အခန်း (၅၄၉-၅၅၀)
Vol. 55 Ch. 549-550
အခန်း (၅၄၉) - ကျိန်စာတိုက်သည့်အတတ် ၊လူသတ်အရှိန်အဝါများကို စုစည်းခြင်း ၊ ကိုယ်ပွားအတတ် အောင်မြင်ခြင်း ၊ အမြွှာညီအစ်မ
"ဘာလက်ဆောင်လဲ" ဟု ချင်းဝမ်မင်းသားက မေးလိုက်သည်။
"အဖေ မှတ်မိလား... ကျုပ် သွေးယဇ်ပူဇော်ဖို့ သုံးခဲ့တဲ့ စစ်ရေးလေ့ကျင့်ကွင်းလေ"
ဟု ချင်းဝမ်မင်းသား၏ သားတော်က ပြုံးလျက် ဆိုသည်။
ချင်းဝမ်မင်းသားက ခေါင်းငြိမ့်ပြလိုက်၏။
"ကျုပ်က အဲ့ဒီနေရာက အစီရင်တွေကို ဖျက်ဆီးပစ်ခဲ့ပေမဲ့၊ အဲ့ဒီမှာရှိတဲ့ လူသတ်အရှိန်အဝါ တွေကိုတော့ စုစည်းထားခဲ့တယ်၊ အရင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်လာတာမို့လို့ အရမ်းကို သိသာလွန်းနေလိမ့်မယ် သူတို့ကိုယ်သူတို့ အမှန်တရားဘက်တော်သားလို့ သတ်မှတ်ထားတဲ့ ကျင့်ကြံသူတွေကတော့ အဲ့ဒီအရှိန်အဝါဆိုးတွေကို ဖယ်ရှားပစ်ဖို့ သေချာပေါက် မှော်အတတ်တွေ သုံးကြမှာပဲ၊ မဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ တစ်ခုခုတော့ ထူးဆန်းတာတွေ ဖြစ်လာလိမ့်မယ်လေ"
"ကျုပ်က အဲ့ဒီနေရာမှာ ကျိန်စာတိုက်တဲ့အတတ်ကို ဆင်ထားခဲ့တာ၊ ယန်ဝိညာဉ်ရှင်အဆင့်က လှုပ်ရှားလိုက်ရင်တောင် ကျိန်စာမိပြီး သူတို့ရဲ့ ကျင့်စဉ်အဆင့် တွေ လျော့ကျသွားလိမ့်မယ် အကယ်၍ တတိယအဆင့် မဟုတ်ဘဲ ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ယောက်ကသာ အဲ့ဒီအရှိန်အဝါတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ရင်တော့ ချက်ချင်းပဲ အစီရင်ပျက်စီး ပြီး အသက်ပျောက်သွားမှာ သေချာတယ်"
ချန်ကျဲက ပြုံးလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အေးစက်စက်နှင့် ရက်စက်သည့်ပုံ ပေါက်နေသည်။
"မင်းရဲ့ နည်းလမ်းတွေကိုတော့ ငါ စိတ်ချပါတယ်၊ ဒါပေမဲ့ ဘာလို့ လျန်ခရိုင်မှာ အရင်တုန်းက မြို့ကို သွေးချောင်းစီးအောင် လုပ်ခဲ့တဲ့ အစီရင်ကြီးမျိုး တိုက်ရိုက်မဆင်ခဲ့တာလဲ"
ဟု ချင်းဝမ်မင်းသားက မေးသည်။
"သိသာလွန်းတဲ့အရာက ရန်သူ့အတွက် ရိပ်မိဖို့ လွယ်သွားလိမ့်မယ်၊ အဲ့ဒီ ကျိန်စာပစ္စည်း က ကျုပ် ဂူသင်္ချိုင်းတစ်ခုထဲကနေ ရခဲ့တာ၊ သူက လူသတ်အရှိန်အဝါတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်၊ အခုဆိုရင် အနီးနား ပတ်ဝန်းကျင် မိုင်ရာချီအတွင်းမှာရှိတဲ့ အရှိန်အဝါဆိုးတွေအားလုံး အဲ့ဒီဆီကို စုပြုံရောက်သွားလောက်ပြီ"
ဟု ချန်ကျဲက ရှင်းပြသည်။
ချင်းဝမ်မင်းသားသည် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း သူ၏သားတော်၏ စွမ်းဆောင်ရည်ကိုမူ အလွန်ပင် အသိအမှတ်ပြုထားသူ ဖြစ်သည်။
ထိုစကားကို ကြားသောအခါ သူက ပြုံးလျက်
"ဒီလောကကြီးကို မင်းပဲ အုပ်ချုပ်သင့်တာပါ၊ ငါက မင်းသားတစ်ပါး ဖြစ်နေရတာ နှမြောဖို့ကောင်းတယ်"
"လောကကြီးဆိုတာ ဘာမှမဟုတ်ပါဘူး အဖေရယ်၊ ဒီလိုစကားမျိုး ပြောမနေပါနဲ့၊ ကျုပ်က ဒီလောကကြီးကို တိုက်ခိုက်သိမ်းပိုက်ပြီး အဖေ့ကို လက်ဆောင်ပေးချင်ရုံတင်ပါ၊ ဒါမှ အဖေက မျိုးဆက်ပေါင်း ထောင်သောင်းမက တည်တံ့မယ့် အင်ပါယာသစ်ရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာမှာပေါ့"
ဟု ချန်ကျဲက ရယ်မောကာ ပြန်ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ကြီးကျယ်လှသော လောကကြီးမှာ ကစားပွဲတစ်ခုမျှသာ ဖြစ်ပုံရသည်။
