အခန်း (၂၃၃)
Vol. 20 Ch. 233
အမြွှာကိုယ်ဝန်တစ်ခါရှိခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာလည်း အမြွှာကိုယ်ဝန်ပဲဖြစ်၍ တစ်မိသားစုလုံး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ အတွေ့အကြုံတွေရှိနေပြီဖြစ်တာကြောင့် ချင်းရို့ကိုယ်ဝန်ရှိစဥ်ကာလတလျှောက်လုံး အလွန်သက်တောင့်သက်သာနေခဲ့ရသည်။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလည်း သူတို့မေမေရဲ့ ဗိုက်ကြီးကြီးကို မြင်ကြတဲ့အခါ သူတို့မေမေ ခက်ခဲနေကြောင်း သိလိုက်ရသဖြင့် သူတို့မေမေနဲ့ ညီမလေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် ကြင်နာတတ်သော ကောင်ငယ်လေးနှစ်ယောက်ဖြစ်လာကြတော့သည်။
မိခင်ဝမ်းတွင်းရှိ ကလေးတွေနှင့် ဆက်သွယ်ပြီး ညီမလေးတွေကို ပုံပြင်ပြောပြတတ်သည်။
"ငါးမန်းဘေဘီလေးတွေအကြောင်း ပြောပြမယ်!"
"မားမား သားညီမလေးတွေ ဘာလို့ထွက်မလာသေးတာလဲဟင်? သူတို့က ပိန္နဲသီးလောက်ကြီးနေပြီဟာ"
"မကြာခင်ပေါ့ကွယ်"
၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီ ၇ရက်၊ နေ့လယ်တွင် ချင်းရို့ မွေးဖွားတော့မည်ဖြစ်သည်။ သူမ၏ due dateနှင့် နီးကပ်နေပြီဖြစ်၍ အိမ်မှာပဲ အနားယူနေခဲ့ပြီး သူမဗိုက်အောင့်သလို ခံစားရတဲ့အခါ လောင်လုစုံတွဲနှင့် မိသားစုခြံဝင်းရှိလူများက သူမအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ညနေခင်းတွင် လုယန် သတင်းရသည်နှင့် ခွင့်တင်ကာ အမြန်ထွက်လာခဲ့ပြီး ဆေးရုံသို့ အပြေးလာခဲ့လေသည်။
တိုက်ဆိုင်စွာပင် မွေးခန်းတံခါးဝရှေ့ သူရောက်လာသည်နှင့် အထဲမှာ ဘေဘီလေးမွေးလာလေပြီ။ လုကျုံးရီနဲ့ ကျန်းဖျင် နှစ်ယောက်လုံး မတ်တပ်ရပ်လိုက်ကြ၏။ ချင်းရို့အစ်မဖြစ်သူ ချင်းမျန့်လည်း ရှိနေသလို ရှမင်ရှီး၊ ချန်ကျင်းရိ၊ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ပါ ရှိနေခဲ့သည်။
ဖက်ထုပ်လေးရဲ့ မျက်လုံးတွေ တောက်ပလာကာ "ဒါညီမလေးပဲ!"
လုကျုံးရီရဲ့ နှလုံးသားမှာ တုန်ယင်နေလျက်၊ ရလဒ်ကို သူမသိခင် သူ့တစ်ကိုယ်လုံး တုန်ယင်နေလေ၏။ သူ့ချွေးမလေးက ဘယ်လိုအမြွှာမျိုးမွေးမလဲ...
ဒုတိယကလေး ထပ်မွေးလာခဲ့ပြီ။
သူနာပြုဆရာမတစ်ဦး သားဖွားခန်းမှထွက်လာသည်နှင့် လုယန်က ဘာမေးခွန်းမှမမေးဘဲ သူ့ဇနီးလေးကို အရင်ဆုံးသွားတွေ့ခဲ့သည်။
အပြင်မှလူတစ်စုကတော့ သူနာပြုကို စိတ်အားထက်သန်စွာ ဝိုင်းကြည့်နေကြလျက်။
"ငါ့ချွေးမလေး ဘာလေးမွေးလဲ? ယောက်ျားလေးအမြွှာလား၊ မိန်းကလေးအမြွှာလား?"
