← Chapters

အခန်း (၅၄၁-၅၄၂)

Vol. 55 Ch. 541-542

အခန်း (၅၄၁-၅၄၂)

Vol. 55 Ch. 541-542

အခန်း (၅၄၁) - ငါ့နာမည်က မင်းတို့မေးဖို့ မထိုက်တန်ဘူး ၊ ပုန်းကွယ်နေတဲ့ ပုဂ္ဂိုလ်ကြီး ၊ သနားစဖွယ် ယင်းရွှမ်ရှန်း ၊ မိစ္ဆာနှိမ်နင်းခြင်း

​ကျန့်ကျောင်းဓားမှာ အလွန်တရာ ထက်မြက်လှပေသည်။

ယင်းရွှမ်ရှန်း၏ ခန္ဓာကိုယ်မှ သွေးများ စီးကျမလာသော်လည်း သူ၏ အခြေအနေမှာမူ အလွန်ပင် သနားစဖွယ် ကောင်းနေချေပြီ! ဦးခေါင်းမှာ အခုတ်ခံထားရသလို၊ ညာလက်မောင်းမှာလည်း အဖြတ်ခံထားရသည်။

ထို့ပြင် အစားထိုးအတတ်၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ တန်ခိုးများကို အသုံးပြုကာ ပြန်လည်ပေါင်းစည်း၍ မရနိုင်ဘဲ ဖြစ်နေ၏။

​သူသည် အနောက်ဘက်သို့ အသည်းအသန် မြေလျှိုးကာ ထွက်ပြေးတော့သည်။ သူ၏ ခေါင်းပြတ်နေသော ကိုယ်ထည်နှင့် ဦးခေါင်းမှာ အရပ်မျက်နှာ နှစ်ဖက်သို့ ခွဲ၍ ပျံသန်းသွားကြ၏။

​ဒုန်း

​"မြေခွဲရတနာပုတီး " သည် လေထဲတွင် တဟုန်ထိုး ကြီးထွားလာပြီး ယင်းရွှမ်ရှန်း၏ ဦးခေါင်းပေါ်သို့ အရှိန်ဖြင့် ဖိချလိုက်တော့သည်။ သူ၏ ဦးခေါင်းမှာ တစ်ခဏချင်းမှာပင် ကြေမွသွားရရှာ၏။

နောက်တစ်ခဏတွင် သူသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဦးခေါင်းကို အမြန်ပြန်လည် စုစည်းလိုက်သော်လည်း၊ ထိုအချိန်မှာပင် သူ၏ ကိုယ်ထည်ကြီးမှာ လီယန်ချူ၏ လိုက်မီခြင်းကို ခံလိုက်ရချေပြီ။

​အနက်ရောင် စုတ်တံတစ်ချောင်း ထွက်ပေါ်လာသည် ၎င်းမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ တတိယအဆင့် တစ္ဆေနတ်ဘုရားဖြစ်သော ယင်းရွှမ်ရှန်းကိုပင် အလွန်အမင်း ထိတ်လန့်သွားစေသည်။

​"ယမမင်းစုတ်တံ လား"

​သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူ၏ ကိုယ်ထည်မှာ လီယန်ချူ၏ ယမမင်းစုတ်တံဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရတော့သည်။

ဧရာမ "ချိပ်ပိတ် " စာလုံးကြီး တစ်လုံး ပေါ်လာပြီး သူ၏ ပုံရိပ်ကို လုံးဝ လွှမ်းခြုံသွား၏။ သူ၏ တစ်ပိုင်းတစ်စ မြင်သာသော ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ဒြပ်ရှိသော အသွင်သို့ ပြောင်းလဲသွားတော့သည်။

သူ၏ ဦးခေါင်းမှာလည်း ကိုယ်ထည်၏ အကျိုးသက်ရောက်မှုကြောင့် မှော်စွမ်းအားများ လည်ပတ်မှု ရပ်တန့်ကာ ထုံထိုင်းသွားရ၏။

​ကျိုကုန်းကျိန်းရန်သည် ပုံရိပ်ယောင်အတတ်ကို အသုံးပြုကာ နောက်ဆုံးအချိန်တွင် ယင်းရွှမ်ရှန်း၏ ဦးခေါင်းကို ကယ်တင်ရန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ကောင်းကင်ယံရှိ ရှစ်ခွင်မှန်မှ ဧရာမ နတ်ဘုရားအလင်းတန်းကြီး ကျရောက်လာပြီး ကျိုကုန်းကျိန်းရန်၏ ကိုယ်ပေါ်သို့ အရှိန်ပြင်းစွာ ထိမှန်သွားတော့သည်။ ကျိုကုန်းကျိန်းရန်၏ မျက်လှည့်အတတ်မှာလည်း ချက်ချင်းပင် ပျက်ပြားသွားရသည်။

​ရှစ်ခွင်မှန်သည် ကုသိုလ်အမှတ် တစ်သိန်းတန် နတ်ဘုရားလက်နက် ဖြစ်သည်။ ကျိုကုန်းကျိန်းရန်၏ မျက်လှည့်အတတ်မှာ ရှစ်ခွင်မှန်၏ အလင်းအောက်တွင် မည်သို့မျှ ထုတ်ဖော်နိုင်စွမ်း မရှိပါချေ။ သူသည် ကျန်ရှိနေသော နတ်ဆိုးပုံရိပ် နှစ်ပါးကို လီယန်ချူထံသို့ စေခိုင်းကာ တိုက်ခိုက်စေသော်လည်း၊ လီယန်ချူက ဓားကို ဝှေ့ယမ်းလိုက်ရုံဖြင့် တစ်ချက်တည်းနှင့် ပြတ်တောက် သေဆုံးသွားကြတော့သည်။

