အခန်း (၂၁၉)
Vol. 19 Ch. 219
"အင့် အင့် ..." ဖက်ထုပ်လေးရဲ့ မျက်လုံးထဲတွင် မျက်ရည်တွေပြည့်နေလျက်။ အရွယ်ရောက်ပြီးသူဖြစ်စေ ကလေးဖြစ်စေ၊ နေမကောင်းဖြစ်ကြသောအခါတွင် အထူးအားငယ်ဝမ်းနည်းလွယ်ကာ သူ့ကိုဂရုစိုက်ပေးဖို့ လိုချင်နေပြီး လူတွေကို အနီးကပ်ချွဲလိုကြသည်။
"ဖက်ထုပ်လေး သန်မာအောင်လို့ များများစားနော်၊ မဖျားပါနဲ့"
ကျိုးကျိုးလေးက သူ့ကို ပွေ့ဖက်လိုက်ပြီး သူ့အမေလိုပဲ နဖူးကို တို့ထိနေခဲ့သည်။ ထိုမျှမက ဖက်ထုပ်လေးရဲ့နဖူးကို သူ့နဖူးနဲ့ထိကပ်ကာ ထပ်စမ်းကြည့်လိုက်သေးသည်။
ဖက်ထုပ်လေးနှင့်တူသော မျက်နှာသေးသေးလေးမှာ လူတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာသိတဲ့ လူကြီးလေးလိုမျိုး ထူးထူးခြားခြားလေးနက်ပြီးတည်ကြည်နေပေသည်။
ယခုအချိန်တွင် ညီအစ်ကိုနှစ်ဦးကြားရှိ ကွာခြားချက်မှာ အလွန်သိသာထင်ရှားသွားသဖြင့် အပြင်လူများလည်း ဘယ်သူကအကြီးလဲ၊ ဘယ်သူကအငယ်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
"နင့်မိသားစုရဲ့အမြွှာနှစ်ယောက်က ဆက်ဆံရေးကောင်းကြတာပဲနော်"
တစ်ပတ်လောက်နေမကောင်းဖြစ်ပြီးနောက် ဖက်ထုပ်လေးဟာ ပြန်လည်ရှင်သန်လာပြီး သူ့အစ်ကို့နဲ့အတူ ခြံထဲမှာ ပန်းပင်တွေကို ရေလောင်းပေးခဲ့သည်။
ချင်းရို့ အပြုံးလေးနဲ့ သတိပေးလိုက်၏။ "အများကြီးရေမလောင်းနဲ့နော်၊ ပန်းတွေရေနစ်သွားလိမ့်မယ်"
"သားတို့ မူကြိုမသွားတာကြာပြီဆိုတော့ မူကြိုကသူငယ်ချင်းလေးတွေကို လွမ်းနေသလား"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက ခေါင်းခါယမ်းလိုက်ပြီး "မသွားချင်ဘူး"
"ဘာလို့လဲ?"
"အိမ်မှာပဲကစားချင်တယ်" အိမ်မှာပဲ လွတ်လွတ်လပ်လပ်ကစားကြမယ်လို့။
"မရဘူးနော်၊ သားတို့ကျောမှာ ကျောင်းလွယ်အိတ်လေးလွယ်ပြီး ကျောင်းသွားရမယ်ကွယ်"
"ဆရာမဟွမ်မိသားစုက သွင်းသွင်းနဲ့ ဟွားဟွားမားမားအိမ်က ထျောင့်ထျောင့်လည်း မူကြိုတက်နေကြပြီတဲ့။ သားတို့နဲ့ ထျောင့်ထျောင့် သွင်းသွင်းတို့ အတူတူမူကြိုသွားတက်နော်"
ချင်းရို့က ဒီလိုပြောတဲ့အခါမှာ ထျောင့်ထျောင့် နဲ့ သွင်းသွင်းဆိုတဲ့ နာမည်နှစ်ခုအတူတူယှဥ်တွဲလိုက်တဲ့အခါ ခုန်ပြီးထိုင်ထလုပ်သလိုမျိုး ခံစားလိုက်ရလေသည်။ ခုန်လိုက် ထိုင်ထလုပ်လိုက်၊ ခုန်လိုက် ထိုင်ထလုပ်လိုက်၊ "ဖားကလေးခုန်"နေသလိုမျိုးပေါ့။ (*tiao - Jump၊ dun - Squat)
