးဆေးစွာ ပြန်ဖြေသည်။ ထိုအခိုက် သူသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ပစ္စည်းတစ်ခုကို ချီစွမ်းအားဖြင့် မ ကာ အလယ်တွင် ဝဲပျံနေစေလိုက်သည်။

"ဒါက ဘာလဲ"

တွမ်ဖုန်းက မျက်ခုံးပင့်ကာ မေးသည်။ ထိုဓားငယ်လေးထံမှ ထက်ရှလှသော ဓားချီကို သူ ခံစားနေရသည်။ ၎င်းမှာ အမှန်တကယ်ပင် အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်သည်။

"ဒါကို ကျောက်စိမ်းအိုးဓားဂိုဏ်းက အကြီးအကဲ ဖန်ရင်ရှုံက ကျွန်တော့်ကို ပေးခဲ့တာ၊ ဒီပစ္စည်းကို မြင်တာဟာ သူ့ကို လူကိုယ်တိုင် မြင်ရတာနဲ့ အတူတူပဲ" ဟု လော့ချန်က ဆိုသည်။

"ဒါပေမဲ့.... သူက သေသွားပြီလေ”

"ဒါပေမဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းကတော့ အကောင်းကြီးရှိနေတုန်းပဲလေ"

လော့ချန်က လူအုပ်ကို ဝေ့ကြည့်ကာ ပြုံးလျက် ဆက်ပြောလိုက်သည်။

"လူတွေက ကျွန်တော်နဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဆက်ဆံရေးကို အသေအချာ မသိကြဘူး…. အဲ့ဒါကို ကျွန်တော်တို့ အသုံးချရမယ်"

တွမ်ဖုန်းက တွေဝေစွာဖြင့် မေးသည်။

"ဆိုလိုတာက သူတို့ကို လိမ်ညာပြီး ဟန်ဆောင်ရမယ်လို့ ပြောတာလား"

"မဟုတ်ဘူး.... ဒါကို ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်လို့ ခေါ်တယ်" ဟု မုရုံချင်းလျန်က ဝင်ပြောလိုက်သည်။

လော့ချန် ခေါင်းညိတ်ပြရာ သူ၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာသည်။ သူ ထရပ်လိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖြည်းဖြည်းချင်း လမ်းလျှောက်နေရင်း ဆိုသည်။

"ကျွန်တော်နဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဆက်ဆံရေးက အမြဲတမ်း ဝေဝါးနေခဲ့တာ.... ပထမဆုံးက မြောင်ဝမ်က ကျွန်တော်နဲ့အတူ အလုပ်လုပ်ပြီး ကျွန်တော့်ရဲ့ ဆေးဖော်စွမ်းရည်နဲ့ ချမ်းသာအောင် လုပ်ဖို့ ကြိုးစားခဲ့တယ်၊ သူက အင်အားစုကြီး အချို့ကိုတောင် သတိပေးခဲ့သေးတယ်၊ ပြီးတော့ ကျောက်စိမ်းအိုးဂိုဏ်းရဲ့ တကယ့်အမွေခံ လော့ထျန်းဟုန် ကိုယ်တိုင် ဆင်းလာပြီး ဦးလေးချင်ရဲ့ လက်ကို ပြန်ဆက်ပေးခဲ့တယ်…. ဒါတွေအားလုံးကို လူတွေ သတိထားမိကြတယ်၊ အနီးကပ် စောင့်ကြည့်နေတဲ့သူတွေအတွက်တော့ ကျွန်တော်နဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းဟာ အတော်လေး ပတ်သက်မှု နက်ရှိုင်းတယ်လို့ ထင်နေကြမှာပဲ"

သူ၏ တည်ငြိမ်လှသော စကားများကို နားထောင်ပြီးနောက် တာဝန်ခံ သုံးဦးစလုံးမှာ စဉ်းစားခန်း ဝင်သွားကြသည်။ အတွေ့အကြုံရှိသော မုရုံချင်းလျန်က တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။

"အံ့သြစရာ မရှိတော့ပါဘူး…. တိုက်ပွဲပြီးလို့ ရက်ပေါင်း ၁၅ ရက်ကြာတဲ့အထိ အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုတွေ တစ်ခုမှ လှုပ်ရှားမလာတာ ဒါကြောင့်ကိုး…. အရင်ကဆိုရင် သူတို့တွေ မင်းရဲ့ ဆေးဖော်စွမ်းရည်ကို သိမ်းပိုက်ဖို့ မျက်စိကျနေကြမှာ ကြာလှပြီ"

