← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 55 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 55 Ch. 543-544

အခန်း (၅၄၃) - ဝူနတ်ဘုရား၏ အမိန့်တော်၊ နားမလည်နိုင်သော နယ်မြေမှ ပုံရိပ်များ ၊ အချိန်ပြန်ပြောင်း အာရုံခံခြင်း

​ဝူနတ်ဘုရားသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည်။ မူလက အလွန်တရာ အစွမ်းထက်ခဲ့ပြီး လူ့လောကတွင် ကိုးကွယ်ယုံကြည်သူ အမြောက်အမြားရှိခဲ့ကာ အမွှေးတိုင်မီးများ အဆက်မပြတ် ထွန်းညှိပူဇော်ခြင်း ခံခဲ့ရဖူးသည်။

သို့သော်လည်း အမည်မသိ အကြောင်းရင်းအချို့ကြောင့် ဝူနတ်ဘုရားသည် အချိန်ကာလ မြစ်ရေအောက်တွင် လုံးဝ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

​သို့သော် ဤချင်းဝမ်မင်းသားမှာမူ ရှေးဟောင်းလျှို့ဝှက်ချက်အချို့ကို ပိုင်ဆိုင်ထားပြီး ဝူနတ်ဘုရားနှင့် ဆက်သွယ်မှု ပြုလုပ်နိုင်ခဲ့ကာ ဝူနတ်ဘုရား၏ တမန်တော် ဖြစ်လာခဲ့သည်။

ထို့ပြင် သူသည် မိမိ၏ သွေး၊ ဝိညာဉ်တို့ကို အသုံးပြုကာ အမျိုးမျိုးသော လျှို့ဝှက်အတတ်များကို ကျင့်ကြံရင်း ဝူနတ်ဘုရားကို ပူဇော်ပသလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

နောက်ဆုံးတွင် သူသည် ထိုသွေးယဇ်အစီရင်ကြီးကို တည်ဆောက်ကာ ဖမ်းဆီးလာသော အရပ်သားများ၏ အသက်ကို အသုံးချ၍ ဝူနတ်ဘုရားကို ဆင့်ခေါ်လိုက်ခြင်းပင်။

​ချင်းဝမ်မင်းသား၏ စကားအဆုံးတွင်...

ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်ကြီးများမှာ လိပ်တက်လာတော့သည် မူလက သာယာသော နေ့ခင်းဘက်ဖြစ်သော်လည်း ယခုအခါတွင်မူ မကြာမီ သည်းထန်စွာ မိုးရွာတော့မည့်အလား တစ်လောကလုံး မှောင်အတိ ကျသွား၏။

​တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော ဧရာမ သရဲမျက်နှာကြီး တစ်ခု ပေါ်ပေါက်လာသည်။ ထိုမျက်နှာကြီးမှာ အေးစက်စက်နှင့် ကရုဏာ ကင်းမဲ့လှပြီး လျန်ခရိုင် တစ်ခုလုံးကို အထက်စီးမှ ငုံ့ကြည့်နေ၏။

​"ငါ့ကို ဘာကိစ္စကြောင့် ဆင့်ခေါ်ရတာလဲ "

​ဝူနတ်ဘုရား၏ အသံမှာ နွေရာသီ၏ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာသည်။

​"ကျွန်တော့်ရဲ့ နတ်ဘုရားခင်ဗျာ... မကြာသေးမီက ဝမ်စံအိမ်တော်ရဲ့ စစ်တပ်တွေဟာ အစိုးရရဲ့ ဝိုင်းရံချေမှုန်းမှုကို ခံနေရပြီး အထိအခိုက် အကျအဆုံး များလှပါတယ်၊ ချင်းဖုန်းလင် တိုက်ပွဲတစ်ခုတည်းမှာတင် လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်"

​ချင်းဝမ်မင်းသားက ဆက်လက်၍ အခြေအနေကို စမ်းသပ်လျှောက်တင်လိုက်သည်။

"ဒါကြောင့် ဝူနတ်ဘုရားအနေနဲ့ ကိုယ်တိုင် ပါဝင်ပေးပြီး အစိုးရစစ်တပ်ရဲ့ ထိုးစစ်ကို ရိုက်ချိုးကာ ဝမ်စံအိမ်တော်ကို ကာကွယ်ပေးဖို့ တောင်းဆိုအပ်ပါတယ် "

​ချင်းဖုန်းလင်တွင် စစ်ရှုံးသည့်သတင်းကို ချင်းဝမ်မင်းသား ပထမဆုံး ကြားလိုက်ရစဉ်က သူကိုယ်တိုင်ပင် အလွန်အံ့အားသင့်ခဲ့ရသည်။

ပိုင်ကျီမိစ္ဆာနိုင်ငံမှ မိစ္ဆာစစ်သည်များ၊ ချန်နိုင်ငံမှ လေလွင့်နတ်ဆိုးများ၊ ထို့ပြင် မိစ္ဆာနိုင်ငံမှ အရှင်သခင် သုံးပါးနှင့် ကျိုကုန်းကျိန်းရန်၊ ယင်ရွှမ်ရှန်း တို့ကဲ့သို့ တတိယအဆင့် ယန်ဝိညာဉ်ရှင် နှစ်ပါး... ဤမျှ အင်အားတောင့်တင်းလှပါလျက်နှင့် အကုန်အစင် ချေမှုန်းခံလိုက်ရသည်ဆိုသည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိပါချေ။

​"ဒီလို ကိစ္စအသေးအမွှားလေးနဲ့ ငါ့ကို လာနှောင့်ယှက်ရသလား "

​ဝူနတ်ဘုရား၏ အသံမှာ ကောင်းကင်အစွန်းမှ လွင့်ပျံလာပြီး အလွန်တရာ အေးစက်လှသည် ချင်းဝမ်မင်းသား၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။