ကျန်းထွမ်(ခေါင်းဆောင်ကျန်း)နှင့် နိုင်ငံရေးအရာရှိလျိုတို့ဟာ ယခင်ကတည်းက မိတ်ဆွေကောင်းများဖြစ်ကြ၍ ကလေးတွေရဲ့နာမည်ပြောင်တောင်မှ အတော်လေးလိုက်ဖက်နေကြသည်ပင်။
တခြားသူတွေမှာ သွင်းသွင်းနဲ့ ထျောင့်ထျောင့်ရှိသလို သူမတို့ဆီမှာလည်း ကျိုးကျိုးနဲ့ ဖက်ထုပ်လေးရှိလေသည်။
"ဘေးအိမ်က ပြန်ရောက်နေပြီလား?" ကျန်းထွမ်က ဟွမ်ရှင်းရင်ကို မေးလိုက်၏။
ဟွမ်ရှင်းရင် ခေါင်းညိတ်ပြကာ "သူတို့ပြန်လာကြပြီ။ သူတို့ထွက်သွားတာ တစ်လလောက်တောင်ကြာသွားပြီနော်။ ဒါပေမယ့် ရှောင်ချင်းနဲ့ ကလေးတွေ အကြာကြီးထွက်သွားတယ်လို့ ခံစားနေရတာပဲ။ ကျွန်မတော့ နည်းနည်းကျင့်သားမရသေးဘူး"
"ရိုးရိုးသားသားပြောရရင် ငါလည်း သိပ်ကျင့်သားမရပါဘူးကွာ။ ငါလှမ်းကြည့်လိုက်တဲ့အချိန်တိုင်း အိမ်နီးချင်းတွေကို မတွေ့ရဘူး။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ တစ်လ နှစ်လလောက်ရှိပြီပဲ။ တကယ်ကြီးထူးဆန်းသလိုခံစားရတယ်"
"သူတို့ရဲ့ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး ခြံထဲမှာ ဆော့ကစားနေတာကို ငါပြန်မြင်ရပြီဟေ့"
အိမ်နီးချင်းတွေနဲ့ အချိန်အတော်ကြာဝေးကွာခဲ့ပြီးနောက် ကျန်းထွမ်နဲ့သူ့ဇနီးတို့လည်း စိတ်မသက်မသာဖြစ်ခဲ့ကြသည်။ သူတို့မိသားစု သွင်းသွင်းလေးက မူကြိုတက်နေပြီဆိုတဲ့အကြောင်းကိုတောင် အိမ်နီးချင်းကို အသိပေးဖို့ အချိန်မရခဲ့ပေ။
"ကြက်ဟင်းခါးသီးပုံလေးတွေ ငါပြန်ဆွဲထားပေမယ့် ဘေးအိမ်က လင်မယားနှစ်ယောက်ကို ပေးမဖတ်ရသေးဘူးပဲ"
"အင်း ငါလည်း ကြက်ဟင်းခါးသီးနဲ့ မုန်လာဥတွေရဲ့ ဒိုင်ယာလော့ခ်တွေရေးပြီးပြီ..."
ဆရာမဟွမ်: "…"
ကျန်းထွမ် မျက်မှောင်ကြုတ်၍ သူမကိုကြည့်ကာ "ငါဆွဲထားတဲ့ တီကောင်တွေက သိပ်ကြည့်လို့မကောင်းဘူးဆိုပေမယ့် မုန်လာဥနဲ့ ကြက်ဟင်းခါးသီးတွေက ရိုးရိုးရှင်းရှင်းလေးပဲလေ။ သူတို့နှစ်ခုကြားက စကားဝိုင်းကလဲ ကလေးတွေအတွက် ပညာပေးဖို့ သင့်တော်တယ်ကွ"
"ကလေးတွေ အစာစားရာမှာ ဇီဇာမကြောင်သင့်ဘူးလေ မှန်တယ်မလား။ သူတို့လေးတွေ မုန်လာဥရော ကြက်ဟင်းခါးသီးတွေပါ စားရမယ်..."
"ငါတို့မိသားစုက အပ်ချုပ်စက်လဲ ဝယ်ထားပြီးပြီဆိုတော့ သွင်းသွင်းအတွက် ၀တ်စုံလေးတစ်ထည်လုပ်ကြရအောင်လေ။ သူ့အတွက် ချစ်စရာကောင်းတဲ့မုန်လာဥလေး ချုပ်ပေးရင်ရော?"