​"........." ကျိုကုန်းကျိန်းရန်

ဒီလောက်တောင် ကြမ်းရသလား

​သူ၏ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ယခုတစ်ခေါက် ချင်းဝမ်စံအိမ်တော်၏ ပုန်ကန်မှုတွင် ငရဲတောင် က အခွင့်ကောင်းယူကာ လူ့ပြည်သို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာလမ်းစဉ် အောင်ပွဲခံမည့်အချိန်တွင် ထိန်းချုပ်၍မရသော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာပုံရချေပြီ။

​"မင်းက တကယ်တော့ ဘယ်သူလဲ"

ကျိုကုန်းကျိန်းရန်က လေးလံသော လေသံဖြင့် မေးလိုက်သည်။

​"မင်းလို ပုရွက်ဆိတ်လောက်က ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး"

လီယန်ချူက အထက်စီးဆန်လွန်းသော လေသံဖြင့် ပြန်ပြောလိုက်၏။

​"............" ကျိုကုန်းကျိန်းရန်

ဒေါသကြောင့် ရင်ကွဲမတတ် ဖြစ်သွားရသည်။

​သို့သော် သူ၏ရင်ထဲတွင် ထိုတာအိုဆရာလေးကို အလွန်ပင် ကြောက်ရွံ့မိနေ၏။ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်မှာ ယန်ဝိညာဉ်အဆင့်သို့ မရောက်သေးသည်မှာ သိသာလှသည်။

သို့သော် သူပိုင်ဆိုင်ထားသော နတ်ဘုရားလက်နက်များမှာ အံ့မခန်းလှပေ သူ၏ သွေးချီစွမ်းအားမှာလည်း နေမင်းကြီးအလား ပြင်းထန်လှသည်။

လက်တစ်ချက် လှုပ်ရုံဖြင့် ယန်ဝိညာဉ် အရှင်သူမြတ် နှစ်ပါးကို ဖိနှိပ်ထားနိုင်၏။ ဤကဲ့သို့သောသူမှာ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ လူဝင်စား ဖြစ်ရမည်မှာ သေချာလှသည်။

​ဤသို့ တွေးလိုက်မိသည်နှင့် ကျိုကုန်းကျိန်းရန်၏ စိတ်ထဲတွင် အရှက်ရမှုမှာ လျော့ပါးသွားတော့သည်။ တစ်ဖက်လူက တကယ့်ကို အရှိန်အဝါကြီးမားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေရင်လည်း မထူးဆန်းဘူး မဟုတ်ပါလား။

​"မိတ်ဆွေ... ဒီလူ့ပြည်က ကိစ္စတွေကို ဘာလို့ ဝင်ပါနေရတာလဲ"

ကျိုကုန်းကျိန်းရန်က ဆိုသည်။

"တကယ်လို့ မင်းက ဒီမှာတင် ရပ်တန့်ပေးမယ်ဆိုရင် ငါက အဖိုးတန်တဲ့ လက်ဆောင်တွေနဲ့ ကျေးဇူးဆပ်ပါ့မယ် "

​အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများအတွက်မူ သာမန်လူသားများ၏ အသက်နှင့် သေခြင်းမှာ အရေးကြီးသော ကိစ္စမဟုတ်ပါချေ။

မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းဖို့ကသာ အရေးကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် နောက်ခံကြီးမားသော အဖိုးကြီးများမှာ တိုက်ခိုက်သတ်ဖြတ်ရခြင်းကို မနှစ်သက်ကြပေ။ သို့သော် သူတွေ့လိုက်ရသူမှာ လီယန်ချူ ဖြစ်နေသည်။

​"မိစ္ဆာလမ်းစဉ် သောင်းကျန်းသူတွေကို တွေ့ရင် လူတိုင်းက နှိမ်နင်းရမှာပဲ "

လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။

​သူ၏ စကားအဆုံးတွင် ဦးခေါင်းသုံးလုံး၊ လက် ခြောက်ဖက်ဖြင့်၊ မီးနဂါးကို စီးနင်းကာ နတ်ဘုရားမီးလျှံများ ဝန်းရံထားသော ခန့်ညားထည်ဝါလှသည့် မီးနတ်ဘုရား ၏ ဝိညာဉ်ပုံရိပ်ကြီး ပေါ်ပေါက်လာတော့သည် သူ၏လက်များတွင် ကျောက်ထျန်းတံဆိပ်၊ နဂါးငါးကောင်စက်ဝိုင်း၊ မီးကျီးကန်းတစ်သောင်းအိုး၊ မီးလျှံဓားနှင့် တိမ်တိုက်မီးခိုးတန်း စသည့် အစွမ်းထက်လှသော နတ်ဘုရားလက်နက် ငါးမျိုးကို ကိုင်စွဲထား၏ အရှိန်အဝါမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားပြီး မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်ပါချေ။

​ဤရှေးဟောင်း နတ်ဘုရားပုံရိပ် ပေါ်ထွက်လာသည်နှင့် ကျိုကုန်းကျိန်းရန်မှာ လီယန်ချူသည် ပုန်းကွယ်နေသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်ကို လုံးဝ ယုံကြည်သွားတော့သည်။

သူ သိချင်နေသည်မှာ ထိုလူငယ်သည် မည်သည့် နတ်ဘုရား၏ လူဝင်စား ဖြစ်သနည်းဟူ၍သာ။ မီးနတ်ဘုရား ကိုယ်တိုင်များလား။

