← Chapters

အခန်း (၂၃၆)

Vol. 20 Ch. 236

အခန်း (၂၃၆)

Vol. 20 Ch. 236

စာမေးပွဲဖြေဆိုရန်အတွက် စာရင်းသွင်းသူ မရေမတွက်နိုင်အောင်များပြားလှသည်။ ချင်းရို့လည်း စာရင်းသွင်းရန် တုံ့ဆိုင်းနေမိလျက်။ လုယန် အိမ်ပြန်ရောက်တဲ့အခါ ချင်းရို့ သူ့ထင်မြင်ချက်ကို မေးကြည့်လိုက်၏။

"ကျွန်မ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းသွင်းသင့်တယ်လို့ ရှင်ထင်လားဟင်?"

လုယန် အနည်းငယ် အံ့အားသင့်သွားရပေမယ့် အများကြီးတော့မဟုတ်ချေ။ သူတို့လင်မယားနှစ်ယောက်က "ဘာကြောင့်လဲမေးခွန်းရေတစ်သောင်း"စာအုပ်ကို အတူတူကြည့်ခဲ့ကြပြီး သင်္ချာပုစ္ဆာတွေကို အတူတူဆွေးနွေးဖြေရှင်းခဲ့ကြသဖြင့် ချင်းရို့၏အဆင့်ကို သူသိသည်လေ။ "မင်း စာမေးပွဲအောင်မှာ"

"ဒါဆို ကျွန်မ ကောလိပ်တက်သင့်တယ်လို့ ရှင်ထင်တယ်ပေါ့?"

"မင်းသွားချင်ရင် သွားလေ" လုယန်က သူမကို မေးလိုက်၏။ "ဘယ်တက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ပြီးပြီလဲ?"

"ကွမ်ချန်က လင်းနန်တက္ကသိုလ်" ချင်းရို့က ဆက်ပြောလာခဲ့သည်။ "ကျွန်မစာမေးပွဲအောင်ရင် နောက်နှစ်ကျ ကျောင်းတက်ဖို့ ကွမ်ချန်ကို သွားရလိမ့်မယ်"

ဆိုလိုတာက သူတို့နှစ်ယောက် ခွဲသွားရမှာလေ၊ ဒါကြောင့် ချင်းရို့ တုံ့ဆိုင်းနေတာပါပဲ။ မူလကတည်းက သူမနှင့် လုယန်ဟာ အတူတူရှိချိန်ထက် ဝေးနေရသည်မှာ ပိုများသလို ကလေးတွေကလည်း အရမ်းငယ်လွန်းသေးတာကြောင့် သက်သက်စီခွဲနေရမှာကို သူမ အရမ်းဝန်လေးနေမိခြင်းပင်။

ချုံကျိုးကျွန်းနှင့် ကွမ်ချန်အကြား အကွာအဝေးမှာ သိပ်မဝေးသော်လည်း သူမကျောင်းသွားတက်ပါက နောက်၄နှစ်အတွင်း ဆောင်းရာသီနှင့် နွေရာသီအားလပ်ရက်များတွင်သာ တွေ့ဆုံနိုင်မည်ဖြစ်သည်။

"သွားပါ" လုယန်က သူမအား အပြုသဘောဆောင်သောအဖြေ ပေးလာခဲ့ပြီး အပြုံးလေးနဲ့အားပေးခဲ့သည်။

"စာမေးပွဲမှာအကောင်းဆုံးလုပ်နော်"

ချင်းရို့ စိတ်ပျက်လက်ပျက်နဲ့ လုယန်ကိုကြည့်၍ "ဘာလို့ ရှင်ဒီလိုပြောနေရတာလဲ? လုယန်! ရှင့်မိန်းမ တကယ်တက္ကသိုလ်သွားတက်ချင်ရင်လေ ကျွန်မ ကွမ်ချန်ကိုသွားရမယ်လို့!"

