← Chapters

အခန်း (၂၃၉)

Vol. 20 Ch. 239

အခန်း (၂၃၉)

Vol. 20 Ch. 239

ကြည့်ရသည်မှာ ရင့်ကျက်ပြီး ချောမောခန့်ညားသော ရဲအရာရှိက သူ့ရဲ့ဇနီးချောလေးနှင့် စကားပြောနေပုံနဲ့တူနေလေ၏။ သူ့ဘေးမှာလည်း ချစ်စဖွယ်ကလေးတွေရှိနေသေးသည်။ ဒါဟာ တကယ့်ကို နွေးထွေးပြီး ချစ်စရာကောင်းတဲ့ ပျော်ရွှင်စရာမြင်ကွင်းတစ်ခုအလား။

သူ့စိတ်ထဲတွင် ထူးဆန်းပြီး နားမလည်နိုင်သော ခပ်ချဥ်ချဥ်ခံစားချက်တစ်ခု စီးဆင်းလာသည်။

ဟင်းပွဲတွေ ခင်းကျင်းပြီးနောက် လုရွှမ်နှင့် ဖက်တီးလေးရှမင်ရှီးက "ဦးလေးလွီ"ကို လောင်လုစုံတွဲနဲ့ မိတ်ဆက်ပေးလိုက်သည်။ လွီချင်းက သူ့ကံကြမ္မာကို စောင့်ဆိုင်းနေရင်း နံဘေးမှာ တုန်တုန်ယင်ယင် ရပ်နေပေမယ့် အဆုံးတွင်မူ လုကျုံးရီက သူနဲ့ ခဏတဖြုတ် စကားစမြည်ပြောရုံသာပြောပြီး ဘာမေးခွန်းမှ မမေးခဲ့ပါချေ။

ရဲဘော်လောင်လုကတော့ သူ့မိသားစုနဲ့သူ ပျော်ရွှင်နေလျက်။ သူ့မှာ မြေးတွေအများကြီးရှိနေပြီဖြစ်၍ တခြားဘယ်သူ့ကိုမှဂရုမစိုက်တော့ပေ။

"ကျိုးကျိုးရေ သား ဘာစားချင်လဲ? သားညီလေးနဲ့အတူတူ ကောင်းကောင်းစားကြနော်"

"သားက ကျိုးကျိုးလေးပါ!"

"သားက ဖက်ထုပ်လေး!"

ရှမင်ရှီး ပြုံးလိုက်ပြီး "ညီမလေးတို့ရေ ဖက်ထုပ်လေးကို ခန့်မှန်းတဲ့ဂိမ်းဆော့ကြရအောင်လေ၊ ရှီးရှီးကောကောကို ပြောပါဦး၊ ဘယ်သူက ဖက်ထုပ်လေးလဲလို့"

ဖက်ထုပ်လေး: "…"

…

မိသားစုတစ်စုလုံး အချိန်ကောင်းလေးတစ်ခုရခဲ့ကြသည်။ လွီချင်းက စကားတစ်လုံးမှမပြောနိုင်ခဲ့ဘဲ မီးဖိုချောင်ဆီသို့ အထီးကျန်စွာ တပ်ဆုတ်ခဲ့ရ၏။ ခုနကထိတ်လန့်မှုတွေအားလုံးက အချည်းနှီးပဲလို့ တွေးနေမိလျက်။

ချင်းရို့က ကျောင်းစတက်ရန် ရက်အနည်းငယ်စောင့်ရဦးမည်ဖြစ်၍ မိသားစုနှင့်အတူတူ ကွမ်ချန်ရှိ နေရာမျိုးစုံကို သွားလည်ခဲ့ကြသည်။

လုရွှမ်သည် ယခု ရဲအရာရှိတစ်ဦးဖြစ်၍ အခြားသူများနှင့် ဂျူတီချိန်းခဲ့ပြီး ရက်အနည်းငယ် ပိတ်ရက်ယူလိုက်သည်။ သူမက ကွမ်ချန်တစ်ဝိုက် ဆော့ကစားရန်အတွက် မိဘများ၊ အငယ်လေးများနှင့်အတူ အဖော်ပြုလိုက်ခဲ့သော်လည်း အဖိုးအဖွားတွေက သူတို့သား၊ ချွေးမနှင့် မြေးတစ်အုပ်ပါသည့် မိသားစုကြီးတစ်ခုနှင့် အလွန်ဆင်တူနေလေ၏။ လုရွှမ်နဲ့ ချင်းရို့က ဇနီးမောင်နှံအဖြစ် လူတိုင်းအမြဲလိုလို အထင်လွဲခဲ့ကြပြီး သူတို့သွားသမျှနေရာတိုင်းတွင် ရှင်းပြခဲ့ရသည်။

ရဲဘော်လောင်လုက မျက်မှောင်ကြုတ်၍ ပြောလာလေ၏။ "လောင်စန်း မင်းဘာလို့ဆံပင်အရှည်မထားတာတုန်း?"

