အခန်း (၂၃၇)
Vol. 20 Ch. 237
ကျေးလက်ဒေသရှိ မူလတန်းကျောင်းဆရာ၊ ဆရာမများစွာလည်း စာမေးပွဲဖြေဆိုရန် စာရင်းသွင်းခဲ့ကြသည်။ ခဲအိုဖြစ်သူ ချန်မိသားစုက ယခုအချိန်တွင် ရေပန်းစားနေခဲ့ပြီး အားလုံးက သူ့ကို မေးခွန်းများမေးရန် ဝန်းရံနေခဲ့ကြသည်။
အနီးအနားရွာတော်တော်များများ၌ ရာဘာခြံမှာ အလုပ်လုပ်နေကြသော ပညာတတ်လူငယ်တွေတောင်မှ ဒီရွာမှာ ကောလိပ်ကျောင်းသား နှစ်ယောက်ရှိကြောင်း သိသွားခဲ့ကြသည်။ တက္ကသိုလ်ဆရာဟောင်းတွေတောင် ချန်မိသားစုအိမ်မှာ စာလေ့လာရန် ရောက်လာခဲ့ကြသည်။
ချန်မိသားစုကို လာလည်တဲ့သူတွေ မဆုံးနိုင်အောင်ပင်....
"ဆရာချန်..."
တာ့ကျောင်းရွာမှ ရွာသူရွာသားတွေလည်း ထိုကဲ့သို့ သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့ကြတော့သည်။
ချင်းရို့ သူမရဲ့ကျောင်းလျှောက်လွှာကို ဖြည့်တဲ့အခါ လင်းနန်တက္ကသိုလ်ဟူ၍ ကျောင်းတစ်ကျောင်းကိုသာ ဖြည့်ခဲ့သည်။
တချို့လူတွေကတော့ ကျောင်းမျိုးစုံဖြည့်ခဲ့ကြသည်။ နာမည်ကြီးကျောင်းတွေကတော့ ဟွာချင်း နဲ့ ပီကင်းတက္ကသိုလ်ပင်။ တချို့ဆို ဒီတက္ကသိုလ်တွေကိုပဲ သိကြလေသည်။
တချို့ကတော့ ဒီနှစ် စာမေးပွဲမအောင်တော့ဘူးဆိုတာ သဘောပေါက်သဖြင့် နာမည်ကြီးတဲ့ ကျောင်းကို ကြုံရာကျပန်းဖြည့်လိုက်ကြသည်။
မိသားစုခြံဝင်းတွင် ယဲ့မင်ရှို့လည်း ချင်းရို့လိုမျိုး ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာမေးပွဲကြေးပေးသွင်းခဲ့ပြီး သူမလျှောက်လိုသောကျောင်းသည်လည်း လင်းနန်တက္ကသိုလ်ပင်။
"ဒါဆို ကွမ်ချန်ကိုသွားပြီး အတူတူစာလေ့လာကြတာပေါ့"
ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မှတ်ပုံတင်ခြင်းကြောင့် လူပေါင်းများစွာ၏ မိသားစုတော်တော်များများ ဒုက္ခရောက်ကြသော်လည်း မိသားစုခြံဝင်းထဲက အခြေအနေကတော့ မဆိုးလှပေ။ ယေဘုယျအားဖြင့် အလုပ်အကိုင်မရှိတဲ့ စစ်သည်ဇနီးတွေက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် စိတ်အားထက်သန်မှုမရှိကြပေ။ အလုပ်အကိုင်ရှိတဲ့ စစ်သည်ဇနီးတွေအတွက်မူ သူတို့ထဲက တစ်ဝက်လောက်က တည်ငြိမ်အေးချမ်းတဲ့ဘဝရှိနေကြ၍ စာမေးပွဲမဖြေလိုကြပေ။ ကျန်တစ်ဝက်ကတော့ စာမေးပွဲဖြေချင်ကြပေမယ့် မိသားစုက သဘောမတူကြချေ။
ကျွန်းပေါ်ရှိ ပညာတတ်လူငယ်များ၊ စက်ရုံအလုပ်သမားများ၊ အိမ်ထောင်သည်များနှင့် မိသားစုရှိကြသူတွေဟာ 'သူတိူ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုသင့်သလား'ဆိုတဲ့ တူညီသောရွေးချယ်မှုကို ရင်ဆိုင်နေရလေသည်။
သူတို့မိသားစုက သဘောမတူရင်တောင် သူတို့က စာမေးပွဲခန်းထဲကို ၀င်သွားသေးသည်။