​ကောင်းကင်ယံတစ်ခုလုံးရှိ နတ်ဘုရားမီးလျှံများမှာ ယင်းရွှမ်ရှန်းနှင့် ကျိုကုန်းကျိန်းရန်တို့ကို လွှမ်းခြုံသွားတော့သည်။ ယင်းရွှမ်ရှန်းမှာ အစကတည်းက ဒဏ်ရာ ပြင်းထန်နေသဖြင့် ထိုမီးလျှံများအောက်တွင် ချက်ချင်းပင် ပျောက်ကွယ်သွားရသည် ပြာအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ကုသိုလ်အမှတ် ၅၀၀၀၀ ရရှိသည်

​ကျိုကုန်းကျိန်းရန်၏ ပုံရိပ်မှာလည်း မီးနတ်ဘုရား၏ မီးလျှံများအောက်တွင် ပျောက်ကွယ်သွားသည်။

သို့သော် လီယန်ချူထံသို့ မည်သည့် ကုသိုလ်အမှတ် သတိပေးချက်မှ ရောက်မလာပါချေ။ ခုနက ကျိုကုန်းကျိန်းရန် မီးစွဲသွားသည့် တစ်ခဏတွင် ၎င်းမှာ စက္ကူရုပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားတစ်ခုသာ ဖြစ်သည်ကို လီယန်ချူ မြင်လိုက်ရသည်။

​"အဖိုးကြီး အကြံပိုင်လှချည်လား"

လီယန်ချူက အေးစက်စွာ ရေရွတ်လိုက်၏။

​သူသည် ကျန်းထင်ရှန်း စပျစ်သီးကြီးတစ်လုံးကို ထုတ်ယူကာ ဝူရှဲ့ရဟန်းအား ပေးလိုက်သည်။

"ဒါက ဒဏ်ရာတွေကို သက်သာစေလိမ့်မယ်"

​ဝူရှဲ့ရဟန်းသည်လည်း တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် စားသုံးလိုက်၏။

ဤမိတ်ဆွေသည် တတိယအဆင့် မိစ္ဆာခေါင်းဆောင် နှစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်ဖြစ်ရာ မိမိကို ဒုက္ခပေးချင်လျှင် ဤမျှ အားစိုက်နေစရာ မလိုသည်မှာ သေချာလှသည်။

​ဝူရှဲ့ရဟန်း စပျစ်သီးကို စားပြီးနောက် သူ၏မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်လည် မြင်လာရတော့သည်။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေ... ဆင်းရဲသားရဟန်း နာမည်က ဝူရှဲ့ပါ၊ ကျင်းကွမ်ကျောင်းတော်က လာတာပါ၊ မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား "

​"လီယန်ချူ ပါ"

​"ဝေမြို့၊ ချင်းယွန်းကျောင်းက လီတာအိုဆရာလား "

​"ဟုတ်ပါတယ်၊ ဒီဆင်းရဲသား တာအိုဆရာပါပဲ"

​ဝူရှဲ့ရဟန်းမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏ ရှေးယခင်က ကျင်းကွမ်ကျောင်းတော်မှာ နှစ်တစ်ထောင် ဘေးဒုက္ခနှင့် ကြုံတွေ့ရစဉ်ကလည်း လီတာအိုဆရာတစ်ဦး၏ အကူအညီဖြင့် လွတ်မြောက်ခဲ့ရဖူးသည်။

သို့သော် ထိုစဉ်က သူသည် စိတ်မိစ္ဆာနှင့် တိုက်ခိုက်နေရသဖြင့် ကိုယ်တိုင် မတွေ့ဆုံခဲ့ရပါချေ။ ယနေ့တွင်လည်း ထိုလီတာအိုဆရာ၏ ကယ်တင်ခြင်းကို ထပ်မံခံရပြန်ချေပြီ။

​ဝူရှဲ့ရဟန်း၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားပြီး လီယန်ချူကို ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"အရင်ဆုံး ဒီမိစ္ဆာကောင်တွေကို ရှင်းလိုက်ဦးမယ်"

လီယန်ချူသည် စကားအဆုံးတွင် တိမ်စီးကာ ထွက်ခွာသွားတော့သည်။

​သူ ပါဝင်လာသည်နှင့် ချင်းဖုန်းလင် စစ်မြေပြင်၏ အခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်လှန်သွားတော့သည် မည်မျှပင် အစွမ်းထက်သော မိစ္ဆာဖြစ်စေကာမူ လီယန်ချူ၏ ရှေ့တွင် ဓားတစ်ချက်သာ ခံနိုင်၏ ပိုင်ကျီမိစ္ဆာနိုင်ငံမှ မိစ္ဆာစစ်သည်များနှင့် ချင်းဝမ်စံအိမ်တော်၏ နောက်လိုက်များကို လီယန်ချူက အကုန်အစင် သတ်ဖြတ်လိုက်တော့သည်။ ထွက်ပြေးဖို့ဆိုတာတောင် အိပ်မက်တစ်ခုအလား ဖြစ်သွားရသည်။

​ကျန့်ကျောင်းဓားနှင့် ရှစ်ခွင်မှန်တို့မှာ ကိုယ်ပိုင် အသိစိတ်ရှိသော အစွမ်းထက် နတ်ဘုရားလက်နက်များ ဖြစ်ကြသည်။

၎င်းတို့သည် ပုန်ကန်သူများကြားတွင် မိစ္ဆာများကို မရပ်မနား သုတ်သင်နေကြ၏။

ဤပြင်းထန်လှသော အရှိန်အဝါမှာ ပုန်ကန်သူများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ အထူးသဖြင့် လီယန်ချူသည် မီးနတ်ဘုရား၏ ဝိညာဉ်ပုံရိပ်ဖြင့် တိမ်စီးကာ ဆင်းသက်လာသည့် မြင်ကွင်းမှာ အလွန်ပင် ခန့်ညားလှပေသည် ရှေးဟောင်း နတ်ဘုရားတစ်ပါး လူ့ပြည်သို့ ဆင်းသက်ကာ မိစ္ဆာနှိမ်နင်းနေသည့်အလား။