"ရှင် ချည်ထိုးချင်ရင် ကိုယ်တိုင်ထိုးနိုင်တယ်နော်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဘယ်တော့မှချည်ထိုးမှာမဟုတ်ဘူး"
ဆရာမဟွမ်က သင်ခန်းစာတွေကို ပြင်ဆင်ရပြီး အိမ်စာတွေစစ်နေရတာလေ။ ကလေးတွေအတွက် အဝတ်အစားတွေ ဘာကြောင့်ချုပ်ရမှာလဲနော်? အင်္ကျီချုပ်တာကိုထားလိုက်ဦး၊ ရင်ဘတ်ပေါ်မှာ "မုန်လာဥနီလေး"တစ်ခုပါ ချည်ထိုးရဦးမယ်တဲ့လားဟ။
ပျင်းစရာကြီး...
"ငါလုပ်လိုက်မယ် ငါပဲလုပ်မယ်" ဒီနှစ်မှာတော့ ကျန်းထွမ်ဟာ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့...
သူ ခြံအပြင်ဘက်မှာ အဝတ်တွေလျှော်နေရပြီး အိမ်ထဲမှာဆိုလည်း မီးဖိုချောင်ဝင်နေရတာပဲဟာ၊ တခြားအရာတွေရော သူလုပ်နိုင်တယ်မဟုတ်ပါလော...
သည့်အပြင် အိမ်မှာ စက်တွေပြင်၊ ခြင်းတောင်းတွေထိုးတာလဲ လုပ်ကြတာပဲလေ။ ဆရာမဟွမ်က အင်္ကျီမချုပ်ချင်ဘူးဆိုတော့ သူပဲ ချုပ်ရမှာပေါ့။ သူတို့အားလုံးက စစ်သားတွေပဲဟာ။ သူ့ကိုယ်တိုင်အတွက် စောင်ချုပ်ဖို့ အပ်တွေချည်တွေ ဘယ်သူကများ မကိုင်ဖူးလို့လဲ...
ဟွမ်ရှင်းရင်လည်း သူနောက်ပြောင်နေတယ်လို့ ထင်သွားပြီး "ရှင် တကယ်ကြီး အပ်ချုပ်စက်နင်းတော့မှာပေါ့လေ"
"ငါတို့သားအတွက်ပဲ ငါချုပ်ပေးရမှာပေါ့"
ကျန်းထွမ်မှာ အပြောတင်မဟုတ်ဘဲ အမှန်ပင် လက်တွေ့လုပ်ကိုင်သူဖြစ်၏။ အဝတ်အစားချုပ်တဲ့အခါ လုံးဝပြတ်သားသူပင်။ သူက ပိတ်စကို ဖြတ်ပြီး သူ့သားသွင်းသွင်းအတွက် အပေါ်ပိုင်းအဖြူ အောက်ပိုင်းအစိမ်းလေးပါတဲ့ ဝတ်စုံသေးသေးလေးကို ပြုလုပ်ခဲ့သည့်အပြင် ရင်ဘတ်ပေါ်မှာလဲ မုန်လာဥဝတုတ်လေးကိုတောင် ချည်ထိုးပေးခဲ့ပါသေးသည်။
ဟေး... ကျန်းချန်ပေ့ရဲ့ လက်ရာက အရမ်းကောင်းတာပဲ။
ဟွမ်ရှင်းရင်က ခင်ပွန်းဖြစ်သူချုပ်ထားတဲ့ အဝတ်အစားကို မြင်တဲ့အခါ သူ့အားလေးစားသွားခဲ့သည်။
ကျန်းချန်ပေ့ ဂုဏ်ယူစွာဖြင့် ကြွားဝါလိုက်ပြီး "ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးမှာ ရှိတဲ့အရာတွေက ငါတို့သွင်းသွင်းမှာရော ဘာလို့မရှိရမှာလဲ?"
"ဒီမုန်လာဥကကြီးတယ်ဆိုတာ မင်းမြင်လား?"
