← Chapters

အခန်း (၂၂၇)

Vol. 19 Ch. 227

အခန်း (၂၂၇)

Vol. 19 Ch. 227

သမီးလေးမွေးချင်တယ်ဆိုရင်တော့ အခုအချိန်က ကွက်တိပင်။ အခုကိုယ်ဝန်ရှိရင် နောက်နှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်မှာ မီးဖွားနိုင်လိမ့်မယ်လေ။ အားလုံးက အစီအစဉ်ကျကျဖြစ်ရမှာပေါ့။ နောက်ခုနစ်နှစ်၊ ရှစ်နှစ်ကြာတဲ့အထိစောင့်လိုက်ရင် ပိုတောင်အလုပ်ရှုပ်လာမှာဆိုတော့ မသင့်တော်ဘူးပဲ...

သမီးလေးယူဖို့ စဉ်းစားသင့်သလား?

မွေးမလား? မမွေးဘူးလား?

လုယန် အိမ်ပြန်ရောက်သည့်အခါ သူ့ဇနီးလေး မျက်လုံးအောက်မှာ ညိုမဲနေတဲ့စက်ဝိုင်းကြီးနှစ်ခုကို တွေ့လိုက်ရသည်။ ကပ္ပတိန်လု စိုးရိမ်တကြီး မေးမြန်းလိုက်၏။

"မိန်းမရေ ဘာဖြစ်လို့လဲ?"

"ကျွန်မကောင်းကောင်းအိပ်လို့မရဘူး၊ ကျွန်မ အိပ်မပျော်တာနှစ်ရက်ရှိပြီ"

ချင်းရို့ လုယန်လက်မောင်းကို ပွေ့ဖက်လိုက်ရင်း မျက်လုံးမှိတ်၍ သူမခေါင်းလေးကို သူမယောက်ျားရင်ဘတ်ပေါ်မှာ မှီလိုက်သည်။

"ဘာတွေစိတ်ပူနေတာလဲ? မင်းရဲ့လုကော ရှိတယ်လေကွာ"

ချင်းရို့လည်း ပုလဲမွေးမြူရေးအကြောင်းကို မပြောနိုင်သေးတာကြောင့် အရေးကြီးကိစ္စနောက်တစ်ခုကို ပြောပြလိုက်သည်။

"မမက ကျွန်မတို့ကို သမီးလေးမွေးဖို့ တိုက်တွန်းနေတာ၊ ဒီနှစ်ရက်လုံး ကျွန်မ အဲဒီအကြောင်းကို စဉ်းစားနေမိရော"

သမီးလေးလိုချင်ရင် အခုအချိန်က အကောင်းဆုံးအချိန်ပင်။ သို့သော်... သူမက သမီးလေးလိုချင်တယ်ဆိုတာနဲ့ သမီးလေးက ရနိုင်ပါ့မလားလို့? ဒုတိယကလေးကရော ဆိုးသွမ်းတဲ့ကောင်လေးပဲဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ? ဒါဆို သူမတို့မိသားစုမှာ ကောင်လေးသုံးယောက်ရှိသွားမှာပေါ့။ ဘုရားရေ... ဒါက သမီးလေးလိုချင်တဲ့ဆန္ဒ ပျက်စီးသွားရုံသာမက ယောက်ျားလေးသုံးယောက်ကိုပါ ပြုစုပျိုးထောင်ရတော့မှာလေနော်။

ချင်းရို့က ဒီကိစ္စအတွက် စိတ်ပူနေတာကြောင့် လုယန်လည်း သူမနဖူးလေးကို နမ်းလိုက်ပြီး "မင်းဘယ်လိုထင်လဲ? မင်းကလေးထပ်မလိုချင်တော့ဘူးလို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား? မင်းအစ်မက ဘာပြောလိုက်လို့ မင်းရဲ့စိတ်တွေယိမ်းယိုင်သွားရတာလဲ?"