​ချင်းဝမ်စံအိမ်တော်၏ ပုန်ကန်သူစစ်သည်များမှာ ခုခံလိုစိတ် လုံးဝ ပျောက်ကွယ်သွားပြီး အကုန်အစင် လက်နက်ချ အရှုံးပေးလိုက်ကြတော့သည်။ သာမန်စစ်သည်များကိုမူ လီယန်ချူက အလွန်အကျွံ မသတ်ဖြတ်ပါချေ။ သူ အဓိက ပစ်မှတ်ထားသည်မှာ မိစ္ဆာများနှင့် မှော်ဆရာများသာ ဖြစ်သည်။

​ချင်းဖုန်းလင် တိုက်ပွဲပြီးဆုံးသွားသောအခါ အုန်းလင်းစစ်တပ်မှ အသက်ရှင်ကျန်ရစ်သော စစ်သည်တိုင်းမှာ လီယန်ချူကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုလေးစားစွာ စိုက်ကြည့်နေကြတော့သည်။

အကယ်၍ လီယန်ချူသာ ပေါ်မလာခဲ့လျှင် သူတို့အားလုံးမှာ ထိုမိစ္ဆာများ၏ အကိုက်အခဲခံရကာ အလောင်းပင် ကျန်လိမ့်မည် မဟုတ်ပါချေ။ စစ်သားပီပီ တိုက်ပွဲတွင် သေရမည်ကို မကြောက်သော်လည်း၊ တောရိုင်းတိရစ္ဆာန်များ၏ အစာအဖြစ် မသေချင်ကြသည်မှာ လူတိုင်း၏ စိတ်ပင် ဖြစ်သည်။

​တောင်ထဲမှ ထွက်ပေါ်လာသော သားရဲလှိုင်းကြီးမှာလည်း အကုန်အစင် သုတ်သင်ခြင်း ခံလိုက်ရသည်။

အဆင့်လွန် စွမ်းအားများ ဝင်ရောက်လာသည်နှင့် ထိုစစ်ပွဲမှာ အလွန်ပင် ရိုးရှင်းသွားတော့သည်။ လီယန်ချူအတွက် ဤတိုက်ပွဲမှ ရလဒ်မှာ ကြီးမားလှပေသည်။

မိစ္ဆာနှိမ်နင်းသည့် ကုသိုလ်အမှတ်မှာ တစ်သိန်းနှစ်သောင်းအထိ ရရှိခဲ့၏။ ချင်းထောဓားနှင့် မျက်စိထိုးပုတီး စသည့် အစွမ်းထက် နတ်ဘုရားလက်နက်များကိုလည်း ရရှိခဲ့သည်။ ထို့ပြင်... သောင်းနှင့်ချီသော စစ်သည်များ၏ လေးစားမှုကိုလည်း ရရှိခဲ့၏။

​မဟာဗိုလ်ချုပ်ကြီး ဝေ့ဖင်ချွမ်း သေဆုံးသွားခဲ့သလို အုန်းလင်းစစ်တပ်မှာလည်း အထိအခိုက် ပြင်းထန်ခဲ့သဖြင့် လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် စစ်တပ်အတွင်းရှိ ဗိုလ်မှူးအချို့က ကျန်ရှိနေသော တပ်ကြွင်းတပ်ကျန်များကို အမြန်ပြန်လည် စုစည်းလိုက်ကြ၏။ စစ်တပ်အတွင်းရှိ ကျင့်ကြံသူများမှာလည်း လီယန်ချူကို အလွန်ပင် လေးစားအားကျနေကြတော့သည်။

​သို့သော်... အုန်းလင်းစစ်မြေပြင်၏ ကိစ္စများမှာ ဤမျှနှင့် မပြီးဆုံးသေးပါချေ။ ချင်းဝမ်စံအိမ်တော်မှာ ခရိုင်အချို့ကို သိမ်းပိုက်ထားဆဲဖြစ်ပြီး အားကောင်းသော အင်အားများ ရှိနေသေးသည်။

ထို့ပြင် ကျိုကုန်းကျိန်းရန်မှာ ဒဏ်ရာပြင်းထန်စွာဖြင့် ထွက်ပြေးသွားသော်လည်း သူ၏ အစစ်အမှန် စွမ်းအားမှာ မည်မျှရှိသည်ကို လီယန်ချူ ခန့်မှန်း၍ မရသေးပါချေ။

​အထူးသဖြင့် ရုတ်တရက် ပေါ်ပေါက်လာသော ထိုတတိယအဆင့် ကျွမ်းကျင်သူ (ယင်းရွှမ်ရှန်း) ၏ အရှိန်အဝါမှာ တစ္ဆေလိုလို နတ်ဘုရားလိုလိုနှင့် အလွန်ပင် ထူးဆန်းလှသည်။

အပေါ်ယံတွင်မူ ရန်သူ့ဘက်တွင် တတိယအဆင့် ကျွမ်းကျင်သူ တစ်ဦးတည်းရှိသည်ဟု သိထားသော်လည်း... သူတို့နောက်ကွယ်တွင် မည်မျှအထိ လျှို့ဝှက်ချက်များ ရှိနေသေးသည်ကို မည်သူမှ မသိနိုင်ပါချေ။

အခန်း (၅၄၂) - အနီရောင်ဝတ်စုံနှင့် ရုံးတော်ဒုဝန်ကြီးချုပ် ၊ အားလုံးက လူဟောင်းတွေပဲ ၊ ချင်းဝမ်မင်းသား ၊ ဝူနတ်ဘုရား

​လီယန်ချူသည် စိတ်မလောဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သူသည် မိစ္ဆာနှိမ်နင်းရန် ကူညီပေးဖို့ ရောက်လာခြင်း ဖြစ်သော်လည်း ချန်နိုင်ငံ၏ စစ်တပ်ကို တိုက်ရိုက် အမိန့်ပေးစေခိုင်းပိုင်ခွင့် မရှိပါချေ။ ထို့ကြောင့် သူသည် ချင်းဖုန်းလင် တောင်စခန်းတွင်သာ ခေတ္တ အခြေချနေထိုင်ခဲ့သည်။

​နှစ်ရက်အကြာတွင်...