​"ဒါပေမဲ့ မင်းက ပထမဆုံးအကြိမ် ကျူးလွန်တာမို့ ဒီတစ်ခါတော့ အပြစ်မယူတော့ဘူး၊တကယ်လို့ နောက်တစ်ကြိမ် ရှိဦးမယ်ဆိုရင်တော့ ငါ မင်းကို အရင်ဆုံး သတ်ပစ်မယ် "

​ဝူနတ်ဘုရားက အေးစက်စွာ ဆိုသည်။ ချင်းဝမ်မင်းသား စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိ၏။ ဝူနတ်ဘုရားဆိုသည်မှာ လူတစ်ယောက်၏ သက်တမ်းကို စိတ်အလိုရှိသလို ဖြတ်တောက်တတ်သူဖြစ်ရာ ယခုတစ်ခေါက် ဤမျှ စကားပြောကောင်းနေသည်မှာ အံ့ဩစရာပင်။

​"ကျွန်တော့်ရဲ့ နတ်ဘုရားခင်ဗျာ... ဒီတစ်ခေါက် အစိုးရဘက်က အနည်းဆုံး ယန်ဝိညာဉ်ရှင် သုံးပါးလောက် လွှတ်ထားတာပါ၊ အကယ်၍ ကိုယ်တော်က မကူညီဘူးဆိုရင် ဝမ်စံအိမ်တော်ကတော့ ပျက်စီးသွားမှာ အသေအချာပါပဲ၊ အဲ့ဒီအခါကျရင် နောက်နောင် ပူဇော်ပသဖို့လည်း အင်အားရှိမှာ မဟုတ်တော့ပါဘူး"

​"နတ်ဘုရားတွေဆိုတာ လူ့လောက ကိစ္စတွေမှာ စိတ်တိုင်းကျ ဝင်ပါလို့ မရဘူး၊ ဒါပေမဲ့ မင်းကို ကူညီပေးမယ့် ကျွမ်းကျင်သူ အချို့ကို ဘယ်မှာ သွားရှာရမလဲဆိုတာကိုတော့ ငါ လမ်းညွှန်ပေးနိုင်တယ် "

​ဝူနတ်ဘုရား၏ အသံမှာ လျန်ခရိုင် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။ ချင်းဝမ်မင်းသား၏ စိတ်ထဲတွင် လှုပ်ရှားသွား၏။ ဝူနတ်ဘုရားကိုယ်တိုင် တိုက်ရိုက်မပါဝင်လျှင်ပင် အခြားသော ယန်ဝိညာဉ်ရှင် အချို့ကို ထပ်မံရှာဖွေနိုင်ပါက အနိုင်ရရှိနိုင်ခြေ ပိုများလာမည် မဟုတ်ပါလား။

​ဤရှေးဟောင်း နတ်ဘုရားကြီးနှင့် ဆက်ဆံရသည်မှာ ချင်းဝမ်မင်းသားအတွက်လည်း သိပ်ပြီး အာမခံချက် မရှိလှပေ။ ထို့နောက်တွင်မူ ဝူနတ်ဘုရား၏ အမိန့်တော် အချို့မှာ ချင်းဝမ်မင်းသား၏ ဦးနှောက်ထဲသို့ တိုက်ရိုက် စီးဝင်လာတော့သည်။

​ချင်းဝမ်မင်းသား၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွား၏။

"ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့ နတ်ဘုရားခင်ဗျာ "

​အဖြူရောင် ဝတ်စုံဝတ် ချင်းဝမ်မင်းသားမှာ ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်သည်။ မည်းမှောင်သော တိမ်တိုက်များ လွင့်စင်သွားပြီး ကောင်းကင်ယံရှိ သရဲမျက်နှာကြီးလည်း ပျောက်ကွယ်သွားတော့သည်။

ဤရှေးဟောင်း နတ်ဘုရားကြီးမှာ အမိန့်တော်ကိုသာ ချမှတ်ခဲ့ပြီး လူ့လောက ကိစ္စများတွင် ဝင်မပါလိုသဖြင့် ချက်ချင်း ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

သို့သော် ချင်းဝမ်မင်းသားမှာမူ ယခုတစ်ခေါက် ရလဒ်ကို အလွန်ပင် ကျေနပ်နေမိသည်။ ဝူနတ်ဘုရား၏ လမ်းညွှန်ချက်အရဆိုလျှင် အနည်းဆုံး ပုန်းကွယ်နေသော အရှင်သခင်ကြီး နှစ်ဦးကို ရှာတွေ့နိုင်မည် မဟုတ်ပါလား။

​အလွန်လျှိုဝှက်သောနယ်မြေ တစ်ခုတွင်...

​လျှို့ဝှက်ဆန်းကြယ်လှသော ဟင်းလင်းပြင်ကြီးအတွင်း၌ ဝေဝါးနေသော ပုံရိပ်နှစ်ခုမှာ စကားပြောနေကြသည်။ ရုတ်တရက် ထိုနယ်မြေအတွင်းသို့ တတိယမြောက် ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။

​"နံပါတ် (၃)... မင်း ပြန်လာပြီလား"

​"အင်း "

​ဝေဝါးသော ပုံရိပ်နှစ်ခုမှာ ထိုသူ့အနားသို့ ဝိုင်းလာကြသည်။

​"ဘာကိစ္စ ရှိလို့လဲ"

​"ငါ့ရဲ့ တမန်တော်က ပြဿနာအချို့နဲ့ ကြုံနေလို့၊ လူ့ပြည်က မင်းဆက်တစ်ခုကို တိုက်ခိုက်ပေးဖို့ ငါ့ကို အကူအညီ လာတောင်းနေတာ"

​"မင်း သဘောတူလိုက်တာလား "

​"ဘယ်ဖြစ်မလဲ အခုက အချိန်မကျသေးဘူး၊ ဟင်းလင်းပြင် အက်ကြောင်းတွေ ပိုပြီး ကြီးလာတဲ့အထိ စောင့်ရဦးမယ်"

