အခန်း (၂၂၁)
Vol. 19 Ch. 221
ဖက်ထုပ်လေးက တာ့ချန်လို့ ခေါ်လိုက်ရာ အကိုဖြစ်သူကျိုးကျိုးကလည်း တာ့ချန်လို့ လိုက်ခေါ်ပေးသည်။ ထိုအခါ ကလေးမလေးနှစ်ယောက်လည်း အတူတူခေါ်လိုက်ကြလေ၏။
"ဟယ်လို တာ့ချန်ရေ"
"ငါက တာ့ချန်ပဲ!" ကျန်းသွင်းသွင်းလေးက ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို ပုတ်နေလေသည်။
သူ့နာမည်ပြောင်မှာ သွင်းသွင်းဖြစ်ပြီး နာမည်အပြည့်စုံကတော့ ကျန်းအာ့ဟန်ဖြစ်၏။ သူ့နာမည်ပေးဖို့အတွက် ကျန်းချန်ပေ့နဲ့ သူ့ဇနီးလည်း ဦးနှောက်ခြောက်ခဲ့ရတယ်လို့ ပြောခဲ့ကြသေးသည်။ အကြီးဆုံးသားကို ရိချောင်လို့ နာမည်ပေးထားခဲ့ပြီး သူတို့ရဲ့ ဒုတိယသားကိုရော ဘယ်လိုနာမည်မှည့်သင့်သလဲ? ညီအကိုသံယောဇဥ်ရှိပြီးတော့ အဓိပ္ပာယ်ကောင်းကောင်းရှိစေမယ့်နာမည်လေးတစ်ခုပေါ့။
ကျန်းချန်ပေ့က နာမည်များစွာကို စဉ်းစားခဲ့ပြီး အကြီးဆုံးသားကို ရိချောင်လို့ခေါ်ပြီး ဒုတိယသားကို "တာ့ချန်"လို့မှည့်လိုက်၏။ သူတို့နှစ်ယောက်နာမည်ဟာ အလွန်အစွမ်းထက်ပုံရသော်လည်း ဆရာမဟွမ်က သားဖြစ်သူကို ကျန်းတာ့ချန်လို့ နာမည်မှည့်ဖို့ ငြင်းဆန်ခဲ့သည်။
ဒီလိုနဲ့ လူကြီးနှစ်ယောက်လည်း ထပ်စဉ်းစားကြည့်လိုက်ပြီး သူတို့ရဲ့သားလေးကို ကကျန်းအာ့ဟန်လို့ ပေးလိုက်သည်။ တစ်ယောက်ကို ချောင်၊ နောက်တစ်ယောက်ကို ဟန်လို့ခေါ်ကြပြီး ဒုတိယကလေးနာမည်ကတော့ ပိုမိုရိုးစင်းသလို ဟန်ချက်ညီပါသည်။
သို့သော် သွင်းသွင်းက ကလေးတွေနဲ့ ပြိုင်ဆိုင်ရာတွင် သူ့ကို "တာ့ချန်"လို့ခေါ်ရင် ပိုပြီးအစွမ်းထက်တယ်လို့ ခံစားရ၍ပင်။
တာ့ချန်... နားထောင်ရတာ အရမ်းသန်မာသလိုပဲဟေ့!!
ငါ့အစ်ကိုရိချောင်လိုမျိုးပေါ့။
"တာ့ချန်!!"
ယခုအခါ ဟွားသော်သော်၊ ဟွားရန့်ရန့်၊ ကျန်းတာ့ချန်တို့ရှိနေကြလေပြီ။ ချင်းရို့မှာ သူမသားနှစ်ယောက်လည်း လိုက်ပြောင်းလိမ့်လေမလားလို့ သိချင်နေမိလျက်။
လူအုပ်ရဲ့အကျိုးသက်ရောက်မှုအတိုင်း ကလေးပေါက်နှစ်ယောက်လည်း နာမည်ပြောင်းလိမ့်လေမလား...