"ရဲတစ်ယောက်မှာ ဘာလို့ဆံပင်ရှည်ရှိသင့်တာလဲ? ဆံပင်တိုက စမတ်ကျတယ်လေ!"

"စကပ်​ဝတ်​မလား?"

"မဝတ်ဘူး!"

"မင်းလည်း အရောင်အသွေးစုံတဲ့အဝတ်အစားတွေ ဝတ်သင့်တယ်နော်။ ကွမ်ချန်က လူတွေ ဘယ်လောက်အရောင်အသွေးစုံနေကြသလဲ ကြည့်စမ်းပါ"

လုရွှမ်: "...?" "အရောင်စုံ?

"ကျွန်မ ဒီယူနီဖောင်းအသစ်ကို သဘောကျလို့"

…

ချင်းရို့ လုယန်ဆီ ဖုန်းခေါ်လိုက်၏။ လုယန်က မိသားစုခြံဝင်းဆီ ပြန်ရောက်လာတဲ့အခါ သူ့ဇနီးလေးနဲ့ သားသမီးတွေကို မတွေ့ခဲ့ရဘဲ အိမ်အလွတ်ကြီးသာကျန်ရှိနေလျက်။ သူ အရင်တုန်းကရယ်သံတွေကို မကြားနိုင်တော့သလို မိသားစုတစ်စုလုံးရဲ့ စွန့်ပစ်ခံရခြင်းကိုခံလိုက်ရသည့်နှယ် အရမ်းအဆင်မပြေဖြစ်နေခဲ့ရသည်။

"​မင်းတို့ နေရာ​တွေအများကြီး​သွားခဲ့တာလား?"

"ဟုတ်တယ်၊ ကျွန်မတို့ ကန်တုံအော်ပရာကိုလည်း သွားနားထောင်ခဲ့တယ်။ မိဘတွေက မနက်ဖြန် ရုပ်ရှင်သွားကြည့်ချင်တယ်လို့ ပြောထားသေးတယ်။ ကျွန်မကြားတာ..."

လုယန် အေးစက်စွာ​ဖြင့် "ကိုယ့်သားတွေနဲ့သမီးတွေရော? သူတို့ပါးပါးကို လွမ်းနေကြသေးလား?"

"သူတို့ကစားတာများပြီး ပင်ပန်းလို့ အိပ်ပျော်သွားကြပြီ"

လုယန်: "…"

"သူတို့အားလုံးက နှလုံးသားမရှိတဲ့သူတွေပဲကွာ။ မင်းကရော? မင်းမှာအသိတရားရှိသေးလား?? မင်းရဲ့လုကောကို လွမ်းနေလား?"

"ဒါပေါ့ ကျွန်မကတော့ လုကောကိုလွမ်းနေတာပါနော်။ ကျွန်မတို့ဆီ မြန်မြန်လာခဲ့တော့"

"စောင့်ပါဦးကွာ!"

လင်းနန်တက္ကသိုလ် စဖွင့်ချေပြီ။ ကျောင်းတွင် လူများစွာရှိနေသောကြောင့် ချင်းရို့နဲ့အတူ ကလေးတွေလည်းလိုက်လာကြသည်။ သို့သို့ရုန်ရုန်လေးကိုတော့ သူတို့အဖိုးအဖွားက ထိန်းထားပေးခဲ့ပြီး ကျိုးကျိုး၊ ဖက်ထုပ်လေးနဲ့ ရှမင်ရှီးတို့က ပြည်သူ့လုံခြုံရေးတွဲဖက်ကျောင်းသို့ အတူတူသွားခဲ့ကြသည်။

လုစန်းကျဲလည်း ချင်းရို့ကို ကျောင်းပို့ပေးချင်ခဲ့ပေမယ့် ချင်းရို့ အရင်ငြင်းဆိုလိုက်ပြီး "မလိုပါဘူး ကျွန်မတစ်ယောက်တည်းသွားလိုက်မယ်နော်"

– ယောင်းမက ငါ့ကို တက္ကသိုလ်လိုက်ပို့တာက ဘာနဲ့တူသွားမလဲလို့...