အင်ပါယာ အပြောင်းအလဲများ၊ အာဏာလုပွဲများနှင့် စစ်မြေပြင်မှ ပြိုင်ဆိုင်မှုများမှာ သူ ပျင်းရိနေချိန်တွင် ကစားသည့် နည်းလမ်းလေးများသာ ဖြစ်သည်။
ချင်းဝမ်မင်းသားသည် ထိုစကားကြောင့် မျက်လုံးများ အရောင်တောက်သွားသော်လည်း ဘာမှတော့ ထပ်မပြောတော့ပါချေ။ ဤသားအဖနှစ်ဦး၏ ဆက်ဆံရေးမှာ တကယ်ကိုပင် ထူးဆန်းလှပေသည်။
ရုတ်တရက်
ချန်ကျဲ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
"ဘာဖြစ်လို့လဲ" ဟု ချင်းဝမ်မင်းသားက စိုးရိမ်တကြီး မေးလိုက်သည်။
ချန်ကျဲမှာ တိတ်ဆိတ်သွားပြီး မျက်နှာမှာလည်း မှောင်မှောက်သွားတော့သည်။
"ကျုပ်ဆင်ထားတဲ့ ကျိန်စာအတတ်က ဘာအကျိုးသက်ရောက်မှုမှ မရှိလိုက်ဘူး၊ စုစည်းထားတဲ့ အရှိန်အဝါတွေကလည်း အကုန်လုံး ပျောက်ကွယ်သွားပြီ "
စောစောကတင် သူတို့သားအဖနှစ်ဦး တစ်ဦးကိုတစ်ဦး ချီးမွမ်းခန်းဖွင့်ခဲ့ကြသော်လည်း၊ အရှက်ကွဲစရာ ကိစ္စမှာ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ချန်ကျဲမှာ မျက်မှောင်များ တွန့်သွားရတော့သည်။
"ထူးဆန်းတယ် ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ကျုပ်က ဗုဒ္ဓဘာသာရော တာအိုဘာသာပါ နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေကို သုံးထားတာလေ၊ ဘယ်လိုနည်းနဲ့ပဲ အဲ့ဒီအရှိန်အဝါတွေကို ဖယ်ရှားဖယ်ရှား ကျိန်စာက သေချာပေါက် တိုက်ခိုက်မှာပဲကို "
"ဒါ ရွှီထျန်းနန်များလား... မဟုတ်သေးပါဘူး၊ သူလေ့ကျင့်တဲ့ စိတ်စွမ်းအင် ကလည်း တာအိုကျင့်စဉ်ပဲလေ"
ချန်ကျဲသည် အဝေးသို့ လှမ်းကြည့်လိုက်ပြီး မျက်လုံးများထဲတွင် သံသယနှင့် ဒေါသတို့မှာ ရောယှက်နေတော့သည်။
ထိုနေ့ညတွင်
လီယန်ချူနှင့် အခြားသူများသည် တုန်းလင်ခရိုင်ရှိ မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုမြို့၏ အမည်မှာ မြန်ကျိုးမြို့ ဖြစ်သည်။
မြန်ကျိုးမြို့မှာ ချမ်းသာကြွယ်ဝပြီး လူဦးရေ ထူထပ်လှသည်။ အစောပိုင်းကလည်း ပုန်ကန်သူများ၏ ဘေးရန်မှ ကင်းဝေးခဲ့သည်။
သို့သော် အကယ်၍ ချင်းဖုန်းလင်သာ ကျဆုံးသွားခဲ့ပါက မြန်ကျိုးမြို့မှာ ပထမဆုံး ထိခိုက်မည့်မြို့ ဖြစ်လာပြီး၊ တတိယမြောက် သတ်ဖြတ်ခြင်းခံရမည့် မြို့ကြီးတစ်မြို့ ဖြစ်လာပေလိမ့်မည်။
လီယန်ချူကို ကျယ်ဝန်းလှသော အိမ်တော်တစ်ခုအတွင်း၌ နေရာချပေးထားသည်။
လှပသော ပြာသာဒ်ဆောင်များ၊ ရေပေါ်ဆောင်များနှင့် လှပသော လမ်းလျှောက်စင်္ကြံများ ရှိသည့်အပြင် ဖုန်းရွှေစနစ်မှာလည်း အလွန်ကောင်းမွန်ကာ ပတ်ဝန်းကျင်မှာ အလွန်ပင် သာယာလှသည်။
ထိုအိမ်တော်မှာ မြန်ကျိုးမြို့ရှိ သူဌေးကြီး ဝေ့မိသားစု၏ အိမ်တော် ဖြစ်သည်။ ဝေ့မိသားစု၏ အိမ်ထောင်ဦးစီးမှာ နတ်ဘုရားကဲ့သို့ အစွမ်းထက်သော တာအိုပါရမီရှင် လူငယ်တစ်ဦး မိမိအိမ်တွင် လာရောက်တည်းခိုမည်ကို သိသောအခါ အလွန်ပင် ဝမ်းမြောက်နေတော့သည်။
သူကဲ့သို့သော ကြွယ်ဝချမ်းသာသည့် သူဌေးကြီးတစ်ဦးအတွက် ဤကဲ့သို့သော အရေးပါသည့် ပုဂ္ဂိုလ်ကြီးနှင့် ရင်းနှီးခွင့်ရခြင်းမှာ အလွန်ပင် ခဲယဉ်းလှသည့် ကိစ္စဖြစ်သည်။
တရားရုံးချုပ်မှ ရွှီထျန်းနန်သည် တုန်းလင်ခရိုင်၏ စစ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စများကို ကိုင်တွယ်ရသူ ဖြစ်သဖြင့် အထူးကိုယ်စားလှယ် ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။