လီယန်ချူသည် စစ်သည်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ငွေ့များကို ကပ်ကျော်အဆောင် ဖြင့် ဖယ်ရှားပေးနေစဉ် ရုတ်တရက် ခေါင်းကို အသာအယာ မော့ကာ ကောင်းကင်ယံသို့ ကြည့်လိုက်သည်။

​"လာကြပြီ "

​ချင်းဖုန်းလင် စစ်စခန်းအတွင်းသို့ ပုံရိပ်သုံးခု ဆင်းသက်လာကြသည်။ တစ်ဦးမှာ သန်မာထွားကြိုင်ပြီး ကြွက်သားများ အဖုအထစ် ထနေသော၊ အနီရောင် ဝတ်စုံဝတ်ဆင်ထားသည့် မျက်နှာပေးကြမ်းကြမ်းနှင့် လူသန်ကြီး တစ်ဦးဖြစ်သည်။

​နောက်တစ်ဦးမှာမူ ကြင်နာသနားတတ်သော မျက်နှာထားရှိသည့် ရဟန်းအိုကြီးတစ်ပါး ဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ ခရမ်းရောင် ဝတ်စုံဝတ်ဆင်ထားသည့် တာအိုဂိုဏ်းမှ နတ်မင်း တစ်ပါး ဖြစ်သည်။

​မကြာမီမှာပင် တပ်ကြပ်တစ်ဦးသည် လီယန်ချူ၏ တဲရှေ့သို့ အပြေးအလွှား ရောက်ရှိလာ၏။

"လီတာအိုဆရာ... အရှင်ရှူက အခေါ်ခိုင်းလိုက်ပါတယ်ဗျ "

​"ကောင်းပြီ "

လီယန်ချူက ခေါင်းညိတ်ပြလိုက်ပြီး ထိုတပ်ကြပ်နောက်မှ စစ်စခန်းမကြီးဆီသို့ လိုက်ပါသွားတော့သည်။

​စခန်းမကြီးအတွင်းတွင် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိသည်။ ထိုအနီရောင် ဝတ်စုံဝတ် လူသန်ကြီး၏ အသံမှာ ကြေးစည်ကြီးကို တီးခတ်လိုက်သကဲ့သို့ ဟိန်းထွက်နေ၏။

လီယန်ချူ ဝင်လာသည်ကို မြင်သည်နှင့် သူက အသံကျယ်ကြီးဖြင့်

"တကယ်ကို ချောမောခန့်ညားတဲ့ တာအိုဆရာလေးပါလား၊ ဒီတစ်ခေါက်တော့ လီတာအိုဆရာကြောင့်သာပဲ"

ဟု ဆိုကာ ကြိုဆိုလေသည်။

​လီယန်ချူသည် စခန်းအတွင်းရှိ သူစိမ်းမျက်နှာသစ်များနှင့် နှုတ်ဆက်ကာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြသည်။

ရဟန်းအိုကြီးနှင့် ခရမ်းရောင်ဝတ် နတ်မင်းကို ခွဲခြားရသည်မှာ မခက်ခဲလှပါချေ။ တစ်ပါးမှာ တာ့ရှန်ကော်ကျောင်းတော် မှ ပေါင်ရှု ရဟန်းမြတ် ဖြစ်ပြီး၊ နောက်တစ်ဦးမှာ လုံဟူရှန်း မှ ကျောက်နတ်ဆရာဖြစ်သည်။

​သို့သော် ဤ တရားရေးရုံး ဝန်ကြီးချုပ် ရှူ ၏ ရုပ်သွင်မှာမူ လီယန်ချူ တွေးထင်ထားသည်နှင့် လုံးဝ ကွဲပြားနေချေပြီ။ သူက ဝန်ကြီးချုပ်ဆိုလျှင် ဆံပင်ဖြူဖွေးကာ အနက်အဓိပ္ပာယ် နက်ရှိုင်းသော အဖိုးအို သို့မဟုတ် ယဉ်ကျေးသိမ်မွေ့သော လူလတ်ပိုင်းတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

​သို့သော် မည်သို့မျှ မထင်မှတ်ထားဘဲ လောကဝတ်ကို ဂရုမစိုက်သည့် အလွန်ပင် ရဲရင့်ပြတ်သားလှသော လူသန်ကြီးတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား သူ၏ အနီရောင် ဝတ်စုံနှင့် ထိုမျက်နှာထားမှာ လီယန်ချူကို ပုဂ္ဂိုလ်တစ်ဦးနှင့် သွား၍ သတိရစေသည် ၎င်းမှာ ကျန့်ခွေ ပင် ဖြစ်တော့သည်။

​"မင်းအကြောင်းကို ငါ့ရဲ့ စီနီယာအစ်ကို ကျန်း ဆီက ကြားဖူးပါတယ်၊ မင်းက ရွှမ်ချိန်ရဲ့ တပည့် မဟုတ်လား "

