အခန်း (၅၄၅-၅၄၆)
Vol. 55 Ch. 545-546
အခန်း (၅၄၅) - ဝိညာဉ်စွမ်းအင် စုပ်ယူသည့် စက်ကြီး ၊ အမှန်တရားလမ်းစဉ်၏ ခေါင်းဆောင် ပုဂ္ဂိုလ်
ကောင်းကင်ယံ၌ ငါးရောင်ခြယ် မင်္ဂလာတိမ်တိုက်များ ဖုံးလွှမ်းလာသည်။
လီယန်ချူသည် ယခုတစ်ခေါက်တွင် အတွေ့အကြုံရှိနေပြီဖြစ်ရာ စိတ်ကြည်လင်ပုတီးစေ့မှ ထွက်ပေါ်လာသော ထူးခြားသည့် နိမိတ်လက္ခဏာများကို လျင်မြန်စွာ ဖိနှိပ်လိုက်၏။
သို့သော်လည်း စိတ်ကြည်လင်ပုတီးစေ့သည် မိုးကြိုးငါးပါးအဆောင်၏ ဝိညာဉ်အရှိန်အဝါကို ပြန်လည်ဖြည့်တင်းပေးနေခြင်းဖြစ်ရာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို မိမိထံသို့ ရူးသွပ်စွာ ဆွဲယူနေခြင်းကိုမူ မည်သို့မျှ ဖိနှိပ်၍ မရနိုင်ပါချေ။
"ခုနက ဖြစ်သွားတဲ့ ကောင်းကင်နိမိတ်တွေရယ်၊ အခု ဝိညာဉ်စွမ်းအင်တွေ ပျောက်ဆုံးသွားတာရယ်က လီတာအိုဆရာနဲ့ ပတ်သက်နေတာလား"
အနီရောင် ဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး စာပေအရာရှိထက် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် ပိုတူနေသည့် တရားရုံးချုပ် ဒုတိယဝန်ကြီး က မေးမြန်းလိုက်သည်။
"သာဓု... သာဓု... ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းထက်တဲ့ နတ်ဘုရားရတနာကို ပိုင်ဆိုင်ထားနိုင်တာပဲ၊ ဒီသူငယ်ရဲ့ အနာဂတ်ကတော့ တကယ်ကို အကန့်အသတ်မရှိ ရှေ့တန်းရောက်မှာပဲ"
ဟု တာ့ရှန့်ကော်ဘုရားကျောင်းမှ ပေါင်ရှု့ကိုယ်တော်က ဆိုသည်။
အမှန်တကယ်တော့ တာ့ရှန့်ကော်ဘုရားကျောင်းနှင့် ထိုတာအိုဆရာလေးမှာ သိပ်ပြီး အဆင်ပြေကြသည်တော့ မဟုတ်ပါချေ။
ထိုအကြောင်းကိုလည်း ပေါင်ရှု့နတ်ဆရာကြီး သိရှိထားပြီးသား ဖြစ်သည်။ သို့သော် ပေါင်ရှု့ကိုယ်တော်၏ အမြင်တွင်မူ ထိုအရာများမှာ သာမန် ပဋိပက္ခများသာ ဖြစ်သည်။
ကွမ်းရှင်းရဟန်းသည် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းကာ ဗုဒ္ဓတရားတော်ကို ညှိုးနွမ်းစေခဲ့သဖြင့် သေထိုက်သူပင် ဖြစ်သည်။
လီယန်ချူသာ မရှင်းပစ်ခဲ့လျှင်ပင် တာ့ရှန့်ကော်ဘုရားကျောင်းကိုယ်တိုင် ရှင်းလင်းမည်သာ ဖြစ်သည်။ ကျန့်ခုန်းရဟန်းမှာမူ လီယန်ချူအပေါ် အငြိုးအတေး ကြီးကြီးမားမား မရှိလှပေ၊ နတ်ဘုရားနယ်မြေအတွင်း၌ အခွင့်အရေးကို လုယူရင်း တစ်ပန်းရှုံးသွားခဲ့ရခြင်းသာ ဖြစ်သည်။ ကျန့်ခုန်းကလည်း ရှုံးနိမ့်မှုကို ခံယူနိုင်သလို တာ့ရှန့်ကော်ဘုရားကျောင်းကလည်း ရှုံးနိမ့်မှုကို ခံယူရဲပေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်လှသော ခါနန်ရဟန်းမှာမူ လီယန်ချူနှင့် ပတ်သက်သည့် ကိစ္စများကို ဘယ်သောအခါမျှ ထုတ်ဖော်မပြောခဲ့ပါချေ။
ပေါင်ရှု့ကိုယ်တော်ကြီးအနေဖြင့် ခါနန်နှင့် လီယန်ချူတို့ တိုက်ခိုက်ခဲ့သည်ကို သိခဲ့လျှင်ပင် ထိုကိစ္စကို ဘေးထွက်ရပ်ကြည့်နေမည်သာ ဖြစ်သည်။
ခါနန်ရဟန်း၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှသဖြင့် တာ့ရှန့်ကော်ဘုရားကျောင်းမှ ဘုန်းကြီးများပင်လျှင် သူ့ကို လေးစားကြောက်ရွံ့ကြရသည်။
သို့သော် အသေအချာ ပြောရလျှင် ခါနန်နှင့် တာ့ရှန့်ကော်ဘုရားကျောင်း၏ ဆက်ဆံရေးမှာ သိပ်ပြီး မနက်ရှိုင်းလှပေ။
တစ်နည်းအားဖြင့် ခါနန်သည် ဗုဒ္ဓဘာသာတူ အဖော်တစ်ဦးသာ ဖြစ်ပြီး တာ့ရှန့်ကော်ဘုရားကျောင်း၏ တပည့်မဟုတ်ပါချေ။
အနည်းဆုံးတော့ ပေါင်ရှု့ကိုယ်တော်ကြီးက ထိုသို့ပင် ယူဆထားသည်။ ထို့ပြင် ခါနန်၏ စိတ်နေစိတ်ထားမှာလည်း တရားရရှိထားသော ရဟန်းကြီးတစ်ပါးဖြစ်သည့် ပေါင်ရှု့အတွက် သဘောမကျနိုင်စရာ ဖြစ်နေသည်။