သူ၏ အာဏာမှာ ကြောက်ခက်ဖွယ် ကောင်းလှသည်။ မြန်ကျိုးမြို့ရှိ အရာရှိကြီးငယ်များမှာ ရွှီထျန်းနန်အပေါ် ရိုသေလေးစားကြသည်မှာ သိသာလှပေသည်။ သာမန် သူဌေးကြီးများဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ပါချေ။
အထူးသဖြင့် ရွှီထျန်းနန်သည် ထိုတာအိုဆရာလေးကို အလွန်ပင် လေးစားသမှု ပြုသည်ကိုလည်း တွေ့ရသည်။ သူတို့နှစ်ဦး စကားပြောသည်မှာ တန်းတူရည်တူ ပြောနေကြသကဲ့သို့ ရှိသည်။
ထို့ကြောင့် ကြည့်လိုက်လျှင် ဤတာအိုဆရာလေး၏ အဆင့်အတန်းမှာ မည်မျှအထိ မြင့်မားမည်ကို ခန့်မှန်းရုံနှင့်ပင် သိနိုင်ပေသည်။
ဝေ့မိသားစုမှာ မြန်ကျိုးမြို့တွင် နံပါတ်တစ်၊ နံပါတ်နှစ် စာရင်းဝင် မိသားစုဖြစ်ပြီး၊ မြို့၏ စီးပွားရေး ထက်ဝက်နီးပါးကို ချုပ်ကိုင်ထားကာ ငွေကြေးအင်အား အလွန်တောင့်တင်းသည်။
သူတို့၏ စီးပွားရေးလုပ်ငန်းမှာ မြန်ကျိုးမြို့တင်မကဘဲ တုန်းလင်ခရိုင် တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ သို့သော် ယနေ့တွင်မူ ဝေ့မိသားစု၏ ခေါင်းဆောင်ဖြစ်သူသည် လီယန်ချူအပေါ် အလွန်ပင် ရိုသေပြနေပြီး ထိုနတ်ဘုရားလူငယ်လေးနှင့် ပတ်သက်မှုတစ်ခုခု ရရန်ပင် ကြိုးစားနေတော့သည်။
ထိုအချိန်တွင်၊ လီယန်ချူမှာ အခန်းအတွင်း၌ တရားထိုင်ကာ ကိုယ်ပွားအတတ် ကို လေ့ကျင့်နေသည်။
ထိုအတတ်မှာ အလွန်ပင် နက်နဲဆန်းကြယ်လှပြီး၊ လေ့ကျင့်ပြီးပါက ထွက်ပေါ်လာသော ကိုယ်ပွားမှာ မူလကိုယ်ထည်နှင့် အဆင့်အတန်း တန်းတူရှိပေလိမ့်မည်။ သာမန် လှည့်စားတတ်သော ကိုယ်ပွားအတတ်များနှင့် လုံးဝ မတူပါချေ။
တစ်ကြိမ် အောင်မြင်သွားပြီးနောက် (၄၉) ရက်တိုင်တိုင် ထပ်မံလေ့ကျင့်ရဦးမည် ဖြစ်ပြီး၊ ထိုအခါ မူလကိုယ်ထည်နှင့် အစွမ်းတူသော ကိုယ်ပွားတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤသည်မှာ တိုက်ခိုက်ရေးစွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်ပေသည်။
အထူးသဖြင့် လီယန်ချူကဲ့သို့ မှော်ရတနာများစွာ ပိုင်ဆိုင်ထားသူအတွက် ပို၍ပင် သင့်တော်လှသည်။
ထိုအခါ လီယန်ချူ နှစ်ယောက်ဖြစ်လာပြီး မှော်ရတနာများဖြင့်သာ ဝိုင်းထုလိုက်လျှင်ပင် ရန်သူမှာ ဒူးထောက်သွားရပေလိမ့်မည်။
သူသည် ကိုယ်ပွားအတတ်၏ စွမ်းအင်လည်ပတ်ပုံအတိုင်း မရပ်မနား လေ့ကျင့်နေတော့သည်။
ရုတ်တရက်
ဆန်းကြယ်သော အရှိန်အဝါတစ်ခု သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။
လီယန်ချူသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်ပေါ်၌ တရားထိုင်နေစဉ်၊ လူရိပ်တစ်ခုမှာ သူ၏ ကိုယ်အတွင်းမှ ရုတ်တရက် ထွက်ခွာသွားသည်။
ထိုသူမှာ လီယန်ချူနှင့် ပုံစံချင်း တထေရာတည်းပင်
လီယန်ချူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အခြားသော မိမိကိုယ်ကိုယ်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
ထို့နောက် သူက ဝမ်းသာအားရ ပြုံးလိုက်ကာ
"အောင်ပြီ... ငါ့ရဲ့ အတတ်က အောင်မြင်သွားပြီ "
လီယန်ချူ၏ စိတ်ထဲတွင် များစွာ ဝမ်းမြောက်နေတော့သည်။
(၄၉) ရက် ပြည့်သွားသောအခါ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ နှစ်ဆ ဖြစ်လာတော့မည် ဤသည်မှာ တစ်ပေါင်းတစ်နှင့် မတူဘဲ ပို၍ပင် အစွမ်းထက်လှသည်။
လေ့ကျင့်မှုနှုန်းမှာလည်း နှစ်ဆ မြန်လာမည် ဖြစ်သလို၊ တန်ခိုးစွမ်းအားများကို ဆင်ခြင်တွေးတောရာတွင်လည်း ပို၍ လျင်မြန်လာပေလိမ့်မည်။
သူသည် ထိုကိုယ်ပွား၏ အခြေအနေကို စစ်ဆေးကြည့်သောအခါ၊ ထိုကိုယ်ပွားမှာ အမှန်တကယ်တော့ မိမိ၏ စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။
