← Chapters

အခန်း (၂၃၈)

Vol. 20 Ch. 238

အခန်း (၂၃၈)

Vol. 20 Ch. 238

ရွာသားတွေက ချန်မိသားစုကို ပိုလေးစားလာကြပြီး သူတို့နဲ့တွေ့တဲ့အခါ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြ၏။ ချင်းမျန့်က ဒီအပြောင်းအလဲကိုမြင်ရတဲ့အခါ အလွန်ပျော်ရွှင်မိလျက်။ အချိန်တွေက တကယ်ပဲ​ပြောင်းလဲနေတာပါပဲ... ချန်မျန့်နဲ့ လူအိုကြီးချန်တို့လည်း သူတို့မျက်နှာပေါ်တွင် အပြုံးတွေပိုများလာလေပြီ။

ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့လည်း အဖိုးနှင့်အဖေဖြစ်သူတို့၏ လမ်းညွှန်မှုအောက်တွင် ပြင်းပြင်းထန်ထန် သားယူခဲ့​ကြ၏။ အထူးသဖြင့် ချန်ကျင်းဟွပင်။ သူက စာဖတ်ခြင်းနှင့် သင်ယူမှုအားကောင်းလှသူဖြစ်၍ ယခု တက္ကသိုလ်တက်ခွင့်ရတော့မည်ကို သူသိသွားသည်နှင့် နေ့တိုင်း စာအုပ်ပုံထဲမှာ နစ်မြုပ်နေပါတော့သည်။

သူ့၏ စိတ်အားထက်သန်လွန်းလှသော သင်ယူစကေးကြောင့် သူ့ထက်အသက်ကြီးသော ပညာတတ်လူငယ်များစွာကို ရှက်ရွံ့စေခဲ့ပေသည်။

"ကောင်းလိုက်တာ၊ ငါ့ညီမလေး တက္ကသိုလ်ဝင်ခွင့်ရသွားပြီ!"

"မင်းတို့ဒေါ်လေးက တက္ကသိုလ်တက်ပြီနော်၊ နောင်မှာ မင်းတို့လည်း သေချာပေါက် တက္ကသိုလ်တက်နိုင်မှာ!"

ချန်မိသားစုသည် တနေ့ထက်တနေ့ ဂုဏ်တက်လာခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပိုရှိလာပြီလို့ သူတို့အားလုံးခံစားလိုက်ရသည်။

၁၉၇၈ ခုနှစ် နွေဦးပေါက်တွင် ချင်းရို့က လင်းနန်တက္ကသိုလ်သို့ သတင်းပို့ရန်အတွက် လုကျုံးရီ၊ ကျန်းဖျင်နှင့် ကလေးငါးယောက်နှင့်အတူ ကွမ်ချန်သို့သွားခဲ့ကြသည်။ မကြာမီတွင် လုယန်လည်း ကွမ်ချန်ရေတပ်အကယ်ဒမီသို့ ရောက်လာပေမည်။

သူတို့ အိမ်ငှားမည့်အစား လုစန်းကျဲနဲ့အတူ နေလိုက်ကြသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လုစန်းကျဲ ပင်စင်ယူလိုက်ပြီး ယခုအခါ သူမ အမျိုးသမီးစစ်သည်မဟုတ်တော့ပေမယ့် အမိုက်စားအမျိုးသမီးရဲအရာရှိဖြစ်လာလေပြီ။

လုရွှမ်သည် ကွမ်ချန်သို့ ပြောင်းလျှောက်ရန် နည်းလမ်းရှာခဲ့သည်။ မူလတုန်းကတော့ သူမဟာ ကွမ်တုန်းပြည်နယ်သို့ ပြောင်းရွှေ့ရမည်ပင်။ ထို့အပြင် သူမက ကုသိုလ်ကောင်းမှုများစွာလုပ်ခဲ့ပြီး ကောင်းစွာစွမ်းဆောင်နိုင်ခဲ့သောကြောင့် ကွမ်ချန်တွင် ပြန်လည်အခြေချနေထိုင်ရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ ဌာနတွင်းစစ်ဆေးမှုအောင်မြင်ပြီးနောက် ပြည်သူ့လုံခြုံရေးဌာနသို့ ပြောင်းရွှေ့ခဲ့လေသည်။

ယူနီဖောင်းတစ်စုံကနေ နောက်တစ်စုံပြောင်းသွားပြီ...

