အခန်း (၂၂၄)
Vol. 19 Ch. 224
၁၉၇၆ ခုနှစ်တွင် လပြက္ခဒိန်၏ တတိယမြောက်လ၏ သုံးရက်မြောက်နေ့တွင် ချင်းရို့ ကလေးလေးနှစ်ယောက်ကို တာ့ကျောင်းရွာရှိ အစ်မဖြစ်သူအိမ်သို့ ခေါ်သွားခဲ့သည်။
လပြက္ခဒိန်၏ ဒုတိယမြောက်လ၏ နှစ်ရက်မြောက်နေ့တွင် နဂါးခေါင်းဟာ မြှင့်တက်လာပြီး တတိယမြောက်လ၏ သုံးရက်မြောက်နေ့တွင် *ရွှမ်ယန် မွေးဖွားလာခဲ့သည်။ ယင်းကား ကြီးကျယ်သောနေ့ရက်တစ်ရက်ပင်။
(*ရွှမ်ယန်ဆိုတာက ဟွမ်တိ၊ အဝါရောင်ဧကရာဇ်၊ တရုတ်ပြည်ရဲ့ ဒဏ္ဍာရီလာခေါင်းဆောင်တစ်ဦးပေါ့၊ တရုတ်လူမျိုးတွေရဲ့ ဘိုးဘေးလို့လဲပြောလို့ရပါတယ်)
တခြားလူတွေက ထိုနေ့အကြောင်း ထိလွယ်ရှလွယ်မရှိကြသော်လည်း ကွမ်တုန်းပြည်နယ်ရဲ့ အနီးနားပြည်နယ်တွေကတော့ နှစ်စဉ်နှစ်တိုင်း မတ်လ ၃ ရက်နေ့တွင် သုံးရက်ကနေ ခုနစ်ရက်အထိ အားလပ်ရက်တိုလေးရကြသဖြင့် ထိုနေ့ရက်ဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာပြသဖို့ လုံလောက်သည်ပင်။
ဘာကြောင့် ပိတ်ရက်တွေများနေရတာလဲ? မတ်လ၃ရက်နေ့ပိတ်ရက်နဲ့ ချင်းမင်အားလပ်ရက်ဟာ မကြာခဏဆိုသလို ရက်ကပ်သွားတာကြောင့်ပေါ့။ ကုမ္ပဏီများနှင့် ကျောင်းများဟာ ပို၍အသိစိတ်ရှိပါက မတ်လ၃ရက်နေ့နှင့် ချင်းမင်အားလပ်ရက်တွေကို ပေါင်းလိုက်ပြီး ပျော်ရွှင်ဖွယ် ပိတ်ရက်၇ရက်ရနိုင်ပေသည်။
ချင်းရို့က အားလပ်ရက်ရှည်ကြီးကိုရကြတဲ့ တခြားပြည်နယ်မှ ဝန်ထမ်းတွေကိုကြည့်ရင်း အလွန်အားကျနေမိသည်။
ဟုတ်ပါတယ်၊ အခုချိန်မှာတော့ မတ်လ ၃ရက်နေ့အတွက် အားလပ်ရက်မရှိပေမယ့် တေးသီချင်းသီဆိုခြင်း၊ ထမင်းရည်သောက်ခြင်း၊ ဝါးတိုင်အကကပြခြင်း စသည့် ရိုးရာပွဲအခမ်းအနားပွဲများ ကျင်းပတတ်ကြသည်... ရွာမှာ လီဇူလူမျိုးများစွာရှိပြီး ချင်းရို့အား စူကာသီးပျိုးပင်တွေပေးခဲ့တဲ့ အဒေါ်ဖူကလည်း လီဇူလူမျိုးပင်။ လီဇူလူမျိုးအများစုတွင် ဖူမျိုးရိုးရှိကြ၏။
ဟိုးတုန်းက ချင်းရို့ ချုံကျိုးကျွန်းမှ အတန်းဖော်တစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူမရဲ့ မျိုးရိုးအမည်မှာလည်း ဖူဖြစ်သည်။ သူမကိုယ်သူမ မိတ်ဆက်လိုက်တဲ့အချိန်တိုင်း အရမ်းစိတ်ဝင်စားဖို့ကောင်းလှ၏။
မင်းရဲ့မျိုးရိုးနာမည်ကဘာလဲ?