"ရှင်က ကျွန်မကို အချစ်ဆုံးဆိုပြီး နေ့တိုင်း ကျွန်မအနားမှာရှိနေချင်တယ်လို့ ပြောခဲ့ပေမယ့် အခု ကျွန်မ အပြင်မှာကျောင်းသွားတက်ရတော့မှာကို ရှင်က နည်းနည်းလေးမှ တွန့်ဆုတ်သလို မခံစားရဘူးပေါ့လေ။ ရှင့်မိန်းမကို စာမေးပွဲအောင်ဖို့တောင် အားပေးလိုက်သေးတယ်..."

လုယန် သူမကို အပြုံးလေးနဲ့ ကြည့်နေရင်း သူ့စစ်ဦးထုပ်ကို ချွတ်လိုက်ကာ ချင်းရို့ခေါင်းပေါ်မှာ ဆောင်းပေးလိုက်ပြီး ပြောလိုက်လေသည်။

"ဒီနှစ် ဒီဇင်ဘာကျရင် ကွမ်ချန်မှာ ရေတပ်အကယ်ဒမီကျောင်းကို တည်ထောင်တော့မယ်လေ"

ချင်းရို့: "ဆိုတော့...?"

"မင်းက ကွမ်ချန် လင်းနန်တက္ကသိုလ်ကို စာလေ့လာဖို့သွားမယ်ဆိုရင် ကိုယ်လည်း အဲဒီမှာ ပညာသင်ခွင့်ရဖို့ ကြိုးစားမှာပေါ့"

ချင်းရို့: "? ! ! !"

တိုက်ဆိုင်လိုက်တာနော်!

"ဒါဆို ကျွန်မ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ စာရင်းသွင်းလိုက်တော့မယ်နော်?!"

သူတို့လင်မယားနှစ်ယောက် ကွမ်ချန်မှာ အတူတူစာလေ့လာဖို့သွားပြီး စီးပွားရေးအခွင့်အလမ်းတွေဖွင့်တာကို မျက်မြင်တွေ့နိုင်တော့မယ်!

လုယန် သူမအား ချစ်ခင်စွာကြည့်၍ "သွားလေ!"

"မင်း စာမေးပွဲအောင်ရမယ်၊ မင်း စာမေးပွဲကျပြီး လုကောကို တစ်ယောက်တည်းမသွားခိုင်းရဘူးနော်"

လုယန် သူမနှာခေါင်းလေးကို ကုတ်ခြစ်လိုက်သည်။

သမီးလေးနှစ်ယောက်က ငယ်သေးပေမယ့် လုယန်လည်း ကျောင်းတက်ခွင့်ရချင်ပါသေးသည်။ ကြမ်းတမ်းသောအမျိုးသားအများစုက စာလေ့လာရသည်ကို မုန်းသော်လည်း နဂိုကတည်းက စစ်တက္ကသိုလ်မှ ထွက်လာသည့် သူ့လိုအရာရှိတစ်ဦးအတွက်မူ ကွဲပြားလေသည်။

သူ့တွင် ဗဟုသုတအသိပညာမျိုးစုံ၏ ခိုင်မာသောအခြေခံအုတ်မြစ်ရှိပြီး ယခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးဖြစ်တာကြောင့် စာလေ့လာခြင်းမှာ သူ့အတွက် ပြဿနာမဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ အရာရှိတွေအတွက်တော့ ကျောင်းတက်တဲ့အခါ ပိုပြီးလွတ်လွတ်လပ်လပ်ရှိလာလိမ့်မည်။ အထူးသဖြင့် မိသားစုဝင်တွေရှိသော အိမ်ထောင်သည်အရာရှိများအတွက်ပင်။ သူတို့အိမ်ကို အချိန်ပိုပေးနိုင်ကြပြီး အားလပ်ချိန်တွေမှာ လွတ်လွတ်လပ်လပ်နေနိုင်ကြပေမည်။

"ရှင်ဒီလိုပြောတော့ ကျွန်မကို ဖိအားတွေအများကြီးပေးနေသလိုကြီးတော်"