လုရွှမ်သည် ဤအစီအစဉ်နဲ့ပတ်သက်ပြီး အလွန်ကျေနပ်နေလျက်။ သူမ ကွမ်ချန်ကို မရောက်ဖြစ်တာ တော်တော်ကြာပြီလေ။ လွီချင်းက အရသာရှိလှတဲ့ဟင်းလျာမျိုးစုံအကြောင်း စာထဲမှာ အမြဲတမ်းထည့်ရေးနေခဲ့တာ၊ သူမ သေချာပေါက် သွားစားရမှာပေါ့၊ အဲဒီမှာ အရသာရှိတာတွေ စားမယ်၊ ပျော်စရာကောင်းတဲ့နေရာတွေ သွားလည်မယ်...

"မား!" ရှမင်ရှီးက သူ့မေမေရဲ့ပုံစံအသစ်ကို မြင်တဲ့အခါ ပျော်ရွှင်စွာပွေ့ဖက်လိုက်သည်။

သူ့မေမေက အခု ရဲအရာရှိဖြစ်သွားပြီ၊ ရဲတွေက လူဆိုးတွေကို ဖမ်းတာ!!

ရဲဘော်လောင်လုက သူ့သမီး၏ ရဲအရာရှိဝတ်စုံကိုကြည့်၍ ခေါင်းညိတ်နေလျက်။ "မဆိုးပါဘူး၊ မဆိုးပါဘူး၊ အလုပ်ကြိုးစားပေါ့!"

ချင်းရို့ အပြုံးလေးနဲ့ ပြောလိုက်သည်။ "တတိယအစ်မ"

အကိုကြီးကျိုးကျိုးနဲ့ ကလေးငယ်လေးသုံးယောက်က "ဒေါ်လေး"လို့ အတူတူအော်ခေါ်လိုက်ကြ၏။

"ကလေးနှစ်ယောက်ကို ချီခွင့်ပေးပါဦး"

လုရွှမ်သည် တူမလေးနှစ်ယောက်ကိုမြင်ပြီး လွန်စွာသဘောကျနေသည်။ သူမက အရပ်ရှည်ပြီး သန်မာသည်ကြောင့် ကလေးတစ်ယောက်စီကို လက်တစ်ဖက်စီတွင် ချီထားလိုက်၏။

"လိမ္မာတယ်နော်၊ ဒေါ်လေးလို့ခေါ်ပါဦး"

"ဒေါ်လေး! ဒေါ်လေး!"

"ကျွန်မနဲ့လိုက်ခဲ့ကြ၊ ကျွန်မ အခု သူငယ်ချင်းအိမ်မှာနေနေတာလေ၊ လမ်းဘေးက အမိုးပါတဲ့ရုံထဲမှာပဲ" လုရွှမ် သူတို့အဖွဲ့ကို သူမနေထိုင်ရာနေရာဆီသို့ ခေါ်လာခဲ့သည်။ အိမ်မှာ သိပ်မကြီးပါချေ၊ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာရှိပေမယ့် အခန်းတွေက ကျယ်ဝန်းပြီး အခန်းသုံးခန်းကို ဗီရိုတွေကို သုံးထားသည်။ "ပြည်သူ့လုံခြုံရေးဌာနက ကျွန်မအိမ်က အခုမှ ဆောက်နေတုန်းပဲ၊ ပြီးသွားရင် နောက်နှစ်မှာတော့ ရွှေ့လို့ရပါပြီ"

သူတို့မိသားစု အပေါ်ထပ်သို့ တက်လာကြတဲ့အခါ အဆောက်အဦထဲက တခြားလူတွေက အပျော်လာကြည့်ကြလေ၏။ အိမ်နီးနားချင်းတစ်ယောက်က ဤမြင်ကွင်းကိုမြင်တဲ့အခါ လုရွှမ်အား ဂုက်ပြုစကားမပြောဘဲ မနေနိုင်ခဲ့ပေ -

"ရှောင်လု နင့်မိန်းမက နောက်ဆုံးတော့ မိဘတွေ၊ သားသမီးတွေနဲ့အတူ နင့်ဆီရောက်လာပြီပေါ့လေ"

"နင့်မိန်းမက အရမ်းလှတာပဲနော်"

လုရွှမ်: "???!!"

ချင်းရို့: "??????!!"