ငါ့မျိုးရိုးနာမည်က ဖူပါ။
မတ်လ ၃ရက်နေ့တွင် ပွဲကျင်းပကြသည်မှာ လီဇူလူမျိုးများသာမကပါပေ။ ချင်းရို့အမြင်အရ ကျွမ်း၊ ယောင် နှင့် မြောင်လူမျိုးစုများ၊ သို့မဟုတ် တစ်နည်းအားဖြင့် အနောက်တောင်ပိုင်းရှိ မျိုးနွယ်စုအများစုဟာ သူတို့ရိုးရာအရ ပိုမိုအရေးကြီးသော အားလပ်ရက်ဖြစ်သည့် မတ်လ၃ရက်နေ့ကို ကျင်းပကြလေသည်။
တောင်ပေါ်ကမိန်းကလေးများဖြစ်ကြတဲ့ ချင်းရို့နှင့် ချင်းမျန့်တို့လည်း မတ်လ ၃ ရက်နေ့တွင် ရိုးရာသီချင်းများကို နားထောင်လေ့ရှိကြသောကြောင့် မတ်လ ၃ရက်နေ့ကို ရိုးရာတေးဂီတပွဲတော်ဟုလည်း ခေါ်တွင်ကြသည်။
"ဒေါ်လေး ဒေါ်လေး!!"
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့က သူတို့အဒေါ်အိမ်ထဲကို ပြေးဝင်သွားကြကာ ပျော်မြူးစွာ အော်ဟစ်နေကြ၏။
အလုပ်ရှုပ်နေတဲ့ချင်းမျန့်က ခေါင်းမော့လာကာ ချင်းရို့အား ပြုံးပြလိုက်ပြီး "အားမိန့် ကလေးတွေနဲ့ရောက်လာပြီပဲ"
"လာကြ၊ မြန်မြန်၊ ငါ ဒီမှာ မုန်ညင်းကြက်ဥပြုတ်လုပ်ထားတယ်၊ နင်တို့ တစ်ယောက်တစ်လုံးစီ မြန်မြန်လာစားကြ"
"ငါ စောစောက လတ်လတ်ဆတ်ဆတ်ဂေါ်ဖီထုပ်သွားခူးထားပြီး ဂေါ်ဖီဆန်ကိတ်လုပ်ထားတယ်။ နင်တို့စားလို့ရတယ်နော်"
ယနေ့ ချင်းရို့က သူမကလေးတွေကို စားသောက်ဖို့ ခေါ်လာခဲ့ခြင်းပင်။ မုန်ညင်းကြက်ဥပြုတ်ကို သူမ မကြိုက်ပေမယ့် ဂေါ်ဖီကောက်ညှင်းဆန်ကိတ်ကိုတော့ သူမကြိုက်လေသည်။ ဂေါ်ဖီကိုပြုတ်ကာ ချေမွလိုက်ပြီး ကောက်ညှင်းမှုန့်ထည့်၍ မုန့်ညက်ကို ဘောလုံးသဏ္ဍာန်လိမ့်ကာ မြေပဲထောင်း၊ နှမ်းထောင်း၊ သကြားတို့နဲ့လိမ့်ကပ်လိုက်သည့်အခါ ကောက်ညှင်းဆန်ကိတ်နဲ့ တူသွားလေပြီ။ နောက်ဆုံးအဆင့်ကတော့ ပိန္နဲရွက်ပေါ်မှာ ပေါင်းခြင်းပင်။ ပိန္နဲရွက်ပေါ်မှာ ကောက်ညှင်းဆန်ကိတ်ပေါင်းလိုက်တဲ့အခါ အလွန်မွှေးပျံ့လှသည်။
"အခုလေးတင် အိုးထဲကထုတ်ထားတာ၊ မပူအောင် သတိထားဦးနော်"