လုံဟူရှန်းမှ ကျောက်နတ်ဆရာက မေးလိုက်သည်။

​"ဟုတ်ပါတယ်၊ ကျုပ်ရဲ့ ဆရာတော်ရဲ့ ဘွဲ့က ရွှမ်ချိန် ပါ"

လီယန်ချူက အေးဆေးစွာ ပြန်ဖြေ၏။

​ကျောက်နတ်ဆရာ ပြောသည့် စီနီယာအစ်ကို ကျန်း ဆိုသည်မှာ လီယန်ချူ၏ ဆရာတူ ဦးလေး ကို ဆိုလိုခြင်း ဖြစ်ရမည်။

​"ကောင်းပြီ... ချန်နိုင်ငံရဲ့ အနာဂတ်က မင်းတို့လို လူငယ်တွေအပေါ်မှာပဲ မူတည်နေတာ၊ လုံဟူရှန်းမှာ လာပြီး ကျင့်ကြံဖို့ စိတ်ကူးရှိလား "

ကျောက်နတ်ဆရာက မေးလိုက်ပြန်သည်။

​ဤမျှ တိုက်ရိုက်ကြီးလား... လီယန်ချူ တစ်ခဏ ကြောင်သွားကာ

"စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ကျုပ်က ဝေမြို့မှာ နေလာတာ ကြာပြီမို့လို့ မခွဲခွာချင်သေးပါဘူး။"

သူသည် လုံဟူရှန်း နတ်ဆရာ၏ ဖိတ်ခေါ်မှုကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။

​"လီတာအိုဆရာက တတိယအဆင့် မိစ္ဆာနှစ်ယောက်ကိုတောင် သတ်နိုင်တဲ့ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ပါရမီရှင်ပဲ၊ မင်းရဲ့ လုံဟူရှန်းကို သွားပြီး ဘာသွားသင်ရမှာလဲ "

"တတိယအဆင့်ကနေ ယင်ဝိညာဉ်အဆင့်ကို ပြန်ဆင်းပြီး ကျင့်ရမှာလား "

အနီရောင်ဝတ်စုံနှင့် ရှူရှောက်ချင်းက ရယ်မောကာ ဝင်ပြောလိုက်သည်။

​ကျောက်နတ်ဆရာက ဘာမှပြန်မပြောဘဲ ပြုံးနေသော်လည်း သူ၏ရင်ထဲတွင်မူ သက်ပြင်းတစ်ချက် ခိုးချမိသည်။

"ဝေမြို့မှာ လေပြင်းမုန်တိုင်းတွေ များတယ်၊ လီတာအိုဆရာ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး "

​ကျောက်နတ်ဆရာ၏ စကားမှာ တစ်ခုခုကို ရည်ညွှန်းနေပုံရသော်လည်း ထိုစကားပြောပြီးနောက် ဘာမှ ထပ်မပြောတော့ပါချေ။

​"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ "

လီယန်ချူသည် ခံစားချက်တစ်ခု ရလိုက်သည်။ ကျောက်နတ်ဆရာသည် တစ်ခုခုကို သိနေပုံရ၏။ ခုနက ဖိတ်ခေါ်ခြင်းမှာလည်း လုံဟူရှန်းတွင် တကယ်ကျင့်ကြံစေချင်ခြင်းထက် လီယန်ချူကို ပြဿနာ ဝဲဂယက်ထဲမှ ဆွဲထုတ်သွားချင်သည့် သဘောမျိုး ဖြစ်နေသည်။

​ယခုအခါ တတိယအဆင့် ယန်ဝိညာဉ် ကျွမ်းကျင်သူ လေးပါး ရှိနေသည့်အနက် သုံးဦးမှာ လီယန်ချူအပေါ် အဆင်ပြေကြသည်။ ဝူရှဲ့ရဟန်းမှာမူ ပြောနေစရာပင် မလိုတော့၊ လီယန်ချူ၏ ကျေးဇူးကြီးမားလှသည်။လုံဟူရှန်း ဂိုဏ်းဝင်များနှင့်လည်း လီယန်ချူမှာ ပတ်သက်မှု နက်ရှိုင်း၏။ သူကျင့်ကြံထားသော ဒုတိယအဆင့် ထိုက်ကျိ ယင်ယန် အာရုံပြုကျင့်စဉ် အပါအဝင် လျှို့ဝှက်အတတ်များစွာမှာ လုံဟူရှန်းမှ လာခြင်းဖြစ်သည်။

​တရားရေးရုံးဘက်မှာလည်း သူက ရာထူးတစ်ခု ရထားသူဖြစ်သဖြင့် ရှူရှောက်ချင်း၏ လက်အောက်ငယ်သား၊ တစ်နည်းအားဖြင့် ကိုယ့်လူပင် ဖြစ်သည်။

​တာ့ရှန်ကော်ကျောင်းတော် နှင့်သာ လီယန်ချူမှာ အနည်းငယ် ပြဿနာရှိနေခြင်းဖြစ်သည်။ ထိုကျောင်းတော်မှ ကွမ်းရှင်းရဟန်းကို လီယန်ချူ သတ်ခဲ့ဖူးသလို၊ ပါရမီရှင်ဖြစ်သော ကျဲ့ခုန်းရဟန်းကိုလည်း နတ်ဘုရားနယ်မြေထဲတွင် ရိုက်နှက်ပြီး နတ်ဘုရားအခွင့်ရေးများကို လုယူခဲ့ဖူးသည်။