ဟု နံပါတ် (၃) ပုံရိပ်က ပြောလိုက်သည်။

​"နံပါတ် (၂)... မင်း စုံစမ်းလို့ ရပြီလား နံပါတ် (၄) က ဘာဖြစ်သွားတာလဲ သူ ဘာလို့ ပျောက်ကွယ်သွားရတာလဲ "

ဟု နံပါတ် (၃) က မေးလိုက်ပြန်သည်။

​နံပါတ် (၂) က ခေါင်းခါပြလိုက်ပြီး

"ထူးဆန်းတယ်၊ ဘာအကြောင်းပြချက်မှ မရှိဘဲ ပျောက်သွားတာပဲ၊ ဒီနယ်မြေထဲမှာဆိုရင် နံပါတ် (၄) က မသေနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပဲ၊ သူ ဘာလို့ ရုတ်တရက် ပျောက်သွားရတာလဲ "

​"မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက် လက်ချက် မဟုတ်ရင်ပေါ့..."

ဟု အချိန်အတော်ကြာအောင် စကားမပြောဘဲ နေခဲ့သော ပုံရိပ်က ရုတ်တရက် ဝင်ပြောလိုက်သည်။

​"နံပါတ် (၁)... မင်း အဲ့လို ပြောမယ်ဆိုရင်၊ ငါကလည်း မင်းပဲ နံပါတ် (၄) ကို ဝါးမျိုလိုက်တယ်လို့ ထင်မိတာပဲ မင်းရဲ့ ကိုယ်ပေါ်မှာ အမှတ်အသားတွေ အများဆုံး ရှိတာလေ "

ဟု ချင်းဝမ်မင်းသား၏ ဆင့်ခေါ်မှုကို ပြန်လည် ဖြေကြားခဲ့သော နံပါတ် (၃) က အေးစက်စွာ ပြန်ပြောလိုက်၏။

​"တော်ကြစမ်း... မငြင်းကြနဲ့တော့၊ ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်၊တကယ်လို့ ငါတို့ အချင်းချင်း ဝါးမျိုခဲ့ကြမယ်ဆိုရင် တုန်ခါမှု အာရုံခံစားချက်တွေ ကျိန်းသေပေါက် ရှိရမှာပဲ၊ ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူး ထင်တယ်"

ဟု နံပါတ် (၂) က ဆိုသည်။

​ထိုလျှိုဝှက်သော နယ်မြေကြီးမှာ ပြန်လည်၍ တိတ်ဆိတ်သွားပြန်သည်။

​"နံပါတ် (၄) ရဲ့ စွမ်းအားက သေးငယ်ပေမယ့် သူက ကံကြမ္မာ တွေကို ဝါးမျိုပြီး ကြီးထွားနိုင်စွမ်း ရှိတယ်၊ တစ်ခါက သူ ပြောတာကို ငါ ကြားဖူးတယ်၊ သူက လူ့ပြည်က ဝူနတ်ဘုရားရဲ့ သွေးမျိုးဆက် တစ်ခုနဲ့ ချိတ်ဆက်ထားတယ် ဆိုလားပဲ၊ သူ အခုလို ရုတ်တရက် ပျောက်သွားတာက အဲ့ဒီ သွေးမျိုးဆက်နဲ့ ပတ်သက်နေနိုင်တယ်"

ဟု နံပါတ် (၂) က ထပ်မံ ပြောကြားသည်။

​"အချိန်ပြန်ပြောင်း အာရုံခံခြင်း နဲ့ စစ်ကြည့်မလား"

ဟု နံပါတ် (၃) ပုံရိပ်က အကြံပြုသည်။

​ကျန်ပုံရိပ်နှစ်ခုမှာ စကားမပြောဘဲ နေလိုက်ကြ၏။

ထို အချိန်ပြန်ပြောင်း အာရုံခံခြင်း အတတ်မှာ သူတို့ သုံးဦးစလုံး တစ်ပြိုင်နက်တည်း အင်အားသုံးရမည်ဖြစ်ပြီး မူလ စွမ်းအင်အရင်းအမြစ် အချို့ကိုလည်း ဆုံးရှုံးစေမည် ဖြစ်သည်။

နံပါတ် (၃) မှာ လူ့ပြည်တွင် ပူဇော်ပသသူ ရှိသဖြင့် ထိုသို့ ဆုံးရှုံးရခြင်းကို မကြောက်သော်လည်း ကျန်သူများအတွက်မူ စဉ်းစားစရာ ဖြစ်နေသည်။

​သို့သော်လည်း... ထိုနယ်မြေအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားသော နံပါတ် (၄) ကို ရှာဖွေနိုင်ရန်အတွက် နံပါတ် (၁) နှင့် နံပါတ် (၂) တို့မှာ နောက်ဆုံးတွင် သဘောတူလိုက်ကြတော့သည်။

​ပုံရိပ်သုံးခုမှာ သူတို့၏ အရှိန်အဝါများကို အချင်းချင်း ချိတ်ဆက်လိုက်ကြ၏။

မကြာမီမှာပင် သူတို့ သုံးဦးထံမှ ရှေးဟောင်းပြီး အစွမ်းထက်လှသော အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

ထိုအငွေ့အသက်မှာ အရင်းအမြစ် တစ်ခုတည်းမှ လာသကဲ့သို့ ရှိသော်လည်း အနည်းငယ် ကွဲပြားနေကြပြန်သည်။ သူတို့ တစ်ဦးချင်းစီတွင် ရှိနေသော အငွေ့အသက်မှာ မပြည့်စုံဘဲ တစ်စိတ်တစ်ပိုင်းစီကိုသာ ပိုင်ဆိုင်ထားကြသည့်အလား။

​အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး... ၎င်းပေါ်ရှိ မြင်ကွင်းကြောင့် သူတို့အားလုံး ဆွံ့အသွားကြရသည်။

​မျက်နှာပေါက် သန့်ပြန့်ပြီး ခန့်ညားထည်ဝါလှသော တာအိုဆရာလေးတစ်ဦးမှာ ထိုနယ်မြေအတွင်းသို့ ရောက်ရှိလာပုံ ပေါ်လာသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ဦးက သူ့ကို အတင်းအဓမ္မ ဆွဲခေါ်လာပုံရ၏။

​"ဟင် "

​"နံပါတ် (၄) က ဘာလို့ ဒီလူကို ဆွဲသွင်းလာရတာလဲ"

ဟု နံပါတ် (၃) က အံ့အားသင့်စွာ မေးလိုက်သည်။

​"နံပါတ် (၄) က ကံကြမ္မာတွေကို ဝါးမျိုနိုင်စွမ်း ရှိတာပဲ၊ ပြန်လှည့်လို့ မရသလို စုံစမ်းလို့လည်း မရဘူး၊ တစ်ဖက်လူရဲ့ ကံကြမ္မာတွေ ကုန်ဆုံးသွားတဲ့အထိ စောင့်နေရုံပဲလေ၊ သူက ဘာဖြစ်လို့ ဒီလူကို ကိုယ်တိုင် ဆွဲသွင်းလာရတာလဲ "

​ဆက်လက်၍ သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ သူတို့ကို ပိုမို၍ အံ့အားသင့်သွားစေတော့သည်။

ထိုတာအိုဆရာလေးသည် အလွန်တရာ ပြင်းထန်သော ချိပ်ပိတ်အင်းစွမ်းအားများ ပါရှိသည့် အစွမ်းထက်လှသော စုတ်တံကြီးတစ်ချောင်းကို ထုတ်ယူလိုက်သည် မဟုတ်ပါလား။

​"ငရဲပြည်က စုတ်တံလား "

​နံပါတ် (၃) မှာ ဒုတိယအကြိမ် ထပ်မံ အံ့အားသင့်သွားရပြန်သည်။

အချိန်ပြန်ပြောင်း အာရုံခံခြင်းဖြင့် ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုပြီးနောက် ထို နယ်မြေကြီးမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားတော့သည်။

မည်သူမျှ စကားမပြောနိုင်ကြပါချေ။ ထိုဖြစ်ရပ်မှာ သူတို့ သုံးဦးစလုံးအတွက် အလွန်ပင် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့ပုံရသည်။

​ထိုဟင်းလင်းပြင်အတွင်း အချိန်များ မည်မျှ ကုန်ဆုံးသွားသည်ကို မသိနိုင်ပါချေ။

​"ဒီတာအိုဆရာလေးက တကယ်တော့ ဘယ်သူလဲ"

ဟု နံပါတ် (၃) က အံ့ဩစွာ ဆိုသည်။

​"ဒီလူက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်၊ ဘယ်လိုမှ ရန်မဖြစ်သင့်ဘူး၊ နံပါတ် (၄) ကတော့ သူ့ထိုက်နဲ့သူ့ကံပဲ၊ သူ့ကို ထပ်ပြီး ဂရုမစိုက်ကြနဲ့တော့"

နံပါတ် (၁) က နောက်ဆုံး နိဂုံးချုပ်လိုက်သည်။

​အလွန်ပင် သတိကြီးလှပေသည်

​ကျန်ရှိသော လျှို့ဝှက်ဆန်းကြယ်လှသည့် ပုံရိပ်နှစ်ခုမှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြ၏။

သူတို့သည် နံပါတ် (၄) ၏ ကံဆိုးမှုများ မိမိတို့ထံ ကူးစက်လာမည်ကို စိုးရိမ်သကဲ့သို့ နံပါတ် (၄) ရှိခဲ့သော နယ်မြေမှ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။

​ချင်းဖုန်းလင် စစ်စခန်း...

​လီယန်ချူသည် စခန်းအတွင်း၌ ကျင့်ကြံနေသည်။

သူသည် မျက်လုံးများကို စုံမှိတ်ထားပြီး ပတ်ဝန်းကျင်တွင် လောကကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ထားသော ချိပ်ပိတ်အစီရင်များကို တည်ဆောက်ထားသည်။

ထိုအစီရင်မှာ ရှင်းဟုန်ယဲ့ တည်ဆောက်ပေးထားခြင်းဖြစ်ပြီး လီယန်ချူ ကိုယ်တိုင် အတွင်းမှ မဖွင့်မချင်း ယန်ဝိညာဉ်ရှင် တစ်ဦးပင်လျှင် အလွယ်တကူ အာရုံခံနိုင်မည် မဟုတ်ပါချေ။

​ရှင်းဟုန်ယဲ့မှာ အမှန်တကယ်ပင် အစီရင်အတတ်တွင် ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု လီယန်ချူ ချီးကျူးမိသည်။ အတတ်ပညာ တစ်ခုစီတွင် ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးစီ ရှိစမြဲပင် မဟုတ်ပါလား။

​လီယန်ချူသည် ဒုတိယမြောက် သွေးချီလုံးကြီး ကို မျိုချလိုက်သည်။

​ဒုန်း ဒုန်း ဒုန်း

​သူ၏ နှလုံးသားမှာ အလွန်တရာ အားကောင်းစွာဖြင့် ခုန်လှုပ်လာတော့သည် အကယ်၍ ထိုအစီရင်ဖြင့် ကာကွယ်မထားခဲ့လျှင် ထိုနှလုံးခုန်သံမှာ ချင်းဖုန်းလင် စစ်စခန်း တစ်ခုလုံးတွင် ဟိန်းထွက်နေပေလိမ့်မည်။