ချင်းရို့နှင့် ကလေးတွေလည်း ကြက်ဥကို စားပစ်လိုက်ကြပြီး ကောက်ညှင်းဆန်ကိတ်တစ်ခုစီ ကိုင်ထားကြလျက်။ ကောက်ညှင်းဆန်ကိတ်အောက်မှာ ပိန္နဲရွက်ရှိနေတာကြောင့် လက်အပူမလောင်အောင်လို့ ပိန္နဲရွက်လေးကနေ ကိုင်ထားရင်း လေမှုတ်နိုင်ပါသည်။
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရေ ဖြည်းဖြည်းစားနော်"
"မားမား အနံ့အရမ်းမွှေးနေတာပဲနော်"
"အနံ့လား? ပိန္နဲရွက်အနံ့လေးပဲလေ"
ချင်းရို့က ခေါင်းငုံ့ကာ နှာခေါင်းနဲ့ အနံ့ခံကြည့်လိုက်ပြီးမှ သူမလက်ထဲက ကောက်ညှင်းဆန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်ရာ ကောက်ညှင်းအသားလေးက နူးညံ့စေးကပ်နေပြီး အနည်းငယ်ခါးသက်သက်ရှိနေလျက်။ အပေါ်ယံကိုကိုက်လိုက်သည့်အခါ အတွင်းပိုင်းမှ သကြားအရသာပေါ်လာလေပြီ။ သကြားရည်ကို နှမ်းစေ့နှင့် မြေပဲစေ့များဖြင့် အုပ်ထားကာ အနံ့လေးမှာချိုမြိန်မွှေးကြိုင်နေလေရဲ့။
ဒီလိုကောက်ညှင်းဆန်ကိတ်ကို စားတဲ့အခါ အပေါ်ယံနဲ့ အတွင်းပိုင်းကို တွဲဖက်စားသုံးရမယ်၊ ဒါမှ နူးညံ့စေးကပ်နေသလို အတန်ငယ် ခါးသက်သက်ဖြစ်နေပြီး သကြားအရသာချိုချိုလေးရနေကာ မြေပဲ၊နှမ်းစေ့တွေကိုလည်း တစ်ခါတည်းစားနိုင်တာကြောင့် အဆီမများလွန်းသည့်အပြင် ပိန္နဲရွက်က အနံ့မွှေးပျံ့ပြီး အရသာရှိလှသည်။
ဒီလိုကောက်ညှင်းဆန်ကိတ်ဟာ အရသာရှိသော်လည်း အများကြီးမစားနိုင်ပါချေ။ တစ်ခုစားပြီးရင် ထပ်မစားနိုင်တော့ဘူးလေ။
ကလေးနှစ်ယောက်ဖြစ်တဲ့ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကလည်း စားရတာကြိုက်ကြသလို သူတို့ဖေဖေကိုလည်း စားစေချင်နေကြ၏။
"ဖက်ထုပ်လေးရေ အဆာသွပ်တွေ၊ သကြားရည်တွေ ယိုကျလာတော့မယ်"
ကလေးတွေရဲ့လက်ကလေးဟာ သေးငယ်တာကြောင့် ကောက်ညှင်းဆန်ကိတ်ကို လက်ထဲမှာသေချာမကိုင်ထားနိုင်တဲ့အတွက် အထဲက သကြားရည်တွေ ပေါက်ထွက်လာခြင်းပင်။
ဖက်ထုပ်လေးက သူ့လက်လေးကို လျှက်လိုက်ရင်း သူ့အမေကို ပြုံးပြလိုက်၏။
"ချိုတယ်!"
"ချိုလား?"