မကြာသေးမီက ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲတွင် ရဟန္တာပုံရိပ်နှင့် ထောင်ယဲ့ ပုံရိပ်ကို ထုတ်ဖော်ကာ သူနှင့် တိုက်ခိုက်ခဲ့သည့် လျှို့ဝှက်လူငယ်မှာလည်း တာ့ရှန်းကော်ကျောင်းတော်မှပင် ဖြစ်သည်။ သို့သော် ယခုရောက်နေသော ပေါင်ရှုရဟန်းမြတ်မှာမူ လီယန်ချူအပေါ် ရန်လိုသည့်အမူအရာ မပြပါချေ။

​ယခုအခါ သူတို့ဘက်တွင် ယန်ဝိညာဉ် ကျွမ်းကျင်သူ လေးဦးအပြင် တတိယအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို သတ်ဖြတ်နိုင်သော လီယန်ချူပါ ရှိနေသဖြင့် အုန်းလင်းခရိုင် တစ်ခုလုံးတွင် မည်သူ့ကိုမျှ ကြောက်စရာ မလိုတော့ချေ။

​ရှူရှောက်ချင်းက တိုက်ပွဲအစီအစဉ်ကို ချမှတ်လိုက်သည်။

"ငါ့အမြင်အရတော့ ချင်းဝမ်စံအိမ်တော်ရဲ့ အခြေစိုက်စခန်းကို တန်းတိုက်ပြီးတော့၊ အဲ့ဒီ အသုံးမကျတဲ့ ချင်းဝမ်နဲ့ မင်းသားကို ဖမ်းလိုက်တာ အကောင်းဆုံးပဲ၊ မြန်မြန်ဆန်ဆန်နဲ့ ပြီးပြတ်သွားအောင် "

သူ၏ စကားလုံးများမှာ အနည်းငယ် ကြမ်းတမ်းသော်လည်း အလုပ်ကို ပြတ်ပြတ်သားသား လုပ်တတ်သည့် ပုံစံမျိုး ဖြစ်သည်။

​ဤဆုံးဖြတ်ချက်ကို အားလုံးက ချက်ချင်း သဘောတူကြသည်။ ယန်ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးတည်းရှိလျှင်ပင် လောကတွင် မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုတော့ပါချေ။

ယခုအခါ အခွင့်အရေးကို အသုံးချကာ ယန်ဝိညာဉ် လေးဦးစလုံး အုန်းလင်းခရိုင်သို့ ရောက်ရှိနေပြီဖြစ်ရာ ချင်းဝမ်၏ ပုန်ကန်မှုကို ဘာကြောက်စရာ ရှိတော့မည်နည်း အစိုးရဘက်က ယန်ဝိညာဉ် လေးဦးအထိ စေလွှတ်လိုက်ခြင်းမှာ ကျိုကုန်းကျိန်းရန်ကို အမြစ်ပြတ် သတ်ဖြတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တတိယအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲပြီး ယန်ဝိညာဉ်မှာ ဖျက်ဆီးရန် ခက်ခဲသောကြောင့်ပင်။

​သို့သော် ထိုသို့တွေးမိသည်နှင့် လူတိုင်းမှာ လီယန်ချူကို တညီတညွတ်တည်း လှည့်ကြည့်လိုက်မိကြသည်။

ဤတာအိုဆရာလေးမှာ မျက်နှာပေါက် သန့်ပြန့်ပြီး ခန့်ညားလှသည်။ သူ၏ကိုယ်ပေါ်တွင် ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသော မှော်အတတ် သို့မဟုတ် နတ်ဘုရားလက်နက် တစ်ခုခု ရှိနေပုံရသဖြင့် ထူးထူးခြားခြား ဘာမှ မမြင်ရပါချေ။ သို့သော် ထိုလူငယ်က ယန်ဝိညာဉ် ကျွမ်းကျင်သူ နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။

​ဆိုလိုသည်မှာ ဤနေရာရှိ လူများထဲမှ တစ်ဦးချင်းစီ ယှဉ်တိုက်လျှင်ပင် ထိုတာအိုဆရာလေးကို ယှဉ်နိုင်မည် မဟုတ်ချေ။

​"ယင်ဝိညာဉ်အဆင့်နဲ့ ယန်ဝိညာဉ်အဆင့်ကို သတ်တာ၊ အဲ့ဒါတောင် နှစ်ယောက်တည်း အမေရေ... တကယ်ကို အားရစရာပဲ"

ရှူရှောက်ချင်းက အားပါးတရ ရေရွတ်လိုက်၏။ မသိလျှင် ယန်ဝိညာဉ်အဆင့်ဆိုသည်မှာ ဈေးထဲက မုန်လာဥများအလား ထင်ရပေလိမ့်မည်။

​ချင်းဝမ်စံအိမ်တော်၏ စစ်တပ်များမှာ အဓိကအားဖြင့် ထုံချွမ်နှင့် လျန်ခရိုင် နှစ်နေရာတွင် စုစည်းနေကြသည်။

လျန်ခရိုင်မှာမူ လက်ရှိတွင် ချင်းဝမ်စံအိမ်တော်၏ အဓိက အခြေစိုက်စခန်း ပင် ဖြစ်သည်။ လျန်ခရိုင်မှာ သာမန်မြို့တစ်မြို့ မဟုတ်ဘဲ စစ်တပ်အခြေစိုက်ရာ မြို့ပြကြီးဖြစ်ပြီး စစ်သည် တစ်သောင်းခန့် အမြဲတမ်း တပ်စွဲထားသည်။

​ယခုအခါ လျန်ခရိုင် မြို့တံခါးဝတွင် ဖမ်းဆီးခေါ်ဆောင်လာသော အရပ်သားများကို တင်ဆောင်ထားသည့် အကျဉ်းလှောင်အိမ် လှည်းတန်းကြီးမှာ မြို့ထဲသို့ ဝင်ရောက်နေသည်။ တာဝန်ကျ စစ်သည်များမှာ အလွန်ပင် တင်းကြပ်စွာ စောင့်ကြပ်နေကြ၏။