"ကြီးတယ်၊ အရမ်းကြီးတာပဲ"
ဟွမ်ရှင်းရင် ကလေးအင်္ကျီပေါ်က မုန်လာဥနီကြီးကို ကြည့်လိုက်ရင်း သူမရဲ့လောင်ကျန်းရဲ့ ခေါင်းမာမှုကို တကယ်နားမလည်တော့သလိုပင်။ "ရှင် ဘာလို့ မုန်လာဥကြီးကြီးထည့်လိုက်ရတာလဲ? ဟိုဘက်အိမ်ကလို ချစ်စရာခေါင်းကြီးကြီးငါးလေး ထည့်ချင်တာမဟုတ်ဘူးလား?"
ဟွမ်ရှင်းရင် မုန်လာဥကြီးကိုမြင်သောအခါ သူမတို့သားလေး မုန်လာဥစားပြီးနောက် နံစော်နေတာကို ပြန်တွေးမိသွားလေပြီ။
"ဒီမိန်းမကတော့လေ မင်းနားမလည်ဘူးလားကွာ? မင်း ငါးကိုပဲချည်ထိုးလိုက်ရင် တခြားသူနောက်ကလိုက်လုပ်သလိုဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား"
"ငါတို့သားလေး သွင်းသွင်းက အစွမ်းထက်ဆုံးပဲ။ ဟိုဘက်အိမ်က အမြွှာညီအကိုနှစ်ယောက်က မုန်လာဥစားရတာ ကြောက်တယ်မဟုတ်လား? ငါတို့ကလေးအင်္ကျီပေါ်မှာ မုန်လာဥရှိနေတော့ ဟီးဟီး... သူတို့ကိုကြောက်လန့်စေတာပေါ့ကွာ!"
ပထမအစမှာတင် သူတို့ရဲ့ သားသမီးတွေ အနိုင်ရဖို့ မျှော်လင့်နေကြတဲ့ မရေတွက်နိုင်တဲ့ မိဘတွေလိုပါပဲ၊ ကျန်းချန်ပေ့ကလည်း သူ့ကလေးတွေဟာ ကဏ္ဍပေါင်းစုံမှာ သူ့ပတ်ဝန်းကျင်ရှိ သက်တူရွယ်တူတွေထက် သာလွန်စေချင်မိသည်။
ယင်းသည်ကား မိဘတွေရဲ့ စွဲလမ်းမှုတစ်မျိုးပင်။
မဟုတ်ပါက သူ့သားအကြီးဆုံးကို ကျန်းရိချောင်လို့ နာမည်ပေးမှာမဟုတ်ဘူးလေ။
အိမ်တွင် ကျန်းထွမ် စက်ချုပ်နေသောအခါ သူ့သားသွင်းသွင်းလေးက သူ့အတွက် အင်္ကျီချုပ်ပေးနေတဲ့ သူ့အဖေဘေးမှာနေကာ ကြည့်ရှုနေခဲ့သည်။ အလုပ်ပြီးစီးသွားချိန်တွင် ကျန်းချန်ပေ့က သူ့သားလေးကို နမ်းလိုက်ရင်း "ပါးပါးက သားလေးကို ကောင်းကောင်းဆက်ဆံတယ်လို့ သားထင်လား? သားအတွက် ပါးပါးကိုယ်တိုင်ချုပ်ပေးတယ်နော်"
"အွန်း အွန်း" သွင်းသွင်း ခေါင်းညိတ်ပြလိုက်သည်။
ကျန်းထွမ်၏ ပန်းချီစွမ်းရည်မှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ အရင်က တီကောင်တွေပါတဲ့စာအုပ်ကို ရေးဆွဲခဲ့သလို ကြက်ဟင်းခါးနဲ့ မုန်လာဥတို့ကြားက စကားဝိုင်းရုပ်ပုံစာအုပ်တစ်အုပ်ကိုလည်း ရေးဆွဲခဲ့သည်။ မုန်လာဥပုံဆွဲစကေးကတော့ တနေ့ထက်တနေ့တိုးတက်လာသည့်အပြင် ချည်ထိုးစွမ်းရည်လည်းရှိတာကြောင့် သူ့သားလေးအတွက် မုန်လာဥကြီးကြီးပါတဲ့ အင်္ကျီလက်တို ၂စုံ၊ ၃စုံလောက် ချုပ်ပေးလိုက်သည်။
"ရိချောင် သားအတွက် ပါးပါးကို အင်္ကျီချုပ်ပေးစေချင်လား?"