ချင်းရို့ပြုံးပြီး ကလေးနှစ်ယောက်ရဲ့ မျက်နှာလေးကို ဆွဲဖျစ်လိုက်သည်။ ဒီနေ့တော့ ကြက်ဥနဲ့ ကောက်ညှင်းဆန်ကိတ်လေးစားရင်း ရိုးရာပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲလိုက်ရုံပါပဲ။ အစ်မချင်းမျန့်က ရိုးရာဓလေ့ကို သဘောကျသူပင်။ မတ်လ ၃ရက်နေ့တွင် မုန်ညင်းကြက်ဥနှင့် ဂေါ်ဖီကောက်ညှင်းဆန်ကိတ်ကိုစားခြင်းသည် "မြွေမျက်လုံးကို ရိုက်ခြင်း" "မြွေမျက်လုံးပေါ်မှာနင်းချေခြင်း" ဟု ခေါ်ဆိုလေသည်။
အနောက်တောင်ဘက် တောင်တန်းဒေသများတွင် မြွေပေါများလွန်းတယ်လို့ ဆိုကြချေသည်။
ဒီလိုမျိုးဆိုလိုရင်းကောင်းကောင်းရှိတဲ့အရာတွေကို ကလေးတွေကို ကျွေးထားရမှာပေါ့။
"ငါးရောင်ခြယ်ထမင်းလည်း ချက်ထားတယ်၊ နေ့လည်စာအတွက် ဝါးကျည်တောက်ထမင်း ချက်ရင်ရော ဘယ်လိုလဲ?" (Note: ရိုးရာပွဲတော်တွေမှာ အရောင်၅မျိုး (အနက်၊ အနီ၊ အဝါ၊ ခရမ်း၊ အဖြူ) ချက်ထားပြီးတော့ ဧည့်သည်တွေကို ဧည့်ခံတတ်ကြပါတယ်)
"ကောင်းပါပြီ မမရေ၊ ငါ ဝါးကျည်တောက်ထမင်းချက်ပေးမယ်လေ။ ဒီနေ့ ငါ ဝက်အူချောင်း၊ ပဲနဲ့ မုန်လာဥနီတွေ ယူလာခဲ့တယ်"
ဝါးကျည်တောက်ထမင်းမှာ ချင်းရို့၏အကြိုက်ဆုံးဖြစ်သည်။ ထင်းမီးနဲ့ချက်တဲ့ ဝါးကျည်တောက်ထမင်းဟာ အလွန်မွှေးကြိုင်လှသည်။ ဝါးကျည်တောက်ထမင်းသည်လည်း မြေအိုးထမင်းနဲ့ တူသော်လည်း အသားကင်ထပ်ထည့်လို့ရလေ၏။
ငါးရောင်ခြယ်ထမင်းဟာ မတ်လ ၃ရက်နေ့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော်လည်း အရောင်အဆင်းသာလှပ၍ အရသာသိပ်မရှိလှပေ။ ဟိုးတုန်းကလည်း သူမရဲ့ ကျွမ်းလူမျိုးသူငယ်ချင်းတစ်ယောက်က ချင်းရို့ကို ငါးရောင်ခြယ်ထမင်း ကျွေးခဲ့ဖူးပါသည်။ သူတို့မှာ ငါးရောင် ခြယ်ထမင်း ချက်ပြုတ်သည့်အလေ့အထရှိ၍သာ။
မြို့ထဲတွင် ခေတ်မီနည်းလမ်းဖြင့် ငါးရောင်ခြယ်ထမင်းချက်ပြုတ်ရာတွင် ထူးဆန်းသည့်အန္တရာယ်တချို့ဖြစ်ပေါ်တတ်၏။ ဥပမာဆိုရသော် ဆန်ကိုရေစိမ်ထားဖို့ သန့်စင်ရေးဆိုဒါကို စားလို့ရတဲ့ဆိုဒါအဖြစ် မတော်တဆမှားထည့်မိပါက စားလိုက်မိရင်... အလွန်အန္တရာယ်များသော အပြုအမူပင်။
"မုန်လာဥမထည့်နဲ့နော်၊ မုန်လာဥမထည့်ရဘူးနော်"
ကလေးငယ်နှစ်ယောက်က "မုန်လာဥ" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရသည်နဲ့ ချက်ချင်းပင် ဆူညံပူညံလုပ်ကြတော့သည်။
"ကောင်းပါပြီ ကောင်းပါပြီရှင်၊ မင်းတို့ရဲ့ ဝါးကျည်တောက်ထမင်းထဲကို မုန်လာဥမထည့်တော့ဘူး"
ချင်းမျန့်က ညီမဖြစ်သူနဲ့ တူလေးနှစ်ယောက်ကို ကြည့်ရင်း ပြုံးလိုက်၏။ သူမဆံပင်တွေကို နားရွက်နောက်မှာ သိမ်းလိုက်ရင်း "အားမိန့် နင့်ကလေးနှစ်ယောက်တောင် မကြာခင် လေးနှစ်ပြည့်တော့မှာနော်၊ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ကို ညီမလေးမပေးချင်ဘူးလား?" လို့ မေးလိုက်၏။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက လူကြီးတွေကို မော့ကြည့်ကာ စပ်စုစွာမေးလာလေသည်။ "ညီမလေးလား"
"မမရေ နင်ကျထပ်မမွေးချင်တော့ပေမယ့် ငါ့ကိုတော့ နောက်တစ်ယောက်ထပ်မွေးစေချင်နေတာပေါ့လေ"
ချင်းရို့သည် ယခုအချိန်အထိ ဒုတိယအကြိမ်ကလေးယူရန် မစဉ်းစားထားခဲ့ပေ။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း ငယ်ရွယ်နေသေးသည့်အပြင် လာမဲ့၈နှစ်အတွင်းမှာ သားဆက်ခြားခြင်းနည်းကို တရားဝင်အကောင်အထည်ဖော်သင့်သည်။
"ငါ့မှာ အကြီးဆုံးသမီး ကျွမ်းကျွမ်းရှိတယ်လေ။ နင့်မှာက သမီးမရှိသေးလို့ပါဟယ်။ နင့်ကလေးနှစ်ယောက်အတွက် ညီမလေး မမွေးချင်ဘူးလား"
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရော ညီမလေးလိုချင်လား"
"ညီမလေးလား"
"ထျောင့်ထျောင့်၊ နျန်နျန်လည်း သားတို့ညီမလေးပဲလေ..."
