အခန်း (၂၃၅)
Vol. 20 Ch. 235
၁၉၇၇ ခုနှစ် သြဂုတ်လတွင် ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့သည် အသက်ငါးနှစ်ရှိကြပြီဖြစ်သလို သူတို့ညီမလေး သို့သို့ နှင့် ရုန်ရုန်တို့က ၆လပြည့်ပြီဖြစ်သည်။
ဟုတ်ပါတယ်၊ မိသားစုဝင်အသစ်လေးနှစ်ယောက်ကို "သို့ရုန်"လို့ နာမည်ပြောင်ပေးထားခဲ့သည်။ သူတို့မှာ ကျိုးကျိုးကောကောနဲ့ ကျောင်ကျစ်ကောကောတို့ရှိပြီးသားဆိုပေမယ့် ချိုမြိန်တဲ့ပဲအစာသိပ်လေးတွေ လိုနေသေးသည်လေ။
အကြီးမလေးသို့သို့နာမည်မှာ လုစီးယောင်ဖြစ်ပြီး အငယ်မလေးရုန်ရုန်နာမည်မှာ လုစီးနျင်ဖြစ်သည်။ ကလေးနှစ်ယောက်က တစ်ပုံစံတည်းတူကြတာကြောင့် ချင်းရို့လည်း သို့သို့ရဲ့ လက်ကောက်ဝတ်မှာ အနီရောင်ကြိုးလေး ချည်နှောင်ပေးထားလိုက်သည်။
ဤဘေဘီလေးနှစ်ယောက်က ၆လသာရှိသေးသော်လည်း ထထိုင်နိုင်နေပြီဖြစ်သလို အစာပျော့ပျော့လေးတွေစားလို့ရနေလေပြီ။ ညီအစ်မနှစ်ယောက်က တနေကုန် ဗလုံးဗထွေးတွေပြောရင်း ရယ်မောနေတတ်ကြပြီး သွားသေးသေးလေးတွေပေါက်နေခဲ့ပြီ။ ယခု ချင်းရို့က သူတို့နှစ်ယောက်အတွက် ဖြည့်စွက်စာတွေ စကျွေးနေပြီဖြစ်သည်။
လုမိသားစုရဲ့ ကလေးတွေအမှန်အကန်ပါပင်၊ ဘေဘီလေးတွေက သူတို့အစ်ကိုတွေလိုမျိုး ကောင်းကောင်းစားနိုင်ကြသည်။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ညီအကိုနှစ်ယောက်က မူကြိုမှပြန်လာသည်နှင့် ညီမလေးတွေနဲ့ ဆော့ကစားရန် အိပ်ယာဘေးတွင် စုရုံးနေကြသည်။
ပလုတ်တုတ်လေးတွေ တလှုပ်လှုပ်လုပ်ပြနေကြလျက်။
ဘယ်ဘက်က ကျိုးကျိုးလေးက "ညီမလေး ကောကောကိုကြည့်!"
ညာဘက်က ဖက်ထုပ်လေးကလည်း "ညီမလေး ကောကောကိုကြည့်နော်!"
"တ တာ့ တာ့ တာ့..."
ညီမလေးသို့သို့ နှင့် ရုန်ရုန်တို့က ဘယ်ကြည့်လိုက် ညာကြည့်လိုက်လုပ်နေရင်း စိတ်ရှုပ်ထွေးစွာ သွားရည်ယိုစီးနေကြ၏။ သူတို့လေးတွေက စကားမပြောနိုင်သောကြောင့် သူတို့ပြောချင်တာကို မဖော်ပြနိုင်ကြသော်လည်း...
ဘယ်ဘက်က ကောကောက ညာဘက်က ကောကောနဲ့ ဘာလို့တူနေရတာလဲ? လူတွေကို မှတ်မိအောင် သင်ယူစပြုနေသော ညီမလေးနှစ်ယောက်က အလွန်စိတ်ရှုပ်ထွေးနေရ၏။ ရုပ်တူနေတဲ့ကောကောတွေ ဘာလို့အများကြီးရှိနေရတာလဲလို့...
"အား အား အား ?"
"အိုင်း ယား ..."