ထိုအရပ်သားများထဲတွင် သုံ့ပန်းများအပြင်၊ ဂိုဏ်းဂဏ ကျွမ်းကျင်သူများနှင့် အကြောများ ဖြတ်တောက်ခံထားရသော ကျင့်ကြံသူများလည်း ပါဝင်နေကြပြီး သူတို့အားလုံးကို မြို့လယ်ရှိ စစ်ရေးလေ့ကျင့်ကွင်းသို့ ပို့ဆောင်နေကြခြင်း ဖြစ်သည်။

​ထိုစစ်မြို့တော်မှာ လုံခြုံရေး အလွန်တင်းကြပ်လှပေသည်။ ထိုစစ်ရေးလေ့ကျင့်ကွင်းတွင် မြင့်မားသော စင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထား၏။ စင်မြင့်ပေါ်တွင် အဖြူရောင် ဝတ်စုံဝတ် လူငယ်တစ်ဦး ထိုင်နေသည်။ ၎င်းမှာ ချင်းဝမ်မင်းသား ပင် ဖြစ်တော့သည်။

​ထိုလူငယ်၏ လက်တစ်ဖက်တွင် အမိန့်ပေးအလံကို ကိုင်ထားပြီး၊ ကျန်တစ်ဖက်တွင်မူ ကြေးခေါင်းလောင်းကို ကိုင်ဆောင်ကာ ယဇ်ပလ္လင်ပြင်၍ မှော်အတတ်တစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သည်သူ၏ ပါးစပ်မှလည်း ဆုတောင်းကျိန်စာများကို မနားတမ်း ရွတ်ဆိုနေ၏။

တစ်ပြင်လုံးမှာ ပုံပျက်ပန်းပျက်နှင့် ထူးဆန်းထိတ်လန့်ဖွယ် ကောင်းလှပေသည်။

​ချင်းဝမ်မင်းသားသည် ကျမ်းစာအားလုံးကို ရွတ်ဆိုပြီးနောက် သူ၏ မျက်နှာထားမှာ အေးစက်သွားကာ

"ချစ်ချား" ဟု မန္တန်တစ်ခုကို ဟိန်းဟောက် လိုက်လေသည်။

​ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ အကျဉ်းသားများကို ထိုနေရာသို့ မပြတ်ပို့နေကြပြီး သေချာကြည့်လျှင် မြေပြင်ပေါ်တွင် အစီရင်များစွာ ရေးဆွဲထားသည်ကို တွေ့ရလိမ့်မည်။

ချင်းဝမ်မင်းသား၏ ပါးစပ်မှ လူသားတစ်ယောက် မထုတ်နိုင်သော ထူးဆန်းသည့် အသံနေအသံထားများ ထွက်ပေါ်လာသည်နှင့် တပ်မှူးတစ်ဦးသည် ဓားကိုဝှေ့ယမ်းကာ အကျဉ်းသားတစ်ဦး၏ လည်ပင်းကို ဖြတ်ချလိုက်ရာ ထိုသူမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

​ခန္ဓာကိုယ်မှ သွေးများမှာ စင်မြင့်အောက်ရှိ အစီရင်များပေါ်သို့ စီးဝင်သွားသည်။ သူ ရှေးဟောင်းအသံ တစ်လုံးစီ ရွတ်ဆိုတိုင်း အကျဉ်းသား တစ်ဦးစီ၏ ခေါင်းမှာ ပြတ်ကျသွားသည်။

​ချင်းဝမ်မင်းသား ကျိန်စာအားလုံးကို ရွတ်ဆိုပြီးသောအခါ စင်မြင့်အောက်တွင် သွေးများမှာ မြစ်တစ်စင်းအလား စီးဆင်းနေချေပြီ အကျဉ်းသားများ၏ တည်နေရာမှာ ထိုရှေးဟောင်း ချိပ်ပိတ်အစီရင်နှင့် အညီ ထားရှိခြင်း ဖြစ်သည်။

အကျဉ်းသားအားလုံး သေဆုံးသွားသည်နှင့် သူတို့၏ သွေးနှင့် ဝိညာဉ်များကို အသုံးချကာ ရှေးဟောင်း အစီရင်ကြီးကို နှိုးဆွလိုက်ရာ အနီရောင် အလင်းတန်းများမှာ သွေးရောင် အမျှင်တန်းများအလား ဖြာထွက်လာပြီး ချင်းဝမ်မင်းသား ရှိရာ စင်မြင့်ကြီးကို ဝန်းရံသွားတော့သည်။

​ဝု ဝု

​မင်းသား၏ ရင်ထဲတွင် ရုတ်တရက် ဝိညာဉ်၏ နက်ရှိုင်းရာမှ လာသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

"အောင်မြင်ပြီ"

​ချင်းဝမ်မင်းသားသည် ရင်ထဲက စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသည်။

သူ ဤမျှ မြန်လိမ့်မည်ဟု မထင်ထားခဲ့မိပါ၊ မြို့တစ်မြို့လုံးကို ဆက်ပြီး သတ်ဖြတ်ရဦးမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် လေဟာနယ်ကို ဦးညွှတ်ကာ ဂါရဝပြုလိုက်ပြီး

​"တမန်တော် ချန်ကျဲကနေပြီးတော့... ဝူနတ်ဘုရား ကြွမြန်းလာဖို့ ရိုသေစွာ ဖိတ်ကြားအပ်ပါတယ် "

All Chapters