ဒီဇင်ဘာလတွင် ချင်းရို့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့သည်။ စာမေးပွဲခန်းထဲ၌ လူပေါင်းမျိုးစုံရှိပြီး အဆင့်တွေလည်းမတူကြပေ။ စာမေးပွဲစာရွက်ပေါ်တွင် ဘဲဥတွေကိုသာ တိုက်ရိုက်ရေးနေတဲ့ ဖြေဆိုသူတစ်ဦးကိုတောင် သူမတွေ့ခဲ့ရသည်။
သူမဖြေဆိုခဲ့ဖူးသော ကောလိပ်ဝင်ခွင့်စာမေးပွဲများနှင့် နှိုင်းယှဉ်ပါက ဤစာမေးပွဲမှာ အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါးဖြစ်လှသည်။ ချင်းရို့ အလွန်တည်ငြိမ်နေပြီး စာမေးပွဲစာရွက်ပေါ်ရှိ မေးခွန်းတွေကလည်း မခက်ခဲ၍ သူမ မေးခွန်းအားလုံးကို သေသေချာချာဖြေဆိုလိုက်၏။
နောက်ဆုံးစာမေးပွဲစာရွက်ကိုအပ်ပြီးနောက် ချင်းရို့ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ သူမ စာမေးပွဲခန်းထဲက ထွက်လာခဲ့ပြီး စက်ဘီးစီး၍ အိမ်ပြန်လာခဲ့သည်။
"ရှောင်ချင်း? ရှောင်ချင်းရေ စာမေးပွဲဖြေပြီးသွားပြီလား?"
"စာမေးပွဲက ဘယ်လိုလဲ?"
ချင်းရို့ သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ "မဆိုးပါဘူးရှင်"
အိမ်ပြန်ရောက်တော့ ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ ညီအစ်မနှစ်ယောက်က သူတို့မေမေကို တွေ့လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာ အော်ကြလေပြီ "သောသော!"
"ကောကောပါဆို!!"
"အီး ယား သောသော!"
ချင်းရို့: "…"
ဖက်ထုပ်ကောကောလေးရဲ့ မမောနိုင်မပန်းနိုင်သင်ကြားပေးမှုအောက်တွင် အမြွှာညီအစ်မနှစ်ယောက်မှာ ဖိုးဖိုးဖွားဖွားကို ဖယ်လိုက်ဦး၊ ပါးပါးမားမားတောင်မခေါ်ကြသေးဘဲ အရင်ဆုံး ကောကောလို့ခေါ်ရန် သင်ယူခဲ့ကြသည်။
သမီးလေးက ကောကော ကောကောလို့ခေါ်တော့ ဘယ်လိုဖြစ်သွားလဲ?
ချင်းရို့လည်း သူ့သမီးတွေဆီလှမ်းလာကာ ချော့မြူလိုက်၏။ "လိမ္မာတဲ့သို့သို့လေးနဲ့ ရုန်ရုန်လေးရေ၊ မားမားလို့ခေါ်ကြည့် မားမားလို့ခေါ်ကြည့်ပါဦးကွယ်"
သို့သို့: "သောသော... ကောကောသောသောဟေးဟေး"
ဘေဘီလေးတွေက သူတို့ကောကောကို ခေါ်နေကြတာလား? သူမဘာသာရယ်နေကြတာလားနော်။
ညီမလေးကလည်း အစ်မနဲ့အတူတူပါပင်။ မိုက်မဲတဲ့ဘေဘီလေးနှစ်ယောက်က မျက်နှာချင်းဆိုင်၍ ရယ်မောနေကြသည်။
ချင်းရို့: "…"
ချင်းရို့သည် သမီးနှစ်ယောက်ရဲ့ အနှီတုံးအအမျက်နှာလေးတွေကိုကြည့်လိုက်တဲ့အခါ သူမနှင့် ၆၀%လောက် ဆင်တူနေကြောင်း တွေ့လိုက်ရ၍ ရုတ်တရက် စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။
လုယန်ပြန်လာတဲ့အခါ သူမကို စာမေးပွဲအခြေအနေအကြောင်းမမေးဘဲ သူမလုပ်သလိုမျိုး သူ့သမီးလေးတွေကို စနောက်ကျီစယ်နေလေ၏။ "လုကောလို့ခေါ်ပါဦး!"