အခန်း (၅၄၄) - နဂါးတစ်ကောင်ကဲ့သို့ သွေးချီအဟုန် ၊ သိုင်းကျမ်းများကို အဆင့်မြင့်တင်ခြင်း ၊ ဓားဆွဲထုတ်သည့်အတတ် ၊ တစ်ချက်တည်းသော အသက်ရှူသံ ၊ အားသွင်းစက်ကြီး

​ထိုအချိန်တွင် စကားပြောဆိုနေကြသော ယန်ဝိညာဉ်အရှင်သခင် သုံးပါးစလုံးပင် မည်သည့်အရာကိုမျှ အာရုံမရရှိကြပါချေ။

လီယန်ချူ၏ ခန္ဓာကိုယ်နှင့် သွေးချီအင်အား မှာ အဆက်မပြတ် တိုးတက်သန်မာလာနေပြီ ဖြစ်သည်။ အလွန်တရာ ကျယ်ပြောလှသော သက်စောင့်စွမ်းအင်များမှာ အခန်းတစ်ခုလုံးကို လွှမ်းခြုံထား၏။

​လီယန်ချူ၏ ကြွက်သားများ၊ အရိုးအဆစ်များနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအားလုံးမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

တတိယအဆင့် ဆိုသည်မှာ ကျင့်ကြံသူများအတွက် အလွန်ပင် ကျယ်ပြောလှသော ချောက်ကမ်းပါးကြီးတစ်ခုသကဲ့သို့ ဖြစ်ပြီး များစွာသော ဂိုဏ်းချုပ်ကြီးများနှင့် ကျင့်ကြံရေးမိစ္ဆာအိုကြီးများကို တားဆီးထားခဲ့ခြင်းဖြစ်သည်။

သို့သော် လီယန်ချူမှာမူ မိမိ၏ ရုပ်ခန္ဓာသက်သက်ဖြင့်ပင် တတိယအဆင့်နှင့် ယှဉ်နိုင်လောက်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာမရှိသော ကိစ္စပင်။

​ထိုအချိန်တွင် လီယန်ချူသည် နောက်ထပ် သွေးချီလုံးကြီး တစ်လုံးကို ထပ်မံသောက်သုံးလိုက်ပြန်သည်။

ယခုတစ်ခေါက် အာနိသင်မှာ အရင်တစ်ခေါက်လောက် မပြင်းထန်သော်လည်း သူ၏ ခွန်အားတိုးတက်မှုအတွက်မူ အလွန်ပင် ကြီးမားသော အထောက်အပံ့ ဖြစ်စေခဲ့သည်။

တောက်ပနေသော အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ...

​လီယန်ချူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

သူသည် မိမိပတ်ဝန်းကျင်၌ မပျက်မစီးရှိနေသေးသော အစီရင်အဟန့်အတားများကို ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်လိုက်မိသည်။

​"ဒီရှင်းဟုန်ယဲ့ ကတော့ တကယ်ကို လူတော်ပဲ"

ဟု လီယန်ချူက ရေရွတ်ကာ ချီးကျူးလိုက်သည်။

​သူသည် ယန်ဝိညာဉ်ရှင် သုံးပါး၏ အနီးအနားတွင် အဆင့်တက်ခြင်းနှင့် ရုပ်ခန္ဓာကို သန်မာအောင်လုပ်ခြင်းတို့အား မသိစေချင်ပါချေ။

လူဆိုသည်မှာ အောက်ခြေကျကျ နေထိုင်တတ်ရမည် မဟုတ်ပါလား အမှန်စင်စစ် သူသည် သာမန်ကာလျှံကာ တာအိုဆရာလေးတစ်ဦးသာဖြစ်ပြီး ရုပ်ခန္ဓာကလည်း အလွန်ပင် အားနည်းလှသည်လေ...။

​လီယန်ချူသည် မိမိခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်ရာ သွေးချီအဟုန်မှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခင်ကထက် နှစ်ဆမျှ ပို၍ အင်အားကြီးမားလာ၏။ ထို နှစ်ဆ ဆိုသည်ကို လျှော့မတွက်သင့်ပါချေ၊ သူ၏ ရုပ်ခန္ဓာမှာ ယခုအခါ တတိယအဆင့်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ထိုအခြေအနေမှ နှစ်ဆ ပိုသန်မာလာသည်ဆိုသည်မှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော ကိန်းဂဏန်းပင်။

​သူသည် ခန္ဓာကိုယ်အတွင်းရှိ သွေးချီများကို လှည့်ပတ်ကာ စစ်ဆေးကြည့်လိုက်သည်။

လက်ရှိ သူ၏ ရုပ်ခန္ဓာအင်အားမှာ အဆင့်မြင့်တင်ခြင်းခံထားရသော လင်ကွမ်းဖိတ်ခေါ်အဆောင်မှ ရရှိသော နတ်ဘုရားခွန်အား ခြောက်ကြိမ်စာနှင့် အတူတူပင် ဖြစ်နေချေပြီ။

​"ငါသာ အဲ့ဒီ ယင်ရွှမ်ရှန်းနဲ့ နောက်တစ်ခေါက် ပြန်တွေ့ရင် သူ့ကို လက်သီးတစ်ချက်တည်းနဲ့တင် ထိုးသတ်ပစ်လို့ ရပြီလို့ ခံစားရတယ်"

ဟု လီယန်ချူက မိမိဘာသာ ဆုံးဖြတ်ချက်ချလိုက်သည်။

​သို့သော်လည်း တတိယအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲလှပြီး ယန်ဝိညာဉ်တစ်ခုကို အကုန်အစင် ချေမှုန်းရန်မှာ အလွန်ပင် ခက်ခဲသော ကိစ္စဖြစ်သည်။ အမှန်တကယ်တော့ သာမန် တတိယအဆင့် အချင်းချင်း တိုက်ခိုက်လျှင်ပင် အရှုံးအနိုင်ပေါ်ရန် အချိန်အတော်ကြာ တိုက်ခိုက်ကြရစမြဲပင်။