ချင်းရို့က သူမအား သူတို့လေးတွေက "မား သား ချောင်ရွှိုက်ရွှိုက်ဖြစ်ချင်တယ်၊ သားကို ချောင်ကျွင်းကျွင်းလို့ခေါ်စေချင်တယ်" လို့ပြောလာမှာ လွန်စွာစိုးရိမ်နေမိလျက်။
…
ဟား ဟား ဟား …
ချင်းရို့က လောလောဆယ် သူမဘေးမှာ ဗီဒီယိုကင်မရာမရှိတာကြောင့် ဝမ်းနည်းနေရုံသာ။ မဟုတ်ပါက သူမရှေ့က ကလေးတွေရဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်ထားပြီး နောက်အနှစ်နှစ်ဆယ်ကြာတဲ့အခါ သူတို့ကို ပြပေးလို့ရတာပေါ့နော်။
"မားမား..." ဖက်ထုပ်လေးက သူမကို ခေါ်လိုက်သည်။
ချင်းရို့ အပြုံးလေးနဲ့ "ဘာလို့လဲ... တို့ရဲ့ဖက်ထုပ်လေးရော နာမည်ပြောင်းချင်လို့လား" လို့ မေးလိုက်သည်။
ဖက်ထုပ်လေးက ရည်မှန်းချက်ကြီးစွာဖြင့် "သားက ကျိုးကျိုးဖြစ်ချင်တာ!"
ကျိုးကျိုး: "သားက ဖက်ထုပ်လေးပါ"
ချင်းရို့: "ကောင်းပါပြီ ကောင်းပါပြီရှင်၊ ရှင်လေးတို့သဘောပါပဲကွယ်"
ညီအကိုနှစ်ယောက်ဟာ သိပ်ကွာခြားမှုမရှိပါချေ။ မည်သို့ပင်ဆိုစေကာမူ အပြစ်ကင်းစင်ဆုံး၊ လှည့်စားရလွယ်ကူပုံရတဲ့ တစ်ယောက်ဟာ ဖက်ထုပ်လေးပဲဖြစ်မှာ။
ကလေးနှစ်ယောက်က အရင်ကထက် ပိုထွားလာပုံရသည်။
"လာကြကွယ်... သော်သော်၊ ရန့်ရန့်၊ တာ့ချန်၊ ကျိုးကျိုး၊ ဖက်ထုပ်လေးတို့ရေ တန်းစီကြ၊ ဓာတ်ပုံရိုက်ပေးမယ်နော်!"
ကလေးလေး၅ယောက်ဟာ အရပ်မြင့်ရာမှ ပုရာသို့ တန်းစီလိုက်ကြရာ ငါးလေး၃ကောင်နဲ့ မုန်လာဥလေး၂လုံးဖြစ်သွားလေပြီ။
ချင်းရို့လည်း ကလေးလေးတွေကိုကြည့်ရင်း ရယ်မောချင်နေတာကို အတင်းအောင့်ထားလိုက်ရသည်။
သူမက ကလေးတွေကို ဓာတ်ပုံရိုက်ပေးဖို့ ကင်မရာသွားယူလိုက်၏။ ဓာတ်ပုံရိုက်ပြီးနောက် ဓာတ်ပုံနောက်ဘက်မှာ ဤသို့စာရေးရန်စီစဉ်ထားခဲ့သည် : ၁၉၇၆ခုနှစ် ဇန်နဝါရီလ ~ လုကျိုးကျိုး၊ လုကျောင်ကျစ်၊ ကျန်းတာ့ချန်၊ လျိုသော်သော်၊ ဝမ်နျန်နျန် ~
...
"ဘာလို့ ဒီလိုဖြစ်သွားရတာလဲ?"
ကုချန်သည် သူ့ဘ၀မှာ သူလုပ်ခဲ့တဲ့နောင်တအရဆုံးအရာကို ပြောရပါလျှင် တောင်တရုတ်ပင်လယ်ကို ပြောင်းရွှေ့ပြီး တပ်မဟာတစ်ခုရဲ့ လက်ထောက်ကပ္ပတိန်အဖြစ် လျှောက်ထားမိခဲ့ခြင်းပင်။
ဘယ်လိုတပ်မဟာမျိုးလဲ?
-ကပ္ပတိန်လုယန်ရှိတဲ့တပ်မဟာ...