ကူချိုင်ယီကလည်း ချက်ချင်း နားလည်သွားပြီး "သူတို့က ရှင်နဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဆက်ဆံရေးကို ကြောက်နေကြတာပေါ့" ဟု မေးသည်။

"အတိအကျပဲ" ဟုဆိုကာ လော့ချန် လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက်သည်။ သူ၏ အကြည့်မှာ စူးရှ လေးနက်နေသည်။

"ဒါကြောင့် ကျွန်တော်တို့ အရင်ဆုံး စ လှုပ်ရှားရမယ်၊ ကျွန်တော်တို့ အကြာကြီး ငြိမ်နေရင် တစ်ယောက်ယောက်က ဝင်နေရာယူသွားမှာပဲ…. တကယ်လို့ ကျွန်တော်တို့သာ အင်အားစု အချို့နဲ့ ခိုင်မာတဲ့ မဟာမိတ် တည်ဆောက်နိုင်ရင် ကျွန်တော်တို့မှာ နောက်ခံအစစ် ရှိရှိ မရှိရှိ သူတို့ ကျွန်တော်တို့နဲ့ ပတ်သက်မှု ဖြတ်ဖို့ ခက်သွားလိမ့်မယ်…. ပြီးတော့ ရွှေအမြုတေ အဆင့် အကြီးအကဲကြီး ချန်ထားပေးခဲ့တဲ့ ဒီအမှတ်အသားက အဲဒီတံခါးတွေကို ဖွင့်ဖို့ အကောင်းဆုံးသော သော့ပဲ"

....

လန်ချန်းမြစ်ပေါ်တွင် ပေတစ်ထောင်နီးပါး ရှည်လျားသော ဧရာမ သင်္ဘောကြီးတစ်စင်း ကမ်းနား၌ ဆိုက်ကပ်ထားသည်။ ဟုန်းဟုန်းမြည်ကာ စီးဆင်းနေသော မြစ်ရေများသည် သင်္ဘောကိုယ်ထည်ကို ရိုက်ခတ်နေသော်လည်း သင်္ဘောကြီးမှာ မလှုပ်မယှက် တည်ငြိမ်နေသည်။ လော့ချန်သည် တာကျန်းဂိုဏ်းမှ ကျင့်ကြံသူများ ခြံရံလျက် ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။

လူရိပ်တစ်ခုသည် သင်္ဘောဦးပိုင်းတွင် လေညင်းကို ခံယူရင်း နောက်လှည့်မကြည့်ဘဲ ရပ်နေသည်။

"ဒီသင်္ဘောကို ငါ့အတွက် ပျံလွှားမြို့က အထူးမှာယူ တည်ဆောက်ပေးထားတာ…. အဓိက ကိုယ်ထည်ကို နဂါးဝေလငါးအရိုးတွေနဲ့ လုပ်ထားပြီး ရေဓာတ်ရှိတဲ့ မိစ္ဆာသားရဲ ကုန်ကြမ်းတွေနဲ့ အားဖြည့်ထားတာ၊ လော့ချန်.... မင်း ဒီသင်္ဘောကို ဘယ်လိုမြင်လဲ" ဟု ထိုလူရိပ်က ဆိုသည်။

လော့ချန် တစ်လှမ်းချင်း ရှေ့သို့ တက်လာသည်။ သူ၏ စူးရှသော မျက်လုံးများဖြင့် ထိုသင်္ဘော၏ အဆင့်အတန်းကို ချက်ချင်း ခန့်မှန်းနိုင်သည်။

"ဒါဟာ အဆင့်နိမ့် ပစ္စည်းတစ်ခု ဖြစ်ပေမဲ့ သူ့ရဲ့ စွမ်းအားကတော့ အဆင့်မြင့် မှော်လက်နက် အတော်များများကို ကျော်လွန်ပါတယ်" ဟု လော့ချန် ပြန်ဖြေလိုက်သည်။