အင်အားကို အလွန်အမင်း အလေးထားလွန်းပြီး မာနကြီးကာ အေးစက်လွန်းလှသဖြင့် သာမန် ကျင့်ကြံသူများထဲတွင်ပင်လျှင် အကောင်းအဆိုး ဒွန်တွဲနေသူ မျိုး ဖြစ်နေသည်။
ဗုဒ္ဓတပည့်တစ်ဦးတွင် ထိုကဲ့သို့ စိတ်နေစိတ်ထားမျိုး ရှိနေခြင်းမှာ ပို၍ပင် ထူးဆန်းနေတော့သည်။
ထို့ကြောင့် ပေါင်ရှု့ကိုယ်တော်ကြီးသည် မိမိ၏ တပည့်များ အရိုက်ခံရလျှင် ရန်ငြိုးဖွဲ့တတ်သော အခြားသော လူကြီးပိုင်းများကဲ့သို့ လီယန်ချူအပေါ် အမြင်မစောင်းခဲ့ပါချေ။
တစ်ဖက်လူမှာ အလွန်တရာ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည် ရှိနေသည့်အပြင် လူ့လောက၏ မှန်ကန်သောလမ်းစဉ် အတွက် ကြီးမားသော စွမ်းဆောင်ချက်များ ပြုလုပ်ထားသည်ကိုလည်း သူ ထည့်တွက်ထားသည်။
ထိုမျှမကဘဲ ပေါင်ရှု့ကိုယ်တော်ကြီးသည် လီယန်ချူ၏ စိတ်နေစိတ်ထားကိုပင် အလွန် သဘောကျနေမိသည်။
သူ၏ စွမ်းဆောင်ချက်အချို့ကိုလည်း ပေါင်ရှု့ သိရှိထားသည်။ ပြတ်သားစွာ သတ်ဖြတ်နိုင်စွမ်းရှိပြီး မိစ္ဆာများကို နှိမ်နင်းသည်။
ထိုသို့သော သူမျိုးမှာ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ရှိသည်ဟု ထင်ရသော်လည်း၊ သင်က သူ့ကို သွားရောက် မစော်ကားသရွေ့ သူသည် သင်နှင့် ရန်သူဖြစ်လာမည် မဟုတ်ပါချေ။
ထို့ပြင် ထိုကဲ့သို့သော ပြတ်သားထက်သန်သည့် စိတ်ဓာတ်မျိုးသည် မည်သည့်အခါမျှ မိစ္ဆာလမ်းစဉ်သို့ ကျဆင်းသွားမည် မဟုတ်ဘဲ မှန်ကန်သောလမ်းစဉ်၏ အခြေခံ အုတ်မြစ်ဖြစ်လာမည် ဖြစ်သည်။
အချို့သော ပါရမီရှင် လူငယ်လေးများမှာ ကျင့်ကြံခြင်းလမ်းစဉ်၌ အလွန်ပင် ချောမွေ့လွန်းသဖြင့် မာနကြီးတတ်ကြပြီး၊ အခက်အခဲနှင့် ကြုံရသောအခါ စိတ်ပျက်အားလျော့သွားတတ်ကြသည်။ ပို၍ဆိုးသည်မှာ အားကောင်းသော မိစ္ဆာများနှင့် ကြုံတွေ့ရသောအခါ အသက်ရှင်ရန်အတွက် မတရားသော ကိစ္စများကို လုပ်ဆောင်ရန် ဝန်မလေးကြခြင်းပင်။
သို့သော် ပေါင်ရှု့ကိုယ်တော်ကြီး၏ အမြင်တွင်မူ... ထိုတာအိုဆရာလေး၏ စိတ်ဓာတ်မှာ အလွန်ပင် မာကျောထက်သန်ပြီး မတရားမှုကို လုံးဝသည်းမခံနိုင်သူ ဖြစ်သည်။
မည်မျှပင် ကြီးမားသော ဘေးဒုက္ခနှင့် ကြုံရပါစေ၊ သူသည် အရှုံးပေးမည့်သူ မဟုတ်ပါချေ။
ထိုသို့သော သူမျိုး အသက်ရှင်နေခြင်းမှာ လူ့လောက၏ မှန်ကန်သောလမ်းစဉ်အတွက် မင်္ဂလာတစ်ပါးပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့သော ပါရမီရှင်လူငယ်နှင့် မိတ်ဆွေဖြစ်ရန်သာ ဆန္ဒရှိပြီး ရန်သူဖြစ်ရန် လုံးဝဆန္ဒမရှိပါချေ။
ထိုအချိန်တွင် လီယန်ချူကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နိမိတ်များကို ကြည့်ကာ ထိုသုံးဦးစလုံးမှာ ရင်ထဲ၌ အသီးသီး ခံစားမိနေကြသည်။
လုံဟူရှန်းမှ ကျောက်နတ်ဆရာကြီး မှာမူ တိတ်ဆိတ်နေပြီး မျက်လုံးများထဲတွင် တွေးတောနေဟန် ရှိသည်။
ရွှမ်ချိန်တာအိုဆရာ၏ တပည့်မှာ နောင်တစ်ချိန်တွင် ချန်နိုင်ငံ မှန်ကန်သောလမ်းစဉ်၏ ခေါင်းဆောင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ခြေ အလွန်များနေချေပြီ။
"ဝေခရိုင် ဆိုတာက ဘေးဒုက္ခတွေ များတဲ့နေရာပဲ၊ သူ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားနိုင်ဖို့ နည်းလမ်းရှာရမယ်"
ဟု ကျောက်နတ်ဆရာကြီးက တွေးတောလိုက်သည်။
ထိုအချိန်တွင်ပင် ကျင်းကွမ်းဘုရားကျောင်းမှ ဝူရှဲ့ရဟန်း မှာမူ တဲနန်းအတွင်း၌ တရားထိုင်နေသည်။
သူ၏ စိတ်အတွင်းမှ မိစ္ဆာ မှာ လွန်ခဲ့သောတစ်ခေါက်က ထွက်ပေါ်လာရန် လုနီးပါး ဖြစ်ခဲ့ဖူးသည်။
သူသည် ဗုဒ္ဓတရားတော်များဖြင့် ဖိနှိပ်ထားခဲ့သော်လည်း... ထိုနေ့က ကျိုကုန်းကျိန်းရန်၏ လှည့်ဖြားမှုကြောင့် တုန်းလင်ခရိုင်မှ အစိုးရစစ်သည်များကို မှားယွင်းသတ်ဖြတ်မိခဲ့သည်ကို တွေးမိတိုင်း...