ဤနာမည်ကိုမြင်သောအခါ ကုချန်မှာ သွေးပင်အန်ချင်သွားရသည်။ သူ့ဘဝမှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူတကယ်မထင်ထားမိခဲ့ချေ။ သူသည် နှစ်ပေါင်းများစွာကြာ သူ့အလုပ်တွင်သာ သူ့ကိုယ်သူမြှုပ်နှံထားခဲ့ပြီး သူ ကြိုးကြိုးစားစားလုပ်ကိုင်နေခဲ့ရင် လုယန်အပေါ်နင်းခြေနိုင်ပြီး သူ့အရှေ့မှာ ကြွားဝါပြနိုင်မယ်လို့ တွေးခဲ့သည်။
အဆုံးမှာတော့ သူ့ရဲ့လက်ထောက်အဖြစ် အလုပ်လုပ်ဖို့ အဆုံးသတ်သွားတာတဲ့လား?
"တိုက်ဆိုင်လိုက်တာ ညီအစ်ကိုရေ မင်းဖြစ်နေတာပဲ" အရင်လက်ထောက်ကပ္ပတိန်ပြောင်းရွှေ့သွားပြီးနောက် လုယန်လည်း သူ့ရဲ့လက်ထောက်ကပ္ပတိန်အသစ်ဖြစ်သူနဲ့ တွေ့လိုက်ရသည်။ မမျှော်လင့်စွာပင် ထိုသူဟာ အသိအကျွမ်းဟောင်းဖြစ်နေခဲ့ပါသေးသည်။
အရင်တုန်းက သူ့အနောက်မှာရှိနေတတ်တဲ့ ညီလေးကု မဟုတ်လားကွာ... ဟားဟား
လုယန်က ကုချန်ပုခုံးပေါ်မှာ လက်တင်လိုက်ပြီး တောက်ပစွာပြုံးလျက် "ငါတို့က အသိအကျွမ်းဟောင်းတွေပဲ။ ငါတို့နှစ်ယောက် အလုပ်အတူတူတွဲလုပ်ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူးကွာ။ ကုချန်ရေ အခုကစပြီး အောင်မြင်မှုတွေရအောင်လို့ အတူတူအလုပ်ကြိုးစားကြမယ်။ ဒီအကိုကြီးက ရာထူးတိုးသွားရင် မင်းအတွက်လည်း ရာထူးတစ်နေရာချန်ထားပေးမှာပါကွ"
လက်ထောက်ကပ္ပတိန်ဟောင်းမှာ စီနီယာတစ်ဦးဖြစ်တာကြောင့် လုယန်လက်အောက်တွင် အလုပ်မလုပ်လိုခဲ့ပေ။ လုယန်ရဲ့ အတွေးအမြင်တွေနဲ့ ကြိမ်ဖန်များစွာမကိုက်ညီခဲ့ပေမယ့် လုယန်က ကဏ္ဍပေါင်းစုံမှာ ကောင်းကောင်းညှိနှိုင်းနိုင်ခဲ့သည်။ ယခုအခါ ထိုလက်ထောက်ကပ္ပတိန်မှာ ပြောင်းရွှေ့သွားပြီဖြစ်ပြီး ဆန္ဒမရှိသော အသိမိတ်ဆွေဟောင်းတစ်ဦးနှင့် အစားထိုးသွားသော်လည်း လုယန်ကတော့ ထိတ်လန့်မနေခဲ့ချေ။
ကုချန်မှာ အစွမ်းအစရှိပြီး အထောက်အကူကောင်းတစ်ဦးဖြစ်ကြောင်း သူသိပါ၏။ သူတို့ရေတပ်၌ စည်းလုံးညီညွတ်ရေးကို အထူးအလေးထားသည်။ နောက်ဆုံးတော့ သူတို့အားလုံးဟာ တူညီတဲ့လှေပေါ်က နှံကောင်တွေပဲလေ။ လှေတိမ်းမှောက်ခဲ့ပါက သူတို့အတူတူရုန်းကန်ရမယ်၊ တစ်ယောက်တည်းတိုက်ခိုက်နေရတာမှမဟုတ်ဘဲ။
ကုချန်: "…"
ပြောရသည်မှာ လွန်စွာမသင့်လျော်သော်ငြား သူကတော့ အထက်ကခေါင်းဆောင်တွေဟာ ချီးစားပြီးမှ ဒီလိုဆုံးဖြတ်ချက်မျိုးကိုချခဲ့တယ်လို့ ခံစားနေမိသည်။ (သူတင်းနေတာ 😆)