အိမ်နီးနားချင်းများ၏၍အမြင်တွင် သူတို့ရှေ့က "လင်မယား"ဟာ ကြည့်ကောင်းလွန်းလှသည်။ ရဲဘော်ရှောင်လုက ရဲအရာရှိဖြစ်ပြီး ယူနီဖောင်းဝတ်ထားချိန်မှာ အထူးချောမောခန့်ညားနေ၏။ ဤပတ်ဝန်းကျင်တွင် ဒီလိုချောမောခန့်ညားတဲ့ လူငယ်လေးတစ်ယောက်ကို ရှာတွေ့ဖို့ ခဲယဥ်းလှသည့်အပြင် ပြည့်သူရဲလည်းဖြစ်နေသေးသည်။ သားမက်ကောင်းလေးပဲဟေ့!!

သူ့ဘေးမှာ ရပ်နေတဲ့သူလေးက ချောမောလှပတဲ့သူ့ဇနီးလေးပဲဖြစ်မယ်။ သူမဆံပင်က မည်းနက်ပြီးထူပိန်းနေရောပဲဟ၊ သူမရဲ့စွဲမက်စရာမျက်လုံးလေးတွေကလည်း တောက်ပပြီး လှပနေလိုက်တာနော်။

နှစ်ယောက်အတူတူ ရပ်နေကြတဲ့အခါ ရုပ်ရှင်ထဲက လူငယ်စုံတွဲလေးနဲ့တောင် တူနေပါသေးရဲ့။ ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့စုံတွဲလေးပဲ!

"ရှောင်လင်းရေ ငါက မိန်းမတစ်ယောက်လို့ ပြောထားတာ နင် မေ့နေပြန်ပြီလား?" လုရွှမ် အမှန်တရားကို ထောက်ပြလိုက်သည်။

အိမ်နီးနားချင်းမှာ သူ့အာရုံပြန်မဝင်လာသေးသဖြင့် "မိန်းမလား၊ မိန်းမဆိုလဲ ဘာမှားလို့လဲ?"

ချင်းရို့: "…"

ဒီအချိန်မှာ ရှမင်ရှီးက ခုန်ထွက်လာကာ လုရွှမ်ကိုကြည့်လိုက်ပြီး ချင်းရို့အားထပ်ကြည့်ကာ "ပါး! မား! အိမ်ပြန်ရအောင်လေ!"

"မဟုတ်တာတွေပြောတတ်အောင် ဘယ်သူသင်ပေးထားတာလဲ ကောင်စုတ်ကလေး!"

"ဒေါ်လေး ဒေါ်လေး ဒေါ်လေး…"

"ဒေါ်လေး..."

ကျိုးကျိုးလေးက သူ့အငယ်တွေကို ဦးဆောင်ပြီး "ဒေါ်လေး"လို့ အတူတူခေါ်လိုက်ကြသည်။ "ဒေါ်လေး"လို့ အဖန်ဖန်ခေါ်သံတွေဟာ ခိုလေးအုပ်စု ဆက်တိုက်ညည်းညူနေသည့်အလား။

"အား အား... ဟုတ်သားပဲ၊ ရှောင်လုက အမျိုးသမီးပဲ!"

"ဒါဆို သူမက နင့်မိန်းမမဟုတ်ရင် ဘယ်သူတုန်း?"

"ဒါ ငါ့ယောင်းမလေးလေ"

…

လုရွှမ် နေထိုင်ရာအိမ်မှာ အလွန်ရိုးရှင်းလှ၏။ သူမဟာ ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းသူပင်။ ဆိုလိုသည်မှာ အိမ်တွင် ပရိဘောဂမရှိသလောက်ပင်။ သူမကိုယ်ပိုင်အိမ်မှာတောင် မီးဖိုချောင်တွင် ဘယ်တော့မှဟင်းမချက်ခဲ့ဘဲ ဌာနကန်တင်းမှာသာ အမြဲထမင်းစားတတ်သည်။

အစားအစာမှာ ဘယ်လောက်ပဲဆိုးရွားနေပါစေ၊ ဌာနကန်တင်းမှာစားနေဆဲ။

လုရွှမ်တွင် ချက်ပြုတ်နည်းများစွာရှိသော်လည်း အနှီချက်ပြုတ်နည်းများဟာ သိပ်အားကိုးလို့မရကြောင်း တွေ့ရှိခဲ့ရသည်။ လွီချင်းက စာထဲတွင် ဟင်းချက်နည်းအဆင့်ဆင့်ကို အသေးစိတ်ဖော်ပြထားသော်လည်း လုရွှမ် အမှန်တကယ် သူမအင်္ကျီလက်ကိုပင့်တင်ကာ သူမဘာသာစတင်ချက်ပြုတ်ကြည့်ပြီးနောက် အရာအားလုံးဟာ သူမထင်သလို မလွယ်ကူကြောင်း သိလိုက်ရလေပြီ။

- သူမ ချက်ပြုတ်ထားတဲ့အစားအစာတွေက အရမ်းဆိုးရွားလွန်းတယ်!