သူ၏ ရင်ထဲ၌ အပြစ်ရှိသလို ခံစားနေရဆဲ ဖြစ်သည်။
အစက အပြစ်အနာအဆာမရှိသော သူ၏ စိတ်အခြေအနေမှာ အက်ကြောင်းထွက်လာခဲ့ပြီး စိတ်မိစ္ဆာ၏ အခွင့်ကောင်းယူခြင်းကို ခံလိုက်ရသည်။
ထိုပြောင်းလဲမှုမှာ အလွန်ပင် သေးငယ်လှသဖြင့် ဝူရှဲ့ရဟန်းကိုယ်တိုင်ပင် သတိမထားမိခဲ့ပါချေ။ သူသည် သူ၏ ဒဏ်ရာများကို ပြန်လည်သက်သာအောင်သာ အစွမ်းကုန် ကြိုးစားနေခဲ့သည်။
ဝိညာဉ်စွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်နှင့်အမျှ ထိုအက်ကြောင်းမှာလည်း အဆက်မပြတ် ကြီးမားလာနေ၏ ဤသည်မှာ သူ၏ကိုယ်တွင်းရှိ မိစ္ဆာ သို့မဟုတ် သူ၏ စိတ်မိစ္ဆာသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ သန်မာလာနေခြင်းပင် ဖြစ်သည်။
သို့သော် ကွက်တိဆိုသလိုပင် ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် ပါးလွှာသွားတော့သည်။ ဖမ်းဆီး၍ မရနိုင်လောက်အောင်ပင် ပါးလွှာသွားခြင်း ဖြစ်သည်။
အကယ်၍ ယန်ဝိညာဉ်ရှင် နှစ်ဦး အတူတူ ကျင့်ကြံနေမည်ဆိုပါက ဝိညာဉ်စွမ်းအင် စုပ်ယူသည့် အရှိန်မှာ အတူတူလောက်သာ ရှိပေလိမ့်မည်။
ကျင့်စဉ်ချင်း အနည်းငယ် ကွာခြားလျှင်ပင် ရလဒ်က အလွန်အမင်း ကွာခြားသွားမည် မဟုတ်ပါချေ။
သို့သော် ယခုမူ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ ခဏချင်းအတွင်းမှာပင် တစ်နေရာတည်းသို့ စုပ်ယူခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ပြောင်သလင်းခါသွားခြင်းပင်။
ဝူရှဲ့ရဟန်းသည် ဒဏ်ရာကုသခြင်းကို ရပ်နားလိုက်ရပြီး တရားကျင့်ကြံရာမှ နိုးထလာခဲ့သည်။
ထိုအချိန်၌ သူသည် ဝိညာဉ်စွမ်းအင်များ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကိုလည်း မစုံစမ်းတော့သလို၊ ကောင်းကင်နိမိတ်များကိုလည်း ဂရုမစိုက်တော့ဘဲ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
သူသည် ပါးစပ်မှ ဗုဒ္ဓ၏ ခြောက်လုံးမြောက် ဂါထာ ကို ရွတ်ဆိုလိုက်၏။ မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် အစွမ်းထက်သော ဗုဒ္ဓဘာသာ ချိပ်ပိတ်အတတ်ကို ထပ်မံပြုလုပ်ကာ မိမိ၏ စိတ်မိစ္ဆာကို ဖိနှိပ်လိုက်သည်။
"စိတ်မိစ္ဆာ ထွက်လာဖို့ အခွင့်ကောင်း ရသွားတော့မလို့ "
ဝူရှဲ့ ရဟန်းမှာ ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
ယခုတစ်ခေါက် စိတ်မိစ္ဆာကို ဖိနှိပ်လိုက်နိုင်သဖြင့် ထူးခြားသော အခြေအနေနှင့် ထပ်မံမကြုံတွေ့ရသရွေ့ အချိန်တိုအတွင်း၌ ထိုစိတ်မိစ္ဆာ ထွက်လာနိုင်မည် မဟုတ်တော့ပါချေ။
"ဒီ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးသွားတာက ငါ့ကို ပြန်ကူညီပေးလိုက်သလို ဖြစ်သွားတာပဲ၊ ဒါ ဘာဖြစ်တာပါလိမ့်"
ဟု ဝူစေ့ရဟန်းမှာ စိတ်ထဲ၌ သံသယဖြစ်နေမိသည်။
သူသည် အပြင်ဘက်သို့ ထွက်လာကာ အခြေအနေကို စုံစမ်းရန် ပြင်လိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ စိုးရိမ်စိတ်အချို့လည်း ရှိနေသည်။
"စိတ်မိစ္ဆာက ငါ့အပေါ် သက်ရောက်မှု ပိုပိုပြီး နက်ရှိုင်းလာပြီ၊ သတိမထားမိနိုင်တဲ့ အဆင့်အထိကို ဖြစ်နေပြီ ဒီအတိုင်းသာဆိုရင် ဗုဒ္ဓဘာသာ ချိပ်ပိတ်အတတ်တွေက တကယ်ပဲ သူ့ကို ဖိနှိပ်ထားနိုင်ပါဦးမလား"
"ဒါမှမဟုတ် နောက်ပိုင်းကျရင် ငါကိုယ်တိုင်ပဲ သူ့ရဲ့ ဝါးမျိုမှုကို ခံလိုက်ရမလား..."