"ကိုယ်တို့မှာ ကျိုးကျိုးလေး၊ ဖက်ထုပ်လေးတို့နဲ့ လုံလောက်ပါတယ်ကွာ"

ယခုအခါ ကလေးနှစ်ယောက်က ကြီးပြင်းလာပြီဖြစ်၍ မိဘတွေက သူတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်အများကြီးပေးစရာမလိုတော့ပေ။ ကလေးမရှိတဲ့ ပျော်ရွှင်ဖွယ်စုံတွဲဘဝကို ပြန်လည်ရရှိလာလေပြီ။ သူတို့မှာ နောက်ကလေးထပ်ရှိလာရင် နောက်လေးငါးနှစ်လောက် အလုပ်ကြိုးစားရဦးမယ်။ အိမ်ပြန်ရောက်တာနဲ့ ကလေးအနှီးတွေကို လျှော်ရလိမ့်မယ်။

ကပ္ပတိန်လုကတော့ တတိယ​ကလေးယူရန် စိတ်ကူးမရှိပါချေ။

ချင်းရို့: "…"

"ဒါပေမယ့် သမီးလေးလိုချင်တယ်လို့"

အရင်က မပြောဖူးရင်တော့ အဆင်ပြေပေမယ့် အခု သမီးလေးအကြောင်း စိတ်ကူးယဥ်မိတဲ့အခါ ပိုတွေးလေလေ ချစ်စရာကောင်းပြီး ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရဖို့ ပိုမျှော်လင့်လာလေလေပင်။

လုယန် ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ သူမနဖူးကို သူ့နဖူးနဲ့ ထိထားရင်း "မင်းလိုချင်ရင် ကိုယ်တို့ရမှာပါကွာ"

"ဒါပေမဲ့ သမီးလေးမမွေးရင် ဘယ်လိုလုပ်မလဲ?"

သမီးမွေးမလား သားမွေးမလားဆိုတာ သူတို့ ထိန်းချုပ်နိုင်တဲ့ကိစ္စမှမဟုတ်ဘဲ။ ဖြစ်နိုင်ချေ ၅၀-၅၀ပဲလေ။ အမှန်တကယ်တော့ နောက်ထပ်သားလေးတစ်ယောက်ရလည်း မဆိုးပါချေ။ သူမစိုးရိမ်မိသည်မှာ နောက်ထပ်အမြွှာကိုယ်ဝန်ရလာမှာကိုပါပဲ။ နောက်ထပ် ဆင်တူတဲ့ အမြွှာယောကျ်ားလေးမွေးလာရင် ဘယ်လိုလုပ်မတုန်း?

ထိုနေ့ရက်များတွင်...

တစ်စုံတစ်ယောက်က သူမအား မေးတတ်သည်။ "ရှောင်ချင်းရေ ကလေးတွေကို နင် ဘယ်ကလက်ကားဝယ်တာလဲဟေ့? နင် ကိုယ်ဝန်ရှိတုန်းက ကော်ပီမုဒ်လုပ်ထားတာလားတော်"

"ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိစ္စမရှိပါဘူး"

"မတူဘူးလေ၊ ကျွန်မတို့မှာ သမီးလေးတစ်ယောက် လိုအပ်တယ်လို့ဆို"

"ကပ္ပတိန်လုရေ ရှင့်ကံကြမ္မာမှာ သမီးလေးရမယ်လို့ ရှင်ထင်လား?"

"မင်းရဲ့ကံကြမ္မာမှာ သမီးလေးရှိရင် ကိုယ့်မှာလည်း ရှိလိမ့်မယ်"

ယခုတော့ မေးခွန်းမှာ ချင်းရို့ဆီသာ ပြန်လည်လာ၏။ ကလေးမွေးမလား၊ မမွေးဘူးလား?

ချင်းရို့လည်း ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကို မေးလိုက်သည်။ "သားတို့ ညီမလေးလိုချင်လား?"

"ဖက်ထုပ်လေး သားက အစ်ကိုဖြစ်ချင်တာမလား?"

ကျိုးကျိုး: "သား နျန်နျန်လို ညီမလေးတစ်ယောက်လိုချင်တယ်"

ဖက်ထုပ်လေး: "သားက ကောကောလေ!"

ချင်းရို့ သူမတူလေးဖြစ်သူ ရှမင်ရှီးကို မေးလိုက်ပြန်သည်။ "အတန်းဖော်ရှီးရှီးရော ဘယ်လိုသဘောရလဲ?"

ရှမင်ရှီး အလွန်စိတ်လှုပ်ရှားစွာဖြင့် "ဒေါ်လေးရေ သား ဝမ်းကွဲညီမလေးတစ်ယောက်လိုချင်တယ်!!!"