အမျိုးသမီးသူနာပြု: "…"
အပြင်မှ မျက်လုံးပေါင်းများစွာ ကြည့်ရှုခံရခြင်းကြောင့် သူမ တုန်လှုပ်သွားရလျက်။ ဒီဘေဘီလေးရဲ့မေမေမိသားစုမှာ လူတွေအများကြီးရှိတာပဲဟဲ့။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက စိတ်လှုပ်ရှားစွာဖြင့် "ညီမလေးပဲဖြစ်မယ်!!"
သူနာပြု ငုံ့ကြည့်လိုက်တော့ အမြွှာညီအစ်ကိုနှစ်ယောက်ကိုတွေ့လိုက်ရပြီး အံ့အားသင့်သွားရလျက် "…"
"ဒီရဲဘော်၊ မင်းဘာလို့စကားမပြောတာလဲ?"
"အိုး…" သူနာပြုဆရာမ အာရုံပြန်ရောက်လာကာ "ဂုဏ်ပြုပါတယ် ဒါကအမြွှာညီအစ်မနှစ်ယောက်ပါ"
"သူတို့... ရုပ်တူကြတယ်နော်"
"ဒီနှစ်ယောက်က သူတို့ရဲ့ အစ်ကိုအရင်းတွေလား?"
ချင်းရို့ နိုးလာသောအခါ သူမဗိုက်ကို မသိစိတ်က စမ်းကြည့်မိသည်။ ဒါဟာ သူမရဲ့ မသိစိတ်ကအလေ့အကျင့်တစ်ခုပင်။ သူမဗိုက်ဖောင်းဖောင်းကြီးကို မထိမိတဲ့အခါမှ သူမ မွေးပြီးပြီမှန်း ရုတ်တရက် သတိရသွားလေပြီ။
- သမီးလေးနှစ်ယောက်တဲ့...
"နိုးပြီလား?"
လုယန် စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်၏။ သူက သူမဘေးမှာစောင့်ကြပ်ပေးနေခဲ့ပြီး သူ့မိန်းမရဲ့ လှုပ်ရှားသံကို ကြားလိုက်သည်နှင့် နိုးလာခဲ့သည်။ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်နေရင်း ချင်းရို့က သူ့အား ပြုံးပြလိုက်သည်။
လုယန်လည်း ချစ်မြတ်နိုးစွာကြည့်နေပြီး "မိန်းမ လှဲနေနော်၊ မလှုပ်နဲ့။ မင်းလိုချင်တာက လုကောကိုပြော"
"မင်းရဲ့အလုပ်ကြိုစားမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ"
"ကျွန်မတို့သမီးလေးတွေရော?"
ချင်းရို့ သူမဘေးမှာ အိပ်နေတဲ့ ကလေးသေးသေးလေးနှစ်ယောက်ကို မြင်လိုက်ရသည်။ ကလေးနှစ်ယောက်စလုံးက အရေပြားနီရဲရှုံ့တွနေပြီး မျက်လုံးမှိတ်၍အိပ်ပျော်နေကြလျက်၊ နှာခေါင်းသေးသေးလေး၊ မျက်လုံးပိစိလေးရှိပြီး တစ်ကိုယ်လုံးသေးသေးလေးပင်။
လင်မယားစုံတွဲဟာ မွေးခါစအမြွှာညီအစ်မလေးတွေကို ကြည့်ရှုနေကြလျက်။
ချင်းရို့ နှလုံးသားလေး နူးညံ့သွားရကာ အသေးလေးတွေရဲ့မျက်နှာလေးကို တိုထိကြည့်နေရင်း သူမရဲ့ ဆယ်လတာကြိုးစားအားထုတ်မှုမှာ အချည်းနှီးမဟုတ်ဘူးပဲလို့ ခံစားလိုက်ရ၏။ နောက်ဆုံးတော့ သူမ သမီးလေးရခဲ့ပြီဟေ့!!
တစ်ကြိမ်တည်းနဲ့ သမီးလေးနှစ်ယောက်...
သမီးလေးနှစ်ယောက်က တစ်ပုံစံတည်းပဲ...
ချင်းရို့: "..." သူမ ကိုယ်ဝန်ရှိတိုင်း copy pasteများလုပ်ထားမိသလား...