ဝူရှဲ့ရဟန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
တကယ်လို့ အဲ့ဒီအဆင့်အထိ ရောက်သွားခဲ့ရင်တော့ ကိစ္စတွေက ပြန်ပြင်လို့ မရတော့တာ အသေအချာပင် မည်မျှပင် အစွမ်းထက်သော ဗုဒ္ဓဘာသာ ချိပ်ပိတ်အတတ် ဖြစ်ပါစေ၊ မိမိကိုယ်တိုင် မိမိရဲ့ စိတ်မိစ္ဆာ ကို ပြန်လည်နှိမ်နင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
လီယန်ချူမှာမူ အပြင်ဘက်တွင် ဖြစ်ပေါ်လာနိုင်သော ရုန်းရင်းဆန်ခတ်မှုများကို ဂရုမစိုက်ပါချေ။
သူသည် သိုသိုသိပ်သိပ် နေချင်သည် မှန်သော်လည်း မိမိ၏ အစွမ်းအစ အားလုံးကို လုံးဝ ဖုံးကွယ်ထားမည်ဟုလည်း မဆိုလိုပါချေ။
သူသည် ကုသိုလ်မှတ် နှစ်သိန်းအဆင့်ရှိ မိုးကြိုးငါးပါးအဆောင်၏ ပြန်လည်ပြည့်တင်းနှုန်းကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"ငါ့ရဲ့ ကံကြမ္မာ က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်နေတာလား၊ ဒါမှမဟုတ် တာအိုပုတီးစေ့ က ငါ့အတွက် ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးနေတာလား"
လီယန်ချူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ခုနက စိတ်ကြည်လင်ပုတီးစေ့ကို အဆင့်မြှင့်တင်ရန်အတွက် ကုသိုလ်မှတ် ၁၂၀,၀၀၀ အသုံးပြုခဲ့သည်။
အကယ်၍ ထိုသို့ အဆင့်မြှင့်တင်ပြီးနောက် မိုးကြိုးငါးပါးအဆောင်၏ အရှိန်အဝါကို ပြန်လည်ဖြည့်တင်းပေးနိုင်မည်ဆိုပါက ယခုတစ်ခေါက်မှာ သူ တကယ့်ကို အမြတ်ကြီး ရလိုက်ခြင်းပင် အဘယ်ကြောင့်ဆိုသော် မိုးကြိုးငါးပါးအဆောင်သစ် တစ်စောင်ကို ထပ်မံ အဆင့်မြှင့်တင်ရန်မှာ ကုသိုလ်မှတ် နှစ်သိန်းထက်မက ကုန်ဆုံးနိုင်သောကြောင့် ဖြစ်သည်။
"စိတ်ကြည်လင်ပုတီးစေ့ကို အဆင့်မြှင့်ထားလိုက်ရင် နောက်နောင်မှာ အဆောင်တွေကို အကန့်အသတ်မရှိ သုံးလို့ရတော့မှာပဲ "
လီယန်ချူက ပြုံးကာ ပြောလိုက်သည်။
ထို့ပြင် ဤနည်းဖြင့် ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိ နတ်ဘုရားရတနာ တစ်ခုကိုလည်း အလကားရလိုက်သလို ဖြစ်နေသည်။
ဒီတစ်ခေါက်မှာတော့ အရှုံးမရှိပါချေ ထို့နောက်တွင် သူသည် မိုးကြိုးငါးပါးအဆောင်သစ် တစ်စောင်ကို ထပ်မံ၍ ခြောက်ကြိမ်မြောက် အဆင့်မြှင့်တင်လိုက်ပြန်သည်။
မိုးကြိုးအတတ်ကို သင်ယူရန်မှာ အချိန်မမီသေးသော်လည်း အဆောင်ကို အသုံးပြုခြင်းမှာ အချိန်ကုန် လူသက်သာဆုံး နည်းလမ်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ... စိတ်ကြည်လင်ပုတီးစေ့ဟူသော အကန့်အသတ်မရှိ အားသွင်းပေးနိုင်သည့် "အားသွင်းစက်ကြီး" ရှိနေမှတော့ အဆောင်ဆိုသည်မှာ ကုန်ဆုံးသွားမည့် အရာမဟုတ်တော့ပါချေ ထိုသို့ကြည့်မည်ဆိုလျှင် အဆောင်များကို အဆင့်မြှင့်တင်ခြင်းက နတ်ဘုရားရတနာများကို အဆင့်မြှင့်တင်ခြင်းထက် ပို၍ တွက်ခြေကိုက်လှသည်။
အဘယ်ကြောင့်ဆိုသော် ကုသိုလ်မှတ် အတူတူ ကုန်ဆုံးလျှင်ပင် အဆောင်၏ ဖျက်ဆီးအားမှာ ရတနာများထက် ပို၍ ကြီးမားသောကြောင့်ပင်။
ရတနာအချို့မှာ တစ်ခါတစ်ရံ သူ၏ ကျင့်ကြံမှုအဆင့် နိမ့်ပါးမှုကြောင့် စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သည်မျိုး ရှိတတ်ပါသေးသည်။