"ကပ္ပတိန်လု ငါတို့တွေ အနာဂတ်မှာ ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ"
ကုချန်လည်း သူ့ကံကိုစမ်းသပ်ဖို့ ဒီကိုရောက်လာတာပဲလို့တွေးလိုက်ရင်း တွန့်လိမ်နေတဲ့အပြုံးတစ်ပွင့်ကို မနည်းအားတင်း၍ ညှစ်ထုတ်ရန် ကြိုးစားလိုက်ရ၏။ *ဟယ်တုန်းမှာ အနှစ်သုံးဆယ်၊ ဟယ်ရှီးမှာ အနှစ်သုံးဆယ်ပေါ့ကွာ... တစ်နေ့တော့ လုယန်ကို သူ့ရဲ့လက်ထောက်ဖြစ်စေနိုင်မှာပါ။ (* တစ်နေ့ကျ ဖုန်းရွှေပြောင်းလာပြီး ကံကြမ္မာပြောင်းလဲလာနိုင်မယ်လို့ ပြောချင်တာပါ)
ကုချန် ဒါကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ တွေးကြည့်ရအောင်ပါ၊ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံဖို့ နေ့ရက်တွေအများကြီးရှိဦးမှာပါလေ။
လုယန်က အိမ်ထောင်ကျပြီးဖြစ်သလို ငရုတ်သီးဇနီးလေးနဲ့ ကလေးနှစ်ယောက်ရှိနေတာပဲ။ လုယန်ရဲ့ ဘေးကျပ်နံကျပ်နေ့ရက်တွေကို သူ မျက်စိတပ်အပ်မြင်နိုင်တော့မယ်လို့ ထင်နေမိသည်။
ကုချန် သူတို့ရဲ့ရေတပ်သို့ ပြောင်းရွှေ့လာသည်နဲ့ အခြေစိုက်စခန်းက ချက်ချင်းပင် ပရိုမိုးရှင်းဓာတ်ပုံရိုက်ရန် စီစဥ်လေ၏။ ကပ္ပတိန်လုယန်၊ လက်ထောက်ကပ္ပတိန်ကုချန်၊ နိုင်ငံရေးအရာရှိလောင်ကျန်းတို့ဟာ အထက်ကစီစဥ်ဖွဲ့စည်းပေးထားတဲ့ လူငယ်ကေဒါအဖွဲ့တစ်ဖွဲ့ပင်။
မရေမတွက်နိုင်သော နိုင်ငံရေးရာအလုပ်များကို လုပ်ဆောင်ပြီးနောက် ကုချန်က နောက်ဆုံးတွင် လက်ရှိအဖြစ်မှန်ကို လက်ခံခဲ့ပြီး လျစ်လျူရှုဟန်အမူအရာဖြင့် ပရိုမိုးရှင်းဓာတ်ပုံရိုက်ရန်အတွက် လုယန်နှင့်အတူ ရပ်နေခဲ့သည်။
ပရိုမိုးရှင်းဓာတ်ပုံကို ရိုက်နေချိန်တွင် ကျန်းမာရေးအမျိုးသမီးရဲဘော်ဝန်ထမ်းများနှင့် ရေတပ်အနုပညာအမျိုးသမီးရဲဘော်အဖွဲ့ဝင်များလည်း အပျော်သဘော လာရောက်ကြည့်ရှုကြပြီး "ခေါင်းဆောင်နှစ်ယောက်ကို ကြည့်ပါဦး၊ အရမ်းချောလိုက်တာဟယ်။ ငယ်လည်းငယ်သေးတယ်နော်" လို့ အားလုံးက ချီးမွမ်းပြောဆိုနေကြလေသည်။
"ကပ္ပတိန်လုက အိမ်ထောင်ကျပြီးသား၊ ကလေးနှစ်ယောက်ရှိတယ်။ စဉ်းစားမနေနဲ့တော့ဟဲ့။ ကပ္ပတိန်ကုကတော့ အခုထိ အိမ်ထောင်မပြုရသေးဘူးဆိုပဲ၊ နင်တို့မှာ အခွင့်အရေးရှိသေးတယ်နော်"
"ကပ္ပတိန်လုက ပိုကြည့်ကောင်းတယ်နော်"
"ကပ္ပတိန်ကုက အရမ်းအေးစက်သလိုကြီး။ သူနဲ့ ပေါင်းသင်းဆက်ဆံဖို့ သိပ်မလွယ်လောက်ဘူးနော်"