လုယန် ခေါင်းငုံ့ကာ သူမကို ပြုံးပြုံးလေးကြည့်ပြီး "ကိုယ်တို့သမီးလေးတွေက မင်းနဲ့တူတယ်လို့ ကိုယ်ထင်တယ်"
"အင်းလေ၊ သူတို့က ကျွန်မနဲ့တူတာပေါ့"
ဘေဘီလေးနှစ်ယောက်က ရုပ်ဆိုးနေသော်လည်း နှစ်ယောက်စလုံးက ချင်းရို့နဲ့တူတယ်ဆိုတာ ဝန်ခံရပေမည်။
- မွေးခါစမှာတော့ အရမ်းရုပ်ဆိုးတာပဲလေနော်...
"နောင်ကျ လှပတဲ့ကောင်မလေးနှစ်ယောက်ဖြစ်လာမှာပဲ"
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရော? သူတို့ညီမလေးတွေကိုတွေ့တော့ ဘယ်လိုတုံ့ပြန်ကြလဲ"
"ပျော်ကြတာပေါ့ကွာ၊ ကလေးတွေအားလုံး အရမ်းပျော်နေကြတာများ။ ညီမလေးလို့ခေါ်တဲ့သူတွေကခေါ်လို့၊ ဝမ်းကွဲလေးလို့ခေါ်တဲ့သူကခေါ်လို့ပဲ။ ပါးဆိုရင်လည်း... အခုက အရမ်းနောက်ကျနေလို့ပေါ့၊ မဟုတ်ရင် သူက လောင်ဝမ်ဆီ ဖုန်းခေါ်ဦးမလို့တဲ့လေ၊ မားက မနည်းဖျောင်းဖျလိုက်ရသေးတာ"
"သူ့မှာ မြေးမလေးရှိပြီလို့ သီချင်းတွေဆက်တိုက်ဆိုနေသေးတယ်ကွာ"
…
လုယန်ပြောပြတာတွေကို နားထောင်ရင်း ချင်းရို့မျက်နှာထက်တွင် နူးညံ့တဲ့အပြုံးလေးပေါ်လာခဲ့သည်။ လုယန်က အနားတိုးကာ သူမနှုတ်ခမ်းထောင့်လေးကို နမ်းလိုက်၏။
ချင်းရို့ အခုလေးတင် ကလေးမွေးထားသည်ဖြစ်၍ သူမအသားအရေမှာ သိပ်မကောင်းဘဲ ပုံမှန်ထက်အများကြီးဖြူဖျော့နေပြီး မျက်နှာလှလှလေးက ပြုံးနေတဲ့အခါ အနည်းငယ်မျက်တွင်းချောင်နေသလိုဖြစ်နေသဖြင့် လုယန်ကို စိတ်ဆင်းရဲစေခဲ့သည်။
လုယန် သူမလက်ကို ဆုပ်ကိုင်လိုက်သည်နှင့် သူ့လက်ဖဝါးမှ ပူပူနွေးနွေးအပူချိန်ဟာ ထိစပ်နေသော အရေပြားမှတစ်ဆင့် သူမခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ညဥ့်နက်နေပြီဖြစ်၍ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေလျက်။ ချင်းရို့က သူ့မျက်နှာချောချောလေးကိုထိရန် လက်မြှောက်လိုက်၏။ သူမကလေးမွေးပြီးပြီးချင်း အိပ်ရာနိုးလာချိန် သူမဘေးနားမှာ သူ့ကိုမြင်လိုက်ရတိုင်း သူမတကယ့်ကို ပျော်ရွှင်ရသည်ပင်။
"ရဲဘော်လု ရှင်ရောဘယ်လိုခံစားရလဲ?"
"ရှင့်မှာ သမီးတွေရှိပြီနော်"
လုယန် ပြုံးပြီး "ကိုယ်ပျော်တာပေါ့ကွာ၊ နောက်ဆုံးတော့ မင်းလိုချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ရပြီလေ"
"ရဲဘော်ချင်းကရော?"
"ဒါပေါ့ ကျွန်မလည်းပျော်တာပေါ့"
အိပ်မက်တွေ အမှန်တကယ်ဖြစ်လာလေပြီ။ သူမမှာ သမီးလေးတွေရှိပြီဆိုတော့ နောင်ကျ သူမသမီးလေးတွေကို ဂါဝန်လှလှလေးတွေ ဆင်ပေးနိုင်ပြီ၊ ကျစ်ဆံမြီးလေးကျစ်ပေးလို့ရပြီပေါ့... ကောင်းလိုက်တာ!