ချင်းရို့ "ထျောင့်ထျောင့်နဲ့ နျန်နျန်ဆိုတာ မိသားစုခြံဝင်းက ကလေးတွေပဲ၊ သူတို့ထက် နည်းနည်းငယ်ကြတယ်"
"သားတို့မားမားမွေးပေးတဲ့ ညီမလေးကမှ သားတို့ရဲ့ ညီမလေးအရင်းလေ။ အားမိန့်ရေ နင်မွေးလာမဲ့ကလေးမလေးက နင့်လိုပဲ လှပနေရင် သိပ်ကောင်းမှာပဲနော်။ သူ့အကိုနှစ်ယောက်က သူမလေးကို အလိုလိုက်ကြမှာ၊ ငါတို့ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက ညီမလေးကို ကောင်းကောင်းဂရုစိုက်နိုင်မှာ သေချာတယ်..."
"ဟုတ်တယ်မလား ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရေ"
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း "အမ်း"လို့ မိန်းမောနေရင်း ပြန်ဖြေလိုက်ကြသည်။
ချင်းရို့ ပြုံး၍ တစ်ကိုယ်တည်း တွေးနေမိလျက်၊ ဒီအရူးလေးနှစ်ယောက် အထူးသဖြင့် ဖက်ထုပ်လေးဟာ အစ်ကိုကြီးဆီက အလိုလိုက်ခံရတာကို သဘောကျနေပြီး ညီမလေးပါ ထပ်လိုချင်နေသေးတယ်ပေါ့လေ။
ချင်းမျန့် သွေးဆောင်လိုက်သေးသည်။ "သားတို့မှာ ညီမလေးတစ်ယောက်ရပြီးရင် ဖက်ထုပ်လေးက အစ်ကိုကြီးဖြစ်လာလိမ့်မယ်နော်"
"ကောကော?" ဖက်ထုပ်လေးရဲ့ မျက်လုံးများ တောက်ပလာပြီးနောက် မသိစိတ်အရပြောလိုက်ပေသည်။ "သားက ကျိုးကျိုးပါ!"
"သားက ကျိုးကျိုးဟုတ်ဟုတ် မဟုတ်ဟုတ်၊ သားလည်း အကိုဖြစ်လာနိုင်တော့မှာလေ..."
ချင်းရို့ သူမအား တားလိုက်ပြီး "မမရေ သူတို့ကို မစပါနဲ့တော့။ နင် ဘာတွေပြောနေတာလဲဟာ။ မမ ငါအလုပ်ရှုပ်နေလို့ ကလေးမမွေးသေးဘူး"
ထိုအခိုက်တွင် အပြင်ဘက်မှ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ "ဒေါ်လေး ဒေါ်လေး!!! သားတို့ ပြန်ရောက်ပါပြီ!!"
ယမန်နေ့က ရှမင်ရှီးသည် သူ့ညီအစ်ကိုကောင်း ချန်ကျင်းရိအိမ်မှာ လာကစားခဲ့သည်။ ယနေ့ မတ်လ ၃ ရက်နေ့တွင် တစ်ရွာလုံး အထူးတလည်တက်ကြွနေကြသဖြင့် ဒီကလေးတွေ အရူးအမူး ဆော့ကစားနေကြလေသည်။
xxx