သီးခြားတည်ရှိနေသော တစ်ဦးတစ်ယောက် မဟုတ်ဘဲ မိမိ၏ အတွေးဖြင့် ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ အလွန်ပင် ဆန်းကြယ်လှသော ခံစားချက်မျိုးပင်။
သူ ထပ်မံစမ်းသပ်ကြည့်သောအခါ၊ လက်ရှိ ကိုယ်ပွားမှာ ဒုတိယတန်းစား သိုင်းသမား၏ ခန္ဓာကိုယ်အဆင့်နှင့် ကျင့်ကြံမှုမှာလည်း အလယ်အလတ်အဆင့် သာ ရှိသေးသဖြင့် အားနည်းနေသေးကြောင်း တွေ့ရသည်။
သို့သော် အစွမ်းထက်သော မှော်ရတနာများကိုမူ အသုံးပြုနိုင်ပေသည်။
ဥပမာ သူ၏ လက်ထဲရှိ နတ်ဘုရားသဲ ၊ဝိညာဥ်ဖောက်နတ်ဘုရားအပ် နှင့် မြေခွဲပုတီး စသည်တို့ကို သုံးနိုင်သဖြင့် တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်စရာ ကောင်းလှဆဲပင်။
"နောက် (၄၉) ရက်ဆိုရင်တော့ အထွတ်အထိပ် အဆင့်ကို ရောက်ပြီ၊ ဦးလေးကျား ပေးတဲ့ ဒီလက်ဆောင်က တကယ်ကို မဆိုးဘူးပဲ"
ဟု လီယန်ချူက စဉ်းစားလိုက်သည်။
အရင်တုန်းက ဦးလေးကျားရဲ့ မူလကိုယ်ထည်ကို သတ်ဖို့ သူ အတော်လေး ကြိုးစားခဲ့ရသည် မဟုတ်ပါလား။
အခုတော့ ထိုသူက သူ့ကို ဤမျှ ထူးခြားသော ကိုယ်ပွားအတတ်နှင့် ကိုယ်ဖျောက်နိုင်သော ရွှေရောင်ဦးဆောင်း ကိုပါ ပေးခဲ့သည်။ ဦးလေးကျားမှာ တကယ်ကိုပင် လူကြီးလူကောင်း ပီသလှပေသည်။
သူသည် ထိုကိုယ်ပွားအတတ်၏ ပြောင်းလဲမှုများကို အသားကျအောင် ထပ်မံလေ့ကျင့်ပြီးနောက်၊ တန်ခိုးစွမ်းအားများကို ပြန်လည်ရုပ်သိမ်းကာ ဒန်ထျန် အတွင်း၌ အနားယူစေလိုက်သည်။
ဒေါက် ဒေါက် ဒေါက်
အခန်းတံခါးဆီမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ လီယန်ချူ လမ်းလျှောက်သွားပြီး တံခါးဖွင့်လိုက်သောအခါ၊ တံခါးဝတွင် ကိုယ်လုံးကိုယ်ပေါက် လှပလှသော မိန်းမပျိုလေး နှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ မျက်နှာမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး တစ်ဦးနှင့်တစ်ဦး ဆွဲဆောင်မှုချင်း မတူကြပါချေ။ အဓိကအချက်မှာ ထိုမိန်းမပျိုလေး နှစ်ဦးမှာ အမြွှာများဖြစ်ပြီး ရုပ်ချင်းမှာလည်း တထေရာတည်း တူလှပေသည်။
"တာအိုဆရာ လီ ကို ဂါရဝပြုပါတယ်ရှင်"
ဟု ထိုအမြွှာညီအစ်မက နွဲ့နွဲ့နှောင်းနှောင်းလေး ပြောလိုက်ကြသည်။
"အင်း... ဘာကိစ္စလဲ" ဟု လီယန်ချူက မေးလိုက်သည်။
"အိမ်တော်သခင် က ကျွန်မတို့ကို တာအိုဆရာကို ပြုစုစောင့်ရှောက်ဖို့ လွှတ်လိုက်တာပါရှင်"
ဟု လူငယ်အလှလေးတစ်ဦးက ဆိုသည်။
'ဒီ ဝေ့ အဘိုးကြီးက တကယ်ကို မျက်စိလျင်တာပဲ'
လီယန်ချူ၏ မျက်ခုံးများ ပင့်တက်သွားတော့သည်။
"မလိုပါဘူး... ငါ ကျင့်စဉ်လေ့ကျင့်ရဦးမယ်"
လီယန်ချူသည် သူ၏ စိတ်ထဲမှ ထူးဆန်းသော အတွေးများကို ဖယ်ထုတ်လိုက်ပြီး၊ အလွန်ပင် တည်တည်ကြည်ကြည်ဖြင့် ငြင်းပယ်လိုက်တော့သည်။
အခန်း (၅၅၀) - နန်ကုန်းဝမ်အာနှင့် နန်ကုန်းယွီ ၊ဉာဏ်ကြီးရှင် ဝေ့ဝမ်ကျုံး ၊ ရွှေစားပိုးကောင်
"အိမ်တော်သခင် က ကျွန်မတို့ကို တာအိုဆရာရဲ့ အနားမှာ ခစားပြုစုဖို့ မှာကြားထားပါတယ်ရှင်၊ တာအိုဆရာအနေနဲ့ ကျွန်မတို့ကို သနားညှာတာပေးဖို့ မျှော်လင့်ပါတယ် ကျွန်မတို့ ညီအစ်မနှစ်ယောက်ရဲ့ ဘဝက ရေပေါ်မှာ ပေါလောပေါ်နေတဲ့ မှော်ရုံပင်လေးတွေလိုပါပဲ၊ တာအိုဆရာလို ပုဂ္ဂိုလ်မျိုးကို ပြုစုခွင့်ရမယ်ဆိုရင် ဒီတစ်သက် ပြည့်စုံပါပြီရှင်"
စောစောက စကားပြောခဲ့သည့် အလှလေးက ဆက်၍ ဆိုလိုက်သည်။