​"သိုင်းပညာလျှို့ဝှက်ကျမ်းစာတွေက အခုဆိုရင် အတော်လေး မြင့်မားတဲ့ အဆင့်ကို ရောက်ပြီးသားဖြစ်နေပြီ... ဆက်ပြီး အဆင့်မြင့်ကြည့်ရင် နောက်ထပ် ဘယ်လို အစွမ်းထက်တဲ့ သိုင်းပညာတွေ ထွက်လာမလဲဆိုတာ ကြည့်ရမယ်"

ဟု လီယန်ချူက တွေးတောလိုက်သည်။

​ယခုအခါ သူ၏ကိုယ်ပေါ်တွင် ရှိနေသော ကုသိုလ်မှတ်များမှာ ပညာရပ်အစုံကို ပူးတွဲကျင့်ကြံရန် လုံလောက်လှသည်။ တာအိုပညာရော၊ သိုင်းပညာရော အကုန်လုံးကို သူ လိုချင်သည်။

​သူသည် အကြိမ်ကြိမ် အဆင့်မြင့်ခြင်း ခံထားရသော သိုင်းပညာလျှို့ဝှက်ကျမ်းများကို ထုတ်ယူလိုက်သည်။

ထို့နောက် ၎င်းတို့အပေါ်သို့ အာရုံစိုက်လိုက်၏။

ပထမဆုံး အဆင့်မြှင့်ရန် ရွေးချယ်လိုက်သည်မှာ လျိုယန် ဓားသိုင်း ပင် ဖြစ်သည်။

ဤဓားသိုင်းမှာ သူ ပထမဆုံး စတင်ကျင့်ကြံခဲ့သော ကျမ်းစာဖြစ်သည်။

​"အဆင့်မြင့်တင်စေ"

​လီယန်ချူသည် မိမိဦးနှောက်ထဲရှိ ကြီးကျယ်ခမ်းနားလှသော မဟာတာအိုအသံကို တုပကာ အမိန့်ပေးလိုက်သည်။ နောက်တစ်ခဏ၌...

လျိုယန် ဓားသိုင်း ကျမ်းစာတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည် ကုသိုလ်မှတ် ၂,၀၀၀ ကုန်ဆုံးသွားသည်။

​လီယန်ချူက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါလိုက်မိသည်။ သူ၏ ရုပ်ခန္ဓာမှာ အလွန်တရာ သန်မာနေပြီဖြစ်ရာ သူ၏ လက်သီးတစ်ချက်၊ ခြေတစ်ကန်တိုင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အားအင်များ ပါဝင်နေသည်။

သာမန် သိုင်းပညာလျှို့ဝှက်ကျမ်းများဆိုလျှင် သူ သာမန် လက်သီးတစ်ချက် ထိုးလိုက်သည့် ခွန်အားလောက်ပင် ရှိမည်မဟုတ်ပါချေ။

​သူက ဆက်လက်၍ အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည် ကျမ်းစာ သုံးအုပ်စလုံးကို စိတ်တိုင်းကျသည့်အဆင့်အထိ အဆင့်မြှင့်လိုက်ရာ စုစုပေါင်း ကုသိုလ်မှတ် ၁၈,၀၀၀ ကုန်ဆုံးသွားခဲ့သည်။

​လျိုယန်ဓားသိုင်း မှာ အဆင့်မြင့် ပညာရပ်သစ်တစ်ခုအဖြစ် အဆင့်မြှင့်ခြင်း ခံလိုက်ရသည်။

မူလက ရန်သူတစ်ထောင်ကို ခုတ်ပိုင်းခြင်း ဆိုသည့် အတတ်မှာ နယ်ပယ်ကျယ်ကျယ်ကို တိုက်ခိုက်သည့် အတတ်ဖြစ်သော်လည်း ယခုအခါတွင်မူ တစ်ဦးတည်းကိုသာ အဓိကထား တိုက်ခိုက်သည့် ပညာရပ်အဖြစ် ပြောင်းလဲသွားသည်။

​အမည်ကလည်း အလွန်ပင် ရိုးရှင်းလှ၏။

ဓားဆွဲထုတ်သည့်အတတ်

​လီယန်ချူသည် ထိုလျှို့ဝှက်ကျမ်းစာ၏ မိတ်ဆက်ကို ဖတ်ကြည့်လိုက်ပြီး အလွန်ပင် ကျေနပ်သွားကာ ရပ်နားလိုက်တော့သည်။

ဓားဆွဲထုတ်သည့်အတတ် ဆိုသည်မှာ လီယန်ချူ၏ နားလည်မှုအရဆိုလျှင် ရာနှုန်းပြည့် အပြင်းထန်ဆုံး ထိုးနှက်ချက် ပင် ဖြစ်သည်။

ဤစွမ်းရည်မှာ သူ့ကို အနည်းငယ် အံ့အားသင့်စေသည်၊ အဘယ်ကြောင့်ဆိုသော် အမှန်တကယ် ကုန်ဆုံးသွားသော ကုသိုလ်မှတ်မှာ သိပ်မများလှသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမူ အလွန်ပင် တိုးတက်စေသောကြောင့်ပင်။

​ကျန့်ကျောင်းဓား မှာ အလွန်ပင် ထက်မြက်လှပြီး ကုသိုလ်ကံ တစ်သိန်းအဆင့်ရှိသော ရတနာဖြစ်သည်။

ယခု ဤ ဓားဆွဲထုတ်သည့်အတတ် နှင့် ပေါင်းစပ်လိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို အသုံးပြုနိုင်မည်မှာ အသေအချာပင် ဤသည်မှာ လီယန်ချူ၏ စိတ်တိုင်းကျပင် ဖြစ်သည်၊ ကျန့်ကျောင်းဓား၏ စွမ်းအားကို ပိုမိုမြင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။