ချင်းရို့ ဒေါသတကြီး သူ့လက်ကိုရိုက်လိုက်ကာ "အပေါ်ရေက ဖြောင့်ဖြောင့်မသွားတော့ အောက်ကရေလဲ ကောက်ကွေ့နေပြီပေါ့၊ ရှင် သမီးတွေကို ဘယ်လိုတွေသင်ပေးနေတာတုန်း? ပါးပါးလို့ခေါ်!!"
သို့သို့: "ပါးပါး!"
ရုန်ရုန်: "ပါးပါးရေ!"
ချင်းရို့: "? ! ! !"
အား အား အား... ဘေဘီလေးတွေက ဘာလို့ ကောကော ပါးပါးတော့ ခေါ်ကြပြီးတော့ မားမားလို့မခေါ်ကြတာတုန်း...
"အချစ်လေးရေ မားမားလို့ခေါ်ကြည့်!"
"ပါးပါး!"
"အာ့ ပါးပါး!"
ချင်းရို့: "…"
သစ္စာဖောက်သမီးတွေပဲ...
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက အိမ်သို့အပြေးပြန်လာကြကာ ဖက်ထုပ်လေးက "ညီမလေး ကောကောလို့ခေါ်!!" ဆိုပြီး ဆက်တိုက်ပြောနေလေသည်။
"ကောကော!!"
သို့သို့နဲ့ ရုန်ရုန်က ကောကောဖက်ထုပ်လေးကိုတွေ့သည်နှင့် ချက်ချင်းပင် "ပါးပါး!"
ဖက်ထုပ်လေး: "?!"
ဖက်ထုပ်လေးက ပါးပါးမဟုတ်ဘူးလို့....
သူ့ခေါင်းလေးကို လုယန်ဘက် လှည့်ကြည့်လိုက်ပြီး "ပါးပါး?"
လုယန်: "…"
ကျိုးကျိုး: "အစ်ကိုကြီးပါနော်!"
"ပါးပါး!"
ချင်းရို့: "..."
ကလေးနှစ်ယောက်ကို ရက်အနည်းငယ် သင်ကြားပေးပြီးနောက် သို့သို့ ရုန်ရုန်တို့က နောက်ဆုံးတော့ သူတို့ရဲ့မိဘတွေနဲ့ သူတို့ကောကောတွေကို ခွဲခြားနိုင်ခဲ့လေပြီ။
"မားမား..."
"မားတို့သို့သို့လေးနဲ့ ရုန်ရုန်လေးက တစ်နှစ်ပဲရှိသေးတာ"
ကလေးလေးနှစ်ယောက် သို့သို့ရုန်ရုန်တို့က စကားပြောတတ်မြန်ကြပြီး မကြာမီတွင် ညီအစ်မနှစ်ယောက် အချင်းချင်း စကားပြောဆိုနေကြတော့သည်။ ယင်းသည်ကား အမြွှာရှိခြင်း၏အားသာချက်ပါပင်။ ကလေးတွေစကားပြောတဲ့အခါ လူကြီးတွေရဲ့ အာရုံစိုက်မှုနဲ့ တုံ့ပြန်မှုကိုရရှိဖို့အတွက် မျှော်လင့်ကြသည်လေ။ အနှီညီအစ်မနှစ်ယောက်ကတော့ လူကြီးတွေနားမလည်နိုင်တဲ့စကားတွေကို တစ်ယောက်နဲ့တစ်ယောက် အားပါးတရပြောနေခဲ့ကြသည်။
ချင်းရို့ စာမေးပွဲတွင် ရမှတ် ၄၀၆မှတ်ရခဲ့ပြီး လင်းနန်တက္ကသိုလ်တွင် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကို အဓိကယူလိုက်သည်။ နောက်ပိုင်းတွင် business administrationဖြစ်လာပေမည်။ ယဲ့မင်ရှို့လည်း ရမှတ် ၃၅၀ ရရှိခဲ့ပြီး လင်းနန်တက္ကသိုလ်၏ တရုတ်ဌာနသို့ ဝင်ခွင့်ရခဲ့သည်။
"ရှောင်ချင်း နင် တကယ်စာမေးပွဲအောင်သွားပြီပေါ့လေ!!!"