ညီအစ်မနှစ်ယောက်က လူးလိမ့်ကာ အချင်းချင်း ပွေ့ဖက်နေကြပြီး တခစ်ခစ်ရယ်နေကြသည်။
ဘာလို့ ကောကောတွေကို ကြည့်ရမှာလဲ? ကြည့်လည်းအတူတူပဲဆိုတော့ မမ(ညီမလေး)ကိုပဲ ကြည့်တာ ပိုကောင်းသေးတယ်နော်...
သူမလက်လေးကို မြှောက်ကာ မမရဲ့ မျက်နှာလေးကို ပွတ်လိုက်ပြီးမှ လှိမ့်ကာ အပေါ်ကနေဖိထားလိုက်သည်။
ညီအစ်မနှစ်ယောက်ကြားတွင် အငယ်လေးက အကြီးလေးထက် ပို၍တက်ကြွကြောင်း ချင်းရို့ တွေ့ရှိခဲ့သည်။ အကြီးမလေးက အလွန်တည်ငြိမ်ပြီး သူ့ခြေထောက်တွေကို ဖြန့်ကား၍ အိပ်တတ်သည်။ အငယ်မလေးကတော့ ဟိုလှုပ်ဒီလှုပ်လုပ်ကာ ဗလုံးဗထွေးတွေပြောရင်း လက်ယမ်းလိုက်၊ ခြေထောက်ခါလိုက် အိပ်တတ်သည်ပင်။
အငယ်မလေးဟာ အကြီးမလေးရဲ့ အိပ်စက်မှုအရည်အသွေးကို အနှောင့်အယှက်ပေးတတ်သည်။
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက ဒီမှာ လက်ရေးလှလာလေ့ကျင့်မယ်နော်။ စာလုံးတွေကို နှစ်မျက်နှာလာရေးပြီးမှ ညီမလေးတွေနဲ့ ဆော့ရမယ်"
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက အသက်ငါးနှစ်ရှိပြီဖြစ်၍ စာလုံးများစွာကိုသိရှိနေပြီဖြစ်သလို ရိုးရှင်းသောပုံပြင်တိုလေးတွေကိုလည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေး မကြားချင်ယောင်ဆောင်ကာ ခေါင်းငုံ့ထားကြသည်။ သူတို့ စာရေးရတာကို သိပ်မကြိုက်ကြပေ။
ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတွေက နာနာခံခံလေးထိုင်ပြီး ရိုးရိုးသားသား စာရေးချင်စိတ်ရှိနေတာကမှ ထူးဆန်းနေမှာပင်။ စာကျက်တာထက်ယှဥ်ရင် အပြင်က ရွှံ့ထဲမှာဆော့ရတာ ပိုကြိုက်ကြသည်လေ။
"မားမား သားတို့ အပြင်ထွက်ပြီး တူတူပုန်းတမ်းဆော့တော့မလို့!"
မိသားစုခြံဝင်းထဲ၌ သက်တူရွယ်တူသူငယ်ချင်းများစွာရှိကြသည်။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့လည်း ခြံဝင်းထဲမှာ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်း၊ ကြက်တောင်ရိုက်စသဖြင့် ဆော့ကစားရတာကို နှစ်သက်ကြ၏။ လူပိုများလေလေ ပိုပျော်စရာကောင်းလေလေပဲလေ၊ အထူးသဖြင့် တူတူပုန်းတမ်းဆော့တဲ့အခါမှာပေါ့။
"လုဝေကျိုး စာရေးဖို့အတွက် ဖက်ထုပ်လေးကို ခေါ်လာခဲ့"
ကျိုးကျိုးက လိမ္မာပါးနပ်စွာဖြင့် ပြောလာလေ၏။ "လုဝေကျိုးက ဘယ်သူလဲနော်? သား သူ့ကိုမသိဘူး"
ဖက်ထုပ်လေးကလည်း "သားလည်း လုဝေကျယ်ကိုမသိဘူး!"
ချင်းရို့: "..." မေးစရာမလိုဘဲ ကိုယ့်ဘာသာ ဝန်ခံတယ်ဆိုတဲ့အဓိပ္ပါယ်ကို မင်းတို့သိရဲ့လား?
"မင်းတို့က မားရဲ့သားတွေလား? မားမှာ လုဝေကျိုးနဲ့ လုဝေကျယ်ဆိုတဲ့ သားနှစ်ယောက်ပဲရှိတယ်"
"သားက ကျိုးကျိုးလေးပါ!"