အထူးသဖြင့် ရွှေရောင်ဦးဆောင်းနှင့် တွဲဖက်လိုက်ပါက ခဏချင်းအတွင်းမှာပင် ပျက်စီးခြင်း အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။

​ထျန်းကန်းလက်သီး မှာမူ ပေါက်ကွဲအား၊ တိုက်ခိုက်အား စသည့် လက်သီးနည်းလမ်း သုံးမျိုးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင်လည်း စွမ်းရည်အသစ်တစ်ခု ထပ်တိုးလာသည်။

"တစ်ချက်တည်းသော အသက်ရှူသံ"

​အနည်းငယ် ထူးဆန်းသော အမည်ဖြစ်သော်လည်း ပေါက်ကွဲအား အပြည့်ပါဝင်သော လက်သီးကွက်တစ်ခုပင်။

အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ပါက ကရုဏာကြီးမားသော အရွက်တစ်ထောင် လက်ဝါးစောင်း ကဲ့သို့သော အာနိသင်မျိုး ရှိသော်လည်း စွမ်းအားမှာမူ နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင်။

​"ဟွန့်ယွမ်ကျင့်စဉ်"

ထိုသိုင်းပညာမှာ အမြဲတမ်း ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် အကာကွယ်စွမ်းအင်ကိုသာ အဓိကထားသော ကာကွယ်ရေးဆိုင်ရာ ပညာရပ် ဖြစ်သည်။

ယခုတစ်ခေါက် အဆင့်မြှင့်ပြီးနောက်တွင်မူ ဟွန့်ယွမ်ကျင့်စဉ်၏ ကာကွယ်ရေး စွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည် ထို့ပြင် တိုးတက်နိုင်သည့် အကန့်အသတ် မှာလည်း အလွန်မြင့်မားလှသည်။

​လီယန်ချူအနေဖြင့် လောကအတွင်းရှိ သန့်စင်သော စွမ်းအင်များကိုသာ ရှာဖွေတွေ့ရှိပါက ထိုကျင့်စဉ်၏ စွမ်းအားကို အကန့်အသတ်မရှိ မြှင့်တင်နိုင်မည် ဖြစ်သည်။

ထို့ပြင် သူသည် ထိုစွမ်းအင်ကို အသုံးပြုကာ မိစ္ဆာအငွေ့အသက် များကို သန့်စင်ပြီး မိမိ၏ အဆင့်ကို မြှင့်တင်နိုင်သေးသည်။ မိစ္ဆာငွေ့ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲခြင်း ပင် ဖြစ်တော့သည်။

အမည်မှာ ပြောင်းလဲခြင်း မရှိသေးသော်လည်း ရလဒ်မှာမူ အံ့ဩစရာ ကောင်းလှသည်။ အထူးသဖြင့် ကုန်ဆုံးသွားသော ကုသိုလ်မှတ်မှာ အမှန်တကယ် သိပ်မများလှချေ၊ သိုင်းပညာ သုံးမျိုးလုံးအတွက် ကုသိုလ်မှတ် ၁၈,၀၀၀ သာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။

​"သိုင်းကျမ်းတွေကို အဆင့်မြင့်ရတာက ဘာလို့ လျှို့ဝှက်သေတ္တာ ဖွင့်နေရသလို ခံစားနေရတာလဲ "

​"ဒါပေမဲ့ ဒီတစ်ခေါက် ရလဒ်ကတော့ တော်တော်လေး ကောင်းတယ် "

​လီယန်ချူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

ကုသိုလ်မှတ် ၁၈,၀၀၀ ဆိုလျှင် မိုးကြိုးငါးပါးအဆောင် ဖြင့် ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သော်လည်း သူသည် သိုင်းကျမ်းကို အဆင့်မြှင့်ရန်သာ ရွေးချယ်ခဲ့သည်။

ဤသည်မှာ ရွေးချယ်မှုဆိုင်ရာ ကိစ္စပင်။

အမျိုးသားတိုင်း၏ ရင်ထဲတွင် သိုင်းလိုက်လောကအိပ်မက် ဆိုသည်မှာ ရှိစမြဲပင်။ မတရားမှုကို နှိမ်နင်းခြင်း ဤသည်မှာ လီယန်ချူ၏ ရင်ထဲ၌ သိုင်းပညာအပေါ် ထားရှိခဲ့သော မူလစွဲလမ်းမှု ဖြစ်နိုင်ပါသည်။

​"သိုင်းပညာကနေ တာအိုကို ကူးပြောင်းမယ်၊ ရုပ်ခန္ဓာနဲ့ နတ်ဘုရားအဆင့် အထိ တက်လှမ်းမယ်၊ တစ်နေ့နေ့မှာ ငါလည်း ဒီအဆင့်ကို ရောက်နိုင်မှာပါ"

​"ဘယ်သူက သိုင်းသမားတွေက မတိုက်နိုင်ဘူးလို့ ပြောတာလဲ "

ဟု လီယန်ချူက တွေးတောနေမိသည်။

​ယခုတစ်ခေါက် လျှို့ဝှက်ကျမ်းများကို အဆင့်မြှင့်တင်ခြင်း ရလဒ်က အလွန်ပင် ကောင်းမွန်လှသည်။

သူ၏ကိုယ်ပေါ်တွင် ကုသိုလ်မှတ် နှစ်သိန်းအဆင့်ရှိသော မိုးကြိုးငါးပါးအဆောင် တစ်စောင် ရှိသည်။

ထိုအဆောင်မှာ ယခုအချိန်အထိ သူ အဆင့်မြှင့်ခဲ့သမျှထဲတွင် စွမ်းအား အကြီးဆုံးသော အဆောင်ဖြစ်ပြီး သူ၏ အင်အားအကြီးဆုံး ဝှက်ဖဲလည်း ဖြစ်သည်။