"ရှောင်ချင်းရေ နင်နဲ့ ကျောက်မိသားစုဝင်နှစ်ယောက်စလုံး အောင်သွားပြီပေါ့?"
"တော်လိုက်တာ!"
…
ချင်းရို့ တက္ကသိုလ်ဝင်ခွင့်ရကြောင်း ရေဒီယိုအသံလွှင့်ဌာနမှလူများ သိသွားကြတဲ့အခါ သူတို့အားလုံး အံ့အားသင့်သွားကြရသည်။ "ချင်းရို့ရေ နင့်ရဲ့ ဒီလိုရုပ်ရည်၊ ဒီလိုအသံမျိုးနဲ့ ဘာလို့ကြေညာသူဆက်မလုပ်တော့တာလဲဟယ်? ရေဒီယိုအသံလွှင့်သူဖြစ်ဖို့ဆိုတာ ဘယ်လောက်လွယ်လိုက်သလဲ" (T/N: ရှုပ်ကုန်မှာစိုးလို့နော်၊ ချင်းရို့က အခု Radio announcerပါ၊ အသံပဲလွှင့်ရတာ ရုပ်မပါဘူးပေါ့။ သူတို့ပြောနေကြတာကတော့ Broadcasterပါ ရုပ်ပါပြရမယ့်ကြေညာသူကိုပြောတာပါနော်)
"နင်က စီးပွားစီမံခန့်ခွဲမှုကိုသင်မှာလား၊ နင် အလုပ်ရုံဒါရိုက်တာဖြစ်ချင်လို့လား?"
"ရှောင်ချင်းရေ ဂုဏ်ပြုပါတယ်နော်!"
ကျန်းရွှယ်ချင်းက ချင်းရို့နဲ့ နှစ်အတော်ကြာအလုပ်တွဲလုပ်ခဲ့သူပင်။ ယခုအခါ ချင်းရို့က ကောလိပ်တက်ရန် ထွက်ခွာသွားတော့မည်ဖြစ်၍ အနည်းငယ်ဝမ်းနည်းနေမိလျက်။
"နင်က နောင်အနာဂတ်မှာ ကောလိပ်ကျောင်းသားဖြစ်တော့မှာပဲနော်"
ရှီရှန်းယီလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်ခဲ့ပေမယ့် အနောက်မြောက်ဘက်မှာရှိတဲ့ကျောင်းတစ်ကျောင်းမှာ ဝင်ခွင့်ရခဲ့၍ ကျောင်းသွားတက်သင့်မတက်သင့် တွန့်ဆုတ်နေလေသည်။
"နောက်နှစ်မှ စာမေးပွဲထပ်ဖြေရင်ရော?"
"နောက်နှစ်ဆို လူတိုင်းက ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီးကြမှာဆိုတော့ ဒီနှစ်ထက် ပိုခက်ခဲမှာကိုပဲ ငါကြောက်မိတာ"
"မှန်တယ်၊ ဒီတခေါက် စာမေးပွဲက ရုတ်တရက်ဖြစ်လွန်းသွားတာ"
…
တာ့ကျောင်းရွာမှ သတင်းကောင်းတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ထွက်ပေါ်လာလေပြီ။ သူတို့ရွာမှ ပညာတတ်လူငယ် ၆ဦး၊ ၇ဦးလောက် တက္ကသိုလ်ဝင်ခွင့်အောင်ခဲ့ကြသည်။ ကျောင်းအများစုမှာ သိပ်မကောင်းကြသော်လည်း ကျေးလက်ဒေသအတွက်မူ သတင်းကြီးတစ်ခုပင်။
လူတော်တော်များများက ချန်မျန့်အား ကျေးဇူးတင်စကားပြောရန် ချန်မိသားစုအိမ်သို့ ရောက်လာကြသည်။
"ကျေးဇူးတင်ပါတယ်ဗျာ ဆရာချန်"
"ချန်မိသားစုအိမ်မှာ စာအုပ်တွေဖတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်!!"