ဝမ်ဟိုင်ချောင် ခေါင်းအနည်းငယ် စောင်းငဲ့ကြည့်ကာ "မဆိုးဘူး…. ဒီလို သင်္ဘောမျိုးတွေ ရှိလို့ပဲ ငါ့ရဲ့ တာကျန်းဂိုဏ်းဟာ လန်ချန်းမြစ်နဲ့ ကျောက်စိမ်းအိုးနယ်မြေရဲ့ ရေလမ်းကြောင်းတွေကို စိုးမိုးထားနိုင်တာပေါ့" ဟု ဝင့်ကြွားကာ ဆိုလိုက်သည်။

လော့ချန်က နှုတ်ခမ်းမဲ့လိုက်ရင်း ‘ဒါက သိသာနေတာပဲလေ၊ ဒီလောက်ကြီးမားတဲ့ အဆင့်နိမ့် မှော်လက်နက်မျိုး ဘယ်သူ ပိုင်နိုင်ဦးမှာလဲ၊ သာမန် ပထမအဆင့် မိစ္ဆာသားရဲ တစ်ကောင်ဆိုရင် ဒီသင်္ဘောကို ခြစ်ရာလေးတောင် ထင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး’ ဟု စိတ်ထဲမှ တွေးလိုက်သည်။

ဤသို့ စကားပလ္လင်ခံနေခြင်းက အပိုဖြစ်နေမှန်း ဝမ်ဟိုင်ချောင် သတိပြုမိသွားပုံရသည်။ သူ အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။

"အမှန်အတိုင်း ပြောရရင်.... မင်း ငါ့ဆီကို တစ်ယောက်တည်း လာတွေ့ရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး"

လခြမ်းတောင်ကြား တိုက်ပွဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ရောက်လာခဲ့သည်။ ထိုသူတို့မှာ ဝမ်ဟိုင်ချောင်နှင့် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်မှ အကြီးအကဲကျိုးတို့ ဖြစ်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ဆေးဖော်ဆောင်၏ ပိုင်ဆိုင်မှုမှန်သမျှ သိမ်းပိုက်ရန်နှင့် အဓိကအားဖြင့် လော့ချန်ကို ထိန်းချုပ်ရန် ဖြစ်သည်။ ယခု လော့ချန် မိမိသဘောဖြင့် လာတွေ့သောအခါ ဝမ်ဟိုင်ချောင် ဘယ်လိုမှ မအံ့သြဘဲ မနေနိုင်ပေ။

လော့ချန် ခပ်ဖွဖွ ရယ်လိုက်ပြီး ဓားငယ်ပုံစံ မှော်ပစ္စည်းလေးကို ပေါ့ပေါ့ပါးပါး ထုတ်လိုက်သည်။

"ဒါက ဘာလဲ"

ဝမ်ဟိုင်ချောင် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ မေးလိုက်သည်။

"အကြီးအကဲဖန်ရဲ့ အမှတ်အသားပစ္စည်းပါ၊ ခင်ဗျား အရင်က မြင်ဖူးမှာပေါ့" ဟု လော့ချန်က သူ့အား စိုက်ကြည့်ရင်း ခပ်မှိန်မှိန် ပြုံးလျက် ဆိုလိုက်သည်။

ဝမ်ဟိုင်ချောင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သံသယများ ရှိနေဆဲ ဖြစ်သည်။ လော့ချန်က ထပ်မံ ရှင်းပြမနေတော့ဘဲ ဓားငယ်လေးကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူ သင်္ဘောလက်ရန်းကို မှီလိုက်ပြီး အဓိက အကြောင်းအရာကို တိုက်ရိုက် ပြောလိုက်သည်။

"ဒီနေ့လာတာက ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်စဖို့နဲ့ သန့်စင်ပြီးသား ကျောက်စိမ်းအနှစ် ကုန်သွယ်မှုကို တည်ငြိမ်အောင် လုပ်ဖို့ လာဆွေးနွေးတာပါ၊ ကဲပါ.... ဂိုဏ်းချုပ်ဝမ်.... ခင်ဗျားရော ဘယ်လို ထင်လဲ"

ဝမ်ဟိုင်ချောင်က မျက်မှောင်ကြုတ်လျက် စီးပွားရေးအကြောင်းကို တမင် ရှောင်လွှဲပြီး မေးလိုက်သည်။