နောက်တစ်နေ့ အရုဏ်မတက်မီကတည်းက လုကျုံးရီ အိပ်ရာထကာ လောင်ဝမ်ဆီ ဖုန်းဆက်ချင်နေလေပြီ။
ကျန်းဖျင်: "လောင်ဝမ် မနိုးသေးဘူးလေ၊ ရှင်ဖုန်းခေါ်ရင်တောင် ဖြေမှာမဟုတ်လောက်ဘူး"
လုကျုံးရီ ရွေးချယ်စရာမရှိဘဲ သူ့ပါးစပ်ကို ထိန်းထားရင်း ယင်ကောင်လိုမျိုး လှည့်ပတ်လျှောက်သွားနေလေ၏။ ၁၀မိနစ်လောက်ကြာတော့ သူ ပြန်ထွက်လာကာ မေးပြန်သည်။ "လောင်ဝမ် အခုဆိုနိုးပြီလို့ မင်းထင်လား?"
ကျန်းဖျင်: "ခဏလောက်တိတ်တိတ်နေစမ်းပါ၊ လောင်ဝမ်က ရှင့်မှာ မြေးမလေးတွေရပြီဆိုတာ သိချင်နေမှာလည်းမဟုတ်ဘူးလေ"
"သူမသိချင်လို့ကို ငါပြောချင်နေတာပေါ့!" လုကျုံးရီက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
နောက်ဆုံးတော့ သူ့ဆီမှာ မြေးမလေးရှိလာပြီလေ!! သူ လောင်ဝမ်အရှေ့မှာ ကြွားကိုကြွားရမှာပဲ...
လုကျုံးရီ နေထွက်ချိန်အထိစောင့်ဆိုင်း၍ လောင်ဝမ်ဆီ ဖုန်းတစ်ဒါဇင်လောက်ခေါ်လိုက်ပြီးမှ လောင်ဝမ်ရဲ့ အသံကို သူကြားလိုက်ရသည်။
"လောင်လု မင်းရူးနေလားကွ"
"လောင်ဝမ်ရယ် ငါတို့က ညီအစ်ကိုကောင်းတွေဆိုတော့ သတင်းကောင်းကို မင်းကို ပထမဆုံးပြောပြချင်လို့ပါကွာ"
"ကောင်းပြီ ကောင်းပြီ၊ မင်းမှာ မြေးမလေးတစ်ယောက်ရှိပြီဆိုတာ ငါသိပြီ"
လောင်ဝမ် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ လောင်လု ဖုန်းဆက်လာပြီဆိုကတည်းက သူမျှော်လင့်သော သတင်းမဟုတ်ဘူးဆိုတာ သေချာသလောက်ရှိပြီလေ။ အချိန်ကိုတွက်ချက်ကြည့်လိုက်ပါက လောင်လုရဲ့ ချွေးမလေး ကလေးမွေးပြီဆိုတာ အသေအချာပဲ။
မြေးမလေးသာ မမွေးလာဘူးဆိုရင် လောင်လု ဒီလောက်စိတ်လှုပ်ရှားနေပြီး သူ့ဆီဖုန်းခေါ်လာမှာ မဟုတ်ဘူးလေ...
လောင်လု: "…"
လောင်ဝမ်က သူပြောချင်တာကို ကြိုပြောလိုက်၍ လောင်လု ငြီးငွေ့လာသလို ခံစားလိုက်ရသည်။
လောင်ဝမ်က သူ့မှာ မြေးမလေးတစ်ယောက်ရှိပြီမှန်း သိသော်လည်း ရုပ်ချွတ်စွပ်တူသော အမြွှာမြေးမလေးနှစ်ယောက်ရှိတာကိုတော့ မသိသေးပေ။
သူ့ကို အရင်စနောက်ရမယ်...
"မြေးမလေးတစ်ယောက်မဟုတ်ဘူးလို့ ငါပြောရင်ရော?"