ချင်းရို့: "…"

…

မိသားစုဝင်တွေရဲ့ သဘောထားမှာ မသိမသာထောက်ခံနေကြသည်ပင်။ သူတို့မိသားစုတွင် မိန်းမများထက် ယောကျာ်းတွေ ပိုများနေပြီး ချိန်ခွင်လျှာမညီတာ အချိန်အတော်ကြာခဲ့ပါပြီ။ မိသားစုတွင် ယောကျ်ားလေးယောက်ရှိပြီး မိန်းမဆိုလို့ သူမတစ်ယောက်တည်းသာ။ သမီးလေးတစ်ယောက်မွေးလိုက်ရင် သူမလေးက အစ်ကိုတွေအများကြီးရှိတဲ့ ညီမငယ်လေးဖြစ်လာလိမ့်မယ်။

"ဒါဆို တစ်ယောက်လောက်ထပ်မွေးကြည့်ရအောင်!"

ချင်းရို့ ထပ်မံ၍အလောင်းအစားလုပ်လိုက်ပြန်သည်။ နောက်ဆုံးတစ်ခေါက်တုန်းက သူမ အိမ်ထောင်ရေးအတွက် အလောင်းအစားလုပ်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ဘုရားသခင်ကောင်းချီးပေးမယ်လို့ မျှော်လင့်ထားခဲ့သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ချင်းရို့ နောင်တရမနေတော့ဘဲ ဘေဘီလေးမြန်မြန်ရအောင်လို့ လုယန်အား ဆွဲခေါ်သွားတော့သည်။ သူတို့လုပ်မယ်ဆိုရင် မြန်မြန်လုပ်ရမယ်လေ။ ဘာပဲဖြစ်ဖြစ် ဒီခေတ်ကာလမှာ ကိုယ်ဝန်ရဖို့အတွက် သက်သက်ပြင်ဆင်နေစရာမှမလိုဘဲ။ ချင်းရို့၏ နေ့စဉ်စားသောက်မှုပုံစံမှာ ကျန်းမာရေးကောင်းမွန်လှ၍ ကိုယ်ဝန်အတွက် တမင်ပြောင်းလဲရန် မလိုအပ်ပါချေ။

အသက် ၃၀အရွယ် ကပ္ပတိန်လုသည်လည်း ငယ်ရွယ်ပြီး သန်မာနေဆဲ။ ကိုယ်ဝန်တစ်ကြိမ်ရှိဖူးပြီဖြစ်တဲ့ ချင်းရို့က မေလရောက်တော့ သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ ခံစားခဲ့ရသော်လည်း တစ်လမပြည့်သေးတာကြောင့် ဆေးရုံမှာသွားမစစ်ဆေးနိုင်ခဲ့သေး။

ချင်းရို့လည်း သူမရဲ့ နေ့စဉ်စားသောက်မှုအပေါ် အာရုံစိုက်လာခဲ့သည်။ ဇွန်လတွင် လုယန်က သူမကို ဆေးစစ်ရန်အတွက် ဆေးရုံသို့ လိုက်ပို့ပေးခဲ့သည်။ ဆရာဝန်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်းပြောပြခဲ့လေသည်။

သူတို့မိသားစုရဲ့ တတိယမြောက်ကလေးကို ကြိုဆိုရတော့မှာပေါ့!

လောလောဆယ်တော့ ကလေးဟာ အမြွှာတွေဟုတ်မဟုတ် မပြောနိုင်သေးတာကြောင့် လအနည်းငယ်ကြာပြီးမှ ပြန်စစ်ရမည်ဖြစ်သည်။

ချင်းရို့ ခုတစ်ကြိမ်မှာတော့ အမြွှာမလိုချင်
တော့ပါချေ။ ကလေးတစ်ယောက်ဆို လုံလောက်ပါပြီနော်၊ သူမ နောက်ထပ်ကလေးနှစ်ယောက်ကို မထိန်းချင်တော့ဘူးလို့။

လုယန်ပြုံး၍ သူမအား နှစ်သိမ့်ပေးလာခဲ့သည်။ "နောက်ထပ်ယောကျ်ားလေးအမြွှာလား? ဘယ်လိုလုပ်ပြီး ဒီလောက်တိုက်ဆိုင်မှာလဲကွာ။ စိတ်မပူပါနဲ့၊ ဖြစ်နိုင်ချေက အရမ်းနည်းပါတယ်"

ချင်းရို့: "ဘယ်လောက်ပဲ ဖြစ်နိုင်ခြေနည်းနည်းပေါ့၊ ဖြစ်နေသရွေ့တော့ ဖြစ်နိုင်ချေက 100%ပဲလို့"

"ဇနီးလေးရေ အရမ်းကြီးမတွေးပါနဲ့ကွာ။ မင်းရဲ့လုကောပြောတာ နားထောင်နော်၊ မှန်များများကြည့်ပေး၊ ဒါမှ ကိုယ်တို့အနာဂတ်သမီးလေးက သူမရဲ့ မားမားနဲ့ တူမှာပေါ့..."