"မင်းနဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဆက်ဆံရေးက တကယ်ကို နက်ရှိုင်းပုံရတာပဲ၊ ဒါဆို ငါ့ကို ပြောစမ်း.... တာဟဲ စျေးမြို့တော်မှာ ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက် ဖြစ်သွားတာတောင် ကျောက်စိမ်းအိုးဓားဂိုဏ်းက ဘာလို့ ပြန်မလာသေးတာလဲ"

လော့ချန်၏ မျက်နှာမှာ အမူအရာ မပျက်ဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

"အချိန်တန်ရင် သူတို့ ပြန်လာမှာပါ၊ ရွှေအမြုတေ အကြီးအကဲတစ်ယောက်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် ဆုံးရှုံးသွားတာကို ကျောက်စိမ်းအိုးဓားဂိုဏ်းက ဒီအတိုင်း လွှတ်ထားလိမ့်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား" ဟု ပြန်မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်ဟိုင်ချောင် မျက်ခုံးပင့်သွားသည်။ မည်သည့်ဂိုဏ်းမှ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး သေဆုံးမှုကို လျစ်လျူရှုမည် မဟုတ်ပေ။ အထူးသဖြင့် ၎င်းမှာ ချုံခိုတိုက်ခိုက်ခံရခြင်းနှင့် အဓိက ကုန်သွယ်ရေးဗဟိုဌာန ပျက်စီးခြင်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

"ဂိုဏ်းချုပ်ဝမ်.... ခင်ဗျား တစ်ခုတော့ နားလည်ထားရမယ်၊ ဂိုဏ်းကြီးတွေရဲ့ အလုပ်လုပ်ပုံက ကျွန်တော်တို့လို အဖွဲ့ငယ်လေးတွေနဲ့ မတူဘူး၊ သူတို့မှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီး ရှိတယ်…. ဒါကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေက အချိန်ယူရတယ်၊ အိုင်လောင်တောင်က အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ သေဆုံးတုန်းက ကိစ္စကိုပဲ ကြည့်လေ…. ကျောက်စိမ်းအိုးဓားဂိုဏ်းဟာ ခြောက်လလောက်ကြာမှ စတင် လှုပ်ရှားခဲ့တာ၊ အဲဒီကိစ္စကို သူတို့ ဘယ်လောက် အလေးအနက်ထားလဲဆိုတာ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို လွှတ်လိုက်တာကို ကြည့်ရင် သိနိုင်ပါတယ်…. သူတို့ လှုပ်ရှားပြီဆိုရင် ပြင်းထန်တဲ့ စွမ်းအားနဲ့ နှိမ်နင်းတာပဲ၊ အဲဒီအတိုင်းဆိုရင် တာဟဲစျေးမြို့တော်ရဲ့ ဘေးဒုက္ခဟာ ဖေးပေါ်ဝမ် ကိစ္စထက် ဆယ်ဆ၊ မဟုတ်ဘူး.... အဆ တစ်ရာမက ပိုဆိုးရွားတယ်၊ သူတို့ ပြန်လာတဲ့အခါ ရွှေအမြုတေ ကျင့်ကြံသူ တစ်ဦးတည်း ပါလာမှာ မဟုတ်ဘူး"

ထိုသို့ ပြောပြီးနောက် လော့ချန် ခေတ္တ ရပ်လိုက်သည်။ သူသည် ငှက်ကလေးများ ငါးဖမ်းနေသည့် ကျယ်ပြောလှသော မြစ်ပြင်ကြီးကို ကြည့်ရင်း ရုတ်တရက် ရယ်မောကာ ဆိုသည်။

"အစကတော့ ကျွန်တော်ဟာ အကြီးအကဲဖန်နဲ့ တာဝန်ခံမြောင်ဝမ်တို့နဲ့အတူ ကျောက်စိမ်းအိုးဓားဂိုဏ်းကို လိုက်သွားရမှာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ ပြောင်းလဲမှုတွေ ဖြစ်သွားလို့ ကျွန်တော် ဒီမှာ ကျန်ခဲ့ရတာ၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက ကျင့်ကြံသူတွေ ပြန်လာတဲ့အခါ ဒီမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ကျွန်တော် ပြောပြရလိမ့်မယ်၊ ဟုတ်ပါတယ်.... အဲဒီအချိန်က ဒေသခံ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေနဲ့ သူတို့ရဲ့ အနာဂတ် အစီအစဉ်တွေကိုပါ ကျွန်တော် ပြောပြမှာပါ"