…
အခြားရွာများမှ ပညာတတ်လူငယ်တွေလည်း ချန်မိသားစုနှင့် ချန်မျန့်တို့ကို ကျေးဇူးတင်ကြောင်းပြောရန်အတွက် တာ့ကျောင်းရွာသို့ ရောက်လာခဲ့ကြသည်။
တာ့ကျောင်းရွာကလူတွေ ဤမြင်ကွင်းကိုမြင်ရတဲ့အခါ လွန်စွာပျော်ရွှင်နေကြလျက်။ ဒါဟာ ဘာကိုပြသနေပါသလဲ? ဤသည်မှာ သူတို့ရွာက ဆရာချန်ဟာ တကယ့်ကို အရည်အချင်းရှိသူဖြစ်ကြောင်း ပြသနေခြင်းပင်။ သူက မူလတန်းပြဆရာဖြစ်ရင်တောင်မှ လူတွေက တက္ကသိုလ်အတွက် သူ့ဆီမှာ အကြံဉာဏ်လာတောင်းကြတယ်လေ!!
- သူတို့ရွာရဲ့ ဆရာကြီးပါပဲ...
ရွာသားတွေက သူ့ကို ချီးမွမ်းဖို့အတွက် ရွာရှိကေဒါတွေဆီ အပြေးသွားကြပြီး "မင်းက အရမ်းတော်တာပဲကွာ၊ မင်း ဆရာချန်ကို ငါတို့ရွာမှာ ခေါ်ထားလိုက်လို့ပေါ့။ ငါတို့ရွာမှာ တော်တဲ့လူတစ်ယောက်ရှိလာတော့ အနာဂတ်ငါတို့ကလေးတွေအတွက် မျှော်လင့်ချက်တွေရှိလာပြီလေ"
ရွာသားတွေက ဗဟုသုတနည်းပါးကြသော်လည်း သူတို့မှာ နောက်မျိုးဆက်တွေရှိကြ၏။ ပညာတတ်လူငယ်အများအပြား ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ကြပြီး တော်တော်များများ ကောလိပ်ဝင်ခွင့်ရသွားကြသည်ကို တွေ့မြင်ရသောအခါ သူတို့နှလုံးသားထဲမှာလည်း စိတ်အားထက်သန်လာကြလေပြီ။
သူတို့ကိုယ်တိုင် တက္ကသိုလ်မတက်နိုင်ကြပေမယ့် သူတို့သားသမီးတွေကတော့ စာကျက်ပြီး တက္ကသိုလ်တက်နိုင်ကြပြီဖြစ်သည်။ သူတို့ရွာမှာ ဒီလိုဆရာကောင်းတစ်ယောက်ရှိ၍ သူတို့သားသမီးတွေလည်း အနာဂတ်မှာ တက္ကသိုလ်တက်ဖို့ရာ မျှော်လင့်ချက်တွေရှိလာလေပြီ။
"အနာဂတ်မှာ ငါတို့ရဲ့ကလေးတွေ တက္ကသိုလ်ဝင်ခွင့်ရတဲ့အခါ သူတို့ အလုပ်ရောရနိုင်မလား? ကေဒါရောဖြစ်လာနိုင်လား? သူတို့လယ်ကွင်းထဲမှာ အလုပ်လုပ်စရာမလိုတော့ဘူးပေါ့နော်"
"ငါတို့အားလုံး ဆရာချန်ရဲ့ မိသားစုတွေနှင့် ပိုကောင်းတဲ့ဆက်ဆံရေးရှိဖို့ လိုနေပြီပဲ"
"ဆရာချန်ရဲ့ စကားတွေကိုနားထောင်ဖို့ အိမ်က ကလေးတွေကို ပို့ထားရမယ်"
တခြားရွာကလူတွေက ဒီအကြောင်းကိုကြားတဲ့အခါ ဒီလိုလူတော်လူကောင်းတစ်ဦးရှိနေသော သူတို့ရွာကို မနာလိုအားကျဖြစ်ကြကာ "မင်းတို့ရွာက ဆရာချန်က အရမ်းတော်တာပဲကွာ။ လူတော်တော်များများကို ကောလိပ်တက်ရအောင် သူကူညီပေးခဲ့တယ်လို့ ငါကြားမိတယ်"
"ရွာတော်တော်များများက စာမေးပွဲမအောင်ကြဘူးလေ"
"တခြားရွာကလူတွေဆို တစ်ယောက်ဝင်ခွင့်ရလို့ အရမ်းပျော်နေကြတာ"
"မင်းတို့တာ့ကျောင်းရွာက ဖုန်းရွှေရတနာမြေတစ်ခုဖြစ်လာပြီပဲ"
xxx