သို့သော် လွန်ခဲ့သောတစ်ခေါက်က ကျားချွမ်းဖန်း၏ ခန္ဓာအဟောင်းကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ထိုမိုးကြိုးငါးပါးအဆောင်မှာ ဝိညာဉ်အရှိန်အဝါများ အကုန်လုံး ကုန်ဆုံးသွားခဲ့ရသည်။

​ယခုရက်ပိုင်းအတွင်း သူသည် စိတ်ကြည်လင် ပုတီးစေ့ ကို အသုံးပြုကာ ဝိညာဉ်အရှိန်အဝါ ပြန်လည်ရရှိအောင် ကြိုးစားခဲ့သော်လည်း ရလဒ်မှာ စိတ်တိုင်းမကျလှပါချေ။

လီယန်ချူသည် ကုသိုလ်မှတ် နှစ်သိန်းအဆင့်ရှိသော ဒုတိယမြောက် မိုးကြိုးငါးပါးအဆောင်ကို ထပ်မံ အဆင့်မြှင့်ခြင်း မပြုတော့ဘဲ စိတ်ကြည်လင် ပုတီးစေ့ကိုသာ ထုတ်ယူလိုက်သည်။

​"အဆင့်မြှင့်တင်စေ"

​သူသည် ဦးနှောက်ထဲရှိ မဟာတာအိုအသံကို တုပကာ လုံဟူရှန်း နတ်ဆရာကြီးက သူ့ကို လက်ဆောင်ပေးခဲ့သော ထိုကာကွယ်ရေး ပုတီးစေ့ကို အဆင့်မြှင့်လိုက်သည်။

ပုတီးစေ့ပေါ်တွင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပြီး အလင်းရောင်များမှာ လှည့်ပတ်နေသည်မှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှ၏။

​လီယန်ချူသည် ယခုတစ်ခေါက်တွင် တုံ့ဆိုင်းမနေတော့ဘဲ ထိုစိတ်ကြည်လင် ပုတီးစေ့ကို ကုသိုလ်မှတ် တစ်သိန်းအဆင့်သို့ တိုက်ရိုက် အဆင့်မြှင့်လိုက်တော့သည် ထိုသည်မှာ ရှစ်ခွင်မှန်၊ တာအိုပုတီးစေ့၊ ကျန့်ကျောင်းဓားနှင့်အစီရင်ဝတ်စုံ တို့ပြီးနောက် သူ၏ ငါးခုမြောက် ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိ နတ်ဘုရားရတနာ ဖြစ်လာခဲ့သည်။

​ထိုအချိန်တွင် စိတ်ကြည်လင် ပုတီးစေ့မှာ အသိဝိညာဉ် ရရှိသွားသကဲ့သို့ပင် လီယန်ချူ၏ ပတ်ဝန်းကျင်၌ တဝဲဝဲလည်ကာ ပျံသန်းနေပြီး မိမိ၏ ဝမ်းမြောက်မှုကို ဖော်ပြနေ၏။

ထိုပုတီးစေ့မှာ မိမိ၏ ကိုယ်ပိုင်အသိစိတ် ရရှိသွားပြီး သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း လီယန်ချူ သိလိုက်သည်။

​သူသည် ဝိညာဉ်အရှိန်အဝါ ကုန်ဆုံးနေသော ကုသိုလ်မှတ် နှစ်သိန်းအဆင့် မိုးကြိုးငါးပါးအဆောင်ကို ထုတ်ယူကာ စိတ်ကြည်လင် ပုတီးစေ့နှင့် အတူတူ ထားလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် သူ၏ ရင်ထဲတွင် အနည်းငယ် ရင်ခုန်နေမိ၏။

သို့သော်လည်း မိုးကြိုးငါးပါးအဆောင်၏ ဝိညာဉ်အရှိန်အဝါမှာ ချက်ချင်းပင် သုံးပုံတစ်ပုံခန့် ပြန်လည် ပြည့်တင်းသွားတော့သည် ထို့ပြင် ထိုအရှိန်မှာလည်း ပို၍ ပို၍ မြန်ဆန်လာ၏။

​ပတ်ဝန်းကျင်ရှိ ဝိညာဥ်စွမ်းအင် များမှာ စိတ်ကြည်လင် ပုတီးစေ့၏ ဆွဲဆောင်မှုကြောင့် အဆက်မပြတ် ရောက်ရှိလာပြီး မိုးကြိုးငါးပါးအဆောင်အတွင်းသို့ စီးဝင်သွားတော့သည် ဤပြောင်းလဲမှုကို ချင်းဖုန်းလင် စခန်းအတွင်းရှိ ယန်ဝိညာဉ်ရှင် သုံးပါးမှာ ချက်ချင်းပင် အာရုံခံမိသွားကြတော့သည်။

​ရှင်းဟုန်ယဲ့ တည်ဆောက်ထားသော အစီရင်မှာ အစွမ်းထက်လှပေသည်။

လီယန်ချူ သွေးချီလုံးကြီးကို သောက်သုံးစဉ်က တစ်ကိုယ်လုံး အနီရောင်အလင်းတန်းများ ဖုံးလွှမ်းကာ ကြောက်မက်ဖွယ်ကောင်းသော သက်စောင့်အားမာန်များ ထွက်ပေါ်ခဲ့သော်လည်း ထိုယန်ဝိညာဉ်ရှင် သုံးပါးမှာ အာရုံမခံနိုင်ခဲ့ကြပါချေ။

သို့သော် ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိ စိတ်ကြည်လင် ပုတီးစေ့ကို အဆင့်မြှင့်စဉ် ဖြစ်ပေါ်လာသော လောကကြီး၏ ထူးခြားသည့် နိမိတ်လက္ခဏာများကိုမူ ထိုအစီရင်က ထပ်မံ၍ မတားဆီးနိုင်တော့ပါချေ။

All Chapters