လုယန် ဒီလိုပြောလာမှတော့ သူမလည်း စာမေးပွဲအောင်ကို အောင်ရမှာပေါ့။ ချင်းရို့က ပထမဆုံးပြန်လည်စတင်မည့် ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်းကို သိပ်မသိပေ။

"လုကောက မင်းကို ပြန်လည်လေ့ကျင့်ခန်း အတူတူလုပ်ပေးမှာပေါ့ကွာ"

ချင်းရို့ စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးသွင်းသည့်နေရာသို့ သွားခဲ့သည်။ စာရင်းသွားပေးသောအခါ လူတွေကြိတ်ကြိတ်တိုးနေဆဲပင်။ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်မှာ ခက်ခဲသည်ကြောင့် မဟုတ်ပါဘဲ၊ စာရင်းသွင်းသင့်မသင့် လူတိုင်းက ဆုံးဖြတ်ရခက်ခဲနေသည်ကြောင့်သာ။ စာရင်းပေးသွင်းသည့်နေရာမှာပဲ ရပ်နေကြကာ လာရောက်လျှောက်ထားသူများနဲ့ ဆက်သွယ်နေကြပြီး အချင်းချင်းဆွေးနွေးနေကြလေသည်။

လက်ရှိကောလိပ်ဝင်ခွင့်စာမေးပွဲသည် အနာဂတ်ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် ကွဲပြားလှ၏။ မင်းအနေနှင့် ကျောင်းလျှောက်လွှာကို ဦးစွာဖြည့်သွင်းပြီးမှ စာမေးပွဲဖြေဆိုရမည်ပင်။

(T/N: ပုံမှန်က ကိုယ်တွေ စာမေးပွဲဖြေပြီးလို့ အောင်စာရင်းတွေထွက်၊ အမှတ်စာရင်းတွေထွက်တော့မှ ကိုယ့်အမှတ်နဲ့ကိုက်လောက်မယ့် တက္ကသိုလ်ရွေးကြတာလေနော်။ ၁၉၈၀ တရုတ်မှာတော့ တက်ချင်တဲ့တက္ကသိုလ်ကို အရင်ဖြည့်ရတဲ့သဘောပါ)

စာမေးပွဲမှာ ဘာတွေပါလောက်မလဲ? ငါ ဘယ်ရမှတ်ရနိုင်မလဲ? အဲဒီရမှတ်နဲ့ဆို ငါ ဘယ်ကျောင်းဝင်ခွင့်ရနိုင်မလဲ?... ဘယ်သူမှမသိကြပါချေ။

"မင်းဘယ်ကျောင်းတွေလျှောက်ထားလဲ?"

"တစ်လကျန်သေးတယ်ဆိုတော့ ပြန်လည်လေ့ကျင့်ခန်းအတွက် အချိန်လောက်ရဲ့လား?"

"ငါ စာမေးပွဲမအောင်နိုင်လောက်ဘူးဆိုတာ သေချာပေမယ့် တချက်တော့ စမ်းဖြေကြည့်မယ်ကွာ။ ဟွာချင်းတက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ်ကို ဖြည့်လိုက်မယ်"

…

မင်းက ဥာဏ်မကောင်းတာတောင်မှ တခြားသူတွေနဲ့ ဒီလိုအဓိပ္ပါယ်မရှိတာတွေပြောနေတုန်းပဲပေါ့လေ။ မင်း တကယ်တက္ကသိုလ်တက်ချင်ရင် ရှင်းဟွာစာအုပ်ဆိုင်ရှေ့မှာ သွားထိုင်စောင့်နေမှာပဲ။ လူများစွာသည် ရှင်းဟွာစာအုပ်ဆိုင်ကြီးတိုင်းတွင် စာအုပ်များဝယ်ရန်အတွက် နံနက်စောစော သွားထိုင်စောင့်နေကြလေပြီ။

အထူးသဖြင့် "သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒတို့၏ Self-studyစီးရီး"အစုံကို အလုအယက်ဝယ်နေကြ၏။