အခန်း (၅၄၆) - တရားရုံးချုပ် ဝန်ကြီး ဝမ်လောင်အာ ၊ ရှန်ရှောင်ဂိုဏ်း၏ အတိတ်ဇာတ်လမ်း ၊အရွယ်ရောက်လာပြီဖြစ်သော ရှင်းမိသားစုမှ သမီးပျို
လီယန်ချူ အခန်းထဲမှ ထွက်လာသောအခါ ပေါ့ပါးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ရှင်းဟုန်ယဲ့မှာ အပြင်ဘက်၌ စောင့်ကြိုနေပြီး သူ့ထံသို့ လျှောက်လှမ်းလာသည်။
"ဂုဏ်ယူပါတယ် လီတာအိုဆရာ "
"အဆင်ပြေသွားပြီလား"
ဟု ရှန်ဟုန်ယဲ့က ပြုံးကာ မေးလိုက်သည်။
လီယန်ချူသည် အပြင်ဘက်မှ အာရုံခံနိုင်စွမ်းကို ဖြတ်တောက်ရန်အတွက် အစီရင်တစ်ခု ပြုလုပ်ပေးရန် သူမကို အစောကတည်းက ပြောထားခဲ့ခြင်း ဖြစ်သည်။
ရှင်းဟုန်ယဲ့သည် ကျင့်ကြံမှုအပိုင်း၌ ထိပ်တန်းအဆင့် မဟုတ်သော်လည်း အစီရင်အတတ်ပညာတွင်မူ အလွန်ထူးခြားသော ပါရမီရှိသူ ဖြစ်သည်။ ခုနက ရုတ်တရက် ဖြစ်ပေါ်လာသော ကောင်းကင်နိမိတ်မှာ လီယန်ချူ ကျင့်ကြံမှု အောင်မြင်သွားသောကြောင့် ဖြစ်ပေါ်လာသည်ဟု သူမက ထင်မှတ်နေခြင်း ဖြစ်သည်။
"အဆင်ပြေသွားပါပြီ၊ မင်းကို ကျေးဇူးတင်ရမှာပဲ၊ အစီရင်ရဲ့ ကာကွယ်မှုက တော်တော်လေး ကောင်းတယ်"
ဟု လီယန်ချူက ပြုံးလျက် ပြန်ပြောလိုက်သည်။
ရှင်းဟုန်ယဲ့၏ မျက်နှာပေါ်တွင် ရှက်သွေးဖြန်းကာ နီမြန်းသွား၏။
"ကျမလည်း အရှိန်အဝါတချို့ အပြင်ကို ပေါက်ကြားသွားလိမ့်မယ်လို့ မထင်ထားမိဘူး၊ ရှင့်ကို အနှောင့်အယှက် မဖြစ်စေခဲ့ဘူးမလား"
"ဒီလိုဖြစ်မယ်မှန်း သိရင် အစီရင်ကို အချိန်ပိုပေးပြီး ပြင်ဆင်လိုက်ပါသေးတယ်"
ရှင်းဟုန်ယဲ့သည် အစီရင်က လုံးဝဥဿုံ မလုံခြုံခဲ့ဟု ယူဆကာ အားနာနေမိသည်။
နောက်ထပ်တောင် အဆင့်မြှင့်လို့ ရသေးတာလား... လီယန်ချူသည် ပါးစပ်အနည်းငယ် တွန့်သွားပြီး ခေါင်းခါပြလိုက်ကာ ဆိုလိုက်သည်။
"မင်း အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ"
လီယန်ချူ၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့် ရှင်းဟုန်ယဲ့သည် ရင်ထဲ၌ ပြောမပြတတ်အောင် ပျော်ရွှင်သွားမိသည်။ အစပိုင်းက ဝေမြို့ကဲ့သို့သော နေရာလေးသို့ သူမ ဘာကြောင့် လာခဲ့ရသည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပါချေ။
သူမ၏ မိသားစုမှာ အလွန်ပင် ဩဇာအာဏာကြီးမားသလို အစွမ်းထက်သော ကျင့်ကြံသူများလည်း ရှိသည်။
ကျင့်ကြံရေးလောက၌ ဖြစ်စေ၊ လူ့လောက၌ ဖြစ်စေ ထိပ်တန်းအင်အားစု ဖြစ်သည်။ ရှင်းဟုန်ယဲ့သည် မြို့တော် ၌ ရှိစဉ်က မင်းညီမင်းသားများနှင့် မှူးမတ်များစွာ၏ ဝိုင်းဝိုင်းလည်အောင် ပိုးပန်းခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
နန်းတွင်းမှ ဆွေတော်မျိုးတော်များ၊ အမတ်ကြီးများ၏ သားသမီးများနှင့် သိုင်းလောကရှိ အင်အားကြီးဂိုဏ်းများမှ ပါရမီရှင် လူငယ်များမှာ သူမနောက်သို့ တကောက်ကောက် လိုက်ခဲ့ကြသည်။ သူမသည် ကြယ်စင်များ ဝိုင်းရံထားသော လမင်းကြီးကဲ့သို့သော သူမျိုး ဖြစ်သည်။ သို့သော် ရှင်းဟုန်ယဲ့မှာမူ သူတို့ကို လှည့်ပင် မကြည့်ခဲ့ပါချေ။
အဘယ်ကြောင့်ဆိုသော် သူမတွင် ထုတ်ဖော်ပြောရန် ခက်ခဲသော အကြောင်းပြချက်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ သူမသည် အမျိုးသားများအပေါ် စိတ်ဝင်စားမှု မရှိသယောင် ခံစားနေရသည်။