…
နိုင်ငံရေးအရာရှိကျန်းလည်း လုယန်နဲ့ ကုချန်ဘေးမှာ ရပ်လိုက်ပြီး သူ့လက်တွေကို စိတ်လှုပ်ရှားစွာ ပွတ်၍ "ကပ္ပတိန်၊ ငါ-လောင်ကျန်းက မကြာခင်မှာ ပြောင်းရွှေ့ရလိမ့်မယ်လို့ မင်းထင်လား? မင်းတို့အတွက် နိုင်ငံရေးအရာရှိချောချောလေးအသစ်တစ်ယောက် ရွေးပေးမှာပါကွာ"
"မဟုတ်ရင် ငါ-လောင်ကျန်းက ငါတို့အဖွဲ့ရဲ့ အဆင့်ကို နိမ့်ကျသွားစေတယ်လို့ အမြဲခံစားနေရလို့"
"လောင်ကျန်းရေ ကိုယ့်ကိုကိုယ် မနှိမ့်ချပါနဲ့ဗျာ။ တကယ်တော့ မင်းက ကြည့်မကောင်းတာမဟုတ်ပါဘူး"
"... ဒါတော့အမှန်ပဲ၊ ငါငယ်ငယ်တုန်းကဆို ငါက ရွာကအဒေါ်ခုနစ်ယောက်၊ ရှစ်ယောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ သားမက်ကောင်းတစ်ယောက် ဖြစ်ခဲ့တာလေ"
ကုချန်က သူတို့စကားပြောနေသည်ကို ဂရုမစိုက်သလို နားထောင်ခဲ့သည်။ "…"
"လောင်ကုရေ မင်းဘာလို့ စကားမပြောတာလဲ? နှစ်တွေကြာလာတာနဲ့အမျှ မင်းဘာလို့ စကားပြောနည်းလာရတာလဲကွာ"
ဒေါသတွေပြည့်နှက်နေရင်တောင်မှ သူ စကားပြောနေရသေးဆဲ။
"ကပ္ပတိန်လု ငါတို့ ရှေ့ဆက်ဘာတွေလုပ်ကြမလဲဆိုတာ ဆွေးနွေးကြရအောင်..."
ကုချန်သည် သူဘယ်နေရာရောက်ရောက်၊ သူ့အလုပ်ကို ဇောက်ချလုပ်ကိုင်နေသူတစ်ဦးပင်။
ချင်းရို့က အသစ်ထုတ်ထားတဲ့ ပရိုမိုးရှင်းဓာတ်ပုံတွေကို မြင်သောအခါ အထက်က ခေါင်းဆောင်တွေဟာ တော်တော်လေးအမြင်ရှိတာပဲလို့ ရုတ်တရက် ခံစားလိုက်ရသည်။ ရေတပ်အဖွဲ့၌ လုယန်အဖွဲ့၏ လက်ထောက်ကပ္ပတိန်အသစ်ကုချန်ဟာ ပြီးခဲ့တဲ့တွေ့ဆုံပွဲ၌ တွေ့ခဲ့ရသူပင်။ လုယန်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူဟာ အလွန်ကြည့်ကောင်းသူဖြစ်ပြီး အိမ်ထောင်မပြုရသေးပေ။ လုယန်နဲ့အတူတူယှဥ်ရပ်နေရာ နှစ်ဦးသားရဲ့ ချောမောခန့်ညားမှုနဲ့ ခပ်မိုက်မိုက်ခြေတံရှည်တွေဟာ လူတွေကို မျက်စိကန်းစေလုမတတ်ပင်။
သူရောက်ပြီးသိပ်မကြာခင်မှာပဲ မိသားစုခြံဝင်းရှိ ညီအစ်မတစ်သိုက်ဟာ အခြေအနေကို စုံစမ်းမေးမြန်းဖို့ ချင်းရို့ဆီ ရောက်လာခဲ့ကြပြီး ကုချန်ကဲ့သို့ အမျိုးသားအရာရှိတစ်ယောက်ကို မိတ်ဆက်ပေးဖို့ အောင်သွယ်တော်လုပ်ခိုင်းစေချင်ကြပါသေးသည်။
"နင့်လောင်လုက ရှောင်ကုကို ဘယ်အချိန်ထမင်းစားဖိတ်မလဲဟင်?"
"ရှောင်ကုက ဘယ်ဇာတိလဲ?"
"ရှောင်ကုမှာ သူကြိုက်နေတဲ့တစ်ယောက်ယောက်ရှိလား?"
xxx