"ဒါက တကယ်ဖြစ်နိုင်လို့လား?"

ချင်းရို့ ပြုံးပြီး လုယန်ရဲ့မျက်နှာကို ကိုင်ကာ ထပ်ခါထပ်ခါကြည့်လိုက်သည်။

"ပြီးသွားပြီ၊ ကျွန်မ နေ့တိုင်းမြင်နေရတာ ရှင့်မျက်နှာနဲ့ ကလေးတွေရဲ့မျက်နှာတွေပဲလေ။ ကျွန်မသမီးလေးက ရှင်တို့သားအဖသုံးယောက်နဲ့ တူသွားရင်... အဲဒါလည်း သိပ်မဆိုးဘူးနော်"

"မင်းနဲ့တူတဲ့ သမီးတစ်ယောက်ရှိလာမှာ"

လုယန်: "ကိုယ်တို့သမီးလေးကို မင်းနဲ့တူဖို့ ကိုယ်မျှော်လင့်မိနေတုန်းပဲ။ မင်းလိုမျိုး လှပချောမောစေချင်တယ်၊ မင်းလိုမျိုး အသံချိုချိုလေးရှိပြီးတော့ သီချင်းကောင်းကောင်းဆိုတတ်စေချင်တယ်။ သူမလေး အနုပညာကျောင်းတက်ချင်ရင် အနုပညာကျောင်းတက်ခွင့်ပေးလိုက်မယ်လေ"

လုယန်သည် သူ့မှာ ဂီတစွမ်းရည်အနည်းငယ်ရှိနေသေးတယ်လို့ တွေးလိုက်မိရင်း ပျော်ရွှင်စွာ အကြိမ်အနည်းငယ် လေချွန်နေပါတော့သည်။

ချင်းရို့: "ကလေးက သမီးလေးဖြစ်နေသရွေ့ ရှင်နဲ့အမြွှာလေးတွေလို သီချင်းဆိုရင်တောင် ကိစ္စမရှိပါဘူး"

ရဲဘော်ရှောင်ချင်း၏ ရည်မှန်းချက်မှာ မကြီးမားလှပါပေ။

"ဒီလောက်အဆိုးမြင်မနေပါနဲ့ကွာ" လုယန်လည်း သူမကို နှစ်သိမ့်ပေးနေရင်း "နောက်ဆို အိမ်မှာ မင်းရဲ့ ကလေးတွေကို သီချင်းများများဆိုပြသင့်တယ်"

လုယန်နှင့် ချင်းရို့တို့က သူမရဲ့ကိုယ်ဝန်သတင်းကို ရှမင်ရှီး၊ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့အား ပြောပြလိုက်သည်။ ကလေးသုံးဦးစလုံး ကြားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားကြလေ၏။

ရှမင်ရှီးအသံမှာ အကျယ်လောင်ဆုံးပင် - "ကျွန်တော် ဝမ်းကွဲညီမလေးရတော့မယ်ဟေ့! ဝမ်းကွဲညီမလေး!! ဒေါ်လေးရေ ဒေါ်လေးနဲ့တူတဲ့ ဝမ်းကွဲညီမလေးတစ်ယောက် မွေးပေးနော်"

ကျိုးကျိုးလေးကတော့ အတည်ငြိမ်ဆုံးပင်။ သူက ဖက်ထုပ်လေးကို ပွေ့ဖက်လိုက်ကာ "မင်း အစ်ကိုဖြစ်တော့မယ်"

ဖက်ထုပ်လေး မရမကဟန်ဖြင့် "ငါက အစ်ကိုပဲလေ!"

ကျိုးကျိုး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "ဒါက ငါတို့ညီမလေးပဲ"

"ညီမလေး!"