သူမ၏ လေသံမှာ ကျန်းနန်သူတို့၏ နူးညံ့သိမ်မွေ့သော ဟန်ပန်များ အပြည့်ပါဝင်နေသည်။
ထိုညီအစ်မနှစ်ဦး၏ မျိုးရိုးအမည်မှာ နန်ကုန်း ဖြစ်သည်။ အစ်မဖြစ်သူမှာ နန်ကုန်းဝမ်အာ ဖြစ်ပြီး ညီမဖြစ်သူမှာ နန်ကုန်းယွီ ဖြစ်သည်။
နန်ကုန်းမိသားစုသည် ကျန်းနန်ခရိုင်တွင် နာမည်ကြီးသော မျိုးရိုးမြင့်မိသားစုတစ်ခုဖြစ်ပြီး၊ အတိတ်က အစိုးရစာမေးပွဲတွင် တတိယဆု ရသူများစွာ ထွက်ပေါ်ခဲ့ဖူးသည်။
စာပေတတ်ကျွမ်းသည့် မျိုးရိုးဟု ဆိုရပေမည်။
သို့သော် နောက်ပိုင်းတွင် နန်ကုန်းမိသားစုမှာ နိုင်ငံရေးအာဏာလုပွဲ ကြားတွင် မြေစာပင်ဖြစ်ကာ တစ်မိသားစုလုံး ပြည်နှင်ဒဏ် ခံခဲ့ရသည်။
နန်ကုန်းမိသားစု၏ အဖိုးတန် ကျောက်မျက်ရတနာနှစ်ပါးဖြစ်သည့် ထိုညီအစ်မနှစ်ဦးမှာလည်း အပျော်မယ်ဂေဟာ သို့ ပို့ဆောင်ကာ ပြည့်တန်ဆာ လုပ်ခိုင်းခြင်း ခံရတော့မည်ဖြစ်သည်။
သို့သော် ထိုစဉ်က ဖြစ်ပွားခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကြောင့်...နှုတ်ဆိတ်ခြင်းတရားကျင့်ကြံသော ရဟန်းတစ်ပါးနှင့် လျှို့ဝှက်ဂိုဏ်းမှ လာမာကြီးတစ်ပါးတို့မှာ ကျန်းနန်ခရိုင်၌ တန်ခိုးပြိုင်ဆိုင်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ ထိုတိုက်ပွဲအရှိန်မှာ လိုက်ပါပို့ဆောင်သည့် စစ်သည်အဖွဲ့ဆီသို့ ရိုက်ခတ်သွားခဲ့သည်။
နန်ကုန်းညီအစ်မမှာ ထိုရှုပ်ထွေးမှုကြားတွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အရပ်ထဲ၌ လှည့်လည်သွားလာရင်း မြောက်ဘက်ခြမ်းရှိ တုန်းလင်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် ကံကြမ္မာမှာ အမြဲတမ်းပင် ပြောင်းလဲနေတတ်သည်။
မမျှော်လင့်ထားသော တိုက်ဆိုင်မှုများကြောင့် သူတို့မှာ ကျန်းနန်ခရိုင်၏ နာမည်ကြီး ယွင်သခင်မလက်အောက်ရှိ အနုပညာဖြင့်သာ ဖျော်ဖြေသော အပျော်မယ် များ ဖြစ်လာခဲ့ကြသည်။
ထိုယွင်သခင်မမှာ ဒဏ္ဍာရီဆန်သော အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမသည် ငယ်စဉ်က ကျန်းနန်၏ နံပါတ်တစ် အလှမယ်ဖြစ်ခဲ့သည်။
အထက်တန်းလွှာ မင်းစိုးရာဇာများမှစ၍ အောက်ခြေ သိုင်းလောကသား ဓားသမားများအထိ လူတိုင်းမှာ ထိုအလှဘုရင်မကို ဝိုင်းဝန်းဝန်းရံခဲ့ကြသည်။ သူမ၏ သီချင်းဆိုခြင်းနှင့် ကပြခြင်းအတတ်မှာ ကျန်းနန်တစ်ခွင် ကျော်ကြားလှသည်။
သို့သော် ထိုအလှဘုရင်မသည် လူငယ်တာအိုဆရာတစ်ဦးကို ချစ်မိသွားခဲ့သည်။
ထိုတာအိုဆရာ၏ ဓားသိုင်းမှာ တစ်လောကလုံးတွင် အသာလွန်ဆုံးဖြစ်ပြီး မိစ္ဆာများကို နှိမ်နင်းသူဖြစ်သည်။
တာအိုဆရာနှင့် ကျန်းနန်အလှမယ်တို့၏ အချစ်ဇာတ်လမ်းမှာ တာအိုဂိုဏ်းတော်ကို အမျက်ထွက်စေခဲ့ပြီး ထိုတာအိုဆရာကို ဂိုဏ်းအတွင်းသို့ ချက်ချင်းပြန်ခေါ်ကာ တစ်သက်လုံး တောင်ပေါ်မှ ဆင်းခွင့်မပြုဘဲ ပိတ်လှောင်ထားခဲ့တော့သည်။
ထိုစဉ်က လူထုကြားတွင် အလှမယ်နှင့် တာအိုဆရာတို့၏ အကြောင်းကို ရေးဖွဲ့ထားသော ဝတ္ထုဇာတ်လမ်းများစွာ ပျံ့နှံ့ခဲ့ဖူးသည်။
နောက်ပိုင်းတွင် ယွင်သခင်မမှာ အနုပညာလောကမှ အနားယူခဲ့ပြီး ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်လာကာ ကပြသီဆိုခြင်း ကျွမ်းကျင်သော အမျိုးသမီးများကို လေ့ကျင့်ပေးခဲ့သည်။
သူမလက်အောက်ရှိ အမျိုးသမီးများမှာ နာမည်ကောင်း အလွန်ရလှသည်။