"မလိုပါဘူးဗျာ" ကျန်းရိချောင်က အရွယ်နည်းနည်းကြီးလာပြီဖြစ်၍ သူ့အဖေချုပ်ပေးတဲ့ မုန်လာဥကြီးပါတဲ့ အင်္ကျီတွေကို ဝတ်ရမှာ ရှက်ရွံ့နေခဲ့သည်။
"သားမလိုချင်ဘူးဆိုလဲ မေ့လိုက်ပါတော့ "
အဝတ်အစားသစ်တွေကို လျှော်ဖွပ်ပြီးသွားလေပြီ။ ကလေးတွေအများကြီး မူကြိုအတူတူသွားကြဖို့အတွက် ချင်းရို့လည်း သူမရဲ့ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကို ခေါ်လာခဲ့သည်။ ကလေးနှစ်ယောက်ဟာ သူတို့ရင်ဘတ်ပေါ်မှာ ရေမှုတ်ထုတ်နေတဲ့ ဝေလငါးလေးတွေရှိနေကြပြီး၊ လီချင့်ဟွားမိသားစုရဲ့ ထျောင့်ထျောင့်လေးတွင် ငါးမန်းကြီးတစ်ကောင်ရှိနေကာ၊ ဆရာမဟွမ်ရဲ့ သွင်းသွင်းလေးမှာ မုန်လာဥကြီးရှိနေလေရဲ့။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က သွင်းသွင်း အင်္ကျီပေါ်က မုန်လာဥကြီးကို စိုက်ကြည့်နေလျက် "…"
မင့်ကိုယ်ပေါ်မှာ မုန်လာဥကို ဘာလို့ချုပ်ထားရသလဲဆိုတာ ငါ နားကိုမလည်တော့ဘူး။
"ဆရာမဟွမ် သွင်းသွင်းအင်္ကျီတွေကို ဆရာမချုပ်ထားတာလားဟင်? အရမ်းလက်ရာမြောက်တာပဲနော်"
ဟွမ်ရှင်းရင် ခေါင်းညိတ်၍ ပြုံးပြလိုက်ပြီး ဘာမှထွေထွေထူးထူး ရှင်းပြမနေခဲ့ပေ။
"ကျွန်မတို့ကလေးတွေက မုန်လာဥစားရတာ ကြိုက်တာကြောင့် မုန်လာဥကြီး ချုပ်ပေးခဲ့ကြတာပါ။ မုန်လာဥကလည်း ပိုပြီးရိုးရှင်းတယ်လေ"
သွင်းသွင်းက တခြားကလေးတွေရဲ့ ရင်ဘတ်ပေါ်ရှိ ငါးလေးကို ကြည့်ရင်း "မားမား သားငါးလိုချင်တယ်..."
ဆရာမဟွမ်: "..." ဒါပေမယ့် မင်းအဖေက မင်းအတွက် မုန်လာဥပဲ ချုပ်ချင်နေတာလေလို့။
မတရားခံရသလို ခံစားနေရသည်မှာ သွင်းသွင်းတင်မကဘဲ ရွှယ်ရှောင်ဟွေ့ခေါ်လာတဲ့ ဝမ်နျန်နျန်လည်း အတူတူပင်။ အခြားကလေးတွေရဲ့ ရင်ဘတ်ပေါ်မှာ "ပန်းတွေ" ရှိကြသော်လည်း သူမမှာတော့မရှိချေ။
ဝမ်နျန်နျန်က သူမလက်လေးကိုမြှောက်၍ ရင်ဘတ်ပေါ်က အင်္ကျီကိုပွတ်ပြီးမှ သူမမေမေထံမော့ကြည့်လိုက်ပြီး "မားမား မုန်လာဥ..."
သူမလေးဟာ ငါးတွေကိုကြောက်ရွံ့ပြီး မုန်လာဥကိုတော့ သဘောကျလေရဲ့။
"ကောင်းပါပြီရှင်၊ မားမားပြန်ရောက်ရင် သမီးအတွက် မုန်လာဥလုပ်ပေးမယ်နော်"
သွင်းသွင်းက အခြားကလေးတွေလည်း သူ့ရဲ့ မုန်လာဥကြီးကို ကြိုက်နှစ်သက်ကြောင်း တွေ့ရှိပြီးနောက် ပြဿနာဆက်မရှာတော့ချေ။
ယောက်ျားလေး သုံးယောက်နဲ့ မိန်းကလေးနှစ်ယောက်ပါတဲ့ ကလေးအုပ်စုလေးဟာ မူကြိုအတူတူတက်ကြလေပြီ။
xxx