ချင်းရို့သည် ယခင်က ကွမ်ချန်စာအုပ်တိုက်မှ လူများနှင့် ဆက်ဆံခဲ့ဖူးသောကြောင့် "သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒတို့၏ Self-studyစီးရီး"နှစ်စုံကို ဝယ်ထားခဲ့ပြီး တစ်စုံကို သူမအတွက် သိမ်းထားကာ နောက်တစ်စုံကိုတော့ သူမအစ်မနဲ့ခဲအိုအိမ်သို့ ပေးပို့ခဲ့သည်။

တာ့ကျောင်းရွာရှိ ပညာတတ်လူငယ်များသည် ချန်မိသားစုမှာ စာအုပ်တွေရှိကြောင်းသိပြီးတဲ့နောက် ကူးယူလေ့လာရန်အတွက် ချန်မိသားစုဆီရောက်လာကြသည်။ လူတစ်ဦးက တစ်ပိုင်းကူးရေးပြီး လူတိုင်းက အတူတူကျက်နိုင်သည်လေ။

"မင်းကော်ပီကူးရတာပျင်းလာပြီဆိုရင် ငါ့ကိုလုပ်ခွင့်ပေး!"

"ဒီသင်္ချာပုစ္ဆာတွေက အရမ်းခက်တာပဲ!"

ခဲအိုဖြစ်သူ ချန်မျန့်က သူ့ရှေ့ရှိ စိတ်အားထက်သန်လှသော သင်ယူမှုအငွေ့အသက်ကို ကြည့်ပြီး နှလုံးသားထဲတွင် နွေးထွေးမှုနှင့် စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။ သူသည် တက်တက်ကြွကြွ အတူတူသင်ယူနေကြသော လူတိုင်းရဲ့ ပုံရိပ်တွေကို ကြည့်ရတာ သဘောကျပေသည်။

ဒီလိုပုံစံမျိုး မတွေ့ရတာတော်တော်ကြာပြီလေ...

"ဆရာချန်၊ မင်းက ကောလိပ်ကျောင်းသား ဟုတ်တယ်မလားဗျ? ကျွန်တော်တို့ကို ဒါလေး ရှင်းပြပေးနိုင်မလား?"

မူလကတည်းက သင်ယူမှုကိုစိတ်အားထက်သန်လွန်းသူ ဝမ်ကျစ်ချင်းက ချန်မျန့်ဆီမှာ အကြံဉာဏ်တောင်းရန် အခွင့်အရေးကိုအရယူခဲ့ပြီး ချန်မျန့်ကလည်း သူ့ကို အများကြီးလမ်းညွှန်ပေးခဲ့သည်။

ချန်ကျင်းဟွနှင့် ချန်ကျွမ်းကျွမ်းတို့လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်သည့်သတင်းကို ကြားသိရသောအခါ အလွန်ပျော်ရွှင်နေကြလျက်။ "အနာဂတ်ကျ ငါတို့လည်း စာမေးပွဲဖြေလို့ရပြီဟေ့! ကျင်းဟွရေ ငါတို့လည်း ကောလိပ်သွားကြမယ်နော်!"

"ဒေါ်လေး ဒေါ်လေးပြောတာမှန်တယ်၊ သမီးတို့အကောင်းဆုံးအရည်အချင်းတွေကို စုဆောင်းဖို့လိုနေပြီ!"

"ဒေါ်လေးရော စာမေးပွဲဖြေမှာလား?"

ချင်းရို့ ခေါင်းညိတ်လိုက်ပြီး "ဒေါ်လေးက အရင်ဆုံးကောလိပ်သွားတက်မယ်နော်။ ကျင်းဟွနဲ့ ကျွမ်းကျွမ်းကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ နောက်တစ်နှစ်၊ နှစ်နှစ်လောက် စောင့်ရဦးမယ်နော်"

"အားမိန့်ရေ နင်ရော ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေမှာလား?" ညီမဖြစ်သူက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတော့မည်ဖြစ်ကြောင်း ချင်းမျန့် သိလိုက်ရချိန်တွင် သူမမေးစေ့မှာ မြေပြင်ပေါ် ပြုတ်ကျလုနီးပါးဖြစ်သွားရလျက်။ ညီမဖြစ်သူ ချင်းရို့ကလည်း သူမလိုပဲ တောင်ပေါ်ကမိန်းကလေးတစ်ယောက်လေနော်။ အရင်ကဆို သူမက အနုပညာကျောင်းတက်ဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် အခုများတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေချင်တယ်တဲ့လား?"