တစ်ဦးချင်းစီမှာ လူအလိုကို နားလည်တတ်ကြပြီး သီချင်း၊ အက၊ စောင်း၊ စစ်တုရင်၊ ကဗျာ၊ ပန်းချီတို့တွင် အလွန်ထူးချွန်ကြသဖြင့် ရှားပါးလှသော အဖိုးတန် အလှလေးများပင် ဖြစ်ကြသည်။
ယွင်သခင်မ၏ နာမည်မှာ ကျန်းနန်မှသည် မြို့တော် အထိပင် ကျော်ကြားသွားခဲ့သည်။
ထိုညီအစ်မနှစ်ဦးမှာ လောကအလယ် လွင့်ပါးရင်း ယွင်သခင်မ၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတွင် တုန်းလင်ခရိုင်၏ သူဌေးကြီး ဝေ့ဝမ်ကျုံး က ငွေပုံပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဝေ့ဝမ်ကျုံးသည် ထိုလှပချောမောလှသော အမြွှာညီအစ်မကို အာဏာပိုင် မင်းစိုးရာဇာများအား လက်ဆောင်ပေးကာ ရင်းနှီးမှုရယူရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဤညီအစ်မနှစ်ဦးမှာ လောကအလယ် လည်ပတ်ရင်း ဝေ့အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ ယနေ့မှာ ဒုတိယမြောက်နေ့သာ ရှိသေးသည်။
ဝေ့ဝမ်ကျုံးမှာ အလွန်ပင် ဝမ်းမြောက်နေတော့သည်။
ထိုကဲ့သို့ ရုပ်ရည်နှင့် အနုပညာ အစွမ်းအစ နှစ်ခုလုံး ပြည့်စုံလှသော အမျိုးသမီးများမှာ လူငယ်နတ်ဘုရားတစ်ဦးဖြစ်သည့် လီတာအိုဆရာကို ဖားရန်အတွက် အကောင်းဆုံး မဟုတ်ပါလား လှပသော အမျိုးသမီးများမှာ များစွာရှိသော်လည်း၊ ဤမျှ လှပသော အမြွှာဖြစ်နေပြီး ကပြသီဆိုခြင်းတွင်လည်း ကျွမ်းကျင်သည်ဆိုလျှင်မူ ရှားပါးလှသော အဖိုးတန် ရတနာများပင် ဖြစ်သည်။
အထူးသဖြင့် ကျန်းနန်၏ နံပါတ်တစ် အလှမယ် ယွင်သခင်မ ကိုယ်တိုင် သင်ကြားပေးထားသည့် ချင်းကွမ်းရင် များ မဟုတ်ပါလား။
ဝေ့ဝမ်ကျုံးသည် အမျိုးသမီးနှစ်ဦးတည်းနှင့် လီယန်ချူကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို ရယူနိုင်မည်ဟု မယူဆပါချေ။
သူ၏ ရည်ရွယ်ချက်မှာ အကယ်၍ လီတာအိုဆရာက ဤအမျိုးသမီးများကို လက်ခံလိုက်လျှင် ကောင်းမွန်သော သံယောဇဉ်တစ်ခုကို တည်ဆောက်ပြီး ကျေးဇူးတင်စရာ လက်ဆောင်တစ်ခုအဖြစ် ပေးလိုက်ရန်သာ ဖြစ်သည်။
အကယ်၍ လက်မခံလျှင်လည်း အခြားသော မင်းစိုးရာဇာများကို ဆက်လက် လက်ဆောင်ပေးရန်သာ ဖြစ်သည်။
ထို့ကြောင့် နန်ကုန်းဝမ်အာက ဤအကြောင်းကို ပြောပြသောအခါ လီယန်ချူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအမျိုးသမီးနှစ်ဦးကို အခန်းထဲသို့ ဝင်ခွင့်ပြုလိုက်တော့သည်။
ဝေ့မိသားစု၏ အိမ်တော်သခင် ကိုယ်တိုင် ဖားနေရသော၊ ကောင်းကင်အထိ အာဏာရှိသည့် ထိုပုဂ္ဂိုလ်ကြီးမှာ ဤမျှအထိ လူငယ်ဖြစ်ပြီး ခန့်ညားကာ ပြိုင်ဘက်ကင်းနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါချေ။
နန်ကုန်းညီအစ်မမှာ လောကအလယ် လည်ပတ်ခဲ့ရသဖြင့် ယခုအချိန်တွင် သူတို့ရှေ့မှောက်ရှိ အခွင့်အရေးကို လက်လွှတ်မခံလိုကြပါချေ။
သူတို့နှစ်ဦးမှာ ယွင်သခင်မ၏ သင်ကြားမှုကို ခံခဲ့ရသော်လည်း အပျော်မယ်တို့၏ အငွေ့အသက်မျိုး လုံးဝမရှိပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ ကိုယ်ပေါ်တွင် မျိုးရိုးမြင့် မိန်းကလေးများ၏ အရှိန်အဝါများမှာ ပို၍ပင် ထင်ရှားနေသည်။
တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့လှသည်။
ဤကဲ့သို့သော ကွာခြားချက်မှာ အမျိုးသားတို့၏ စိတ်ပညာကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်။
အမျိုးသားအများစုမှာ အချက်နှစ်ချက်ကို လုပ်ဆောင်လိုကြသည် တစ်ချက်မှာ အိမ်ထောင်ရှင် (အေးဆေးတည်ငြိမ်သော မိန်းကလေး) များကို ဖြားယောင်းခြင်းဖြစ်ပြီး၊ နောက်တစ်ချက်မှာ အပျော်မယ်များကို လမ်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ပေးလိုခြင်း ဖြစ်သည်။