မျှော်လင့်ထားသည့်အတိုင်း လောင်ဝမ် ဖုန်း၏အခြားတစ်ဖက်တွင် အံ့အားသင့်သွားလေပြီ
"မြေးမလေးမဟုတ်ဘူးလား? ဒါဆို မင်း ငါ့ကိုဘာပြောချင်တာလဲ"
"ရုပ်ချွတ်စွပ်တူတဲ့အမြွှာလေးတွေကွ!"
လောင်ဝမ် သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး "မင်းတို့လုမိသားစုက ဘယ်လိုဖုန်းရွှေမျိုးလဲကွ"
နောက်ထပ်ချွတ်စွပ်တူတဲ့အမြွှာတစ်စုံတဲ့လား....
အမြွှာညီအကိုတွေဆိုရင်... ဒါဆို အမြွှာညီအကိုနှစ်စုံပေါ့? ဒါကို ဘယ်သူကယုံရဲမှာလဲဟေ။ လောင်လု အရမ်းထူးဆန်းနေတာ မဆန်းပါဘူးလေ။
"မြေးမလေးနှစ်ယောက်ရတဲ့ဖုန်းရွှေကတော့... ဟီးဟီး... လောင်ဝမ်ရေ ငါ့မှာ မြေးမလေးနှစ်ယောက်ရှိသွားပြီဟေ့၊ မြေးမလေးနှစ်ယောက်လုံးက ရှောင်ချင်းနဲ့တူကြတာဆိုတော့ လှပတဲ့မြေးမလေးနှစ်ယောက်ဖြစ်လာမှာပဲ"
"ဂွပ်-"
တစ်ဖက်က လောင်ဝမ် တိုက်ရိုက်ပင်ဖုန်းချလိုက်၏ !!
ငါနားမထောင်ချင်ဘူး၊ နားမထောင်ချင်ဘူး၊ နားမထောင်ချင်ဘူးဟေ့။ မကြားရသရွေ့ လောင်လုမှာ အမြွှာမြေးမလေးတစ်စုံရှိတယ်ဆိုတာ မသိလိုက်ဘူးပဲ။
လောင်ဝမ် စိတ်ထဲတွင် ခါးသီးနေလျက်၊ နှင်းရိုက်ခံထားရသောခရမ်းသီးသဖွယ် အိမ်သို့ ပြန်ပြေးသွားလေ၏။ "သူ့ချွေးမလေးက မယုံနိုင်စရာပဲ!"
"ဘာကိစ္စရှိလို့လဲ? လောင်လုမိသားစုရဲ့ ချွေးမလေး မွေးပြီလား? ရှင့်မျက်နှာကိုကြည့်ရရင် လောင်လုမှာ မြေးမလေးတစ်ယောက်ရသွားပြီပေါ့။ ဟေး သူ့မှာ မြေးတွေအများကြီးရှိတာကို၊ အခု မြေးမလေးတစ်ယောက်ရှိချိန်တန်နေပါပြီလေ။ ဒီတော့ ရှင်သဘောထားသေးမနေနဲ့တော့"
လောင်ဝမ် သူ့နှုတ်ခမ်းကိုတွန့်လိမ်၍ "မင်းမသိပါဘူးကွာ၊ သူတို့လုမိသားစုမှာ ရုပ်ချွတ်စွပ်တူတဲ့ အမြွှာမြေးမလေးတစ်စုံရှိတာ"
လောင်ဝမ်မိန်းမလည်း အံ့အားသင့်သွားရ၏။ "နောက်ထပ်အမြွှာလား?"
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလိုမျိုးလား?"
လောင်ဝမ် စိတ်ပျက်လက်ပျက် ခေါင်းညိတ်ပြလိုက်၏။ သူ လောင်လုကို ဘယ်လိုမှမယှဥ်နိုင်တော့ဘူးကွာ...
"လုယန်အတွက် ဘယ်သူအောင်သွယ်လုပ်ပေးခဲ့တာလဲ? နောင်တစ်ချိန်ကျ ကျုပ်တို့မြေးကိုလည်း တစ်ယောက်လောက်မိတ်ဆက်ခိုင်းကြတာပေါ့"
"ငါ ငရုတ်သီးလေးလိုမျိုး လိုချင်တယ်ကွာ၊ ပိုစပ်လေလေ ပိုကောင်းလေလေပဲ!"
လောင်ဝမ်မိန်းမ: "..." အဲဒါကအရေးကြီးတဲ့အချက်မဟုတ်ဘူးလေ...
xxx