"ရပါတယ် ညီမလေး၊ မင်းပစ္စည်းတွေသယ်ဖို့ ငါ့မှာ ခွန်အားရှိပါသေးတယ်" လုရွှမ် သူမရင်ဘတ်ကို ပွတ်သပ်ရင်း "စစ်အကယ်ဒမီကလွဲလို့ ငါလည်းသာမာန်တက္ကသိုလ်ကို မတွေ့ဖူးလို့လေ၊ အပျော်လိုက်ကြည့်ဖို့ သွားရမယ်"

လုစန်းကျဲသည် သာမန်တက္ကသိုလ်တစ်ခု၏ ပုံစံကို တစ်ခါမှမမြင်ဖူးကြောင်း၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ပြီးနောက် ပထမအသုတ်စာရင်းသွင်းထားတဲ့ကျောင်းသားတွေဖြစ်​သည်ကြောင့် သူမက ဤမျှကြီးကျယ်ခမ်းနားသော အဖြစ်အပျက်ကို အမှန်တကယ်သိချင်ပြီး လိုက်ချင်နေခဲ့သည်။

"ငါတို့ရောက်ပြီဟုတ်? ဒီမှာလူတွေအများကြီးပဲ!"

သူတို့နှစ်ယောက်သား လင်းနန်တက္ကသိုလ် ဂိတ်တံခါးဝသို့ ရောက်လာသည်။ ယခုအချိန်တွင် လင်းနန်တက္ကသိုလ်၏တံခါးမှာ အစိမ်းရောင်အမိုးနှင့် အနီရောင်နံရံများ၊ အလယ်တွင် ဂိတ်တံခါးပေါက်တစ်ခုနှင့် ၎င်း၏ဘေးတွင် ဂိတ်တံခါးငယ်လေးတစ်ခုရှိလေသည်။ ၄င်းမှာ နောက်ပိုင်းမျိုးဆက်များအတွက် မူလတန်းကျောင်းတံခါးလောက်တောင် မခမ်းနားပါချေ။

ယနေ့သည် ပထမဆုံးကျောင်းတက်ရက်ဖြစ်သည်မို့ သွားလိုက်လာလိုက်လုပ်နေကြသူ အများအပြားပင်။ ပုံစံမျိုးစုံ အရွယ်စုံ အမျိုးသား အမျိုးသမီး အများအပြားရှိနေကြပြီး တချို့က သူတို့ကလေးတွေနဲ့အတူတူလာကြသလို တချို့ကတော့ စုံတွဲလာကြကာ တချို့က ကိုယ်ဝန်ဆောင်တွေ...

ချင်းရို့ သတင်းပို့ပြီးနောက် နေရာချပေးထားသော အိပ်ဆောင်အဆောက်အဦးသို့ သွားလိုက်သည်။ ယခုအချိန်တွင် အိပ်ဆောင်မှာ သုံးထပ်သာရှိသေးပြီး သူမနေရာမှာ ဒုတိယထပ်အစွန်းတွင်ရှိသော အခန်းနံပါတ် ၂၀၇ဖြစ်၏။ လုရွှမ်လည်း စောင်တွေ၊ ဇလုံနဲ့ရေပုံးတွေသယ်ကာ သူမနှင့်အတူလိုက်လာခဲ့သည်။

အိပ်ဆောင်တစ်ခန်း၌ လူ၁၀ဦးအတွက် အိပ်စင်၅ခုရှိပြီး ဗီရို၊ စားပွဲတွေပါရှိ၍ အနည်းငယ် ကျပ်ညှပ်နေ၏။ ချင်းရို့ ဝင်ပေါက်နားက အပေါ်အိပ်စင်ကို ရွေးလိုက်သည်။ သူမရောက်ချိန်တွင် လူ ၄၊ ၅ယောက်က ရောက်နှင့်နေပြီးဖြစ်သည်။

"ငါက ဘဏ္ဍာရေးက ကျောက်ရှန်းရှန်းပါ"

"စီးပွားရေးစီမံခန့်ခွဲမှုက ချင်းရို့ပါ"

"ငါတို့တွေ အတန်းတူတူပဲနော်။ ငါ့နာမည်က ချူကော ဖန့်ကောကျစ်ရဲ့ကောပါ" ကျစ်ဆံမြီးနဲ့မိန်းမငယ်လေးက ချင်းရို့အား ပြုံးပြလိုက်ပြီး ချင်းရို့ကိုကြည့်၍ အံ့အားသင့်သည့်အမူအရာဖြင့် "ရဲဘော်ရှောင်ချင်းရေ နင်က အရမ်းလှတာပဲ!"