"တာအိုဆရာအနေနဲ့ ကျွန်မတို့ကို ဒီဆင်းရဲဒုက္ခတွင်းထဲကနေ ကယ်တင်ပေးဖို့ မျှော်လင့်ပါတယ်ရှင်၊ ကျွန်မတို့ကို လောကအလယ်မှာ ဆက်ပြီး လွင့်ပါးမနေပါစေနဲ့တော့"
ဟု နန်ကုန်းဝမ်အာ၏ ကြည်လင်တောက်ပသော မျက်နှာလေးပေါ်တွင် တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ကျွန်မတို့ တာအိုဆရာကို တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိပါတယ်"
ဟု နန်ကုန်းယွီကလည်း ထပ်ကြပ်မကွာ ပြောလိုက်သည်။
လီယန်ချူ ခဏမျှ စဉ်းစားလိုက်၏။
လှပသော အမျိုးသမီးကို မည်သူမဆို နှစ်သက်ကြသည်သာ။
အထူးသဖြင့် ဤမျှ လှပသော အမြွှာညီအစ်မနှစ်ဦးက မိမိရှေ့တွင် ဒူးထောက်နေခြင်း ဖြစ်သည်။
သို့သော် လီယန်ချူ၏ စိတ်ထဲတွင် အနည်းငယ်တော့ ဝေခွဲမရဖြစ်နေသေးသည်။
ဤကဲ့သို့ လက်ခံလိုက်ခြင်းမှာ အကြပ်တည်းထဲမှ အခွင့်ကောင်းယူရာ ရောက်မလားဟု တွေးမိသောကြောင့် ဖြစ်သည်။
သို့သော် သူ ပြန်စဉ်းစားလိုက်သည်မှာ "သူတစ်ပါးကို ကူညီခြင်းသည် ပျော်ရွှင်ခြင်း၏ အခြေခံ" ဖြစ်သည် မဟုတ်ပါလား။
"ငါ မင်းတို့နှစ်ယောက်ကို ဒီကနေ ခေါ်သွားပေးနိုင်ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဆက်နေမလား၊ ထွက်သွားမလားဆိုတာကိုတော့ မင်းတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်နိုင်တယ်"
ဟု လီယန်ချူက ဆိုလိုက်သည်။
သူသည် အရှိန်အဝါကြည့်အတတ် ဖြင့် နန်ကုန်းညီအစ်မကို ကြည့်လိုက်၏။
သူတို့ကိုယ်ပေါ်တွင် မိစ္ဆာအငွေ့အသက်နှင့် အမည်းရောင် အငွေ့အသက်များ မရှိပါချေ။
လမ်းမှားလိုက်နေသော မိစ္ဆာများ မဟုတ်ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုနှစ်ဦး၏ ပါရမီမှာ အလွန်ကောင်းမွန်လှပြီး စိတ်ချင်းဆက်နွှယ်နေသဖြင့် ထူးခြားသော စိတ်အာရုံချင်း ဆက်သွယ်မှု ရှိနေကြသည်။
အကယ်၍ သူတို့သာ ကျင့်စဉ်လေ့ကျင့်မည်ဆိုပါက လေ့ကျင့်မှုနှုန်းမှာ သေချာပေါက် အလွန်မြန်ပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် တာအိုဆရာ"
နန်ကုန်းဝမ်အာ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်မှုများမှာ အတိုင်းသား ပေါ်လာတော့သည်။
"ကျွန်မတို့ တာအိုဆရာကို အကောင်းဆုံး ပြုစုပါ့မယ်"
ဟု နန်ကုန်းယွီက နှုတ်ခမ်းလေးကို အနည်းငယ်ကိုက်ကာ ရှက်ရွံ့နေသော မျက်နှာဖြင့် ဆိုသည်။
သူတို့နှစ်ဦးကို အခန်းထဲ၌ပင် ထားရှိလိုက်သော်လည်း လီယန်ချူကမူ သူတို့ကို ထိတွေ့ခြင်း မပြုပါချေ။
သူသည် အရင်အတိုင်းပင် တရားထိုင်ကာ တာအိုကျင့်စဉ်များကိုသာ လေ့ကျင့်နေတော့သည်။
ကိုယ်ပွားအတတ်မှာ အောင်မြင်သွားပြီ ဖြစ်သော်လည်း သူ၏ ကိုယ်ပေါ်တွင် မြေ နှင့်သစ်သား ဟူသော စွမ်းအင်နှစ်မျိုးမှာ မအောင်မြင်သေးပါချေ။
မဟုတ်ပါက သူသည် တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိကာ ယန်ဝိညာဉ်ရှင်ကို ဖွဲ့စည်းနိုင်တော့မည် ဖြစ်သည်။
ထို့ပြင် သူ၏ နဂါးကျားရွှေအမြုတေ မှာလည်း ယနေ့တိုင် မအောင်မြင်သေးပါချေ။
ထိုရှေးဟောင်း လျှို့ဝှက်အတတ်များကို လေ့ကျင့်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
လီယန်ချူကဲ့သို့ ပါရမီအပြည့်ရှိသော ပါရမီရှင်ပင်လျှင် ယခုကဲ့သို့ နှေးကွေးစွာ လေ့ကျင့်နေရခြင်း ဖြစ်သည်။