ဝမ်ဟိုင်ချောင်၏ ရင်ထဲ၌ လေးလံသော ဖိအားတစ်ခု ကျရောက်သွားပြီး "မင်း ငါ့ကို ခြိမ်းခြောက်နေတာလား" ဟု မေးလိုက်သည်။

လော့ချန် အမြန် ခေါင်းခါပြပြီး တည်ကြည်စွာ ပြန်ပြောလိုက်သည်။

"ကျွန်တော် ဘယ်လိုလုပ် လုပ်ဝံ့မှာလဲဗျာ…. ကျွန်တော်က နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် စီးပွားရေးကို ကောင်းကောင်း လုပ်ချင်တာပါ…. ပြီးတော့ တာဟဲစျေးမြို့တော်မှာ သန့်စင်ကျောက်စိမ်းအနှစ် ကုန်သွယ်မှု လုပ်နေတာ ခင်ဗျား တစ်ယောက်တည်း မဟုတ်ဘူးလေ…. ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရင်က ပူးပေါင်းဆောင်ရွက်မှုတွေကို ထောက်ထားပြီး ခင်ဗျားဆီကိုပဲ အရင်လာခဲ့တာပါ၊ ဂိုဏ်းချုပ်ဝမ်.... ကျွန်တော် ခင်ဗျားအပေါ် တကယ်စိတ်ရင်းနဲ့ လေးစားပါတယ်"

လော့ချန်၏ ထိုစကားများကို ကြားသောအခါ ဝမ်ဟိုင်ချောင်၏ မျက်နှာထားမှာ တဖြည်းဖြည်း ပျော့ပျောင်းသွားသည်။ လော့ချန်၏ စကားများက သူ့အား စိတ်အေးသွားစေပြီး ရှင်းလင်းသော လမ်းညွှန်ချက်တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ အမှန်တကယ်တွင် ဤကာလအတွင်း တာဟဲစျေးမြို့တော်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသည်။ သူတို့အားလုံးမှာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ တုံ့ပြန်မှုနှင့် သူတို့အပေါ် မည်သို့ အရေးယူမည်ကို စိုးရိမ်တကြီး ခန့်မှန်းနေကြခြင်း ဖြစ်သည်။ ဓားဂိုဏ်းနှင့် နက်ရှိုင်းစွာ ပတ်သက်နေသော လော့ချန်နှင့်ဆိုလျှင် ဝမ်ဟိုင်ချောင်အနေဖြင့် လှုပ်ရှားရန် အခွင့်အလမ်း ပိုများလာပေပြီ။

“ဟား.... ဟား.... ယုံပါတယ်ကွာ.... ဘာပြောပြော ကျောက်စိမ်းကုန်သွယ်မှု ကိစ္စပဲဟာ၊ ငါ သဘောတူတယ်" ဟု ဝမ်ဟိုင်ချောင်က ရယ်မောကာ ဆိုလိုက်သည်။

"ဒါဆို အရင်အတိုင်းပဲပေါ့"

"အရင်အတိုင်းပဲ"

"ဒါဆို ကျွန်တော် သွားတော့မယ်၊ အသေးစိတ်ကိုတော့ ကျွန်တော်တို့ရဲ့ လက်အောက်ငယ်သားတွေ နဲ့ ဆက်စီစဉ်ကြတာပေါ့"

လော့ချန် တရိုတသေ နှုတ်ဆက်ကာ အေးအေးလူလူပင် ထွက်ခွာလာခဲ့သည်။

ကုန်းပတ်ပေါ်တွင် ရပ်နေသော ဝမ်ဟိုင်ချောင်သည် လော့ချန်၏ ပုံရိပ် လူအုပ်ထဲသို့ ပျောက်ကွယ်သွားသည်အထိ လှမ်းကြည့်နေခဲ့သည်။

ကျိုးယွမ်လီနှင့် ကိုယ်ရံတော်များရှိရာသို့ ပြန်ရောက်သောအခါမှ လော့ချန် သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်နိုင်တော့သည်။ သူ မသိလိုက်ဘဲ သူ၏ ကျောပြင်တစ်ခုလုံးမှာ ချွေးအေးများဖြင့် စိုရွှဲနေလေပြီ။ ထင်ထားသည့်အတိုင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ဆက်ဆံရသည်မှာ အလွန် အန္တရာယ်ကြီးလှသည်။ အကယ်၍ ဖန်ရင်ရှုံ၏ အမှတ်အသားပစ္စည်းသာ မပါလျှင် ဤကိစ္စအတော်များများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်လိမ့်မည် မဟုတ်ပေ။