"သားက ဖက်ထုပ်လေးပါ!"
"မင်းတို့ မူလတန်းကျောင်းတက်တဲ့အခါ မင်းတို့နာမည်ကို ရေးရလိမ့်မယ်။ မင်းတို့ရဲ့အိမ်စာစာအုပ်မှာ နာမည်အပြည့်အစုံကို ရေးရမှာနော်"
ချင်းရို့ ကလေးနှစ်ယောက်ကို စားပွဲသေးသေးလေးဆီ ခေါ်သွားကာ ထိုင်ခိုင်းလိုက်ပြီး သူ့တို့နာမည်တွေကို နှစ်မျက်နှာရေးခိုင်းလိုက်သည်။
လုဝေကျိုး... လုဝေကျယ်...
"မားမား ပြီးပါပြီ!"
ကလေးနှစ်ယောက်စာရေးပြီးသောအခါ ချင်းရို့က ညီအကိုနှစ်ယောက်၏ "စုတ်ပြတ်နေသောလက်ရေး"ကို တွေ့လိုက်ရပြီး နာမည်ကိုတောင် ကောက်ကွေးနေအောင် ရေးထားလိုက်သေးတယ်။ ဘယ်လိုပြောရမလဲ... လုဝေကျိုးနဲ့ လုဝေကျယ် နာမည်တွေက ရေးရသိပ်မခက်ပါချေ။ စာလုံးတွေက ဘယ်ညာလိုင်းတွေနဲ့ ဆွဲရတာ လွယ်ကူပါ၏...
လုဝေကျိုးဆိုသော စာလုံးသုံးလုံးကို အက္ခရာခြောက်လုံး "လုဝေကျိုး"အဖြစ် ရေးသားနိုင်ပြီး "ကျိုး"စာလုံးဆိုလည်း ဘယ်ဘက်က ရေစက်သုံးစက်မှာ ညာဘက်က "ကျိုး" စာလုံးအပေါ် ထပ်တင်လိုက်သည့်အလား။
"ကျိုး" ဟူသော စာလုံးကို အနီးကပ်လေ့လာကြည့်လိုက်ပါက လေး၊ ငါးခုခွဲရန် လုံလောက်ပေလိမ့်မည်။
ချင်းရို့က ကလေးနှစ်ယောက်ရဲ့ စုတ်ပြတ်နေတဲ့လက်ရေးတွေကို သူတို့ဖေဖေလုယန်ကို ပြလိုက်၏။ "ကျွန်မတို့သားတွေကို မြန်မြန်စာရေးတတ်အောင် သင်ပေးပါဦးနော်။ လုကောရေ ရှင့်လက်ရေးက အရမ်းလှတယ်လေ၊ ကလေးတွေရဲ့ လက်ရေးက ဘာလို့ဒီလိုဖြစ်နေရတာလဲလို့?"
"သူတို့ ငယ်သေးလို့ပါကွာ"
"လုယန် ကလေးတွေအတွက် စာအုပ်တစ်အုပ်ကူးရေးထားပေးနော်၊ ရှင့်လက်ရေးလှအတိုင်း သူတို့ကိုလေ့ကျင့်ခိုင်းရမယ်" ချင်းရို့လက်ရေးမှာသာမန်ပင်။ သူမက ကလေးနှစ်ယောက်ကို သူမလက်ရေးလိုမျိုး မဖြစ်စေချင်ဘဲ သူတို့ဖေဖေလိုမျိုးရေးတတ်ဖို့ မျှော်လင့်ထားပေသည်။
"ဟုတ်ပါပြီကွာ"
သို့သော်လည်း ကလေးတွေဟာ ငယ်သေးတာကြောင့် သူတို့ဖေဖေရဲ့ လက်ရေးအတိုင်း လေ့ကျင့်ရင်တောင် သူတို့ရေးလိုက်တာတွေဟာ ကိုယ်ပိုင်စတိုင်တွေရှိနေဆဲပင်။
...
ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်တော့မည့် သတင်းအနည်းငယ် ထွက်ပေါ်လာခဲ့သည်။ တချို့လူတွေကတော့ ဤသတင်းအတုတွေကို မယုံကြည်ကြပေမယ့် တချို့ကတော့ တိတ်တဆိတ်မျှော်လင့်စောင့်စားနေကြလျက်။ အောက်တိုဘာလတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲသတင်းကို အသံလွှင့်ရုံမှတစ်ဆင့် ထုတ်လွှင့်လာခဲ့သည်။
ကြေညာသူအနေဖြင့် ချင်းရို့က မရေမတွက်နိုင်သော အသံလွှင့်စပီကာများမှတစ်ဆင့် ဤသတင်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လွှင့်ခဲ့သည်။
"… ဆုံးဖြတ်ချက်ချလိုက်ကြပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်စတော့မှာပါ…"
ယင်းသည်ကား သတင်းကြီးတစ်ခုပင်။ ဗဟိုအသံလွှင့်ဌာနရော၊ ဒေသခံပြည်သူ့အသံလွှင့်ဌာနကပါ ဤသတင်းကို မနက်ခင်း၊ နေ့ခင်း၊ ညနေခင်း သတင်းတွင် အကြိမ်ကြိမ်အခါခါ ထုတ်လွှင့်ပေးခဲ့ကြသည်။
လယ်ကွင်းထဲမှ လယ်သမားများနှင့် ပညာတတ်လူငယ်များ၊ စက်ရုံအလုပ်ရုံအလုပ်သမားများ၊ စစ်မှုထမ်းဟောင်းများ၊ ကျောင်းသားများ... သူတို့အားလုံး ဤသတင်းကြီးကို ကြားနေခဲ့ရသည်။
နေရာတိုင်းရှိလူတွေ ဆူညံပွတ်လောရိုက်နေကြလေပြီ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စတော့မယ်တဲ့လား? စာမေးပွဲအောင်ရင် ကောလိပ်တက်လို့ရပြီပေါ့?!
ဒီသတင်းဟာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်လေ...
လွန်ခဲ့သည့်ဆယ်နှစ်အတွင်း လူတွေက တက္ကသိုလ်တက်ရန် ထောက်ခံစာအမျိုးမျိုးကို ယူခဲ့ကြရသည်။ လူတော်တော်များများ ခေါင်းခါယမ်းလိုက်ကြပြီး သူတို့မှာ ဘာထောက်ခံစာမှမရနိုင်၍ တက္ကသိုလ်သွားရန် မျှော်လင့်ချက်ပင်မထားရဲခဲ့ကြပေ။ သို့သော် အခုက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စတော့မယ်တဲ့?!!
အခုတော့ သူတို့ ကောလိပ်တက်ဖို့ အခွင့်အရေးရှိသေးတယ်တဲ့!
ဤသတင်းမှာ အလျင်အမြန်ထွက်ပေါ်ခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်ရန် အချိန်သိပ်မရှိခဲ့ပေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ နီးကပ်နေပြီဖြစ်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ပြီးနောက် ပထမအကြိမ်စာမေးပွဲကို ယခုဆောင်းရာသီ ဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ယခုအချိန်မှာ တစ်လလောက်သာ ကျန်ပါတော့သည်။
လူတိုင်း ဤသတင်းကြီးအား ချေဖျက်ရန် အချိန်ပင်မရှိတော့ဘဲ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်လေ့ကျင့်ခြင်းအတွက် စတင်ပြင်ဆင်ကြလေပြီ။
ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မှတ်ပုံတင်ကြေးကို ၁ယွမ်ဟူ၍ သတ်မှတ်ထားခဲ့သော်လည်း လူအများအပြား၏ တုံ့ပြန်မှုကြောင့် ဆင့် ၅၀သို့ ပြောင်းလဲပေးခဲ့သည်။
ဆိုလိုသည်မှာ ဤဆင့်၅၀ဟာ မရေမတွက်နိုင်သောလူများ၏ ကံကြမ္မာကို ပြောင်းလဲစေမည်ပင်။
လူတော်တော်များများက ဆင့်၅၀ကို ကိုင်ပြီး ဘဝရွေးချယ်မှုလမ်းကြောင်းကို တွန့်ဆုတ်နေကြလျက်။ "တစ်လပဲကျန်တော့တာ၊ ငါ စာမေးပွဲအောင်နိုင်ပါ့မလား?"
"မင်း စာမေးပွဲဖြေမှာလား?"
"စာရင်းသွင်းမယ်ကွာ! စာမေးပွဲမအောင်ရင်တောင် စာရင်းသွင်းပြီး စမ်းဖြေကြည့်မယ်ကွာ!"
xxx