ထို့နောက် ချင်းရို့ဘေးက လုရွှမ်ဆီ အကြည့်ရောက်သွားပြီး အားကျတဲ့အကြည့်တို့ဖြင့် "နင်လက်ထပ်ပြီးသွားပြီလား?"

"အင်း ငါလက်ထပ်ပြီးသား"

"ဒါက နင့်အမျိုးသားလား?"

ချင်းရို့ "ဒါက ငါ့ရဲ့ တတိယအစ်မ"

လုရွှမ်: "ရှောင်ချင်းက ငါ့ယောင်းမလေးပါ"

ချူကော: "...နင်တို့ကြားက ဆက်ဆံရေးက နည်းနည်းလေးရှုပ်ထွေးတယ်နော်" တတိယအစ်မနဲ့ ယောင်းမတဲ့လား၊ ဆက်နွယ်မှုက ခွဲခြားရခက်တယ်နော်...

"သူမက ငါ့အမျိုးသားရဲ့ အစ်မအရင်းပါ"

"နင့်ရဲ့ တတိယအစ်မက ရဲအရာရှိပဲ! တော်လိုက်တာ!!"

လုရွှမ်က ရဲအရာရှိဖြစ်ကြောင်း သိရှိပြီးနောက် ချူကောက လုစန်းကျဲကို မော့ကြည့်လိုက်သည်။

"ချူကော နင်က မြို့တော်ကလား?" သူမရဲ့လေသံက အဲဒီဘက်ကလေသံနဲ့ ခပ်ဆင်ဆင်ပင်။

"ဟုတ်တယ်၊ ငါ့အဖိုးက ခိုတွေကိုလွှတ်ပေးရတာကြိုက်လို့လေ၊ ဒါကြောင့် ငါ့ကို ချူကောလို့ခေါ်တာ"

ချင်းရို့: "…"

ချင်းရို့ တကယ်မေးချင်မိသည်မှာ - နင်ရော ခိုလွှတ်ရတာကြိုက်သလားလို့လေ...

လုရွှမ်သည် ချင်းရို့ အားလုံးအဆင်ပြေပြီဆိုမှ ပြန်သွားခဲ့ပြီး ချင်းရို့က အိပ်ယာပြင်ရန် အဆောင်မှာပဲနေခဲ့သည်။ သူမ နေ့ကျောင်းအတွက်သာ လျှောက်ထားလိုခဲ့သည်။ သူမက စနေ၊ တနင်္ဂနွေတွေမှာ ကျောင်းမှာမနေချင်ပါပေ။ တနင်္လာနေ့မှ သောကြာနေ့တွေမှာလည်း အပြင်ထွက်နိုင်ပေမယ့် အခန်းစစ်ဆေးရေးရှိတာကြောင့် အပြင်မှာတော့ ညအိပ်နေလို့မရချေ။

ညနေခင်း၌ အိပ်ဆောင်သို့ လူ၈ယောက်လုံးရောက်လာပြီဖြစ်သည်။ နောက်အကျဆုံးတစ်ယောက်မှာ မြောက်ပိုင်းမှလာသူပင်။ အဆောင်ထဲတွင် အောက်ထပ်အိပ်စင်တစ်ခုသာကျန်ပါတော့သည်။ သူမက ထိုအောက်ထပ်အိပ်စင်မှာ မနေချင်ဘဲ ချင်းရို့နဲ့ နေရာလဲချင်ခဲ့သည်။

"ဒီရဲဘော်လေး ငါ့မှာ ကိုယ်ဝန်ရှိနေလို့လေ၊ ငါ့ကို အပေါ်ထပ်မှာ အိပ်ခွင့်ပေးပါလား?"

ချင်းရို့: "... နင့်မှာ ကိုယ်ဝန်ရှိနေတာတောင် အပေါ်ထပ်မှာ အိပ်ချင်နေသေးတယ်လား?"

"​နင့်ကိုယ်ဝန်ကြောင့် အောက်ထပ်အိပ်စင်က ပိုအဆင်​​ပြေတာလေ​"

"ဒါပေမဲ့ အောက်ထပ်က မွန်းကျပ်လွန်းလို့၊ ငါ အပေါ်ထပ်မှာပဲအိပ်လို့ရတာ၊ ရဲဘော်ရယ် ကျေးဇူးပြုပြီး လဲပေးပါနော်" ထိုအမျိုးသမီးမှာ သူမဗိုက်ကို ကာထားလေသည်။ အမှန်တကယ် သူမမှာ ကိုယ်ဝန်ရှိသည်မဟုတ်ဘဲ အိပ်ရာပြောင်းပေးဖို့အတွက် အခွင့်ကောင်းယူချင်၍သာ။ အိပ်ရာအရင်လဲထားပြီးနောက်မှ တစ်လနှစ်လလောက်စောင့်၍ တရုတ်ဆရာဝန်အိုကြီးတစ်ဦးက မှားပြောလိုက်တာလို့ ပြောလိုက်မယ်လေ...