ခဲအိုချန်မျန့်က ပြောလာလေ၏။ "မင်းညီမက "ဘာကြောင့်လဲမေးခွန်းရေတစ်သောင်း"စာအုပ်တွေကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဂရုတစိုက်ဖတ်ခဲ့တာလေ။ သူမရဲ့ နက္ခတ္တဗေဒ၊ ပထဝီဝင်၊ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒတွေရဲ့ အခြေခံအုတ်မြစ်က တခြားသူတွေထက် အများကြီး ပိုခိုင်မာတယ်။ သူမစာမေးပွဲဖြေမယ်ဆိုရင် အောင်မှာပဲ"

"တကယ်လား?" ချင်းမျန့် အံ့အားသင့်သွားရသည်။ "ဒါဆို ငါတို့မိသားစုမှာ ကောလိပ်ကျောင်းသားတစ်ယောက်ရှိတော့မှာပေါ့!"

ချန်မျန့် စကားမပြောနိုင်ဖြစ်သွားရလျက်။ "မင်း ကောလိပ်ကျောင်းသားနဲ့ လက်ထပ်ခဲ့တာမဟုတ်ဘူးလားကွာ"

"ဒါက ကျွန်မညီမလေ... ရှင်တို့အားလုံးက ပညာတတ်တွေဖြစ်လာကြပေမယ့် ကျွန်မတစ်ယောက်တည်း နောက်ကျကျန်ခဲ့ပြီပဲ။ ကျွန်မလည်း ပိုလေ့လာရမယ်"

"ဒါက ဘယ်လိုစာအုပ်မျိုးလဲ၊ ကျွန်မလည်းသေချာဖတ်ကြည့်မယ်လေ!"

"မမ နင်လဲစာများများဖတ်သင့်တယ်နော်၊ နင်လဲ ကောလိပ်တက်လို့ရရင်ရမှာ"

ချင်းမျန့် သူမလက်ကိုဝှေ့ယမ်း၍ "ငါ့အသက်အရွယ်ကြီးနဲ့ ဘယ်တက္ကသိုလ်မှာ စာသင်ရဦးမှာတုန်း။ ညီမလေး နင်က ငယ်သေးတယ်လေ၊ အခုချိန်က တက္ကသိုလ်တက်ဖို့ အဆင်ပြေဆုံးအချိန်ပဲ"

"မမ နင်မသိလို့နော်၊ ငါစာရင်းသွားသွင်းတုန်းက အမေနဲ့သမီး အတူတူ စာရင်းလာသွင်းကြတာကို တွေ့လိုက်သေးတယ်"

"အာ?! အမေနဲ့သမီး အတူတူစာမေးပွဲဖြေကြမယ်လား?"

"ဟုတ်တယ်" ချင်းရို့ ပြုံးပြီး ခေါင်းညိတ်လာခဲ့သည်။ "ဘယ်သူသိမှာလဲလေ၊ အမေနဲ့သမီးနှစ်ယောက်လုံး အတူတူတက္ကသိုလ်တက်ခွင့်ရရင်လည်းရမှာပေါ့"

ဤသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အထူးခြားဆုံးဖြစ်နိုင်ပေသည်။ အမေနဲ့သမီးတွေ စာမေးပွဲအတူတူဖြေကြရုံတင်မက သားအဖတွေ၊ ညီအစ်ကိုမောင်နှမတွေရော… နောက်ပြီးတော့ "ဆရာတွေနဲ့ ကျောင်းသားတွေ"တောင် စာမေးပွဲခန်းထဲကို လက်ချင်းချိတ်ပြီး လျှောက်သွားကြဦးမှာလေ။

xxx

All Chapters