ကလေးတွေသိသွားကြသည့်နောက် အစ်မဖြစ်သူနဲ့ခဲအိုတို့မိသားစုလည်း သိသွားကြလေပြီ။ ချင်းမျန့်က သူမကို ရယ်မောကာဖြင့် "ဧပြီတုန်းက နင်ပဲ နောက်ကလေးမလိုချင်သေးဘူးဆို။ ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီး ကိုယ်ဝန်ရသွားပြီပေါ့လေ။ မတ်လေးက နင့်ကို ဆွဲဆောင်လိုက်တာလားဟဲ့"

"ငါကိုယ်တိုင်လိုချင်လို့ပါဟယ်"

"သမီးလေးတစ်ယောက်ရရင် ပိုကောင်းမှာနော်။ နင့်မှာ ချွတ်စွပ်တူတဲ့ အမြွှာမိန်းကလေးတွေ မွေးလာမလားဆိုတာ ဘယ်သူသိမလဲဟယ်"

"နှုတ်ဆက်ပါတယ် မမရေ ဒီလိုကြောက်စရာကောင်းအောင်လို့ ငါ့ကို မခြောက်ပါနဲ့ဟာ။ ငါ သမီးလေးတစ်ယောက်ပဲ လိုချင်တာပါနော်။ ငါတို့တွေက ညီအစ်မတွေပဲဟာ၊ နင့်မှာ ကလေးသုံးယောက်ဆိုတော့ ငါ့မှာလည်း ကလေးသုံးယောက်ပေါ့လို့"

ချန်ကျွမ်းကျွမ်း၊ ချန်ကျင်းဟွနဲ့ ချန်ကျင်းရိတို့က သူတို့မှာ ဝမ်းကွဲလေးတစ်ယောက် ထပ်ရှိလာတော့မယ်လို့ သိလိုက်ကြတဲ့အခါ အားလုံးက ချင်းရို့အား ပျော်မြူးစွာ ဝန်းရံနေကြလျက် "ဒေါ်လေး၊ ကောင်းလိုက်တာ။ သား/မီးတို့မှာ ညီမလေးတစ်ယောက်ရတော့မယ်"

"ဒေါ်လေးလို ချစ်စရာကောင်းတဲ့ ညီမလေးပေါ့"

လုယန်နဲ့ ချင်းရို့တို့က သူမမှာ ကိုယ်ဝန်ထပ်ရှိနေကြောင်းကို လုယန်မိဘတွေဆီ မပြောပြရသေးပေ။ သို့သော် အတန်းဖော်ရှောင်မင်ရဲ့ ပါးစပ်လေးကတော့ မနေပါပေ။ သူက သူ့အမေ လုစန်းကျဲကို ပြောပြလိုက်တဲ့အခါ လုစန်းကျဲလည်း လုကျုံးရီနဲ့ ကျန်းဖျင်တို့ဆီ ဖုန်းခေါ်ပြီး ဖောက်သည်ချလိုက်တော့သည်။ သတင်းကြားလိုက်ရတဲ့ အဖိုးအဖွားလည်း ချက်ချင်း အလွန်ပျော်ရွှင်သွားခဲ့၏။

လုကျုံးရီ: "ငါ့မြေးမလေး... ဒါ မြေးမလေးပဲ ဖြစ်ရမယ်ကွ!!"

ရဲဘော်လောင်လုသည် ပိုင်မုန့်ကြီးတစ်ပိုင်းနဲ့ ရိုက်မိသွားသလို ခံစားခဲ့ရသည်။ သူက မြေးမလေးရလိုတဲ့စိတ်ကူးကို စွန့်လွှတ်ခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း သူ့ချွေးမလေးမှာ နောက်တစ်ကြိမ် ကိုယ်ဝန်ရလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။

"ဘေးအိမ်က လောင်ဝမ်ကို ငါသွားပြောလိုက်ဦးမယ်ကွာ"

လုကျုံးရီအသားအရေမှာ နီမြန်းနေကာ သူ့နောက်ကျောသည်လည်း ပုံမှန်ထက် ပိုဖြောင့်မတ်နေလျက်၊ သူ့ခေါင်းကို ခပ်မြင့်မြင့်မော့၍ ဘေးအိမ်သို့ လျှောက်သွားလိုက်သည်။ ကျန်ဖျင် အနောက်ကနေ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး "အရမ်းစောစောမပျော်နဲ့ဦးလေ"

မြေးမလေးမဟုတ်ဘဲ မြေးလေးပဲဖြစ်ရင် ဘယ်လိုလုပ်မလဲနော်?

မြေးလေးဖြစ်ရင်တောင် မိသားစုကို သာယာပျော်ရွှင်နေဦးမှာပါပဲလေ။

xxx

All Chapters