"ငါ မီးဖိုချောင်စာဖိုးမှူးကို ဘယ်​​တော့မှမ​ဆဲ​​တော့ပါဘူး..."

သူမရဲ့ အချက်အပြုတ်မှာ ဆိုးရွားကြောင်း သဘောပေါက်ပြီးနောက် လုရွှမ်လည်း ဆက်ပြီးခေါင်းမာမနေတော့ဘဲ ကန်တင်းတွင်သာ ရိုးရိုးသားသားစားသောက်ခဲ့လေသည်။ အိမ်မှာ ချက်ပြုတ်ရင်း စားစရာတွေကို မဖြုန်းတီးတော့ပေ။

လုရွှမ်အိမ်တွင် စားပွဲများ၊ ကုလားထိုင်များ၊ ထိုင်ခုံရှည်များနှင့် ကုတင်များသာရှိသည်။ စကားမစပ် သူမ အဝတ်လျှော်စက်ကိုလည်း ဝယ်ခဲ့သည်။ စစ်သားတွေကို အရမ်းလုံ့လဝီရိယရှိတယ်လို့ မထင်လိုက်နဲ့နော်၊ လူတိုင်း တစ်ခါတစ်ရံတော့ ပျင်းရိချင်ကြတာပဲလေ။

ယခုအချိန်တွင် လုရွှမ်က တစ်ယောက်တည်း ပျင်းရိစွာနေထိုင်နေပြီး စောင်ကိုတောင် နေ့တိုင်းမခေါက်ဘဲ နှစ်ကြိမ်လောက် ကန်လိုက်သည်။ အိမ်သန့်ရှင်းရေးကိုလည်း တစ်ပတ်လျှင် တစ်ကြိမ်သာ ပြုလုပ်လေ၏။

စောင်ခေါက်ရမယ်? ချီးကိုပဲခေါက်လိုက်!

လုစန်းကျဲ၏ လက်ရှိအခြေအနေမှာ အချိန်အတော်ကြာ အကျဥ်းကျခံထားတဲ့ထောင်မှ ပြန်လွှတ်ပေးခံလိုက်ရတဲ့ အခြေအနေမျိုးနှင့် ခပ်ဆင်ဆင်တူနေသည်။ သူမကို ဘယ်သူမှစောင့်ကြည့်နေမဲ့သူမရှိတော့သဖြင့် သူမအရမ်းလွတ်လပ်နေပြီး သူမလုပ်ချင်သလိုသာလုပ်နေလေ၏။

ဟုတ်ပါတယ်၊ သူမရဲ့ ဘဝနေထိုင်မှုပုံစံဟာ ရိုးရှင်းလွန်းတာကြောင့် ကုတင်ပေါ်က ရှုပ်ပွနေတဲ့စောင်ကလွဲလို့ သူမအိမ်မှာ ဘာမှရှုပ်ပွမနေပေ။ လုစန်းကျဲက အဝတ်လျှော်စက်ကို အရမ်းသဘောကျနေပြီး နေ့တိုင်း သူမရဲ့ အဝတ်ညစ်တွေကို "အမှိုက်ပုံး"ထဲ ပစ်ထည့်နေသည့်နှယ်၊ သူမက အဝတ်လျှော်စက်ကို အမှိုက်ပုံးလို့ ခေါ်လိုက်သေးရဲ့။

လျှော်ပြီး အခြောက်ခံထားလိုက်...