“တာကျန်းဂိုဏ်းနဲ့ ကိစ္စကိုတော့ ရှင်းပြီးပြီ…. ဒါပေမဲ့ တခြား အင်အားစု အချို့ဆီကိုလည်း သွားဖို့ လိုသေးတယ်…. ဒါတွေ အားလုံး အဆင်ပြေသွားရင်တော့ ငါ ဆေးဖော်တာနဲ့ ကျင့်ကြံတာကိုပဲ အာရုံစိုက်ပြီး ချီသန့်စင်အဆင့် အထွတ်အထိပ် ရောက်အောင် ကြိုးစားတော့မယ်…. အရာအားလုံး ချောမွေ့ပါစေလို့ပဲ မျှော်လင့်ရတာပဲ” ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် ယခင်ဘဝမှာကော၊ ယခုဘဝမှာပါ တည်ငြိမ်မှုကိုသာ နှစ်သက်သူ ဖြစ်သည်။ သို့သော် ကံတရားကမူ လူသား၏ ဆန္ဒကို လျစ်လျူရှုတတ်စမြဲပင်။ အစပိုင်းတွင် သူ လိုချင်ခဲ့သည်မှာ သူ၏ ကျင့်ကြံမှုအတွက် အံ့ဖွယ်တစ်သောင်းဆေးလုံးအချို့ ဖော်စပ်ရန်သာ ဖြစ်သည်။ သို့သော် မီရှုဟွာက သူ့အား ဆေးဖော်ဆောင်၏ ခေါင်းဆောင်အဖြစ် အတင်းအကျပ် ခန့်အပ်ခဲ့သည်။

နောက်ပိုင်းတွင် ဖြစ်လာမှတော့လည်း အကောင်းဆုံးဖြစ်အောင် လုပ်လိုက်တော့မယ် ဟု လော့ချန် တွေးခဲ့သည်။ ဖိုရှန်းဂိုဏ်းကို အားကိုးကာ ဆေးဖော်ပြီး ကျွမ်းကျင်မှု တိုးအောင် လုပ်ရင်း ရံဖန်ရံခါ အခွင့်အရေးလေးများ ယူခြင်းမှာ ကျင့်ကြံသူတစ်ဦးအတွက် မဆိုးလှသော လမ်းစဉ်ပင် ဖြစ်သည်။

သို့သော် မီရှုဟွာ ဒဏ်ရာပြင်းထန်စွာဖြင့် ပြန်လာချိန်တွင် ထိုတည်ငြိမ်မှုမှာ ပျက်စီးသွားခဲ့သည်။ သူ ဝိညာဉ်ကျောက်များဖြင့် ထွက်ပြေးရန် စီစဉ်ခဲ့သော်လည်း အင်အားကြီး ငါးခု၏ ဝိုင်းရံမှုကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပြန်သည်။

ထို့နောက် ‘ဖိုရှန်းဂိုဏ်း မရှိတော့ရင်လည်း ရှိပါစေတော့’ ဟု ဆိုကာ ဂိုဏ်းကြီးတစ်ခုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မြောင်ဝမ်၏ အကူအညီဖြင့် သူ၏ လမ်းစဉ်မှာ ပို၍ပင် ကျယ်ပြန့်လာနိုင်ခဲ့သည်။ သို့သော် မြောင်ဝမ်မှာ ပထမဆုံးလ၏ အမြတ်ကိုပင် မခံစားရသေးမီ၊ ဖန်ရင်ရှုံ၏ အာရုံစိုက်ခြင်းကို လော့ချန် ခံလိုက်ရပြန်သည်။