သို့မဟုတ်ပါက သူမကဲ့သို့သော ဂုဏ်သရေရှိ မိသားစုမှ ပါရမီရှင် အမျိုးသမီးတစ်ဦးမှာ မည်သို့လျှင် အိမ်ထောင်မကျဘဲ ရှိနေပါမည်နည်း။
ထိုခေတ်ကာလတွင် အမျိုးသမီးများသည် အိမ်ထောင်ပြု စောကြသည် မဟုတ်ပါလား။ အချို့မှာ ၁၃၊ ၁၄ နှစ်နှင့် အိမ်ထောင်ပြုကြသလို၊ အချို့မှာ ငယ်စဉ်ကတည်းက လူကြီးချင်း ကတိထားကာ လက်ထပ်ရန် စီစဉ်ခံထားရသူများ ဖြစ်သည်။
အမျိုးသမီးတစ်ဦးမှာ ၁၅၊ ၁၆ နှစ် အရွယ်သို့ ရောက်လာလျှင်ပင် အိမ်ရှေ့၌ လာရောက်တောင်းရမ်းသူများမှာ မနည်းလှပါချေ။ ရှင်းမိသားစု၏ အိမ်တံခါးဝမှာ ထိုစဉ်ကပင် လူစည်ကားလွန်းသဖြင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရဖူးသည်။
ရှင်းမိသားစုမှ သမီးပျိုလေး အရွယ်ရောက်လာပြီဖြစ်ရာ မြို့တော်တစ်ခုလုံး ဟိုးဟိုးကျော်သွားခဲ့သည်။
သို့သော် ရှင်းဟုန်ယဲ့တွင်မူ သူမကို အလွန်ချစ်မြတ်နိုးသော ဘိုးဘေးတစ်ဦးရှိပြီး ရှင်းမိသားစုတစ်ခုလုံးကလည်း သူမကို ထောက်ပံ့ပေးထားသည်။
အစီရင်အတတ်ပညာရှင် ပါရမီရှင်တစ်ဦးကို ကောင်းမွန်စွာ အသုံးချနိုင်ပါက တတိယအဆင့် ကျင့်ကြံသူနှင့် မခြားသော စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။
နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုဟုပင် ဆိုနိုင်သည်။ ထိုသို့သော အခြေအနေကြောင့်သာ ရှင်းဟုန်ယဲ့၏ ဘဝမှာ နိုင်ငံရေး အိမ်ထောင်ပြုရန် အတင်းအကျပ် အစီအစဉ် အဆွဲမခံခဲ့ရခြင်း ဖြစ်သည်။
သူမသည် မိမိဝါသနာပါရာ အစီရင်အတတ်ကို လေ့လာခြင်း၊ ထူးဆန်းသော နတ်ဘုရားလက်နက်များနှင့် ပစ္စည်းများကို သုတေသနပြုခြင်းတို့ကိုသာ အမြဲလုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် သူမတွင် အေးစက်ပြီး အသိဉာဏ် မြင့်မားသော ဟန်ပန်မျိုး ရှိနေသည်။ လီယန်ချူ၏ ယခင်ကမ္ဘာနှင့် နှိုင်းယှဉ်ရလျှင် မျက်မှန်လေးတပ်ကာ အဖြူရောင် ဝတ်စုံရှည် ဝတ်ထားသည့် သိပ္ပံပညာရှင် အမျိုးသမီးလေးနှင့် တူလှသည်။ ထို့ပြင် အလွန်ပင် လှပသူလည်း ဖြစ်သည်။
သို့သော် ယခုမူ သူမသည် မြောက်ပိုင်း ပေ့ဖုန်းခရိုင်ရှိ ဝေမြို့သို့ စေလွှတ်ခြင်း ခံလိုက်ရသည်။ အမည်မသိသော နေရာလေးတစ်ခုဖြစ်ပြီး တရားရုံးချုပ် ဝန်ကြီးကိုယ်တိုင် အမည်တပ်ကာ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
တရားရုံးချုပ် ဝန်ကြီး မှာ အလွန်စိတ်ဝင်စားစရာကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
လူငယ်ဘဝက တာအိုဆရာတစ်ဦးဖြစ်ပြီး ရှန်ရှောင်ဂိုဏ်း ၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်။ ရှန်ရှောင်ဂိုဏ်းမှာ မိုးကြိုးအတတ်ကို ကျင့်ကြံပြီး ကျိန့်ရိလမ်းစဉ် ထဲတွင် ပါဝင်သည်။ သို့သော်လည်း ထိုတရားရုံးချုပ် ဝန်ကြီး၏ ပါရမီမှာမူ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်ခဲ့သည်။
အသက် ၄၀ အရွယ်အထိ ကျင့်ကြံခဲ့သော်လည်းပထမအဆင့် အစောပိုင်းမှာတင် တန့်နေခဲ့သည်။ တစ်သက်လုံး ကျင့်လျှင်ပင် ပထမအဆင့်အလယ်အလတ် အဆင့်ထက် ကျော်နိုင်မည် မဟုတ်ပါချေ။ ကံကောင်းသည်မှာ သူ၏ ဂိုဏ်းတူ ညီအစ်ကို အများစုမှာ အနိုင်ကျင့်တတ်သူများ မဟုတ်ကြခြင်းပင်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း နှစ်ကာလများမှာ အတော်လေး အေးချမ်းခဲ့သည်။