ရှင်းဟုန်ယဲ့သည် လီယန်ချူ၏ အခန်းထဲတွင် အလွန်လှပသော အမျိုးသမီးနှစ်ဦးကို တွေ့လိုက်ရသောအခါ၊ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
'ငါ နောက်ကျသွားပြီလား' ဤသည်မှာ ရှင်းဟုန်ယဲ့၏ ပထမဆုံး အတွေးဖြစ်သည်။
သူမသည် လီယန်ချူနှင့် စကားပြောရန်နှင့် ရင်းနှီးမှုရယူရန် တံခါးလာခေါက်ခြင်း ဖြစ်သော်လည်း၊ အခန်းထဲ၌ အလွန်လှပသော အမြွှာညီအစ်မနှစ်ဦးကို တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
"ဘာဖြစ်လို့လဲ" ဟု လီယန်ချူက မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ လီတာအိုဆရာ ဘာလုပ်နေလဲဆိုတာကို လာကြည့်တာပါ"
ဟု ရှင်းဟုန်ယဲ့က ပြုံးလျက် ဆိုလိုက်သည်။
"ဒါနဲ့ လီတာအိုဆရာ... သူတို့နှစ်ယောက်က ဘယ်သူတွေလဲ "
"ကျွန်မတို့က အိမ်တော်သခင်က တာအိုဆရာကို ပြုစုဖို့ အထူးလွှတ်လိုက်တဲ့သူတွေပါရှင်"
ဟု နန်ကုန်းဝမ်အာက နူးညံ့စွာ ဖြေကြားလိုက်သည်။
'ဝေ့ အိမ်တော်သခင်' ရှင်းဟုန်ယဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
'ငါ့ဆီကနေ လူလာလုတာလား'
လီယန်ချူက နန်ကုန်းညီအစ်မကို လက်ခံလိုက်ကြောင်း အစေခံဆီမှ သတင်းကြားလိုက်ရသော ဝေ့မိသားစု၏ အိမ်တော်သခင်မှာမူ အလွန်ပင် ဝမ်းမြောက်နေပြီး သီချင်းလေးတငြီးငြီးဖြင့် ပျော်ရွှင်နေတော့သည်။
သို့သော် ရုတ်တရက် သူသည် အကြောင်းရင်းမရှိဘဲ ကျောချမ်းသွားကာ တစ်စုံတစ်ခုသော ကြောက်မက်ဖွယ်အရာက မိမိကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဟင်"
"နေ့ခင်းကြောင်တောင်ကြီးကို ဘာလို့ ဒီလိုခံစားချက်မျိုး ဖြစ်နေရတာလဲ"
ဝေ့အိမ်ထောင်ဦးစီးသည် မိမိ၏ လက်မောင်းကို ပွတ်သပ်လိုက်ကာ မရှင်းပြနိုင်သော အေးစိမ့်မှုကို ခံစားနေရတော့သည်။
ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း
လီယန်ချူသည် အခန်းထဲ၌ ရှင်းဟုန်ယဲ့နှင့် စကားစမြည် ပြောဆိုနေစဉ်၊ ကောင်းကင်ယံမှ ကြီးမားလှသော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အတောင်ပံများ ခတ်နေသော ပျံသန်းသံနှင့် တူလှပေသည်။
လီယန်ချူနှင့် ရှင်းဟုန်ယဲ့တို့သည် အခန်းထဲမှ ထွက်လာပြီး ကွင်းပြင်ထဲသို့ ရောက်သောအခါ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ယံတွင် မည်းမှောင်နေသော ပိုးကောင်အုပ်ကြီးကို တွေ့လိုက်ရသည်။
၎င်းတို့သည် မည်းမှောင်သော တိမ်တိုက်ကြီးများကဲ့သို့ပင် အနောက်ဘက် ကောင်းကင်ယံမှ ပျံသန်းလာကြခြင်း ဖြစ်သည်။
"ဒါ ရွှေစားပိုးကောင် တွေလား"
"ဘာလို့ ဒီလောက်တောင် များနေရတာလဲ"
ရှင်းဟုန်ယဲ့က ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"ရွှေစားပိုးကောင်ဆိုတာ ဘာလဲ" ဟု လီယန်ချူက နားမလည်စွာ မေးလိုက်သည်။
"ရွှေစားပိုးကောင်ဆိုတာ တောင်ပိုင်းနယ်စပ် က ဂူပိုးကောင်တစ်မျိုးပဲ၊ သံနဲ့ သတ္တုတွေကို စားသုံးတတ်ပြီး ခန္ဓာကိုယ်ကလည်း ဖျက်ဆီးလို့မရအောင် မာကျောတယ် သူတို့နဲ့ တွေ့ပြီဆိုရင် ကျင့်စဉ်အဆင့် မြင့်မားတဲ့ ကျင့်ကြံသူတွေတောင် သေဘေးကနေ လွတ်ဖို့ ခက်ခဲတယ် ပုံမှန်ဆိုရင် အကောင်အစိတ်လောက်ရှိရင်တောင် အလွန်များလှပြီလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ အခုက ဒီလောက်တောင် များနေတာလား "
ရှင်းဟုန်ယဲ့က လီယန်ချူကို အလျင်အမြန် ရှင်းပြလိုက်သည်။
သူမ၏ စိတ်ထဲတွင် အလွန်ပင် တုန်လှုပ်နေတော့သည်။