ဖန်ရင်ရှုံ ဝိုင်းရံ အသတ်ခံလိုက်ရခြင်းမှာလည်း လော့ချန် မမျှော်လင့်ထားသော ကိစ္စပင်။ ထိုစဉ်က သူသည် ပစ္စည်းများ သိမ်းဆည်းပြီး မိတ်ဆွေများကို နှုတ်ဆက်ကာ သူ ကိုယ်တိုင် တည်ထောင်ခဲ့သော လော့ထျန်အဖွဲ့အစည်းအတွက် လိုအပ်သော အစီအစဉ်များကိုပင် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ပြင်ဆင်မှုများမှာ အလကား ဖြစ်ခဲ့ရသည်။ လော့ချန်၏ အတွေးများသည် သူ့အား အသုံးချရန် ကြိုးစားခဲ့သူများ၏ အဆုံးသတ်ကို ပြန်လည် မြင်ယောင်ရင်း လှုပ်ရှားနေသည်။

“ဒါပေမဲ့ ငါ့ကို အသုံးချဖို့ ကြိုးစားခဲ့တဲ့ လူသုံးယောက်လုံးဟာ ဆိုးရွားတဲ့ အဆုံးသတ်တွေနဲ့ ကြုံခဲ့ရတယ်၊ အားကိုးရာမဲ့တဲ့ ဒီခံစားချက်ကို ငါ တကယ်ပဲ တော်လောက်ပြီ၊ ငါ ဒီကို ရောက်လာတာ အေးအေးဆေးဆေး နေချင်လို့ပါ၊ ဒါပေမဲ့ သူတို့က ငါ့ကို အေးအေးဆေးဆေး နေခွင့်မပေးကြဘူး”

ထိုသို့စဥ်းစားနေရင်း သူ၏ မျက်လုံးများထဲတွင် အေးစက်တည်ကြည်နေသော အကြည့်များ ဖြတ်ပြေးသွားသည်။ မည်သူမျှ သူ၏ ကံကြမ္မာကို မပြဌာန်းနိုင်မည့် ကိုယ်ပိုင်လမ်းစဉ်တစ်ခုကို သူ ကိုယ်တိုင် ထွင်းထုရန် ဆုံးဖြတ်လိုက်သည်။ လော့ချန်သည် အသစ် ပြန်လည် တည်ဆောက်ထားသော ချင်းကျန်းလမ်းမကြီးအတိုင်း လျှောက်လာရင်း သွားလာနေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများကို ကြည့်နေမိသည်။ သူတို့၏ မျက်နှာပေါ်တွင် မြို့တွင်းပိုင်း ပျက်စီးသွားမှုအတွက် ဝမ်းနည်းရိပ် မရှိကြပေ။ အပြန်အလှန်အားဖြင့် အနာဂတ်အတွက် မျှော်လင့်ချက်များသာ ရှိနေကြသည်။

ကျောက်စိမ်းအိုးဓားနန်းဆောင်နှင့် ဂိုဏ်းမှ ဖွင့်ထားသော ဆိုင်များ မရှိတော့ခြင်းမှာ အရာအားလုံး ဆိုးရွားသွားသည်ဟု မဆိုနိုင်ပေ။ ဒေသခံ အင်အားစုများသည် တစ်ကိုယ်တော်ကျင့်ကြံသူများထံမှ စုဆောင်းမှုများကိုများကို ယခင်ကထက် ပိုမြင့်သော ဈေးများပေးကာ ဝယ်ယူနေကြသည်။ ကုန်စည်ချင်း ဖလှယ်မှုများ တိုးတက်လာပြီး၊ မှောင်ခိုဈေးကွက်မှာလည်း စည်ကားနေကာ အရောင်းအဝယ်များမှာ ယခင်ကထက် ပိုမို များပြားလာသည်။

"တည်ငြိမ်တဲ့ ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ ဘယ်တုန်းကမှ လွယ်ကူခဲ့တာ မဟုတ်ဘူး…. ရုန်းကန်ခြင်း၊ ဇွဲနပဲရှိခြင်းနဲ့ တိုက်ပွဲဝင်ခြင်းတွေကနေသာ မဟာ တာအိုလမ်းစဉ် ရဲ့ မျှော်လင့်ချက် အလင်းတန်းလေးကို တွေ့နိုင်မှာပါ" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် အလကားရမည့် မျှော်လင့်ချက်ကို အားမကိုးတော့ပေ။ တာဟဲစျေးမြို့တော်တွင် ဂိုဏ်းမှ ကျင့်ကြံသူများ မရှိတော့သည့် ဤကာလကို အမိအရ ဆုပ်ကိုင်ကာ ကိုယ်တိုင် နေရာတစ်ခုကို ဖန်တီးတော့မည် ဖြစ်သည်။

All Chapters