(ဝိညာဥ်စုစည်းခြင်းအဆင့်ကို ပထမအဆင့်လို့ပဲ လွယ်လွယ်ကူကူ ရေးလိုက်မယ်နော်)
ထို့နောက်ပိုင်းတွင်မူ... ယခုအခါ ချန်နိုင်ငံ၌ ကျင့်ကြံသူများနှင့် ပတ်သက်သော အမှုအခင်းများကို ဖြေရှင်းပြီး မိစ္ဆာများကို နှိမ်နင်းသည့် အမြင့်ဆုံးအဖွဲ့အစည်း၏ ခေါင်းဆောင်၊ နံပါတ်တစ် ပုဂ္ဂိုလ်ကြီး ဖြစ်လာမည့်သူသည်... သူ၏ ဘဝကို ပြောင်းလဲပေးမည့်သူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
ရှန်ရှောင်ဂိုဏ်းတွင် ပါရမီမရှိသော အလတ်တန်းစား တာအိုဆရာ တစ်ဦး လျော့နည်းသွားခဲ့သော်လည်း၊ ချန်နိုင်ငံတွင်မူ မိစ္ဆာနှိမ်နင်းရေး တရားရုံးချုပ် ဝန်ကြီးတစ်ဦး တိုးလာခဲ့သည်။
ထိုတရားရုံးချုပ် ဝန်ကြီးမှာ ကျင့်ကြံမှုအဆင့် မမြင့်သော်လည်း အစွမ်းထက်သော ကျင့်ကြံသူများစွာကို ဦးဆောင်နိုင်ပြီး လူတော်ကို ရွေးချယ်နိုင်သော မျက်စိမျိုး ရှိသည်။
သူသည် ပါရမီရှိသော လူငယ်များစွာကို ရှာဖွေဖော်ထုတ်ကာ အထူးလေ့ကျင့်ပေးခဲ့သည်။
ဥပမာအားဖြင့် တရားရုံးချုပ်၏ ရတနာဟု တင်စားရမည့် စူးထိုက်ဖျင် ဖြစ်သည်။ သူ၏ ကံကြမ္မာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်လွန်းပြီး ရန်သူနှင့် ရင်ဆိုင်ရတိုင်း ထူးခြားသော နိမိတ်များ ထွက်ပေါ်လာတတ်ကာ ကျင့်ကြံခြင်း လမ်းခရီးတစ်လျှောက် အခွင့်အရေးကောင်းများနှင့် အမြဲကြုံရသူ ဖြစ်သည်။
ထို စူးထိုက်ဖျင်မှာ လက်ရှိ တရားရုံးချုပ် ဝန်ကြီး ရှာဖွေတွေ့ရှိခဲ့သော လူတော်တစ်ဦးပင်။
ထို့ပြင် တရားရုံးချုပ်၏ ဓားကိုင်တော်၊ လူတစ်ဝက် မိစ္ဆာတစ်ဝက်ဖြစ်သော ကျန်းလီ မှာလည်း ထိုဝန်ကြီးကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်သည်။
နာမည်ကျော် ဗုဒ္ဓဘာသာ၊ တာအိုဘာသာ ပညာရှင်များနှင့် သိုင်းလောကမှ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားမှာလည်း ဤဝန်ကြီးကြောင့် တရားရုံးချုပ်သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူ၏ လူရွေးချယ်မှု တိကျမှန်ကန်ခြင်းမှာ ချန်နိုင်ငံ ကျင့်ကြံရေးလောကတွင် လူသိများလှပြီး တရားရုံးချုပ်၌လည်း သူ၏ ဩဇာမှာ အလွန်ပင် ကြီးမားလှသည်။
တရားရုံးချုပ် ဒုတိယဝန်ကြီး ရွှီထျန်းနန်မှာ တတိယအဆင့် ကျွမ်းကျင်သူ ဖြစ်သော်လည်း သူသည်လည်း လက်ရှိ ဝန်ကြီးကိုယ်တိုင် ဖိတ်ခေါ်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အချို့သော ဂိုဏ်းကြီးများမှ လူကြီးပိုင်းများပင် ဤတရားရုံးချုပ် ဝန်ကြီးကို အလွန်အမင်း အထင်ကြီး လေးစားကြသည်။
"ဝမ်လောင်အာ ရဲ့ ကျင့်ကြံခြင်း ပါရမီကတော့ ပြောစရာ မရှိအောင် ညံ့ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ လူရွေးချယ်တဲ့ မျက်စိကတော့ တကယ်ကို အံ့မခန်းပါပဲ"
ဟု ဆိုကြသည်။
ဝမ်လောင်အာ ဆိုသည်မှာ ချန်နိုင်ငံ တရားရုံးချုပ် ဝန်ကြီး၏ နာမည်ပင် ဖြစ်သည်။
မည်သူကြားကြား ရွာထဲမှ လမ်းဘေးလေလွင့်နေသူတစ်ဦး၏ နာမည်ဟု ထင်မှတ်ရမည့် နာမည်မျိုး ဖြစ်သည်။