ချင်းရို့ ခေါင်းခါလိုက်ပြီး "ငါ နင်နဲ့ မပြောင်းပေးရဲပါဘူး။ နင့်မှာ ကိုယ်ဝန်ရှိနေပြီလေ။ နင်ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?"

"ဟုတ်တယ်... နင့်ဗိုက်က ပိုပိုကြီးလာတဲ့အခါ နင် အိပ်ရာပေါ် ဘယ်လိုတက်နိုင်မှာလဲ?"

"ရှောင်ချင်း သူမနဲ့မပြောင်းနဲ့နော်"

…

ထိုမှသာ စွန်းဟုန်ဖင်သည် မှားယွင်းတဲ့ ဆင်ခြေတစ်ခုကို ပေးမိကြောင်း သဘောပေါက်သွားလေပြီ။ သူမ အခုလေးတင် တံခါးဝကနေဝင်လာတဲ့အခါ ကိုယ်ဝန်ကြောင့် တစ်စုံတစ်ယောက်နဲ့ အိပ်ယာပြောင်းပေးဖို့ ဆွေးနွေးနေတာကို ကြားလိုက်ရတယ်။ သူမအများကြီးမတွေးလိုက်မိပေ။ သူမ နောက်ကျနေပြီဆိုတာသိ၍ တခြားလူတွေနဲ့ ပိုကောင်းတဲ့အိပ်ရာကို လဲခိုင်းဖို့အတွက် ဒီအကြောင်းပြချက်ကို အသုံးပြုဖို့ စီစဉ်လိုက်ခြင်းပင်။

သူမအိပ်ဆောင်ထဲဝင်လာသည်နှင့် ချင်းရို့ရဲ့နေရာကို ကြိုက်သွားလေ၏။

ဘယ်သူသိမှာတုန်း... ကိုယ်ဝန်သည်တွေက အပေါ်ထပ်အိပ်စင်မှာ အိပ်ဖို့မသင့်တော်ဘူးတဲ့။ သူမကိုယ်သူမ အရှက်ရစေခဲ့သည်။

အိပ်ရာတွေမလဲခဲ့တာကြောင့် စွန်းဟုန်ဖင်က အစွန်ဆုံးအောက်ထပ်အိပ်စင်မှာပဲ အိပ်လိုက်ရသည်။ ဘာလို့လဲဆိုတော့ သူမမှာ ကိုယ်ဝန်ရှိနေတာကြောင့် ထိုနေရာက သူမအတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ အိပ်ဆောင်ရှိလူတိုင်း ပြောကြလို့ပါပဲ။

အလုပ်များတဲ့နေ့တစ်နေ့ပြီးသွားသည့်အခါ ချင်းရို့လည်း စိတ်တည်ငြိမ်သွားလေပြီ။ သူမတို့မိသားစုဓာတ်ပုံတစ်ချို့ကို ကုတင်မှာ ထားလိုက်ပြီး ညဘက်တွင် သူမရင်ခွင်ထဲမှာ အယ်လ်ဘမ်တစ်ခုနဲ့ အိပ်စက်ခဲ့လေသည်။

သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝစပြီပဲ...

နောက်တစ်နေ့တွင် ချင်းရို့ စာအုပ်အသစ်ထုတ်ကာ ယဲ့မင်ရှို့နှင့်တွေ့ပြီး နှစ်ယောက်သား ညစာစားရန် ကန်တင်းသို့ အတူတူသွားခဲ့ကြသည်။

"ကျောင်းက တော်တော်ကြီးတယ်နော်"

"စက်ဘီးတစ်စီးရှိရင် ပိုပြီးအဆင်ပြေလောက်မယ်"

ချင်းရို့ တက္ကသိုလ်ဖွင့်ပြီး တစ်လခွဲအကြာတွင် လုယန်လည်း ကွမ်ချန်သို့ထွက်လာခဲ့ရာ ကုချန်ပါ သူနဲ့အတူပါလာခဲ့သည်။

xxx

All Chapters