ယခုအချိန်တွင် အဝတ်လျှော်စက်မှာ အဝတ်လျှော်ခြင်းလုပ်ဆောင်ချက်တစ်ခုသာရှိပြီး အခြောက်ခံခြင်းလုပ်ဆောင်ချက်မရှိသေးပေမယ့် အလွန်အဆင်ပြေနေပြီဖြစ်သည်။

"ကျွန်မ အဝတ်လျှော်စက်တစ်လုံးဝယ်ထားတယ်၊ အဲဒါက ကြီးလည်းကြီးပြီးတော့ အရမ်းအဆင်ပြေတယ်။ အရင်က ကျွန်မတစ်ယောက်တည်း အဝတ်အစားသိပ်မရှိပေမဲ့ အခုတော့ အမေတို့ရောက်လာကြပြီပဲ"

"ဒါက အဝတ်တွေမပြောင်နိုင်ဘူးလို့ အိမ်နီးချင်းတွေပြောကြတယ်။ ကျွန်မအထင်တော့ သူတို့လက်နဲ့လျှော်တာထက် အများကြီး ပိုသန့်တာကို"

…

လုစန်းကျဲအိမ်တွင် အထုပ်အပိုးချပြီးနောက် မိသားစုတစ်စုလုံး အစိုးရပိုင်စားသောက်ဆိုင်မှာ ညစာသွားစားခဲ့ကြသည်။ အစိုးရပိုင်စားသောက်ဆိုင်မှ လွီချင်းက ဤမိသားစုကြီးကိုမြင်လိုက်ရသောအခါ သေမတတ်ထိတ်လန့်သွားခဲ့၏။ သူက လုရွှမ်ရဲ့မိဘတွေနှင့် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို မသိတာကြောင့် နောက်ဖေးမီးဖိုချောင်မှာသာ တုန်တုန်ယင်ယင်ပုန်းနေခဲ့သည်။

"လောင်လွီ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး" လွီချင်းက တစ်နေ့တွင် လုရွှမ်ရဲ့ မိဘတွေနှင့် တွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပေ။

လုရွှမ်သည် ကွမ်ချန်သို့​ပြောင်းရွှေ့လာပြီး ကွမ်ချန်၌ ရဲအရာရှိတစ်ဦးဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါချေ။

"မင်းအသက်ကြီးနေပြီ လွီကောရေ တကယ်ပဲ လက်တွဲဖော်တစ်ယောက် မရှာချင်ဘူးလား"

"ဘာလို့အပြင်ထွက်ပြီး တချက်သွားမကြည့်တာလဲ? အပြင်မှာထိုင်နေတဲ့ ရဲအရာရှိစုံတွဲက တကယ်ကိုလိုက်ဖက်တာပဲကွာ။ သူတို့မိသားစုကြီးကို ကြည့်ပါဦး၊ ကလေးတွေအများကြီး၊ မြေးတွေအများကြီးရှိတယ်ဟေ့"

လွီချင်း: "…"

ရဲအရာရှိစုံတွဲလား?

သူအပြင်ထွက်လာသည်နှင့် စားပွဲဝိုင်းမှာ ထိုင်နေကြသော လုရွှမ်မိဘတွေဖြစ်ကြတဲ့ လုကျုံးရီနှင့် ကျန်းဖျင်၊ အသက်အရွယ်မတူကြတဲ့ ကလေးလေးငါးယောက်အပြင် လုရွှမ်နှင့် လုရွှမ်ယောင်းမလေးကို တွေ့လိုက်ရလေ၏။

လုရွှမ်က ပြုံးပျော်နေကာ သူမယောင်းမလေးနဲ့ စကားပြောနေလေသည်။

လွီချင်း: "…"

ဒီမြင်ကွင်းက ဘာလို့ အရမ်းကိုသည်းမခံနိုင်စရာကောင်းနေရတာလဲ...

ကြည့်ရသည်မှာ ရင့်ကျက်ပြီး ချောမောခန့်ညားသော ရဲအရာရှိက သူ့ရဲ့ဇနီးချောလေးနှင့် စကားပြောနေပုံနဲ့တူနေလေ၏။ သူ့ဘေးမှာလည်း ချစ်စဖွယ်ကလေးတွေရှိနေသေးသည်။ ဒါဟာ တကယ့်ကို နွေးထွေးပြီး ချစ်စရာကောင်းတဲ့ ပျော်ရွှင်စရာမြင်ကွင်းတစ်ခုအလား။

သူ့စိတ်ထဲတွင် ထူးဆန်းပြီး နားမလည်နိုင်သော ခပ်ချဥ်ချဥ်ခံစားချက်တစ်ခု စီးဆင်းလာသည်။

xxx

All Chapters