သို့သော် သူသည် ထိုနာမည်ကို ယခုအထိ သုံးစွဲနေဆဲ ဖြစ်ပြီး၊ အစွမ်းထက်လှသော တရားရုံးချုပ် ဝန်ကြီး ဖြစ်လာသည့်တိုင် နာမည်မပြောင်းခဲ့ပါချေ။
ချန်နိုင်ငံ၏ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင်လျှင် ထိုသို့သော နိုင်ငံ့ဂုဏ်သိက္ခာနှင့် မညီညွတ်သော နာမည်မျိုးကိုပင် လျစ်လျူရှုထားပေးကာ ဆက်လက်သုံးစွဲခွင့် ပေးထားခဲ့သည်။
ထို့ကြောင့် ရှင်းဟုန်ယဲ့သည် ဝမ်လောင်အာ၏ အမိန့်ကို လက်ခံရစဉ်က နားမလည်နိုင်ခဲ့သော်လည်း ဝေမြို့သို့ ရောက်လာခဲ့သည်။
ဝေမြို့ရှိ လူငယ်သခင်လေး များ၏ ပိုးပန်းမှုကိုလည်း ရှင်းဟုန်ယဲ့က လုံးဝ ဂရုမစိုက်ခဲ့ပါချေ။
မြို့တော်တစ်ခုလုံးရှိ မင်းညီမင်းသားများကိုပင် သူမက အဖက်မလုပ်ခဲ့သည် မဟုတ်ပါလား။ သေးငယ်သော ဝေမြို့မှ သူဌေးသားများ၊ အရာရှိသားသမီးများမှာ သူမ၏ မျက်စိထဲသို့ ဝင်စရာ အကြောင်းမရှိပေ။
ရှင်းဟုန်ယဲ့သည် ဝမ်လောင်အာတစ်ယောက် ရူးများရူးသွားပြီလားဟုပင် တွေးမိခဲ့ဖူးသည်။
မိမိကဲ့သို့ ပါရမီရှင်တစ်ဦးကို ဤကဲ့သို့သော နေရာစုတ်လေးသို့ ပို့ထားခြင်းမှာ မည်သည့်အရာကိုမျှ လုပ်ဆောင်၍ ရနိုင်မည် မဟုတ်ဟု သူမ ထင်ခဲ့သည်။
သူမသည် ရည်မှန်းချက် ကြီးမားသော အမျိုးသမီးတစ်ဦး မဟုတ်ပါလား သူမ သုတေသနပြုထားသော အရာများမှာ ချန်နိုင်ငံ ကျင့်ကြံရေးလောကနှင့် တစ်လောကလုံး၏ အခြေအနေကိုပင် ပြောင်းလဲပစ်နိုင်သည့် အရာများ ဖြစ်နိုင်ပေသည်။
သို့သော်... သူမသည် လီယန်ချူနှင့် တွေ့ဆုံခဲ့သည်။
ထိုအရပ်ရှည်ပြီး ချောမောခန့်ညားသော၊ လူငယ်ဆန်ပြီး တက်ကြွလှပသော တာအိုဆရာလေးသည်... ခဏချင်းအတွင်းမှာပင် သူမ၏ နှလုံးသားကို ဖမ်းစားသွားခဲ့တော့သည်။
ရှင်းဟုန်ယဲ့သည် နှစ်ပေါင်းများစွာ မိမိကိုယ်မိမိ အမျိုးသားများကို မနှစ်သက်ဟု ထင်ခဲ့သော်လည်း (အမျိုးသမီးများကိုလည်း ရှာဖွေခဲ့ခြင်း မရှိပါ)၊ လီယန်ချူနှင့် တွေ့လိုက်ရသောအခါတွင်မူ... ထိုလောကတွင် မြင်မြင်ချင်း အချစ် ဆိုသည်မှာ တကယ်ရှိကြောင်း သူမ သိလိုက်ရတော့သည်။
ဝမ်လောင်အာ၏ အစီအစဉ်နှင့် ပတ်သက်ပြီး သူမ ပြောချင်သည့် တစ်ခွန်းတည်းသော စကားမှာ တကယ်ကို ကျေးဇူးတင်ပါတယ် ဟူ၍သာ ဖြစ်သည်။
ယခုအခါ ရှင်းဟုန်ယဲ့သည် လီယန်ချူနှင့် နှစ်ယောက်တည်း ရှိနေခွင့်ရခိုက်တွင် စိတ်ထဲ၌ တိတ်တဆိတ် တွက်ချက်နေမိသည်။
အကယ်၍ ယခုတစ်ခေါက်တွင် ထိုလီတာအိုဆရာနှင့် တစ်ခုခု မပတ်သက်ဖြစ်ခဲ့လျှင်၊ ဝေမြို့သို့ ပြန်ရောက်သွားပါက သူ့ကို ပြန်လည်ဆုံတွေ့ရန်မှာ ခက်ခဲသွားပေလိမ့်မည်။
ရှင်းဟုန်ယဲ့သည် လီယန်ချူ၏ ဘေးနားရှိ အမျိုးသမီးများကိုလည်း သတိထားကြည့်မိသည်။
တစ်ယောက်ချင်းစီမှာ ထူးခြားသော အလှတရားကိုယ်စီ ရှိကြပြီး အံ့ဩလောက်အောင် လှပကြသည်။
အထူးသဖြင့် ထိုထိုက်ဖင်တည်းခိုခန်းမှ ဆိုင်ရှင်မ မှာမူ လှပလွန်းလှသဖြင့် ရှင်းဟုန်ယဲ့ကိုယ်တိုင်ပင် မိမိကိုယ်မိမိ အားငယ်မိသည့် စိတ်မျိုး ဖြစ်ပေါ်လာရသည်။
ထိုသို့သော တည်းခိုခန်းစုတ်လေးမှ အစ်မကြီးတစ်ဦး၊ ကြားဖူးသည်မှာ မုဆိုးမတစ်ဦးပင် ဖြစ်သည်ဟု ဆိုသည်၊ မည်သို့လျှင် ဤမျှအထိ လှပညို့ယူနိုင်စရာ ရှိပါမည်နည်း။
ထိုသည်မှာ လုံးဝကို သဘာဝမကျလှပါချေ။